tag:blogger.com,1999:blog-39750680025873203682024-02-20T10:54:26.442-08:00စိတ်ကူးယဉ်အိပ်မက်Unknownnoreply@blogger.comBlogger138125tag:blogger.com,1999:blog-3975068002587320368.post-86258161972645378122020-05-03T03:42:00.000-07:002020-05-03T03:42:09.438-07:00#အနှောင်အဖွဲ့ကိုယ်ချစ်နေတဲ့သူဆီက ကိုယ့်ကို အသိအမှတ်ပြုတယ် ဆိုတဲ့ လုပ်ဆောင်မှုတစ်ခုခုကို ရတဲ့အခါ ပျော်သွားတတ်တာ သဘာဝပဲလား...
မင်းရော ကိုယ့်ရဲ့ချစ်ခြင်းတွေအပေါ် အသိအမှတ်ပြုခဲ့ပါရဲ့လား... မသေချာဘူး...
ဘဝမှာ သေချာခဲ့တယ်လို့ ယူဆခဲ့မိတဲ့ ချစ်ခြင်းထဲမှာ မင်းက အဦးဆုံးပဲ... နေထွက်တဲ့အရပ်ကို မျက်နှာမူပြီး မင်းရှိတဲ့အရပ်ဆီကို မျှော်တွေးမိတဲ့အခါ မင်းက နီးနီးလေးကပ်ရပ်နေပေမဲ့ ကိုယ်တို့ စိတ်ချင်း ဝေးနေတုန်းပဲ...
“အချစ်ဆိုတာ မပါဘဲ ကျွန်တော်တို့ ဒီအတိုင်း ပျော်ရွှင်နေတာပဲ" ကိုယ့်ရဲ့ရှေ့မှာ ရပ်နေတဲ့ မင်းက အချိန်တိုင်း ဒီစကားကိုပဲ ပြောခဲ့တာ.. ကိုယ့်ကို ချစ်တယ်လို့ ဖွင့်မပြောခဲ့တာ.. ကိုယ့်အချစ်တွေကိုတော့ ချစ်မှန်း သိနေပေမဲ့ မသိချင်ယောင်ဆောင်တတ်ခဲ့တာ... ကိုယ့်ကို ရုပ်ပိုင်းဆိုင်ရာ ကြင်နာမှုပေးခဲ့ပေမဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ ထပ်တလဲလဲ ပေးခဲ့တာ.. သံသရာလည်နေသလိုပါပဲ...
“ဘဝမှာ ထပ်ချစ်ဖို့ ထပ်အသည်းကွဲဖို့ ကျွန်တော့်မှာ နာကျင်စရာ အသည်းနှလုံးမရှိတော့ဘူး.. ဒါတွေ “မ” လဲ အသိပဲလေ” ချစ်ခြင်းကို ကြောက်ရွံ့နေတဲ့ ကောင်လေး.. ဘဝမှာ ပျော်ရွှင်စရာတွေကို ဖယ်ပြီး တစ်ကိုယ်တည်း အထီးကျန်နေချင်တဲ့ ကောင်လေးကိုမှ ကိုယ်က ချစ်မိခဲ့တာ....
သီချင်းတွေ ချစ်တဲ့... ဂီတသံစဉ်တွေကို မြတ်နိုးတဲ့... ဘဝမှာ အောင်မြင်မှုကို မလိုလားတဲ့,, ကိုယ့်စိတ်နှလုံးအတိုင်း သော့ခတ်ပြီး သီးခြားနေချင်တဲ့ သူ့မှာ ပျော်စရာဆိုတာ ကိုယ်တစ်ယောက်တည်းပဲ ရှိခဲ့တာတဲ့... “ပြောရင် ယုံနိုင်မှာ မဟုတ်ပေမဲ့ ကျွန်တော်က မ ဘေးမှာ ရှိရင် ပျော်တယ်”
ချစ်ခြင်းဟာ ပေးဆပ်ခြင်းသပ်သပ်ရယ်လား.. ကိုယ့်မှာ ဝေခွဲမရသေးခင် အချိန်လေးမှာတင် ကိုယ်လည်း သူ့ဘေးမှာရှိရင် ပျော်ရွှင်ခဲ့တယ်.. ပျော်ရွှင်နေဆဲ.. ပျော်ရွှင်အောင် ကြံဆောင်နေဆဲပဲ..
နားမလည်နိုင်တဲ့ သူငယ်ချင်းတွေကြားမှာ ကိုယ့်အဖြစ်ဟာ မုန်းတီးချင်စရာ.. သူတို့ထွက်သမျှ ဒေါသတွေ ကိုယ့်အပေါ်ပဲ ပုံချပါစေတော့ရယ်လို့.. ဒီလို ကိုယ့်ဘက်က စတေးရမှုတွေ များလာပေမဲ့ သူကတော့ မထုံတက်တေး.. အသိအမှတ်ပြုဖို့ ဝေးနေဆဲ....
“မိုးရွာရင် ပျော်ဖို့ကောင်းတယ်.. မိုးရေထဲ မျက်ရည်တွေ မိုးနဲ့ရောသွားတာ ဘယ်သူသိနိုင်မှာလဲနော်” သူထွက်လာနေပြီလို့ ပြောတဲ့အချိန်ကတည်းက ဒီနေရာမှာ ရပ်စောင့်နေခဲ့တာ.. သူ ပြောတဲ့အချိန်ထက် ကိုယ်စောင့်နေရတဲ့အချိန်က ပိုကြာနေသလိုပဲ...
ကောင်းကင်ကြီးက မှုန်မှိုင်း.. မိုးစက်တွေ တအုန်းအုန်း တဒိုင်းဒိုင်း ရွာနေတဲ့ကြားက ကိုယ့်ရဲ့ထီးအနီရောင်လေးကို သူရှာတွေ့နိုင်ပါ့မလား.. “ဘယ်နေရာပဲရောက်နေနေ ကျွန်တော်က “မ” ကို တွေ့အောင် ရှာနိုင်တယ်” တဲ့ အဲ့ဒီနေ့က ကိုယ့်ကို သူမတွေ့ခင် သူ့ကို ကိုယ်အရင်တွေ့ခဲ့တာ ကိုယ်တို့ ကံဆိုးကြတာပဲ....
အဝါရောင်ထီးအောက်ကနေ သူ လက်ကိုခေါင်းပေါ်တင်ပြီး ပြေးထွက်လာတဲ့အချိန်မှာ ထီးအဝါရောင်အောက်မှာ ကျွန်မ အသေအချာမှတ်မိနေတဲ့ အဲ့ဒီမိန်းကလေးရဲ့မျက်နှာကို တွေ့လိုက်ရတာ...
“ဘာမှမဆိုင်ဘူး... ဒီအတိုင်း သူငယ်ချင်းလေ.. “မ” လိုပဲ တဲ့” ကျွန်မတို့က နှိုင်းယှဉ်စရာ ပြယုဂ်တွေ ဖြစ်သွားပါရောလား...
မိုးရေထဲမှာ အကြီးအကျယ် ရန်ဖြစ်နေတဲ့သူ နှစ်ယောက်ကို ဘေးပတ်ဝန်းကျင်က သတိမထားမိတဲ့အတွက် မိုးရေကို ကျေးဇူးတင်မိတယ်.. “မိုးရေထဲ မျက်ရည်တွေရောတော့ ကိုယ်ရော သူရော စိုရွှဲကုန်တာပေါ့” ထီးအနီရောင်ကို သူ့လက်ထဲ ထည့်ပေးပြီး မိုးရေထဲ ဒီအတိုင်း လမ်းလျှောက်ပြန်လာတဲ့ ကျွန်မ အနောက်မှာ သူလိုက်လာသလား မလိုက်လာဘူးလား သိချင်စရာ မရှိတော့တာ...
တစ်ပတ်လောက် အိပ်ယာထဲ အဖျားနဲ့လဲနေတဲ့ အချိန်ထဲ ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဘဲ ဖြတ်တောက်ခဲ့တာ.. သူခေါ်တဲ့ဖုန်းတွေကို မကိုင်တာ.. ဖုန်းကို စက်ပိတ်ထားတာနဲ့.. အိမ်ကို သူ အရဲစွန့်ရောက်လာတာတောင် ထွက်မတွေ့ခဲ့တာ.. အလုပ်ကိုသွားဖို့တောင် မနည်း အားယူခဲ့ရတာ...
အိပ်မက်ဆိုးတွေထဲ ထီးအဝါရောင်နဲ့ သူတို့နှစ်ယောက်ရဲ့ အပြုံးတွေကိုပဲ မြင်ယောင်နေခဲ့တာ...
“မ သာ ကျွန်တော့်ကို စွန့်ခွာသွားရင် ကျွန်တော် ရူးသွားလိမ့်မယ်” သူ ပြောတော့ ကိုယ့်မှာ နာကျင်လွန်းလို့ ပြုံးပြဖို့တောင် အားမရှိခဲ့.. နောက်ဒီလိုမဖြစ်စေရပါဘူးတဲ့.. ဘာတွေကို ကတိပေးပြီး ဘယ်လိုတွေ ကိုယ့်ဘေးနား သူပိုတိုးကပ်ခဲ့တာတွေကို မသိစိတ်က ပျော်ရွှင်ခဲ့ပေမဲ့ သိစိတ်က သူ ကိုယ့်ကို တစ်ချိန်ချိန်မှာ ပစ်ခွာထားခဲ့ဦးမှာ ဆိုတာ သိနေခဲ့တာ...
Extrovert ဆိုတဲ့ ပွင့်ပွင့်လင်းလင်းသမားနဲ့ Introvert အတွင်းစိတ်မှာ ပျော်ရွှင်တဲ့သူရဲ့ အချစ်ဇာတ်လမ်းတဲ့.. ဝဘ်ဆိုက်တစ်ခုမှာ ဖတ်မိတဲ့အချိန်မှာ ကိုယ်ဟာ ကိုယ်တို့အဖြစ်ကို ပိုသဘောပေါက်သွားတော့တာပဲ..
ဒီအတိုင်းလေးနေမယ်ဆိုရင် ကိုယ်တို့ အမြဲလက်တွဲနေနိုင်မှာပဲ.. ဒါမှမဟုတ် ကိုယ့်ဘက်က ဖြစ်ဖြစ် ရှေ့တစ်လှမ်းဆက်တိုးရင် သူ့ဘက်က ကျိန်းသေ နောက်ကို တစ်လှမ်းမက နောက်ဆုတ်သွားမယ် ဆိုတာ သိနေခဲ့တာ... သူ့ရဲ့ စိတ္တဇကို မဖြေဖျောက်နိုင်သရွေ့ ကိုယ့်ဘက်က ပေးဆပ်ရခြင်းသပ်သပ်သာ သူ့အတွက် ရှိနေပေးရမှာ...
ကိုယ်က လောဘကြီးပါရဲ့,, မင်းအတွက် သပ်သပ်လို့ ကိုယ့်ဘက်က သေချာတဲ့ နှလုံးသားစည်းချက်တွေ အတွက် မင်းဘက်က အဆင်သင့်ဖြစ်မနေတာ ဝမ်းနည်းလှချည်ရဲ့ကွယ်...
အခုတော့ လမ်းဆုံမျဉ်းရဲ့ အလယ်ဘက်မှာ ကိုယ်ရပ်နေတယ်... ဒီဘက်မှာ မင်းရှိနေသလို.. ဟိုဘက်မှာ ကိုယ့်အတွက် အနာဂတ်ဆိုတာ ရှိနေသင့်တယ် မဟုတ်လား....
“ဘယ်လိုအကြောင်းအရာမျိုးနဲ့မှ
နှောင်ဖွဲ့ထားလို့ မရနိုင်တော့တဲ့အဖြစ်လေ
အချစ်တဲ့လား.....
ကြားခဲ့ဖူးပါတယ်..
အရာအားလုံး ပြီးဆုံးသွားခဲ့မယ်ဆိုရင်တော့
ငါတို့နှစ်ယောက်ရဲ့ကြား တမ်းတစရာ အဖြစ်အပျက်တချို့
လက်တို့ချန်ထားခဲ့သလိုမျိုး....
တမ်းတမ်းတတ သတိရနေမှာပါ....”
ပြည့်စုံ
(၀၃-၀၅-၂၀၂၀၊ ၁၆း၃၀ ညနေ)
Unknownnoreply@blogger.com0tag:blogger.com,1999:blog-3975068002587320368.post-22669592123929369202017-09-12T21:48:00.000-07:002017-09-12T21:48:08.490-07:00ပန်းရိုင်းကလေးရဲ့အိပ်မက်
ရှက်လွန်းလို့ ယမကာခွက်ထဲ ထိုးစိုက်ဆင်းသွားတဲ့ ရေခဲတုံးလေးခမျာ.. ပြန်ကိုပေါ်မလာရှာတော့ဘူး.. ရေခဲစက်လေးတွေ သီးထနေတဲ့ ဖန်ခွက်ငယ်လေးကတော့ သူ့အရှေ့က မိန်းမငယ်လေးရဲ့ မျက်နှာချေအနီရောင်ဆိုးဆေးတွေ အောက်က မို့မို့ဖောင်းဖောင်း ပါးအို့နီနီလေးကိုသာ စိတ်မှန်းနဲ့ ငေးမောကြည့်နေမိတယ်…
ချိုချိုလွင်လွင် အလိုက်သင့်ရီမောရင်း ခါးနောက်ကို ရောက်ရောက်လာတတ်တဲ့ လက်ကြမ်းကြမ်းကြီးတွေကို ခါးလေးတွန့်ပီးသာ ရုန်းကန်နေရ.. တရံတခါကျတော့လဲ အတင်းတိုက်တွန်းနေတဲ့ မဟာပုရိသ၀ါဒီတွေကြားထဲ ပန်းပွင့်လေးတွေ ယိမ်းတိုက်သလို ယိမ်းနွဲ့လှုပ်ရှား တေးသံသာတွေ သီကျူးပြရ… ဒီလိုနဲ့ပဲ မိန်းခလေးငယ်လေးရဲ့ ဘဝမှာ ဆေးဆိုးပန်းရိုက်အနာဂတ်တွေသာ ကြီးစိုးလာနေတော့တာ ထင်ပါရဲ့..
ခွေးအအူသံတွေနဲ့ တောကြောင်တွေ လက်ခမောင်းခတ်နေတဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးမှာမှ နှင်းဆီရိုင်းလေးတွေ ဖူးပွင့်ခွင့်ရနေတာ ကံဆိုးလှချည့်ကွယ်.. မိုးလင်းက နေဝင် ကြယ်မမြင် လမမြင် ဒီလိုနေရာမျိုးမှာမှ ဆူးကင်းတဲ့… နွမ်းလျနေတဲ့ နှင်းဆီပွင့်ဖတ်လေးတွေကို ဈေးကြီးအရက်နဲ့ မျောချချင်သူတွေ အများသားဆိုတော့လဲ တဖက်တလမ်းက ၀မ်းသာမိရတယ်...
တိုတောင်းလှတဲ့ ဘဝ အချိန်ခဏလေးတဲ့ .. ဟုတ်ရဲ့လား… သူများပြောတိုင်း ယောင်ခေါင်းညိတ်မိတဲ့ ပုတ်သင်ညိုလေးတွေလို ဒီမိန်းခလေးရဲ့ ကောက်တလှည့် ဖြောင့်တလှည့် ဦးခေါင်းလေးမှာ စီးကရက်မီးခိုးငွေ့တွေ ညစဉ်ညတိုင်း ဝေနေတုန်း.. ကြွေနေတုန်းပါပဲလေ..
စတိတ်ခ်ျစင်ပေါ်က တေးဂီတသံတွေနဲ့ အလိုက်သင့်ကခုန်နေပေမဲ့ မိန်းခလေးရဲ့ စိတ်အတွေးက မြို့စွန် ရွာနားက သူမရဲ့အိမ်အိုလေးဆီ မကြာခဏ ရောက်နေခဲ့တယ်.. ဒီအချိန်ဆို အမေ အိပ်မောကျနေမလား…. အမေ၊ ညီမလေးနဲ့ သူမရဲ့ အိပ်မက်တွေ အတွက် လုံခြုံရာအိမ်ကလေးတဆောင်လောက် ရချင်ယုံပါပဲ ..
ထူးထွေဆန်းပြားမှုမရှိတဲ့ လိုအင်တွေအတွက် သူမကတော့ အိပ်မက်တွေကို ချခင်းပြီး ဘ၀နဲ့ရင်းကာ ကံကြမ္မာအလိုကျ ကခဲ့ရ ဆိုခဲ့ရ ငိုခဲ့ရပြီ..
“အမေ အမေ ကြားရလား.. ဖုန်းလိုင်းက သိပ်မကြည်ဘူး အမေ..”
ဖုန်းလိုင်းမကောင်းလို့ အသံတွေကို ပြတ်တောင်းတောင်း ကြားနေရပေမဲ့ နူးညံ့တဲ့ အမေ့အသံဟာ သူမကို တဒင်္ဂအတွက်တော့ အားအင်တွေ ရစေတယ်..
‘အမေ အဆင်ပြေရဲ့လား.. နေကောင်းရဲ့လား.. ညီမလေးတွေရော… ဒီမှာအဆင်ပြေတယ် အမေရဲ့.. မနက်ဖြန်လောက်ဆို သမီး အိမ်ကို ငွေလွှဲပေးလိုက်မယ်နော်..’
တယ်လီဖုန်းခွက်ကို စင်ပေါ် ပြန်တင်ပေးလိုက်ပြီး ဒေါက်ဖိနပ်သံနဲ့ တခွပ်ခွပ်နဲ့ ပြန်လှည့်ထွက်သွားတဲ့ ပန်းရိုင်းအနီရောင်လေးကို တယ်လီဖုန်းလေးက အလိုက်သင့်ငေးမောလျက်သား ကျန်နေရစ်ခဲ့တယ်…
ကံကြမ္မာ ဇာတ်ဆရာ အလိုကျ ပန်းရိုင်းကလေးတွေဘ၀ သရုပ်ပြခဲ့ရ…
ပြည့်စုံ (11း11 am, September 13, 2017)
Unknownnoreply@blogger.com0tag:blogger.com,1999:blog-3975068002587320368.post-1481846030584072332017-04-09T22:03:00.001-07:002017-09-12T21:51:35.047-07:00နွေဦးအချစ်ရေရှားတဲ့နေရာမှာ မိုးခေါင်ပြီး
ရေများတဲ့နေရာမှာ မိုးကြီးတဲ့ အရပ်မှာမှ
ကိုယ်က လူလာဖြစ်ခဲ့တယ်...
ချစ်ခြင်းဟာ အချိုမှုန့်လိုပဲ
အစားများရင် ရောဂါပေးတတ်ပေမဲ့
မပါပြန်တော့လည်း ဘဝဟာ ပေါ့ရွှတ်ရွှတ်
ရောဂါတက်ပေမဲ့ ရောဂါဖြစ်နေတဲ့အပိုင်းကိုပဲ
တစ်ဆစ်ချင်းစီ ဖြတ်တောက်
ဘဝကို ဟောဒီလို
ဟိုတစ်စ ဒီတစ်စနဲ့ ရှင်သန်အောင် ကြိုးစားခဲ့ရ....
အချစ်ရေ
နေမြင့်လို့ အရူးရင့်တာလား
နေမွန်းတည့်ချိန်မှာ ရူးလောက်အောင်ချစ်မိတာလား
ကိုယ့်မှာ မသဲကွဲဘူး....
ဘဝက တိုတိုလေးပဲ
လမ်းချင်းတူတုန်း လူချင်းဆုံအောင် ကြိုးစား
အသည်းနှလုံးကို ငါးစာအဖြစ်ထား
အချစ်တွေကို ဒီလိုနဲ့ပဲ မျှားကြည့်ရအောင်.....
ပြည့်စုံ
(10-04-2017, တနင်္လာနေ့)
Unknownnoreply@blogger.com0tag:blogger.com,1999:blog-3975068002587320368.post-73592027849942121452014-04-04T03:32:00.001-07:002014-04-04T03:32:48.218-07:00သီပေါမြို့ကို အလည်တစ်ခေါက် ကိုယ်ရောက်ခဲ့တယ်…
သီပေါမြို့လေးက လှတယ်…
နံဘေးမှာ ရစ်ခွေစီးဆင်းနေတဲ့ ဒုဌ၀တီမြစ်ကို ဖြတ်ကျော်ပြီးနောက်မှာတော့ သီပေါမြို့လေးဆီ ကိုယ်တို့ ရောက်ခဲ့တယ်..
သီပေါမြို့ရဲ့ အထင်ကရ ဘုရားတွေဆီ အဖူးမြော်ရောက်ခဲ့တယ်.. ကိုးသိန်းကိုးသန်းရှင် ဆုတောင်းပြည့်ဘုရား၊ သမိုင်းဝင် ဘော်ကြိုဘုရားကြီး၊ နောက် လွယ်မုတ်တောင်မှာရှိတဲ့ စော်ဘွားကြီး ဆာစ၀်ချယ်ရဲ့ ဂူသချိုင်္င်းအပြင် ကိုရင်လေးရေတံခွန်၊ နောက် အဖ ကိုးမြို့ရှင်နဲ့ အမေ ပုလဲယဉ်မယ်တော်တို့ရဲ့ အကြီးဆုံး နတ်နန်းဆီကိုလည်း ရောက်ခဲ့တယ်..
နောက်ဆုံးအနေနဲ့ ကိုယ်တို့ ရောက်ခဲ့တဲ့ နေရာကတော့ သီပေါမြို့ရဲ့ နောက်ဆုံးစော်ဘွားမျိုးဆက် နေထိုင်ခဲ့တဲ့ သီပေါဟော်နန်းပါပဲ..
ဒီဟော်နန်းမှာ သီပေါမြို့ရဲ့ နောက်ဆုံး စော်ဘွား စ၀်ကြာဆိုင်နဲ့ ဇနီး သြစတြီးယားသူ မဟာဒေ၀ီ စ၀်သုစန္ဒီတို့ နေထိုင်ခဲ့ကြတယ်..
ဟော်နန်းက ကြီးကျယ်ခမ်းနားလှတယ်.. မိုးမှုန်မှုန်လေးတွေ တဖွဲဖွဲရွာနေတဲ့ကြားက ဟော်နန်းဆီ ရောက်ဖို့ ကိုယ်တို့တွေ ချဉ်းကပ်လာကြတဲ့အခါ ပိတ်ထားတဲ့ သံပန်းတံခါးကြီးပဲ ရှိပါတယ်.. အရင်တုန်းကဆို ဒီနေရာတ၀ိုက်ဟာ အိမ်ဝင်းထဲကို ၀င်ခွင့်မပြောနဲ့ .. ဖြတ်သန်းသွားလို့ မရခဲ့ဘူး.. အစောင့်အကြပ်တွေ အထပ်ထပ်နဲ့ စောင့်ကြည့်နေတဲ့သူတချို့ ရှိခဲ့ဖူးပါလိမ့်မယ်…
အခုတော့ ဒီနေရာမှာ ပျက်စီးယိုယွင်းမှုတွေ ရှိနေပေမဲ့ အထွတ်အမြတ် နေရာတစ်ခုကဲ့သို့ ယခုအထိ အရိုအသေပေး စောင့်ရှောက်နေတဲ့သူတွေ ရှိနေတုန်းပါပဲ။။
ဒီနေရာဟာ ဒဏ္ဍာရီပုံပြင်တွေထဲကလိုပဲ ပုံပြင်ဆန်လွန်းတယ်.. စစ်အုပ်ချုပ်ရေး လူတန်းစားတွေကြောင့်ပဲ ဒီအိမ်တော်ရဲ့ သမိုင်းဟာ ပိုပြီး ပီပြင် ထင်ရှားလာတယ်လို့ ဆိုရမလားပဲ…
အခုအခါမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ကိုယ်တို့လို ဌာနေခရီးသွားတွေ ၀င်ရောက်လည်ပတ်ခွင့် ရခဲ့.. ကြည့်ရှု လေ့လာခွင့်ရနေပြီ ဖြစ်ပါတယ်..
လိုက်ပို့ပေးတဲ့ သီပေါမြို့ခံ ဆရာမရဲ့ အဖေနဲ့အမေကတော့ ဒီနေရာဟာ မဖြစ်မနေ သွားရောက် လည်ပတ်သင့်တဲ့နေရာလို့ ပြောပြီး သူတို့ပဲ ဦးဆောင်ကာ ကိုယ်တွေကို ခေါ်လာတာ ဖြစ်တယ်..
ဧက တော်တော်များများ ကျယ်ဝန်းတဲ့ ခြံဝန်းကြီးထဲမှာ ထီးထီးကြီး ရပ်တည်နေတဲ့ ဟော်နန်းဟာ အခုအချိန်အထိတောင် ခိုင်ခိုင်မာမာ ရှိနေတုန်းပါပဲ။။
သံပန်းတံခါးမှာ သော့ခလောက်အကြီးကြီး တစ်ခု ခတ်ထားတယ်.. အတွင်းထဲကို လှမ်းအော်ခေါ်နိုင်ပေမဲ့ ဒေါ်ဒေါ်က ကားပေါ်မှာ ပါလာတဲ့ ကလေးငယ်လေးကို သံပန်းနဲ့ အုတ်တံတိုင်းကြားက နေရာလေးကနေ ကပ်ပြီး ခြံဝင်းထဲကို ၀င်ခိုင်းလိုက်ပြီး အထဲက လူတွေကို ဟော်နန်းထဲကို ၀င်ရောက်လေ့လာခွင့်ရချင်နေတဲ့ လူတွေ အိမ်ဝန်းပြင်မှာ ရပ်နေတယ်လို့ အကြောင်းကြားခိုင်းလိုက်ပါတယ်..
ခဏနေတော့ အိမ်ဝန်းထဲကနေ အမျိုးသမီးကြီးတစ်ယောက် ထွက်လာတယ်.. သူမက ရှမ်းဘာသာ စကားနဲ့ စကားလှမ်းပြောပြီးနောက်မှာမှ သော့ခလောက်ကို ဖွင့်ပေးလိုက်တယ်.. တကယ်တော့ ကျွန်မတို့ ရောက်တဲ့အချိန်ကလည်း ညနေ ၄ နာရီဝန်းကျင်လောက်ဆိုတော့ ဟော်နန်းပိတ်ချိန် ဖြစ်နေပြီ.. ဒါပေမဲ့ ဒေသခံဒေါ်ဒေါ်ရဲ့ ကောင်းမှုကြောင့် ကျွန်မတို့ ဟော်နန်းထဲ ၀င်ခွင့် ရလိုက်တယ်..
အမျိုးသမီးကြီးက ကျွန်မတို့ကို ဘယ်ကနေ လာတဲ့ ဧည့်သည်တွေလည်းလို့ မေးတယ်.. ကျွန်မတို့ရဲ့ အလုပ်အကိုင်တွေနဲ့ နေရင်းအရပ်တွေကို ပြောပြပြီးနောက်မှာတော့ ခြံဝန်းထဲကို လှည့်လည် ကြည့်ရှုပါဦးလို့ အရင် ပြောပါတယ်..
ခြံဝန်းကြီးထဲမှာ ကိုယ်ပိုင်ဘုရားရှိခိုးကျောင်းဆောင် ရှိတယ်..ပျက်စီးယိုယွင်းနေပြီး ပြင်ဆင်မွမ်းမံနေဆဲ လို့ ပြောတဲ့ ဘုရားကျောင်းဆောင် နံဘေးမှာ ရိုးရာနတ်စင်တွေကိုလည်း တွေ့ခဲ့ရတယ်..
သီပေါစော်ဘွားက သူ့ရဲ့ မဟာဒေ၀ီ သြစတြီးယားနိုင်ငံသူအတွက် ဆောက်လုပ်ပေးထားတဲ့ တင်းနစ်ကွင်း၊ ရေကူးကန်.. ဒါတွေဆီလည်း ရောက်ခဲ့တယ်.. ထိုခေတ်အခါဆီကတော့ ဒီတင်းနစ်ကွင်း တွေ၊ ရေကူးကန်တွေဟာ ခေတ်စားခဲ့မှာပါပဲ.. ဒါပေမဲ့ အခုတော့ အရာအားလုံးဟာ တိတ်ဆိတ်လို့ ခြောက်ကပ်လို့….
မိုးလေးက တဖွဲဖွဲရွာနေတုန်းဆိုတော့ ပတ်ဝန်းကျင် တစ်ခုလုံး မှိုင်းလို့ပြာလို့မှုန်လို့… ပတ်ပတ်လည် ၀န်းရံထားတဲ့ ရှမ်းတောင်တန်းတွေရဲ့ အလယ်မှာ ဟိုယခင် အခေတ်အခါက ချစ်ခြင်းမေတ္တာတစ်ခုရဲ့ ပြယုဂ်ကို ဖမ်းယူပြီး ရင်ထဲမှာ ကြည်နူးမိတယ်..
ခေတ်အခါ စည်ပင်စဉ်က ဒီနေရာဝန်းကျင်တစ်ဝိုက်မှာ ပျော်ရွှင်စွာ ကြည်နူး ပျော်မြူးနေကြမယ့် ချစ်ခင်သူတွေရှိလိမ့်မယ်ဆိုတာကို တွေးမိပြီး ကိုယ့်ရင်ဟာလည်း အတိုင်းအဆမရှိ ၀မ်းနည်းလာမိတယ်…
ဟော်နန်းထဲကို အ၀င်မှာတော့ ဓာတ်ပုံတွေ၊ အသုံးအဆောင်တွေနဲ့ စာအုပ်တွေကို အစီအရီ ခင်းကျင်းပြသထားတယ်.. ဟော်နန်းကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သီပေါစော်ဘွားအနွယ် အမျိုးသမီးကြီးက ကြီးကျယ်ခမ်းနားလှတဲ့ သီပေါဟော်နန်းအကြောင်း၊ နောက် သီပေါစော်ဘွားနဲ့ သူ့ရဲ့ မဟာဒေ၀ီ အကြောင်းတွေကို ဓာတ်ပုံတွေ စာအုပ်တွေကနေ တစ်ဆင့် ရှင်းပြနေတယ်..
သူမရဲ့ အသံက ချိုအေးတယ်.. နားထောင်ကောင်းရုံသပ်သပ်ထက် ဓာတ်ပုံတွေထဲက ရုပ်ပုံလွှာတွေကြောင့် ဒီအမှန်တရားဟာ ဒဏ္ဍာရီမဟုတ်မှန်း ပိုသိလာတဲ့အခါမှာ ကိုယ့်မျက်လုံးထဲမှာ ပုံရိပ်တွေထင်လာတယ်…
အချိန်တန်လို့ နှုတ်ဆက်ပြီး ပြန်ကြချိန်မှာတော့ ခြံဝန်းတံခါးဝမှာ ရပ်တန့်ထားခဲ့တဲ့ ကိုယ်တို့ရဲ့ ကားဆီ မှုန်ဖွဖွ ရွာသွန်းနေဆဲ မိုးစက်များအကြားမှာ လမ်းလျှောက်လာရင်း အိမ်တော်ဝင်းကြီးဆီ လည်ပြန်ငေးရီမိတဲ့အခါ မှာတော့..လက်ပြနှုတ်ဆက်နေသယောင် ဟော်နန်းကြီးဟာ ပြာမှိုင်းမှုန်ရီနေတဲ့ မိုးရေစက်များကြား ထီးထီးတည်း ကျန်ရစ်ခဲ့ ကျန်ရစ်နေဆဲ ဖြစ်ပါတယ်..
ပြည့်စုံ
(04-12-2014 < 4:12 pm)Unknownnoreply@blogger.com1tag:blogger.com,1999:blog-3975068002587320368.post-38892212289826415832014-04-04T03:29:00.000-07:002014-04-04T03:29:20.810-07:00ရွှေပြည်တော်တမ်းချင်း
ဘယ်သူက ထင်မှာလဲ၊ တောင်ပူစာ ခြုံကြားမှာ မြို့နန်းတည်ရလိမ့်မယ်လို့ ရှေးဆယ်စုနှစ်တွေဆီက အိပ်မက်ပင် မက်ဖူးမယ် မထင်။ သို့ပေမဲ့ အခုတော့ ခြုံကြားက ဘုံဖျားတွေ ပေါ်လာပြီး နတ်နန်းတွေ အစီအရီပေါက်သလို မြို့တော်သစ် တစ်ခု ပေါ်ထွန်းလာတယ် ပြောရမှာပါပဲ။
မြို့အလျားက ကျယ်ဝန်းတယ်၊ လေယာဉ်ပေါ်ကနေ မြေပြင်ကို မြင်ရသလောက် မြို့နယ်ခွဲလေးတွေကို စိပ်ပိုင်းထားတာ ညီညာတယ်၊ ၀န်ထမ်းတွေကို နေရာချပေးထားတဲ့ အကွက်တွေမှာ သွပ်မိုးရောင် ပြောင်ပြောင်လက်လက်တွေ မြင်ရတယ်၊ တချို့နေရာတွေကတော့ လွင်တီးခေါင်နီးနီးပါပဲ။
နေပြည်တော် နိုင်ငံတကာ လေဆိပ်ကြီးဆီ ရောက်ဖို့ လေယာဉ်ပြေးလမ်းက အနည်းငယ်ရှည်တယ်၊ လေယာဉ်ဘီးလုံးတွေ ရပ်တန့်သွားပြီး ခဏနေတော့ လေဆိပ်နားနေဆောင်ဆီ ပို့ဆောင်ပေးမယ့် ကားတွေ ရောက်လာတယ်၊ ရန်ကုန်လေဆိပ်နဲ့ တခြားစီပဲ၊ ကွင်းဘေးမှာ လေယာဉ် နှစ်စီး ရပ်ထားတာ တွေ့တယ်။ နိုင်ငံတကာ လေဆိပ်ကြီးဆီမှာ လေယာဉ်တွေ မရှိတော့ လေဆိပ်က ထီးတည်းရပ်နေတာ သူ့အစား ကိုယ့်မှာ အားတွေနာလို့။။။
ဒီလိုနဲ့ လေဆိပ်ကို ရောက်တယ်၊ ကိုယ့်မှာက လက်ဆွဲအိတ်ငယ်ပဲ ပါတယ်၊ ဒါပေမဲ့ ရွေ့လျားခါးပတ်ပြားတွေကတော့ အထုပ် ပါပါ မပါပါ လည်နေတယ်၊ လက်ဆွဲသေတ္တာ နှစ်လုံး သုံးလုံးလောက် ထွက်လာတယ် တွေ့တယ်။။
လေဆိပ်အပြင်ကို ရောက်အောင် တော်တော်လေး လမ်းလျှောက်ရတယ်၊ တွေ့ရသလောက်လဲ လေယာဉ်မှာ ပါတဲ့ ဧည့်သည်လောက်နဲ့ ၀န်ထမ်းတွေပဲ လေဆိပ်ထဲမှာ ရှိနေတယ်၊ လေဆိပ်တစ်ခုလုံးကလဲ တိတ်ဆိတ်လို့… အဲကွန်းအအေးဓါတ်ကြောင့်လား မသိဘူး စိမ့်နေအောင် အေးနေတယ်။ အပြင်မှာတော့ ကျောကော့အောင် ပူလှတော့မယ်။။
အပြင်မှာ လူနည်းနည်း ကျဲကျဲ ရပ်နေတယ်၊ ကိုယ့်နာမည်ကို ရေးထားတဲ့ ဆိုင်းဘုတ်ကိုမြင်တော့ လာကြိုတဲ့ ကားသမားကို ပြုံးပြလိုက်တယ်။ တက္ကစီခက တစ်နေ့လုံး အသုံးပြုမယ်ဆို ကျပ်ငါးသောင်း ပေးရမယ်လို့ ပြောတယ်၊ ကားသမားကတော့ အမြဲငှားနေကျမို့ ခရီးစဉ်လိုက်ပဲ ပိုက်ဆံကို ပိုင်းယူပါ့မယ်လို့ ပြောတယ်၊ ရပါတယ် ဘယ်လိုယူယူပေါ့. ကိုယ်သွားမယ့် ခရီး သွားလမ်းသာပြီး လာလမ်း ဖြောင့်ဖို့ပဲလို့ သဘောရတယ်။
လေဆိပ်က လယ်ဝေးမှာ၊ မြို့ကြီးက နေပြည်တော် ကြပ်ကုန်းမှာ.. ကီလို ၁၀၀ လောက် မောင်းတာတောင် မိနစ် သုံးဆယ်လောက် မောင်းလိုက်ရတယ်။ ပေးပျော်ပါတယ် ၂၅၀၀၀။
မြို့ကို ပထမဆုံး အမြင်မှာတင် အပူရောင်ဟပ်တယ်…
တံလျှပ်တွေ တဖွေးဖွေး ထနေတဲ့ လမ်းမကျယ်ကြီးတွေမှာ ကားတစ်စီးမှ မတွေ့ရဘူး၊ လမ်းဘေးတလျှောက် ပန်းပင်တွေ ရှိတယ်၊ အမှိုက်တွေတော့ မရှိဘူး၊ လေးလမ်းသွား လမ်းမကြီးတွေကို နှစ်ပိုင်းစီ ပိုင်းထားတယ်၊ အတွင်းလိုင်း နှစ်လုံးဆီကို အပေါ်ကနေ ကတ္တရာ ပါးပါး ပုတ်ထားတာ တွေ့တယ်၊ အဲ့ဒီကတ္တရာပုတ်ထားတဲ့ လမ်းတွေကို လမ်းလယ်ခေါင်မှာ အကာလေးတွေ လုပ်ပေးထားတယ်။
ဘာကြောင့်လဲ မေးတော့ .. ဆိုင်ကယ်နဲ့ ကုန်ကားကြီးတွေက ဘေးနှစ်လိုင်း ကွန်ကရစ်လမ်းပေါ်ကပဲ မောင်းရတယ်လို့ တက္ကစီသမားက ပြန်ဖြေတယ်၊ ဒါပေမဲ့ လစ်ရင် လစ်သလို ကတ္တရာဖြူးထားတဲ့ လမ်းပေါ် တက်မောင်းကြတာပဲ။ သူသူကိုယ်ကိုယ် လမ်းကောင်းကပဲ မောင်းချင်ကြတာကိုး အစ်မတဲ့။
ဟုတ်မှာပဲ… ပြောရင်းနဲ့ ဆိုင်ကယ်တစ်စီး ကတ္တရာလမ်းပေါ် တိတ်တိတ်လေး ခိုးတက်လာတာ မြင်ရတယ်။ ခဏနေရင်တော့ သူ လမ်းဘေးဆင်းရမှာပဲ၊ အရှေ့မှာ ဆပ်ပလိုင်းချက်တွေ ရှိတယ်တဲ့။
နေပူကြောင်တောင်ကြီးမှာ မော်တော်ပီကယ် သုံးယောက် ဆိုင်ကယ်လေးတွေရပ်ပြီး နေပူဆာလှုံနေကြတယ်၊ ဘေးနားမှာလည်း ဦးထုပ်မဆောင်းလို့ ဆိုပြီး ဖမ်းထားတဲ့ ဆိုင်ကယ် သုံးလေးစီး တွေ့ရတယ်။
လမ်းဘေးဝဲယာမှာ ဟိုတယ်တွေ အများကြီးတွေ့တယ်၊ လူနေအိမ်တွေ မရှိဘဲ ဟိုတယ်ကြီးငယ် ဆောက်လက်စတွေ အများကြီးတွေ့တယ်။
တည်းမယ့် ဟိုတယ်ကို ရောက်တယ်၊ ဟိုတယ်ဝင်းက အကျယ်ကြီးပဲ၊ ဟိုတယ်အိမ်လေးတွေကလည်း တမျှော်တခေါ် ဝေးလို့၊ ရီဆက်ရှင်းက ကောင်မလေးက check out ပြန်ထွက်ရမယ့်အချိန်ကို သေသေချာချာ ရှင်းပြနေသေးတယ်။
ခဏနေတော့ ဂေါ့ဖ်ကွင်းတွေမှာ မောင်းတဲ့ ကားသေးသေးလေး ရောက်လာပြီး ကိုယ့်ကိုတင်ပြီး တောင်ကုန်းလေးတွေလို လျှောက်လမ်းလေး လုပ်ထားတဲ့ ဟိုတယ်ဝင်းထဲက အိမ်တစ်လုံးဆီ ခေါ်သွားတယ်၊ ဟိုတယ်ဝင်းထဲမှာ ရေကူးကန်ရှိတယ်၊ နောက် ကျန်းမာရေးစင်တာ တစ်ခုတွေ့တယ်။ သစ်ပင်အုပ်အုပ်လေးတွေ တွေ့တယ်၊ ပွဲတစ်ခုရှိလို့လား မသိဘူး၊ စင်တွေနဲ့ ခုံတွေ ပြင်နေတာလဲ တွေ့တယ်။
နေပြည်တော်မှာ အင်တာနက်ကော်နက်ရှင် သိပ်ကောင်းတာပဲလို့ ညွှန်းကြတယ်၊ အဟုတ်ပဲ wi fi က ဆစ်ဂနယ်တုံး အကုန်မိနေတယ်၊ နှမြောစရာ ကောင်းတာက ကိုယ်က ခဏလေး လာတယ်ဆိုတော့ ကွန်ပျူတာလည်း မသယ်ခဲ့သလို၊ အင်တာနက်သုံးလို့ရတဲ့ ဖုန်းကလည်း ဘတ္တရီသွင်းမယ့်ကြိုး မေ့ခဲ့တယ်၊ ကောင်းလေစွ ကောင်းလေစွ။။
ရခဲလှတဲ့ အင်တာနက်နဲ့ကြုံတုန်းတောင် မဒေါင်းနိုင်တော့တာ… ဒီဘ၀ ကျွတ်ဖို့ခဲလှတာ ဆန်းမယ် မထင်တော့။။။
ခဏနေတော့ လုပ်စရာရှိတာ၊ ပြင်ဆင်စရာရှိတာ ပြင်ဖို့ အပြင်ကို ပြန်ထွက်ရတယ်၊ ဒါလည်း ခဏလေးနဲ့ပြီးသွားတယ်၊ နေပြည်တော်မှာ နေ့စာ ညစာ ဘယ်လိုစားရမလဲ မေးတော့ ကားသမားက လက်ဘက်ရည်ဆိုင်ကို ညွှန်းတယ်၊ ရွှေပလ္လင်တဲ့။
လက်ဖက်ရည်ဆိုင်က အထဲမှာ လူတွေစည်တယ်၊ စားလို့ကောင်းတယ်၊ ဈေးနှုန်းသင့်တယ်၊ အကြိုက်ဆုံးက လက်ဘက်ရည်ပဲ။
လက်ဘက်ရည်သောက်တယ်၊ မုန့်စားတယ်၊ နေ့လယ်စာ ပါဆယ်ဆွဲခဲ့တယ်၊ ရတဲ့ ပါဒီယမ်က ဟိုတယ်စာ စားဖို့ လောက်မယ် မထင်ဘူးလေ။ လက်ဘက်ရည် သောက်နေတုန်း ရန်ကုန်က သူငယ်ချင်းဆီ ဖုန်းဆက်ပြီး ဟားဟားဟီးဟီး ရီဖြစ်တယ်။ လက်ဘက်ရည် ကောင်းကောင်း သောက်ရလို့လား မသိဘူး လူက အရသာပြည့်နေတယ်။
နေ့လယ်ခင်း ဘာမှလုပ်စရာမရှိတော့ဘူး၊ ဘယ်ကို သွားလည်ရမလဲ မေးတော့၊ နယ်ခံ ကားသမားက အားပေးတယ်၊ ဟိုတယ်မှာပဲ နားနေပါ အစ်မရယ်။ နေက သိပ်ပြင်းလွန်းတယ်တဲ့။
ဒါနဲ့ ဟိုတယ်မှာ တစ်နေကုန် အိပ်တယ်၊ အဲကွန်းအေးအေးနဲ့ တီဗီကို ဖွင့်ပြီး ချန်နယ်လ်တွေ အကုန်လျှောက်နှိပ်တယ်၊ တရေးတမော အခါခါ အိပ်တယ်။ တစ်နေ့လုံး ဟိုတယ်ခန်းထဲမှာ ပျင်းရိစွာနဲ့ အိပ်ပျော်သွားတယ်။
မနက်လင်းတော့ ဟိုတယ်က နံနက်စာ ကျွေးတယ်၊ စားကောင်းပါတယ်၊ ဧည့်သည်ထက် ဟိုတယ်ဝန်ထမ်းတွေက ပိုများနေတော့ ၀န်ဆောင်မှုက တအားကောင်းနေတယ်။ ကိုယ်က ခေါင်း ဘယ်ညာ သိပ်မလှည့်ရဲဘူး၊ ၀န်ထမ်းတွေက အနားကို ရောက်လာပြီး လိုတာ လုပ်ပေးဖို့ ပြင်နေတယ်။ ရပြီ ရပြီ။ ကိုယ်တွေက ဦးညွှတ် ခရီးဦးကြိုပြုတဲ့ ၀န်ဆောင်မှုနဲ့ သိပ်အသားမကျသေးတော့ သူတို့ ဦးညွှတ်ပြီး အရိုအသေပေးတိုင်း ကိုယ့်မှာ ခါးတွေ ဘာတွေကုန်းပြီး အားတုန့်အားနာတွေ ဖြစ်လို့။ ကိုယ်က တစ်ပြန် ကျေးဇူးတွေ ပြန်တင်နေမိသေးတယ်။
ပွဲကလည်း မြန်လိုက်တာ၊ ၉ နာရီစတဲ့ ပွဲက ၁၀ နာရီမှာ ပြီးတယ်၊ စားတယ် သောက်တယ်၊ လိုအပ်သည်များ မှာစားကြပြန်တယ်၊ ကိုယ်တွေက တစ်ခါတည်း လေဆိပ်တန်းဆင်းရမယ် ဆိုပြီး ဟိုတယ်ကနေ အထုပ်တွေ ယူခဲ့ပြီ၊ လေယာဉ်အချိန်က ညနေ ၄ နာရီ၊ ကျန် ကြားထဲက နာရီတွေ အတွက် ငုတ်တုတ်မေ့ကြစို့။
ဒီလိုနဲ့ နေပြည်တော် လမ်းမကြီးတစ်လျှောက် ကားလျှောက်မောင်းကြတယ်၊ တနင်္လာနေ့ မို့လို့လား မသိဘူး၊ တစ်ခုသော ပန်းအ၀ိုင်းပတ်နေရာမှာ ကားနည်းနည်း ပိတ်နေတယ်၊ အံ့တွေကို သြလို့။ ရန်ကုန်အတိုင်းပါပဲလား။ ခဏနေတော့ ရှင်းသွားတယ်၊ ကားတစ်စီးက ကန့်လန့်ကြီး ပျက်နေလို့ပါတဲ့။ ကားသမားက ပြောတော့ ကိုယ်တွေမှာ အူတွေကို နာလို့ ရီလိုက်ရတာ ဖတ်ဖတ်မော။
သပြေကုန်းဈေးကို သွားတယ်၊ ကိတ်မုန့်နဲ့ မျှစ်ချဉ် နည်းနည်းပါးပါး ၀ယ်တယ်၊ နောက်တော့ YKKO ဆိုင်မှာ သွားထိုင်ကြတယ်၊ စားတယ် သောက်တယ်၊ ညောင်းအောင် ထိုင်တာတောင် တစ်နာရီထက် ပိုမထိုင်ချင်ဘူး၊ ဒါနဲ့ ဘယ်နေရာကို ထပ်သွားဖို့ရှိသေးလဲ ကားသမားကို ထပ်မေးတယ်။ လေဆိပ်ကိုသာ သွားနေတဲ့။ လေဆိပ်မှာ အဲကွန်းရှိတော့ အေးပြီး နေလို့ကောင်းတယ်တဲ့။ ဟုတ်မှာပဲ အလာတုန်းက ကိုယ်သိသွားခဲ့တာဆိုတော့ လေဆိပ်ဆီ ချီတက်ကြတယ်။
နေ့လယ် ၁၂ နာရီ ၀န်းကျင်လောက် လေဆိပ်ကို ရောက်တယ်၊ Departure ဂိတ်ကြီးက ကြီးကျယ်ခမ်းနားလိုက်တာ၊ လူကသာ မရှိတာ၊ လေဆိပ်တစ်ခုလုံးက ပြောင်လို့ တောက်လို့။ ရှင်းလို့ သန့်လို့။ မြန်မာ့လေကြောင်းလိုင်းကို သွားမေးတော့ ၂ နာရီမှ check in ကောင်တာ ဖွင့်မယ်တဲ့။ ဟုတ်ပြီလေ စောင့်ကြဦးစို့။
နေရာအနှံ့ ရဲတွေချည်းပဲ၊ ဒုသမ္မတ ခရီးစဉ်ရှိလို့တဲ့၊ ခဏနေရင် ရဲကြီးကြီး နှစ်ယောက်က ရဲငပိန်လေးတွေကို တန်းစီခိုင်းလိုက် သြ၀ါဒခြွေလိုက်၊ ခဏနေတော့ ကိုယ်တို့ဘေးနားက ထိုင်ခုံတွေပေါ် ရဲတွေ ရောက်လာပြီး ခါးကြားက ဖုန်းကိုယ်စီထုတ်ကာ ပွတ်နေကြတော့တယ်။
၁ နာရီဝန်းကျင်ရှိလာတော့ ထိုင်ရတာ ဖင်ပူလာတယ်၊ ရေလဲ သောက်ချင်တယ်၊ ကော်ဖီလေးများ သောက်ရရင် ဘယ်လောက် ကောင်းမလဲ၊ လေဆိပ်အကြီးကြီးထဲမှာ မေခလာ ကော်ဖီဆိုင်လေးကို သွားတွေ့တယ်၊ ကားအစုတ်လေးနဲ့ ဒက်ကရေးရှင်း ခင်းထားပြီး ကောင်မလေးတစ်ယောက် ထိုင်နေတယ်။
“ရေသန့်ရှိလား ညီမလေး။”
ကောင်မလေးက ရှိုးတိုးရှန့်တန့် ပုံလေးနဲ့ ကိုယ့်ကို မတ်တပ်ထရပ်ရင်း ပြုံးပြတယ်။ ကိုယ်လဲ ထပ်မေးတာပေါ့။
“ရှိတော့ ရှိတယ် အစ်မ” [တွန့်ဆုတ်ဆုတ်နဲ့ ဖြေပုံက]
“မအေးလို့လား ညီမလေး၊ မအေးလည်း ရတယ်”
“မဟုတ်ဘူး၊ ဈေးကြီးလို့”
“ဘယ်လောက်များတုန်းဟင်”
ကိုယ့်အသံလည်း နည်းနည်းတုန်သွားတယ်၊ နောက်တော့ ကိုယ့်စိတ်ကို ပြန်ဖြည်လိုက်တယ်၊ သဲကန္တာရထဲမှာ ဆိုပါစို့၊ ရေတစ်စက်လောက် သောက်စရာမရှိလို့ သေသွားမယ်ဆိုရင် သေနိုင်တာပဲ။ ငါ့မှာလည်း ၀ယ်ဖို့ ပိုက်ဆံ ရှိသေးတာပဲ။
“ပေးပါကွယ် အဲ့ဒီရေဘူးပဲ”
အပြင်မှာဆို တစ်ဘူးကို နှစ်ရာပေးရတယ်၊ တကယ်တော့ သူ့ရဲ့ အရင်းက တစ်ရာလောက်ပဲ ရှိတာပါ၊ ဘာလို့ဆိုတော့ ကိုယ့်အစ်ကို အသုဘတုန်းက ရေဘူးကမ်းတော့ သိနေတယ်၊ တစ်ဘူးမှ ၁၀၀ တောင် မပြည့်ဘူးရယ်။
တစ်ထောင့်နှစ်ရာကျပ် ပေးလိုက်ရတယ်၊ ရေကလည်း ချိုလိုက်တာ ဈေးကြီးလို့လား မသိဘူး။ ဘယ်တတ်နိုင်မလဲ၊ သူ့နေရာနဲ့သူပေါ့။
လေဆိပ်က တအားကြီးတယ်၊ တအားလည်း သပ်ရပ်တယ်၊ တအား သန့်ရှင်းတယ်၊ သန့်ရှင်းမှာပေါ့၊ သန့်ရှင်းရေး အလုပ်သမလေးတွေက ဘာမှမရှိတဲ့ နေရာတွေမှာတောင် အထပ်ထပ် ပွတ်တိုက်နေကြတယ်၊ ကောင်မလေး နှစ်ယောက်က လေဆိပ်တစ်ခုလုံးကို မတ်တပ်ရပ်တိုက်တဲ့ အ၀တ်နဲ့ ညီညီညာညာ လိုက်ပွတ်နေကြတယ်။
လေဆိပ်ဝင်းတစ်ခုလုံးကို အဲကွန်းတွေ အေးနေအောင် လွှတ်ထားတာရဲ့ ကုန်ကျစရိတ်ကို တွက်မိတယ်။ ဒါဟာ ဘယ်သူ့ဘဏ္ဍာတွေကိုများ သုံးနေတာလဲ။ လိုအပ်တဲ့ နေရာရော ဟုတ်ရဲ့လား။
၂း၃၀ နာရီ။ ကောင်တာမှာ check in ၀င်တယ်။ ပြီးတော့ X-ray ဖြတ်တယ်။ ကောင်လေးတစ်ယောက်၊ ကောင်မလေး နှစ်ယောက် ထိုင်နေတယ်၊ ကိုယ့်ရဲ့ တစ်ထောင့်နှစ်ရာတန် ရေသန့်ဘူးလေးကို ကိုင်ပြီး လွှင့်မပစ်ရက်ဘူး ဖြစ်နေတယ်။
လွှင့်ပစ်လိုက်ရမလားဟင်လို့ မေးတော့ ကောင်လေးက ခေါင်းကုတ်တယ်၊ ကောင်မလေး တစ်ယောက်က ယူသွား အစ်မတဲ့။ ပျော်လိုက်တာ ဆိုတာ။
ဂိတ်ပေါက်ဝ အားလုံးပေါင်း ၁၁ ခု ရှိတယ်၊ လေယာဉ်က တစ်စင်းပဲ ဆိုက်မှာကွယ်။ အဲ့တော့ ကိုယ်တွေကို ဂိတ် ၁၀ မှာ သွားစောင့်ခိုင်းတယ်။ ဂိတ်နံပါတ် ၁၀ က အောက်ကို စက်လှေခါးနဲ့ ဆင်းရတယ်၊ စက်လှေခါးကြီးက စီးမယ့်လူ မရှိလည်း သူ့တာဝန်ကို သူကျေအောင် အထက် အောက်လည်နေလေရဲ့။
နောက်ထပ် ၁ နာရီ ၄၅ မိနစ်တိတိ အဲ့ဒီလေဆိပ်မှာ ထိုင်စောင့်ပြီး သကာလ လေယာဉ်ရောက် လာတယ်၊ ရောက်လာတယ် ဆိုတာက လေယာဉ်ပေါ်မှာ ခရီးသည် ပါမလာလို့လေ။
ဒီလောက် သစ်လွင်တဲ့ မြန်မာ့လေကြောင်း လေယာဉ်ကို မစီးဖူးဘူး။ မဆိုးဘူး ဒါပေမဲ့ တိမ်ထူလို့လား မသိဘူး၊ လေယာဉ်က နည်းနည်းခါနေတယ်၊ အမြင့်ပေ ၂၀၀၀၀ ကျော်တော့ တော်တော်ငြိမ်သွားတယ်၊ အန္တရာယ်ကင်း အချက်ပေးသံ ပေါ်လာတော့ လေယာဉ်မယ်လေးက မုန့်နဲ့ ကော်ဖီလိုက်တိုက်တယ်။
ဘ၀မှာ သောက်ဖူးတဲ့ ကော်ဖီတွေထဲ ဒီကော်ဖီက အရသာရှိလိုက်တာ၊ တစ်ခွက်ထဲနဲ့ မ၀ဘူး။
တိမ်တွေက လှလိုက်တာ၊ ကိုယ်က တိမ်တွေ အပေါ်ကို ရောက်နေတယ်၊ တိမ်တွေကလည်း အောက်မှာ ငုတ်တုတ်လေးတွေ ထိုင်လို့၊ လှချက်။
ရန်ကုန်လေဆိပ် ဆိုက်ဆိုက်ချင်း လေယာဉ်ပေါ်က အဆင်းမှာပဲ အပူရှိန်အဟပ်ခံလိုက်ရတယ်။ အေးစိမ့်နေတဲ့ နေပြည်တော်လေဆိပ်ရဲ့ အအေးဓါတ်ကြောင့် ရန်ကုန်လေဆိပ်မှာ အပူရှပ်သွားတယ်။
အပူ အအေး မညီမျှမှုက ဘယ်လောက်ပြင်းသလဲဆို နေပြည်တော်ရွှေမြို့တော်ကြီးကနေ ရန်ကုန်မြို့တော်ကြီးဆီ ပြန်ရောက်ပြီး နာရီပိုင်းမကြာဘူး အဖျားတွေ တက်ပြီး ရှော့ရသွားတာ၊ အကြောဆေး ထိုးလိုက်ရတဲ့အပြင် နှစ်ရက်လောက် အိမ်မှာ အနားယူလိုက်ရတယ်။
ဘာဖြစ်လို့ ဖျားသွားတာလဲ လို့ မိသားစုက နားမလည်သလို မေးတော့ ကိုယ်လည်း နားမလည်ပေမဲ့ မကြုံစဖူးတွေ မမြင်စဖူးတွေ တွေ့ကြုံဆုံလိုက်ရလို့ လန့်ဖျား ဖျားသွားတယ် ထင်တယ်လို့ပဲ ပြောလိုက်တယ်။
နို့ ကိုယ့်မယ် မာမာချာချာကြီးက ဖျားယူလိုက်ရတာကိုး။
ပြည့်စုံ
3း16 pm< 1 April 2014>Unknownnoreply@blogger.com0tag:blogger.com,1999:blog-3975068002587320368.post-9314870114247743162013-10-21T03:24:00.000-07:002013-10-21T03:24:06.698-07:00နံနက်ခင်းစိတ်ကူးအတွေးများ
နံနက်ခင်းကို ပုံဖော်နိုင်သည့် တေးသံအများစုကြားမှာ သူမကို အိပ်ရာကနေ နိုးထဖို့ နှိုးဆော်သည့် အသံဟာ နှိုးစက်သံ ဖြစ်နေခြင်းကိုက သူမရဲ့ အသက်ဝင် ရှင်သန်မှုကို တနည်းတဖုံအားဖြင့် အသိပေးနေသလိုပင်။
နံနက်ခင်း ၆ နာရီဆို သူမအတွက် နွေးထွေးတဲ့အိပ်ရာကနေ ထွက်ခွာဖို့ အချက်ပေးသံ မြည်လာမည်။ ရေမိုးချိုး သနပ်ခါးလိမ်းပြီးသည်အထိ သူမရဲ့ စိတ်အစဉ်က အေးငြိမ်းနေတုန်းပင်။
မေတ္တာသုတ်တော်ကို ရွတ်ဆိုပွားများခြင်းဟာ ၃၁ ဘုံသား သတ္တ၀ါအများကို မေတ္တာပို့လိုခြင်းထက် မာန်မာနအစွဲကြီးလှတဲ့ ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် ငြိမ်းအေးအောင် တနည်းတဖုံအားဖြင့် အားကိုးအားထားပြုခြင်းပင် ဖြစ်သည်။
နံနက် ၇ နာရီဟာ သူမအတွက် အိမ်ကနေ စတင်ထွက်ခွာပြီး အလုပ်ခွင်ကို ဦးတည်သွားနေသည့် လမ်းကြောင်းပေါ် ရှေးရှူနေခဲ့ပြီ။
ကတ္တရာပါးပါး ခင်းထားသည့် လမ်းကလေးကနေ အုတ်နီခဲကျိုးများ မညီမညာ ခင်းကျင်းထားသည့် လမ်းကွေ့ချိုးလေး တခုဆီ ခြေလှမ်းတွေကို ဖဲ့ဆင်းလိုက်သည်။ ခြေလှမ်း ၂၀ နီးပါးသာ လှမ်းလျှောက်ရန် လိုအပ်သည့် ဒီလမ်းချိုးကွေ့လေးဟာ သူမအတွက်တော့ နှစ်သက်စရာပင်။
အုတ်နီခဲကျိုးများကြားမှာ ရှင်သန်ပေါက်ရောက်နေသည့် မြက်ပင် ခယိုးခယိုင်လေးများဆီက နူးညံ့စွတ်စိုမှု အထိအတွေ့ကို ခြေလှမ်းတိုင်းမှာ ခံစားရသည်။ အေးမြလတ်ဆတ်သည့် လေညင်းရဲ့ရနံ့က သူမရဲ့ မျက်နှာကို တိုးထိသွားပြီးသည့်နောက် အဲ့ဒီ လမ်းချိုးလေးအတိုင်း ဆက်လျှောက်လာခဲ့သည်။
ဆောင်းဦးနံနက်ခင်း အများစုဟာ အေးမြငြိမ်းချမ်းခြင်းနဲ့ စိမ်းလန်းစွတ်စိုမှုကို အပြည့်အ၀ ခံစားစေသည်ဆိုရင် ငြင်းစရာ မရှိလောက်အောင်ကို သူမက ထောက်ခံချင်သည်။
ညဥ့်ဦးပိုင်းဆီက ကျဆင်းထားသည့် မြူမှုန်များနှင့် နှင်းငွေ့များ၏ အေးမြမှုကို တညလုံး ငြိမ်စုပ်ထားကြသည့် သစ်ပင်များဆီမှ သန့်ရှင်းသည့် ရနံ့ကို သူမ သတိထားမိသည်။
လမ်းတောက်လျှောက် အိမ်များဆီမှ မနက်ခင်းတိုင်း ကြားရတတ်သည့် ပရိတ်တရားသံ၊ မေတ္တာပို့ အမျှပေးဝေသံနှင့်အတူ ဖန်ခွက်တချို့ ခလုတ်တိုက်သံများကို နားစွင့်နေရင်း ခဏနေရင်တော့ သူမရဲ့ နောက်နားဆီကနေ သတင်းစာပို့သမားကြီး၏ စက်ဘီးဘဲလ်သံကို ကြားလိုက်ရသည်။
ဒီလမ်းလေးကို လွန်သွားပြီးရင် နောက်ထပ် ကတ္တရာ မရှိတော့သလောက် ပါးရှားသွားသည့် လူအများ ဖြတ်သန်းသွားရာ ရပ်ကွက် အလယ်ခေါင်တည့်တည့် လမ်းမကြီးပေါ် သူမ ရောက်တော့မည်။
သူမရဲ့ အိမ်ကနေ ဘတ်စ်ကားမှတ်တိုင်ကို ရောက်ဖို့ဆိုရင် အချိန် ၁၅ မိနစ်စာ လမ်းလျှောက်ဖို့ လိုအပ်သည်။ သူမအတွက်ကတော့ ဒီလမ်းတွေဟာ အမြဲ ရင်းရင်းနှီးနှီး ရှိနေကျပင်။
လမ်းမကြီးတလျှောက် ရပ်ကွက်ဟိုဘက်ထိပ်ဆီက မနက်ခင်းဈေးလေးသို့ ဦးတည်သွားနေကြသည့် အိမ်ရှင်မ အများစုကို တွေ့ရပြီး သူတို့နှင့် ဦးတည်ဘက်ချင်း မတူသည့် ဘတ်စ်ကားမှတ်တိုင်ဆီကို လှမ်းလျှောက်သွားနေသည့် လုပ်ငန်းခွင် ၀င်မည့် သူ အများစု၏ ဒီဇိုင်းအစုံစုံကိုလည်း အမြဲတစေ ပုံမှန်တွေ့ရသည်။
အတွေးနဲ့တင် ကြည်နူးနေသည့် နံနက်ခင်း အာရုံဝင်စားမှုများကို လက်စသတ်လိုက်ပြီး ခြေလှမ်းကို အရှိန်စမြှင့်လိုက်သည်။ လမ်းသွယ်လေးဆီကနေ လမ်းမကြီးဆီ ခြေလှမ်းကို စတင်လိုက်သည်နှင့် ဥဒဟို သွားလာနေသည့် ကားမျိုးစုံ၏ အိပ်ဇောပိုက်တွေဆီက ထွက်လာသည့် မီးခိုးနံ့များနှင့်အတူ ရှင်သန်လိုမှု ဇောအဟုန်၏ ရိုက်ခတ်မှုကို ခံစားရတော့မည်။
ခရီးသည်တင် ဘီအမ်ကားတစင်း အဝေးဆီကနေ ဒုန်းစိုင်း မောင်းလာသည်ကို မြင်လိုက်ရပြီး အဲ့ဒီ ဘီအမ်ကား မှတ်တိုင်ကို မ၀င်မှီကတင် ကားပေါ်ကနေ စပယ်ယာတယောက် လေထဲကနေ ၀ဲပျံလာပြီး ကားအောက်ကို ခုန်ချလိုက်သည်။
" လိုက်မလား လိုက်မလား ဆူးလေကို ဆူးလေကို ... သွက်သွက်လေးတက် သွက်သွက်လေးတက်နော် အလည်ကို တိုး.. နောက်ကားပါတယ် ဆရာရေ မောင်း....."
ကားပေါ်ကို လှမ်းတက်လိုက်သည့် ခြေလှမ်းများ အထိုင်မကျခင်မှာတင် တုန့်ခနဲ အရှိန်မြှင့် မောင်းထွက်လိုက်သည့် ကားပေါ် အားကိုးတကြီး ကိုင်တွယ်စရာ ထိုင်ခုံနောက်မှီတန်းကို လှမ်းဆွဲလိုက်ပြီးသည့်နောက်တွင်တော့ ဆောင်းဦးနံနက်ခင်း အတွေးများ ကတ္တရာလမ်းမကြီးပေါ် ကစဥ့်ကလျား ခုန်ပေါက် ကျန်ရစ်ခဲ့လေတော့သည်..။
ပြည့်စုံ
၎း၄၆ pm, ၂၁-၁၀-၂၀၁၃Unknownnoreply@blogger.com0tag:blogger.com,1999:blog-3975068002587320368.post-32083093021584212572013-08-06T07:45:00.001-07:002013-08-06T07:45:42.994-07:00ကာရန်မညီ ညများဆီသို့....ညရဲ့ကာရန်တွေက နရီစည်းချက် မကိုက်ညီလှ.. ဟိုဘက်ဒီဘက် လူးလိမ့်နေပေမဲ့ အိပ်ပျော်မယ့်အချိန်ဆီ မရောက်နိုင်သေး..
အိပ်ကိုအိပ်သင့်နေပြီလို့ ဦးနှောက်က ခိုင်းစေနေပေမဲ့ မျက်လုံးတွေက အာခံနေတုန်း. အတွေးတွေ ပြန့်ကြဲနေခဲ့ပြီး လရောင်ပင်မသာတဲ့ ညရဲ့အလယ်မှာ ကြယ်ရောင်နဲ့လည်း ဝေးနေဆဲ…
မျက်စိကို အတင်းမှိတ်ပြီး ဂဏန်းတွေကို ၁ ကနေ စရေနေမိတယ်.. ဒီအချိန်ကိုမှ အိပ်ပျော်သွားစေဖို့ မကြိုးစားနိုင်ခဲ့ရင် ဘယ်အရာကိုမှ ကျမ အောင်နိုင်တော့မှာ မဟုတ်ဘူး.. အိပ်ကိုအိပ်ရမယ်.. အိပ်ပျော်နိုင်အောင် ကြိုးစားရမယ်.. ဒီလိုသေးသေးဖွဲဖွဲမှာကို ကိုယ့်စိတ်ကို ကိုယ် နိုင်အောင် မထိန်းနိုင်ခဲ့ရင် ကျမ ဘယ်လိုအရာကိုမှ ထိန်းချုပ်နိုင်တော့မှာမဟုတ်ပါ..
ဥပမာ ကျမရဲ့ တယူသန်စိတ်တွေကိုရောပေါ့…
တယူသန်ဆန်လှတဲ့ မိန်းခလေးဟာ ဘောင်ကျဉ်းကျဉ်းလေးထဲမှာတင် နေသားကျအောင် ကြိုးစားနေဆဲ.. အရွဲ့တိုက်တတ်တဲ့.. မာနကြီးတယ်လို့ အထင်ခံချင်နေတဲ့.. နားလည်ရခက်ခဲတယ်လို့ အယူဆခံချင်နေတဲ့ မိန်းခလေးဟာ တကယ်တော့ ကိုယ့်စိတ်ကိုတောင် ကိုယ်နာကျင်အောင် မလုပ်ရက်ခဲ့…
နာကျင်မှာကို ကြောက်နေတဲ့ မိန်းခလေးက ထပ်တိုးလာမယ့် သံယောဇဉ်တွေရဲ့ သုခထက် ထပ်ပိုးလာမယ့် ဘေးထွက်ဒဏ်ရာတွေကို ကြောက်တတ်နေခဲ့ပြီ.. ဒီလိုနဲ့ပဲ သံယောဇဉ်တရားတွေရဲ့ ကမ်းလင့်နေတဲ့ လက်တွေကို တမင် လွှတ်ချခဲ့တာ မဟုတ်ဘဲနဲ့ကို ကိုယ်ကိုယ်တိုင်ကိုက ရည်ရွယ်ချက်ရှိရှိ လွတ်ကျချင်ခဲ့တာ… ဒီလိုနဲ့ပဲ လေဟာနယ်ထဲ လွင့်မျော လွတ်ထွက် လွင့် လွင့် လွင့် လွှင့်နေခဲ့…..
သံယောဇဉ်တွေရဲ့ ချည်နှောင်မှုတွေကို အခုအချိန်မှာ မလိုချင်ခဲ့တော့ပဲ ကိုယ့်ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက်လောက် ဘေးနားမှာရှိနေရုံနဲ့တင် စိတ်ကျေနပ်နေခဲ့ပြီ.. ကမ်းလင့်နေတဲ့လက်တွေရဲ့ အစုံကို မျက်စိစုံမှိတ် တစ်ဖက်ကို ကျောခိုင်းလှည့်ခဲ့ပြီ..
နောက်ကျောခိုင်းဆီက နားမလည်နိုင်မှုတွေအတွက် ဒီမှာဘက်မှာတော့ မျက်ရည်ဝဲ အံတွေခဲ.. နောက်ပြန်မလှည့်နဲ့ ဆက်သွား… လှည့်ကြည့်လိုက်ရင် နားမလည်နိုင်တဲ့ မျက်ဝန်းအစုံတွေနဲ့ ကြင်နာတတ်တဲ့ ကမ်းလင့်နေတဲ့ လက်တွေကို တွေ့ရင် စိတ်တွေ ပြောင်းပြန်ဖြစ်ကုန်တော့မယ်…
‘ခင်ဗျား စိတ်တွေကို နည်းနည်းလေး လျှော့လိုက်… တခါတလေ စကားတွေ အများကြီး ပြောဖို့မလိုဘူး.. ပြုံးပြလိုက်ရင်တောင် အခြေအနေတွေ ပြောင်းလဲကုန်မယ်မှန်း သိနေရက်နဲ့ ခေါင်းကလဲ မာလိုက်တာ…’
အဲ့ဒီလောက် လွယ်လင့်တကူပြောင်းလဲလို့ရမယ်ဆိုရင် အခြေအနေတွေ အကုန် ပြောင်းပြန်ဖြစ်ကုန်မှာပေါ့..
အရာရာ ခွင့်လွှတ်သည်းခံတတ်တယ်လို့ အထင်အမြင်ကို ရစေချင်မိတုန်းက ပြဿနာတွေ .. အခက်အခဲတွေ .. အရှုပ်အထွေးတွေ .. ဒါတွေ ဒါတွေ အားလုံး နားလည်သူကြီးလို.. စေ့စပ်ညှိနှိုင်းပေးသူကြီးလို ကိုယ့်ကိုယ်ကို အထင်ရောက်စေခဲ့တယ်.. နောက်တော့ ကိုယ်မောပန်းလာခဲ့ပြီ.. ကိုယ့်မှာရှိတဲ့ အားအင်တွေ စိတ်ခွန်အားတွေ .. ဒါတွေ ဒါတွေ အကုန်ပျောက်ဆုံး .. နောက်ဆုံးတော့ ကိုယ့်မှာ ပြုံးပြစရာ ခွန်အားတောင် မကျန်ရစ်ခဲ့….
တကယ်တော့ ကိုယ့်ကိုယ်ကို မာန်စွဲနေတဲ့ နားလည်မှုအလွဲတွေထဲ စိတ်မောပန်းလာခဲ့တာ များလှပါပြီ..
အိပ်ပျော်အောင် ကြိုးစားမှ…….
ပြည့်စုံ
1း15 am, 5-8-2013
Unknownnoreply@blogger.com0tag:blogger.com,1999:blog-3975068002587320368.post-41690597419329873812013-07-17T07:55:00.000-07:002013-07-17T07:57:19.123-07:00ကမ်းခြေမှာ အပန်းဖြေစရာ .. စိတ်အချဉ်ပြေခဲ့.....
သဲသောင်ပြင်လွလွပေါ် ကျောခင်းချလိုက်တော့ မိုးကောင်းကင်ယံပေါ်မှာ တိမ်စိုင်မျှင်တွေ လွင့်မျောနေတယ်... မိုးတိမ်တွေဆီက တဆင့် မိုးစက်မိုးမှုန်လေးတွေ မျက်နှာပြင်ပေါ် ကျဆင်းလာတော့ သာယာ ကြည်နူးစိတ်နဲ့ ကိုယ်တို့တွေ ရီမောမိခဲ့ကြ...
ဒီခရီး ဒီလမ်းဟာ စတင်ခဲ့ကတည်းက အဖျက် အမှောင့် အနှောင့်အယှက်များစွာကြားထဲက တမင် စီစဉ်ခဲ့ရတာမျိုး..
သုံးယောက်ပေါင်း လောင်းကျော် တဲ့... သရော်တော်တော် စကားပုံတခုကြားတော့ ကိုယ်တို့ ပြုံးမိသားပင်..
ဘန်ဂလိုသေးသေးလေးထဲ ကိုယ်တို့တွေ လွတ်လွတ်လပ်လပ် နေလို့ရ.. စားလို့ရ.. သောက်လို့ရ.. ပျော်လို့ရ... ကဲ ဘာလိုသေးလဲ...
မနက်မိုးလင်းရင် ပင်လယ်ထဲ လက်ပစ်ဆင်းကူး.. နေ့လယ်ခင်း ထမင်းစားတော့ ဂဏန်းဟင်းကို လက်နှစ်ဖက်နဲ့ ပယ်ပယ်နယ်နယ် ကိုက်ဖဲ့စားသောက်.. နေ့လယ်ခင်း ရွာထဲလမ်းလျှောက်... သောက်ဖို့ ရိက္ခာလိုက်ရှာ.. ညနေခင်း ပင်လယ်လှိုင်းတွေကြား မြူးတူးပျော်ပါး...
ဟိုးအဝေးကြီးကနေ လှိုင်းတွေအော်မြည်ပြေးလာတော့ ရွှင်မြူးတဲ့စိတ်နဲ့ လှိုင်းလုံးရိုက်ခတ်မယ့် လမ်းကြောင်းပေါ် ဘောကွင်းပိုက်ပြီး အလျားလိုက် ကူးခတ်...
လှိုင်းလုံးက ကိုယ်ပေါ်ကို ကျော်သွားတဲ့အခါ မျက်လုံးတွေ.. နားတွေ.. ပါးစပ်တွေထဲ ပင်လယ်ဆားငန်ရေတွေ ၀င်ရောက်ပြီး ငန်ကျိကျိဖြစ်လာတဲ့ သွားရည်တွေကို စု ... စိတ်ပေါက်ပေါက်နဲ့ အာခေါင်ခြစ်ပြီး ထွေးထုတ်လိုက်တယ်..
လှိုင်းလုံးတွေကြား ကိုယ်တို့တွေ ပင်လယ်ပျော်လင်းပိုင်တွေလို ရေသန့်ဘူးထဲ ထည့်ထားတဲ့ အချိုရည်တွေကို ခုံခုံမင်မင် သောက်သုံးပြီး အလျားလိုက် ကူးခတ်ပျော်မြူးလိုက်ကြ...
ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုခဲ့.. ဘယ်သူ့မှ စောင့်ကြည့်မနေတဲ့ ပင်လယ်ထဲ.. ဘယ်သူ့ကိုမှ အပြစ်တင်စရာ.. ဘယ်သူကမှ အပြစ်မြင်စရာ မရှိတဲ့ လှိုင်းလုံးတွေကြားမှာ... သဲသောင်ပြင်ပေါ်မှာ ကိုယ်တို့တွေ စိတ်ကြိုက်ပျော်ရွှင်လို့ ရခဲ့တယ်....
ညနက်လေ အရှိန်တက်လာတဲ့ ဥာဏ်ကွန့်မြူးမှုတွေကြားထဲ ဘ၀ရဲ့ အတွင်းပိုင်းနက်နက်ထဲက အတွေးအခေါ်တွေ ပေါ်ပေါက်လာတယ်..
ဘာတဲ့.. "အချစ်ဆိုတာ ချစ်လို့ကို ချစ်တာတဲ့".. လေးနက်တဲ့ အဘိဓမ္မာတွေ ထွက်လာတဲ့အခါလဲ ရှိခဲ့...
"မဟုတ်ဘူး၊ အဲ့တာ ရူးတာ.. လူတိုင်းဟာ အချိန်တခု ရောက်တဲ့အခါ ရူးသွပ်တတ်ကြတာမျိုးဟ" စတဲ့.. ဘာမှန်းမသိတဲ့ ဒိုင်ကြောင်တွေ ထွက်လာ..
နောက်တော့ တယောက်ကို တယောက် အပြန်အလှန် ထိန်းကျောင်းရင်း အိပ်ရာထဲ ခေါင်းထိုးဝင်ပြီး အိပ်လိုက်ကြ...
မနက်မိုးလင်းတော့ မနေ့က အရှိန်နဲ့ လူတကိုယ်လုံး ကိုက်ခဲ နာကျင်.. ဒါပေမဲ့ လှိုင်းလုံးတွေကြားထဲ ပြန်ရောက်သွားပြန်တော့လဲ အကြောအချင်တွေ ပြေပျော့သွားတာ အမှန်ပင်..
ပင်လယ်ဟာ စိတ်အညစ်အကြေးတွေကို သန့်စင်သွားအောင်အထိ မဟုတ်ပေမဲ့ အတန်အသင့်တော့ ဆေးကြောပေးနိုင်တယ်ဆိုတာ အင်မတန် မှန်ကန်တယ်..
စိတ်ပေါ့ပါးတယ်.. လွတ်လပ်ရွှင်ပျတဲ့ အတွေးအခေါ်မျိုး.. ဘ၀ကို ခင်တွယ်တဲ့ ခုံမင်မြတ်နိုးစိတ်တွေလဲ ပြန်ပေါ်လာတယ်...
လက်ရှိဘ၀ထဲက ကိုယ် ခေတ္တ ထွက်ပြေးလွတ်မြောက်ချင်တဲ့အခါ ကိုယ့်လက်ကို အတူတူဆွဲပြီး ကိုယ်နဲ့အတူ သွားချင်ရာကို သွားဖို့ အသင့်လိုက်ပါနိုင်တဲ့ သူငယ်ချင်းတွေရယ်..
ရိုးသားမှုနဲ့ ယုံကြည်မှုရယ်သာ ရှိနေရင် ဘာလိုသေးလဲနော်...
ကျေးဇူးတင်ပါတယ် ပင်လယ်ကြီးနဲ့ လှိုင်းလုံးကြီးတွေရယ်..
ပြည့်စုံ
(9း02 pm, 17-7-2013)
2-7-2013 to 5-7-2013, ချောင်းသာကမ်းခြေ အပန်းဖြေခရီးစဉ်Unknownnoreply@blogger.com1tag:blogger.com,1999:blog-3975068002587320368.post-87964943062966194602013-05-10T01:29:00.000-07:002013-05-10T01:29:02.078-07:00ဆယ်နေကဲနေရောင်ဟာ ပူလောင် အက်ကွဲ
ကျီကျီတောက် ..
နေရောင်ဟာ အခိုးအငွေ့တွေကြားထဲ
အပူတွေရှပ် ..
နေရောင်ဟာ ကတ္တရာစေးတွေ ပျော်နေတဲ့ လမ်းပေါ်
မှောက်လျားထိုးပြီး အိပ်..
နွေခေါင်ခေါင်ကြီးပါတဲ့
နေရောင်ဟာ နဖူးက ချွေးတစကို လက်ကိုင်ပ၀ါနဲ့ထသုတ်တယ်..
နေရောင်ဟာ အိုက်စက်လို့
ပြောရင်းနဲ့တောင် ယပ်တောင်ကို တဖျတ်ဖျတ် ခတ်ပြနေတယ်..
ကံဆိုးသူမတွေ စုထားတာတောင်
ရွာပြစရာ မိုးတစ မရှိဘူး..
နေရောင်ကြောင့် ချွေးအဖြစ် အငွေ့ပျံပျောက်သွားတယ်တဲ့..
ဒီလိုနဲ့ပဲ
စကားပုံတွေဟာ လမ်းတွေပေါ် ကဆုန်ပေါက် ပြေးလွှား
နေရောင်ကို ရှောင်ရင်း အော်ဟစ် ပြေးကစားနေရတယ် ..
ပြည့်စုံ (၅း၀၃ pm၊ ၅-၆-၂၀၁၃)Unknownnoreply@blogger.com1tag:blogger.com,1999:blog-3975068002587320368.post-40410911313664841632013-05-06T02:53:00.001-07:002013-05-10T01:29:27.244-07:00မသိခြင်းများစွာ
ငယ်ရွယ်စဉ် ကလေးဘဝကတော့ မသိဘူး ဟု ပြောသည့်စကားများသည် အလွန်ရိုးသားပြီး ချစ်စရာကောင်းသော အမူအကျင့်များ ဖြစ်ခဲ့သည်။ ကြီးရင့်လာသော အခု အသက်အရွယ်တွင်တော့ မသိဘူး ဟု ပြောလိုက်သည့် စကားတစ်ခွန်းသည် ကိုယ့်ရဲ့လက်ရှိဖြစ်တည်နေမှုတွေကို မသုံးသပ် မဆင်ခြင်တော့ဘဲ စိတ်ထဲရှိသလောက် အထင်အမြင်အသေးခံလိုက်ရခြင်း ဖြစ်သည်..
မသိဘူး ဆိုသည့် စကားတခွန်းနှင့် မဆုံစည်းချင်ခဲ့သောကြောင့် လက်တွေ့ဘဝနှင့် မအပ်စပ်သော တချို့အဖြစ်အပျက်တွေကို ဇွတ်အတင်း နားလည်ချင်ယောင်ဆောင်ရတော့သည်။ သို့အားဖြင့် ကျမတို့တွေသည် ဟန်ဆောင် ကောင်းသော သူများ ဖြစ်လာကြလေသည်..
အဲ့ဒီခံစားချက်ဟာ ဘာနှင့်တူသလဲဆိုရင်တော့ လက်သီးဆုပ်ထဲမှာ ရှိမနေသည့် အရာကို အခြားသူများ ယုံကြည်အောင် ကြွားဝါပြရသော ကလေးတယောက်နှင့်သာ အလားသဏ္ဍာန်တူသည်..
ရုပ်ရှင်ကားကောင်းကောင်း တကား ကြည့်ခဲ့ရသော ကျမအတွက် ဝမ်းသာအားရ တခြားသူကို မျှဝေလိုက်တဲ့အခါမှာ သူပြန်ပြောလိုက်သော အော်စကာဆုဝင် ဇာတ်ကားများစွာကို မသိခဲ့သဖြင့် ကိုယ့်ခံစားချက်တွေ ဖီလင်အောက်ခဲ့ရသည့် အကြိမ်ရေ များစွာ ကြုံခဲ့ရသည်.. ဝမ်းနည်းဖွယ်ရာပင်..
အခု အသက်အရွယ်အထိ ကျမ ဖတ်ခဲ့ဖူးသော စာအုပ်များစွာထဲမှာမှ သူတို့ပြောသော စာအုပ်များ၏ ခေါင်းစဉ်ကို မဖတ်မိသော ကျမအဖို့ အရာရာဟာ ခေတ်နောက်ကျကျန်ခဲ့ပြီ..
ဘယ်လိုခံစားချက်မျိုးလဲလို့ မေးမှာပင်..
ပြောပြဖို့ ခံစားချက် မရှိတော့သော သူအဖို့ သူတို့ဖတ်ဖူးသော သူတို့ ကြည့်ဖူးသော အရာများစွာကို အရူးသဖွယ် လိုက်လံကြည့်ရှုခဲ့သော ကျမအတွက် အရာရာဟာ လိုက်မမှီနိုင်တော့..
အယ် ဒါလေးတောင် မလုပ်တတ်ဘူးလား.. ဟင်းဟင်း .. လှောင်ရီသံအောက်တွင် ကော်ဖီဖျော်စက်ထဲက ကော်ဖီကို ကော်ဖီခွက်ငယ်ထဲ ဘယ်လိုထည့်ရမလဲ မသိ ခေါင်းရှုပ်နေသော ကျမအတွက် အားကိုးဖွယ်ရာပင်.. သောက်ခဲ့သော ကော်ဖီရဲ့ အရသာ ခါးခါးအောက်မှာ ကျမ ခံစားချက်တွေလဲ ခါးသွားခဲ့ဖူးသည်..
မှန်တံခါးတချပ်ကို ဆွဲရမလား တွန်းရမလား မကြာခဏ ဝေခွဲ မရတတ်သော ကျမရဲ့ ရင်ခုန်သံတွင် မရိုးသားမှု အများအပြား ပါဝင်ကြောင်း ဝန်ခံပါသည်.. ဘဝရဲ့ လိုအပ်ချက်များစွာထဲမှာ မှန်တံခါး တချပ်ဟာ ဆွဲရမလား တွန်းရမလား မသိခြင်းသည်လည်း အကြီးမားဆုံး လိုအပ်မှုတခုဖြစ်ကြောင်း တချို့သူတွေကြောင့် သိခဲ့ရတော့သည်..
တသမတ်တည်း စီးဆင်းနေခြင်းမရှိသော ဘဝရဲ့ အခွင့်အရေးတချို့ တို့သည်လည်း အဆိုပါ တံခါးချပ်တွေလိုပင် တွန်းဖွင့်ဝင်ရမလား ဆွဲဖွင့်ယူရမလား ဝေဖန်ပိုင်းခြားနေရတာနှင့်တင် ..
ပင်ပန်းလှသည်…
ပြည့်စုံ
၎း၁၄ pm၊ ၅-၆-၂၀၁၃ (တနင်္လာနေ့)
Unknownnoreply@blogger.com1tag:blogger.com,1999:blog-3975068002587320368.post-28981875106616060362012-12-14T23:50:00.000-08:002012-12-14T23:50:09.804-08:00အထူးကားဆောင်းတွင်းချမ်းချမ်းကြီးထဲ
အထူးကားကျပ်ကျပ်ကြီးပေါ်
ပူးပူးကပ်ကပ် ရပ်နေကြရ
လက်ဖျံရိုးချင်း ချွေးထုတ်ရတာမျိုး မကဘူး
ထိုင်ခုံပေါ်လဲ ငုတ်တုတ်
ကျပ်ထုပ်ထားသလို ထိုင်နေရတယ်
နေ၀င်ချိန်တိုင်းသာ အိမ်ပြန်ချိန်ဆို
ရင်ဘတ်တိုင်းရဲ့ အမောဟာ
အိမ်ပြန်ချင်တဲ့ ဇောတွေ ကပ်နေကြတယ်
ပုရွတ်ဆိတ်အုံထဲ ထန်းလျက်တခဲ ပစ်ချကြည့်မိတယ် ဆိုပါစို့
မှတ်တိုင်တတိုင်မှာ ရပ်လိုက်တဲ့ကားပေါ်
ပြုံတက်သွားတဲ့ လူတွေဆိုတာ
ခွေးမကြီးနို့ကို ခွေးကလေးတွေ ပြုံစို့ကြသလို
အားလုံးဟာ တို့လို့တွဲလောင်း...
၃၁ ဘုံ
လောကီကို စိတ်ကုန်နေတဲ့
မောင်းနေတဲ့ ကားသမားက အော်တယ်
မြန်မြန်တက် မြန်မြန်ဆင်း
ရှေ့မှာ ကားတစင်းရှိသေးတယ် တဲ့
ဇောတွေနဲ့ အမောတွေရယ် ပေါင်း
ဟော့ဒီ ခေါင်းထဲမှာတော့
အိမ်ပြန်ချင်တဲ့ အတွေးနဲ့
ကားကျပ်ကျပ်ကိုပဲ အတင်းတိုးဝှေ့ဆင်း
အိမ်ပြန်ရင် မီးလင်းနေရင် ကောင်းမယ်..
လမ်းဆုံးတိုင်း ခရီးဆုံးမရောက်သေးတော့ ခက်တယ်...
ပြည့်စုံ
(၂း၀၈ pm၊ ၁၅-၁၂-၂၀၁၂)Unknownnoreply@blogger.com1tag:blogger.com,1999:blog-3975068002587320368.post-13673517822393380202012-10-02T00:46:00.001-07:002012-10-02T00:46:49.232-07:00ဆုံမိတဲ့ တနေ့ယောက်ျားတယောက် ကိုယ့်ရှေ့မှာ အော်ဟစ် ငိုနေတာကို ကျမ မမြင်ဖူးခဲ့.. သူ့မျက်ရည်တွေနဲ့ သူ့မျက်နှာကို မမြင်ရပေမဲ့ သူစိတ်ထိခိုက်နေတာ ဒေါသဖြစ်နေတာကတော့ အသေအချာပင်... စိတ်ဆိုးနေတဲ့ ကလေးငယ်တွေ အော်ငိုတဲ့ အခါ လုပ်သလိုပဲ.. ကျမကို ကျောခိုင်းထားရင်း သူအော်ဟစ်နေခဲ့တယ်.. လက်တွေကို လေထဲမှာ ဝှေ့ယမ်းပြီး ကပေါက်တိကပေါက်ချာ သူ အော်ဟစ်နေခဲ့တယ်.. ခနနေတော့ ၀ရံတာမှာ လက်နှစ်ဖက်ကို ထောက်ထားပြီး သူ ငြိမ်သက်သွားခဲ့တယ်.. ကျမကတော့ သူ့ရဲ့ အနောက်နားကျကျက ဆိုဖာပေါ်မှာ ထိုင်နေရင်း သူ့ကို ငြိမ်ငြိမ်သက်သက် ထိုင်ကြည့်နေခဲ့တယ်..
သူတို့ ဟိုတယ်အခန်းထဲမှာ ကြဲပြန့်နေတဲ့ ဘီယာဘူးခွံတွေနဲ့ စားလက်စ အာလူးကြော် အိတ်တွေ ပြီးတော့ လဲနေတဲ့ အရက်ပုလင်း လေးထောင့်တလုံး ဆိုဒါပုလင်းခွံတချို့.. ဖန်ခွက်တွေက မှောက်တဲ့ခွက်နဲ့ ကွဲတဲ့ ခွက် တချို့.. အဲ့ဒီအခန်းထဲမှာတော့ ကိုချိုရယ် ကျမရယ် သူရယ် သုံးယောက်သာ ရှိနေတယ်..
တကယ်တော့ ကျမက ဒီအခန်းထဲမှာ ရှိနေရမှာ မဟုတ်တဲ့အပြင်.. သူနဲ့လဲ နာမည်ကြီးသူချင်းမို့သာ သိနေခဲ့ပြီး စကားတခွန်းတောင် ဟက်ဟက်ပက်ပက် မပြောခဲ့ဖူးခဲ့.. ကိုချို ကျမကို လာခေါ်တဲ့ အချိန်မှာ ကျမက ဟိုတယ်ခန်းထဲမှာ အနားယူနေချိန်ပင်.. တံခါးကို ခပ်ပြင်းပြင်းခေါက်တော့ အတူတည်းနေတဲ့ အမကတောင် ဘယ်သူမှန်း မသိ တံခါးကို ဖွင့်မပေးချင်..
အလန့်တကြားပင် ကိုချိုက ကျမကို ခဏလောက် အပြင်လိုက်ခဲ့ဖို့ခေါ်တယ်.. နင် တားမှဖြစ်မယ်တဲ့.. ဘာဖြစ်ကြလို့လဲဆိုတော့.. ရန်ဖြစ်နေကြတယ်ဟ ဟိုဘက်က တအုပ်တမကြီး.. သူတယောက်တည်းမို့ တဲ့..
ကိုယ်ပေါ်မှာ ညအိပ်ရုံ ခပ်ပွပွ ၀တ်ထားတဲ့ တီရှပ်ပွပွအပေါ်က အနွေးထည်အင်္ကျီကို ထပ်ဝတ်လိုက်ပြီး အခန်းဖော် အမကို ခဏ အပြင်လိုက်သွားလိုက်ဦးမယ် လို့ ပြောခဲ့ပြီး.. လှေကားထစ်တွေကို နင်းဖြတ်ကာ ကိုချိုတို့ အခန်းဘက်ကို လိုက်လာခဲ့မိတယ်.. ကိုချိုရဲ့ သူ ဆိုတာ ဘယ်သူ့ကို ပြောမှန်း ကျမက သိခဲ့သားပင်.. ဒီလို ပြဿနာတွေ ဖြစ်လာနိုင်မှန်းလဲ သိနေခဲ့တယ်.. သူတယောက်တည်း ဆိုတဲ့ အသိနဲ့ ကျမ ဘာကိုမှ ရှည်ရှည်ဝေးဝေး မစဉ်းစားနိုင်တော့..
တကယ်တော့ ကျမတို့ ဒီမြို့လေးကို ရောက်လာခဲ့တဲ့ တခုတည်းသော အကြောင်းက မတူညီတဲ့ အကြောင်းပြချက်တွေနဲ့ အဖွဲ့အစည်းတွေကြားထဲ တူညီမှု တခု ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရောက်ခဲ့တာပင်.. အစည်းအဝေး တက်ရောက်သူ စာရင်းမှာ သူ့နာမည်ကို မြင်တော့ ကျမ နည်းနည်း မျက်ခုံးတွန့်သွားမိတယ်.. ဒီကို သူရောက်လာခဲ့ပြီတဲ့လား..
သူ့မှာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ မျှော်လင့်မှုတွေ ပါလာနိုင်မလဲ.. သေချာတာတော့ မတူတာတွေ ခွဲလုပ်ပြီး တူတာတွေ တွဲလုပ်ဖို့ ဆိုတာ .. ခပ်ဝေးဝေးမှာပဲ ရှိသေးတယ်.. အားလုံး မာန်မာနတွေ မလျှော့နိုင်သေးသမျှပေါ့လေ.. ကျမတို့ကတော့ ဖိတ်ကြားခံရသူ သပ်သပ်သာမို့ သူ လာတဲ့အပေါ် ကြိုဆိုခဲ့သလို.. သူ့သတင်း တချို့တလေအတွက်လဲ သူနဲ့ တွေ့ချင်တယ်..
ပထမရက် စတော့ သူက အပေါ်ထပ်က ရှေ့ဆုံးခုံမှာ ထိုင်ပြီး သူ့စာတမ်းအတွက် အလုပ်ရှုပ်နေချိန် ကျမက အောက်ဘက်နားက ရီဆက်ရှင်းမှာ အလုပ်ရှုပ်နေချိန်.. မတော်တဆ မဟုတ်တဲ့ မျက်လုံးချင်း ဆုံခဲ့မိတာပဲ ရှိခဲ့တယ်.. ဒါပေမဲ့ ကျမကတော့ ယုံကြည်တယ် မပြန်ခင်ရက်ပိုင်းမှာတော့ သူနဲ့ ထိတွေ့မှုတခုတော့ ရှိကိုရှိရမယ်လို့လေ.. အခုတော့ တိုက်တိုက်ဆိုင်ဆိုင်..
ကိုချိုရဲ့ ခြေလှမ်းကျဲကျဲနောက်မှာ အမှီလိုက်ရင်း ဘယ်လိုဖြစ်ကြတာတဲ့လဲ လို့ မေးမြန်းလိုက်တယ်..
ပထမတော့ ငါတို့ အစည်းအဝေးအပြီး အေးအေးဆေးဆေး အခန်းထဲမှာ ဘီယာသောက်နေကြတာပဲ.. သူတို့က အရင် ဘလိုင်းကြီး အရက်ပုလင်းတွေ ကိုင်ပြီး အခန်းထဲ ၀င်လာတာဟ.. သိတဲ့အတိုင်း ငါတို့က သိုးမည်းတွေလို ဖြစ်နေတာပဲ.. သီးသီးသန့်သန့် နေပါတယ်ဟာ.. ဒါပေမဲ့ သူတို့က အရက်အတူသောက်ချင်တယ်ဆိုတော့လဲ ငါပဲ အခန်းထဲမှာ သောက်လို့ဖြစ်အောင် စီစဉ်ပေးလိုက်တယ်.. ခဏနေတော့ စကားဝိုင်းက ပိုပြင်းထန်လာတယ်.. သူ့ကိုလဲ ၀ိုင်းပြီး ပြောကြဆိုကြ.. ဒီကောင်က စကားပြောတာတော့ တော်တော် အဆင်ပြေပြေ ပြန်ပြောပါတယ်.. နောက်တော့ အင်္ကျီတွေ ဘာတွေ ဆွဲပြီး ထိုးမယ်ကြိတ်မယ်တွေ ဖြစ်လာတာဟ.. ငါလဲ တော်တော်စိတ်ဆိုးသွားတယ်.. အဲ့တာနဲ့ ခေါ်လာတဲ့သူတွေကို မောင်းထုတ်လိုက်တယ်.. ဒါပေမဲ့ အဲ့လောက်နဲ့ မပြီးသွားဘူး.. သူ့ကို မပြန်ခင် စကားတခွန်းပြောသွားတာက ပိုဆိုးသွားတာ.. ဒီကောင်က အရက်ဝိုင်းက ခွက်တွေကို ကန်ချလိုက်ပြီး အဲ့မှာတင် ၀ုန်းဝုန်းဒိုင်းဒိုင်း ဖြစ်ကုန်တာ.. အောက်က ၀ိတ်တာတွေ တက်လာတော့ တော်ကြာ လူကြီးတွေ သိမှာစိုးပြီး အားလုံးက ကိုယ့်လူကိုယ်ထိန်းပြီး ပြန်ကုန်ကြလို့..
အခန်းတံခါးကို ဖွင့်လိုက်တော့ ခုနက ပုံစံအတိုင်း သူ ဒေါသတကြီး ဖြစ်နေခဲ့တယ်.. တကယ်ဆို ကျမနဲ့ ဘာဆိုင်သလဲ.. အမှန်တော့ လိုက်ကိုမလာသင့်ဘူး.. ကိုချိုက မူးလဲ မူး စိတ်လဲ ပင်ပန်းနေတော့ မဟန်နိုင်ဘဲ ခုတင်ပေါ်တက်ပြီး စောင်ခေါင်မြီးခြုံကာ အိပ်နေတော့တယ်..
သူက ၀ရံတာမှာ လက်ထောက်ကာ ရပ်နေပြီး ကျမဘက်ကို လှည့်ကြည့်ကာ.. ခင်ဗျားတို့လူတွေဟာ ဒီအတိုင်းကြီးပဲလားဟင် ဟုတ်လား.. ဘာကြောင့် ဒီလိုပြောရတာလဲ ပြောစမ်းပါဦး ခင်ဗျားတို့ ဒီလိုပြောလိုက်လို့ ဘာများ ပိုပြီး အကျိုးထူးသွားမယ်လို့ ထင်လို့လဲ.. သူက ကြိတ်မနိုင် ခဲမရ ကျမကို ဒေါသနဲ့ ပြောနေခဲ့တယ်.. ကျမကတော့ အေးအေးဆေးဆေးပင်..
သူ့မျက်နှာက ဒေါသကြောင့် နီရဲနေပြီး သူ့ရဲ့ ဆံပင်တွန့်တွန့်ကွေးကွေးလေးတွေက မီးရောင်အောက်မှာ အရောင်လဲ့နေခဲ့တယ်.. ကျမက ပခုံးနှစ်ဖက်ကို အသာတွန့်လိုက်ပြီး ..
ဒါတွေ ကိုယ်မသိဘူး.. ကိုယ်သိတာတော့ ကိုချိုက လိုက်ခဲ့ပါဦး ဒီမှာ ပြဿနာဖြစ်နေတယ်ဆိုလို့ လိုက်ခဲ့တာပဲ..
သူက ဟက်ခနဲ ရီလိုက်ပြီး .. ပြောစမ်းပါဗျာ ခင်ဗျားလဲ.. ခင်ဗျား မကျေနပ်တာတွေ ခင်ဗျားတို့ အယုံအကြည်မရှိတဲ့ အဆိုတွေ.. ခင်ဗျားတို့ပဲ အနစ်နာခံ လုပ်ခဲ့ရတာတွေ ပြောစမ်းပါ.. ဒီနေ့လောက်တော့ ကျနော့်ဘ၀မှာ တော်တော် စိတ်ထိခိုက်ရတဲ့ နေ့ မရှိတော့သလိုပါပဲ.. ပြောစမ်းပါဦး.. ခင်ဗျားတယောက်နဲ့တော့ ကျနော်လဲ ထူးပြီး စိတ်မတိုတောင်းနိုင်တော့ပါဘူး...
ကျမက မတ်တပ်ထရပ်လိုက်ပြီး.. ဒီပုံ အတိုင်းဆို မင်းတော်တော် စိတ်ကိုထိန်းချုပ်နိုင်ပြီပဲ.. ကိုယ် ဒီကိုလိုက်လာတာ အကျိုးမရှိဖြစ်သွားပြီ. ကဲ ကိုယ်ပြန်တော့မယ်.. မင်းဘာလိုချင်လဲ .. အောက်က ရီဆက်ရှင်းကနေ လာပို့ခိုင်းလိုက်မယ်..
ဒီလိုပြောတော့ ကျမရဲ့ အေးဆေးမှုအတွက် သူ ခဏ တွေဝေသွားပြီး..
အဆင်ပြေမယ်ဆို မပြန်ပါနဲ့ဦးဗျာ.. ကျနော် တော်တော် စိတ်လွတ်သွားတယ်.. ခုနက အော်မိတာ တောင်းပန်ပါတယ်ဗျာ.. အခုလိုဆိုတော့လဲ သူက သိမ်သိမ်မွေ့မွေ့ ရှိသားပင်..
သူနဲ့ ကျမ ၀ရံတာဘက်ကို ထွက်လိုက်ပြီး အဲ့ဒီက ခုံတွေပေါ် ထိုင်မိကြတယ်.. အပြင်မှာ လက တခြမ်းပဲ့ပေမဲ့ လမ်းမီးအလင်းရောင်တွေကြောင့် လင်းတ၀က် မှိန်တ၀က် ရှိနေခဲ့တယ်.. သူက စီးကရက်ကို မီးညှိလိုက်ပြီး ကျမဘက်ကို စီးကရက်ဘူး လှမ်းပေးတယ်.. ခေါင်းခါပြီး ငြင်းလိုက်တော့.. ဒါဆို ဆေးလိပ်သောက်လို့တော့ ရတယ် မဟုတ်လား တဲ့..
သူက ငြိမ်သက်ပြီး ဆေးလိပ်ကိုပဲ အခိုးငွေ့တွေအဖြစ် မှုတ်ထုတ်နေတယ်.. စိတ်တည်ငြိမ်သွားတဲ့အချိန်အထိ ငြိမ်နေပြီးမှ သူ ရီတယ်.. ကိုချိုက တကယ့်လူကိုမှ ခေါ်လာတာပဲ တဲ့.. ကျမလဲ သူနဲ့အတူ လိုက်ရီမိပြီး.. ရန်ဖြစ်နေကြတယ်ဆိုတော့ ကိုယ်က ထိပ်ပေါက်ခေါင်းကွဲများ ဖြစ်ကုန်ပြီလား မှတ်တာလို့ အလိုက်သင့် ပြန်ပြောလိုက်တယ်..
သူက ခေါင်းကို ခါယမ်းလိုက်ပြီး .. ကျနော် မနက်ဖြန် ပြန်တော့မယ်တဲ့.. အမှန်တော့ ကျနော့်အစီအစဉ်က ဒီတနေ့တည်း အတွက်ပဲ .. ဒါပေမဲ့ ကျန်တဲ့ရက်တွေ ဒီမှာနေချင်သေးတာ.. အကြောင်းတွေ အများကြီးထဲမှာ ခင်ဗျားနဲ့လဲ တွေ့ချင်တာ ပါတယ်.. အခုတော့ မလိုတော့ပါဘူး.. မထင်မှတ်ဘဲ အခုလို ခင်ဗျားနဲ့ဆုံတယ်.. ကျနော်လဲ ပြောချင်တဲ့ အကြောင်းအရာတွေကို တင်ပြပြီးပြီ ဆိုတော့ မနက်ဖြန်ပဲ ပြန်တော့မယ်ဗျာ..
ကျမက ဘာမှ အများကြီး မပြောဖြစ်.. သူလဲ မပြောဘဲ အချိန်အတော်ကြာ ထိုင်နေမိကြတယ်..
ခနနေတော့ ကော်ဖီသောက်ရရင် ကောင်းမယ်တဲ့.. အချိန်က မနက် ၃ နာရီလောက်များ ရှိပြီလား မသိဘူး.. ဒီအချိန် ရီဆက်ရှင်မှာ လှမ်းမှာလိုက်မယ်လို့ သူ့ကိုပြောတော့ ကျနော်တို့ ရေကူးကန်နားမှာ ထိုင်ရင် ကောင်းမလား မသိဘူးနော် တဲ့.. သွားကြတာပေါ့လို့ ဆိုတော့ သူက အခန်းထဲကို ပြန်ဝင်လိုက်ပြီး ဆိုဖာပေါ် ခေါက်တင်ထားတဲ့ သူ့သားရေဂျာကင်ကို ယူပြီး ကျမတို့ အခန်းထဲက ထွက်လာခဲ့ကြတယ်.. ကိုချိုကတော့ အိပ်မောကျလို့..
ကျမတို့ အတူတူ အာရုဏ်တက်တဲ့အချိန်ကို ထိုင်ကြည့်နေမိတယ်.. သူ့ဂျာကင်ရဲ့ခြုံထည်နံ့က ရီတီတီ ရနံ့တမျိုး မွှေးနေတယ်.. ကျမက အသာ ငုံ့နမ်းမိတော့ သူက ကျနော့်ဂျာကင်က အနံ့တွေများ ထွက်နေလား မသိဘူး ဆိုပြီး အားနာနေတယ်.. မဟုတ်ပါဘူး ငြင်းတော့ သူက ရီဝေေ၀ အကြည့်တမျိုးနဲ့ ကျမကို ငေးစိုက်ကြည့်နေတယ်..
ရေကူးကန်ဘေးနားက ခုံတန်းလျားမှာထိုင်ရင်း အလှဆင်ထားတဲ့ အုန်းပင်ပုလေးတွေရဲ့ လက်တံရှည်တွေက တရှဲရှဲနဲ့ မြည်သံကို နားထောင်ရတာ သဘောကျဖို့ ကောင်းတယ်.. သူက စကားတချို့ ပြောနေပြီး တချို့စကားတွေက အရွှန်းဖောက်စရာမို့ ကျမလဲ အလိုက်သင့် ရီမောနေမိတယ်..
တချို့စကားတွေကို နှစ်ယောက်သား အတိုင်အဖောက်ညီညီ ပြောပြီး တချို့စကားတွေကိုတော့ သူကသာ ဦးဆောင်ပြီး ပြောနေတယ်.. ကျမတို့ တော်တော် စကားပြောဖြစ်ကြသားပဲ ဆိုတော့.. ခင်ဗျားက အငြင်းအခုံမှ မလုပ်ဘဲ နားပဲ ထောင်နေတာကိုးတဲ့.. ပြီးတော့ ဟက်ဟက်ပက်ပက် အော်ရီမိကြတယ်..
လက်ထဲက ကော်ဖီခွက် ကုန်တော့ သူက ကျနော် ဗိုက်ဆာလာသလိုပဲ.. အခု ဘယ်နှနာရီ ထိုးပြီလဲ မသိဘူး ဆိုတော့ ကျမတို့ ဟိုတယ်ဝင်းထဲ ပြန်ဝင်ဖို့ ရီဆက်ရှင်ရှေ့ကနေ ပြန်ဖြတ်လာကြတယ်.. ဂျူတီလဲတဲ့ ကောင်မလေးတွေက အံ့အားတသင့် ကျမတို့ နှစ်ယောက်ကို ကြည့်နေပြီး ဂွတ်မောနင်းလို့ နှုတ်ဆက်တယ်.. ကျမက ဘာသာစကားတမျိုးနဲ့ ပြန်နှုတ်ဆက်လိုက်တယ်..
နှစ်ယောက်စလုံး တညလုံး မအိပ်ဘဲ စကားတွေထိုင်ပြောနေခဲ့ပေမဲ့ အခုအချိန်အထိတော့ အိပ်ချင်စိတ် မရှိသေးဘူး.. မနက်စာ တခုခု ထွက်စားရအောင် ကျနော် ဟိုတယ်စာ မစားချင်ဘူး ဆိုတော့.. ကျမက ကိုချိုကို နှိုးပြီး ကျမကို ဟိုတယ်ရှေ့က စောင့်နေလေ.. ကျမ ပြန်ဆင်းခဲ့မယ်လို့ ပြောလိုက်တယ်..
ကျနော် ညကားနဲ့ မြို့ကြီးကို သွားမယ်.. အဲ့ဒီမှာပဲ မူရင်းရက်အတိုင်း လေယာဉ်ကို စောင့်လိုက်တော့မယ် တဲ့.. ကျနော် ခင်ဗျားနဲ့ စကားပြောဖြစ်ခဲ့တဲ့ ညကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး တဲ့.. ကျနော် ဒီကိုလာတဲ့ ရည်ရွယ်ချက်တခု ပြည့်ခဲ့တယ် ဆိုရမလားပဲ လို့ သူက ထပ်ပြောသေးတယ်.. ကျမကတော့ သူ့ကို အသာအယာ ပြုံးပြလိုက်တယ်..
နေ့တွေ အများကြီးနဲ့ ညတွေ အများကြီး ထပ်ကျော်ဖြတ်ရဦးမှာပါပဲ.. အဲ့ဒီရက်တွေထဲမှာ ဒီနေ့လေးကိုတော့ ဘယ်တော့မှ မေ့မယ် မထင်ဘူး.. သီးခြားစီ ဖြစ်နေတဲ့ ဘယ်တော့မှ ဆုံမှာမဟုတ်ဘူးလို့ တွက်ဆထားတဲ့ လူနှစ်ယောက် မထင်မှတ်ဘဲ ဆုံတွေ့ဖြစ်တယ်ဆိုတာ အိပ်မက်မှ မဟုတ်ဘဲကိုး..
ကျမရဲ့ စိတ်ကူးအတွေးထဲမှာ သူ့ကို သဘောကျမှုတွေ တော်တော်များနေတဲ့အချိန် သူကလဲ ကျမနဲ့တွေ့ရဖို့ စိတ်လှုပ်ရှားနေတဲ့အချိန် မထင်မှတ်တဲ့ နေရာ မထင်မှတ်တဲ့အချိန်မှာ တွေ့မိကြတော့ ပိုပြီး စိတ်အာရုံမှာ ညိတွယ်မိသွားသလို ဖြစ်သွားတယ်..
ဒါပေမဲ့ သူ့အချိန်ရောက်တဲ့အခါကျတော့လဲ ကျမတို့ဘ၀တွေက သီးခြားစီ ပြန်ဖြစ်သွားတော့တာပါပဲ...ကျမတို့ နှစ်ယောက် မခွဲခွာခင်မှာ လက်ဆွဲနှုတ်ဆက်ဖြစ်ခဲ့ကြပါတယ်...
ပြည့်စုံ
(၂း၀၇ pm, ၂-၁၀-၂၀၁၂)
Unknownnoreply@blogger.com4tag:blogger.com,1999:blog-3975068002587320368.post-45492552379644872632012-05-06T01:19:00.004-07:002012-05-06T01:23:23.060-07:00ပြတ်တောက်သွားတဲ့ သံယောဇဉ် ကြိုးတမျှင်
မတည်မြဲခြင်းတရားတွေ ဖျတ်ခနဲ ပေါ်လာ ဖျတ်ခနဲ ပျောက်သွားလောက်အောင် အချိန်တွေ ဒလဟော မြန်ဆန်နေတဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးမှာမှ ကျမတို့တွေ လူအဖြစ်ကို ရခဲ့ကြတာကိုပဲ တရား မရနိုင်သေးဘဲ လက်ရှိ ပစ္စုပ္ပန်လေးတွေမှာ ကုပ်ကတ် ပျော်မွေ့ရင်း ဒုက္ခတွေကို သုခ အချိုရည်လေး ကပ်ကပ်ပြီး မျိုချနေခဲ့ရင်းနဲ့ အသက်ဓာတ်လေးတွေကို ရှင်သန်အောင် အဆင်ပြေအောင် ကြိုးစား မွေးမြူနေခဲ့မိတယ်..
ကျမ အကိုအငယ်ဆုံးကို နောက်ဆုံးမြင်တွေ့လိုက်ရတဲ့ ခုနှစ်နဲ့ အချိန်တွေက လွန်ခဲ့ပြီးသော နှစ် တစ်နှစ်စာ ရက်ပေါင်း ၃၆၅ ရက်ကျော်ကျော်..
ကျမ အိမ်ကနေ ထွက်သွားဖို့ အဆင်သင့်မဖြစ်ခင် အချိန်တုန်းကတော့ အကိုအလတ်ကို သူ့အသက် ၃၃ နှစ်မှာ ဆုံးရှုံးလိုက်ရတာ.. အခု အကို အငယ်ဆုံးကိုတော့ သူ့အသက် ၃၆ နှစ် ကျမ အိမ်ကို ပြန်ဖို့ အဆင်သင့်မဖြစ်ခင်အချိန်မှာပဲ ထပ်မံ ဆုံးရှုံးလိုက်ရပြီ..
သွေးသားရင်း အကို ၂ ယောက် ဆုံးရှုံးပြီးနောက်မှာတော့ ကျမတို့ မိသားစုလေးမှာ အားကိုးအားထားစရာ ထပ်မံ ဆုံးရှုံးစရာ အဖိုးမဖြတ်နိုင်တဲ့ အဖေ အမေနဲ့ ကျမတို့ အဝေးတနေရာမှာ ကျဲပြန့်ပြီး ရောက်နေတဲ့ မောင်နှမ လေးယောက်သာ ကျန်ရစ်ခဲ့တော့တယ်.
အိုမင်းမစွမ်းတဲ့ အဖေနဲ့ အမေရဲ့ အနီးအနားမှာ ဘယ်သူမှ မကျန်ရစ်ခဲ့တော့.. အဖေ အမေ လိုအပ်တာ မေတ္တာတရားနဲ့ အနီးကပ် ပြုစုနိုင်မယ့် သားသမီးတွေ ဆိုတာကို သိနေရက်နဲ့ ကျမတို့တွေ အိမ်ကိုပြန်ဖို့ ခြေလှမ်းတွန့်နေဆဲ.. အိမ်ကိုပြန်ဖို့အတွက် အဆင်သင့်မဖြစ်နိုင်သေးတဲ့ ရုပ်ဝတ္ထု၊ ပစ္စည်း၊ ငွေကြေး စတာတွေကို စဉ်းစားနေမိရင်းနဲ့ အခုတော့ ဆုံးဖြတ်မထားခဲ့လည်း ဆုံးဖြတ်ချက် တခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ်နိုင်ခဲ့ပါပြီ..
NO Number နဲ့ ပေါ်လာတတ်တဲ့ အင်တာနက်ကနေ ခေါ်ဆိုတဲ့ ဖုန်းတွေထဲမှာ ၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ည ၈း၁၆ မိနစ်အချိန်မှာ ပေါ်လာတဲ့ ဖုန်းခေါ်ဆိုမှုက ကျမရင်ကို တင်းတင်း ဆို့နင့်သွားစေမိသည်အထိ. လိုင်းမကောင်းတဲ့ကြားက အမေက ဟိုဘက် ဖုန်းလိုင်းကနေ ကျမဆီကို သတင်းပို့ခဲ့တယ်.. အောင်ကြီး ဆုံးပြီတဲ့. ဒီနေ့ ညနေ ၆ နာရီက ဆုံးတယ် သမီး ဆိုတဲ့ အသံနောက်မှာ.. နေမကောင်းဖြစ်နေတယ်ဆိုတဲ့ သတင်းလဲ မကြားရ.. အဆင်မပြေဖြစ်တယ်ဆိုတဲ့ သတင်းစကားလဲ မသိရဘဲ ကျမရဲ့ သွေးသားရင်း အကိုတယောက် ဆုံးရှုံးခဲ့ပြီ..
ပူပြင်းလောင်မြိုက်လှတဲ့ နွေရာသီရဲ့ အပူလှိုင်းဖြတ်မှုနောက်မှာ အခုတော့ အကိုအငယ်ဟာ သူ့အသက်ဓာတ်ကိုပါ ဖြတ်တောက်ပြီး နွေရာသီရဲ့ အပူလှိုင်းတွေ နောက် လိုက်သွားခဲ့ပါပြီ..
အဝေးမြေမှာ ရောက်ရှိနေခဲ့တဲ့ လေးနှစ်တာ အတွင်း အိမ်ကို ပထမဆုံးအကြိမ် ပြန်ဖြစ်တဲ့အချိန်မှာ အဖေ အမေရဲ့ အနီးအနားမှာ အကိုအငယ် တယောက်သာ ရှိနေခဲ့တယ်. အဖေနဲ့ အမေရယ် မြေးကလေး ၂ ယောက် နောက် အကိုအငယ်ရယ်သာ.. အကိုအငယ်က အိမ်သားတွေထဲမှာ စကားအနည်းဆုံး.. လူငယ်ဘဝ အနာဂတ်ပျောက်နေတဲ့ လူတွေကြားထဲမှာ သူတို့တွေရဲ့ လူငယ်ဘဝတွေကို စွန့်ပစ်ခြေမွခံခဲ့ရတဲ့ လူငယ်တယောက်.. အပေါင်းအသင်း မင်ပြီး လူတိုင်းကို ကူညီတတ်တဲ့ အကိုအငယ်ကို လူတိုင်းက ချစ်ခင်ကြတယ်..
တအိမ်လုံး ဘယ်သူနဲ့မှ မတူဘဲ အသားဖြူဖြူ ဆံပင်ကောက်ကောက် အကိုအငယ်ဟာ သူ့လိုပဲ ချစ်စရာကောင်းတဲ့ သမီးကလေးတယောက်ကို အမေ့ဆီမှာ အမွေပြန်ပေးခဲ့တယ်.. မိန်းမ ရပြီး ကလေးတယောက် ရချိန်အထိ အမေ့ကို ကလေးတယောက်လို မုန့်ဖိုးကပ်တောင်းနေတုန်း. အမေနဲ့ တကြိတ်ကြိတ် ရန်ဖြစ် ဆူပူနေဆဲ အကိုအငယ်ဟာ ရုတ်တရက် ဖျတ်ခနဲ အသက်ဓာတ် ပျောက်သွားခဲ့ပါပြီ.. ဘယ်လိုဖြေတွေးတွေး ကျမတို့အတွက်တော့ စိတ်ထိခိုက်စရာချည်းပါပဲ...
၂၀၁၁ ခုနှစ် ပထမဆုံး အကြိမ် ကျမ အိမ်ပြန်ဖြစ်တဲ့အချိန်မှာ ကျမလက်ကို ဆွဲပြီး ဒါ ငါ့ညီမလေးလေ.. ကျောင်းတက်နေတာပေါ့.. တလမ်းလုံး ကြွားဝါလာခဲ့တာ.. ကိုကြီးတို့အိမ်ကို လိုက်ခဲ့ပါဦး.. ဟိုမှာ နင့်အမနဲ့ မိတ်ဆက်ပေးချင်လို့တဲ့.. ကျမ မမြင်ဖူးတဲ့ ကျမ ယောင်းမကို မြင်ရဖို့ သူတို့အိမ်ကို လိုက်သွားခဲ့တယ်. ဖိနပ်ချွတ်မှာ ကျမ စီးလာတဲ့ဖိနပ်ကို ချွတ်လိုက်ပြီး အိမ်ပေါ်ကို ခပ်ဖွဖွ နင်းတက်လိုက်တော့.. ဖိနပ်ကို အကိုအငယ်က ကောက်ကိုင်ပြီး အိမ်ပေါ်ဆင့်ကို လှမ်းတင်လိုက်တယ်..အောက်မှာပဲ ဖိနပ်ကို ထားပါ.. ဘာလို့လဲ ဆိုတော့.. ဖုန်ပေမှာစိုးလို့တဲ့..
ဘာစားချင်လဲဆိုပြီး တတွတ်တွတ် မေးနေခဲ့ပြီး ငါ့ညီမလေး ပြန်ရင် ဆိတ်သားခြောက် ကြော်ပေးမယ်... ချဉ်ပေါင်ကြော်ရော ယူဦးမလား.. ငါကိုယ်တိုင် ကြော်မှာပါဟ တဲ့.. သူ့မိန်းမကတော့ အိမ်ကို အလည်လာတာ အအေး သွားဝယ်လိုက်လေ.. ညီမကို တိုက်ရအောင် ဆိုတော့ မလိမ္မာတဲ့ ကျမက နေ နေ.. သမီး မြို့ထဲသွားပြီး သူငယ်ချင်းတွေနဲ့သွားတွေ့မလို့.. မတိုက်နဲ့ဆိုတော့.. အကိုက စိတ်မကောင်းဘူး.. အေး ဟုတ်ပါတယ်.. မြို့ထဲကျမှပဲ အအေးသောက်တော့ ဟိုက အအေးတွေက ပိုကောင်းတယ်တဲ့.. ကောင်းခြင်း မကောင်းခြင်းထက် သူတို့ အလုပ်ရှုပ်မှာစိုးတဲ့စိတ်နဲ့ အကိုအငယ် တိုက်တဲ့ အအေးကို ကျမ မသောက်ဖြစ်ခဲ့ဘူး.. ဆိတ်သားတွေလဲ အများကြီး မကြော်နဲ့နော်.. ဟိုမှာက အစစ ရတယ်..အဆင်ပြေတယ်လို့ ပြန်ပြောခဲ့တာ.. တကယ်တော့ မေတ္တာတရားသပ်သပ်နဲ့သာ ကျမကို စားစေချင်တဲ့ စားစရာကို ကျမက အလုပ်ရှုပ်နေမှာစိုးတဲ့စိတ်နဲ့ ငြင်းဆိုခဲ့တာ..
အေးပါဟာ.. ယူတော့ ယူသွားမယ် မဟုတ်လား.. ကြော်ပြီး မနက်ဖြန် ယူလာပေးခဲ့မယ် တဲ့..
သူတို့အိမ်မှာ ဖင်ပူအောင် မထိုင်ဖြစ်ဘဲ သူငယ်ချင်းတွေနဲ့တွေ့ဖို့ နောက်ကျမှာစိုးတဲ့စိတ်နဲ့ ကမန်းကတန်း ပြန်ထွက်လာခဲ့တာ.. လိုင်းကားစီးဖို့ သွားတော့ ကားပေါ်အထိ လိုက်တင်ပေးခဲ့တာ.. ကားအောက်ကနေ လှမ်းပြီး သတိထားစီးဦး ခါးပိုက်နှိုက် သတိထားလို့.. စိုးရိမ်တကြီးပြောတော့.. ကျမက ခေါင်းသာ အသာညိတ်ပြခဲ့တာ.. ဘယ်သိခဲ့မလဲနော်.. ဒီလိုသာ ကျမတို့ အသက်မမှီနိုင်လောက်အောင် သေကွဲ ကွဲရမယ်ဆိုတာ သိရင် ကျမ အကိုကို ဆိတ်သားတွေ အများကြီး ကြော်ခိုင်းမှာ.. နင်ကြော်ပေးတဲ့ ချဉ်ပေါင်ကြော်က စားကောင်းတယ် ဆိုပြီး ခန ခန ပြောပြမိမှာ.. နောင်တတွေပါပဲ..
ငယ်ငယ်ကတော့ မောင်နှမတွေ တကျက်ကျက်နဲ့ ရန် ခန ခန ဖြစ်ကြတာပါပဲ.. အရုပ်လုတဲ့ အမှု၊ စကားလုပြောတဲ့ အမှု၊ အမေ မသိအောင် ထွက်ထွက်ဆော့တဲ့ အမှုတွေနဲ့ မောင်နှမတတွေ ခန ခန အရိုက်ခံခဲ့ရဖူးတယ်.. အပေါ်က အကိုအကြီးဆုံး သုံးယောက်၊ နောက်တော့ ကျမတို့ ညီအမ ၂ ယောက်၊ အောက်မှာ မောင်အငယ်ဆုံးလေး ၁ ယောက်နဲ့ အားလုံး စုစုပေါင်း မောင်နှမ ၆ ယောက်ထဲမှာ အကိုအငယ်က ကျမတို့ကို အလိုအလိုက်ဆုံးပါပဲ.. အမေ့ကို ထမင်းဟင်း ကူချက်ပေးပြီး ကျမတို့ စားချင်တဲ့ အသုပ်စုံတွေကို ဘာလေးသုပ်စားမလား၊ နယ်ဖတ်စားမလားနဲ့ လုပ်ကျွေးတတ်တဲ့သူ.. ခရမ်းချဉ်သီးငပိချက် ကြိုက်တဲ့ အကိုအငယ်ဟာ ထမင်းစားတော့မယ်ဆို.. ဟိုလူစားပြီးပလား၊ ဒီလူ စားပြီးပလား မေးပြီး ဟင်းကျန်အိုးကျန်နဲ့ လူးဖတ်ပြီး စားတတ်တဲ့ အကိုအငယ်ဟာ ဟင်းချေးမများပေမဲ့ အမေ့အတွက်တော့ ချစ်လဲ ချစ် ဆိုးလဲ ဆိုးတဲ့ သားမိုက်တယောက်သာ..
အခုတော့ အဲ့ဒီ သားမိုက်တယောက်ဟာ အမှည့်တဝင်းဝင်း အသီးတွေ ဖြစ်တဲ့ အဖေ အမေ မလွန်ခင်မှာတင် အသီးကင်းဖြစ်တဲ့ သူတို့တွေ တဖြုတ်ဖြုတ်နဲ့ ကြွေကျရစ်ခဲ့ပြီ.. ကိုယ်တွင်း အပူရှိန် ၁၀၆ ဒီဂရီမှာ ပူလွန်းလို့ ရင်ဘတ်တွေကို ရေလောင်းစွတ်ခဲ့တဲ့ အကိုအငယ်ဟာ နေအေးသွားတဲ့အချိန် ညနေစောင်း ၆ နာရီအချိန်မှာတော့ နောက်ဆုံး လက်ကျန် ကိုယ်အပူရှိန်နောက်ကို ပေါက်ထွက်သွားတဲ့ ဦးနှောက်သွေးကြောမျှင်တွေနဲ့ အတူ ကမူးရှုးထိုး လိုက်သွားခဲ့ပါပြီ.. နေအေးတဲ့အချိန်မှာမှ အသက်ဓာတ်ပျောက်ခဲ့တယ်ဆိုတော့ အေးချမ်းသွားမှာပါလို့ .. ဒီလိုသာ စိတ်ကို ဖြေသိမ့်ထားခဲ့လဲ အကိုအငယ်ကို မျက်စိရှေ့မှောက်မှာ မြင်နေတုန်းပါပဲ..
ဝတ်ထားစားထားရင် မင်းသားရှုံးတယ်လို့ အဖေက ပြောတတ်တဲ့ အမြဲ ရှိုးစမိုးကျအောင် ဝတ်တတ်တဲ့ အကိုအငယ်တယောက် သေတဲ့အချိန်မှာတော့ သက်ပျောက်အင်္ကျီ စွပ်ကျယ်လေးနဲ့ ပုဆိုးပိုင်းလေးကိုသာ ဝတ်ဆင်ခဲ့ပြီး မရဏမင်းနောက်ကို လိုက်သွားခဲ့ရတာပါပဲ..
ဘာတွေများ ကျမတို့အတွက် အပူတပြင်း လိုအပ်ခဲ့သလဲ.. မသေခင်မှာ လောဘ ဒေါသ မောဟတွေနဲ့ ပူပြင်းလောင်မြိုက်ပြီး ရှာဖွေ စုဆောင်းခဲ့ရသလောက်.. သေပြီး အအေးခန်းထဲ ဝင်ဖို့အတွက် ကိုယ်နဲ့အတူ အသက်ဓာတ်ပျောက်ခဲ့ရတဲ့ သက်ပျောက်အင်္ကျီနဲ့ လုံချည် တစုံသာ ကိုယ့်နောက်ကို ပါသွားခဲ့ရမှာပါပဲ.. အဲ့ဒီလို တွေးမိတဲ့ခနမှာပဲ မျက်ရည်တွေက ဒလဟော ကျဆင်းလာခဲ့ရမိတယ်.. ဘယ်မှာလဲ အေးမြခြင်း.. ဘယ်မှာလဲ အလုံးစုံ ပြီးပြည့်စုံခြင်း.. ဘယ်မှာလဲ ဘဝအတွက် အာမခံချက်..
မီးသဂြိုလ်စက်ထဲ သွင်းဖို့ အခေါင်းဖုံးကို လှပ်ပြတဲ့အချိန်မှာ ငယ်ရုပ်အတိုင်း အိပ်နေတဲ့ အကိုအငယ် မျက်နှာကို မြင်တော့မှ ကျမ လန့်ငိုဖို့ သတိရသွားမိတယ်.. မီးသဂြိုလ်ခါနီးမှပဲ မျက်နှာကို ပြန်မြင်ရတော့တယ်.. မမကြီးနဲ့ မောင်အငယ်လေးရယ်၊ အကိုအကြီးဆုံးရယ်ကို သတိရတယ်.. အကိုအငယ်ရဲ့ နောက်ဆုံးခရီးကို သူတို့ လိုက်ပါ ပို့ဆောင်ခွင့် မရတော့ဘူး.. နောက်တဖန် ပြန်မဆုံနိုင်တော့ပါဘူး.. အေးအေးချမ်းချမ်းသာ ဘဝကူး ကောင်းပါစေလို့ နောက်ဆုံး ဆုတောင်းပေးပြီးတဲ့နောက် ကျန်းမာရေး မကောင်းတဲ့ အဖေ့ကိုပဲ လူအုပ်ကြားက ဆွဲထုတ်ခဲ့တယ်.. မီးသဂြိုလ်စက် ခေါင်းတိုင်က ထွက်လာတဲ့ မီးခိုးငွေ့တွေကြားမှာ ငါတို့ကို စိတ်ချသွားပါလို့ ခပ်တိုးတိုး ကတိစကား ဆိုခဲ့ပါတယ်..
ကျန်ရစ်တဲ့ အကိုအငယ်ရဲ့ သမီးကလေးကတော့ သူ့အဖေက သူ့အတွက် ပီကေ သွားဝယ်နေတယ်လို့ ယုံကြည်နေတယ်.. အသုဘအိမ်ဆိုတော့ လူရှုပ်ရှုပ်ကြားမှာ သူပျော်နေတယ်.. ဘယ်သူမေးမေး အောင်ကြီးက ပီကေ သွားဝယ်တာလို့ ကျမ အမေ ခေါ်တဲ့အတိုင်း သူ့အဖေကို အောင်ကြီးလို့ ခေါ်တယ်.. တခါတလေတော့လဲ သူစဉ်းစားမိမှာပေါ့နော်.. ငါ့အဖေ ဒီတခါ ပီကေသွားဝယ်တာ ကြာလှချည်လားလို့လေ.. သူမလေးရဲ့ အသက် ၂ နှစ်နဲ့ ၇ လ ဆိုတော့ အသက်ကြီးလာတဲ့အချိန် သူ့အဖေကို သူ ပြန်မှတ်မိပါ့မလား.. ဘယ်အရာမှ မကျိန်းသေပါဘူး.. သူ့အဖေရဲ့ အသုဘအခေါင်းထဲကို သူ့ရဲ့ ကိုယ်တိုင်း အပ်ချည်မျှင်လေး ထည့်ပေးလိုက်တော့ သူ့အဖေလဲ သူ့သမီးကလေးကို စွဲလမ်း မသွားပါဘူးလို့ ယုံကြည်မိတယ်.. သူ့မိန်းမထက် စာရင် အမေ့ကိုပဲ စိတ်ချလို့ သူ့သမီးကလေးကို အမေ့ဆီမှာပဲ စိတ်ချ ယုံကြည်စွာ ထားသွားခဲ့ပြီ နေမှာပါ..
ကျမ မောင်လေး ဆယ်တန်းဖြေပြီးစ အချိန် သူတို့ ညီအကိုတွေ ဂစ်တာတီးချင်လို့ သူများဆီက ဂစ်တာကို ခန ခန သွားသွားငှားပြီး တီးရတော့.. အကိုအငယ်က မောင်လေးကို ငါ့ညီလေးကို ငါအလုပ်လုပ်လို့ရတဲ့ ငွေနဲ့ ဂစ်တာ ဝယ်ပေးမယ်လို့ ပြောခဲ့တယ်.. အကိုအငယ် အလုပ်ကနေ ပိုက်ဆံထုတ်လာတော့ သူတို့ ညီအကို နှစ်ယောက် ဂစ်တာ အဟောင်းလေး တလက်ကို သွားဝယ်လာကြတယ်.. အဲ့ဒီ ဂစ်တာလေးကို ဆေးပြန်သုတ်ကြတယ်.. ဂစ်တာကြိုးတွေလဲ အသစ်ပြန်လဲတယ်.. ကြိုးတွေ သေချာညှိတယ်.. ဂစ်တာတီးဖို့ ကနုကမာ လက်ခတ်ကလေးကိုတောင် ကြိုးလေးနဲ့သီလို့.. သေချာ ကျကျနန သူတို့ ဂစ်တာ တလက်ကို အနုစိတ် ခြယ်မှုန်းနေကြတာ.. ကျမကတောင် ကျမ သိမ်းထားတဲ့ သီချင်းစာအုပ်တွေ ထုတ်ပေးထားခဲ့တာ.. အားလုံး ပြင်ဆင်ပြီးချိန်မှာတော့ ဂစ်တာလေးကို ဆေးခြောက်အောင် လှမ်းဖို့ နဂိုကတည်းက ပါလာတဲ့ ဂစ်တာက အထိန်းကြိုးလေးကို နံရံပေါ်က သံငုတ်မှာ ချိတ်လိုက်ကြတယ်..
မှားယွင်းတဲ့ လုပ်ရပ်ဆိုတာကို ခနချင်းတွင်းမှာပဲ သိလိုက်တယ်.. အားလုံး ပြင်ဆင်ပြီးခဲ့ပေမဲ့ ဂစ်တာ အထိန်းကြိုးလေးကို အသစ်ပြန် မပြင်ဆင်မိခဲ့ဖူးလေ.. ဟောင်းနွမ်းနေတဲ့ ဂစ်တာ အထိန်းကြိုးလေး ပြတ်ကျတော့.. ဟိုးအမြင့်ပေါ်က သံငုတ်ကနေ လွတ်ကျလာတဲ့ ဂစ်တာလေးကို ဘယ်သူကမှ လှမ်းမဖမ်းလိုက်နိုင်ဘူး.. နာကျင်စဖွယ် အသံအကျယ်ကြီး မြည်ဟည်းသွားပြီး အောက်ကို နာနာကျင်ကျင် ပြုတ်ကျသွားတဲ့ ဂစ်တာလေးမှာ ကျမတို့တွေရဲ့ မျှော်လင့်ချက်တွေ တသီတသန်းကြီး ပါသွားခဲ့တော့တယ်..
အဲ့ဒီလိုပါပဲ.. ကျမတို့ စဉ်းစားမျှော်လင့်ထားတဲ့ အရာတိုင်းဟာ ပြင်ဆင်မှု အနည်းငယ် လိုအပ်ရုံနဲ့ ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေ မဖြစ်ခဲ့ဘူးဆိုတာကို သိရက်နဲ့ပဲ.. အသက်ဓာတ်လေးတွေ ဘဝနဲ့ အတူ မပျောက်ပျက်သွားအောင်နဲ့ ဘဝမှာ ဖြစ်ချင်တာလေးတွေ လုပ်ဖို့ လုပ်သင့်တာလေးတွေ လက်စသတ်ဖို့ လိုအပ်နေကြောင်း သိရတဲ့အခါ မလိုအပ်တဲ့ ပကာသနတွေကို မုန်းတီးစက်ဆုပ်လာမိတော့တာပါပဲ....
ပြည့်စုံ
ဦးရေပြားကို ခပ်ဖွဖွ ညင်ညင်သာသာ နှိပ်နယ်နေတဲ့ လက်ချောင်းကလေးတွေရဲ့ အားစိုက်ထုတ်မှုကြားမှာ သူ စီးမျောနေမိတာ.. သေးသွယ်ပေမဲ့ အားပါလှတဲ့ နှိပ်နယ်မှုတွေက သူ့ရဲ့ တင်းကျပ်ခဲနေတဲ့ ဦးနှောက် အာရုံကြောတွေကို ဖြေလျော့ပေးနိုင်တာပဲ.. တနေ့ တနေ့ ဒီလက်ချောင်းလေးတွေရဲ့ အားနဲ့ ဦးခေါင်း ဘယ်နှလုံးစာရဲ့ ဦးရေပြားတွေကို နှိပ်နယ်ပေးရမလဲ..
ပက်လက်လှန် လဲလျောင်းနေရာကနေ သူ့ရဲ့ဦးခေါင်းနောက်မှာ ရပ်နေတဲ့ သူမရဲ့မျက်နှာကို ဇောက်ထိုးမြင်နေရတယ်.. နှာတံဖြောင့်ဖြောင့်စင်းစင်းလေးရဲ့ အထက်က မျက်လုံးလေးတွေကို သူ မမြင်လိုက်ရပေမဲ့ နူးညံ့ ညင်သာတဲ့ စကားသံက အလျင်စလို ထွက်လာခဲ့တယ်..
“ဘာဖြစ်လို့လဲ အကို.. နှိပ်တာ အရမ်းပြင်းသွားလို့လား”
သူ ခေါင်းကို အသာရမ်းလိုက်ရင်း မျက်လုံးကို အသာမှိတ်လိုက်တယ်.. ဒီတလော သူ့ခေါင်းထဲမှာ အလုပ်ပြီး အလုပ်.. စိတ်တွေရှုပ်နေခဲ့တယ်.. မနက်မိုးလင်း မျက်စိနှစ်လုံး ပွင့်ကတည်းက သူ့ရင်ထဲက တင်းကျပ်နေတဲ့ အစိုင်အခဲတွေနဲ့ သူ့ခေါင်းကို လာလာဆောင့်တတ်တဲ့ ပြဿနာတွေကြားမှာ သူ ရင်မောနေခဲ့တာ ကြာပြီ.. ဒီနေ့တော့ သူ ဆက်လက် မခံစားနိုင်တော့ဘူး.. တင်းကျပ်နေတဲ့ စိတ်အတွေးတွေနဲ့ အာရုံကြောတွေက တခုခုကို လိုလိုချင်ချင် တောင့်တမိတော့တာ..
ဆိုင်ကယ်ကို အရှိန်ခပ်ပြင်းပြင်း မောင်းထွက်လိုက်တော့မှ ဆိုင်ကယ်စီးဦးထုပ် မဆောင်းထားတဲ့ ဆံပင်တွေက ကျပ်ကျပ်ခဲခဲနဲ့ လေရှိန်နောက်မှာ သူ့မျက်နှာကိုပါ အရှိန်ပြင်းပြင်း ရိုက်ခတ်နေတော့မှ သူခေါင်းလျှော်ဖို့ သတိရမိတယ်.. မျက်လုံး ကြည်ကြည်ဝိုင်းဝိုင်းလေးနဲ့ စကားသံ မပီတပီ့က သူ့ရင်ကို အရင်တုန်းကလိုမျိုး ခံစားချက်မျိုး ပြန်ရနိုင်မလား.. ဆိုင်ကယ်ကို အရှိန်နဲ့ ပြန်ကွေ့လိုက်ပြီး ဆံပင်ညှပ်ဆိုင်လေးဆီ ဦးတည်မိတော့တာပါပဲ..
ဟိုးအရင်က အတိုင်းပင် သူမက သူ့ကို ခရီးဦးကြိုဆိုမှု ပြုခဲ့တယ်.. ကျန်တဲ့သူတွေကို အနားပေးပြီး သူမကိုယ်တိုင် သူ့ကို ခေါင်းလျှော်ပေးတယ်.. ‘အကို အခုတလော မတွေ့ဘူးနော်.. အလုပ်တွေ ရှုပ်နေလို့လား’ “အင်း” သူ့ရဲ့ မပွင့်တပွင့် အသံနောက်မှာ သူမလေးလဲ စကားသံတိတ်သွားပြီး သူ့ခေါင်းကိုသာ ညင်ညင်သာသာ ဖိနှိပ်ပေးနေခဲ့တယ်..
ဆံပင်ကို ဆီလိမ်းပြီးတဲ့ နောက်မှာတော့ သူက ကျသင့်ငွေကို သူမကို လှမ်းပေးလိုက်တယ်.. သူမက ညင်ညင်သာသာ ပြုံးပြလိုက်ပြီး သူ့ကို နောက်လဲ လမ်းကြုံရင် လာပါဦး အကို.. ကျမ မရှိလဲ ဒီက ညီမလေးတွေ ရှိပါတယ် တဲ့.. သူ ခေါင်းကို ခပ်လေးလေး ညိမ့်ပြလိုက်တော့ သူမလေးက အသာ အယာ ရယ်ပြတယ်..
အတော်အသင့် ပေါ့ပါးသွားတဲ့ စိတ်အစဉ်က ချေးညော်ကင်းသွားတဲ့ ဦးရေပြားကြောင့်လား.. သူမလေးရဲ့ အပြုံးကြောင့်လား.. တခါတလေတော့လဲ တနေရာရာမှာ ကိုယ့်စိတ်ကို ကျေနပ်စေတဲ့ တစုံတရာ ရှိမယ်ဆိုရင် အဲ့ဒီနေရာလေးကို အလွမ်းပြေ ပြန်သွားသင့်တယ် မဟုတ်လား.. နောင် ရောက်ဖို့ အချိန်တော်တော်ကြာဦးမှာဖြစ်ပေမဲ့ ရောက်သွားရင်လဲ အရင်လို ခံစားချက်မျိုး အမြဲတမ်း ပြန်ပေးနိုင်မယ့် နေရာလေး တခု ရှိနေဦးမယ်ဆိုလဲ ဘဝကြီးက နေသာနေသားပဲ…
ကွန်ပျူတာနဲ့ တွဲစပ်ထားတဲ့ မောက်စ်ကို ကလစ်တချက်နှိပ်လိုက်ပြီး နောက်မှာတော့ စောနက ရယ်သံစွန်းထင်းနေတဲ့ အသံဖိုင်က ပိတ်သွားတော့တယ်.. ဒီလိုဆိုတော့လဲ အပြုံးတချက်၊ ရယ်သံ တစွန်းတစနဲ့တင် ရှေ့ဆက်ရမယ့် ဘဝကြီးကို ဖြတ်သန်းဖို့ အားအင်တွေ အလိုလို မွေးရတာပါပဲ.. အရာတိုင်းကတော့ မျှော်လင့်သလို ဖြစ်မလာဘူးပေါ့.. မမျှော်လင့်ထားလဲ ဖြစ်လာနိုင်တဲ့ အိပ်မက်တွေထဲမှာ နောက်ပြန်လှည့်ကြည့်လိုက်တိုင်း သူ့အလိုလို ကျန်နေခဲ့မယ့် အရာတွေ ရှိနေတယ် ဆိုတာနဲ့တင် ပျော်မွေ့သင့်နေပါပြီ.. ဘာမှ ထပ်မလိုစတမ်းပေါ့..
ပြည့်စုံ
19-3-2012, 8:17 pmUnknownnoreply@blogger.com2tag:blogger.com,1999:blog-3975068002587320368.post-22004499454144785212012-01-22T09:28:00.000-08:002012-01-22T09:58:40.056-08:00အလင်းပျောက်ခဲ့သူဝရံတာ အစွန်းပိုင်း အမှောင်ရိပ်ကျနေတဲ့ နေရာနားမှာ တကိုယ်လုံးကို ကပ်ထားမိတယ်.. အနည်းဆုံးတော့ အဲ့ဒီ အမှောင်ရိပ်အောက်မှာ နေခွင့်ရနေတာကို ကျေးဇူးတင်ရမလို.. ပူပန်ချင် ယောင်ဆောင် ရတာတွေလဲ နောက်ဆုံးတော့ ထူးမခြားနား ဇာတ်ပဲ ဆက်ကနေတာ မဟုတ်လား..
‘ဖုန်းလဲ ဆက်လို့မရဘူး.. ဧရိယာပြင်ပပဲ ရောက်နေတယ် ပြောတယ်.. ဒီကောင်ဟာ ဒီအချိန်အထိတောင် ဘယ်သဝေထိုးနေတယ် မသိဘူး.. ငါတော့ သေချင်တော့တာပဲ.. သူ့အဖေနဲ့ ကလဲ တရန်ပါပဲ..’
တတွတ်တွတ် ရွတ်နေတဲ့ ယောက္ခမ အမကြီးရဲ့ အသံကို ဝရံတာဘောင်ပေါ်ကနေ လမ်းထိပ်ကို မျှော်ကြည့်နေရင်း တချက် နားစွင့်လိုက်တယ်.. လမ်းအချိုးကွေ့လေးကို ကျော်မှ သူမတို့ တိုက်ခန်းဆီ ရောက်လာမှာ ဆိုတော့ မီးရောင်လဲ့လဲ့မြင်ရင် ကိုကိုများ ပြန်လာပြီလား လို့ မသိမသာ မျှော်နေမိတာ ပါပဲ..
အရင်တုန်းကတော့ အေးတိအေးစက် နိုင်တယ်လို့ ကိုကို စွပ်စွဲခဲ့ဖူးတဲ့ မိန်းမတယောက်ဟာ အခုတော့ အေးခဲနေတာမဟုတ်ဘဲ ခံစားချက်တွေ သေဆုံးနေတာလို့ ပြောရင် ကိုကိုက ဟားတိုက်များ ရီမလား..
‘မင်းဟာ လူမှ မဟုတ်ဘဲကွ.. စက်ရုပ်ပဲ.. ငါ့ကို လက်ထပ်လိုက်ရလို့ မင်း ဝမ်းနည်းနေတာ မဟုတ်လား နုနုထွေးရဲ့..မင်းကို ဘယ်တော့မှ ငါ ကွာရှင်းမပေးဘူး.. ငါစိတ်ဆင်းရဲရသလို မင်းလဲ စိတ်ဆင်းရဲစေရမယ်.. အဲ့တာ ငါ့ကျိန်စာ .. မင်း တသက် မှတ်ထား’
ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို အလန့်တကြား လက်ဖဝါးနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်တယ်.. ဒီနေရာက တဖဝါးမှ မခွာချင်ဘူး.. ကိုကိုလာရင် တံခါးဖွင့်ပေးဖို့ ကြိုးစားရမယ်.. ဝတ္တရား ရှိတဲ့အတိုင်း ထမင်းစားပြီးပြီလား.. ဒါမှမဟုတ် ရေချိုးမလား မေးရမယ်.. ဝတ္တရားရှိတဲ့အတိုင်း အိပ်ရာဝင်ရမယ်.. ဒါ သူမ ရွေးချယ်ခဲ့တဲ့ ဘဝ..
နောင်တ မရခဲ့ဘူးလား လို့ တပါးသူ မေးမှာထက် ကိုယ့်ကိုယ်ကို ပြန်မေးရမှာကို သေရမှာထက် ကြောက်မိတယ်.. ရွေးချယ်မှုတိုင်းမှာ ၂ ခု ဒါမှမဟုတ် ဒီ့ထက်ပို များများစားစား ရှိနိုင်မလား.. သူမအတွက် ရွေးချယ်ခဲ့တာဆိုတာ ခေါင်းညိတ်ခဲ့တာ တခုပင်.. ရွေးချယ်စရာဟာ ဒါမဟုတ်ရင် ဒါပါပဲ.. ရွေးချယ်ခွင့် ရခဲ့တယ်လို့ လူရီချင်စရာ ဟာသလုပ် ပြောခွင့်ရချင်ခဲ့တာ..
အရင်တုန်းက နုနုထွေး ဆိုတာဟာ တခြားကမ္ဘာက ဂြိုလ်သားအသွင်.. ပြောင်းလဲခဲ့ပါပြီ..
‘အမေ အိပ်ချင် အိပ်လေ.. သမီး ဆက်စောင့်လိုက်ပါမယ်..’
ယောက္ခမ အမကြီးက စိပ်ပုတီးကို လက်မှာ ပတ်လိုက်ပြီး ဆက်တီခုံလက်ရန်းကို အားပြု ထရပ်လိုက်တယ်..
‘အေး အမေ ခဏလှဲလိုက်ဦးမယ်.. ပြန်လာရင်လဲ စကား များမနေနဲ့တော့.. အဖေကြီး အကြောင်းလဲ နည်းနည်းပါးပါး သတိပေးလိုက်ဦး၊ မနက်ကျရင်တော့ ပူညံပူညံ အသံတွေ ကြားရပါဦးမယ်’
အဖေက သူမကို သနားလို့ မနက်မိုးလင်းတာနဲ့ ကိုကိုနဲ့ ဆူညံပူညံဖြစ်တာဟာ ထုံးစံလို ဖြစ်နေပြီ.. ဒီနေ့ ၁၀ နာရီဟာ နောက်ကျတယ် ဆိုရင်.. မနက်မိုးလင်း ဆူညံသံကြားရပြီးတာနဲ့ ကိုကို့ အိမ်ပြန်ချိန်ဟာ ၁၁ နာရီဖြစ်ခဲ့ပြီ.. ဒီလိုနဲ့ အချိန်တွေဟာ နောက်ကျသထက် ကျလာခဲ့တယ်..
အခုတော့…
‘ဟုတ်တယ်.. အဲ့ဒီ မိန်းခလေးဟာ မင်းထက်တော့ ငါ့ကို ပိုပြီး အသက်ဝင်စေတယ်.. ငါရှိနေတယ်ဆိုတဲ့ အသိကို သူက အသိအမှတ်ပြုတယ်.. အေးတိအေးစက် မဆက်ဆံဘူး.. မင်း နားလည်လား.. မင့်ထက်’
‘တော်ပါတော့ ကိုကို.. တော်ပါတော့.. ဒီလောက် နှိပ်စက်ရ တော်ပါတော့..’
‘ဘာကွ မင်းကို ကွာရှင်းပေးရမယ် ဟုတ်လား၊ ကွာရှင်းဖို့အတွက် မင်းကို လက်ထပ်ခဲ့တာ မဟုတ်ဘူး..
မနက်ခင်းက ရန်ပွဲမှာ သွေးတစက်စက်ကျနေတဲ့ ကိုကို့လက်ဖဝါးကို အောက်ငုံ့ထားတဲ့ မျက်ဝန်းတွေက တဆင့် ကြည့်နေမိတယ်.. ကိုကို့ရဲ့ လက်အနာက မြင်သာတယ် ဆိုရင်တောင် နုနုထွေးရဲ့ ရင်ဘတ်ထဲက နှလုံးသားက သွေးတစိမ့်စိမ့် ယိုကျနေတာကို မမြင်သာတော့တာ အမှန်ပါ…
ဝရံတာဘောင်ကို တကိုယ်လုံး အားပြုပြီး မှီရပ်လိုက်တယ်.. ဆက်လက် အားပြုဖို့အတွက် အားအင်တွေ ပေးပါဦး.. ဒီလိုမျိုးပဲ မှောင်မိုက်တဲ့ ညတစ်ညမှာ လွဲချော်ခဲ့တဲ့ ကံကြမ္မာက သူမကို ဒီ့ထက် မှောင်တဲ့ အမှောင်တွေဆီကို တွန်းပို့ခဲ့တာပဲ မဟုတ်လား..
မျက်ရည် စို ငိုခဲ့ရဖူးတဲ့ ချစ်ဦးသူကို အခုအချိန်အထိ မမေ့သေးဘူးလို့ .. အဲ့ဒီလို အထင်တွေကို ဘယ်တော့များမှ ချေဖျက်ခွင့်ရပါတော့မလဲ…. ထားလိုက်ပါတော့လေ.. ဒါ သူမရဲ့ကံကြမ္မာပါပဲ..
မီးရောင်စူးရှရှ မြင်တော့ နှလုံးသားက လှိုက်ခနဲ ထခုန်သွားတယ်.. တက္ကစီကားက သူမတို့တိုက်ခန်းရှေ့ကို ထိုးရပ်လိုက်ပေမဲ့ ဆင်းလာတဲ့သူကတော့ ကိုကို မဟုတ်ခဲ့..
နာရီလက်တံ တချက်ချက်က သူမကို အချက်ပေးနေသလိုပင်.. ဒီနေရာမှာ ရပ်နေတာ အချိန်ဘယ်လောက်ရှိနေခဲ့ပြီမှန်း သူမ မသိတော့.. ဘာကိုမှ မသိချင်တော့.. ညောင်းချိနေတဲ့ ခြေထောက်တွေနဲ့ ပင်ပန်းနေပြီဖြစ်တဲ့ စိတ်ဒဏ်ရာတွေ အကြားမှာ ဘယ်အရာဟာ ပိုအလေးသာသလဲ.. အခုအချိန်မှာ မချိန်စက်ချင်တော့..
အိမ်ပြန်နောက်ကျနေတဲ့ လင်သားတစ်ဦးကို စောင့်ရတာဟာ သူများတွေ အသိမှာ သနားကရုဏာ သက်စရာနော်.. အလည်ကျူးနေတဲ့ အိမ်ကို ပြန်မလာချင်တော့တဲ့ လင်သားကို ပေတေပြီး စောင့်ရတဲ့ သူမ အဖြစ်ကို မဲ့ပြုံးတချက် ပြုံးမိလိုက်တယ်..
‘မင်းက သနားစရာ သူတော်ကောင်းမလေးပါ နုနုထွေးရဲ့. .အခု ငါဆိုးပြနေတာတွေဟာ မင်းကိုတော့ ဂုဏ်တက်စေပါတယ်ကွာ.. ဟားဟား.. အခုဆို ငါ့အဖေက အစ ငါ့ကိုဆို ဆိုးသွမ်းနေတဲ့ လူဆိုးတယောက်လို့ ထင်နေတာမဟုတ်လား.. မင်းကလဲ ဒီလိုပဲ လိုချင်နေတာ မဟုတ်လား’
ဒါဆို ဘာဖြစ်လို့များ နုထွေးကို လက်ထပ်ချင်ခဲ့ရတာလဲလို့ ဟိုးအရင် အစဦးပိုင်း အချိန်တွေတုန်းကတော့ ရန်ဖြစ်တိုင်း မေးခဲ့တာပင်..
‘မင်းကို သိပ်ချစ်လို့ကွ.’
သိပ်ချစ်တယ် ဆိုတဲ့သူဟာ ကိုယ်ချစ်တဲ့သူကို အနည်းလေးတော့ စိတ်ချမ်းသာစေချင်တယ် မဟုတ်လား ကိုကို.. အချိန်တိုင်း မယုံသင်္ကာအကြည့်နဲ့ စွပ်စွဲပြောဆိုချင်တဲ့သူရဲ့ စကားလုံးတွေကြားမှာ သူမ ဘယ်လောက်အထိ ခံနိုင်ရည်ရှိနေမလဲ ဆိုတာကို ကိုကို တွေးကြည့်မိဖူး ပါရဲ့လား..
ချစ်တယ် လို့ ခဏ ခဏ ပြောဖူးတဲ့ ကိုကိုဟာ ကိုယ့်ကို ချစ်ရဲ့လားလို့ ဘာလို့များ မမေးခဲ့တာလဲ.. ကိုယ့်ကို ချစ်ပါလို့ ဘာလို့များ မတောင်းဆိုခဲ့ဖူးတာလဲ .. အခုအချိန်မှာ စဉ်းစားစရာ မလိုတော့ဘူး.. သူမ မဟုတ်တဲ့ မိန်းခလေးတယောက်ရဲ့ အပြုအစုမှာ ကိုကို သာယာနေခဲ့ပြီ.. အမေနဲ့ အဖေရဲ့ မေတ္တာ စေတနာတွေကို နားလည်ပေမဲ့ ကိုကို့ရဲ့ လက်ရှိအခြေအနေကိုတော့ အသိမပေးချင်ခဲ့..
စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို အတိအကျ လိုက်နာခဲ့တဲ့ သူမရဲ့ သည်းခံနိုင်မှုတွေကြားထဲမှာ ကိုကို့ကို ဘယ်အချိန်အထိ သည်းခံရမလဲ.. သည်းမခံနိုင်တော့တဲ့ အခါတွေမှာ ဘယ်အရာကိုများ ထွက်ပေါက်ယူရမလဲ.. ဟင့်အင်း မသိချင်ပါဘူး.. ပြန်စရာ အိမ်မရှိတော့တဲ့ သူမ အတွက်တော့ အရာရာဟာ မှောင်အတိကျနေခဲ့တာပင်..
မှောင်မိုက်တဲ့ ညအလယ်မှာ အခုတော့ သူမ တယောက်တည်းပင်.. အယင်တုန်းကလဲ သူမ တယောက်တည်းပါပဲ.. အခုတော့လဲ တယောက်တည်းပါပဲ..နောင် ဘယ်အချိန်ထိများ တယောက်တည်း ရှိနေမလဲ ..
အမှောင်ဟာ သိပ်နက်နဲလွန်းလာတဲ့အခါ ပြောင်လက်ပြီး လှပလာတယ်လို့ ထင်လာမိတယ်.. ညအမှောင်ဟာ အထီးကျန်တဲ့စိတ်ကို ပိုပြီး အားကောင်းစေလာခဲ့တယ်.. အမှောင်ရဲ့ ဓာတ်ကို သဘောကျနေတဲ့ သူမ အတွက်တော့ ဘယ်အရာက ပိုမှောင်လာစေသလဲ မစဉ်းစားချင်ခဲ့တော့..
အိပ်မက်တွေထဲမှာ အိပ်မက်ပဲ ရှိခဲ့တဲ့ သူမအတွက်တော့ အမှောင်တွေထဲမှာလဲ အမှောင်ပဲ ရှိမှာပါ.. အလင်းတစ တွေ့ဖို့ စိတ်ကူးယဉ်နေတယ်ဆိုတာကို တဖြည်းဖြည်း သိလာခဲ့ပြီ…
လမ်းချိုးကွေ့ရဲ့ မီးတိုင်လင်းရောင်အောက်မှာ အနက်ရောင် စိတ်ကူးတစ လွင့်မျောလာနေခဲ့ပြီ.. သံဘာဂျာတံခါးကို အသာအယာ ထိတွေ့လိုက်တော့ အေးစက်နေတဲ့ အတွေ့က အထိတ်တလန့် ဖြစ်စေမိတယ်.. အသံမမြည်အောင် သတိထားနေရင်းကြားက သော့ခလောက်နဲ့ သံတိုင် ရိုက်ခတ်သံက နားစည်ကို ဆူညံသွားစေခဲ့တယ်..
လွတ်မြောက်ထွက်ခဲ့ပြီ.. နောက်ဆုံးတော့ သူမ မုန်းတဲ့ အမှောင်ထုထဲမှာကိုပဲ သူမဟာ အမှောင်တစကို ဖမ်းဆုပ်ချင်မိတဲ့သူ တယောက် ဖြစ်ခဲ့ပြီ.. အမှောင်ထုထဲ တိုးဝင်လာလေ.. အမှောင်ဟာ ပိုမှောင်လာလေပါပဲ..
တိတ်ဆိတ်နေတဲ့ ညမှာ ညှပ်ဖိနပ်သံပါးပါးက နောက်ကျောက လိုက်လာတဲ့ တစ္ဆေတကောင်လို သူမရဲ့နောက်ကျောကနေ ကပ်ပြီးလိုက်လာတယ်.. ကတ္တရာပါးပါး ခင်းထားတဲ့ လမ်းပေါ် ကျောက်စရစ်ခဲချည်း သပ်သပ်သာ ရှိနေတဲ့ လမ်းတလျှောက်မှာ ဘဝဟာ နောက်ကျောမလုံခဲ့ဘူးဆိုတာကို ပိုသိသာလာစေတယ်..
အားကိုးစရာ ခြေဖဝါးနဲ့ အိပ်မက်တွေကိုသာ ဆုပ်ကိုင်ခဲ့တဲ့ သူမရဲ့ ပိုင်ဆိုင်မှုတွေကြားမှာ သူမဟာ ဘာမှ မဟုတ်တော့.... သူမရဲ့ မိန်းမသားဘဝ.. သူမရဲ့ ကံကြမ္နာ၊ သူမရဲ့ အနာဂတ်၊ သူမရဲ့ ဖြစ်တည်မှု .. အားလုံး အားလုံးဟာ ပျောက်ဆုံးသွားခဲ့ပြီ..
ဒီလမ်းချိုးအကွေ့လေးကို လွန်ရင် ဘဝဟာ လွတ်မြောက်ထွက်ခဲ့ပြီလို့ သူမ ထင်နေခဲ့ပြီ..
ပါးပြင်ပေါ် စီးကျလာနေတဲ့ နှလုံးသားရဲ့ငိုကြွေးသံတွေကို ဘာကမှ မတားဆီးနိုင်တော့.. စူးစူးရှရှ ကားမီးလင်းတန်းအောက်မှာ သူမက တကိုယ်လုံး ပစ်ဝင်ခဲ့လိုက်ပြီ… နံဘေးကို ပြေးဝင်လာတဲ့ မော်တော်ကားရဲ့ အရှိန်နှုန်းကို သူမ ဝမ်းသာအားရ ကြိုဆိုမိလိုက်တဲ့ အခိုက်မှာပဲ ဘရိတ်အုပ်သံ ကျယ်ကျယ်လောင်လောင် ကြားရပြီး ကတ္တရာလမ်းမနဲ့ ကားဘီးပွတ်တိုက်သံက သူမ နားထဲ အရှိန်ပြင်းစွာ ဝင်ရောက်ခဲ့တော့တာ..
တံခါးဖွင့်သံ ကျယ်ကျယ်ကို ကြားရပြီး ပြေးဝင်လာတဲ့ ဖိနပ်သံတွေကြားမှာ သူမ အကြားချင်ဆုံး အသံကို ကြားလိုက်ရတယ်..
‘နုထွေး..’
တင်းထားတဲ့ စိတ်တွေ အကုန်လျှော့ချလိုက်တဲ့အခါမှာတော့ အမှောင်ထဲမှာ ပျော်တဲ့ မိန်းခလေးဟာ အမှောင်ထဲကိုသာ တိုးဝင်သွားတော့တာပါပဲ..
ပြည့်စုံ
လင်းလက်တဲ့ ကြယ်စင် ၆ လုံးနဲ့ တောင်ဆိတ်တကောင်ရဲ့ ဒဏ္ဍာရီကို မသိခင်ကတော့ ကိုယ်ဟာ မြင်မြင်ရာ ချိုနဲ့ဝှေ့ချင်တဲ့ ဒေါသသင့်နေတဲ့ မိန်းမငယ်တယောက်သာ ဖြစ်နေခဲ့တယ်.. ဘာကြောင့်များ ကိုယ့်ရဲ့ စေတနာ တွေဟာ မြင်သာတဲ့ အရာတွေ အဖြစ် ပြောင်းလဲမသွားတာလဲ.. လူတွေအပေါ် နာကျည်းချင်တတ်တဲ့ စိတ်က နှလုံးသားမှာ မကြာခဏ အမြစ်တွယ်ခဲ့ဖူးတယ်..
ဒါပေမဲ့ ခဏတာပါပဲ.. အတေးအမှတ် ကြီးတတ်တဲ့ မိန်းခလေးဟာ တခါတလေတော့လဲ အရာရာကို သင်ပုန်းချေပစ်လိုက်တာပါပဲ.. ကလဲ့စားချေဖို့အထိ ဥာဏ်ရည်မမှီတတ်တော့ အနုနည်းနဲ့သာ ဆန့်ကျင် သင်ပုန်းချေ ကန့်လန့်ကာ ပိတ်ခဲ့စေတော့တယ်..
ပင်လယ်နတ်ဖုရား ပိုဆိုက်ဒွန်ဟာ တောင်ဆိတ်တကောင် အသွင်ပြောင်းလိုက်ပြီး လှပတဲ့ လူမိန်းမသား သီအိုဖာနီကိုပါ တောင်ဆိတ်မ အသွင် ပြောင်း တူနှစ်ဖြာ မေတ္တာမျှ ချစ်ခင်စုံဖက်လို့ အလွန်တန်ခိုးကြီးပြီး ရွှေရောင်အတိပြီးတဲ့ အမွှေးအမျှင်နဲ့ အတောင်ပံ ပါပြီး လေမှာ ပျံဝဲနိုင်တဲ့ နတ်တောင်ဆိတ်ကြီး တကောင်ကို ဖွားမြင်တယ် တဲ့.. ဒါဟာ ပုံပြင်ရဲ့ အစပါပဲ..
ဒဏ္ဍာရီလာ နတ်ဖုရားတွေရဲ့ သမိုင်းမှာ ရွှေရောင်တောင်ဆိတ် တကောင် မွေးဖွားလာပုံ ပုံပြင်တပုဒ်..
ကိုယ့်ကတော့ ရက်ထပ်တဲ့ သင်္ကြန်ရက်ရဲ့ ပထမဆုံး အကြိုနေ့ တရက်မှာ ဖွားမြင်ခဲ့တယ်.. ရွှေရောင်တောက်ပ မနေတဲ့ ကိုယ့်ရဲ့ ငယ်ဘဝဟာ သူလိုကိုယ်လိုပါပဲ.. အဲ့ဒီမှာတင် ရွှေရောင်တောင်ဆိတ်တကောင်နဲ့ နက္ခတ်သာ တူတဲ့ မိန်းခလေး တယောက် မွေးဖွား လာခဲ့တာပါ.. ကိုယ်ဟာ ဒဏ္ဍာရီထဲကလိုလဲ ရွှေရောင် မတောက်ပဘူး.. သာမာန် မိန်းမငယ်တဦးပါ..
ရွှေရောင်တောင်ဆိတ်ဟာ လူ့ကမ္ဘာမှာ နေထိုင်ပြီး ဒုက္ခရောက်သူတွေကို ကူညီသတဲ့.. ကိုယ်တို့မှာ တူညီတာ ဒါပဲ ရှိတယ်.. ဒါနဲ့တင် ကိုယ်ဟာ ရွှေရောင်တောင်ဆိတ်လို လူတွေကို ကူညီချင်တတ်တဲ့ နတ်ဆိုး တကောင် ဖြစ်လာတော့တာပဲ.. ကိုယ်က လူတွေကို ကူညီချင်တယ်.. လူတွေက ကိုယ့်အကူအညီကို လိုအပ်တုန်းသာ အသုံးချချင်ပြီး ကိုယ့်နာမည်ကိုတော့ မေ့ထားချင်ကြတယ်.. ကိုယ်က အဲ့ဒီအတွက် မနာကျင်ခဲ့ပေမဲ့ သူတို့ကတော့ လိပ်ပြာမလုံခဲ့ဘူး.. အဲ့ဒီမှာတင် ပြဿနာတချို့ စတင်ခဲ့တော့တာ..
လူတွေဟာ ကိုယ်တိုင်က လိပ်ပြာမလုံတဲ့ အခါ .. လုံလောက်တဲ့ ဆင်ခြေတရားတွေကို အရူးအမူး ရှာဖွေတတ်တော့တာပါပဲ.. အဲ့ဒီမှာတင် ကမ္ဘာမီးလောင် သားတောင် ချနင်း သတဲ့.. ကိုယ်က အပြစ် မတင်ခဲ့ပါဘူး.. ဒါပေမဲ့ ကိုယ်ချစ်တဲ့သူတွေကိုတော့ အနည်းဆုံး လိပ်ပြာ လုံလုံနဲ့ ဝင့်ဝင့်ကြွားကြွား ဖြစ်စေချင်ခဲ့တယ်.. ဒါပေမဲ့ ကိုယ်ပဲ မှားခဲ့တယ်.. ကိုယ့်အပေါ် မကောင်းခဲ့တဲ့သူတွေ အပေါ် ကိုယ်က သူတော်ကောင်း လုပ်ချင်ခဲ့မှုတဲ့.. အဆုံးမှာတော့ ရေပေါ်မှာ အရုပ်ရေးသလို ကိုယ့်စေတနာတွေဟာ ရေတပွက်တောင် မပွက်ခဲ့.. အလဟဿဖြစ်ခဲ့ပြီ..
အဲ့ဒီအချိန်မှာပေါ့ လူ့ပြည်မှာ အဲ့သားမတ် ဆိုတဲ့ ဘုရင်က မိဖုရား နက်ပလီနဲ့ ပေါင်းဖက်ပြီး သားတော် ဖလစ်ဆပ်နဲ့ သမီးတော် ဟယ်လီကို မွေးဖွားသတဲ့.. ဒါပေမဲ့ အဲ့သားမတ်ဟာ လောဘကြီးတယ်.. အီဒို ဆိုတဲ့ အမျိုးသမီးကိုပါ မိဖုရားမြှောက်လိုက်တဲ့အခါ မိဖုရား နက်ပလီဟာ အချစ်ရေးမှာ အရေးနိမ့်သွားတော့တယ်..
အီဒို မိဖုရားက ချစ်ခြင်းကို အပြည့်အဝ ရတာတောင်မှ လောဘကြီးလွန်းတဲ့ အတွက် သူမရဲ့ နောင်မွေးလာမယ့် သားကလေး ထီးနန်း မရမှာစိုးလို့ မိဖုရား နက်ပလီရဲ့ သားတော်နဲ့ သမီးတော်ကို ယဇ်ပုလ္လင်မှာ ပူဇော်ဖို့ လင်သားကို သွေးဆောင်တော့တာပါပဲ..
ကိုယ်တော်ရဲ့ သားနဲ့သမီးကို ကိုယ်တော်ကိုယ်တိုင် ယဇ်ပူဇော်ဖို့ မိုက်မိုက်မဲမဲ စဉ်းစားနေတဲ့ ဘုရင် အဲ့သားမတ်ကို တောင်းပန် တိုးရှိုးလို့ မရတော့တဲ့ မွေးမိခင်ဖြစ်တဲ့ နက်ပလီက ရွှေရောင် တောင်ဆိတ်ကြီးကို အကူအညီ တောင်းရတော့တာပေါ့..
ကြင်နာတတ်ပြီး လူသားတွေကို ကူညီချင်တတ်တဲ့ ရွှေရောင် တောင်ဆိတ်က မောင်နှမ နှစ်ယောက်ကို ကျောပေါ် တင်ပြီး ပင်လယ် ကို ဖြတ်ပျံ ခဲ့ပေမဲ့ သမီးကလေး ဟယ်လီက ပင်လယ်ထဲကို ပြုတ်ကျရှာသတဲ့.. သားတော်လေး ဖလစ်ဆပ်ကိုတော့ Aries နတ်ဖုရားကို အပ်ခဲ့တယ်..
ရွှေရောင်တောင်ဆိတ်ကြီးဟာ သေအံ့ဆဲဆဲဖြစ်နေတဲ့ မောင်နှမ နှစ်ယောက်ကို သူ့ရဲ့ အသက်နဲ့ လဲထပ်ပြီး ထာဝရ ရှင်သန်တဲ့ နတ်ဖုရားတွေ အဖြစ် ပြောင်းလဲပေးခဲ့တယ်..
ဟယ်လီကလေးက ပင်လယ်နတ်သမီးဖြစ်သွားခဲ့ပြီး သားတော် ဖလစ်ဆပ်ကိုတော့ အေရီးစ် နတ်ဖုရားရဲ့ သမီးနဲ့ လက်ဆက်စေခဲ့တယ်.. ရွှေရောင်တောင်ဆိတ်ကြီးဟာ သူ့ရဲ့ ရွှေရောင်တောက်ပတဲ့ အရေခွံကိုသာ နတ်ကွန်းရှေ့မှာ ချိတ်ဆွဲပေးပါ ဆိုတဲ့ တောင်းဆိုမှုကိုသာ ပြုခဲ့ရှာသတဲ့..
ရွှေရောင်တောင်ဆိတ်ကြီးရဲ့ ကြင်နာတတ်တဲ့ အသည်းနှလုံးကို ချီးမြှင့်မြှောက်စားတဲ့ အနေနဲ့ ဇုနတ်မင်းကြီးက ကောင်းကင်ပေါ်မှာ တောက်ပ ကြည်စင်တဲ့ ကြယ်စင် ၆ လုံးနဲ့ ရွှေရောင်တောင်ဆိတ်ပုံကို မှတ်တမ်းထိုးစေခဲ့တယ်..
မြင့်မြတ်တဲ့ နှလုံးသားကို အရင်းခံပြီး အမှန်တရားဘက်က ရပ်တည်ပြီး အသက်ကို စတေး ပေးဆပ် ရဲဝံတဲ့ သဘာဝကို အမှတ်ရစေဖို့အတွက် ကြယ်စင်တွေရဲ့ အလင်းတန်းနဲ့ ထိတွေ့သူဟာ လူသားတွေကို အကျိုးပြုတဲ့ မြင့်မြတ်တဲ့သူတွေ အဖြစ် မွေးဖွားစေခဲ့သတဲ့..
ဒီနက္ခတ်တွေနဲ့ ယှဉ်မွေးခဲ့တဲ့ မိန်းခလေးဟာ လူသားအကျိုးပြု မြင့်မြတ်တဲ့ သူတဦး ဖြစ်ခဲ့ပါရဲ့လား.. အခုအချိန်မှာတော့ ကြယ်စင်ရဲ့ အလင်းကို ထိတွေ့မှာစိုးလို့ ကန့်လန့်ကာနောက်ကနေ ကောင်းကင်ကို တိတ်တခိုး မျှော်ကိုးကြည့်တတ်တဲ့ မိန်းခလေးမှာ အထီးကျန်စိတ်နဲ့ အတူ ကြင်နာတတ်တဲ့ နှလုံးသားတစုံ မပျောက်ဆုံးနိုင်သေးတာဟာလဲ ဘုရားပေးတဲ့ လက်ဆောင်တခုပါပဲ..
တစုံတရာကို မမျှော်ကိုးပေမဲ့ ရရှိလာတဲ့ ရလဒ်တွေကြားမှာ မလူးသာ မလွန့်သာ နာကျင်စရာတွေချည်းသာ အမြဲ ကြုံရတော့တာ.. ပေးဆပ်ခြင်းဟာ ရယူခြင်းအတွက် ပထမ အစ ခြေလှမ်းဆို ဘယ်အရာကို ပေးဆပ်လိုက်လို့ ဘယ်အရာကိုများ တောင်းဆိုခဲ့ရဖူးသလဲ.. ကိုယ် မစဉ်းစားတတ်ခဲ့.. ကိုယ်ပေးတဲ့ အကူအညီဟာ ထောင်တန်သလား၊ သောင်းတန် သလား၊ ကျိန်းသေတာကတော့ တန်ဖိုးမသိသူတွေကြားမှာ ပေါ့တန်စေခဲ့တယ် ဆိုတာပါပဲ..
ဘဝ လမ်းကြောင်းတလျှောက်မှာ တပါးသူတွေရဲ့ ပြဿနာ အခင်းအကျင်းတွေကြားထဲ မျောပါ တတ်ခဲ့တဲ့သူဟာ ကိုယ့်ဘဝအတွက်တော့ ရောင့်ရဲ တင်းတိမ်နိုင်တာချည်းပါပဲ.. ဦးဆောင် လမ်းညွှန်ဖို့ စိတ်ထက်သန်တဲ့ သူဟာ အဆုံးမတော့ ရှေ့တိုးရင်း ချောက်ထဲကျ.. ဘဝဟာ နောက်ကျောကို ထိုးတဲ့ ဓားတွေကို ဖယ်ရှားနေရတာနဲ့တင် တသက်တာ ကုန်ဆုံးစေခဲ့..
အို ရွှေရောင်တောင်ဆိတ်ကြီးရေ.. အသင့်မှာ အသက်နဲ့ထပ်တူ လဲထပ်ခဲ့တဲ့အတွက် နောင်တ ဆိုတာမျိုး ရခဲ့ဖူးပါသလား.. အို ကိုယ့်မှာတော့လေ တခါတလေမှာ နောင်မှ ယူကြုံးမရ နောင်တဆိုတာမျိုး ခဏ ခဏ ကြုံရဖူးတဲ့အတွက် နာကျင်ခံစားလိုက်ရတာ…
မိုးမြင့်ပျံ တိမ်ညွန့်စား စွမ်းပကားကို ပိုင်ဆိုင်ခဲ့ဖူးတဲ့သူတဲ့.. ကြယ်စင်တွေရဲ့ အလင်းတွေ လူတွေအပေါ် ထင်လင်းစေချင်လွန်းလို့ အချိန်တိုင်းသာ လမိုက်ည ဖြစ်စေချင်တဲ့သူ..ဒီလိုလူမျိုးမှာမှ အချိန်တိုင်းဟာ လပြည့်တယ်..
ရာသီအစ အဲ့ဒီ မိဿ ရာသီခွင်ကိုက ဒုက္ခရောက်နေသူတွေကို ကျောပေါ်ပိုးပြီး ဒုက္ခ အဆင်းရဲခံတတ်တဲ့ တောင်ဆိတ် တကောင်ကို ကိုယ်စားပြုတယ်.. ကိုယ့်မှာ တောင်ဆိတ်နဲ့ တူတာဆိုလို့ ဒုက္ခတွေကို ကျောမှာ ပိုးထားနေတုန်း ပိုးထားရတုန်းသာ ရှိနေခဲ့..
မလိုအပ်တဲ့ အကူအညီတွေ လျှော့ပြီး စေတနာပိုလွန်းအားကြီးတာတွေကို လျှော့လိုက်ပါတဲ့လေ.. ရွှေရောင်တောင်ဆိတ်တကောင်နဲ့ လူ့ပြည်က ဒုက္ခတွေကို ကျောပိုးထားတဲ့ မိန်းမငယ် တယောက်ကြားမှာ နက္ခတ်တူ ရာသီခွင် တူရုံကလွဲလို့ ဘာတွေများ ထူးခြားတာမျိုးတွေ ရှိနိုင်မလဲ..
စဉ်းစားချင်ပါရဲ့.. တွေးတောဖို့ ဦးနှောက်အစုံက အခုတော့ ပင်ပန်းလွန်းလို့ ရူးသွပ်ခဲ့ပြီ.. တော်ပါပြီလေ.. ကိုယ့်စိတ်ကို နာကျင်အောင် ဆုံးမလဲ.. အမှတ်မရှိတဲ့ မိန်းကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုး ရှေ့ကိုသာ ဆက်တိုးနေတော့တာ..
ကောင်းကင်က အလင်းလက်ဆုံး ကြယ်တွေကို စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ တောင်ဆိတ်တကောင်ရဲ့ ပုံသဏ္ဍာန်ပေါ်နေတဲ့ မိဿရာသီခွင်ရဲ့ အရုပ်.. အင်္ဂါဂြိုလ်စိုးမိုးပြီး တနင်္ဂနွေဂြိုလ် နေမင်းရဲ့ အားကောင်းတဲ့ အစွမ်းကို ပိုင်ဆိုင်ထားတဲ့သူ.. ရန်အပြိုင်အဆိုင်တွေကို ရင်ဆိုင် ချေမှုန်း ဖယ်ရှားဖို့ ကြိုးပမ်းနေရတဲ့သူ.. ဘဝတိုက်ပွဲကို အမြဲတစေ ရင်ဆိုင် တိုက်ခိုက်နေရတဲ့သူ ဖြစ်ပါတယ်တဲ့..
တကယ်တော့ ကိုယ်ဟာ အေးအေးဆေးဆေး နေချင်ပါတယ်.. ထိတွေ့နေရတဲ့ အဝန်းအဝိုင်းကို သိမ်းသွင်းနိုင်သတဲ့.. ဖြစ်နိုင်ပါရဲ့လား.. ကိုယ် ဆိုတဲ့သူကလဲ ဗေထိ ဆိုတာနဲ့ အနည်းလေးတော့ နဖူးမှာ တချက် ကျောမှာ တချက် မြှားချက်က ထိမှန်ခဲ့စမြဲ ..
အသက်အရွယ် ကြီးရင့်လာတာနဲ့ အမျှ စိတ်တွေကလဲ မဖြူစင်နိုင်တော့.. အရင်လို ဖြူဖြူစင်စင် ကူညီမှုတွေ မပေးနိုင်တော့တဲ့အပြင် အခါ ထပ်ခါ ထပ်ခါ ပြောနေရတဲ့ စကားလုံးတွေကြားမှာ စိတ်မရှည်တတ်တော့.. လူတွေကို ကုန်းပိုးပြီးသာ လိုရာ သယ်ဆောင်ပေးလိုက်ချင်သည်.. သူတို့ရဲ့ ပြဿနာတွေကြား နာမခံချင်တော့..
လူတွေဟာ အယင်ကထက် ပိုပြီး ဒုံးဝေးလာတယ်လို့ ထင်နေရင်းနဲ့ကို တကယ်တော့ ပိုဝေးသွား တဲ့သူဟာ ကိုယ်ကိုယ်တိုင်သာ ဖြစ်နေခဲ့တော့တာ.. စကားတခွန်းကို ၂ ခါ ထပ်ပြောရင် ဒေါသတကြီး ဖြစ်လာတတ်တဲ့ ကိုယ်ဟာ တကယ်တော့ ပထမ တခွန်းမှာတင် စိတ်က တိုနှင့်ခဲ့ပြီ..
ကိုယ်က ရာနှုန်းပြည့် လူကောင်း မဟုတ်ပါဘူး.. လူဆိုးလဲ မဟုတ်ခဲ့ပါဘူးကွယ်.. ဒါပေမဲ့ အနည်းဆုံးတော့ ကိုယ့်စကားလုံးတွေဟာ သူတပါးရဲ့ အပြုံးတွေ အဖြစ် ပြောင်းလဲ သွားစေချင်ပါတယ်.. ကိုယ်ဟာ အရောင်ထည် ဖြစ်ခဲ့ရင်တောင် အဖြူရောင် မဖြစ်ချင်ခဲ့... လူတွေရဲ့ အပူတွေကို စုပ်ယူပေးနိုင်တဲ့ အနက်ရောင် ပုဝါထည် တစသာ ဖြစ်ချင်ခဲ့တယ်..
ရွှေရောင်တောင်ဆိတ်ရဲ့ အလင်းတန်းနဲ့ ထိတွေ့ခဲ့ပြီး မွေးဖွားခဲ့တယ် ဆိုတဲ့ သူဟာ ကူညီချင်တဲ့ ကြင်နာတတ် တဲ့ စိတ်တွေ ခေါင်းပါးလာပြီလို့ တွေးမိတဲ့အခါ တိတ်တဆိတ်သာ ဝမ်းနည်းလာလေတော့သည်.. နေနှင့်ပါဦးကွယ်.. အပြာရောင်ကြည်စင်တဲ့ ကောင်းကင်ပြင်သာ တိမ်ကင်းစင်တဲ့ တနေ့ ရောက်ခဲ့ရင် ကိုယ်လေ အယင်လို ပြန်ဖြစ်စေရပါ့မယ်လို့.. ဘယ်သူမှ မသိလဲ ဘေးမှာ မရှိနိုင်တော့တဲ့သူကို တိုင်တည် ဆုတောင်းခဲ့ဖူးပါရဲ့..
ရာသီစက်ဝန်းဟာ အခုတော့ တပတ် ပြန်လည်ခဲ့ပြီ.. အသစ် စတင်ဖြစ်ထွန်းတဲ့ နှစ်အသစ် အစမှာ အသစ်တဖန် မွေးဖွားခြင်းတွေနဲ့ ပြန်လည် သက်ဝင် လှုပ်ရှားမှုတွေ ပြန်လာနိုင်ဦးမယ်တဲ့.. အယင်လိုသာ ပြန်ရမယ်ဆို ဖြူစင်တဲ့ ဟိုအယင်လို ဘဝမျိုးသာ ပြန်ရချင်တော့တာ..
ပျောက်ဆုံးသွားတဲ့.. ကျရှုံးခဲ့ပြီလို့ ထင်ရတဲ့.. ပျောက်ကွယ်သွားခဲ့ဖူးတဲ့.. ဖြူစင်တဲ့ စိတ်နှလုံးနဲ့ အယင်လို အပြုံးမျိုးကို ပြန်ရချင်မိတဲ့ မိန်းခလေးဟာ.. လောကအလယ်မှာ ယက်ကန်ယက်ကန် ကူးခတ်နေရတုန်းပါပဲ.. ၂၀၁၂ ရယ် ဘဝမှာ အပျော်ဆုံးနှစ်သစ် တစ်နှစ်တော့ ဖြစ်ပါရစေဦး.. လုံးလုံးတော့ စိတ်က မပြောင်းသွားနိုင်ပေမဲ့ အတတ်နိုင်ဆုံးတော့… အရာရာ အကောင်းဘက်ကို ပြောင်းလဲသွားစေချင်ပါတယ်..
ပြည့်စုံ
(၁-၆-၂၀၁၁၊ ၁း၅၆ pm)Unknownnoreply@blogger.com3tag:blogger.com,1999:blog-3975068002587320368.post-62094760009766023162012-01-02T07:44:00.000-08:002012-01-02T07:46:53.264-08:002012 အထိ ဒါတွေ ပါလာတယ်..2011 နှစ်ထဲမှာ မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေ အများကြီး ကျန်ခဲ့တယ်.. အကြွေးတွေလိုပဲ.. မေ့မသွားဘဲ 2012 အထိ သူတို့လိုက်လာတယ်..
ကိုယ်ရော စိတ်ပါ အတူတူ ပြောင်းလဲဖို့ ကြိုးစားတိုင်း ကိုယ်ရော စိတ်ပါ ပင်ပန်းတကြီး လဲပြိုသွားခဲ့ဖူးသည့် အတွက် ဘယ်တော့မှ အတင်းအကျပ် ပြောင်းလဲယူဖို့ မကြိုးစားဖြစ်တော့..
လွတ်ကျသွားတယ်.. လွင့်စဉ်ကျသွားခဲ့ပြီး.. အတော်ဝေးဝေးအထိ လိုက်မမှီနိုင်တော့တဲ့ အထိ .. ခပ်ဝေးဝေး နေရာအထိ လွင့်မျောသွားတဲ့ အရာတွေထဲ.. ပျော်ရွှင်ခြင်းတွေနှင့်အတူ လူတွေကို အကောင်းမြင်စိတ်ပါ ပါသွားခဲ့တယ်.. ပြန်မရခဲ့တော့ဘူး..
ရီမောခြင်းဟာ ပါးစပ်ဖျားက လာသလားလို့ သံသယဝင်နေရင်းနဲ့ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဟာ တန်ကြေးကြီးကြီးတွေနဲ့ လဲယူလို့ မရခဲ့ဘူး.. ပျောက်ဆုံးသွားပြီ..
ကိုယ်က ဘယ်သူပါ လို့ ဆိုတဲ့သူတွေကို သိကျွမ်းရတာထက် ကိုယ့်ဘာသာ ရှာဖွေယူရတဲ့ မိတ်ဆွေ အစစ်အမှန်တွေကိုပဲ တန်ဖိုးထားပါတယ်.. ဒါပေမဲ့ ကိုယ်ယုံကြည်တာတွေလဲ တခါတလေမှာ အမှားပါတတ်တယ်..
မိန်းမတွေဟာ ဦးစားပေးခံရတယ်လို့ ရှေးအစဉ်အဆက် ယုံကြည်ခဲ့တာတွေကို စိတ်ထဲ မှတ်ထင်ထားရင်း တကယ်တော့ အသနားခံ လူတန်းစားအဖြစ်သာ ပါးစပ်အရသာခံနေရမှန်း သိနေတဲ့အခါ သူတို့အစား ရှက်မိတယ်.. ကိုယ်သာ လိပ်ဆို ခေါင်းမပြူဝံ့တော့...
တယောက်တည်း နေရတဲ့ ဘဝကို မက်မောမိပေမဲ့ ဘဝဟာ ကူးခတ်နေမှသာ မနစ်မြုပ်မှန်း သိရတော့တယ်.. ကောလဟာလတွေ၊ မနာလို အတင်းအဖျင်းတွေနဲ့ မစ္တရိယစိတ်တွေကြား ပေါလောမျောနေတဲ့ ဘဝပင်လယ်ကြီး.. ကမ်းမမြင် လမ်းမမြင် မျက်မမြင်.. ကိုယ်တယောက်တည်းပဲ စိတ်ကူးယဉ်..
ပြည့်စုံ
လှည့်စားတတ်တဲ့ ပင်လယ်နဲ့
လှည့်ဖျားတတ်တဲ့ လူတွေကြားမှာ
လှိုင်းတလုံးစာသာ အကွာအဝေးရှိမှန်း သိတဲ့ တနေ့
ပင်လယ်ဆီ မရောက်တော့တဲ့ မြစ်ကျိုးအင်းအဖြစ် ဝပ်ဆင်း
အဲ့ဒီနေရာမှာ ခြေဆင်းပြီးတော့သာ ထိုင်နေလိုက်တော့တယ်..
ပြည့်စုံ
(၁၂း၁၅ am/ 26-12-2011)Unknownnoreply@blogger.com1tag:blogger.com,1999:blog-3975068002587320368.post-52829772082228958312011-11-22T18:59:00.000-08:002011-11-22T19:04:00.562-08:00စိတ်ချင်းဆက်သွယ်မှုဘဝရဲ့မြစ်ပြင်ကျယ်ထဲ
အလျားလိုက် ကူးခတ်မရတော့လဲ
ဒေါင်လိုက် တရွတ်ဆွဲ ကူးခတ်နေရတာပါပဲ
လိမ့်ကျသွားတာက အမှားမဟုတ်ဘူး
ကူးခတ်ရဲတာကမှ ဘဝတဲ့
တခါတလေတော့လဲ
ကိုယ့်မျှော်လင့်ခြင်းတွေကို ကိုယ်ပြန်မျှား
ကိုယ့်အနားမှာ အရင်းနှီးဆုံးသူစိမ်းလေးကို ရှိစေချင်သူပါ
လက်တွဲထားရင်းနဲ့ လမ်းခွဲခဲ့
လမ်းခွဲရင်းနဲ့ပဲ လက်ပြနှုတ်ဆက်ခဲ့ပါတယ်…
ဝေးခဲ့ပါပြီ
ငယ်စဉ်က အတိတ်တွေနဲ့
ရွှေဝါရောင်အိပ်မက်တွေဟာ
ထပ်မတွေ့ချင်တော့ပါဘူး
စိတ်ကူးနဲ့ လက်တွေ့မအပ်စပ်တဲ့သူမျိုးတွေနဲ့
ဒီနံပါတ်ကိုခေါ်ပါ ဒီနေရာမှာ ကိုယ်ရှိချင်မှရှိနေနိုင်မယ်
လူကြီးမင်းက ဆက်သွယ်မှုဧရိယာပြင်ပကို ရောက်ချင်ရောက်မယ်
ဆက်သွယ်မထားတာမျိုးလဲ ဖြစ်နိုင်တယ်
ဒီနံပါတ်ကိုပဲ ခေါ်လိုက်ပါ
ကိုယ်ရှိချင်ရှိမယ် ကိုယ်မရှိချင်မရှိဘူး
ကျိန်းသေတွက်လို့ မရတဲ့အထဲ ဖုန်းဆက်ခြင်းပါမယ်ဆို
တယ်လီပသီနည်းနဲ့သာ ကိုယ့်ကိုဆက်သွယ်လိုက်ပါ....
ပြည့်စုံ
(၁၀း၀၁ am၊ ၂၃-၁၁-၂၀၁၁)Unknownnoreply@blogger.com4tag:blogger.com,1999:blog-3975068002587320368.post-63525918164271786052011-10-19T03:04:00.000-07:002011-10-19T04:29:18.068-07:00လက်ချောင်းများ အကြောင်းလက်ညှိုးရဲ့ စကားကို မဆိုင်းမတွ ပြန်ပက်လိုက်ချင်သည့်စိတ်က လက်သူကြွယ်ရဲ့နှလုံးသားကို လာရောက်ဖိစီးလေသည်..
မင့်ဟာ ဒီကျောက်နီလက်စွပ်နဲ့ တန်တဲ့အကောင်စားမျိုးလားကွ.. လက်ညှိုးက ရယ်ရွှမ်းပတ်ရွှမ်းပြောလိုက်ပေမဲ့ သူ နာသွားသည်..
လက်ဖျစ်တတွတ်အတွင်း သူ ဒေါသအလျောက် ချက်ချင်းဆိုသလို တုန့်ပြန်ပြစ်လိုက်သည်.. စိတ်ထဲရှိသလောက် လက်ညှိုးကို ငေါက်ငေါက်ထိုးကာ ပြောပြစ်လိုက်သည်.. ဒေါသကလဲ ထွက်လှသည်..
လက်ညှိုးသည် ပြန်အပြောခံလိုက်ရသောအခါ ဖျတ်ဖျတ်ခါ နာသွားပြီး တုန်လှုပ်လွန်းသဖြင့် လက်မနှင့် သွားတိုက်မိသည်..
ထိုအခါ သူတို့ပြဿနာများအား လက်မက သတိထားမိသွားပြီး
ဘာရယ် ဒီလက်သူကြွယ်ဟာ မင့်ကို ဒီလိုပြောသလား.. ဒီကောင်က ဘာမို့လဲ.. နေနှင့်ဦး မင်းတော့လား.. ဟင်းဟင်း ဟု ကျုံးဝါးကာ..
အို ရှေ့ဆက် ရှေ့ဆက်.. စကားလုံးတွေ ပစ်ပေါက်ကြသည်.. မောဟတွေ ဒေါသတွေ မုန်တိုင်းထန်သွားသည်…
သူတို့ အကျိုးမဲ့ရန်ဖြစ်လိုက်ကြသည့် အကျိုးဆက်ကား ညာဘက်လက်သူကြွယ်သည် သူပိုင်ဆိုင်သည်ဟု အထင်ရှိထားသော ကျောက်နီလက်စွပ်ကလေးကို ဘယ်ဘက်လက်သူကြွယ်သို့ ပေးလိုက်ရလေတော့သည်..
သူ သတိမထားမိသည်ကား လက်ညှိုးတိုင်းကား လက်မများနှင့်နီးစပ်လှသည်.. အားကြီးသူအား မြှောက်ပင့်တတ်သော၊ အားနည်းသူအား နှိမ်ချလေ့ရှိသော လက်ညှိုးကား ညာဘက် လက်မအား ဆရာ ဟု ခေါ်လိုက်သည်နှင့် တပြိုင်နက် လက်မသည် သူ့စွမ်းအားအရှိန်အဝါကို အားကုန်သုံးကာ အခြင်းအရာအားလုံး ငြိမ်ဝပ်သွားသည် အထိ သူ့ခေါင်းကို မတ်မတ်ထောင်ကာ သူ့အား ပါဝါအာဏာပြခဲ့လေသည်..
အဆုံးတွင်ကား သူသာလျင် မှားခဲ့လေပြီ..
ဒေါသနဲ့ပြောမည့်စကားများအား မပြောခင် ခဏစောင့်ဆိုင်းပြီးမှ ၁၀ စက္ကန့်စာလောက် အချိန်ယူတွေးတောလိုက်ပါကွာ တဲ့.. အရင်တုန်းကတော့ မောက်မာလှပေမဲ့ အခုတော့ မာန်စွယ်ကျိုးသွားရှာသော တူထုမိသည့်အတွက် တခြမ်းစောင်းနေရှာသော ဘယ်ဘက်လက်မကြီးက သူ့အား နှစ်သိမ့်ရှာသည်..
သူသည် အဲ့ဒီစကားပုံအား သေသည်အထိ ခေါင်းထဲပစ်ထည့်လိုက်ရတော့သည်..
ညာဘက် လက်မသည် ဟိုဘက်ဒီဘက်လောကတွင် တချောင်းတည်းသော အပြစ်အနာကင်းစင်သော မာန်မာနထောင်လွှားခွင့်ရထားသူဖြစ်လေသည်.. သူ့ကိုကား အဘယ်သူမှ မထိပါးရဲကြ.. သူသည်ကား ဘာအလုပ်မှ မယ်မယ်ရရ မလုပ်သော်လဲ လက်ချောင်းအားလုံး၏ အချုပ်ဖြစ်လေသည်.. သူမရှိလျင်ကား မဖြစ်လေသောအခါ.. သူသည်သာ အဓိကဖြစ်လာလေသည်.. သူ့အား လက်ချောင်းများ၏ အဓိပတိ ဥသျှောင်ကြီးအဖြစ် သတ်မှတ်ထားလေသည်..
လက်ဆယ်ချောင်းစလုံးတွင် သူတို့ (သူတို့ဆိုသည်မှာ ညာဘက် လက်သူကြွယ်၊ ဘယ်ဘက် လက်သူကြွယ်၊ ညာဘက် လက်သန်း၊ ဘယ်ဘက်လက်သန်းတို့ကား) လက်ခလယ် နှစ်ဘက်စလုံးနှင့် ညာဘက် လက်မ တင်းပုတ်ကြီးကို ကြောက်ရသလို ညာဘက်ရော ဘယ်ဘက်ရော လက်ညှိုး နှစ်ချောင်းစလုံးအားလည်း ချန်လှပ်ထားခဲ့လို့ မရခဲ့ပေ..
လက်ညှိုးတို့ကား ခနဲ့သလို၊ ရွဲ့သလိုလို၊ မြှောက်ပေးသလိုလို၊ တွန်းအားပေးသလိုလိုနှင့် အဆုံးတွင်တော့ အဆင်းဘီးတပ်ပေးရုံမက ချောဆီပါ ထပ်ထည့်ပေးတတ်သော လက်အန္ဓတွေ ဖြစ်လေသည်.. သူတို့သည်ကား ကိုယ်တိုင်ကလဲ ဖြစ်ဖြစ်မြောက်မြောက် မရှိလှသော်လဲ လက်ညှိုးတထိုးထိုးဖြင့် အပြစ်ပြောရာတွင် သူမတူအောင် ပြောင်မြောက်လှသူတွေ ဖြစ်ပေသည်.. အပြစ်ပြောတတ်ရုံသာ မက သူတို့ထက် အားကြီးသူများ ဂုဏ်ပါဝါရှိသူများအား ရှေ့မှဦးဆောင် မြှောက်ပင့် ချီးကျူး ကြွားဝါတတ်ကာ.. မျက်နှာသာရအောင် သူများအားလဲ လက်ညှိုးထိုးကာ ခိုင်းစေတတ်လှသည်.. သို့ရာတွင် သူတို့အား အပြစ်ပြောလျင်ကား ရှောင်လင်သိုင်းသမားတွေထက် အရှောင်အတိမ်းကျွမ်းလှလေတော့သည်.. လက်ချောင်းလောကတွင် သူတို့သည် နာမည်ကောင်းမရှိလှသော်လည်း သူတို့အား လက်ချောင်းတိုင်းက သတိထားရလေသည်..
သူတို့သည်ကား - သူတို့ဆိုသည်မှာ သူ (လက်သူကြွယ် ၂ ချောင်း) နှင့် သူမ (လက်သန်း ၂ ချောင်း) တို့ကား အောက်ကိုဖိ အထက်ကို ဖားကြသော လက်ချောင်းများကြားတွင် ညပ်နေပေလေသည်.. လက်မ၊ လက်ညှိုးနည်းတူ သူတို့သည်လည်း နောက်လက်တချောင်းအားလည်း အလွန်အမင်းကြောက်ရသေးသည်..
ထိုသူကား လက်ခလယ်ပင်တည်း.. လက်ခလယ်ကား သူကိုယ်တိုင်၏ သန်မာထွားကျိုင်းမှု၊ အားအင်ကြီးမားမှုကို အင်မတန် ဂုဏ်ယူလှလေသည်.. သို့မို့ကြောင့် သူသည် လက်တိုင်းအား ကိုယ်ကာယအားကိုး၊ ဗလအားကိုးကာ အမြဲတစေ နှိပ်စက်ကလူပြုချင်လှလေသည်..
လက်ခလယ် ၂ ချောင်းစလုံးရဲ့ မိုက်ရိုင်းစော်ကားပုံကား အမြဲတစေဆိုသလို သူတင်မက လက်သန်းတွေကိုရော လက်ညှိုးတွေကိုပါ ထိခိုက်လှသည်.. လက်ခလယ် မစော်ကားဝံ့သည်က လက်မတွေသာ ရှိမည်ထင်ပါသည်..
ထိုထိုလက်သုံးချောင်းကား ပြန်လှန်မပြောရဲသည့် လက်များအား ထည့်မတွက်ခဲ့သည်လား၊ အမှုထားစရာ မလိုဟု ထင်ထားခဲ့လေသလား… စော်ကားမြဲ စော်ကားနေလေသည်..
တနေ့တွင်တော့ သူသည် ပြဿနာတစ်ခု၏ အလယ်ဗဟိုသို့ ကျရောက်ခဲ့လေတော့သည်..
ညာဘက်လက်မကား သူ့အား သက်ညှာသောအားဖြင့်ဟု ခေါင်းစဉ်တပ်ကာ အပြန်ပြန်အလှန်လှန် စဉ်းစား၍ ပေးလိုက်သည်ဟု ဆိုသော ငွေရောင်လက်စွပ် အပေါအပဲကလေး တခုအား မချွတ်တမ်း စွပ်ထားဖို့ လာပေးလေသောအခါ သူသည် အစော်ကားခံရလေခြင်းဟု နှလုံးသားတွင် တနုံ့နုံ့ခံစားခဲ့ရလေတော့သည်..
စဉ်းစားကြည့်ပါလေ.. ရွှေစင် တပဲသားနှင့်ကွပ်ထားသော ကျောက်နီပဲခြမ်းကလေးကိုတောင် သူရယူခဲ့ရစဉ်က သူ့တန်ဖိုးသည် သည်လောက်နှင့် မထိုက်ဟု ယူဆခဲ့ပေမဲ့ လက်ဆောင်အဖြစ် တမြတ်တနိုးထားခဲ့ဖူးသည်.. အဲ့သည်လက်စွပ်ကလေးအား လက်ညှိုးနှင့်ပြဿနာတက်မှုကြောင့် ဘယ်ဘက်လက်သူကြွယ်ကို အလိုမတူဘဲ ပေးလိုက်ရစဉ်က နောင်တ တဖန် ဝမ်းနည်းခဲ့ရတဲ့သူသည် .. မပေးလျင်လည်း မပေးပါနှင့်ပေါ့.. သို့သော် ဘယ်လက်နှင့်မှ မတော်တဲ့ ဘယ်သူမှ မဝတ်ချင်တဲ့ ငွေရောင်ပျက်ပြယ်စ ဒီအစုတ်ပလုတ် လက်စွပ်မှ သူ့လာပေးရသလား.. သူသည် ထောင်းခနဲ ဒေါသထွက်သွားလေသည်..
လက်ခလယ်နှင့်လက်မက ပမာမခန့်ပြုံးနေပြီး၊ လက်သန်းကလေးကတော့ စိတ်မကောင်းလှသည့် မျက်နှာထားကို ပြလေသည်..
အမြဲ သရော်ခနဲ့နေကျ ဗီဇမဖျောက်နိုင်လှသည့် လက်ညှိုးက ရုတ်ချည်းထ၍
ဒါမျိုးနဲ့မှ လက်သူကြွယ်က တန်တာကွ.. ဟေ့ကောင် မင့် ဒီတခါတော့ ဒီလက်စွပ်ကို မဆုံးရှုံးစေနဲ့နော်.. ဒါမှ မဟုတ်ရင်တော့ မင့်တော့ ဒီတသက် လက်စွပ်ဝတ်ဖို့ မစဉ်းစားနဲ့တော့ဟေ့…
ဟား ဟား ဟား ဟား ဟား.. အောက်ကလိ အောက်ကလာ လက်ဝါးချင်းတိုက် စည်းဝါးကိုက်ပြီး အော်ဟစ် လှောင်ပြောင်လိုက်သံများသည် သူ့ရင်ကို နာကျင်စေသည်..
ပါးစပ်ကို ပြင်လိုက်စဉ် ခဏမှာပင် လက်ညှိုးရဲ့ မထီတရီအကြည့်က သူ့ကို စကားပြောနေသယောင်.. ဟေ့ကောင် ငါ့ကို မင့် ပြန်ပြောဝံ့ရင် ပြောကြည့်လေ.. ဘာဖြစ်သွားမယ်ထင်သလဲကွ..
ရုတ်တရက် မှတ်သားထားသော စကားပုံက ဦးနှောက်ထဲ ဝင်လာလေတော့သည်..
သည်းခံပါ.. ဒေါသဖြင့် ပြောမည်ပြင်လျင် မပြောခင် ဆယ်စက္ကန့်လောက် စဉ်းစားပါတဲ့..
စဉ်းစားစမ်း.. မဖြစ်ဘူး လက်မက လက်ညှိုးကို အမြဲကာကွယ်ပေးမှာ.. ဒီလက်စွပ်လေးကို ခဏယူဝတ်လိုက်.. နောင်မတော်တော့မှ ပြန်ချွတ်ပေးဖို့ ဦးနှောက်ကို တိတ်တဆိတ် လာဘ်ထိုးလိုက်ရင် ဖြစ်သားပဲ… ဟိုလိုသာဆို ဟိုလိုဖြစ်မယ်.. ဒီလိုသာဆိုရင်.. ဒီလိုသာဖြစ်ရင် ဘယ်လိုလုပ်မလဲ.. စသည်ဖြင့် ဆယ်စက္ကန့်စာလောက် တွေးလိုက်သောအခါ သွေးနည်းသွားလေသည်.. အနည်းငယ်ကြောက်ရွံ့သော စိတ်ကလေး ဝင်လာလေသောအခါ...
သူသည် ပါးစပ်ဖျားကိုရောက်လာသော စကားလုံးတွေကို အတွဲလိုက် အတွဲလိုက် မျိုသိပ်လိုက်လေသည်.. မဖြစ်သေးပါဘူးကွယ် လက်ရှိရပိုင်ခွင့်တွေ ဆုံးရှုံးသွားမှဖြင့်..
သူသည် သည်းခံလိုက်လေသည်.. သည်းခံသည်ဟု သူ့ကိုယ်သူ နှစ်သိမ့်လိုက်ကာ ခဏတဖြုတ် မျက်စိမှိတ် အညံ့ခံလိုက်လေတော့သည်..
အနည်းငယ် နောက်ကျသွားသည်ဆိုပေမဲ့ သူလည်း သူတို့နှင့်နည်းတူ ဟဲဟဲ ဟဲဟဲဖြင့် လိုက်ရီလိုက်လေတော့သည်..
သဘောတူကြောင်း အညံ့ခံလိုက်ကြောင်း ပြသသည့် ရီသံကြောင့် လက်ညှိုးသည် မထင်ထားသောအဖြစ်ကို မြင်လိုက်ရသူလို အံ့သြသွားလေသည်..
လက်ညှိုးကိုယ်တိုင်က ပထမ တခါလို ပြန်ပက်မည်ထင်ထားပြီး မရဲတရဲ သွေးတိုးစမ်းသည့်သဘောမျိုး လက်ချောင်းများ၏ အုပ်စုအားကိုးဖြင့် စော်ကားလိုက်ခြင်း ဖြစ်သော်လဲ လက်သူကြွယ်ရဲ့ အညံ့ခံမှုကို မြင်လိုက်သောအခါ..
နောင်တွင် ဒီ့ထက်ပို စော်ကားလျင်လည်း လက်သူကြွယ် ဘာမှမတတ်နိုင်ဟု ယူဆကာ ခပ်ကျောကျော ပခုံးပုတ်ကာ အနားမှ ထထွက်သွားလေသည်..
လက်ညှိုးရဲ့နောက် လက်ခလယ်က သူ့ကို ခပ်လှောင်လှောင်ပြုံးကာ လက်မကတော့ ပိုသာ မာန်ဝင့်သွားလေ သည်..
လက်သန်းကလေးရဲ့ အားကိုးရာမဲ့ မျက်လုံးကလေးကို သူမြင်မိသောအခါ..
ခန္တီစ သည်းခံခြင်းတရားကို လက်ကိုင်ထားလိုက်တာပါကွာ.. ဒီကောင်တွေက ဒီလိုပဲ မဟုတ်လားကွဲ့.. နို့မို့ရင် အရှည်အရှည်နဲ့ သူတို့ကို နိုင်အောင် ပြန်မပြောချင်ပါဘူးကွယ်.. စကားရှည်ပါတယ်.. အနိုင်လိုချင်သူ အရှုံးပေးတော့ နှလုံးအေးတာပေါ့.
အရွှတ်စကား သူဆိုပေမဲ့ လက်သန်းသည် စိတ်ပျက်လက်ပျက် ခေါင်းခါကာ သူ့အား ဖယ်ကျဉ်သွားလေတော့သည်..
သည်းခံခြင်းသည် အောင်မြင်ရာ၏ တဲ့.. သူသည် သူ့ကိုယ်သူ အားတင်းထားသော်လဲ လက်တွေ့တွင်မူကား ထိုကဲ့သို့ စိတ်ခံစားချက်မျိုး သူ့ကိုယ်နှိုက်က မခံစားရလေသောအခါ သူသည် စိတ်ဓာတ်ကျစပြုလာလေသည်..
စိတ်ကျရောဂါ စွဲကပ်လာသော လက်သူကြွယ်သည် အရင်ကလို မပျော်ရွှင်တော့ပေ .. လက်ချောင်းတိုင်းသည် သူ့ကို ခိုင်းဖတ်သဖွယ် ချဉ်ဖတ်သဖွယ် သဘောထားသည်ဟု ထင်လာသည်.. အမှန်တကယ်လဲ သူ့အား နှိမ်ချလှလေသည်.. ပွဲလမ်းသဘင်များကို သူမသွားရဲပေ.. သူသည် လက်ချောင်းများများ ဆုံမိလျင် စိတ်ညစ်လှသည်.. စိတ်ရွှတ်သဖြင့် စနောက်သည်ဟု အကြောင်းပြသော စကားလုံးများသည် သူ့အား ဓားပါးဦးချွန်ကလေးနှင့် တဆတ်ဆတ်စွသလို ခံစားလာရသောအခါ သူသည် ဝမ်းနည်းသွားလေသည်..
ငိုလျင်လည်း ကျစရာ မျက်ရည်မရှိတော့သော သူသည် အကန်းသဖွယ်သာ အမှောင်ထဲတွင် ပျော်မွေ့လေသည်.. သူသည် အယင်ကဆိုလျင်တော့ သူ့အား တခွန်းရွှတ်တိုင်း၊ တခွန်း နာကျင်အောင် ပြောလိုက်တိုင်း မျက်ရည်များသည် တာတမံဖွင့်ချလိုက်သလို အရှိန်အဟုန်မဲ့ အတားအဆီးမဲ့ ကျဆင်းကာ ငိုကြွေးမိလေသည်..
အခုသော်ကား သူသည် မကြာခဏမှသည် အမြဲတစေ အစော်ကားခံရ အနှိမ်ချခံရသောအခါ သူ့တွင် ငိုလျင် ကျစရာ မျက်ရည်များ တတိ တတိဖြင့် ကုန်ဆုံးသွားလေတော့သည်..
လက်ချောင်းများနှင့် ခဏတာ ကင်းဝေးသော တိတ်ဆိတ်လှသော ညအမှောင်ကမ္ဘာတွင်သာ သူသည် မူလအဖြစ်ကို ပြန်ရလေသည်..
အလင်းရောင်ဖြင့် နွေးထွေးလှသော၊ သစ်ပင်ပန်းမန်တို့ဖြင့် စိုပြေစိမ်းလန်းလှသော အသက်ရှိကမ္ဘာကြီးတွင် သူသည် အသုံးမကျသော လက်သူကြွယ်တချောင်းသာ ဖြစ်လေတော့သည်.. မျက်ရည်များ မထွက်တော့သဖြင့် မငိုတတ်တော့သော သူသည် ဟဲဟဲ ဟဲဟဲဖြင့်သာ လက်ချောင်းများကြားတွင် အပေါကြီးအဖြစ် အယောင်ဆောင်ကာ မပျော်သော နှလုံး၊ မရွှင်သော မျက်လုံးတို့ကို မနည်းပြူးပြဲကာ ရှင်သန်နေရလေသည်..
သူသည် နာကျင်လွန်းသဖြင့် ထပ်မနာနိုင်တော့သော၊ ဒဏ်ရာများ ရလွန်းသဖြင့် အကောင်းနေရာ တစိုးတစိတောင် မကျန်တော့သောအခါ မျက်နှာဖုံးအတုတခု ထပ်စွပ်ထားသလို ခံစားမှုထုံနေသော၊ နာကျင်မှု ဟုန်နေသော မျက်နှာထားဖြင့် ခပ်ပေါပေါလက်ချောင်းကြီးတခုအဖြစ်သာ အသွင်ပြောင်းထားလိုက်လေတော့သည်..
ရာစုနှစ်များ တပွန်းတပဲ့ဖြင့် လျင်မြန်စွာ၊ ရှည်ကြာစွာ၊ နာကျင်စွာ ဖြတ်သန်းသွားသော အကြိမ်များစွာ ပြီးမြောက်သွားသော မမျှော်လင့်ခဲ့သော တနေ့တွင် သူသည် လွတ်မြောက်ရာလမ်းစတခုကို ခလုတ်တိုက်မိသလို တွေ့လိုက်ရလေတော့သည်..
ပြည့်စုံ
(၄း၂၃ pm, 19-10-2011)Unknownnoreply@blogger.com7tag:blogger.com,1999:blog-3975068002587320368.post-12892326611594894572011-10-15T09:59:00.000-07:002011-10-15T10:04:37.725-07:00ဖူးသစ်စရင်ခုန်သံမျက်လုံးဒေါင့်စွန်းလေးမှာ မြင်လိုက်ရတဲ့ အရိပ်တခုကြောင့် ရင်ထဲက တဖျတ်ဖျတ်ခါလာပြီး လူက ကတုန်ကယင် ဖြစ်လာချင်သလိုလို အယောင်ယောင်အမှားမှားနဲ့… အဲ့ဒီအရိပ်နောက်ကိုပဲ စိတ်က လိုက်ချင်တော့တာ.. သူရောက်လာပီဆိုတဲ့ အသိက ရင်ထဲမှာကြည်နူးခြင်းသပ်သပ်သာ..
အို ဘယ်လိုများလဲကွယ်.. ကိုယ့်ကို ကြည့်ချင်လည်း တည့်တည့်က ကြည့်ပါတော့လား.. စိတ်ထဲက မြူးတူးတူးဖြစ်လာတဲ့အခါ မျက်နှာကပါ ကိုယ်လုံးနောက် လိုက်လည်ပြစ်လိုက်တယ်..
ဟော တွေ့ပါပြီ အကြည့်သူခိုးရယ်ပေါ့..
သူ့မျက်နှာက နီနီရဲရဲ ပြုံးစေ့စေ့နဲ့ ကိုယ့်ကို မကြည့်တခိုး ကြည့်တခိုးနဲ့.. သူ့လက်ထဲမှာ ကိုင်လာတဲ့ စာအုပ်ကို လေထဲမှာ ဟိုယမ်းလိုက် ဒီယမ်းလိုက်..
ဟေ့ကောင် သူလာပြီလား.. ဘေးနားက သူငယ်ချင်းရဲ့စကားကို ရှက်စနိုးရောင် မျက်လွှာချထားမိတယ်.. အို ဘယ်လိုမျိုး ခံစားချက်များလဲကွယ်.. ရင်တခုန်ခုန် လှိုက်တဖိုဖိုနဲ့..
ဒီအချိန်လောက်ဆို သူရောက်ရောက်လာတတ်ပြီ.. အခန်းရှေ့ ဝရံတာမှာ သူ့သူငယ်ချင်းအုပ်စုတွေနဲ့ ရပ်ချင်ရပ်၊ ဒါမှမဟုတ် သူ သတ္တိရှိတဲ့နေ့ဆို တယောက်တည်း ရပ်ပြီး အခန်းထဲကို တစေ့တစောင်း လှမ်းလှမ်းကြည့်တတ်တဲ့ သူ့ရဲ့မျက်ဝန်းတွေက ကြည်စင်လှတာကိုပဲ သူမက ရင်တွေခုန်လှသည်..
ဆယ်တန်း ဘီခန်းကနေ အေခန်းကို လာလာရှိတ်တတ်တဲ့ သူ့ကို အတန်းထဲက ကောင်တွေက သိပ်မကြည်လှ.. သူရောက်လာပြီဆိုတော့ အတန်းရှေ့ကနေ ပုဆိုးပြင်ဝတ်တဲ့သူက ဝတ်.. ဒါမှမဟုတ် သူ့အနားမှာ အင်အားပြတဲ့သူက ပြပေါ့.. ကိုယ့်အတန်းထဲက မိန်းခလေးကို နှမသားချင်းသဖွယ် စောင့်ရှောက်တဲ့သဘော... ကိုယ့်နှမကလေးက အဲ့ဒီတခန်းကျော်က သူဘက်က ပါနေတာ သူတို့ မသိ..
တကယ်တော့ ဆယ်ကျော်သက် ဘဝရဲ့ ရင်ခုန်သံက လေတိုက်လို့ သစ်ရွက်လှုပ်တာကိုတောင် ရီတတ်တာမျိုးတဲ့.. တကယ်တော့ သူနဲ့ ကိုယ်က ဘယ်တုန်းကများ စကားကို နှစ်ခွန်းပြည့်အောင် ပြောဖူးခဲ့သလဲ မစဉ်းစားတတ်ခဲ့.. အဲ့ဒီနေ့က မုန့်စားကျောင်းဆင်းတော့ ကိုယ်လက်လှမ်းမမှီတဲ့ မုန့်ကို ယူပေးဖို့များ ပြောမိလိုက်သလား.. အို မတွေးတတ်ပါဘူးနော်.. ဒါပေမဲ့ ကိုယ့်လက်ထဲ အဲ့ဒီမုန့်ကို ထည့်ပေးသွားတဲ့ သူ့ရဲ့အပြုံးက .. အိုး ရင်တုန်လိုက်တာ..
အတန်းချိန် တစ်ချိန်နဲ့တစ်ချိန်ကြားမှာ သူရောက်လာတတ်မယ့်အချိန်ကိုပဲ မျက်လုံးဒေါင့်စွန်းလေးနဲ့ ခိုးခိုးကြည့်နေမိတယ်.. ဟော.. အဖြူရောင်အရိပ်တခု.. ဘေးအစွန်က ပြူတင်းပေါက်မှာ လာရပ်လိုက်တော့ ကိုယ့်လက်ထဲက ကွန်ပါဘူးပြုတ်ကျပြီး သံထောက်ချွန်က ကိုယ့်ခြေမကို စိုက်မိတော့တာပေါ့…
ငိုလိုက်ရတဲ့ မျက်ရည်တွေ ခြေမက ပတ်တီးဖွေးဖွေးပေါ်ကျတော့ သူပါ ယောရောင် နာကျင်နေတဲ့ပုံနဲ့ ကိုယ့်ကို မသိမသာခိုးကြည့်ရင်း စိတ်မကောင်းဖြစ်နေရော.. အို ကိုယ်လေ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတော့ ဘေးက သူငယ်ချင်းတွေက မငိုနဲ့ပြောလေ ကိုယ်က ပိုငိုချင်လေ.. အို မျက်ရည်တွေသာ ချောင်းဖြစ်ရင် အခန်းထောင့်စွန်းက ခုံနားလေးမှာ မယောင်မလည်ရပ်ပြီး ခိုးကြည့်နေတဲ့သူ့ဆီ စီးဆင်းသွားချင်မိတာ.. တကယ်တော့ ကိုယ် သိပ်မနာပါဘူးကွယ်.. သူ စိတ်မကောင်းတာမြင်တော့ ကိုယ် ဝမ်းနည်းတာပေါ့..
သီတင်းကျွတ် ကျောင်းဆယ်ရက်ပိတ်တော့ အဖြူရောင်အရိပ်လေးနဲ့ ခဏဝေးရတော့တယ်.. တကယ်တော့ ဆယ်တန်းဆိုတာ ကျောင်းစာတွေရော ကျူရှင်က စာတွေပါ အသေအလဲ ကျက်နေရတဲ့အချိန် မဟုတ်လား.. အို ကိုယ်ကတော့ ကျောင်းစာတင်မက အပြင်စာတွေပါ ခိုးဖတ်ချင် ဖတ်နေတတ်တာမျိုးလေ.. အဲ့ဒီ စာအုပ်တွေထဲက ချစ်သူရည်းစားမျိုးဆိုတာ အပြင်က ကိုယ့်မျက်ဝန်းရှင်လေးလောက် ရင်ခုန်စရာကောင်းပါ့မလားနော်.. တွေးကြည့်ရင်းနဲ့ ရင်ဖိုလာမိတယ်.. ကိုယ် အသည်းယားပါရဲ့..
ကျူရှင်က ဆင်းတော့ သူငယ်ချင်းတွေ အုပ်စုလိုက် လမ်းထိပ်က အသုပ်ဆိုင်ကိုအသွား.. လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ကိုယ့်ရဲ့အဖြူရောင်အရိပ်လေးကို တွေ့လိုက်ရတာပေါ့.. အို ဘာလို့ ကျူရှင်အထိ လိုက်လာရတာလဲ.. တွေးမိတော့ ရင်ဖိုလာပြန်ရော.. သူငယ်ချင်းတွေ သိမှာစိုးတော့ ခပ်တင်းတင်းလျှောက်ရတယ်.. နဂိုကတည်းက လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်မလျှောက်ရဲတဲ့သူ ဆိုတော့ နီနီ့လက်ကို တင်းတင်းဆုပ်ထားရင်း အသက်အောင့်ထားမိတယ်.. ကံဆိုးတယ် အဲ့ဒီနေ့က ရှက်လို့ ခလုတ်တိုက်သေးတယ် သိလား..
သူ ကျောင်းမတက်ဘူးတဲ့.. နေများ မကောင်းလို့လား မသိဘူးနော်.. ကိုယ်စိတ်တွေပူလိုက်တာ.. သူနဲ့တွဲတဲ့ သူ့သူငယ်ချင်းတွေကတော့ ပျော်ပျော်ပါးပါး ရီရီမောမောပဲ.. တယောက်ယောက်ကို မေးကြည့်လိုက်ရင် သူဘာလို့ ကျောင်းမတက်သလဲ သိရမှာပဲ.. ဒါပေမဲ့ ကိုယ်မမေးရဲဘူးရယ်.. ကိုယ့်ကို လှောင်လိုက်မှာလား.. ဒါမှမဟုတ် အထင်သေးသွားမလား .. အဲ့ဒီနေ့က ရင်မောရတယ်.. အလိုလိုလဲ ငိုချင်မိတယ်.. ကိုယ်က မျက်ရည်လွယ်တယ်..
ကျောင်းစာတွေက များတဲ့အပြင် ကျူရှင်ကလဲ သိပ်ပင်ပန်းတာပဲ.. အစာအိမ်နာတဲ့ရောဂါ အပြင် ရင်ခုန်ရတဲ့ရောဂါကလဲ မသေးဘူးနော်.. မင်းရဲ့ရီဝေဝေ အကြည့်ကလဲ ကိုယ့်ကို ဖမ်းစားနေတဲ့အချိန် ဆိုတော့ ပိုဆိုးတာပေါ့.. စာမေးပွဲဖြေဖို့ နီးလာလေ.. ကိုယ် မင်းနဲ့ဝေးရတော့မှာပဲလို့ တွေးထင်လာမိလေ.. အို မဝေးချင်လို့ မင်းဘက်က တခုခုပြောလိုက်ရင် ကိုယ်ဘယ်လိုပြန်ဖြေရမလဲ ဟင်..
‘နင်ကလဲ ရူးပါ့.. ဘာဖြစ်လဲ သူများတွေလဲ ရည်းစားထားတာပဲ.. နင်လဲ ရည်းစားထားပေါ့’..
‘အိမ်က သိသွား ဘယ်လိုလုပ်မလဲဟဲ့’
ကိုယ်တကယ်ကြောက်ပါရဲ့.. ဒီအတိုင်းလေးသာ ကိုယ်ရင်ခုန်ပါရစေနော်..
စာမေးပွဲကြီးနီးတော့ ကျောင်းကြီးတက်ဖို့ အချိန်မရတော့.. ကိုယ်နဲ့ သူရဲ့ ဇာတ်လမ်းလေးကလဲ ဒီလိုသာ ခဏမေ့ထားရ.. ခေါင်းထဲမှာ စာ.. အိပ်ရာဝင်တော့ စာ.. ထမင်းစားချိန်မှာပါ စာနဲ့သာ နပန်းလုံးနေရပြီး.. ကျူရှင်ထိပ်က လက်ဖက်ရည်ဆိုင်ကိုတော့ မျက်လုံးဒေါင့်စွန်းလေးနဲ့သာ ခိုးကြည့်ခဲ့ရ.. သူ မရောက်လာတတ်တော့.. အို သူလဲ စာကျက်နေရမှာပေါ့.. ကိုယ့်ကို သတိရနေပါနော်..
စာမေးပွဲဖြေဖို့ ခုံနံပါတ်တွေ သွားထုတ်ရတော့ ကျောင်းကို ပြန်ရောက်ခဲ့တယ်.. သူ့ကို သတိရလိုက်တာ.. ကိုယ့်အတွက် စာမေးပွဲဖြေဖို့ ကတ်နဲ့ ခုံနံပါတ်ထုတ်အပြီး ပြန်လာတဲ့ လမ်းတလျှောက် သတိရလိုက်တာ.. အဖြူရောင်အရိပ်တွေထဲ သူ့ကိုသာ မြင်နေရတယ်.. သူ့မျက်လုံးကြည်ကြည်ဝိုင်းဝိုင်းလေး.. ကိုယ်ရှာပါတယ် မတွေ့ခဲ့တော့ သတိရလှတယ်..
ကိုယ်တို့ စာမေးပွဲဖြေတော့ ခုံနံပါတ်တွေက နာမည်အနောက်က စာလုံးနဲ့ စီတယ်တဲ့.. ဒီလိုဆို ကိုယ်နဲ့ မင်းနဲ့ တကျောင်းတည်း ကျပါ့မလားဟင်.. မင်း ဘယ်မှာများနေသလဲ ကိုယ်မှ မသိခဲ့တာ.. စကားလဲ မပြောဖြစ်ခဲ့ဘူး မဟုတ်လား.. ကိုယ်တို့ ပြန်မတွေ့ဖြစ်ရင် ဒီလိုသာ ဝေးကြမလား မသိဘူးနော်..
ဝေးတော့မှာပဲ ဆိုတဲ့အသိ အဲ့ဒီကတည်းက ဝင်လာမိခဲ့တာလား .. အို ကိုယ် တကယ်မသိခဲ့ပါဘူးနော်.. အချစ်အကြောင်းလဲ ကိုယ်မသိပါဘူး.. ဝေးရမှာလဲ မသိဘူး. အလွမ်းလဲ မသိခဲ့ဖူးပါဘူး.. ဒါပေမဲ့ မင်းကို သတိရတိုင်း ရင်ခုန်ကြည်နူးမှုလေးတော့ အမြဲရတယ်..
ဟော့ဒီရင်ဘတ်ကလေ တဖြည်းဖြည်းနဲ့ တငြိမ့်ငြိမ့်လေး .. လှိုက်ခနဲ ဝမ်းသာလိုက် လှိုက်ခနဲ ရင်ခုန်လိုက်နဲ့.. အတွေးထဲ အဖြူရောင်အရိပ်လေးနဲ့သာ လွင့်မျောစီးဆင်း.. အို ကိုယ်လေ ဒီလိုအတိုင်းလေးသာ အမြဲခံစားချင်မိတော့တာပါပဲ.
စာမေးပွဲ စဖြေရတော့ .. အကိုအကြီးဆုံးက စက်ဘီးနဲ့လိုက်ပို့ခဲ့တယ်.. လက်ထဲမှာ အဲ့ဒီနေ့ဖြေမယ့် ဘာသာတွဲစာအုပ်ရယ်.. ကွန်ပါဘူးရယ် ကိုင်ထားပြီး မျက်လုံးအစုံက အဖြူရောင်အရိပ်တွေ အများကြီးကြားထဲက အဖြူရောင်ရင်ခုန်သံလေးကို လိုက်ရှာကြည့်နေမိတယ်..
ကိုယ်စာမေးပွဲဖြေရတဲ့ အခန်းက နှစ်ထပ်ဆောင် အောက်ထပ်က အစွန်ဆုံးအခန်းလေ.. အခန်းထဲ မဝင်ခင်အချိန်အထိ လွယ်အိတ်တွေထားတဲ့ ခုံဘေးမှာ ကိုယ်တို့ ကမန်းကတန်း စာကြည့်ရတယ်.. အို ကိုယ့်ရင်ထဲက လှိုက်ခနဲခုန်တက်လာတဲ့ ခံစားချက်ကြောင့် ကိုယ်သိလိုက်တယ်.. အဖြူရောင်အရိပ်လေး..
ဝရန်တာကို ကျော်ပြီး ကိုယ့်ခေါင်းကို အပြင်ထုတ်လိုက်တယ်.. ပြီးတော့ အပေါ်ကို မော့ကြည့်လိုက်တယ်.. ငုံ့ကြည့်နေတဲ့ သူ့မျက်လုံးတွေက ကြည်စင်ဝင်းပလိုက်တာ.. သူက လက်ထဲက စာအုပ်ကိုကိုင်ထားရင်း ကိုယ့်ကို အံ့အားတသင့် ငုံ့ကြည့်နေခဲ့တယ်.. စာမေးပွဲဖြေနိုင်ပါစေနော်..
အခန်းအပြင်က အဖြူရောင်အရိပ်လေးကြောင့် လက်ထဲက အဖြေလွှာစာရွက်ကို တင်းတင်းဆုပ်ထားမိတယ်.. စာမေးပွဲပြီးတဲ့ အချိန်ခေါင်းလောင်းထိုးသံကြားတော့မှ ခုံပေါ်က မတ်တပ်ရပ်လိုက်တယ်.. မင်းအပြုံးလေးနဲ့တင် ကိုယ်အားရှိပါရဲ့.. နောက်နေ့တွေလဲ ကျက်ထားတဲ့ စာတွေ တိုးပါစေ.. မင်းအတွက်ရောပေါ့..
စာမေးပွဲနောက်ဆုံးနေ့ဖြေပြီးတော့ ကိုယ့်စိတ်တွေ ပေါ့ပါးသွားတယ်.. ဒီနေ့ နောက်ဆုံးနေ့ဆိုတော့ သူငယ်ချင်းတွေစုပြီး နီနီတို့အိမ်ကို အလည်သွားကြမယ်လို့ စီစဉ်ထားခဲ့တယ်.. အဲ့ဒီတော့ ကိုယ့်ရဲ့လွယ်အိတ်ကို အကိုကြီးကို သွားပေးရမယ်.. စာမေးပွဲဖြေနိုင်ကြောင်း ပြောရမယ်..
နီနီ့အဖေက ကားနဲ့လာကြိုပေးမယ်ဆိုတော့ လူတွေ မရှုပ်ခင် အပြင်ကို မြန်မြန်ထွက်ဖို့ ကြိုးစားရတယ်.. သူ့ကို ရိပ်ခနဲမြင်လိုက်ပေမဲ့ နီနီ့ရဲ့လက်တွေကြားမှာ မရုန်းသာခဲ့.. အဖြူရောင်လေးရေ..
ကိုယ့်ရဲ့လည်တပြန်ပြန်အကြည့်မှာ သူက ခြေဖျားထောက်ပြီး လူအုပ်ကြားမှာ ညပ်ပြီးကျန်ရစ်ခဲ့ရှာတယ်.. သူ့မျက်လုံးရဲ့ရီဝေဝေအကြည့်မှာ ကိုယ် တမေ့တမော ဝမ်းနည်းခဲ့ရ..
စာမေးပွဲဖြေပြီးပြီးချင်းပဲ သူ့ရဲ့ဇာတိ မန္တလေးကို ပြန်သွား၇တယ်ဆိုတဲ့ သတင်းက ကိုယ်တို့ စကားစပ်မိရင်း ဆရာကန်တော့ပွဲနေ့မှာ သိခဲ့ရတယ်..
ခြေဖျားထောက် လည်ပြန်အကြည့်နဲ့တင် ကိုယ်တို့ ကျေနပ်ခဲ့ရတာပါပဲ..
အို ကိုယ်လေ ပြန်တွေးတိုင်း ရင်ခုန်ကြည်နူးနေတုန်းပါ အရိပ်ကလေးရေ.. စကားတခွန်းမှ မဆိုခဲ့.. အပြုံးတစွန်းတစ.. အကြည့်တစုံတရာနဲ့တင် ကိုယ့်ရဲ့ရင်ခုန်သံအဦးဆုံးဖြစ်ခွင့်ရခဲ့တာပါပဲ..
ပြန်မတွေ့ဖြစ်ခဲ့တာ အခုဆို ဆယ်စုနှစ်ကျော်ခဲ့ပါပြီ..
ကိုယ် သတိရနေတုန်းပါပဲ..
ပြည့်စုံ
(၁၁း၅၆ pm, 15-10-2011)Unknownnoreply@blogger.com2tag:blogger.com,1999:blog-3975068002587320368.post-27599711964369712132011-09-25T08:58:00.000-07:002011-09-25T09:18:58.435-07:00အိပ်မက်အကြောင်း Feeling 27ကျမတို့ မက်ခဲ့သော အိပ်မက်တွေသည် ဘဝတွေနဲ့ အလဲအထပ်လုပ်ပီးမှသာ မက်ခွင့်ရခဲ့သည်။ အိပ်မက်တစ်ခုကို မက်ခွင့်ရဖို့ဆိုသည်မှာ အိပ်မက်တွေကို နှလုံးသားထဲထည့်ပြီး လက်ထဲမှာ ကိုယ်ပိုင်ဆိုင်ခဲ့သမျှအရာတွေကို စုစည်း ဆုပ်ကိုင်ရင်း အနာဂတ်တွေကို ကံကြမ္မာနဲ့ လောင်းကြေးထပ်ခဲ့ကြရခြင်း ဖြစ်သည်.
အိပ်မက်တွေသည် မက်ခွင့်ရသည့်အချိန်မှာသာ လှပသလောက် အကောင်အထည်ဖော်နေရသည့် အချိန်တွင် နာကျင်စဖွယ် ကောင်းလှသည်. ပေးဆပ်ခဲ့ရသည်.. ရယူခဲ့ရသည့် အချိန်တွေလဲ ရှိသည်.. ဆုပ်ကိုင်ထားသမျှကို လက်လွတ်ခဲ့ရသည်.. လိုအပ်နေသေးသည့် အရာတွေကိုလဲ ထပ်ရခဲ့သည်.. အိပ်မက်တွေ ပြောင်းမက်ခဲ့ရသည်လည်း ရှိခဲ့သလို ဘဝတွေ ပြောင်းလဲသွားသည့်အချိန်တွေလဲ ကြုံခဲ့သည်.. ပြောင်းလဲဖို့အတွက် အချိန်သည် ခဏတာသာ ဖြစ်သည်.
အချိန်ခဏလး ပြောင်းလဲဖို့အတွက် အရင်းအနှီးတွေ တပုံကြီး ပေးဆပ်ခဲ့ရသည်.. မျှော်လင့်ချက်တွေ တသီကြီး ချခင်းခဲ့ရသည်.. စိတ်ကူးတွေ တစ်လှေကြီး တွေးတောခဲ့ရသည်.. သို့ပေမဲ့ ပြောင်းလဲသွား သည့် အချိန်သည် ခနတာသာဖြစ်သည်. အချိုးအကွေ့ အလှည့်အပြောင်း ဒါတွေသည် မြန်ဆန် သွက်လက်လှသည်..
အချိုးအကွေ့ မြန်သလို အလှည့်အပြောင်းလဲ မြန်လှသည်.. ဘဝ၏ အဆစ်အချိုးတွေတိုင်းတွင် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်တွေနဲ့ ဆုံးဖြတ်ခဲ့ရတာတွေ ရှိနေသလို သူတစ်ပါးက ချခင်းပေးထားသည့် လမ်းတွေမှာ လျှောက်နင်းခဲ့ရသည် အချိန်တွေလဲ ရှိခဲ့သည်.. မျှော်လင့်သည့်အတိုင်း ဖြစ်မလာသော အိပ်မက်တွေနှင့် မျှော်လင့်ချက်တွေထက် ပိုမိုသာလွန်သည့် အိပ်မက်တွေကိုလဲ မက်ခွင့်ကြုံခဲ့နိုင်သည်..
တချို့အိပ်မက်တွေသည် မက်နေရင်းနှင့် ပျောက်ဆုံးသွားခဲ့ဖူးသည်.. တချို့အိပ်မက်တွေသည် မက်ခွင့်ကြုံနေသည့် အချိန်တွင်ပင် လုံ့လစိုက်ထုတ်စရာမလိုဘဲကို အလိုလိုပြီးပြည့်စုံခဲ့သည်လည်း ရှိသည်.. တချို့ တချို့လူတွေအတွက်ကျတော့ အိပ်မက် မက်နိုင်ခွင့်တောင် မရှိပေမဲ့ တချို့ တချို့ လူတွေအတွက်ကတော့ အိပ်မက်တွေကို လိုသလောက် အထပ်ထပ် မက်ခွင့်ရခဲ့သလို မက်နိုင်ခွင့်တွေလဲ တစ်ပုံတစ်ပင် ရခဲ့ကြသည်.
အိပ်မက်မက်နေသည့်အဆုံးနှင့် အိပ်မက်မက်ခွင့်ရနေသည့်အချိန်တွင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခွင့်ရလိမ့်မည်ဟုတော့ မမျှော်လင့်သင့်ပေ..
ပြည့်စုံ
(၁၀း၅၉ pm, 25-9-2011, Sunday)Unknownnoreply@blogger.com1tag:blogger.com,1999:blog-3975068002587320368.post-35087431976152090582011-09-10T06:20:00.000-07:002011-09-10T06:43:46.467-07:00ပေးကား ပေးခဲ့ဖူးသည် လက်ခံခဲ့ဖူးပါသလားသူပေးခဲ့ပေမဲ့ ကျမ မရခဲ့ပါ..
ဖြူစင်မှုတွေလို့ သူ ခေါင်းစဉ်တပ်ထားတဲ့ သူ့ရဲ့အကြင်နာတွေ၊ ဂရုစိုက်မှုတွေနဲ့ သူ့ဘက်က သူ ပေးခဲ့ပါတယ်လို့ ပါးစပ်က ဖွင့်ပြောခဲ့တဲ့ မေတ္တာတရားတွေကို ဖြစ်သည်..
သူပေးခဲ့တယ်ဆိုပေမဲ့ လက်ခံခဲ့သူ ကျမကပဲ အဓိပ္ပါယ်ကောက် လွဲခဲ့သလား ..
မကျိန်းသေပါ..
ကျိန်းသေတာ တခုကတော့ ကျမက အတွေးခေါင်သူ… အသလွတ် မာနကြီးသူ.. နာကျင်လောက် အောင် ခံစားတတ်သူဖြစ်၍ ချစ်ခြင်းမေတ္တာတရားကို အသက်ရှုသလိုကို လိုချင်ခဲ့သူဖြစ်လေသည်..
ဒီလိုနဲ့ သူနဲ့ကျမတို့ လွဲချော်ခဲ့ကြလေသည်..
သူ ပေးခဲ့သည်က ဖြူစင်တဲ့ ကြင်နာမှုဖြစ်ပြီး ကျမ ရချင်ခဲ့သည်ကတော့ နှစ်လိုဖွယ်အတိပြီးတဲ့ ချစ်ခြင်းမေတ္တာတရားသပ်သပ်ကိုသာ ဖြစ်လေသည်..
ပိုင်ဆိုင်မှုသဘောတရားတွေကို ဆွေးနွေးဖြစ်သောအခါ ကျမက ပေးဆပ်မှုသပ်သပ်အချစ်ကို လေးစားပေမဲ့ ပိုင်ဆိုင်ရလိုမှုကို လိုချင်သူဖြစ်ခဲ့သည်.. သူကတော့ ပိုင်ဆိုင်ရလိုမှုဆိုသည်ထက် ပေးဆပ်မှုသပ်သပ်ကိုသာ ပေးအပ်ခဲ့သည့်သူဟု ဂုဏ်ယူတတ်သူသာ ဖြစ်ခဲ့သည်..
သူက ပေးခဲ့သည်လို့ ပြောခဲ့ပီး ကျမက မပိုင်ဆိုင်ခဲ့ရလေသောအခါ ကျမတို့ ရိုးရိုးလေး ဝေးခဲ့ကြလေသည်..
ဆယ်စုနှစ် တစုစာ အချိန်အတော်ကြာကြာ ဝေးခဲ့ပြီးသောအခါ သူ့မှာ ပိုင်ဆိုင်မှုတော်တော်များများ ရှိနေခဲ့ပြီး ကျမကတော့ လက်မဲ့တယောက်သာ ဖြစ်နေဆဲဖြစ်လေသည်..
ကျမတို့ ဂဲသားရင်းတစ်ခုမှာ ပြန်ဆုံခဲ့လေသည်..
သူ့နံဘေးမှာ ချစ်စဖွယ်မိန်းခလေးတယောက် ရှိနေခဲ့ပြီး သူကတော့ ဂုဏ်ယူဝံ့ကြွားတဲ့အပြုံးမျိုးနဲ့ ကျမကို ကြိုဆိုနှုတ်ဆက်ခဲ့လေသည်..
ကျမကတော့ ကိုယ့်နှလုံးသားကို ကိုယ်ပိုက်ပြီး သူ့ရှေ့မှောက်မှာ ချိုသာတဲ့အပြုံးကိုသာ အရိုးသားဆုံး ပြုံးပြဖြစ်ခဲ့လေသည်..
သူ မေးခဲ့သလို ကျမ ဘာကြောင့် တကိုယ်ထီးတည်းဖြစ်နေခဲ့သလဲ စဉ်းစားကြည့်လေသည်..
ကျမက ရယူလိုခဲ့သည်ဆိုပေမဲ့ ရတိုင်း မယူခဲ့ဘဲ အလိုလိုဖြစ်တည်လာမယ့် ချစ်ခြင်းမေတ္တာစစ်စစ်ကိုသာ အငမ်းမရရှာဖွေခဲ့သည့် သူသာ ဖြစ်ပြီး.. သူကတော့ ပေးဆပ်ခဲ့သည်လို့ပြောပြီး အလွယ်တကူရလာတဲ့ ချစ်ခြင်းမေတ္တာတွေကို အငမ်းမရ ပိုင်ဆိုင်ခဲ့သည့်သူ ဖြစ်ခဲ့လေသည်..
အချိန်ကပဲ နှလုံးသားတွေကို ပြောင်းလဲသွားခဲ့စေသလား နှလုံးသားတွေကပဲ အချိန်ကာလအလိုက် ပြောင်းလဲသွားခဲ့တာလား .. မကျိန်းသေပါ..
ကျိန်းသေသည်ကတော့ ကျမနှင့်သူသည် အယူအဆချင်း ကွဲလွဲနေတုန်းပင်ဖြစ်လေသည်…
ပြည့်စုံ
Saturday, September 10, 2011 (8း24 pm)Unknownnoreply@blogger.com0tag:blogger.com,1999:blog-3975068002587320368.post-12498064036263568882011-09-05T22:12:00.000-07:002011-09-05T22:13:57.228-07:00ခေတ်သစ်မိုးခါးရေရွေးချယ်စရာမရှိမယ့်တူတူတဲ့
လာပါကွာ
စိတ်ကို ဒုံးချလိုက်ပါတယ်
အများလဲ မိုးခါးရေ
ကိုယ်လဲ မိုးခါးရေပေါ့
မြတ်စွာဘုရား
သောက်ပီးမှ မထူးဘူး
ငါမရူးမှန်းသိလိုက်တဲ့အခါ
စသောက်ကတည်းက သိသင့်တာ
ခေတ်သစ်မိုးခါးရေတဲ့ဗျာ…
ပြည့်စုံ
ဆူဝေနေတဲ့ ခေါင်းထဲက လုပ်ငန်းစဉ်တွေ၊ အတွေးစတွေ၊ ရှုပ်ထွေးမှုတွေနှင့် လတ်တလော လုပ်ဆောင်ပေးရမည့် ကိစ္စရပ်များကို မေ့ပစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့်အချိန်သည် သာမန်အိပ်ချိန်ထက် အများကြီး စောသည့်အချိန်..
ည ရှစ်နာရီခွဲ…
စူးစူးဝါးဝါးထိုးဟောင်လိုက်သည့် ခွေးအူသံများကြောင့် အလန့်တကြားနိုးထလာသည့်အချိန်သည် ည ၁း၃၀ အတိ..
မှောင်မည်းတိတ်ဆိတ်ကာ မီးမှိတ်ထားသည့်အခန်းအတွင်း ကျမရဲ့မွေ့ရာနံဘေးမှာ အမြဲတမ်း ထားထားသည့် လက်ကိုင်ဖုန်းက နာရီလက်တံတွေက ည ၁း၃၀ တိတိကို ညွှန်ပြနေခဲ့သည်..
အဲ့သည့် ခွေးအူသံ.. ကျမ ကြောက်လှသည့် အဲ့သည့် ခွေးအူသံသည် အချိန်တိတိကျကျရှိလှသည်..
အရင်နေ့တွေတုန်းကတော့ အဲ့ဒီခွေးအူသံသည် ကျမရဲ့နားနှစ်ဖက်ကို ပိတ်ထားတတ်သည့် နားကျပ်၂ဖက်ကြောင့် ကြားခွင့်ရပေမဲ့ မကြောက်တတ်လှ..
ဒီနေ့ကတော့ အလွန်အမင်းအိပ်မောကျနေသည်ဖြစ်သည့်အပြင် ကိုယ့်ခေါင်းရင်းနားက စွဲစွဲငင်ငင် အူလိုက်သံက ကိုယ့်ခြေရင်းမှာပင် ရပ်ကြည့်နေသလို.. အလင်းရောင်ဝိုးတဝါးအောက်က အရိပ်တချို့က စိတ်ကိုအရောင်ပြနေခဲ့..
ဟိုးလမ်းမတဖက်ထိပ်ဆီကနေ အူလာသည့်ခွေးတွေရဲ့အသံက ကြောက်လန့်တကြားနိုင်လှပြီး အဲ့သည့်အသံတွေက နေရာအပိုင်းလိုက် စဉ်လိုက်တစိုက် ကြားနေရပြီး ကျမတို့အိမ်ရှေ့က လမ်းမထိပ် တဖက်ကို ရောက်သွားသောအခါ အသံတွေက တိခနဲကို ပြတ်တောက်သွားခဲ့တော့သည်..
အဲ့သည့် အချိန်မှန်မှန် နေရာမှန်မှန် ကြားနေရသည့် ခွေးအူသံတွေကို စတင်သတိထားမိခဲ့တဲ့အချိန်က တော့ ၁၃ ရက်ကျသည့် သောကြာနေ့ တနေ့ပင်ဖြစ်သည်..
စိတ်လွတ်ကိုယ်လွတ် အိမ်ရှေ့က ဝရံတာဝိုင်းလေးမှာ စကားဝိုင်းထိုင်ပြောနေကြသည့်အခိုက်ပေါ့.. ပထမတော့ နေကြာစေ့အထုပ်ကြီးကို အလယ်ချ.. ဂစ်တာတလက်ဆွဲကိုင်ထားသူက သံစဉ်တွေ ဆိုတီးနေပြီး ရောက်တတ်ရာရာ စကားပြောနေကြရင်းမှ.. နောက်တော့ တယောက်က ဘီယာဘူးတွေ သွားဝယ်လာခဲ့သည်.
ညက ထမင်းစားပြီး လက်ကျန် ကြက်သားဟင်းခွက်ကို သယ်ချလာပြီး ဝရန်တာ တံစက်မြိတ်အောက်က အိမ်ရှေ့မှာ စကားကောင်းနေလိုက်ကြတာ.. ည ၁၂ နာရီကျော်လို့ ၁ နာရီပင် ထိုးလုပြီ..
ကောင်းကင်မှာ ညက လအရောင်ကြောင့် ကြည်လင်နေပေမဲ့ တဖြည်းဖြည်း မည်းမှောင်လာခဲ့တဲ့ အလင်းရောင်ကို သတိထားနေရင်းပင် တိမ်တအုပ်က အဲ့သည်လရောင်ကို ဖုံးအုပ်ဖို့ အကြံခံလိုက်ရတာပါပဲ..
အဲ့သည့်အချိန်မှာပဲ စွဲစွဲငင်ငင် စူးစူးရှရှအူလိုက်တဲ့ ခွေးတကောင်ရဲ့အသံကို မထိတ်သာမလန့်သာ စတင်ကြားလိုက်မိတော့တာ..
ကျမတို့ရဲ့စကားဝိုင်းမှာ အသံတိတ် ဂစ်တာသံဆိတ်သွားတော့သည်.. အဲ့သည့် ခွေးအူသံက လမ်းမ ဟိုဖက်ထိပ်ကနေ စကြားလာရတာဖြစ်ပြီး လမ်းတလျှောက် ခွေးတွေက ရောယောင်အူနေတော့တာ ဖြစ်သည်..
ကျမတို့ စကားဝိုင်းနားမှာ နေပြီး အကင်အစအနတွေ၊ ကြက်ရိုးတွေကို လာရောက်စားနေတဲ့ ခွေးကတော့ စောစောဏကတင် လမ်းမဆီ ပြေးထွက်သွားခဲ့ပြီ..
အဲ့သည့်ခွေးက လမ်းမ အလယ်ခေါင်တည့်တည့်မှာ ရပ်နေပြီး စူးစမ်းဟန်က အပြည့်ရှိနေခဲ့သည်. ပိုထူးခြားတာကတော့ သူ့ရဲ့အမြီးပဲဖြစ်သည်..
သူ့ရဲ့အမြီးက ပထမတော့ အပေါ်ကို ထောင်ထောင်မတ်မတ်ဖြစ်နေပြီး အစုလိုက်အပြုံလိုက် အူနေတဲ့ ခွေးအူသံတွေ တစထက် တစ နီးလာသောအခါ အဲ့သည့်အမြီးက ခွေလာပြီး နောက်တော့ အိန် အိန် ဆိုပြီး အမြီးကုပ်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်..
ကျမတို့စကားဝိုင်းရဲ့ အရှေ့ အိမ်ခြံဝန်းသံပန်းတံခါး အရောက်မှာတော့ အဲ့သည့်အူနေတဲ့ အူသံတွေရော ခွေးတွေရဲ့အသံပါ ဓားနဲ့ဖြတ်ပိုင်းလိုက်သလိုပင် တိတိပပ ရပ်ဆိုင်းသွားခဲ့တော့သည်..
ရုတ်တရက်ဖြစ်ပေါ်သွားတဲ့ ထူးခြားတဲ့အခြေအနေမှာ တကိုယ်လုံးကြက်သီးမွေးညှင်းတွေ တဖျင်းဖျင်း ထလာခဲ့ပြီး လူက စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်သွားတော့သည်.. မတ်တပ်ထရပ်လိုက်ဟန်ရှိတဲ့ တယောက်ကြောင့် ဘီယာပုလင်းခွံကို တိုက်မိပီး ပြုတ်ကျသွားသည့် အသံသည် တိတ်ဆိတ်နေတဲ့ညမှာ ယောင်ယမ်း အော်ဟစ်လိုက်သံနှင့်တောင် တူနေတော့သည်..
နောက်တော့ ကျမတို့တွေ စကားဝိုင်းသိမ်းကာ အိမ်ထဲဝင်ခဲ့ကြတော့သည်.. အဲ့ဒီညက ဘယ်သူမှ ကောင်းကောင်း အိပ်မပျော်ကြပါ.
သံပန်းတံခါးရဲ့ပြင်ပဆီကနေ စူးစိုက်ကြည့်နေသည်လို့ သံသယရှိလှသည့် အထင်တလုံးနှင့် ကျမတို့တွေ နောက်ပိုင်းစကားဝိုင်းတွေကို အဲ့သည့်ဝရံတာလေးမှာ ထပ်မလုပ်ဖြစ်ကြတော့..
မှတ်မှတ်ရရ ရှိလှသည်ကတော့ အဲ့ဒီခွေးအူသံသည် ည ၁း၃၀ တိတိတွင် ကြားရခြင်းဖြစ်လေသည်..
မနေ့က ညသည် အိပ်မောကျနေရာက ရုတ်တရက်နိုးထလိုက်ရသည့်ညဖြစ်ပြီး ပြန်အိပ်ဖို့ကြိုးစားသော အခါ အိပ်မက်ဆိုးများနှင့် နပန်းလုံးရသော ညဖြစ်လေသည်..
ဒီနေ့ည ၁း၃၀ တွင်လည်း ဒီခွေးအူသံကို ကျမကြားရဦးမှာပင်ဖြစ်လေသည်..
ပြည့်စုံ
(9း48 pm, 2/9/2011, Friday Night)
Unknownnoreply@blogger.com3