Friday, October 29, 2010

လငပုပ်ဖမ်းခြင်း



နေတောင် အရောင်ပျောက်ပီတဲ့
ဒါလား နေဝင်ချိန်
ငါ့ဘဝ ညတွေများလိုက်တာ
အမှောင်ကလဲ ခါးတာပဲ
စကားများတဲ့ကောင်တွေ အသံတိတ်စမ်း
လက ခပ်ငေါက်ငေါက်ဆိုတော့
ကြယ်တွေ ခွက်ထိုးခွက်လှန်ရီလို့
နေတတ်ရင် အပျော်အပျက်ချည်းပါဗျာတဲ့
ဒီစကား ဘယ်သူကများပြောခဲ့ပါလိမ့်
ဒါနဲ့များတောင် လက တိမ်နောက်ပုန်းနေသေးတယ်

ပြည့်စုံ
(၂၉-၁၀-၂၀၁၀၊ ၁၂း၅၄ am)

Tuesday, October 26, 2010

မျှော်လင့်ခြင်းအိပ်မက်

ဒီလိုနဲ့ပဲ ကျမတို့တွေ
အိပ်မက်ထဲမှာမှ အိပ်မက် မက်ခွင့်ရခဲ့ပါတယ်
အရှေ့အရပ်က နေထွက်ပါတယ်
အနောက်အရပ်က နေဝင်သွားတဲ့အခါ
နောက်ကျောမှာ စာတန်းတစ်စောင်ကပ်ပီး
လမ်းလျှောက်ထွက်ခဲ့ပါတယ်
နောက်ကျောမလုံသူဆိုတာ စာတန်းကပ်ရုံနဲ့ လုံခြုံသလား
မေးခွန်းတိုင်း အဖြေမရှိဘူးဆိုတာ
သူတို့လဲ မသိသလို
ကျမတို့လဲ မသိခဲ့ကြပါဘူး

ဒီလိုနဲ့ပဲ ကျမတို့တွေ
အနာဂတ်ထဲမှာမှ ကိုယ့်တိုင်းပြည်ဆိုတာ ပုံဖော်ခွင့်ရခဲ့ပါတယ်
ရခိုင်ရိုးမ တစ်ဖက်ခြမ်းမှာ မုန်တိုင်းတိုက်နေတဲ့အခါ
ပဲခူးရိုးမ အရှေ့ခြမ်းမှာ သစ်တောတွေ ပြုန်းတီးနေပါတယ်
သစ်ပင်တွေ စိုက်နေကြပါတယ်
သစ်ပင်စိုက်သူ တစ်ရာထက်
သစ်တန်ရာပေါင်းများစွာက တရားဝင်ဖြစ်လာတာကို
သူတို့လဲ မသိချင်ယောင်ဆောင်သလို
ကျမတို့လဲ သိလျက်နဲ့ မမြင်ယောင်ဆောင်လာကြပါတယ်

ဒီလိုနဲ့ပဲ ကျမတို့တွေ
ပါမုန့်မရှိတဲ့အတွက် ကိတ်မုန့်စားဖို့လိုက်ရှာနေခဲ့ရပါတယ်
ရေရှားပါးတဲ့ အထက်မြန်မာပြည်မှာ
ဆည်ရေတွေ အစိုးရက ဖောက်ချပေးနေပါတယ်
ရေကြီးတယ် မိုးများတယ် ရေလျှံတယ်
မကြုံဖူးတဲ့ အထက်ပိုင်းက ရေကြီးမှုသတင်းမှာ
ဆည်ဆောက်တာ အပြစ်မဆိုဘဲ
အလှု လှုဖို့ သတင်းစကားဆိုနေတဲ့သူတွေအတွက်
ပွဲလန့်ရာ ဖျာခင်းချင်တဲ့သူတွေ ဒုနဲ့ဒေး
သူတို့လဲ သိတာတွေများတယ် ဆိုနေပါတယ်
ကျမတို့လဲ သိချင်ယောင်ဆောင် မျက်နှာလွှဲနေတာ များလာပါတယ်

ဒီလိုနဲ့ပဲ ကျမတို့တွေ
စုစည်းမှုအားအတွက် ညီညွတ်မှုတရားကို လက်ကိုင်ထားနေရပါတယ်
နိုင်ငံတော်အလံသစ်ပြောင်းလိုက်တဲ့အတွက်
အလံဟောင်းကနေ အလောင်းဟန် ပြောင်းပြန်နိမိတ်ကောက်ခဲ့ပေမဲ့
လွတ်လပ်ရေးအလံ နေဝင်းအလံနဲ့
စပါးနှံ ဆတ်သွား ဖတ်ခဲ့ရတဲ့ ပြဌာန်းစာအုပ်ထဲ
အလံတွေ ပြောင်းပြန်သွားခဲ့ပါတယ်
အလံဟောင်းတွေအတွက် ပြန်ပြောင်းပြောနေတဲ့အတိတ်ထဲ
သူတို့လဲ စကားလုံးအသစ်တွေကို ရေရွတ်နေသလို
ကျမတို့လဲ ဖတ်ခဲ့ရတဲ့စာတွေကို ပြန်မေ့အောင် ကြိုးစားနေရပါတယ်

ဒီလိုနဲ့ပဲ ကျမတို့တွေ
အနောက်ကနေ နေထွက်လာပီး အရှေ့က နေဝင်မယ့်ရက်ကို မျှော်လင့်နေမိပါတယ်

ပြည့်စုံ
(၂၅-၁၀-၂၀၁၀၊ ၆း၅၇ pm)

Sunday, October 17, 2010

ဆွဲငင်အား

video

ဖြစ်ခြင်းပျက်ခြင်းတရားတွေဆိုတာ ရိုးရှင်းသလား.. ဆန်းပြားသလား ကျမ မခွဲခြားတတ်တာ အမှန်ပါ…

‘ဖုန်းမှားနေပါတယ်ရှင်… ‘

မရင်းနှီးတဲ့ ဖုန်းနံပါတ်တစ်ခုကို ငြင်းချက်ထုတ်ပီးတဲ့အခါ ကျမ တွေဝေသွားမိတယ်…

အရင်တစ်ချိန်တုန်းကလဲ.. အခုလိုမျိုး ဖုန်းနံပါတ်အမှားတစ်ခု ကျမဆီ ရောက်လာခဲ့ဖူးတယ်.. မှားမှန်းသိနေတဲ့ ဖုန်းနံပါတ်တစ်ခုမှာ ဘာသံမှမကြားရပေမဲ့ တိတ်တဆိတ်နားစိုက်ထောင်နေတုန်း… တီ တီ တီ မြည်သံရှည်ကြီးကြားမှာ ကျမ မျက်ရည်တွေတွေကျမိဖူးတယ်.. တော်ပါပီကွယ်.. ရူးသွပ်ခြင်းတွေ ရပ်တန့်လိုက်တာ ကောင်းပါတယ်.. လက်တွေ့ဘဝဆိုတာ ကြမ်းတမ်းပေမဲ့ နွေးထွေးလွန်းလှတာ လက်တွေ့ပဲ မဟုတ်လား…

‘ကျနော် စိတ်ညစ်တဲ့အခါတိုင်း ကျနော့်ဘေးမှာ အားပေးတဲ့အပြုံးနဲ့ သူမ အမြဲရှိခဲ့ဖူးတယ်..’

သူ့ရဲ့မျက်လုံးတွေက ဟိုးအဝေးကိုငေးကြည့်နေပီး အတိတ်တွေထဲ မျောလွင့်နေပုံရခဲ့တယ်.. လက်ရှိအခြေအနေမှာ မရှိနေတဲ့သူ့ရဲ့မျက်နှာကို ငေးကြည့်နေရတာကိုက ကျမအတွက် လက်တွေ့ဆန်လွန်းနေမိတယ်… ကျမတို့နှစ်ယောက် ဒီအတိုင်း အေးအေးဆေးဆေး ထိုင်နေဖြစ်တဲ့ အချိန်တွေက ရှားလွန်းပါတယ်.. သူက အလုပ်ရှုပ်ရင်ရှုပ် မရှုပ်ရင် ကျမက ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ် နေတတ်တယ်.. တခါတလေတော့လဲ အခုလိုမျိုး အေးအေးဆေးဆေး စကားထိုင်ပြောခွင့် စိတ်ကူးယဉ်ခွင့်ရတာမျိုးပေါ့.. ရှားပါးလွန်းပါတယ်…

သူ့ရဲ့မျက်နှာကို စာရွက်ပေါ်မှာ ခဲသားဖွဖွနဲ့ ကောက်ကြောင်းခြစ်နေမိတယ်.. သူတစ်ယောက်တည်းရဲ့ မျက်နှာပေမဲ့ နောက်ထပ်လူတစ်ယောက်ရဲ့မျက်နှာကိုပါ သူ့ရဲ့မျက်လုံးအိမ်မှာ ဆွဲခြစ်ပေးနေမိတယ်.. အဲ့တာ သူ့ရဲ့ သူမပေါ့…

စက္ကူစရဲ့ ညာဘက်ထောင့်ခြမ်းလေးမှာ ကျမရဲ့နာမည်အတိုကောက်လေးကို ရေးခြစ်ပီးနောက်တော့ သူ့ဆီ အဲ့ဒီစာရွက်လေး ကမ်းပေးလိုက်တယ်..

သူက ခပ်ဖွဖွပြုံးပြပြီး.. ‘ဒါနဲ့ပါဆို ခင်ဗျားဆွဲပေးတဲ့ ပန်းချီကားလေးတွေက သုံးရွက်ရှိပီနော်’

‘သိမ်းထားသလား..’

‘ကျနော် ဖိုင်တွဲထဲမှာ အသေအချာညှပ်ထားပါတယ်ခင်ဗျာ’ တဲ့…

‘ဒါပေမဲ့ တစ်ပုံနဲ့ တစ်ပုံ မတူဘူးနော်..’

ကျမ ခပ်သာသာပြုံးလိုက်ပြီး
‘ပုံတူဆွဲပေးပီး ဆွဲတဲ့သူရဲ့ပုံနဲ့မတူဘူးဆိုတော့ ကျမ ညံ့တာများလား’

‘မဟုတ်ဘူး.. ကျနော့်ရဲ့မျက်လုံးတွေက မတူတာ..’

ကျမတို့နှစ်ယောက် တိတ်တဆိတ် ပြန်လည်ငေးမောနေဖြစ်ကြတယ်.. ဒီလို ညနေခင်းမျိုးလေးတွေ မကြာခန ရနေမယ်ဆို တော်ပါပီ.. တိတ်တဆိတ် ငေးမောခွင့်.. စိတ်ကူးယဉ်ခွင့်.. ပီးတော့ သူ့မျက်နှာကို ပုံတူဆွဲနေခွင့်… ဒီလောက်နဲ့ဆို ကျေနပ်နေမိတယ်.. ဒီအခြေအနေလောက်လေးပါပဲ..

ညနေခင်း လေပြည်က နုနွဲ့လှတယ်.. စိတ်ကူးယဉ်တတ်သူအတွက်လဲ ကောင်းသလို.. လက်တွေ့ကျတဲ့ အခြေအနေကိုလဲ အမှတ်ရနေစေတယ်.. မကြာခင် နေဝင်တော့မယ်.. နောက်တစ်နေ့ မနက်အသစ်ဆို ခံစားချက်အသစ် နောက်တစ်ခု ထပ်ရောက်လာမှာပေါ့… ဒီလိုနဲ့ပဲ ကျမ အိမ်ပြန်ဖို့ မတ်တပ်ရပ်လိုက်တယ်.. သူကတော့ ငေးမောကောင်းနေတုန်း…

စက်ဘီးလေးကို အသာတွန်းယူလိုက်တယ်.. ခြေဖဝါးကို ရှပ်တိုက်သွားတဲ့ သစ်ရွက်ခြောက်တွေက ပိုလွမ်းဆွေးစရာ ကောင်းလွန်းလှတယ်.. ဒီအတိုင်းလေးက လှနေသားပဲ… မိုးရာသီသာ မရောက်လာဖြစ်ရင် ကျမ ဒီညနေခင်းမှာ ဒီလမ်းလေးကို ရောက်လာမှာမဟုတ်ဘူး.. မိုးရာသီရယ် မလိုချင်လို့များ ကျမနောက် အမြဲရွာနေရတာလား………..

ပြည့်စုံ
(၁၇-၁၀-၂၀၁၀၊ ၇း၁၇ pm)

Thursday, October 7, 2010

နွေဦးပုံပြင်

တိတ်ဆိတ်မှုက ကြီးစိုးလွန်းလှတယ်.. လွမ်းစရာ ကောင်းလွန်းလှတဲ့ တိုးသဲ့သဲ့ ဂီတသံကလွဲရင် ဒီကမ္ဘာကြီး တစ်ခုလုံး အိပ်မောကျနေရော့သလား… ကော်ဖီရဲ့ မွှေးပျံ့တဲ့ ရနံ့နဲ့ တလှုပ်လှုပ် လွင့်နေတဲ့ သူမရဲ့ ဆံပင်စလေးတွေသာ အသက်မဝင်နေခဲ့ရင် ဒါဟာ မသေတော့မယ့် တစ္တေကမ္ဘာကြီးလို.. တိတ်ဆိတ် ခြောက်ကပ် နာကျင် အသက်ရှုကျပ်လိုက်တာ….

ဒါ တစ်လတိတိ ကွဲကွာနေခဲ့ရတဲ့ ချစ်သူနှစ်ဦး တွေ့ဆုံပွဲတဲ့… လွမ်းဆွတ်မှုတွေသာ အသက်ဝင်ခဲ့ရင် သူတို့နှစ်ဦးအတွက် စကားလုံးတွေ ရင်ခုန်သံတွေနဲ့ လွမ်းမက်ခဲ့၇တဲ့ နှလုံးသားချင်း ပွတ်တိုက်နေမိမယ်ထင်တယ်.. အခုတော့…….

ကိန္နရီ ကိန္ဒရာ မောင်နှံက တစ်ညလေးဝေးတာကို နှစ်ပေါင်းခုနစ်ရာဆွေးခဲ့ရတယ်ဆိုရင်.. အခု တစ်လတိတိဝေးခဲ့ကြရတာပဲနော်… သည်တစ်လအတွင်း သူု့ကိုသာ သပ်သပ် သူမ သတိရနေခဲ့ရဲ့လား.. ဒါမှမဟုတ်.. သူမမှာ ပြောပြစရာ စကားလုံးတွေ ခြောက်ခမ်းကုန်ပီလား.. ပျင်းရိငြီးငွေ့ဖွယ် နွေဦးရဲ့ရာသီက သည်ကော်ဖီဆိုင်လေးအတွင်းမှာ အေးစက် ခြောက်ကပ်လိုက်တာ….

သူမရဲ့ စိတ်တွေက သူမရဲ့ဖြစ်တည်မှုမှာလဲ မရှိနေသလို.. သူမရဲ့နှုတ်ခမ်းဖျားက ကော်ဖီခွက်မှာလဲ ရှိမနေခဲ့ပါ.. သူမရဲ့ ရှေ့မှာ ငုတ်တုတ်ထိုင်နေရတဲ့ သူ့အတွက်ကရော… တကယ်ဆို သူမမှာ ပြောစရာ လွမ်းချင်းတွေရှိမနေရင်.. သည်တစ်လလုံးလုံး သူမရဲ့အပြုံးကို ရေဆာသလို ငတ်မွတ်နေခဲ့ရတဲ့ သူ့အဖို့ လွမ်းဆွတ် တမ်းတ တမ်းမက်ခဲ့ရတာတွေ သူမကို ပြောပြရမှာပေါ့...

သည်တစ်လလုံးလုံး သူမရဲ့အချစ်တွေ သူ့ဆီမှာသာ တည်ရှိနေတယ်လို့ သူ့မသိစိတ်ကိုက လက်ခံခဲ့ရင် ဘယ်လောက်များ ကောင်းလိုက်မလဲ .. သည်လိုသာဆို သူ့ရဲ့အလွမ်းတွေ သူ့ရဲ့ အချစ် တွေ သူ့ရဲ့ ရင်ခုန်သံတွေ.. သူမျှော်မှန်းခဲ့ရတဲ့ သူတို့နှစ်ယောက်ရဲ့ အနာဂတ်တွေ.. သူမနဲ့အတူ တည် ဆောက်မယ်လို့ သူမက်ခဲ့တဲ့ အိပ်မက်တွေ.. ကလေးလေးတွေ.. အိမ်ကလေး… ဒါတွေ ဒါတွေ ….

သူ နှုတ်ခမ်းဖျားတွေကို လျှာနဲ့သပ်လိုက်တယ်.. ပီးတော့ ဟန်ဆောင်ကောင်းလွန်းလှတဲ့ သူ့အပြုံးတွေကို နှုတ်ခမ်းဖျားမှာ ခိုတွယ်လိုက်တယ်.. စကားတစ်ခွန်းစဖို့ ကိုယ်ကို လွန့်လူးလိုက်တယ်.. သူမရဲ့ အဝေးဆီ ပြေးထွက်သွားနေတဲ့ စိတ်တွေကို သူ့ဆီကိုရောက်ဖို့.. သူမရဲ့ နှလုံးသားကို သူ့ဆီပြန်လည်အသက်ဝင်ဖို့….

ရုတ်တရက် စူးစူးဝါးဝါးထမြည်လာတဲ့ တယ်လီဖုန်းသံကြားမှာ သူတို့နှစ်ယောက်ရဲ့အေးစက်မှုတွေ ပျော်ဝင်သွားခဲ့တယ်.. ဖုန်းသံက ကျီကျီလောင်လောင်.. ပီးတော့ စူးစူးရှရှ.. ငှက်ဆိုးထိုးသံတစ်ခုလို.. အသက်ရှုသံတွေကို ခြွေယူသွားတဲ့ အသံဆိုးတစ်ခု.. သူရော သူမရော တယ်လီဖုန်းကို မမြင်ဖူးတဲ့ တစ္ဆေတစ်ကောင်လို စိုက်ကြည့်နေခဲ့တာ…

သူမရဲ့ ပြောင်းလဲမှုက မယုံနိုင်စရာ.. ပီးတော့ နာကျင်စဖွယ်.. ပီးတော့.. သူမက ဖုန်းကို ပိတ်ပစ်လိုက်တယ်… ကော်နက်ရှင်ပြတ်တောက်သွားတဲ့ ဖုန်းနံပါတ်တစ်ခုက သူ့မျက်လုံးမှာ စွဲထင်သွားစေခဲ့အထိ.. သူမရဲ့အပြုံးက ကယောင်ကတမ်းနိုင်လှသလို.. လက်တွေ့ကမ္ဘာထဲကို ဝင်ရောက်လာတဲ့ ဂြိုလ်သားတစ်ကောင်လို.. ပီးတော့ ကဝေမတစ်ယောက်လို.. အပြုံးမျိုး.. သွားစွယ်ချွန်ချွန်တွေကြားမှာ.. သူမအပြုံးက သူစိမ်းတစ်ယောက်လို..

ကုန်လုလု ကော်ဖီခွက်ကို သူတစ်ရှိန်ထိုးမော့ချပစ်လိုက်တယ်…

နောက်တစ်ခေါက် ထပ်မြည်လာတဲ့ ဖုန်းမြည်သံမှာတော့ သူ ရပ်တည်ရာရသွားခဲ့တယ်.. ပီးတော့ စစ်ရှုံးပေမဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်နေတဲ့ စစ်သူကြီးတစ်ယောက်လို… ရင်ဝ မြှားတန်းလန်း မှာတင် သူ့ဘဝကို အဆုံးသတ်ပေးဖို့ သူမကို ထပ်တောင်းဆိုနေသလို..

‘ဖုန်းကိုင်လိုက်လေ … ငယ်’

သူမက ဖုန်းခလုတ်ကို တစ်ခါတည်း အပြီးတိုင်ပိတ်လိုက်တယ်.. ပီးတော့ သူ့လက်ကို ဆုပ်ကိုင်ပီး ‘ကော်ဖီသောက်ပီးရင် တစ်နေရာရာ ဆက်သွားရအောင် ကိုကို… ဘယ်ကိုသွားကြမလဲ…’

သူမရဲ့အိပ်ခန်းမှာ သူမရဲ့ကမ္ဘာငယ်လေးမှာ သူမရဲ့ဖြစ်တည်မှုတွေထဲမှာ.. သူမရဲ့ရင်ခုန်သံတွေ ပျောက်ဆုံးနေပီး သူမကိုယ်သူမ ရှာမတွေ့နိုင်လောက်အောင် စိတ်တွေ ဂယောက်ဂယက်ဖြစ်နေတဲ့ သူမရဲ့ဂရုစိုက်မှုတွေကြားမှာ… သူ ပျော်နေရဲ့လား သူကိုယ်တိုင် သူ့ကိုယ်သူ နားမလည်ပါ…

‘မုန်းလိုက်ကြရအောင်…. ငယ်.. ကိုကိုတို့ လမ်းခွဲကြစို့…’

သည်စကားကို သူ အရက်တွေ မူးနေတဲ့အချိန် သူ ဘားတစ်ခုမှာ အသိစိတ်ပျောက်နေတဲ့အချိန်.. အသိစိတ်ပျောက်နေပေမဲ့ သူမကိုချစ်တဲ့စိတ်မပျောက်ပျက်သေးတဲ့အချိန်မှာ သူမကို ဒီစကား ပြောခဲ့မိတယ်ထင်ရဲ့.. သူမရဲ့မျက်နှာမှာ မျက်ရည်စတွေကို တွေ့ရပီး သူမရဲ့တွယ်မှီမှုမှာ သူ တွယ်တာနေရင်း သူမကို သူ ရက်ရက်စက်စက် ပြောနေမိတယ်ထင်တယ်…

နောက်တော့ အဖြစ်အပျက်တွေက ဖြစ်ပျက်နေကျအတိုင်းပင်.. မသွေတသိမ်း ဖြစ်ပျက်နေခဲ့တာ…

သူမက အရင်လိုသူ့ဘေးနားမှာ နေခဲ့တယ်..အရင်ကထက် ပိုလိမ္မာနေခဲ့တာ… သူ့ကို ပြုစုယုယနေခဲ့တာ.. သူ့ဘေးနားမှာ ကြောင်လေးတစ်ကောင်လို ဒါမှမဟုတ် ကလေးလေး တစ်ယောက်လို.. သူ့ကိုသာ ချစ်မက်နေခဲ့တာ.. ဒီလိုနဲ့ပဲ ဒီလိုနဲ့ပါပဲ.. သူမကို သူစွန့်ပစ်မထားခဲ့ရက်ပါ …..

‘ငယ် တို့ လက်ထပ်ရအောင် ကိုကို.. ဒီနွေဦးပေါက်လေ.. ဘုရားရှိခိုးကျောင်းမှာပဲ ရိုးရိုးလေးပဲ မင်္ဂလာဆောင်မယ်လေ.. ပီးတော့ ငယ်က အဖြူရောင်ဂါဝန်ရှည်ကြီးကို ဝတ်.. ကလေးလေးတွေက ပန်းကြဲပေးမယ်.. ဒါပေမဲ့ ငယ့်လက်ကို တွဲမယ့် ဖေဖေလဲ မရှိဘူးနော် ကိုကို.. ရပါတယ် အန်ကယ်ဂျိုးက ကူပေးမယ်ထင်တယ်နော်.. ကိုကို့သူငယ်ချင်းတွေရယ် ငယ့်မိတ်ဆွေတွေရယ်.. ပီးတော့ အန်တီနန်စီတို့လဲ ပြန်လာမယ်ထင်တယ်နော်.. ပီးတော့… ပီးတော့.. လက်ထပ်ကိတ်မုန့် ကြီးကြီးရယ်…….’

သူမရဲ့အပြုံးတွေက အသက်ဝင်လှတယ်.. ပီးတော့ သူမရဲ့မျက်လုံးတွေမှာထင်လာတဲ့ အရိပ်တွေကို သူ မက်မက်မောမော နားထောင်နေရင်း သူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိလာတဲ့အထိ… ပီးတော့ သူမရဲ့ နှုတ်ခမ်းဖျားကော့ကော့လေးတွေရဲ့ အနားသတ်လှုပ်ရှားပုံတွေကို ငေးကြည့်နေရင်း သူမက သူ့ဘဝထဲကို ဝင်ရောက်လာတယ်လို့ ယုံကြည်နေမိတဲ့အထိ… သူမရဲ့လက်တွေကို မလွတ်တမ်း ခပ်တင်းတင်းဆုပ်ရင်း ပျော်ရွှင်ကြည်နူးနေမိရင်း.. ဒီလိုဘဝမျိုးလေး ရဖို့ဆို သူ ဘယ်လိုအရာမဆို ပေးဆပ်တော့မယ့်အထိ….

‘မဟုတ်ဘူး ရန်နိုင်.. မင်း သေသေချာချာဆုံးဖြတ်သင့်တယ် မင်း မသိတာလဲ မဟုတ်ဘဲနဲ့ကွာ… နောက်ပီး မင်း သိပ်ယုံလွယ်လွန်းတယ်.. အဲ့ဒီကောင် ဘယ်သူဆိုတာ မင်းသိရင်….’

စည်သူ့ရဲ့ စကားလုံးတွေကြားမှာ သူ မတုန်လှုပ်ခဲ့ပါ.. သူမမှာ သူ့အပြင် သူ့နောက်ထပ် လူတစ်ယောက် ရှိခဲ့တယ်ဆိုတာ သူ အရင့်အရင်ကတည်းက သိနေနှင့်ပီးသား.. ဒါပေမဲ့
သူမကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သူကတော့ အရာရာကို မျက်စိမှိတ်ယုံထားပီးသား... ဘယ်လိုအခြေအနေမျိုးမှာမဆို သူမ သူ့ကို ခွဲခွာထားရစ်ခဲ့ဖို့ မဖြစ်နိုင်ပါ.. သူကလွဲရင်ပေါ့...

စည်သူက သူ့ရဲ့ မထုံတက်သေး အပြုအမူကို အားမလို အားမရ.. နောက်ပီး ဒေါသတကြီး………

သူမကြိုက်တတ်တဲ့ နှင်းဆီပန်းတွေကို တယုတယ သူ သယ်ဆောင်လာခဲ့တယ်.. မနက်အိပ်ရာနိုးနိုးချင်း တံခါးဝမှာ သူမ ကြိုက်တတ်တဲ့ နှင်းဆီပန်းတွေသာ မြင်ခဲ့ရင် သူမ ဘယ်လိုပြုံးမလဲ.. သူမရဲ့ အပြုံးတွေ ကို သူ မှန်းဆနေရင်းနဲ့တောင် သူ့နှုတ်ခမ်းဖျားတွေ ပြုံးရီလာတဲ့အထိ..

သည်နွေဦးက အရင်ကထက် ပိုလှတယ်.. တစ်လောကလုံးလူတွေ ပျော်မြူးနေသလို.. သူ ကားလမ်းဖြတ်ကူးတော့ ကားတွေက ရပ်ပေးကြတယ်.. ကလေးလေးတွေက ဆော့ကစားနေကြတယ်..မေပယ်လ်ရွက်လေးတွေ တလွင့်လွင့်ကြွေတော့ လိပ်ပြာလေးတွေနဲ့ ပန်းလေးတွေက တိမ်တွေနဲ့အတူ ဆော့ကစားနေကြတာလေ ... တိမ်တွေတောင် တလူးလူးတလွင့်လွင့် မျောလွင့်နေခဲ့တာ…

ကမ္ဘာကြီး လှလိုက်တာ ငယ်……. ငယ့်ကို ချစ်တယ်.....

ရုတ်တရက် တစ်ကိုယ်လုံး ပေါ့ပါးမြောက်တက်သွားခဲ့တယ်… ဟိုးလေထုထဲကို သူလွင့်တက်သွားခဲ့တာ.. ပီးတော့ ကောင်းကင်ကြီးနဲ့ သူပိုနီးကပ်သွားသလို… တိမ်တွေက အခုနကတော့ အပြာရောင် အခုမှ အနီရောင် ဘာကြောင့်ပြောင်းရတာလဲ ငယ်… မိုးကြိုးပစ်ချလိုက်သလို သူ့နားထဲ အသံကြီးကြီးကြားလိုက်ရတယ်…

ငယ် .. ကိုကို့ကို ချစ်ပါသေးတယ်နော်…

အဲ့ဒီနေ့တုန်းက အဲ့ဒီကော်ဖီဆိုင်မှာ ကိုကိုတို့ စကားမပြောခဲ့ကြဖူးမဟုတ်လား ငယ်… ပီးတော့ ဖုန်းမြည်သံလဲ မကြားခဲ့ရဘူး… ပီးတော့ ငယ့်ကိုလဲ လမ်းခွဲရအောင်လို့ ကိုကို မပြောတော့ဘူးနော်.. ပီးတော့ ကိုကိုက သိပ်ဟန်ဆောင်ကောင်းလွန်းတာပဲလို့လဲ ငယ် မပြောတော့ဘူး မဟုတ်လားဟင်..

ငယ့်ကိုချစ်တယ် ငယ်.. ဒါပေမဲ့ ငယ့်ရဲ့အဝေးကို ကိုကို မထွက်သွားနိုင်ဘူး.. ငယ် ကိုကို့ကို မချစ်တော့ပေမဲ့ ဒီဘဝလေးရဲ့အဝေးကို ထွက်ပြေးမသွားနိုင်အောင် ဟန်ဆောင်ခြင်း သံယောဇဉ်တရားတွေနဲ့ ငယ့်ကို တုပ်နှောင်ထားခဲ့မိတယ်..

ငယ် မငိုနဲ့ ငယ်.. ငယ် ဝတ်ချင်တယ်ဆိုတဲ့ ဂါဝန်ရှည်ကြီးကို ဝတ်ပီး.. ဘုရားရှိခိုးကျောင်းအဝင်ဝမှာ ဓာတ်ပုံရိုက်ကြမယ်လေ ငယ်.. နှင်းဆီပန်းတွေက နီလိုက်တာ.. ငယ်ကြိုက်တဲ့ အရောင်လေ.. ကြက်သွေးရောင်ရင့်ရင့်တွေ အနီရင့်ရင့်ရောင် ဘာကြောင့်ပြောင်းသွားလဲ ငယ်…

ငယ် … အဲ့ဒီနေ့က ငယ် အိပ်ရာထ နောက်ကျတာ ကိုကိုသိတယ်.. မနက်မိုးလင်းတိုင်း လာပို့ပေးတတ်တဲ့ နွားနို့ပုလင်း မရောက်လာလို့ ငယ်က တံခါးပေါက်မှာရပ်နေရင်း နှုတ်ခမ်းက ပွစိပွစိ ရွတ်နေတာ ကိုကိုမြင်တယ်.. ပီးတော့ လမ်းမကို ငယ် ငေးကြည့်နေတယ်.. ကိုကိုဘာလို့ နောက်ကျနေတာလဲလို့ စိတ်ကောက်ဖို့ ပြင်နေတာ မဟုတ်လား…

ငယ်က ဟိုးအရင်တုန်းက အတိုင်းပင် သူ့ကို ခန ခန စိတ်ကောက်နေကျ.. ငယ် စိတ်ကောက်တိုင်း သူက ငယ်ကြိုက်တတ် တဲ့ မုန့်တွေ ပန်းတွေ ဝယ်လာပီး ငယ့်ကို ချော့တတ်ခဲ့တာ..

တစ်ခါတော့ ငယ် သူ့ကို သုံးရက်တိတိ စကားမပြောခဲ့ဖူး.. သူမေးခဲ့တယ်.. ငယ် ဘာလို့ စိတ်ကောက်နေတာလဲဆိုတော့ ငယ် ငိုတယ်နော်.. ငယ်ပြောဖူးတဲ့ စကားကို သူ အမြဲ အမှတ်ရနေခဲ့တယ်…

‘ကိုကိုက သိပ်ဟန်ဆောင်ကောင်းတာပဲ…. ငယ့်ကို အပြစ်တင်ပါ ကိုကိုရဲ့.. ငယ်ဟာ ကိုကို့အချစ်နဲ့ မထိုက်တန်ပါဘူးလို့ပြောပါ ကိုကိုရဲ့.. ကိုကို့စိတ်ထဲက ဖြစ်ပျက်နေတာတွေကို ဘယ်တော့မှ ကိုကိုက မပြောဘူး ကိုကို့မျက်နှာမှာ ဖတ်မရဘူး.. ကိုကိုကသာ ငယ့်စိတ်ကို သိနေခဲ့တာ.. တကယ်တော့ ချစ်သူတွေဖြစ်နေတယ်ဆို တစ်ယောက်စိတ်ကို တစ်ယောက်.. တစ်ယောက်ရင်ကို တစ်ယောက် သိခွင့်ရှိရမှာပေါ့ .. ကိုကို ငယ့်ကို တကယ်မချစ်ပါဘူးတဲ့…’

ချစ်တာပေါ့ ငယ်… အရမ်းချစ်တယ်…

ငယ်နဲ့ အဲ့ဒီကောင်နဲ့ ချစ်သူတွေဖြစ်လုနီးပါး ငယ် စိတ်ကစားနေခဲ့တုန်းက ကိုကိုသိတယ်လေ.. နောက်တော့ ကိုကိုတို့နှစ်ယောက် အဝေးကို ရောက်နေတဲ့အချိန် ငယ့်ဘေးနားမှာ သူတစ်ချိန်လုံးရှိနေခဲ့တာလဲ ကိုကိုသိတာပဲ.. ဒါပေမဲ့ ကိုကို သိနေတာကို ငယ်မသိအောင် ကိုကို ဟန်ဆောင်ပေးခဲ့တာလေ.. နောက်တော့ ငယ်က နောင်တတရားတွေနဲ့အတူ ကိုကို့ဘေးကို ပြန်ရောက်ခဲ့တာပဲ မဟုတ်လား ငယ်…

ငယ်ရယ်…

မောလိုက်တာ. နာကျင်လိုက်တာ.. ငယ် ကိုကိုတို့ လက်ထပ်ပွဲကို ငယ် မမေ့လိုက်နဲ့နော်….

ကိုကိုက ငယ့်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့သာ အသက်ရှင်နေတာ … တကယ်တော့ ကိုကို့နှလုံးသားက ငယ် ကိုကို့ကို မချစ်တော့ဘူးဆိုတာကို သိတဲ့နေ့ကတည်းက သေဆုံးနေခဲ့ပီးသား ငယ်……

အဲ့ဒီနေ့ကလေ.. အဲ့ဒီကော်ဖီဆိုင်လေးမှာပဲ ကိုကို သေဆုံးခဲ့ရတာ.. ဒုတိယအကြိမ်မြောက် တယ်လီဖုန်းမြည်သံအဆုံးမှာပေါ့ ……………

ပြည့်စုံ
(၁၀-၇-၂၀၁၀၊ ၉း၄၂ pm)

(ရေးဖို့ကြံစည်နေတာကြာပါပီ.. ညက အင်တာနက်ပြတ်တောက်သွားတာနဲ့ ထိုင်ရေးထားတာပါ.. ကြိုတင်ဇာတ်လမ်းချထားတာနဲ့ များများကြီး သွေဖယ်သွားပါတယ်.. ဒီဇာတ်လမ်းကို ဓာတ်ပုံတစ်ပုံကိုကြည့်ပီး ရေးဖွဲ့မိတဲ့အတွက် တိုက်ဆိုင်မှုရှိရင် ကော်ဖီလာတိုက်ပါချင်... :) )