Sunday, October 4, 2009
What is That?
ဒီဗီဒီယိုလေးကို ကျမရဲ့သူငယ်ချင်းတစ်ယောက်က ဖော်ဝပ်မေးကနေတစ်ဆင့် ပို့ပေးလိုက်တာပါ…
ကျမ ကြည့်လိုက်မိတဲ့ခဏလေးအတွင်းမှာပဲ ရင်ထဲမှာ ဆို့နင့်တက်လာတဲ့ ခံစားမှုနဲ့ ရင်တစ်ခုလုံး နာနာကျင်ကျင် ခံစားမိသွားတယ်..
ဗီဒီယိုကလစ်လေးတစ်ခုပါ… သားအဖနှစ်ယောက် အိမ်ရှေ့က ခုံတန်းလျားလေးမှာ ထိုင်နေကြတယ်.. အဖေလုပ်သူက ဘေးမှာထိုင်နေပီး သားကတော့ သတင်းစာဖတ်နေခဲ့တယ်.. ရုတ်တရက် သူတို့ရဲ့ရှေ့က ပန်းခြုံလေးပေါ်ကို ငှက်ကလေးတစ်ကောင် လာနားတယ်..
အဘိုးကြီးရဲ့ မျက်လုံးလေးတွေက သိချင်စိတ်နဲ့ ဝင်းပသွားခဲ့ပီး သားဖြစ်သူကို မေးလိုက်တယ်
‘What is that’
‘It’s a sparrow’
‘အဲ့တာ ဘာကောင်လဲ’
'စာကလေး’
ငှက်ကလေးက နေရာရွှေ့သွားခဲ့တယ်. အဘိုးကြီးရဲ့ မျက်လုံးတွေက အဲ့ငှက်ကလေးရဲ့ အနောက်ကို ကပ်ပါသွားတယ်.. အဘိုးကြီးက ထပ်မေးလိုက်တယ်.
‘အဲ့တာ ဘာကောင်လဲ’
‘စာကလေး’
အဘိုးကြီးရဲ့ ထပ်ခါတလဲလဲ မေးခွန်းတွေမှာ သားဖြစ်သူက စိတ်တိုလာခဲ့တယ်.
‘အဖေ့ကို ကျနော် ပြောနေတယ် မဟုတ်လား.. အဲ့တာ စာကလေးပါလို့’
လေသံခပ်မာမာအောက်မှာ အဘိုးကြီးရဲ့ မျက်လုံးတွေက ပိုမှိန်ဖျော့လာခဲ့တယ်. ဒါပေမဲ့ သူထပ်မေးလိုက်တယ်…
‘အဲ့တာ ဘာကောင်လဲ’
‘အဲ့တာ စာကလေးပါလို့ အဖေ့ကို ကျနော် ဘယ်နှစ်ခါပြောရမလဲ… မသိဘူးလား..’
ပြင်းထန်စူးရှတဲ့ သားဖြစ်သူရဲ့ အော်ကြီးဟစ်ကျယ် ဒေါသစကားလုံးအောက်မှာ အဘိုးကြီးရဲ့ မျက်နှာအမူအရာဟာ ကျမ အသည်းနှလုံးကို ဖိကြိတ်လိုက်သလို ခံစားလိုက်ရတယ်..
အဘိုးကြီးက သူ့သားရဲ့ မျက်နှာကို အသေအချာကြည့်လိုက်ပီးမှ ရုတ်တရက် မတ်တပ်ရပ်လိုက်တယ်.. သားဖြစ်သူကို ကြည့်လိုက်တဲ့ အဘိုးကြီးရဲ့ မျက်လုံးတွေက နာကျင်နေတယ်လို့ ကျမတော့ ထင်တယ်.. သားက
‘အဖေ ဘယ်သွားမလို့လဲ’
အဘိုးကြီးက လက်ကလေးကို အသာ ရမ်းပြလိုက်ပီး အိမ်ထဲကို ဝင်သွားခဲ့တယ်… သူ ပြန်ထွက်လာတဲ့အချိန်မှာ ဒိုင်ယာရီစာအုပ်ဟောင်းလေး တစ်အုပ်ပါလာခဲ့တယ်.. အဘိုးကြီးက သားဖြစ်သူရဲ့ လက်ကို ဆွဲပီး အဲ့ဒီစာအုပ်လေး
လှမ်းပေးလိုက်တယ်..
‘ဖတ်ကြည့်လိုက်စမ်း သား’
ဒိုင်ယာရီစာအုပ်လေးထဲက အကြောင်းအရာတွေဟာ ဘာတွေများဖြစ်နေနိုင်မလဲ … သားဖြစ်သူရဲ့ စူးစမ်းတဲ့မျက်လုံးတွေနောက်ကို ကျမလဲ သိချင်စိတ်ပြင်းပြစွာနဲ့ လိုက်ကြည့်မိတယ်..
‘ဒီနေ့ဆိုရင် သားကလေး သုံးနှစ်ပြည့်ပီလေ.. သားကလေးနဲ့အတူ ပန်းခြံအလယ်က ထိုင်ခုံကလေးမှာ ထိုင်နေတုန်း ငါတို့ရဲ့ရှေ့ကို စာကလေးတစ်ကောင် ရောက်လာခဲ့တယ်…’
‘အဲ့တာ ဘာကောင်လဲ ဆိုတဲ့ မေးခွန်းကို သားကလေးက ၂၁ ကြိမ်တောင် ငါ့ကိုမေးခဲ့တယ်…’
‘သားကလေးကို အဲ့တာ စာကလေးပါလို့ ၂၁ ကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ငါ မညည်းမညူစတမ်း ပြန်ဖြေခဲ့တယ်.. တစ်ကြိမ်ပြန်ဖြေလိုက်တိုင်း ငါ့ရဲ့ ရိုးသားပီး အပြစ်ကင်းစင်တဲ့ သားကလေးကို ပိုပိုချစ်မိတယ်..’
မျက်ရည်တွေက ကျမရဲ့ပါးပြင်ပေါ်ကို အလုအယက် ခုန်ဆင်းလာနေတယ်.. အဘိုးကြီးနဲ့ သူ့သားကို ကျမ မျက်ရည်အဝဲသားနဲ့ ကြည့်နေမိတယ်.. အဘိုးကြီးရဲ့ မျက်လုံးတွေက ဂုဏ်ယူစိတ်နဲ့ ပြုံးနေခဲ့ပီး.. သားဖြစ်သူကတော့ ယူကျုံးမရတဲ့ စိတ်တွေနဲ့ ဝမ်းနည်းနေခဲ့တယ်.. ကျမကရော……. ??
ဒီလိုအပြုအမူမျိုးတွေ ဘယ်လောက်များ ကျမတို့ ပြုမူခဲ့ဖူးပါသလဲ.. ကျမ အထင်တော့ အကြိမ်ရေ တော်တော်များလိမ့်မယ် ထင်ပါတယ်..
ဒီအရွယ် ကြီးတောင့်ကြီးမားဖြစ်နေတဲ့ အချိန် မတိုင်ခင် အမေ့ဝမ်းဗိုက်ထဲမှာ လူသားလေးအဖြစ် စတင်မှီခိုကတည်းက အမေက ဒါ ငါ့ရဲ့ရင်သွေးလေးဆိုတဲ့ အသိနဲ့ ဂရုတစိုက် ကြင်ကြင်နာနာ ပြုစုစောင့်ရှောက်ခဲ့တယ်.. အပူအစပ် မစားဘဲ အထိုင်အထ အနေအထိုင် ဆင်ခြင်ပီး ကိုးလတိုင်တိုင် သည်ဗိုက်ကြီးကို မရှက်မကြောက် လွယ်ပိုးထားပီး ကြင်နာယုယခဲ့တယ်.. မွေးဖို့ ပြင်နေတဲ့ အချိန်တုန်းကလဲ မီးနေသည်က သင်္ချိုင်းကို မျက်စောင်းသုံးခါထိုးတယ်ဆိုတဲ့ အတိုင်း အသက်နဲ့ရင်းပီး ကလေးလေးကို မွေးခဲ့ပြန်တယ်…
မွေးမွေးချင်းမှာလဲ အင်္ဂါစုံရဲ့လား နားအာရုံကောင်းရဲ့လား မျက်စိ အကြည်ဓာတ်ကောင်းရဲ့လား. ပူပန်ရသလို မှတ်ခြင်ယင် မကိုက်အောင်လဲ ဂရုစိုက်ရပြန်တယ်..
လမ်းလျှောက်တတ်တဲ့အခါကျတော့လဲ ခလုတ်တိုက်မှာစိုးလို့ ဒူးပြဲမှာစိုးလို့… စကားပြောတတ်လာ တော့လဲ မေ မေ ဖေ ဖေ ခေါ်တတ်အောင် သင်ပေးရသလို စကားပြောတတ်လာလို့ မေးခွန်းတွေ မနားတမ်း မေးရင်လဲ မညည်းမညူစတမ်း ထပ်ခါတလဲလဲ ဖြေပေးတတ်ခဲ့တယ်..
မိဘတွေက သားသမီးတွေအပေါ်မှာ ဘယ်သောအခါမှ ရကောင်းစေ သဘောမထားခဲ့ဘဲ သားသမီးတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တယ်.. အမေ အဖေဟာ သားသမီး ဆယ်ယောက်ကို ကျွေးမွေးပြုစုနိုင်တယ်.. အမေ အဖေ တစ်ယောက်လောက်ကိုတောင် သားသမီး ဆယ်ယောက်က မပြုစု မကျွေးမွေးနိုင်တဲ့ အဖြစ်တွေ သိပ်ကိုများလာတဲ့အခါ.. ဒါတွေဟာ တရားရော တရားရဲ့လား… ဒါတွေဟာ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အတွေးတွေ ကျမ တခါတလေ တွေးမိတယ်… ဒါပေမဲ့ ကျမလဲ လိမ်မာတဲ့ သားသမီးစာရင်းထဲမှာတော့ မပါဝင်ခဲ့ပါဘူး.. မလိမ္မာသလို ဆိုးလဲ မဆိုးတဲ့ အသင့်အတင့် သားသမီးတစ်ယောက်အနေနဲ့ အမေ အဖေအပေါ် စိတ်ညစ်အောင် စိတ်ပူပန်အောင် အမြဲလုပ်ခဲ့ လုပ်နေတုန်းပါပဲ..
ဟိုးအရင် အလုပ်လုပ်ခဲ့တဲ့အချိန်တွေတုန်းကဆို အလုပ်ခွင်မှာ စိတ်ဖိစီးမှုတွေ ရလာတဲ့အခါ ကျမရဲ့ အိမ်အပြန်လမ်းတွေဟာ ခြောက်သွေ့နာကျင်နေတတ်ခဲ့တယ်.. အဲ့ဒီအခါ ထွက်ပေါက်အနေနဲ့ အိမ်ကို ပြန်ရောက်တာနဲ့ တစ်ပြိုင်နက် တင်းကျပ်နေတဲ့ စိတ်ဖိစီးမှုတွေကို မျိုသိပ်ထားရင်းနဲ့ကို ပေါက်ကွဲမိတတ်တယ်..
တချို့ အဖြစ်အပျက်တွေကို အမေက သိချင်စိတ်နဲ့ မေးတာပဲဖြစ်ဖြစ် တချို့အဖြစ်အပျက်တွေမှာ ကျမ လုပ်ဆောင်မှုတွေ မှားနေတယ်လို့ အမေက ထောက်ပြပြောဆိုတာပဲဖြစ်ဖြစ် ကျမက လက်ခံလို့ မရတဲ့အခါ
‘အမေက ဘာနားလည်လို့လဲ..’
‘ဒါကိုပဲ ထပ်ခါ ထပ်ခါ ပြန်မေးနေတယ် အမေရာ ဘယ်နှခါ ပြန်ပြောရမလဲ’
‘သည်းခံရမယ် ဒီလောက် သည်းခံရ တော်ရောပေါ့’
‘နားညည်းတယ် အမေရာ… ဒါတွေ ပြောမနေနဲ့တော့ အမေ လုပ်ချင်ရာသာ လုပ်လိုက်တော့’
အမေ့မျက်နှာက တစ်ချက်မပျက်ဘဲ နှုတ်ခမ်းတွေက ပြုံးနေရက်သားနဲ့ ကျမကို စကားဆက်မပြော တော့ဘူး.. ဘာရယ် မဟုတ် အမေ့ကို ပြန်ပြောမိတဲ့စကားလုံးတွေအတွက် ကျမလဲ နောင်တ ကောင်းကောင်း ရတတ်ပေမဲ့ အမေ့ကိုတော့ ဘယ်သောအခါမှ ပြန်မတောင်းပန်ခဲ့ဖူးဘူး.. စိတ်ထဲမှာ မကြည်လင်တော့ဘူးဆိုရင် ဘယ်သူ့ကိုမှ စကားမပြောတော့ဘဲ အိပ်ရာထဲ တန်းဝင်ပီး အိပ်ပစ်လိုက်တယ်. မနက်မိုးလင်းလို့ အလုပ်ကို သွားရတော့မယ်ဆိုရင်တော့ အမေက မှာနေကျစကားအတိုင်း
‘အပြန် မိုးမချုပ်စေနဲ့နော် သမီး.. ကားစီးတာ သတိနဲ့စီးနော်.. ဘုရားရှိခိုးသွားဦး’
ဒါတွေဟာ မရိုးနိုင်တဲ့ အမေ့ရဲ့မေတ္တာစကားတွေပဲ..
အိမ်ပေါက်ဝကနေ ပြုံးပီး ကျမကို မျက်စိတဆုံး လိုက်ကြည့်နေတတ်တဲ့ အမေ့နေရာကနေ ကျမ အခုအချိန်မှာ ပြန်စဉ်းစားလိုက်မိတယ်..
အဲ့ဒီလို ကျမတို့ရဲ့ စကားလုံးတွေ အပြုအမူတွေ ရိုင်းပျသွားခဲ့တဲ့ အကြိမ်တိုင်း အမေ့ရဲ့ စေတနာတွေ လျစ်လျူရှုခံရတဲ့အခါတိုင်း အမေ မွေးထုတ်ခဲ့လို့ လူဖြစ်လာခဲ့တဲ့ အမေ့ရဲ့ သားသမီးတွေက အမေ့ရဲ့ နှလုံးသားတွေကို နာကျင်အောင် လုပ်ခဲ့တဲ့အကြိမ်တိုင်း အမေ ဘယ်လိုများ နားလည်ခွင့်လွှတ်ပေးတတ်ခဲ့ပါသလဲ.. အမေ့ရဲ့ နှလုံးသားတွေကရော မနာကျင်ခဲ့ဘူးတဲ့လား…
ကျမကတော့ အခုအချိန်မှာ နာကျင်သွားတဲ့ နှလုံးသားနဲ့ ငိုနေမိတယ်..
မနေ့က သီတင်းကျွတ်လပြည့်နေ့မှာ အိမ်မှာသာဆိုရင် အမေနဲ့ အဖေ့ကို လှုဖွယ်ပစ္စည်းတွေ ကန်တော့ပစ္စည်းတွေနဲ့ မောင်နှမတတွေ တစ်စည်းတစ်လုံးတည်း ထိုင်ရှိခိုးကြမယ်.. တစ်နှစ်ပတ်လုံး အမေမိဘကို ကာယကံ ဝစီကံ မနောကံတွေနဲ့ ပြစ်မှားမိခဲ့သမျှ ခွင့်လွှတ်ကျေနပ်ပါလို့ ဝန်ချတောင်းပန်ကြမယ်.. အဲ့ဒီအခါတိုင်း အမေက ငိုပီး အဖေက အသံတုန်တုန်နဲ့ ကျန်းမာပါစေ ချမ်းသာပါစေ ငါ့သား ငါ့သမီးတွေ ဘေးမသီ ရန်မခ……….. ….. ဆုတွေ တစ်လှေကြီးချီးမြှင့်ပါလိမ့်မယ်.. အခုတော့……..
ကျမရဲ့ မိဘတွေဟာ ရှိရင်းစွဲအသက်ထက် ပိုအိုနေကြပီ.. အိမ်ကို ဖုန်းဆက်တိုင်း အဖေနဲ့ အမေရဲ့ အသံတွေက ပိုအိုစာသွားခဲ့ပီ.. ကျမတို့တွေ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနိုင်ဖို့ အချိန် ဘယ်လောက်များများ ကျန်ပါဦးမလဲ.. အဲ့ဒီအတောအတွင်းမှာလဲ အမိအဖ နှစ်ပါးကို စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံအောင် ဘယ်လောက်များ လုပ်ကျွေးပြုစုနိုင်မလဲ…
တခါတလေမှာရော အလိုမကျတဲ့စိတ်တွေနဲ့ တမင် မရည်ရွယ်ဘဲ အမေ အဖေရဲ့ နှလုံးသားတွေကို နာကျင်အောင် ပြုမူမိမလဲ……. အတွေးတွေထဲမှာတောင် ကျမ ဝမ်းနည်းရပါတယ်..
ကျမ အကြံပြုချင်တာကတော့ သိလိုက်လို့ပဲဖြစ်ဖြစ် မသိလိုက်လို့ပဲဖြစ်ဖြစ် အမေ မိဘတွေရဲ့ နှလုံးသားတွေ နာကျင်သွားအောင် စိတ်နဲ့ရော ကိုယ်အမူအရာနဲ့ရော စကားလုံးတွေနဲ့ပါ မစော်ကား မကျူးလွန်ကြဖို့ပါပဲ.... နောင်တဆိုတာ နောင်မှ ရတတ်တယ်ဆိုတာကို လက်ခံထားဖို့နဲ့ သည့်ပြင်ကိစ္စရပ်တွေတိုင်းမှာ နောင်တဟာ ပြင်လွယ် ပျောက်လွယ်ပေမဲ့ အမိ အဖကို စော်ကားမိတဲ့ စကားလုံးတွေ ဖြစ်ရပ်တွေ အပြူအမူတွေကတော့ နောင်တထက် ပိုကြီးမားတဲ့ အပြစ်ကို ရရှိစေမယ်ဆိုတာပါပဲ.. အမေ အဖေက ခွင့်လွှတ်လေလေ ကိုယ့်မှာ အပြစ်ပိုကြီးမားလေပါပဲ..
အခုအချိန်မှာ ကျမ လုပ်နိုင်တဲ့ တစ်ခုတည်းသော လုပ်ဆောင်ချက်ကတော့ အမေနဲ့ အဖေ့ကို ရည်မှန်းပီး လက်အုပ်ချီ ကန်တော့လိုက်တာပါပဲ..
‘ကာယကံ ဝစီကံ မနောကံတွေနဲ့ ပြစ်မှားမိသမျှ သမီး အမိုက်အမဲကလေးကို ခွင့်လွှတ်ပါ အမေနဲ့ အဖေရယ်.. သံသရာအဆက်ဆက် အမိ အဖကို လုပ်ကျွေးပြုစုနိုင်တဲ့ သမီးကောင်းရတနာ ဖြစ်ပါရစေ……’
ပြည့်စုံ (၄-၁၀-၂၀၀၉၊ ၄း၂၀ pm)
Subscribe to:
Post Comments (Atom)
video လေးကကြည့်ပြီးသားပေမယ့် အနော်လေးရဲ့အရေးအသားနဲ့ ပြန်ပြီးနောက်တစ်ခါ ခံစားသွားပါတယ်...။
ReplyDeleteငါ့ညီမလေး မိဘကို အကောင်းဆုံး ကျွေးမွေးပြုစုနိုင်ပါစေ...။
ထပ်တူထပ်မျှပါပဲ....
ReplyDeleteမနေ့ကအဖေနဲ့အမေကိုဖုန်းနဲ့လှမ်းကန်တော့ဖြစ်တယ်... အမှန်ဆို မိသားစု မျက်နှာစုံညီရှိနေသင့်တာနော် ...
အနော်ရေ စာလေးအရင်ဖတ်လိုက်ရတယ် ပြီးမှ ဗွီဒီယိုကြည့်လိုက်တာ ခံစားရတယ်နော် ရိုက်တတ်လိုက်တာ မျက်ရည်တောင် ဝဲသွားပြီ အနော် မကောင်းဘူးကွာ အမြဲတမ်း ဝံလေးကို မျက်ရည်ဝဲအောင် လုပ်တယ် ဟွင်းးးးးး
ReplyDeleteအနော်လေးက အမထင်တာထက် ရင့်ကျက် လိမ္မာတယ်။
ReplyDeleteအမက အနော့်ထက်ဆိုးသေးတယ်။
အနော်လေးဖြစ်ချင်တာတွေ အမြန်ဆုံးဖြစ်ပါစေကွယ်။
အယ်လ်ဇိုင်းမား ထင်တယ်နော် ။ဟုတ်တယ် ..... အသွားသာ ရှိ အပြန်မရှိလေ .... ဤ စုန်ရေကို သားတို့ နှလုံး ခပ်လို့ သုံးကား မခမ်းထွေထွေ ရှိလှပေ၏ .... သားငယ် သိစွ ထိုမြတ်လှကို ရင်မှာ ဝှက်သို ထားသင့်သည် .... နေည မဟူ ဦးသာထား၍ မမှားသင့် ပြီ .....။ လူဆိုးလေးတွေကို နာနာရိုက်တဲ့ ရုပ်ရှင် အတိုလေးပဲ ... ကောင်းလိုက်တာ အဖေနဲ့ အမေပေါ် ဘာတွေ အမှားလုပ်ခဲ့ပြီလဲ ..... သတိထားမှ ကိုယ်အပြစ်ကြီးတာထက် မိဘတွေ ရင်ထဲ မချိသွားမှာကို ပိုစိုးရိမ်နေမိပါလား သူငယ်ချင်းရေ
ReplyDeleteခင်တဲ့
ရန်ကုန်သား
အေးမြသာယာရှိပါစေ :))
မိဘတွေအပေါ်ပြောဆိုဆက်ဆံတဲ့အခါအမှတ်မထင်ပြုမိတဲ့
ReplyDeleteအပြုအမူအပြောအဆိုလေးတွေဟာမိဘတွေရဲ့ရင်ကိုကြေကွဲ
နာကျင်စေတာကြောင့်သတိအမြဲထားပြီးနားလည်မှုအပြည့်
နဲ့ကြင်ကြင်နာနာစိတ်ရှည်ရှည်ထားကြဖို့လိုတာပေါ့နော်။
မိဘမောင်နှမမိသားစုတွေနဲ့အမြန်ဆုံးအတူနေနိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်ညီမလေးရေ။
အရမ်းတရားရစေတဲ့ ပိုစ့်လေးပါ ဒီအကြောင်းအရာကို ဖတ်ဖူးပါတယ် ဒါပေမယ့် ဗီဒီယိုကိုတော့ မကြည့်ဖူးပါဘူး ... ဘာဖြစ်ဖြစ် သားသမီးများအတွက် တရား ရစေတဲ့ စာလေးပါ
ReplyDeleteအဖြူရောင်မေတ္တာ: အော် မိဘမေတ္တာပို့စ်လေး ကောင်းပ ကောင်းပ.. ကျွန်တော်ကတော့ အဖေမရှိတော့ဘူးဗျာ.. ခု ၁၀ လပိုင်း 17 ရက်နေ့ဆို အဖေဆုံးတာ ၈ နှစ်ပြည့်ပြီ။ အမေတော့ ရှိပါသေးရဲ့.. သို့သော်လည်း ရေခြားမြေခြား.. အမေ့ကို သတိရလိုက်တာဗျာ.. အတူနေစဉ်တုန်းကတော့ စိတ်ဆင်းရဲအောင် မလုပ်ခဲ့ဖူးဘူးလို့ ထင်တာပါပဲ.. အနီးကပ် ပြုစုလုပ်ကျွေးချင်သေးတယ်ဗျာ.. ကံကြမ္မာက မျက်နှာသာ ပေးဦးပါ့မလား မသိ..
ReplyDeleteကျန်းမာရွှင်လန်းပါစေ ခင်ဗျာ..
မျက်မှန်ကိုအရင်ချွတ်ပြီးမှ မြင်ကွင်းရှင်းအောင်အရင်လုပ်ပြီးမှ
ReplyDeleteဆက်ဖတ်ရပါတယ်၊စို့ လာတဲ့ ရင်နဲ့ စိုနေတဲ့ မျက်လုံးတွေကိုပွတ်
ပစ်ရတာပါ။ဆုံးသွားတဲ့ အဖေနဲ့ မဆုံးပဲအဝေးမှာကျန်နေခဲ့ တဲ့ အ
မေကိုပါပြင်းပြင်းပြပြသတိရမိပါတယ်။ဒီပို့ (စ)လေးကြောင့် ...
အစားမထိုးနိုင်တဲ့ အရိပ်တွေပါညီမလေး..။ကျွန်တော်ရေးလို့ မပြီး
နိုင်သေးတဲ့ သံယောဇာဉ်ဗွက်တောကြီးထဲက ဖြူနေသော၊အဖြူ
ရောင်သံယောဇဉ်လေးတွေလို့ မြင်ပါတယ်ညီမလေးရေ။အစစ
အရာရာအဆင်ပြေနေပါစေဗျာ...။
အဖေ့ကို အရမ်းလွမ်းသွားတယ်.... မမက ဖေဖေ့အပေါ် ဆိုးခဲ့မိလို့လေ.... ခွင့်လွှတ်ချစ်တတ်တဲ့ ဖေဖေ့ကို တွေ့ချင်လှပြီ....
ReplyDeleteဟုတ်တယ်ဗျာ။ထပ်တူထပ်မျှပဲ ခံစားရတယ်။အဖြစ်အပျက်တွေက ခပ်ဆင်ဆင်ပဲ။အကိုလဲ ငယ်တုန်းကဆို အမေက တစ်ခုခုခိုင်းလို့ မလုပ်ချင်လို့ ပြန်ပြောမိ၊ ဆင်ခြေပေးမိတာတွေ အခုအမေလဲ မရှိရော ကိုယ်လုပ်ခဲ့သမျှတွေဟာ ရင်ထဲစူးနစ်နာကျင်စေတယ်။
ReplyDeleteသယ်ရင်းးးးးးးးးးးး တို့ ဒီဗီဒီယိုကြည့်တာ ဘယ်နှစ်ခေါက်ရှိပြီလဲ မသိဘူး။
ReplyDeleteအဖြူရောင်မေတ္တာလေးတွေကို ပြန်ပြီး အမှတ်ရစေပါတယ်။
ကလေးဆိုးလို ဆိုးတဲ့၊ စိတ်ဆတ်တဲ့ တို့ လေ...အဘိုးအဘွား၊ အဖေအမေတွေ၊ ဦးလေးအဒေါ်တွေ အားလုံးကို လိမ်မာတော့မယ်လို့  ပြောပြချင်လိုက်တာဟယ်။
ပိုစ့်လေးဖတ်ပြီး မျက်ရည်ဝဲမိတယ်သိလား။
ReplyDelete