ခွဲခွာခြင်းတိုင်းမှာ လက်ပြနှုတ်ဆက်ခြင်းရှိရလိမ့်မယ်လို့တော့ ဘယ်သူကမှ ပြဌာန်းမထားခဲ့ပါ.. ဝမ်းနည်းခြင်းတွေတော့ အသေအချာကို ရှိပါလိမ့်မယ်.. ဘယ်လိုခွဲခွာခြင်းမျိုးကိုမဆိုပေါ့… ကျမအတွက်ကတော့ အခုနှစ်ပိုင်းအတွင်းမှာ ကိုယ်က ခွဲခွာခဲ့တာပဲဖြစ်ဖြစ် ကိုယ့်ကို ခွဲခွာသွားတာပဲဖြစ်ဖြစ် အဲ့ဒီခံစားချက်တွေကို အကြိမ်ရေများများ ခံစားခဲ့ဖူးပါပီ.. ခွဲခွာမှုတိုင်းကတော့ ဘယ်တော့မှ မရိုးသွားဘဲ အသစ် အသစ်သော ခံစားချက်တွေကို ပေးမြဲပါပဲ.
ခွဲခွာခြင်းတွေရဲ့ အစဟာ အိမ်တံခါးဝ တံစက်မြိတ် လက်ဖက်ရည်ဆိုင် လမ်းထိပ် ကားဂိတ် ရထားဘူတာ သင်္ဘောဆိပ် လေဆိပ် စသည် စသည်ဖြင့်ပေါ့လေ.. ဒါတွေက အသက်ရှင်လျက်ခွဲခွာမှုတွေအတွက် နေရာတွေပါ.. ခွဲခွာမှုတိုင်းမှာ လက်ပြနှုတ်ဆက်သူရော ကျောခိုင်းထွက်ခွာသူရော အနည်းနဲ့အများတော့ ဝမ်းနည်းကြေကွဲရတာပါပဲ.. တချို့ကတော့ အခွင့်ရမယ်ဆိုရင် ကျောခိုင်းထွက်ခွာခွင့်ရသူတွေပဲ ဖြစ်ချင်ကြတယ်.. ဘယ်သူကမှ ကျန်ရစ်မဖြစ်ချင်ကြပါဘူး.. ဒါပေမဲ့
ကျောခိုင်းထွက်ခွာသူရော ကျန်ရစ်ခဲ့ရသူပါ သံယောဇဉ်အတိမ်အနက်အရ ဆတူ ခံစားရတာပါပဲ..ဒီနေ့ ရန်ကုန်ကို ပြန်မယ့် သူငယ်ချင်းတစ်ယောက်ကို သုဝဏ္ဏဘူမိလေဆိပ်ကြီးမှာ
လိုက်ပါပို့ဆောင် နှုတ်ဆက်တဲ့ အခမ်းအနားမှာ (အဲ့သည့် အသုံးအနှုံးကိုက ရီချင်စရာနော်) သူ Check In ဝင်နေတာကို ဘေးမှာ လက်နှစ်ဖက်ကို တင်းတင်းပိုက်ပီး အသာရပ်ငေးကြည့်နေမိတယ်. မြောက်မြားလှစွာသော Check In ကောင်တာတွေရဲ့ ဘေးမှာ လက်ပြနှုတ်ဆက်သူတွေ ကျောခိုင်း ထွက်ခွာသွားတဲ့သူတွေ မခွဲနိုင် မခွာရက် ပွေ့ဖက် နမ်းရှုပ်နေကြတဲ့သူတွေ .. သူတို့ဘေးမှာ ခပ်တောင့်တောင့် အနေအထားနဲ့ရပ်ပီး ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြတဲ့ လူတွေကို မျက်စိအကြောင်သားနဲ့ လိုက်ငေးနေမိတယ်…
အဲ့ဒီလူတွေထဲမှာ မိသားစု ဆွေမျိုး အပေါင်းအဖော်တွေနဲ့ တပျော်တပါးကြီး ခရီးသွားတဲ့သူတွေ ကမ္ဘာလှည့်ခရီးသွားတွေ.. အနောက်တိုင်းသားတွေ ကပ္ပလီတွေ အာရှနွယ်ဖွား တရုတ်တွေ ဂျပန်တွေ ခပ်မြောက်မြောက်စတိုင်တွေနဲ့ ရွှေမြန်မာတွေ အဲ့ဒီကြားထဲမှာမှ မျက်နှာဖြူတွေ အိမ်အပြန် ဝမ်းနည်းပမ်းနည်း မျက်ရည်အဝဲသားနဲ့ လိုက်ပို့ပီး နှုတ်ဆက်နေတဲ့ ထိုင်းမ ထန်းလျက်ခဲကြီးတွေ.. … ခပ်သုတ်သုတ် သွားနေတဲ့သူတွေက သွားကြ.. အထုပ်တွေ အပိုးတွေ မနိုင်မနင်းနဲ့ အလုပ်ရှုပ်တဲ့သူက ရှုပ်.. အေးအေးဆေးဆေး စကားထိုင်ပြောနေတဲ့သူတွေက ထိုင်လို့.. ကိုယ်တွေလို လိုက်ပို့တဲ့သူတွေက ဘေးမှာ အသာရပ်လို့.. လူတွေ လူတွေ သူတို့အမှုကိစ္စတွေနဲ့ သူတို့ အလုပ်ရှုပ်နေကြလေရဲ့……
အိမ်က စွန့်ခွာသူတွေ အိမ်ကို ပြန်မယ့်သူတွေ ခရီးသွားတော့မယ့်သူတွေ .. ပျော်ရွှင်ဖွယ် မျက်နှာထားတွေ ဂုဏ်ယူဝမ်းမြောက်ဖွယ်အပြုံးတွေ ဝမ်းနည်း နာကျင်နေတဲ့သူတွေ သူတို့ရဲ့ အပြုံးတွေ မျက်လုံးတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို အပြည့်အဝ ပုံဖော်နေကြတယ်..
ကိုယ်ကရော.. ကိုယ်ကတော့ ပွဲကြည့်ပရိသတ်လိုပင် သူတို့ကို အသာရပ်ငေးပီး လူတွေရဲ့ မျက်လုံးတွေကို လိုက်ဖတ်ကြည့်နေမိတယ်..
ဒါဆို နင်က သူတို့ရဲ့ရင်ထဲက ခံစားချက်အလုံးစုံကို နားလည်သဘောပေါက်နေပီပေါ့လေ.. ကိုယ့်ကိုယ်ကို ခပ်ငေါ့ငေါ့မေးလိုက်တော့ ကိုယ်ကိုယ်တိုင်ကပဲ ပြန်ပီး လှောင်ရီမိသွားတယ်.. ငါ့ကိုယ်ငါ နားလည်မှတော့ ဒီလို တောင်စဉ်ရေမရ လျှောက်တွေးနေပါ့မလားလို့လေ.. လေယာဉ်တွေက ငှက်တွေလိုပင် ကောင်းကင်ထဲကနေ ပျံဝဲပီး ဆင်းလာလိုက် ပျံတက်သွားလိုက်.. ငါကတော့ အဲ့ဒီမြောက်မြားလှစွာသော လေယာဉ်တွေထဲက တစ်စင်းတစ်လေမှာကိုတောင် စီးပီး အိမ်ကို ပြန်ဖို့ မတွေးနိုင်ခဲ့သေးဘူး..
အိမ် အကိုတစ်ယောက် ပြောဖူးသလို
အိမ်ဟုတ်လား အမြစ်မတွယ်ချင်ပါဘူးဗျာ။ တဲ့ (ဂျစ်ပဆီတွေရဲ့ စကားပုံတဲ့) သူပြောတိုင်း သဘောကျတဲ့စိတ်နဲ့ အမြဲ ပြုံးရယ်မိတယ်.. ဒါပေမဲ့ ညနေစောင်းရင် အိမ်ပြန်ချင်တဲ့စိတ်က သမားရိုးကျ လူနေမှုဘဝထဲကို ခန ခန ဝင်လာနှောင့်ယှက်တတ်တယ်.. ညနေ နေစောင်းပီဆိုတာနဲ့ အိမ်ကို အလုအယက်ပြန်နေကြတဲ့ လူတွေ ကားတွေနဲ့ ဘန်ကောက်မြို့ရဲ့ လမ်းမကြီးတွေမှာ လမ်းပိတ်ဆို့မှုတွေ အကြီးအကျယ်ဖြစ်လေ့ရှိနေတယ်.. အလျင်စလို ရွေ့လျားနေကြတဲ့ ကားတန်းကြီးတွေကို ကြည့်ငေးရင်း ငါလဲ တစ်နေ့တော့ ငါ့ရဲ့ကိုယ်ပိုင်အိမ်လေးတစ်လုံးကို တည်ဆောက်နိုင်မှာပါ.. အဲ့ဒီအခါ ဘယ်လောက်ပဲ နေစောင်းနေပါစေ ဘယ်လို အခက်အခဲတွေနဲ့ တွေ့ပါစေ အိမ်ကို အရောက်ပြန်မယ်.. အိမ်ပြန်မယ်ဆိုတာကို တွေးမိတိုင်း မနက်ဖြန်အတွက် အားသစ်တွေ တိုးလာသလို ခံစားရတယ်..
အိမ်မှာသာဆို မောင်နှမတွေ အဖေအမေ တူမလေးတွေနဲ့ သိပ်ပျော်စရာကောင်းတယ်.. အခုတော့… ညဘက်တွေ အိပ်မပျော်တိုင်း တွေးမိတာက သိပ်အထီးကျန်တာပဲ.... အထီးကျန်တယ်ဆိုတာ တစ်ယောက်တည်း နေရလို့ အဖော်အပေါင်းမရှိလို့ အဲ့တာတွေ တစ်ခုမှ မဟုတ်ဘဲ အတွေးတွေ စိတ်ကူးတွေက အစ အထီးကျန်တယ်လို့ ပြောမိတော့ သူငယ်ချင်းလေးက တရားပြရှာတယ်..
‘အထီးကျန်တာ နှစ်မျိုးရှိတယ်.. တစ်ယောက်ထဲ အထီးကျန်တာနဲ့ မိသားစုနဲ့ အထီးကျန်တာ.. အဲလိုမှာ အချစ်က ကပ်ပါတယ်.. တစ်ယောက်ထဲ အထီးကျန်တာ ခံနိုင်ရင် ယောက်ျားမယူနဲ့. . ယူမယ်ဆိုတော့လည်း မိသားစု ဖြစ်လာမယ်.. ဒါပေမယ့် ကံမကောင်းတတ်ရင် မိသားစု အသိုက်အမြုံနဲ့ နေပြီး အထီးကျန်နေတာ လောကမှာ အများကြီး.. အဲတော့ ငါပြောချင်တာ အထီးကျန်ဆန်ခြင်းတွေကို ခံနိုင်အောင် နှလုံးသားကို မာမာထုထား ငါးဖယ်လိုပဲ ထုလေ မာလေပဲ အိုခေ’ တဲ့.. သူကတော့ အထီးကျန်ခြင်းနဲ့ အိမ်ထောင်ပြုခြင်းကြားက ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ပြဿနာတွေကို စပ်ဆက် စဉ်းစားနိုင်အောင် ပြောပြရှာတယ်.. သူပြောတော့မှ အပျိုကြီးတော့ မဖြစ်ချင်ဘူးဆိုတဲ့ အတွေး ဝင်လာမိတယ်.. ရီစရာနော်.. ခေါင်းကို သွက်သွက်ခါအောင် ယမ်းပီး မျက်လုံးစုံမှိတ်ပီး ပြန်ပြောမိတယ်.. ဘာပဲဖြစ်ဖြစ် ငါတော့ အပျိုကြီးမဖြစ်ချင်ဘူး.. ဟုတ်တယ်လေ မဖြစ်ချင်ဘူး.. ဖြစ်လာတော့လဲ ဘာအရေးလဲ.. အသက် ၃၀ ကျော်တဲ့အထိ တခြားတစ်ယောက်ကို အားကိုးအားထားပြုစရာ မလိုဘူးဆိုရင်တော့ အပျိုကြီးဖြစ်ရလဲ ဘာအရေးလဲ. တော်နေကြာ သူများအိမ်မှာ ခိုကိုးကပ်နေရမှဖြင့်….
ဆွေးနွေးငြင်းခုန်မှုတိုင်းမှာ ကျမက သိပ်ခေါင်းမာတတ်တယ်.. တခြားတစ်ဖက်က ဘယ်လောက်ပဲ အချက်နဲ့ အလက်နဲ့ ရှင်းပြတတ်လဲ သိပ်နာခံချင်တဲ့ စိတ်မရှိဘူး.. ကိုယ်မှန်တယ်ထင်ရင် မျက်လုံးကိုစုံမှိတ်ပီး ငြင်းရတဲ့ အရသာကို ကြိုက်နေမိတာလဲ ပါမယ်.. ငယ်ငယ်ကတော့ ကစားပွဲတွေမှာ ငြင်းခုန်ရတိုင်း မနိုင်တော့ဘူးဆိုရင် ကုန်းကိုက်တဲ့ အကျင့်ရှိခဲ့တယ်.. အထက်တန်းလောက်အထိ အဲ့ဒီအကျင့်ကို ဖျောက်မရခဲ့ဘူး.. အခုကျတော့ အကျင့်က နည်းနည်းပြောင်းလာပါတယ်.. သူများကို ကိုက်လို့မရတော့ ကိုယ့်လက်ကို ကိုယ်ပြန်ကိုက်တာနဲ့ ကိုယ့်ခေါင်းက ဆံပင်ကို တိုသွားအောင် ညှပ်ပစ်ရတာနဲ့. အခုတော့ ဆံပင်က ယောက်ျားရှာကေနဲ့ပါ.. တော်တော်လေးတော့ တိုနေပါပီ.. အသက် ၂၂ နှစ်လောက်တုန်းက ဆံပင် တင်ပါးဖုံးကျော်တဲ့အထိ ထားခဲ့မိပီး အခု အသက် ၂၅ နှစ်ကျော်လို့ ၂၆ နှစ်ထဲ ရောက်တဲ့အချိန်မှာ ဆံပင်က ယောကျာ်းလေးကေနဲ့ဆို အသက် ၃၀ ကျော်ရင် ဂတုံးဖြစ်မယ် ထင်တာပဲ.. ကြိုတွေးထားကြည့်မိတာပေါ့လေ.
ငယ်ငယ်တုန်းကအကြောင်း ပြန်တွေးမိတော့ ကစားနည်းတစ်ခုကို သတိရမိတယ်.. တူတူပုန်းတမ်း ကစားတာပါ.. ကိုယ်က ငယ်ငယ်ကတည်းက ခြေထောက် သိပ်မခိုင်တော့ အမြဲ ပြေးတမ်းလိုက်တမ်း ကစားရင် ချော်လဲဒူးပြဲ နဖူးကွဲ အမြဲဖြစ်တတ်လွန်းတော့ အကိုတွေ အမတွေက သူတို့ဆော့တဲ့ဆီကို မခေါ်ချင်ကြဘူး.. ဒါပေမဲ့ ကျမတို့က မောင်နှမများတော့ အမေက မောင်နှမအချင်းချင်း ပြန်ထိန်းခိုင်း တော့ ကျမ အမက အမြဲ ကျမကို ထိန်းရပါတယ်.. သူဆော့တဲ့ ဘယ်လိုနေရာမဆို ကျမက အမြဲပါရတော့ ကျမပါ အတူဆော့နိုင်တဲ့ ကစားနည်းက တူတူပုန်းတမ်းပါ..
သူက ထမင်းသိုး ဟင်းသိုး.. မမက သူ့သူငယ်ချင်းတွေကို လှမ်းပြောလိုက်တယ်..
ငါက ဘာလို့ ထမင်းသိုး ဟင်းသိုးဖြစ်ရတာလဲ.. ထမင်းသိုး ဟင်းသိုး ဟုတ်ဘူးနော်.. ကျမအသံ နည်းနည်းမြှင့်ပီး အော်လိုက်တော့ မမက ပျာပျာသလဲနဲ့
ဟုတ်တယ် ဟုတ်တယ် မသိုးဘူး သူက ထမင်းမစား ကွမ်းမစား… ဟာ လုပ်ပြန်ပီ ထမင်းစားတယ် ထမင်းစားတယ်.. ငိုသံနည်းနည်းပါလာတော့ မမကြီးက
ဟာ နင်နော် မပါခိုင်းဘဲ နေလိုက်မှာ ထမင်းမစား ကွမ်းမစားဆို ထမင်းမစား ကွမ်းမစားဘဲ ဟွန်း..မပါခိုင်းဘူးဆိုတာနဲ့ ကိုယ်က ကြောက်သွားပီး သူ့ကို ထပ်ပီး အထွန့်မတက်ရဲတော့ဘူးလေ…
ငါး ဆယ် ဆယ့်ငါး နှစ်ဆယ် ဂဏန်းရွတ်သံအကြားမှာ ကိုယ်လဲ အပြေးအလွှား လုံခြုံရာနေရာကို ပြေးပုန်းရတော့တာပေါ့.. ဟိုလူမိပီ ဒီလူမိပီ အော်သံအကြားမှာ ကိုယ့်ကို အခုထိ မမိသေးဘူး.. ပုန်းနေတဲ့နေရာကနေ တိတ်တိတ်လေး ထွက်လာပီး ခေါင်တိုင်ကို ပြေးပုတ်လိုက်တယ်…
ဟေးးးးးးး အောင်ပီ အောင်ပီ.. လိုက်ရှာနေတဲ့ အမက မိပီ မိပီဆိုပီး ကိုယ်က အရင်ဦးရဲ့သားနဲ့ ကိုယ့်ကို ဘေးမှာ ရပ်ခိုင်းထားတယ်.. ငြင်းမယ်လို့ ပြင်လဲ ဘယ်သူမှ ထွက်မလာတာနဲ့ ကိုယ်က ဘာမှပြန်မပြောနိုင်ခဲ့ဘူး..
ငါး တစ်ဆယ် ဆယ့်ငါး နှစ်ဆယ် တူပီလား မတူသေးပါဘူးဆို ကိုယ်က မတူသေးဘူး ပြောပေမဲ့လဲ
တူပီဆိုတဲ့ အသံနောက်မှာ ပုန်းဖို့နေရာကို အသည်းအသန်လိုက်ရှာရတယ်.. အိမ်ကြမ်းပြင်အောက်ကို ပြေးဝင်ပုန်းလိုက်တယ်.. တော်တော်လေးကို လုံခြုံတဲ့နေရာလေးပေါ့.. ကိုယ့်အရှေ့ကနေ လိုက်တဲ့သူက အခေါက်ခေါက်အခါခါ ဖြတ်နေလဲ ကိုယ့်ကို မမြင်ဘူးတော့.. တိတ်တိတ်လေး အသံမထွက်ဘဲ ကြိတ်ရယ်နေမိတယ်.. နောက်တော့ ကိုယ့်ဘေးက လူတွေ တစ်ယောက်ပီး တစ်ယောက် ဖမ်းမိသွားတယ်.. ကိုယ့်ကိုတော့ မမိဘူး.. ကိုယ့်ကို ဘယ်သူမှလဲ လာမဖမ်းကြဘူး.. ကိုယ်ပုန်းနေတာလဲ ဘယ်သူမှ အသိအမှတ် မပြုကြဘူး.. နောက်တော့ ပုန်းနေရတာ ကြာလာတဲ့ အပြင် ပုရွက်ဆိတ်ကလဲ ကိုက် ကုန်းကုန်းလေး နေရတာ ညောင်းလာတော့ အပြင်ကို ထွက်တဲ့အချိန်မှာ ပုန်းတဲ့သူရော လိုက်တဲ့သူပါ သူတို့ဘာသာ သူတို့ ဆော့နေလိုက်ကြတာ ကိုယ့်ကို ဘယ်သူကမှ အဖက်မလုပ်ကြဘူးလေ.. ကိုယ် ပုန်းနေတဲ့အချိန်အတွင်းမှာကို သူတို့က သုံးလေးပွဲလောက် ဆော့ပီးနေကြပီ..
မိပီ မမိဘူး နင်က ချောင်းကြည့်တာကိုး မရဘူး ဟေ့အေး နင်နော် စသဖြင့် ကိုယ်က ဘေးနားမှာရပ်နေတာတောင် ကိုယ့်ဘေးမှာ သူတို့ဘာသာ ရန်တွေဖြစ်နေကြတဲ့ ကိုယ့်ကစားဖော်တွေကို ကြည့်ရင်း အခုမှ ကိုယ့်ကို ဘာကြောင့် ထမင်းမစား ကွမ်းမစား ပြောတာလဲ သဘောပေါက်လာခဲ့တယ်.. ကိုယ် ဆက်ပုန်းနေလဲ သူတို့က ကိုယ့်ကို လိုက်မရှာကြတော့ဘူးလေ..
ကိုယ်က ကစားပွဲတွေမှာ ဝင်ကစားနေပေမဲ့လဲ ကိုယ့်ကို အသိအမှတ်မပြုဘူး တခါတလေ ကိုယ့်ကို မေ့ထားကြတယ်.. တစ်ခုခု ကိုယ်က အမှားအယွင်းလုပ်မိရင်တောင် ကိုယ်က ထမင်းမစား ကွမ်းမစားမို့ ကိုယ့်ကို အပြစ်မတင်ကြပေမဲ့ ကိုယ့်အတွက်က ကိုယ်လုပ်ခဲ့သမျှ ဘာမှ အရာမထင်တဲ့အပြင် သူတို့ရဲ့ အောင်ပွဲတွေကလဲ ကိုယ်နဲ့ တစ်သီးတစ်ခြား ဖြစ်နေခဲ့တာ.. အဲ့ဒီအချိန်တုန်းက ကိုယ်က သူတို့လို ကစားခွင့်မရခဲ့ပဲ ကိုယ့်ကျမှ ထမင်းမစား ကွမ်းမစားဖြစ်ခဲ့ရတာကို ဝမ်းပမ်းတနည်းနဲ့ အမေ့ဆီ ပြန်ပြေးခဲ့တယ်..
အမေက ကိုယ့်ကို သူ့လက်မောင်းတွေကြားထဲ အတင်းဆွဲသွင်းပီး
သူတို့ မဆော့ခိုင်းရင်လဲ မဆော့နဲ့ အမေ့ဘေးမှာနေ နေ့လယ်နေ့ခင်း အိပ်ပျော်အိပ် ညနေ ဈေးသွားရင် သမီးလေးကို အမေက ဈေးကို ခေါ်သွားမယ် ဟုတ်ပီလားနော်.. အမေ့ဘေးမှာ အသာလှဲအိပ်နေရင်း အမေ့မျက်နှာကို ပြန်မော့ကြည့်လိုက်ပီး
အမေ အမေ သမီးကိုပဲ မုန့်ဝယ်ကျွေးနော် မမကြီးကို မကျွေးနဲ့ သိလား.. အေးအေး အိပ် အိပ် အိပ်ပျော်အောင် အိပ်.. အမေက ကျမရဲ့ ကျောပြင်လေးကို ပွတ်ပေးလိုက်တော့ အိပ်ပျော်သွားတယ်.. အိပ်ပျော်ခါနီးမှာတောင် ဝမ်းနည်းလွန်းလို့ တစ်ချက်ရှိုက်လိုက်မိသေးတယ်..
အိပ်မက် မက်နေခဲ့တယ်.. အိပ်မက်ထဲမှာ ဒီအရွယ်ကြီးနဲ့ ကိုယ်တို့တွေ တူတူပုန်းတမ်း ကစားကြတယ်တဲ့… ကိုယ်က ပုန်းနေပေမဲ့ ကိုယ့်ကို လိုက်ရှာမယ့်သူ မရှိခဲ့ဘူး… လူတွေက ကိုယ့်ဘေးကနေ ဖြတ်သွားနေတာပဲ.. သူတို့ ကစားပွဲတွေနဲ့ သူတို့ ကိုယ့်ကို သူတို့ အရေးမလုပ်ကြဘူးလေ.. ကိုယ်ပုန်းနေရာကနေ ထွက်လာပီး
ဟေ့ ငါဒီမှာရှိတယ်နော် ဟေ့ ငါဒီမှာ အော်နေပေမဲ့ ကိုယ့်ကို လှည့်စောင်းပီးတောင် မကြည့်ကြဘူး.. ကိုယ် အသံတွေ ပျောက်တဲ့အထိ အော်ခေါ်နေမိတယ်.. ဘုရားရေ တူတူပုန်းတမ်း ကစားနေရင်း ငါ ပျောက်သွားပီလား ငါ့ကို ဘယ်သူမှ မမြင်ကြတော့လို့လား
ဟေ့ ငါဒီမှာ တဖြည်းဖြည်း အော်ရင်း အသံက တိမ်ဝင်သွားခဲ့တယ်... နောက်ဆုံး အသံထွက်မလာတော့ဘူး... တစ်ကိုယ်လုံး လှုပ်မရဘူး ဖြစ်နေတယ်.. အတင်းရုန်းကန်နေမိရင်း ရေနစ်နေတဲ့သူလိုပဲ အသက်ရှုမဝဖြစ်လာခဲ့တယ်.. နောက်ဆုံး အတင်းရုန်းလိုက်တဲ့အခါကျတော့မှ ကိုယ် အိပ်မက်ကနေ လန့်နိုးလာခဲ့တယ်…
အိပ်မက်က လန့်နိုးတဲ့အချိန်မှာတော့ တစ်ကိုယ်လုံး ချွေးစေးတွေ ရစ်သိုင်းနေခဲ့ပီး ပါးပြင်ပေါ်မှာ မျက်ရည်တွေ ရွှဲစိုနေခဲ့တယ်… အိပ်မက်မို့ တော်သေးတာပေါ့နော်.. အိပ်မက်ထဲမှာတောင် ငါ ထမင်းမစား ကွမ်းမစားကောင်မလေးတစ်ယောက် အဖြစ်ပဲ ရှိနေသေးတယ်.. ဘယ်တော့မှ ငါဟာ ကြီးကောင်ဝင် လူကြီးဖြစ်လာပါ့မလဲ ထမင်းစား ကွမ်းစားဖြစ်ပါ့မလဲ တွေးနေရင်းနဲ့တောင် အထီးကျန်ဆန်လာမိတယ်.. တကယ်လို့ အခုနေအခါ တူတူပုန်းတမ်း ကစားမယ်ဆိုရင် ငါ့ကို လိုက်ရှာမယ့်သူ ရှိပါစေလို့ပဲ ဆုတောင်းရမှာပဲ.. ဒါမှမဟုတ်ရင် အဲ့ဒီ ကစားနည်းမျိုးကို ငါ ဘယ်တော့မှ ထပ်မကစားတော့ဘူး.. ဒါပေမဲ့ စိတ်ကူးထဲမှာ တိတ်တိတ်လေးပြောလိုက်မိတယ်...
တူပီနော်……….