Wednesday, October 28, 2009

ဝေးလွင့်ခြင်း

ဘယ်တော့နီးရမလဲ မသိ
ဘယ်လောက်ဝေးရမလဲ မသိ
အဲ့ဒီ အချစ်ဆိုတဲ့ ခံစားချက်ကို
ငါ လျစ်လျူရှုလိုက်ပီ

ကံမကောင်းခဲ့ဘူးတဲ့
ပြန်ပြောင်းမပြောချင်ခဲ့တဲ့
အတိတ်က ဇာတ်ကြောင်းတွေထဲ
မင်းနဲ့ငါ ပျော်ဝင်ခဲ့တယ်

မျှော်လင့်ချက်တွေပေးပီး
ရှင်သန်စေချင်တာ မဟုတ်ဘူးတဲ့
ဒါပေမဲ့လဲ
မျှော်လင့်ရင်းနဲ့ပဲ တို့တွေဝေးခဲ့ကြတယ်

နားလည်ပေးပါတဲ့
အရေးမပါတဲ့ အလွမ်းတွေတောင်
ငါ့ရင်ထဲ သိမ်းထားပီးမှ ချစ်သူရယ်
အပြစ်မယူရက်ပါဘူး

တစ်နေရာစီ ဝေးရမယ့်အတူတူ
တစ်ကမ္ဘာစီ ထပ်ဝေးကြမယ်
တို့နှစ်ယောက် ပြန်ဆုံရင်တောင်
ရင်မခုန်ကြေးလေ

အဆွေးဆိုတာ အတွေးက စသတဲ့
အကြွေးကို အကျေဆပ်ခဲ့ပါတယ်
မင်းနဲ့ငါ ဒီဘဝ မနီးသမျှ
နောင်ကမ္ဘာ ဆယ်သက်ဝေးကြပါစို့

ပြည့်စုံ
(၂၆-၁၀-၂၀၀၉၊ ၁၂း၃၉ am)

(အနော် အကြိုက်ဆုံး အဆိုတော် ကိုလေးဖြူရဲ့ အလဲအကွဲ သီချင်းကို နားထောင်ရင်း ဒီကဗျာလေးကို ရေးခြစ်မိတာပါ :P)

Monday, October 26, 2009

စိမ်းရောင်သန်းတဲ့ လွင်ပြင်ကျယ်နောက်

အစိမ်းရောင်တွေ သန်းနေတဲ့
ဟော .. ဟိုက လွင်ပြင်ကျယ်မှာ
မင်းရင်ခွင်တစ်စုံလုံးကို ပစ်သွင်းကြည့်လိုက်ပါ ...
လွင်ပြင်ကျယ်အစိမ်းက
မင်းခန္ဓာမှာ လာထင်ဟပ်မယ်ဆို
အဲဒီလို ရောယှက်နေတဲ့
ခပ်စိမ်းစိမ်း မျက်ဝန်းအစုံများစွာကြားမှာပဲ
မင်းဟာ ခပ်စိမ်းစိမ်း အကြည့်တွေနဲ့ပဲ ဖလှယ်တော့မှာလား ..
လောကကြီးအတွင်းမှာ ပျက်ရယ်ပြုနေကြတယ်
မင်းရော သူတို့လို ခပ်စိမ်းစိမ်းစကားတွေနဲ့ လှောင်ပြောင်မှုကို
ပြုနေဦးမှာလား ...
ဆေးသားလွင်နေတဲ့ အစိမ်းရောင်ပန်းချီကားတစ်ချပ်
မျက်ဝန်းအစုံကို အေးစေတယ်ဆို ..
ထိုအေးမြမှုတွေ နောက်
အစိမ်းဆိုတဲ့ သဏ္ဍာန်သရုပ်
မင်းစိတ်မှာ စွဲထင်နေမှဖြင့်
မြင်မြင်သမျှ အေးမြချင်တဲ့ မင်းစိတ်
အစိမ်းရောင်တွေကြားမှာပဲ ဖြစ်တည်နေတော့မယ်
ဘ၀ကိုစိမ်းရောင်သန်းနေမှာလား ..
ထွေပြားစေတာလား ..
ထိုထိုအတွေးကြားမှာပဲ
အစိမ်းရောင်ဆိုတာ ????
...........
........................
သက်ရွက်ကြွေတွေ လွင့်ဝဲနေတဲ့နောက်
မင်းစိတ်အနောက်တွေ လိုက်နေမယ်ဆို
စိမ်းရောင်သန်းတဲ့ လွင်ပြင်ကို ပမာပြု
ထင်ဟပ်နေတဲ့ စိမ်းရောင်ဟာ
အပေါ်ယံမှာပဲ ဖြစ်တည်နေတာမို့
ထိုအပေါ်ယံကို ခ၀ါချ
စိတ်အအိုက်ပြေပျောက်မဲ့ ရောင်နီအလင်းစက်အောက်
ပြေးထွက်ကြပါစို့ ..။

အရုပ်ကလေး (http://idulize.myanmarbloggers.org/)

(အနော့်ရဲ့ စိမ်းသက်ခြင်းဆိုတဲ့ ကဗျာလေးကို ဖတ်အပီးမှာ ကိုအရုပ်ကလေးက ထပ်ဆင့် ကဗျာရေးပေးတာကို ဖော်ပြလိုက်ပါတယ်ရှင်)

Friday, October 23, 2009

တစ်ခါတုန်းက တက္ကသိုလ်ဆီ


လူငယ်ဘဝ အမှတ်တရလို့ ပြောလိုက်ရင် အမြဲပဲ မျက်စိထဲ ပြန်မြင်တဲ့အချိန်တွေဟာ အဖြူအစိမ်း ကျောင်းသူဘဝပဲဖြစ်နေခဲ့တာ အမှန်တရားတွေမို့ လွတ်လွတ်လပ်လပ် မပျော်ရွှင်ခဲ့ရတဲ့ တက္ကသိုလ် ဆိုတဲ့ အဝေးသင် ဒဂုံတက္ကသိုလ် တက်ခဲ့ရတဲ့အချိန်တွေကို ပြန်လည် ပုံဖော်ကြည့်မိတယ်…

တစ်ခါတုန်းက တို့များရဲ့ ဒဂုံတက္ကသိုလ်ဆီပေါ့လေ………..

ဆယ်တန်းတက်နေတဲ့အချိန်မှာ ဝတ္ထုစာအုပ်တွေ တော်တော်များများ ဖတ်နိုင်နေပါပီ… တက္ကသိုလ်ဆိုတဲ့ နာမည်နာမရဲ့ အနောက်မှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူဆိုတဲ့ အခေါ်အဝေါ်၊ ကန်ဘောင်၊ အင်းလျားကန်၊ တံတားဖြူ၊ စိန်ပန်းပြာ၊ အဓိပတိလမ်းမကြီး၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်ထိပ်က လရိပ်ပြာ……. အိုး ရင်ခုန်ဖွယ်အတိပီးတဲ့ တက္ကသိုလ်ကျောင်းသူ ဘဝပေါ့လေ… ကြိုပီး စိတ်ကူးတွေ ယဉ်နေမိခဲ့တာပါ……

အိပ်မက်တွေထဲမှာတော့ အင်ဂျင်နီယာကျောင်းသားတွေ ကိုင်တဲ့ တီစကွဲယားကြီးကို ကိုင်လို့ ဗိသုကာဖြစ်ချင်တဲ့ပိုးက တော်တော်လေး အားကောင်းနေပါတယ်… ငါ တက္ကသိုလ်တက်ရမယ်ဆို အင်ဂျင်နီယာလုပ်မယ်.. အဲ့တာမှ မရရင်တော့ ဒေးတက်ပီး တက္ကသိုလ်ကျောင်းသူဘဝ လှလှပပ ကဲမယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့………

ဆယ်တန်းအောင်စာရင်းတွေ ထွက်ပီဆိုတဲ့အချိန်မှာ မနက် ၄ နာရီထိုးလောက်ကြီး အမေက လာနှိုးတယ်. အဖေနဲ့ မောင်လေးကတော့
စက်ဘီးနဲ့ ကျောင်းကို အရင်သွားနှင့်ပီ.. ကျမကတော့ အမေနဲ့အတူတူ နှင်းတောကြီးထဲ ချမ်းချမ်းစီးစီး လမ်းလျှောက်ပီး အောင်စာရင်းသွားကြည့်ပါတယ်… တစ်လမ်းလုံး အောင်စာရင်းသွားကြည့်တဲ့ လူတွေ လူတွေ… တချို့က တိတ်တိတ်ဆိတ်ဆိတ် တချို့တွေက ဆူဆူညံညံ.. အောင်စာရင်း ကြည့်ပီး ပြန်လာတဲ့သူတချို့ရဲ့ ပျော်ရွှင်ဖွယ်အော်ဟစ်သံ.. ကျရှုံးတဲ့သူတွေရဲ့ တိုးတိုးတိတ်တိတ် ဝမ်းနည်းသံတွေကြားမှာ ကျမရင်တွေ ခုန်နေမိပီ…

ရုတ်တရက် လမ်းတစ်ဝက်အရောက်မှာ စက်ဘီးကို အမောတကောနင်းလာတဲ့ အဖေနဲ့ မောင်လေးကို ရုတ်တရက်မြင်တော့ ကျမနဲ့ အမေနဲ့ ခြေလှမ်းတွေ ရပ်သွားပီး ကျမက အမေ့နောက်ကျောကို အသာပြေးကပ်မိတယ်.. တကယ်လို့များ ခြေချော်လက်ချော်ဆိုတာများဖြစ်ရင် အိမ်ကို တိတ်တိတ်လေးပြန်ပီး အိပ်မယ်ဆိုတဲ့အတွေးနဲ့ပေါ့… ဟိဟိ

‘သမီး အောင်တယ် သမီး အောင်တယ်… မြန်မာစာဂုဏ်ထူးလဲ ပါတယ် သိလား..’

အဖေ့ရဲ့ ဝမ်းသာအားရလေသံအောက်မှာ ကျမလဲ အော်ဟစ်မြူးတူးပစ်လိုက်တယ်… အိုး ဝမ်းသာစရာကောင်းလိုက်တာ… အဖေ့ရဲ့ စက်ဘီးနောက်ခုံမှာ ထိုင်နေတဲ့ မောင်လေးကို တွန်းချလိုက်ပီး ‘အဖေ အဖေ သမီးကို တင်နင်း… အောင်စာရင်း သွားကြည့်မယ်’ ပျော်ရွှင်မြူးတူးနေတဲ့ ကျမကို အဖေက နောက်တစ်ခေါက် စက်ဘီးပေါ်တင်နင်းပီး ကျောင်းကို ထပ်သွားပေးတယ်.. ဒါပေမဲ့ အဖေ တအားမောနေပီ……

တစ်လမ်းလုံး ဘယ်သူဘယ်ဝါဆိုတာထက် ကျမမျက်နှာမှာ အပြုံးတွေချည်း ရှိနေပါတယ်… တွေ့တဲ့လူတိုင်းကို နှုတ်ဆက်.. ကြွားဝါ.. ပျော်ရွှင်နေမိတာလေ.. ကျမတို့ အောင်စာရင်းထွက်တဲ့ နှစ်က ၂၀၀၀ ခုနှစ်ပါ.. ၈၈ အရေးအခင်းမှာ ၄ နှစ်သမီးပဲ ရှိသေးတဲ့ ကျမတို့ ဂျူနီယာ သူငယ်တန်းတွေနဲ့ တစ်နှစ်အောက်လိုက်ရတဲ့ စီနီယာ သူငယ်တန်းတွေ ပေါင်းပီး ၂၀၀၀ ခုနှစ်ဟာ အောင်ချက်အများဆုံး.. ဂုဏ်ထူးရ အများဆုံးနှစ်ပါ.. ကျမတို့ အထက ၄ ကျောင်း တစ်ခုတည်းမှာတင် ဘာသာစုံ ဂုဏ်ထူးထွက်တဲ့သူ လေးဘာသာ သုံးဘာသာ နှစ်ဘာသာ တစ်ဘာသာနဲ့ အောင်ချက် ရာနှုန်း အများဆုံး.. ကိုယ်တွေက ဆရာကောင်တွေပေါ့လို့.. အဲ့လို မာန်တက်ပစ်လိုက်တာပါ…

ပျော်ရွှင်စရာ အဖြူအစိမ်း ကျောင်းသူဘဝရဲ့ အဆုံးသတ် … ဘဝကို အဆုံးအဖြတ်ပေးမယ့် ကိုယ်လျှောက်ရမယ့် လမ်းကြောင်းကို ရွေးနိုင်တဲ့ တိုက်ပွဲမှာ ကျမ အောင်နိုင်ခဲ့ပီလေ… အဲ့ဒီအချိန်တုန်းက အဲ့လိုအတွေးမျိုးနဲ့ ပျော်မြူးနေခဲ့ပါတယ်..

လမ်းတစ်လမ်းလုံးမှာလဲ ဆယ်တန်းအောင်တဲ့သူက ကိုယ်နဲ့ လမ်းထိပ်က ကောင်မလေး နှစ်ယောက်တည်း.. သူမက ရိုးရိုးအောင်ပီး ကျမက စာစီစာကုံးကွန့်နိုင်လို့ ဂုဏ်ထူးမှတ် ထွက်နိုင်ခဲ့တာဆိုတော့ တစ်နည်း ပြောရရင် မျက်နှာကြီးမျိုးဖြစ်နေခဲ့ပီ.. အဲ့ဒီအချိန်တွေတုန်းက ပြန်စဉ်းစားမိတိုင်း ပျော်ရပါတယ်.. ဟိုက သည်က မုန့်ဖိုးပေးတာတွေ ဆယ်တန်းအောင်တယ် ဆိုတာနဲ့တင် အိမ်မှာ မျက်နှာသာ ရနေပီ…

ဆယ်တန်းအမှတ်စာရင်းတွေ ထုတ်တဲ့အချိန်မှာ ကျမ မော်ကြွားနေပါပီ.. ကျန်တဲ့ ဘာသာတွဲတွေ ကလဲ အမှတ်က မတိမ်းမယိမ်းလေးတွေဆိုတော့ ဘာသာတွဲ ငါးခုပေါင်း အမှတ်က အဲ့ဒီအချိန် GTC စ ခေတ်စားတဲ့အချိန်ဆိုတော့ ဂျီတီစီအမှတ်ကို ပွတ်ကာသီကာ မှီတဲ့အခါမှာတော့ အိပ်မက်တွေ လက်တွေ့ဖြစ်ပီဆိုပီး ဝမ်းသာနေမိတယ်.. ဒါပေမဲ့ ထင်သလိုမဖြစ်တတ်တဲ့ လောကကြီးမှာ မထင်ထားတာတွေ ဖြစ်တတ်တယ်ဆိုတာကို လက်တွေ့သရုပ်ပြပါတော့တယ်…

မေဂျာတွဲတွေ ရွေးဖို့အတွက် စာအိတ်ကြီး ရှေ့ချပီး ကျမရယ် မမဆုမွန်ရယ် အဖေရယ် ဘယ်တက္ကသိုလ်ကို တက်မလဲဆိုတာကို ရွေးကြပါတော့တယ်.. အဲ့ဒီအချိန်မှာ အဖေက ဝန်ထမ်းပါ.. သက်ပြည့်ပင်စင်ဆိုတာထက် လုပ်သက်ပင်စင်ယူဖို့ ပြင်နေတဲ့ အဖေ့မှာ ကျမကို နေ့ကျောင်းထားဖို့ အားမရှိတော့ပါဘူး… သားသမီးတွေ များပီး ဝန်ထမ်းလစာလေးနဲ့ မလုံလောက်တဲ့ အခြေအနေမှာ ကျမတို့ မောင်နှမတွေကို ကျောင်းထားပေးနိုင်တာကိုပဲ ကျေးဇူးတင်နေရတဲ့အချိန် ကျမကို အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဆိုတာ ထားဖို့ ဘယ်မလဲ လုံလောက်တဲ့ ငွေကြေး………….

အဖေက ‘အဖေ ပင်စင်ယူလိုက်ရင် ငါ့သမီးလေး စာသင်နှစ် တစ်ပိုင်းတစ်စ ဖြစ်သွားမှာ စိုးတယ်တဲ့’ အမကတော့ ‘သူ ကျောင်းဆက်မတက်တော့ဘဲ အပြင်ထွက် အလုပ်လုပ်မယ်တဲ့’ ဝမ်းနည်းစရာကောင်းတဲ့ မဖြစ်နိုင်တဲ့ အခြေအနေတွေကို တွက်ဆလိုက်တဲ့အခါမှာ ကျမရဲ့ အိပ်မက်တွေ လဲပြိုသွားပါတယ်…. အဲ့ဒီ မေဂျာတွဲတွေ လျှောက်ဖို့ စာအိတ်ကြီးကို ခုံပေါ်မှာ ပစ်တင်လိုက်ပီး ဆွေးနွေးပွဲ ပျက်ပြားသွားတဲ့အခါ ညတိုင်း မျက်ရည်တွေနဲ့ အိပ်ရာဝင်ရပါတယ်.. အဖေရော အမရော မိသားစုတစ်ခုလုံး ကျမအတွက် အဖြေမထုတ်ပေးနိုင်ခဲ့ဘူး………..

‘အဝေးသင်တက္ကသိုလ်ပဲ တက်လိုက်ပေါ့.. အဲ့ဒီကနေ ဘွဲ့ရလို့ နောက် ကိုယ် အဆင်ပြေတဲ့အခါ သင်တန်းတွေ ဒီဂရီတွေ ဘွဲ့တွေ ထပ်ယူချင်ရင် ရတာပဲလေ နော်’ ဆိုတဲ့ အမေ့ရဲ့ အားပေးစကား အဆုံးမှာ ကျမ အဝေးသင်တက္ကသိုလ်တက်ဖို့ကိုပဲ ရွေးလိုက်ပါတယ်…. အဝေးသင်တက္ကသိုလ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘယ်မေဂျာလျှောက်မလဲ ရွေးတော့ ကျမ ရင်မခုန်တော့ပါဘူး.. ‘စီးပွားရေးမေဂျာက အမှတ်မြင့်မယ် ထင်တာပဲ စီးပွားရေးလျှောက်ပေါ့.. စီးပွားရေးဘွဲ့ဆို အလုပ်အကိုင် မရှားဘူးပေါ့’ ဆိုတဲ့ အကြံပေးချက်တွေကြားမှာ ကျမ အဝေးသင်ကို စီးပွားရေးမေဂျာတွဲ လျှောက်လိုက်ပါတယ်….

အဖေနဲ့အတူ စိုက်ပျိုးရေးမှတ်တိုင် သထုံလမ်းမှာ မေဂျာတွဲတင်ဖို့ စာအိတ်သွားပို့ရတဲ့အခါ နေ့ကျောင်းဘက်မှာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေပီး အဝေးသင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ လူက ခပ်နည်းနည်းနဲ့ ချောင်ကျကျ အခန်းလေးဘေးမှာ စာအိတ်ကို ပေးလိုက်ပါတယ်.. ခြေလှမ်းတွေကို လှမ်းတဲ့အခါတိုင်း မကျေနပ်တဲ့စိတ်အခံတွေနဲ့ ဖနောင့်နဲ့ မြေကြီးကို ခပ်နာနာဆောင့်ပီး လမ်းလျှောက်တတ်တာ အကျင့်ဖြစ်သွားမိတဲ့အထိ ခပ်ဆောင့်ဆောင့် လမ်းလျှောက်ရင်းနဲ့ပေါ့….

ကိုယ် ဘယ်ဘာသာရပ်ရသလဲ ကြည့်လို့ရပီဆိုလို့ ဒဂုံတက္ကသိုလ်ကို အသွားမှာတော့ အဝေးသင်တက္ကသိုလ်မှာ စီးပွားရေးမေဂျာဆိုတာ ပေါလိုက်တာ ပေါချင်းသောချင်း လျှောက်တဲ့သူတိုင်း စီးပွားရေးမေဂျာရလို့ နင်ဘာလဲ ငါဘာလဲ မေးလိုက်ရင် ဟိုက Eco ဒီက Eco နဲ့ လူက ငိုချင်သလိုလို ရီချင်သလိုလိုဖြစ်သွားမိတယ်.. အဲ့ဒီနှစ်က အထူးအခွင့်အရေးအနေနဲ့ စီးပွားရေးတွေ များလွန်းလို့ စီးပွားရေးမေဂျာကနေ သိပ္ပံတွဲကို ပြောင်းချင်ရင် ပြောင်းလို့ရတယ်လို့ လမ်းဖွင့်ပေးတော့ အိမ်ကို ပြန်ရောက်တဲ့အခါ အဖေ့ကို

‘Eco ဆိုတာကလဲ အဖေရယ် ခလုတ်တိုက်ရင် အမလေး တ စရာ မလိုလောက်အောင်ကို Eco တွေချည်းပဲ… သမီး Physics ဖြစ်ဖြစ် Math ဖြစ်ဖြစ် ပြောင်းလျှောက်ချင်တယ်ဆိုတဲ့အခါ’

ခွင့်မပြုခဲ့ဘူး… အဲ့ဒီတစ်ခါပဲ အဖေ့ကို စိတ်နာဖူးပါတယ်.. ကျမ အဖေ့ကို သိပ်ချစ်ပေမဲ့ အဲ့ဒီတစ်ခါလေးပဲ အဖေ့ကို မုန်းဖူးပါတယ်… ဒါပေမဲ့ အခုအချိန်မှာတော့ တကယ်လို့သာ ငါသာ ဂျီတီစီတက်တာပဲဖြစ်ဖြစ် သည့်ပြင် မေဂျာယူတာပဲဖြစ်ဖြစ် ယူခဲ့မိရင် အခုလိုမျိုး အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာ အလုပ်လုပ်ရမှာ မဟုတ်ဘူး လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကို တွေးမိရင် အဖေ့ကို ကျေးဇူးတင်မိပါတယ်.. အဖေ့ကို စိတ်ထဲကနေ ပြန်တောင်းပန်မိပါတယ်…

မလိုချင်တာတွေချည်း ရတဲ့အခါ လူက သိပ်ပီး စိတ်ကူးတွေ မရွှင်လန်းတော့ပါဘူး.. သူငယ်ချင်းတွေနဲ့လဲ ဘယ်သူနဲ့မှ မဆုံအောင် တမင်နေခဲ့မိတယ်.. ဆုံမိရင် နင်တို့ ဘာတက်လဲ ငါက ဘာတက်မှာ ဆိုတာမျိုး မပြောချင်လို့လေ…

အဲ့ဒီအချိန်မှာ သတင်းစာထဲမှာ ဖတ်မိတာက ပညာရေးတက္ကသိုလ် လျှောက်ဖို့ ခေါ်တာပါ.. ‘ဟုတ်ပီ ငါ ကျောင်းဆရာမပဲ လုပ်မယ်.. ကျောင်းဆရာမ လုပ်ပီး ဟိုး တောကြိုအုံကြားကိုသွားမယ်.. အဲ့ဒီက ကလေးတွေကို စာသင်မယ်.. အဲ့ဒီမှာပဲ သွားနေမယ်.. အိမ်မှာ မနေချင်တော့ဘူး’လို့ တွေးမိတဲ့အခါ အဖေ့ကို အဲ့ဒီသတင်းစာ ပြလိုက်ပါတယ်..

အဖေနဲ့ အမေက ကျောင်းဆရာမဆိုတာ ဂုဏ်လဲရှိတယ် ကျက်သရေလဲ ရှိတယ်.. သမီးလုပ်ချင်ရင် လျှောက်ပေါ့လို့ ခွင့်ပြုတဲ့အခါ မဆိုင်းမတွပဲ လျှောက်လွှာတင်လိုက်ပါတယ်… အရင်ဆုံး နှုတ်ဖြေ ဖြေပါတယ်.. တစ်သက်မှာ တစ်ခါ ပထမဆုံးအကြိမ် စာမေးပွဲ ကျပါတယ်.. ညီအစ်မနှစ်ယောက် အောင်စာရင်းသွားကြည့်ပီး အူလည်လည်မျက်နှာပေးနဲ့ ပြန်လာရတယ်.. လမ်းမှာ ငိုချင်နေတဲ့အသံနဲ့

‘အေးဟယ် ကျောင်းဆရာမ လုပ်ပါ့မယ်ဆိုတော့လဲ နှုတ်ဖြေမှာတင် ကျတယ်ဆိုတော့ ငါ့ဘဝတော့ ဆုံးပီပေါ့’

မမက ‘နင် စဉ်းစားဟ တကယ်လို့ ဆရာမလုပ်ရမယ်ဆို နင် တစ်သက်လုံး အဖြူအစိမ်းချည်း ဝတ်ရမှာ.. ဘာဖြစ်လဲ အဝေးသင်လဲ
တက္ကသိုလ်ပဲ… အဝေးသင်ပဲ တက်တော့.. ဘာပဲပြောပြော တက္ကသိုလ်ကျောင်းသူပဲ လုပ်တော့’ ဆိုပီး အားပေးတာနဲ့ တပ်ပြန်ခေါက်လာကြပါတယ်..

တက္ကသိုလ်ကျောင်းသူဘဝ စပါပီ..

ဒဂုံတက္ကသိုလ်ကျောင်းတော်မဟာကြီးပါ… တစ်ဆောင်နဲ့ တစ်ဆောင်ကလဲ အဝေးကြီးပါ.. အဆောင်တွေကြားမှာ ထင်းရှုးပင်တွေ အော်ရေးရှားပင် မလေးရှားပင်တွေရဲ့ ရိုးတိုးရိပ်တိတ် အပင်ရိပ်အောက်ကနေ နေပူပူ ဖုန်ထူထူနဲ့ တကယ့်ကို ကဗျာဆန်ပါတယ် လှပပါတယ်.. ဘေးနားတစ်ခွင်က လယ်ကွင်းတွေပါ..

ဒဂုံတက္ကသိုလ်ရဲ့ အဓိကရ အထင်ကရ အမှတ်အသားကတော့ နဝတပတ္တမြားကြီးကို ပုံစံတူလုပ်ထားတဲ့ ကျောက်ခဲနီနီရဲရဲကြီးကို
ရေပန်းနဲ့ ဝန်းရံထားပီး လှေကားအဆင့်ဆင့် အဝိုင်းပုံကျောက်ကွန်ကရစ်နဲ့ လုပ်ထားတဲ့နေရာလေးပါ… အဲ့တာကို ခေါ်တာက ပတ္တမြားအဝိုင်းပါ.. အဲ့ဒီရဲ့ အရှေ့မှာတော့ ဒဂုံတက္ကသိုလ်အကြောင်း မော်ကွန်းထိုးထားတဲ့ ကျောက်ချပ်ကြီး ရှိပါတယ်… အဲ့ဒီနေရာတွေက ဒဂုံတက္ကသိုလ် ကျောင်းတော်သူ ကျောင်းတော်သားတွေအတွက် အမှတ်တရ ဓာတ်ပုံအရိုက်အများဆုံး နေရာပါပဲ.. အဲ့ဒီနေရာမှာ ဓာတ်ပုံဆရာ အများစု နေပါတယ်.. ကျောင်းသူတွေ နေပူကျဲကျဲထဲ အလှပြ ဓာတ်ပုံရိုက်ကြပါတယ်..

နောက်ထပ် အထင်ကရ နေရာတစ်ခုကတော့ ကွန်ဗိုကေးရှင်းပါ.. ဒဂုံတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ခန်းမပါ… အဲ့ဒီနေရာမှာလဲ ဓာတ်ပုံရိုက်ကြပါတယ်.. ကွန်ဗိုကေးရှင်းရဲ့ နာမည်ကျော်ကြားမှုကတော့ စာသင်ဆောင်တွေနဲ့ အတန်ငယ်လှမ်းတဲ့အပြင် ကွန်ဗိုရဲ့အနောက်မှာ သင်္ချာတွက်တဲ့ဝိုင်းတွေ ရှိပါတယ်.. ချစ်သူတွေ တွတ်ထိုးလေ့ရှိတဲ့ နေရာလဲ ဖြစ်ပါတယ်.. နေပူလွန်းလို့ ဘယ်မှ မသွားချင်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် ကွန်းခိုပျော်ပါးရာ ပျော်ပွဲစား နေရာလေးလဲ ဖြစ်ပါတယ်.. ဌာနမှုးတွေ မော်ကွန်းထိန်းတွေ သင်္ချာတွက်တဲ့ ကျောင်းသားတွေကို လိုက်ဖမ်းရာ နေရာလဲ ဖြစ်ပါတယ်..

ဒဂုံတက္ကသိုလ်ကျောင်းဝင်းထဲမှာ ကျောင်းသားတွေအတွက် ဆိုပီး လိုင်းကားတွေလဲ ပြေးဆွဲပါတယ်.. ကျောင်းဖယ်ရီဝင်းကလဲ အကြီးကြီးပါပဲ.. ညနေ ကျောင်းဆင်းချိန်ဆို ဖယ်ရီကားတွေနဲ့ တပျော်တပါးကြီး ပြန်ရတာကိုက ပျော်စရာကောင်းတဲ့ အချိန်တစ်ခုပေါ့… မနက် ကျောင်းတက်ချိန်ဆို ကြိုက်တဲ့ ဖယ်ရီကား တက်စီးပီး ကျောင်းကိုလာလို့ရသလို ညနေလဲ ဖယ်ရီကားတွေနဲ့ ပြန်လို့ရပါတယ်.. ကျမကတော့ အိမ်နဲ့ ကျောင်းနဲ့ နီးတဲ့အတွက် အဆင်ပြေပါတယ်.. လိုင်းကားပဲစီးစီး ကျောင်းကားပဲစီးစီးပေါ့….

ပထမနှစ် အဝေးသင် တက္ကသိုလ် စီးပွားရေးမေဂျာအတွက် အနီးကပ် ၁၀ ရက် စပါပီ.. ကျောင်းစတက်ရတော့မယ့်နေ့မှာ ရင်တွေကလဲ ခုန်.. အပျိုကြီးစလုပ်ရတော့မယ်ဆိုတော့ သနပ်ခါးအဖွေးသားလိမ်းပီး ကိုယ်က ကိုယ့်အကြောင်းနဲ့ကိုယ် သူငယ်ချင်းတွေနဲ့ မဆက်သွယ်တော့ ဘယ်သူ ဘာတက်လဲဆိုတာတောင် မသိရတဲ့အဖြစ်.. အဲ့ဒီတော့ သူငယ်ချင်းလဲမရှိ.. အဖော်လဲ မရှိ… မမကြီးလက်ကို ဆွဲပီး ငါ့ကို အတန်းလိုက်ရှာပေးနော်.. ငါ့ဘေးမှာ နေနော် ဆိုပီး မူကြိုတက်တော့မယ့် ကလေးလိုပဲ အမလက်ကို မလွှတ်တမ်း ဆုပ်ထားမိတယ်..

ကျောင်း ဘယ်နေ့ စတက်ရသလဲဆိုတာတော့ မေ့သွားပါပီ… ဒါပေမဲ့ အမှတ်ရတာကတော့ လူတွေ လူတွေ အများကြီးပါ.. ကော်ရစ်ဒါတာတွေ အခန်းထောင့်တွေမှာ.. ကျောင်းဆောင်တွေကလဲ အများကြီး.. လူတွေကလဲ အများကြီး.. ကျောင်းကားတွေ အများကြီး… စားသောက်ဖို့ နေရာဆိုတဲ့ ကင်တင်းန်တွေကလဲ အများကြီး.. အားလုံးကို လိုက်ကြည့်ပီး ကျမ တကယ်ကြောက်မိတာပါ.. .. မမ လက်ကို တအားညှစ်ထားပီး ကလေးတစ်ယောက် မူကြိုတက်ရင် အော်ငိုချင်သလို ဖြစ်လာမိတယ်..

ကျမတို့ စီးပွားရေးမေဂျာအတွက်က သုံးထပ်ဆောင် နှစ်ဆောင် အပြင်ကို သီရေတာတစ်ခုကိုပါ စီးပွားရေးအဆောင်လုပ်ထားရတဲ့အထိ လူစည်ပါတယ်…

တက္ကသိုလ်ကျောင်းသူကြီး ပီပီပြင်ပြင် ဖြစ်လာပါပီ….

အဲ့ဒီ တစ်ရက်ပါပဲ နောက်နေ့မှာတော့ ကျမ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံပါပီ.. ကိုယ့်လူတွေ စုမိပီဆိုတော့ လူက ပြန်ပီး အရင်လို ဆောင့်ကြွားကြွား ဖြစ်လာပါတော့တယ်.. ကျမတို့ ကျောင်းဖွင့်တဲ့အချိန် မမတို့လဲ ကျောင်းတက်နေရတုန်း ဆိုတော့ မမတို့ အဆောင်ကို ကူးလိုက် ကိုယ့်အဆောင်ပေါ် တက်လိုက်နဲ့ လူတွင်ကျယ် ဖြစ်နေပါပီ….နောက်တော့ သူငယ်ချင်းတချို့က အနီးကပ် ၁၀ ရက်ကျမှ ကျူရှင်ယူတဲ့အခါမှာ ကျမက ကျူရှင်မယူပါဘူး.. ကျူရှင်မတက် ဖြစ်တဲ့အတွက် တချို့ရက်တွေမှာ ကျောင်းကိုသာ လာရတယ် သူငယ်ချင်းတွေ မရှိတော့ ဘေးက လူတွေကိုလဲ သူငယ်ချင်းအဖြစ် မပေါင်းချင်ပါဘူး.. ကျမက တစ်ယောက်တည်း နေရတာ ပိုသဘောကျပါတယ်..

ကျောပိုးအိတ်ကိုလွယ် တစ်ယောက်တည်း ကျောင်းဝင်းတစ်ခုလုံး အနှံ့ လျှောက်သွား တစ်နေရာ မဟုတ် တစ်နေရာမှာတော့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေ ပြန်တွေ့ပါတယ်.. သူတို့ အဆောင်တွေကို သွားလည်.. ရေဘူး တစ်ဘူး ကိုင်ပီး လျှောက်သွား မောရင် ကိုယ့်အဆောင်ကို ပြန်လာ.. ကျောင်းဆင်းချိန် မတိုင်ခင် အိမ်ကိုပြန်.. ဒါမှမဟုတ် စာသင်နေတဲ့ အခန်းတွေရဲ့ ရှေ့မှာ ယောင်ပေပေ သွားရပ်ပီး. ခပ်တည်တည်နဲ့ အတန်းထဲက ကောင်လေးတွေရော ကောင်မလေး တွေရော အားလုံးကို လိုက်ရှိတ်ပါတယ် … ဟိဟိ ဒါပေမဲ့ လှတပတလေးတွေထက် ပေစုတ်စုတ် ဖုန်အလိမ်းလိမ်း ချွေးတဒီးဒီးကျနေတဲ့ ဒီဇိုင်းလေးတွေချည်းပါပဲ…

ဒါမှမဟုတ် သုံးထပ်ဆောင်ရဲ့ အပေါ်ဆုံးထပ်က ဝရန်တာမှာ ရပ်ပီး ကျောင်းဆောင်ရှေ့ လမ်းပေါ်က လူတွေကို ထိုင်ငေးပါတယ်.. သူငယ်ချင်းတွေ စုမိလို့ ကင်တင်းန်မှာ ထိုင်မယ်ဆိုရင်တော့ တစ်ခါလားပဲ ဒဂုံတက္ကသိုလ်ရဲ့ နာမည်ကျော် စိုးမြင့်ကြော်ကို စားဖူးပါတယ်..ဦးစိုးမြင့်ကြော်ဆိုတော့ ဘာများလဲ မှတ်တယ်.. ထမင်းပေါင်းလိုမျိုး ထမင်းဖြူပေါ်ကို အသီးအရွက်နဲ့ အသားရောကြော်ထားတာကို ဖြူးပေးတဲ့ဟာပါ.. နာမည်ကြီးဟင်းပါ..

ကျမကတော့ ကင်တင်းန်ထိုင်တယ်ဆိုရင်.. ကိုယ့်တစ်ယောက်စာ မုန့်ဖိုးနဲ့ ကားခပဲ ပါတဲ့အခါ သူငယ်ချင်းတွေကို မုန့်မကျွေးနိုင်လို့ ရှက်တဲ့စိတ်နဲ့ သူတို့ သွားစားရင်တောင် ငါ မဆာဘူး မလိုက်တော့ဘူးဟာ ဆိုပီး တစ်ယောက်တည်း လျှောက်သွားတာ အကျင့်ဖြစ်သွားမိတယ်.. တကယ်လို့ မတတ်သာလို့ လိုက်ရရင်တောင် ဘယ်လောက် ဗိုက်ဆာဆာ ကော်ဖီမစ်တစ်ခွက် တစ်ခါတလေလဲ ရေပဲ သောက်ပီး သူများက ကိုယ့်အတွက် ရှင်းရရင်တောင် အပန်းမကြီးလောက်တဲ့ အဖိုးနှုန်းလောက်ကိုပဲ တွက်ချက်ပီး စားပါတယ်…. အဲ့ဒီအတွက် အကျိုးဆက်က သိမ်ငယ်မိတာပါ.. တော်ရုံဆို လူထူထူ အပေါင်းအသင်းစုစု တကယ် မပေါင်းချင်တော့တဲ့အထိပါပဲ..

ပထမဆုံး ရင်ခုန်စရာ ကျောင်းသူဘဝ ရည်းစားစကားအပြောခံရတာကို သတိရမိသေးတယ်.. မနက် အစောကြီး ကျောင်းကို ရောက်တော့ ဝရန်တာမှာ ရပ်နေပီး အဆောင်ရှေ့လမ်းမှာ လျှောက်သွားတဲ့ လူတွေကို လိုက်ငေးနေရင်း ဘေးနားမှာ ကောင်လေးနှစ်ကောင် လာရပ်လို့ မော့ကြည့်တော့ ရေတိုက်ပါတဲ့.. လက်ထဲက ရေဘူးကိုလှမ်းပေးလိုက်တော့ နာမည် ဘယ်လိုခေါ်လဲတဲ့ ဘာလုပ်ဖို့လဲ ဆိုတော့ ရည်းစားမရှိဘူး ဆိုရင် ရည်းစားဖြစ်ချင်လို့တဲ့ ဟေ ဆိုတဲ့ အာမေဋိတ်သံ ကျယ်ကျယ်လောင်လောင် ထွက်လာတော့ အဲ့ကောင်လေးနှစ်ကောင်လဲ လန့်ပီး ထွက်ပြေးသွားကြပါတယ်.. လူက အူကြောင်ကြောင်နဲ့ ကျန်ခဲ့ပီး သေဟဲ့ လို့သာ အော်ရယ်မိပါသေးတယ်.. အမှတ်တရတွေထဲက အမှတ်တရ တစ်ခုပါ…ဟီးဟီး

နေပူပူ ဖုန်ထူထူကြားမှာ ဒဂုံတက္ကသိုလ်ကြီးက ပျော်စရာမကောင်းလှပါဘူး.. ကျမကိုယ်တိုင်ကလဲ မပျော်တာဖြစ်မှာပါ…. ပထမနှစ် အနီးကပ် ဆယ်ရက်ပီးတော့ စာမေးပွဲ ဖြေရပါတော့တယ်… စီးပွားရေး မေဂျာက လူအရမ်းများလို့ နှစ်သုတ်ခွဲပီး အပြင်က စတိတ်ကျောင်းတွေမှာ စာမေးပွဲဖြေရပါတယ်… ပထမဆုံးအကြိမ် ဘာဂျာခေါက်တွေနဲ့ စာမေးပွဲခိုးချတဲ့ အတွေ့အကြုံကို တက္ကသိုလ်ရောက်တော့မှ ကြုံရပါတော့တယ်…

ပထမနှစ်အပီး ဒုတိယနှစ် တက်ဖို့ ပြင်နေတဲ့အချိန်မှာ ကျမ အလုပ်ဝင်လုပ်နေရပါပီ.. သီရိမင်္ဂလာဈေး အပေါ်ထပ် Nikko ထီးစက်ရုံမှာပါ.. အဝင်အထွက် ထီးစာရင်းတွေကို မှတ်တဲ့ စာရင်းကိုင်အနေနဲ့ ကျမ အလုပ်ရပါတယ်.. ပထမဆုံးအကြိမ် အလုပ်စလုပ်တဲ့အချိန် ကျမအသက် ၁၈ နှစ်တောင် မပြည့်သေးပါဘူး…. မနက် ၈ နာရီ အလုပ်ခွင်ဝင်နိုင်ဖို့ ကျမ အလုပ်ကိုသွားရတဲ့အချိန်က မနက် ၆း၃၀ ပါ.. အဲ့ဒီအချိန် ကျမသူငယ်ချင်းတွေက ဂျီတီစီ မှော်ဘီကိုသွားဖို့ ကျောင်းဖယ်ရီကားကို စောင့်တဲ့အချိန်နဲ့ ကွက်တိပါပဲ.. သူတို့က ကားလမ်း တစ်ဖက်ခြမ်းမှာ ကျောင်းသွားဖို့ ဖယ်ရီစောင့်နေတဲ့အချိန်မှာ ကျမက အလုပ်ကိုအသွား ၄၉ ဒိုင်နာကားကို တိုးစီးဖို့ ကားလမ်းတစ်ဖက်ခြမ်းမှာ စက်ရုံယူနီဖောင်း အပြာရောင်လေးကို ဝတ်ပီး ရပ်စောင့်နေရတဲ့ အချိန်တွေဟာ ကျမအတွက်တော့ မမေ့နိုင်ခဲ့တဲ့ နေ့ရက်တွေပါ.. တစ်ခါတလေ ကျမကို လှမ်းနှုတ်ဆက်တဲ့ ကျမသူငယ်ချင်းတွေရဲ့ အပြုံးတွေကို ကျမ လျစ်လျူရှုပေါင်းများလာတဲ့အခါ သူတို့ ကျမကို မနှုတ်ဆက်ကြတော့ပါဘူး.. ဘယ်လိုပဲ ကိုယ့်စိတ်ကို ဖြေဖြေ ကျမ ကြေကွဲရပါတယ်.. ဒါပေမဲ့ အဲ့ဒီစက်ရုံမှာ အလုပ်လုပ်ရင်းနဲ့ ကျမအတွက် သူငယ်ချင်း ကောင်းတွေ မိတ်ဆွေကောင်းတွေ ရရှိခဲ့ဖူးတာကိုတော့ မမေ့နိုင်ခဲ့ပါဘူး…

ဒုတိယနှစ် ရောက်တဲ့အချိန်မှာတော့ လူရည်လည်စ ပြုလာပါပီ.. ကျူရှင်ကို အပြင်မှာယူတာနဲ့ ဝိုင်းယူတာ သိပ်မကွာဘူးလို့ ကျမသူငယ်ချင်းက ပြောတာနဲ့ ကျမတို့ လူစုပီး ဝိုင်းကျူရှင်ယူပါတယ်.. ဆယ်တန်းတုန်းကတောင် ဝိုင်းကျူရှင်ဆိုတာ မယူခဲ့သမျှ တက္ကသိုလ်ရောက်မှ ဝိုင်းကျူရှင်ယူရတာနဲ့ ဘာဂျာခေါက်လုပ်ရတာနဲ့ တော်တော်လေး အလုပ်စုံလုပ်ဖူးပါတယ်… ဝိုင်းစုပေးတဲ့ ဆရာ့ရဲ့ အိမ်မှာ စာသင်ရပါတယ်… ဆရာက ခရစ်ယာန်သင်းအုပ်ဆရာလဲ ဖြစ်တော့ ကျမတို့ကို စာသင်နေရင်းနဲ့ ဂစ်တာတီးပြပါတယ်.. သီချင်းဆိုပြပါတယ်.. ကျမတို့ကလဲ အကြိုက်မတွေ့ရှာပါဘူး.. ဆရာက သီချင်းဆို တပည့်တွေက ခုံခေါက်နဲ့ ရဝတရုံးကို တိုင်မယ်ဆိုပီး အိမ်ရှေ့က အပျိုကြီး မမ လုပ်မှပဲ တိုးတိုးတိတ်တိတ် စာသင်ရပါတော့တယ် ဟိဟိ

အဲ့ဒီမှာ ကျူရှင်တက်တုန်းက အားလုံးပေါင်း ယောက်ျားလေး ၄ ယောက် မိန်းခလေးက ၃ ယောက်ပါ.. အဲ့ဒီ ခုနစ်ယောက် ပေါင်းမိတော့မှ အနီးကပ် ဆယ်ရက်လဲ ရှေ့ပိုင်းရက်တွေပဲ တက်ပီး ကျန်တဲ့ရက်တွေ ကျူရှင်မတက် ကျောင်းလစ်ကြပါတော့တယ်.. ကျမတို့ သွားလေ့ရှိတဲ့ နေရာတွေကတော့ သာကေတက တိုင်းရင်းသားကျေးရွာပါ. နဝဒေးမှာ ရုပ်ရှင်သွားကြည့်ပါတယ်.. တိရစ္ဆာန်ရုံ သွားပါတယ်… ဘုရားအစုံဖူးပါတယ်. ပဲခူးကိုလဲ သွားလိုက်ပါသေးတယ်..

ကျမတို့ သူငယ်ချင်းတစ်စု အမြဲတမ်းသွားဖြစ်တဲ့နေရာကတော့ ဝဋ်ကြွေးတော်ပြေဘုရားပါ.. ဝဋ်ကြွေးတော်ပြေ ဘုရားရဲ့ မြစ်ကမ်းနဖူးမှာ ရပ်ပီး မြစ်ပြင်ကို ကြည့်ရတဲ့ ခံစားချက်က လွမ်းမောစရာကောင်းလှတယ်…. မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေအေးအေးက တကယ့်ကို အမောပြေစေပါတယ်.. မြစ်ဆိပ်ကနေ လှေစီးပီး ဟိုဘက် မယ်လမုဘုရားကို သွားဖူးရတာလဲ ပျော်စရာကောင်းတယ်.. လှေက တစ်ခါတစ်လေ စက်တပ်လှေမဟုတ်ဘဲ လက်နဲ့လှော်တဲ့လှေဆို ပိုပီး ငြိမ့်ပါတယ်.. ဒါပေမဲ့ မယ်လမုနဲ့ ဝဋ်ကြွေးတော်ပြေဘုရားကြားမှာ ဝဲကြီးကြီးရှိပါတယ်.. အဲ့ဒီအတွက် လှေတွေက ဝဲကို ရှောင်ပီး မောင်းရတာများပါတယ်… ဒါပေမဲ့ နည်းနည်းမှ အကြောက်အလန့်မရှိခဲ့ဖူးပါဘူး..

အဲ့ဒီ ဒုတိယနှစ်ကတော့ တော်တော်လေးကို လမ်းများတဲ့ အပျော်ဆုံးနှစ်လို့ ဆိုရမယ်ထင်ပါတယ်.. ကျမတို့ ခုနစ်ယောက်အုပ်စုထဲမှာ အကိုကြီးကြီးတစ်ယောက် ပါပါတယ်.. သူက ကျမတို့ကို တော်တော်လေး ချစ်ပါတယ်.. သူက လက်ရှိ စီးပွားရေးလုပ်နေတော့ ကျမတို့ကို အကုန်အကျခံပီး မုန့်လည်းကျွေး လမ်းစရိတ်တွေလဲ သူပဲ အကုန်ခံတာများပါတယ်.. ကျမတို့ ပေးမယ်ဆိုလဲ လက်မခံပါဘူး.. သူ့ကို ပြန်လုပ်ပေးရတာကတော့ စာကူးပေးရတာနဲ့ သူ့အတွက် စာရှင်းပြရတာပါ.. တော်တော်လေး ချစ်ဖို့ ကောင်းတဲ့အကိုပါ… ဘာပဲပြောပြော သူငယ်ချင်းအုပ်စုတောင့်တောင့်ဆိုတော့ ပထမနှစ်ကထက် ပိုပျော်ပါတယ်… စာမေးပွဲဖြေတော့လဲ အုပ်စုတစ်စုလုံး ရှေ့ဆင့်နောက်ဆင့် နီးပါးပါပဲ.. ဒုတိယနှစ်မှာ စာမေးပွဲ အကျများကြပေမဲ့ ကျမတို့ကတော့ တစ်အုပ်စုလုံး အောင်ကြပါတယ်.. ကံပေါ့လေ…..

တတိယနှစ်မှာတော့ နည်းနည်း ကျောင်းကို ခင်တွယ်စပြုလာခဲ့တယ်… တတိယနှစ်မှာ ကျူရှင်ယူတော့ ရှစ်မိုင် Junction 8 နားက မင်းမင်းစတိုးအနောက်မှာပါ.. ဆရာမ ဒေါ်ချယ်ရီဆီမှာ တက်တာပါ.. တိုက်က ခြောက်လွှာလား ခုနစ်လွှာလား မသိပါဘူး.. အပေါ်ဆုံးထပ်ပါ.. အဲ့ဒီကို ရောက်ပီးရင် တော်တော်နဲ့ ပြန်မဆင်းချင်ပါဘူး.. လှေကားထစ်တစ်ဝက်လောက်ရောက်ရင် လျှာက လည်ပင်းပတ်နေပါပီ.. မောလွန်းလို့ပါ

အဲ့ဒီမှာ ကျူရှင်တက်ရတဲ့အတွက် လုပ်တတ်လာတဲ့ နှစ်ခုကတော့ Junction 8 က J Donut မှာ ကော်ဖီဆိုင် ထိုင်တာနဲ့
နဝဒေးရုပ်ရှင်ရုံမှာ အပတ်တိုင်း ရုပ်ရှင်ကြည့်တာပါ.. ဂျေဒိုးနပ်မှာ ထိုင်ဖြစ်တာကို ကြွားရတဲ့အကြောင်းက အဲ့ကျူရှင်တက်မှသာ ကော်ဖီဆိုင် ထိုင်ဖူးတာပါ.. တခါတလေ မင်္ဂလာဒုံအထိပါ ရုပ်ရှင်သွားကြည့်ပါတယ်… ကျမတို့ သူငယ်ချင်းအသစ် နှစ်ယောက်က တစ်ယောက်က မင်္ဂလာဒုံ စစ်တပ်ဝန်းထဲမှာနေပီး တစ်ယောက်ကတော့ ဗိုလ်မှုးသားပါ.. သူက ကျူရှင်လာတာတောင် မှန်အနက်တပ်ထားတဲ့ ကားနဲ့ လာတာပါ.. အဲ့ဒီတော့ ကျမတို့က ကားကပ်စီးခွင့်ရပါတယ်.. အကျိုးဆက်ကတော့ မီးပွိုင့်တွေမှာတောင် အထဲကို မမြင်ရတဲ့အတွက် ပွိုင့်မှာစောင့်နေတဲ့ မော်တော်ပီကယ်တွေက ကျမတို့ကို တစ်ခါတလေ အလေးပြုပါတယ်… ဟဲဟဲ အဲ့လို တန်ခိုးထွားခဲ့တာပေါ့…

တတိယနှစ်မှာတော့ ကျမ ခေါင်းဆောင်ပီး ကျူရှင်တက်ရတဲ့ နေ့တိုင်းနီးပါးလောက် လျှောက်သွားပါတယ်.. အဲ့ဒီမှာ ဟိုးအရင် ဝတ္ထုဖတ်ခွင့်ရတုန်းက နာမည်ကြီးခဲ့တဲ့ ကန်ဘောင်တို့ အင်းလျားကန်ဆိုတာတွေကိုလဲ ရှစ်မိုင်ကနေဆိုတော့ နီးနေပီဖြစ်တော့ ရောက်ဖူးတယ်ရှိအောင် သွားဖြစ်ပါသေးတယ်.. အော် အခုအချိန်အထိ ဗီဒီယိုထဲမှာ တက္ကသိုလ်ကျောင်းသားကျောင်းသူ ဇာတ်ဆို ကန်ဘောင်က စားသောက်တန်းတွေမှာ ရိုက်တာပါလားဆိုတဲ့ အသိမျိုးနဲ့ပေါ့… ကန်ဘောင်ကတော့ ချစ်သူစုံတွဲတွေ အများဆုံးရှိတဲ့ နေရာပါပဲ.. ကိုယ်တွေတော့ တစ်ခါမှ လက်ချင်းချိတ် လျှောက်ခွင့်မကြုံခဲ့ဖူးပါဘူး …ဟိဟိ

အဲ့ဒီအချိန်မှာတော့ အဖေက ပင်စင်ယူပီး အပြင်အလုပ်လုပ်နေတဲ့အပြင် ကျမကလဲ အဲ့ဒီထီးစက်ရုံမှာ လုပ်တာ အနေကြာလာတော့ ခွင့်တွေ လစာတွေ တိုးလာတဲ့အပြင် အိမ်စီးပွားရေးကလဲ အနည်းငယ် အဆင်ပြေနေပါပီ.. လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ကိုယ်က တစ်ခါတစ်လေ ဘယ်လောက်ကျလဲ ဆိုပီး ရှင်းနိုင်တဲ့အခြေအနေ ရောက်လာတဲ့အတွက် နည်းနည်းတော့ လူငယ်ဆန်ဆန် အပူအပင်မရှိ ပျော်မြူးလာနိုင်ပါတယ်… ကျမအတွက် ကံကောင်းတာက ကိုယ်က သူငယ်ချင်းတွေကို အရမ်းခင်တဲ့အတွက် ကိုယ်ခင်မင်ခွင့်ရတဲ့ သူငယ်ချင်းတွေကလဲ ကျမကို တော်တော်လေး ခင်မင်ကြတာပါပဲ.. တချို့ တစ်ယောက်စ နှစ်ယောက်စကလွဲလို့ပေါ့… သူတို့ကလဲ ဘာကြောင့်မှန်းကို မသိတာပါ.. နှစ်ယောက်တည်းဆို အသေခင်ပီး လူစုံပီဆိုရင်တော့ ကိုယ့်ရဲ့ ငယ်ကျိုးငယ်နာတွေကို ဖော်တာပါ.. ဘာအကျင့်မှန်းကို မသိတာပါ.. အခုတော့လဲ အဆက်အသွယ် ပြတ်နေပါပီ…

တက္ကသိုလ်တက်ခဲ့ရတဲ့ အချိန်တွေက အနီးကပ် ဆယ်ရက်၊ သုံးနှစ် အတွက် ပေါင်း ရက်သုံးဆယ်၊ စာမေးပွဲ ဖြေခဲ့ရတဲ့ရက်တွေနဲ့ ပေါင်းရင် တက္ကသိုလ်တက်ခဲ့ရတယ်ဆိုတာ သင်တန်းရက်တိုတစ်ခု တက်ခဲ့ရသလောက် အချိန်လေးပါပဲ… စာမေးပွဲဆိုလဲ တက္ကသိုလ်အဆင့်မဟုတ်ဘဲ အပြင် အထက်တန်းကျောင်းတွေ အလယ်တန်းကျောင်းတွေ မူလတန်းကျောင်းတွေမှာ ဖြေရပီး ဖြေခွင့်ရဖို့ကိုလဲ ပိုက်ဆံနဲ့ထပ်ပီး ဖြေခဲ့ရတယ်.. ကံကောင်းတာကတော့ နှစ်တိုင်း အောင်ခဲ့တာပါပဲ…

၂၀၀၄-၂၀၀၅ ပညာသင်နှစ်မှာ ဘွဲ့ယူတဲ့အခါမှာတော့ တစ်ခါမှ ခြေမချဖူးခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဘွဲ့ယူခွင့်ရပါတော့တယ်.. အဲ့ဒီကျမှပဲ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ ရန်ကုန်တက္ကသိုလ် ဆိုတဲ့ ဆိုင်းဘုတ်ကြီးရှေ့မှာ အပြိုင်အဆိုင် ဓာတ်ပုံမှတ်တမ်းတင်ခွင့် ရခဲ့ပါတော့တယ်…. ဘွဲ့နှင်းသဘင်ခန်းမစတိတ်ခ်ျစင်ပေါ်မှာ ဓာတ်ပုံရိုက်ခဲ့တာပါ.. ရီဟာဇယ်နေ့ကပါ..
သိပ်သိပ်ကိုလှနေတာပါပဲ.. ကမ္ဘာအေးဘုရားရှေ့က မာမီပြင်ပေးတာပါရှင့်… ခွိခွိ

အပေါ်က ပုံကတော့ ဘွဲ့ယူတဲ့နေ့ကပါ… အိမ်ရှေ့က အမကြီးတွေ ပြင်ပေးတာပါ.. နှုတ်ခမ်းနီကတော့ ဓာတ်ပုံထဲမှာ အထင်းဆုံးပါပဲ.. ပါမောက္ခတောင် ပြုံးသွားပါတယ် ဟိဟိ. သူတို့ပဲ ဆိုးပေးလိုက်တာပါ.. ကိုယ်ကတော့ ဘာကိုမှ အထွန့်မတက်ပါဘူး မျက်နှာမှာ မိတ်ကပ်ပါဖို့နဲ့ ဆံထုံး ထုံးလို့ရရင်ပဲ ကျေနပ်နေပါပီ ဟိဟိ....

လူငယ်ဘဝ တက္ကသိုလ်ကျောင်းသူဘဝဆိုရင် ပြန်စဉ်းစားရတာ မှေးမှိန်လွန်းလို့ အခု သတိရနေတုန်း အချိန်လေးမှာ မှတ်တမ်းသဘောမျိုး ဒီပို့စ်လေးကို ပြန်ရေးထားပါတယ်.. နောင်တစ်ချိန်ချိန် ပြန်ဖတ်မိရင် ဟိုးအရင်တုန်းက တက္ကသိုလ်တက်ခွင့်ရခဲ့တာ ဒီလိုမျိုးပါဆိုတာကို ပြောပြနိုင်ဖို့ပါပဲ….

ပြည့်စုံ
(၂၄-၁၀-၂၀၀၉၊ ၁း၃၀ am)

Sunday, October 18, 2009

ကျိန်စာသင့်ဆောင်း

မိုးမှုန်တွေလား နှင်းငွေ့တွေလား
ဘန်ကောက်ရဲ့ ဆောင်းဦးမနက်က
ကားအိပ်ဇောငွေ့တွေကြားမှာ ပြီတီတီ
အိပ်ရေးပျက်ခေါင်းက ရီတီတီဖြစ်နေလို့
အပြုံးတွေတောင် မပီတပီ
ရာသီငယ် မပီပြင်ခဲ့လေသမျှ
ရယ်ချင်စဖွယ် အပြုံးတုတချို့နဲ့
အေးစက်စက် နှလုံးသားကို အပူတိုက်ဖို့
ဖြေသိမ့်လိုက်ရတဲ့ နှစ်သိမ့်စကားတွေ
အချစ်နိမိတ်ပုံတွေတောင် အရောင်ပြောင်း
ကံမကောင်းခဲ့ရှာလေဘူးတဲ့
ခပ်သောသောအရယ်အမောတွေကြားမှာ
ငါ့နှလုံးသား ကျိန်စာသင့်ခဲ့တယ်

ဒီလိုပါပဲ
တခါတလေ ရာသီဆိုးပေမဲ့
ငါ့ရင်ထဲ ခါတော်မီ အလွမ်းမိုးတွေ
သည်ရာသီမယ် မစဲသေးသရွေ့
မလွမ်းဘူးလို့ ကျမ်းစူးအောင် လိမ်ဖို့မလိုပေမဲ့
စနစ်တကျ အနည်ထိုင်ထားတဲ့
ငါ့စိတ်ကူးတွေထဲက အိပ်မက်တွေကြား
အပြုံးတစ်ချက်နဲ့အတူ မွှေနှောက်သွားခဲ့
မရေရာဘူး သေချာရွေးချယ်ထားတဲ့
သက်ပြင်း အမှတ် ၆၂ ကို ငါခြွေချလိုက်တယ်
ငါ့ရင်ဘတ်ကြီးတစ်ခုလုံး နှင်းခါးဒဏ်သင့်ခဲ့……..

ပြည့်စုံ
(၁၉-၁၀-၂၀၀၉၊ ၁၂း၃၀ am)

Thursday, October 15, 2009

A for A Naw & P for Pyae Sone

မမ ချိုကိုသဇင်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေးက အနော့်ကို တဂ်တဲ့ အနော် (or) A Naw

မမ ဆုမွန်က သူ့ညီမငယ်လေး ပြည့်စုံကို တဂ်တဲ့ပို့စ်အတွက်က ပြည့်စုံ (or) Pyae Sone

တဂ်ပို့စ်နှစ်ခုကို ပေါင်းပီး ရေးပေးလိုက်ပါတယ်နော်… ဟိဟိ

အခုတလော အနော် နေသိပ်မကောင်းဖြစ်နေလို့ facebook ထဲမှာ လယ်ရိတ်လိုက် ကော်ဖီဆိုင်ဖွင့်လိုက်နဲ့ပဲ နေနေမိတယ်.. အကိုတွေ အမတွေ သူငယ်ချင်းတွေရဲ့ ဘယ်ဘလော့ကိုမှ မလည်ပတ်ဖြစ်ဘူးဖြစ်နေလို့ တောင်းပန်ပါတယ်နော်.. အခုတော့ ဘလော့လေးထဲကို ပြန်ရောက်လာပါပီရှင်

A for A Naw by Ma Chocothazin

1. What is your name – A Naw
2. A four letter word – Amen
3. A boy’s name – Aung
4. A girl’s name - Aye Pyae Sone
5. An occupation – Artist
6. A color – Apple
7. Something you’ll wear – Apron
8. A food – Apple cake
9. Something found in the bathroom – Air Fresher
10. A place – Australia
11. A reason for being late – A little busy, so plz wait dear
12. Something you’d shout – Arrr
13. A movie title – American Dream
14. Something you drink – Apple Juice
15. A musical group – Acid
16. An animal – Ant
17. A street name – Aye Tar Yar
18. A type of car – Air Corn Bus
19. The title of the song – All are shit
20. A verb – Aspire

1. What is your name : အနော်
2. A four Letter Word : အိမ်ပြန်ချင်တယ်
3. A boy's Name : အောင် (သူငယ်ချင်းလေး)
4. A girl's Name : အေးချမ်းဆု (တူမငယ်လေး နာမည်)
5. An occupation : အကောင့်တန့် (ငှဲလျောင်းငှဲလျောင်း)
6. A color : အပြာရောင် (အရမ်းကြိုက်တယ်)
7. Something you'll wear : အလန်းဒီဇိုင်း (ဟိဟိ)
8. A food : အုန်းထမင်း (သွေးတက်မလား မသိ)
9. Something found in the bathroom : အုန်းဆံဖတ် (ဂျီးတွန်းဖို့)
10. A place : အေးဆေးတိတ်ဆိတ်တဲ့နေရာလေး
11. A reason for being late : အရမ်း အရမ်း ဘီးဇီးနေလို့ပါကွယ် ဟဲဟဲ
12. Something you'd shout : အမငီးတော့်
13. A movie title : အိပ်မက်စေညွှန်းရာ
14. Something you drink : အုန်းရည်
15. A musical group : အိုင်စီ
16. An animal : အကောင်ရှည် (မြွေ)
17. A street name : အုတ်လမ်း (ရွှေဂုံတိုင်)
18. A type of car : အော်စတင်
19. The title of a song : အကြင်နာစစ်ရင်
20. A verb : အကြင်နာပေးချင်သည် :P

P for Pyae Sone by Ma Ma Suu Mon

1. What is your name – Pyae Sone
2. A four letter word – Pure
3. A boy’s name – Phyo
4. A girl’s name - Phyu
5. An occupation – Pupil
6. A color – Pink
7. Something you’ll wear – Pant
8. A food – Pork
9. Something found in the bathroom – Pond Cleanser
10. A place – Pyin Oo Lwin
11. A reason for being late – Poor transportation
12. Something you’d shout – Pi Yaw hayyyyyyyyyyy
13. A movie title – Puzzle
14. Something you drink – Pepsi
15. A musical group – Paw Taw Taw
16. An animal – Pusi cat
17. A street name – Pan Pin Gyi Lan
18. A type of car – Porsche
19. The title of the song – People
20. A verb – Prospect

မြန်မာလို ထပ်ရေးရမယ်ဆိုရင်ဖြင့်

နာမည်က - ပြည့်စုံ
ပြောချင်တဲ့စကားလေး လေးလုံးက - ပျော်ရွှင်ပါစေ
ကောင်လေးနာမည်က - ပေါက်စီ :P
ကောင်မလေးကတော့ - ပြည့်စုံပေါ့လို့
လုပ်ချင်တဲ့အလုပ်က - ပူတင်းဖုတ်တဲ့သူ (စားချင်လို့)
အရောင်ထဲမှာတော့ - ပြာပြာပဲ ဟဲဟဲ
ဘာဝတ်ထားလဲဆိုတော့ - ပုံတုံးတုံး ဘလောက်စ်လေးပါ (လူကလဲ ပေစုတ်စုတ်ကလေး ဟိဟိ)
ဘာအစားအစာကြိုက်လဲဆိုရင် - ပေါက်စီ (တကယ်ကြိုက်တာပါ)
ရေချိုးခန်းထဲတွေ့တာတော့ - ပုဝါပေါ့
နေရာကတော့ - ပြင်ဦးလွင် (စိတ်ကူးထဲမှာ တိုက်အိမ်လေးဆောက်ထားတယ်)
ဘာဖြစ်လို့နောက်ကျလဲဆိုတော့ - ပူလွန်းလို့ပါ
အော်ချင်နေတာကတော့ - ပါးစပ်ပိတ်ထားကြစမ်း ဟွန်း
ဇာတ်ကားထဲမှာတော့ - ပန်းသခင်
ဘာသောက်ချင်လဲဆိုတော့ - ပျားရည်
တီးဝိုင်းနံမည်က - ပန့်ခ်
တိရစ္ဆာန်နံမည်က - ပူး
လမ်းနံမည်ကတော့ - ပန်းဆိုးတန်း (ခွိခွိ)
ကားက- ပါဘလစ်ကာ
သီချင်းလေးထဲမှာ - ပြည့်စုံပါစေ (ဘိုဖြူ)

ပြည့်စုံ
(၁၅-၁၀-၂၀၀၉၊ ၆း၀၀ pm)

Monday, October 12, 2009

သံစဉ်မဲ့ ကဗျာ

လူသူရှုပ်ထွေးတဲ့ ဂုံးကျော်တံတားကြီးတစ်ခုအပေါ်မှာပေါ့
လူတွေက သူ့ကာရံနဲ့ သူ
သူ့သံစဉ်နဲ့ သူ
အလိုက်သင့် စီးမျောနေကြရင်း
လူတွေနဲ့ ကျနော်က တစ်ခြားစီ

ကျနော်က သူမရဲ့အပြုံးတွေပေါ်မှာ
ဘဝတစ်ခုလုံး ပုံအပ် စီးမျောနေရတဲ့
ကာရံမဲ့ သံစဉ်အို တစ်ပိုင်းတစ်စ
ကျနော်ကတင် ကာရံမဲ့တာ မဟုတ်
ရင်ခုန်သံကပါ အသံအတယ်

ဒီနေ့ နေသာတယ်
မနက်ဖြန် မိုးရွာမယ်
ဒါဟာ ကြိုတင်ခန့်မှန်းလို့ရတဲ့ ကိစ္စ

ဒီနေ့ သူမရဲ့အပြုံးကိုမြင်ရတယ်
မနက်ဖြန် သူမရဲ့အပြုံးကို မြင်ရဖို့ဆိုတာ
ဒါဟာ ကြိုတင် မှန်းဆဖို့ မလွယ်တဲ့ကိစ္စ

ဟယ်လို…
အက်ရှရှ သတ္တုသံသဲ့သဲ့ရဲ့
နှုတ်ဆက်စကားသံ အဆုံး
တယ်လီဖုန်းနဲ့ ကျနော့်အကြား
အကွာအဝေးက မိုင်ထောင်ချီ…

ပြည့်စုံ
(၁၂-၁၀-၂၀၀၉၊ ၅း၄၆ pm)

Thursday, October 8, 2009

ရင်ကွဲမြစ်

အိပ်မက်တွေက ရာဇဝင်ရိုင်း
တိမ်မည်းတွေ မှိုင်းနေတဲ့
မှောင်မိုက်တဲ့ ကောင်းကင်မှာ
အခု လျှပ်စီးတွေ ထစ်ချုန်းလက်နေတယ်

ရေရွတ်လိုက်စမ်း
ရင်ထဲက စကားလုံးအမှန်တွေ
သဘာဝကို မလွန်ဆန်ရဲရင်
မိုးခြိမ်းသံတွေက ကာကွယ်ပေးလိမ့်မယ်

ဖုံးကွယ်စရာ ဘာရှိလဲ
အပြုံးနဲ့ခြယ်သနေလဲ
အဆုံးမှာ ငါ့အတွက်ဆို
အမုန်းတွေပဲ ရမှာပဲ

ငါဆိုတာကလဲ
မညာတမ်းပြောရရင်
ခပ်ကြောင်ကြောင်စရိုက်နဲ့
ချေချွတ်ဖို့မလွယ်တဲ့
မိစ္ဆာဒိဌိတစ်ကောင်ပဲ

ကဲမိတ်ဆွေ
ဘဝဆိုတာ
တကယ်တမ်းတွေးရင်
အပျော်တမ်း ကလေးကစားသလို
အလျော်အစားမရှိဘူးလို့တော့ မထင်နဲ့
ကြေးကြီးတယ် ဈေးကြီးတယ်
နိုင်ရင် ရွှေထီးဆောင်း
ရှုံးရင် မြေကြီးထဲ ဂျောင်းရမယ်

ရွေးစရာသိပ်နည်းတဲ့လမ်းမှာ
ဖောက်ပီးသား လမ်းအဟောင်းကိုပဲ
မင်းရွေးလျှောက်သွားခဲ့
အပြစ်မတင်ဘူး
မြစ်ထင်လို့ မင်းကူးခဲ့တဲ့
ငါ့ရဲ့ ရင်ကွဲမျက်ရည်တွေထဲ
အပြုံးတုတစ်ခုနဲ့သာ ကူးခတ်သွားခဲ့………..

ပြည့်စုံ (၈-၁၀-၂၀၀၉၊ ၁၁း၄၈ pm)

Sunday, October 4, 2009

What is That?

video

ဒီဗီဒီယိုလေးကို ကျမရဲ့သူငယ်ချင်းတစ်ယောက်က ဖော်ဝပ်မေးကနေတစ်ဆင့် ပို့ပေးလိုက်တာပါ…

ကျမ ကြည့်လိုက်မိတဲ့ခဏလေးအတွင်းမှာပဲ ရင်ထဲမှာ ဆို့နင့်တက်လာတဲ့ ခံစားမှုနဲ့ ရင်တစ်ခုလုံး နာနာကျင်ကျင် ခံစားမိသွားတယ်..

ဗီဒီယိုကလစ်လေးတစ်ခုပါ… သားအဖနှစ်ယောက် အိမ်ရှေ့က ခုံတန်းလျားလေးမှာ ထိုင်နေကြတယ်.. အဖေလုပ်သူက ဘေးမှာထိုင်နေပီး သားကတော့ သတင်းစာဖတ်နေခဲ့တယ်.. ရုတ်တရက် သူတို့ရဲ့ရှေ့က ပန်းခြုံလေးပေါ်ကို ငှက်ကလေးတစ်ကောင် လာနားတယ်..

အဘိုးကြီးရဲ့ မျက်လုံးလေးတွေက သိချင်စိတ်နဲ့ ဝင်းပသွားခဲ့ပီး သားဖြစ်သူကို မေးလိုက်တယ်

‘What is that’

‘It’s a sparrow’

‘အဲ့တာ ဘာကောင်လဲ’

'စာကလေး’

ငှက်ကလေးက နေရာရွှေ့သွားခဲ့တယ်. အဘိုးကြီးရဲ့ မျက်လုံးတွေက အဲ့ငှက်ကလေးရဲ့ အနောက်ကို ကပ်ပါသွားတယ်.. အဘိုးကြီးက ထပ်မေးလိုက်တယ်.

‘အဲ့တာ ဘာကောင်လဲ’

‘စာကလေး’

အဘိုးကြီးရဲ့ ထပ်ခါတလဲလဲ မေးခွန်းတွေမှာ သားဖြစ်သူက စိတ်တိုလာခဲ့တယ်.

‘အဖေ့ကို ကျနော် ပြောနေတယ် မဟုတ်လား.. အဲ့တာ စာကလေးပါလို့’

လေသံခပ်မာမာအောက်မှာ အဘိုးကြီးရဲ့ မျက်လုံးတွေက ပိုမှိန်ဖျော့လာခဲ့တယ်. ဒါပေမဲ့ သူထပ်မေးလိုက်တယ်…

‘အဲ့တာ ဘာကောင်လဲ’

‘အဲ့တာ စာကလေးပါလို့ အဖေ့ကို ကျနော် ဘယ်နှစ်ခါပြောရမလဲ… မသိဘူးလား..’

ပြင်းထန်စူးရှတဲ့ သားဖြစ်သူရဲ့ အော်ကြီးဟစ်ကျယ် ဒေါသစကားလုံးအောက်မှာ အဘိုးကြီးရဲ့ မျက်နှာအမူအရာဟာ ကျမ အသည်းနှလုံးကို ဖိကြိတ်လိုက်သလို ခံစားလိုက်ရတယ်..

အဘိုးကြီးက သူ့သားရဲ့ မျက်နှာကို အသေအချာကြည့်လိုက်ပီးမှ ရုတ်တရက် မတ်တပ်ရပ်လိုက်တယ်.. သားဖြစ်သူကို ကြည့်လိုက်တဲ့ အဘိုးကြီးရဲ့ မျက်လုံးတွေက နာကျင်နေတယ်လို့ ကျမတော့ ထင်တယ်.. သားက

‘အဖေ ဘယ်သွားမလို့လဲ’

အဘိုးကြီးက လက်ကလေးကို အသာ ရမ်းပြလိုက်ပီး အိမ်ထဲကို ဝင်သွားခဲ့တယ်… သူ ပြန်ထွက်လာတဲ့အချိန်မှာ ဒိုင်ယာရီစာအုပ်ဟောင်းလေး တစ်အုပ်ပါလာခဲ့တယ်.. အဘိုးကြီးက သားဖြစ်သူရဲ့ လက်ကို ဆွဲပီး အဲ့ဒီစာအုပ်လေး
လှမ်းပေးလိုက်တယ်..

‘ဖတ်ကြည့်လိုက်စမ်း သား’

ဒိုင်ယာရီစာအုပ်လေးထဲက အကြောင်းအရာတွေဟာ ဘာတွေများဖြစ်နေနိုင်မလဲ … သားဖြစ်သူရဲ့ စူးစမ်းတဲ့မျက်လုံးတွေနောက်ကို ကျမလဲ သိချင်စိတ်ပြင်းပြစွာနဲ့ လိုက်ကြည့်မိတယ်..

‘ဒီနေ့ဆိုရင် သားကလေး သုံးနှစ်ပြည့်ပီလေ.. သားကလေးနဲ့အတူ ပန်းခြံအလယ်က ထိုင်ခုံကလေးမှာ ထိုင်နေတုန်း ငါတို့ရဲ့ရှေ့ကို စာကလေးတစ်ကောင် ရောက်လာခဲ့တယ်…’

‘အဲ့တာ ဘာကောင်လဲ ဆိုတဲ့ မေးခွန်းကို သားကလေးက ၂၁ ကြိမ်တောင် ငါ့ကိုမေးခဲ့တယ်…’

‘သားကလေးကို အဲ့တာ စာကလေးပါလို့ ၂၁ ကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ငါ မညည်းမညူစတမ်း ပြန်ဖြေခဲ့တယ်.. တစ်ကြိမ်ပြန်ဖြေလိုက်တိုင်း ငါ့ရဲ့ ရိုးသားပီး အပြစ်ကင်းစင်တဲ့ သားကလေးကို ပိုပိုချစ်မိတယ်..’

မျက်ရည်တွေက ကျမရဲ့ပါးပြင်ပေါ်ကို အလုအယက် ခုန်ဆင်းလာနေတယ်.. အဘိုးကြီးနဲ့ သူ့သားကို ကျမ မျက်ရည်အဝဲသားနဲ့ ကြည့်နေမိတယ်.. အဘိုးကြီးရဲ့ မျက်လုံးတွေက ဂုဏ်ယူစိတ်နဲ့ ပြုံးနေခဲ့ပီး.. သားဖြစ်သူကတော့ ယူကျုံးမရတဲ့ စိတ်တွေနဲ့ ဝမ်းနည်းနေခဲ့တယ်.. ကျမကရော……. ??

ဒီလိုအပြုအမူမျိုးတွေ ဘယ်လောက်များ ကျမတို့ ပြုမူခဲ့ဖူးပါသလဲ.. ကျမ အထင်တော့ အကြိမ်ရေ တော်တော်များလိမ့်မယ် ထင်ပါတယ်..

ဒီအရွယ် ကြီးတောင့်ကြီးမားဖြစ်နေတဲ့ အချိန် မတိုင်ခင် အမေ့ဝမ်းဗိုက်ထဲမှာ လူသားလေးအဖြစ် စတင်မှီခိုကတည်းက အမေက ဒါ ငါ့ရဲ့ရင်သွေးလေးဆိုတဲ့ အသိနဲ့ ဂရုတစိုက် ကြင်ကြင်နာနာ ပြုစုစောင့်ရှောက်ခဲ့တယ်.. အပူအစပ် မစားဘဲ အထိုင်အထ အနေအထိုင် ဆင်ခြင်ပီး ကိုးလတိုင်တိုင် သည်ဗိုက်ကြီးကို မရှက်မကြောက် လွယ်ပိုးထားပီး ကြင်နာယုယခဲ့တယ်.. မွေးဖို့ ပြင်နေတဲ့ အချိန်တုန်းကလဲ မီးနေသည်က သင်္ချိုင်းကို မျက်စောင်းသုံးခါထိုးတယ်ဆိုတဲ့ အတိုင်း အသက်နဲ့ရင်းပီး ကလေးလေးကို မွေးခဲ့ပြန်တယ်…
မွေးမွေးချင်းမှာလဲ အင်္ဂါစုံရဲ့လား နားအာရုံကောင်းရဲ့လား မျက်စိ အကြည်ဓာတ်ကောင်းရဲ့လား. ပူပန်ရသလို မှတ်ခြင်ယင် မကိုက်အောင်လဲ ဂရုစိုက်ရပြန်တယ်..

လမ်းလျှောက်တတ်တဲ့အခါကျတော့လဲ ခလုတ်တိုက်မှာစိုးလို့ ဒူးပြဲမှာစိုးလို့… စကားပြောတတ်လာ တော့လဲ မေ မေ ဖေ ဖေ ခေါ်တတ်အောင် သင်ပေးရသလို စကားပြောတတ်လာလို့ မေးခွန်းတွေ မနားတမ်း မေးရင်လဲ မညည်းမညူစတမ်း ထပ်ခါတလဲလဲ ဖြေပေးတတ်ခဲ့တယ်..

မိဘတွေက သားသမီးတွေအပေါ်မှာ ဘယ်သောအခါမှ ရကောင်းစေ သဘောမထားခဲ့ဘဲ သားသမီးတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တယ်.. အမေ အဖေဟာ သားသမီး ဆယ်ယောက်ကို ကျွေးမွေးပြုစုနိုင်တယ်.. အမေ အဖေ တစ်ယောက်လောက်ကိုတောင် သားသမီး ဆယ်ယောက်က မပြုစု မကျွေးမွေးနိုင်တဲ့ အဖြစ်တွေ သိပ်ကိုများလာတဲ့အခါ.. ဒါတွေဟာ တရားရော တရားရဲ့လား… ဒါတွေဟာ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အတွေးတွေ ကျမ တခါတလေ တွေးမိတယ်… ဒါပေမဲ့ ကျမလဲ လိမ်မာတဲ့ သားသမီးစာရင်းထဲမှာတော့ မပါဝင်ခဲ့ပါဘူး.. မလိမ္မာသလို ဆိုးလဲ မဆိုးတဲ့ အသင့်အတင့် သားသမီးတစ်ယောက်အနေနဲ့ အမေ အဖေအပေါ် စိတ်ညစ်အောင် စိတ်ပူပန်အောင် အမြဲလုပ်ခဲ့ လုပ်နေတုန်းပါပဲ..

ဟိုးအရင် အလုပ်လုပ်ခဲ့တဲ့အချိန်တွေတုန်းကဆို အလုပ်ခွင်မှာ စိတ်ဖိစီးမှုတွေ ရလာတဲ့အခါ ကျမရဲ့ အိမ်အပြန်လမ်းတွေဟာ ခြောက်သွေ့နာကျင်နေတတ်ခဲ့တယ်.. အဲ့ဒီအခါ ထွက်ပေါက်အနေနဲ့ အိမ်ကို ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် တင်းကျပ်နေတဲ့ စိတ်ဖိစီးမှုတွေကို မျိုသိပ်ထားရင်းနဲ့ကို ပေါက်ကွဲမိတတ်တယ်..

တချို့ အဖြစ်အပျက်တွေကို အမေက သိချင်စိတ်နဲ့ မေးတာပဲဖြစ်ဖြစ် တချို့အဖြစ်အပျက်တွေမှာ ကျမ လုပ်ဆောင်မှုတွေ မှားနေတယ်လို့ အမေက ထောက်ပြပြောဆိုတာပဲဖြစ်ဖြစ် ကျမက လက်ခံလို့ မရတဲ့အခါ

‘အမေက ဘာနားလည်လို့လဲ..’

‘ဒါကိုပဲ ထပ်ခါ ထပ်ခါ ပြန်မေးနေတယ် အမေရာ ဘယ်နှခါ ပြန်ပြောရမလဲ’

‘သည်းခံရမယ် ဒီလောက် သည်းခံရ တော်ရောပေါ့’

‘နားညည်းတယ် အမေရာ… ဒါတွေ ပြောမနေနဲ့တော့ အမေ လုပ်ချင်ရာသာ လုပ်လိုက်တော့’

အမေ့မျက်နှာက တစ်ချက်မပျက်ဘဲ နှုတ်ခမ်းတွေက ပြုံးနေရက်သားနဲ့ ကျမကို စကားဆက်မပြော တော့ဘူး.. ဘာရယ် မဟုတ် အမေ့ကို ပြန်ပြောမိတဲ့စကားလုံးတွေအတွက် ကျမလဲ နောင်တ ကောင်းကောင်း ရတတ်ပေမဲ့ အမေ့ကိုတော့ ဘယ်သောအခါမှ ပြန်မတောင်းပန်ခဲ့ဖူးဘူး.. စိတ်ထဲမှာ မကြည်လင်တော့ဘူးဆိုရင် ဘယ်သူ့ကိုမှ စကားမပြောတော့ဘဲ အိပ်ရာထဲ တန်းဝင်ပီး အိပ်ပစ်လိုက်တယ်. မနက်မိုးလင်းလို့ အလုပ်ကို သွားရတော့မယ်ဆိုရင်တော့ အမေက မှာနေကျစကားအတိုင်း

‘အပြန် မိုးမချုပ်စေနဲ့နော် သမီး.. ကားစီးတာ သတိနဲ့စီးနော်.. ဘုရားရှိခိုးသွားဦး’

ဒါတွေဟာ မရိုးနိုင်တဲ့ အမေ့ရဲ့မေတ္တာစကားတွေပဲ..

အိမ်ပေါက်ဝကနေ ပြုံးပီး ကျမကို မျက်စိတဆုံး လိုက်ကြည့်နေတတ်တဲ့ အမေ့နေရာကနေ ကျမ အခုအချိန်မှာ ပြန်စဉ်းစားလိုက်မိတယ်..

အဲ့ဒီလို ကျမတို့ရဲ့ စကားလုံးတွေ အပြုအမူတွေ ရိုင်းပျသွားခဲ့တဲ့ အကြိမ်တိုင်း အမေ့ရဲ့ စေတနာတွေ လျစ်လျူရှုခံရတဲ့အခါတိုင်း အမေ မွေးထုတ်ခဲ့လို့ လူဖြစ်လာခဲ့တဲ့ အမေ့ရဲ့ သားသမီးတွေက အမေ့ရဲ့ နှလုံးသားတွေကို နာကျင်အောင် လုပ်ခဲ့တဲ့အကြိမ်တိုင်း အမေ ဘယ်လိုများ နားလည်ခွင့်လွှတ်ပေးတတ်ခဲ့ပါသလဲ.. အမေ့ရဲ့ နှလုံးသားတွေကရော မနာကျင်ခဲ့ဘူးတဲ့လား…

ကျမကတော့ အခုအချိန်မှာ နာကျင်သွားတဲ့ နှလုံးသားနဲ့ ငိုနေမိတယ်..

မနေ့က သီတင်းကျွတ်လပြည့်နေ့မှာ အိမ်မှာသာဆိုရင် အမေနဲ့ အဖေ့ကို လှုဖွယ်ပစ္စည်းတွေ ကန်တော့ပစ္စည်းတွေနဲ့ မောင်နှမတတွေ တစ်စည်းတစ်လုံးတည်း ထိုင်ရှိခိုးကြမယ်.. တစ်နှစ်ပတ်လုံး အမေမိဘကို ကာယကံ ဝစီကံ မနောကံတွေနဲ့ ပြစ်မှားမိခဲ့သမျှ ခွင့်လွှတ်ကျေနပ်ပါလို့ ဝန်ချတောင်းပန်ကြမယ်.. အဲ့ဒီအခါတိုင်း အမေက ငိုပီး အဖေက အသံတုန်တုန်နဲ့ ကျန်းမာပါစေ ချမ်းသာပါစေ ငါ့သား ငါ့သမီးတွေ ဘေးမသီ ရန်မခ……….. ….. ဆုတွေ တစ်လှေကြီးချီးမြှင့်ပါလိမ့်မယ်.. အခုတော့……..

ကျမရဲ့ မိဘတွေဟာ ရှိရင်းစွဲအသက်ထက် ပိုအိုနေကြပီ.. အိမ်ကို ဖုန်းဆက်တိုင်း အဖေနဲ့ အမေရဲ့ အသံတွေက ပိုအိုစာသွားခဲ့ပီ.. ကျမတို့တွေ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနိုင်ဖို့ အချိန် ဘယ်လောက်များများ ကျန်ပါဦးမလဲ.. အဲ့ဒီအတောအတွင်းမှာလဲ အမိအဖ နှစ်ပါးကို စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံအောင် ဘယ်လောက်များ လုပ်ကျွေးပြုစုနိုင်မလဲ…

တခါတလေမှာရော အလိုမကျတဲ့စိတ်တွေနဲ့ တမင် မရည်ရွယ်ဘဲ အမေ အဖေရဲ့ နှလုံးသားတွေကို နာကျင်အောင် ပြုမူမိမလဲ……. အတွေးတွေထဲမှာတောင် ကျမ ဝမ်းနည်းရပါတယ်..

ကျမ အကြံပြုချင်တာကတော့ သိလိုက်လို့ပဲဖြစ်ဖြစ် မသိလိုက်လို့ပဲဖြစ်ဖြစ် အမေ မိဘတွေရဲ့ နှလုံးသားတွေ နာကျင်သွားအောင် စိတ်နဲ့ရော ကိုယ်အမူအရာနဲ့ရော စကားလုံးတွေနဲ့ပါ မစော်ကား မကျူးလွန်ကြဖို့ပါပဲ.... နောင်တဆိုတာ နောင်မှ ရတတ်တယ်ဆိုတာကို လက်ခံထားဖို့နဲ့ သည့်ပြင်ကိစ္စရပ်တွေတိုင်းမှာ နောင်တဟာ ပြင်လွယ် ပျောက်လွယ်ပေမဲ့ အမိ အဖကို စော်ကားမိတဲ့ စကားလုံးတွေ ဖြစ်ရပ်တွေ အပြူအမူတွေကတော့ နောင်တထက် ပိုကြီးမားတဲ့ အပြစ်ကို ရရှိစေမယ်ဆိုတာပါပဲ.. အမေ အဖေက ခွင့်လွှတ်လေလေ ကိုယ့်မှာ အပြစ်ပိုကြီးမားလေပါပဲ..

အခုအချိန်မှာ ကျမ လုပ်နိုင်တဲ့ တစ်ခုတည်းသော လုပ်ဆောင်ချက်ကတော့ အမေနဲ့ အဖေ့ကို ရည်မှန်းပီး လက်အုပ်ချီ ကန်တော့လိုက်တာပါပဲ..

‘ကာယကံ ဝစီကံ မနောကံတွေနဲ့ ပြစ်မှားမိသမျှ သမီး အမိုက်အမဲကလေးကို ခွင့်လွှတ်ပါ အမေနဲ့ အဖေရယ်.. သံသရာအဆက်ဆက် အမိ အဖကို လုပ်ကျွေးပြုစုနိုင်တဲ့ သမီးကောင်းရတနာ ဖြစ်ပါရစေ……’

ပြည့်စုံ (၄-၁၀-၂၀၀၉၊ ၄း၂၀ pm)