Friday, July 31, 2009

ဇာတ်သိမ်းခန်း

ဒီလိုနဲ့ပဲ ဇာတ်ကားတစ်ခုလုံး နိုင်နင်းအောင် သရုပ်ဆောင်လာလိုက်တာ
ဇာတ်သိမ်းခန်းတောင် ရောက်တော့မှာပါလား
ဒါ့ထက် ဘယ်လိုဇာတ်သိမ်းရပါ့…….

အစကတည်းက ဇာတ်သိမ်းမပါတဲ့ ရုပ်ရှင်တစ်ကားမှာ
ဇာတ်ကားပီးခါနီးဆို ရောက်လာတတ်တဲ့ ရဲသားတွေတောင် စောင့်နေပီ
မင်းသမီးကို အသေသတ်ရမလား
မင်းသားနဲ့ ပေါင်းပေးရမလား
သေကွဲက ပရိသတ်ရဲ့ရင်ကို ဖမ်းစားနိုင်ပါ့မလား
ပျော်ရွှင်စွာ ပေါင်းဖက်ပေးရမလား
မင်းသမီးအမေမှာ ဘာလို့ နှလုံးရောဂါရှိမနေတာလဲ
မင်းသားမှာ မွေးစားအမတစ်ယောက်လောက် ပါရင်တောင် ဇာတ်က လှနေရဲ့
ဒါတွေကလဲ ရိုးလွန်းလှရဲ့
နောက်ထပ် ဇာတ်ပို့တစ်ယောက်လောက် ထည့်ထားရမှာ
အခုတော့……..

ဒါဆို နောက်ဆုံးမိနစ်ရောက်တဲ့အထိ မျှော်လင့်ချက်တွေပေးထားရမလား
ဇာတ်သိမ်းက ခပ်ဆန်းဆန်းဆို ပရိသတ်စိတ်ဝင်စားမလား

နဂိုထဲက ဇာတ်သိမ်းမပါတဲ့ ဇာတ်ကားကို
ဒါရိုက်တာက လက်ရှောင်ချင်နေတယ်
ထုတ်လုပ်သူက ဇာတ်ဆွဲစန့်ချင်တယ်
မင်းသားက မင်းသမီးပြောင်းစေချင်နေပီ
မင်းသမီးက နောက်တစ်ကားအတွက် ပညာကုန်ထုတ်သုံးနေလေရဲ့
ဇာတ်ရံတွေကတော့ နေ့တွက်ကိုပဲ စိတ်ဝင်စားနေတယ်
မဆီမဆိုင် လူကြမ်းတွေက ဇာတ်သိမ်းမှာ သူတို့လုပ်ကွက် အပြည့်ရချင်တယ်ဆိုပဲ
မာမီတွေက မင်းသမီးနဲ့ ထုတ်လုပ်သူအကြောင်း မဲ့ရွဲ့တင်းဆိုနေလေရဲ့
ဒီဇာတ်ကို ဘယ်လိုသိမ်းမလဲ

ပါဝင်တဲ့သူတွေရဲ့ ဖြစ်ချင်လောဘတွေက ဇာတ်သိမ်းဖို့ ခက်နေပီ
တုံးတိတိကြီးဖြတ်လိုက်ရင် ရုံတင်ရင် ရင်တုန်ရလိမ့်မယ်
ပြီးပါပီ စာတန်းထိုးဖို့ အချိန်ကလဲ နီးနေပီ
ဇာတ်ကို ဘယ်လိုသိမ်းရပါ့…….
ဒီလိုနဲ့ပဲ ဇာတ်သိမ်းခန်းကို ရောက်လာပါတော့တယ်……..

ပြည့်စုံ (၃၁-၇-၂၀၀၉၊ ၉း၃၂ pm)

Wednesday, July 29, 2009

သတိရခြင်းများ (၂)

ချစ်ခြင်းဟာ နီးခြင်း ဝေးခြင်းနဲ့ ဆိုင်သလား

သူ့ကို သတိရခြင်းများမှာ တခါတလေ မြူတွေလိုပင် လျော့ပါးလာနေပီ.
ကိုယ့်ရဲ့ နေ့စဉ်လူမှုဘဝမှာ အချိန်ကုန်ရင်း....
ကိုယ့်ရဲ့ ဘလော့လေးမှာ ပျော်မွေ့ရင်း...
ကိုယ့်ရဲ့ ကဗျာတွေနဲ့ ကာရံစပ်နေရင်း....
ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောနေရင်း...
ကိုယ့်ရဲ့ ယုံကြည်ချက်တွေမှာ စီးမျောရင်း....
ကိုယ့်ရဲ့ ချစ်သူကို တရံတခါမှ သတိရခြင်းတွေ များလာတဲ့အခါ.....

ချစ်ခြင်းဟာ နီးခြင်း ဝေးခြင်းနဲ့များ ဆိုင်နေသလား ချစ်သူ.......
ဒီလိုအချိန်တိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့စိတ်က
မင်းကို သတိမရတာထက် ကိုယ့်ရင်ကို ပိုထိခိုက်စေပါတယ်

ဟိုမှာဘက်ကမ်းက မင်းက သတိရတယ်လို့ ခန ခနပြောနိုင်ပေမဲ့
ဒီမှာဘက်ကမ်းက ငါကတော့ သတိရတယ်ဆိုတဲ့ အတွေး
နှုတ်ဖျားက ဖွင့်ဟဖို့တောင် အချိန်မအားနိုင်တဲ့အဖြစ်

တကယ်တော့လေ
ဖွင့်ဟပြောတဲ့ အချစ်မှ တန်ဖိုးကြီးသတဲ့လားကွယ်

ပြည့်စုံ (၂၈-၇-၂၀၀၉၊ ၁း၁၅ am)

ကမ္ဘာသိ လျို့ဝှက်ချက်များ

တခါတလေမှာ တချို့စကားလုံးတွေက မလိုအပ်ဘဲ မပြောသင့်ပါဘူး
ကိုယ့်အကြောင်းကို ကိုယ်မှလွဲရင် တခြားဘယ်သူမှ ခရေစေ့တွင်းကျမသိပါဘူး
ကိုယ့်အကြောင်းကို ကိုယ်ကိုယ်တိုင်ပြောမှပဲ သူများက သိတာပါ

ဒါကို ဟိုလူ့တော့ မသိပါစေနဲ့ ဒီလူ့ကိုတော့ မပြောပါနဲ့
ထားလိုက်ပါ ဒီလောက်တော့ နားလည်ပေးနိုင်ပါတယ်
လူတိုင်းမှာ လျှို့ဝှက်ထားချင်တာလေးတွေ ရှိနိုင်ပါတယ်.

ဒါပေမဲ့ TOP SECRET, TOP BIG ISSUE ဆိုပီး ကမ္ဘာနဲ့တောင် ချီလောက်တဲ့ လျှို့ဝှက်ချက်တွေကို
ဘယ်သူမှ မသိပါစေနဲ့နော် ဒါကလေ အရမ်းအရေးကြီးတဲ့ကိစ္စမို့လို့ပါ သူများတွေသိလို့မဖြစ်ဘူး.
OPEN SECRET လုပ်တတ်ပါတယ်…

လူတိုင်းကို မသိလဲ မသိစေချင်
သူလုပ်တယ်ဆိုတာကိုလဲ လူတိုင်းကို သိစေချင်ပါတယ်
ဒါကို OPEN SECRET လို့ ကျမကတော့ အမည်တပ်ထားပါတယ်

ဒါပေမဲ့ သူပြောလိုက်တဲ့သူကို အမူတွဲ ဆွဲတတ်ပါတယ်။
နင့်မို့ပြောတာသိလား ဆိုပြီး နင်တွေ တန်းစီနေတတ်ပါတယ်။
ဒီသတင်းပေါက်ကြားရင် ပြောခံရသူကပဲ ဖွတာဆိုပီး တရားခံခေါင်းတပ်လိုက်တာပါ.

အစကတည်းက လူတွေမသိစေချင်ရင် ဘာလို့ပြောကြပါသလဲ
နောက်ပီး ဘယ်သူမှ ဘယ်သူ့ကိုမှ အတင်း
အစ်အောက် ရိုက်နှက်ပီး မေးနေတာမဟုတ်ဘူး.
စကားကြုံလို့ ပြောလိုက်ရတာလဲ မဟုတ်ဘူး.

တမင်တကာ လာပြောပြီးကာမှ
သူများ မပြောပါနဲ့တော့ဆိုတဲ့ စကားလောက် အခံရခက်တာလည်း ရှိမယ်မထင်ဘူး

ကိုယ့်ဘာသာနေရင်းတန်းလန်းနဲ့ လာပြီး အမူတွဲဆွဲတဲ့ သဘောပါပဲ
သိစေချင်လို့ လာဖွပီးကာမှ ပြန်ပိတ်တတ်တာလောက် ရိုင်းစိုင်းတဲ့ အပြုအမူလည်းမရှိပါဘူး။

လူတိုင်းဟာ ကိုယ့်အလုပ်နဲ့ ကိုယ် ကိုယ့်ဘဝနဲ့ကိုယ်
ကိုယ်အသက်ရှင်မှုနဲ့ ကိုယ် ကြိုးစားရုန်းကန် နေရတဲ့သူတွေချည်းပါပဲ

ကိုယ့်နှာခေါင်းပေါက်တောင် ကိုယ့်ဟာကို တခါတလေ အသက်ရှုလို့ မဝပါဘူး
သူများနှာခေါင်းကို အသက်ကူမရှုပေးနိုင်ပါဘူး.

သူများကိစ္စတွေကို တတ်နိုင်ရင် ၀င်မပါတာ အကောင်းဆုံးပါပဲ ဖြစ်နိုင်ရင် နားတောင် မထောင်သင့်ပါဘူး။
ကျမ အဖေ အမြဲပြောတဲ့ စကားတခွန်းရှိပါတယ်

“သမီးလေး သူများ ကိုယ်ပျက်တိုင်း မပျက်နဲ့ ကိုယ်ပါ လိုက်ပီး ကိုယ်ပျက်တတ်တယ်.
ကိုယ်ပျက်တယ်ဆိုတာ နူတာပဲတဲ့. ဘယ်တော့မှ အနူမဖြစ်စေနဲ့တဲ့လေ.”

Tuesday, July 28, 2009

လွမ်းမပြေ

ငါ့ရှေ့က လမ်းကလေး
ဒီအတိုင်းပဲ ထိုင်ငေးနေမိတယ်
မင်းရောက်မလာတာက လွဲလို့
ငါ့စိတ်က အရင်အတိုင်းပဲ မပြောင်းလဲခဲ့ဘူးကွယ်
တိတ်တိတ်လေးပဲ ထိုင်နေတယ်

မေ့လိုက်ပါ ချစ်သူ
ဒီစကားကို အကြိမ်ကြိမ်အခါခါပြောလဲ
မင်းက လက်မခံခဲ့ပြန်ဘူး

ကဲဒါဆိုလဲ ချစ်သူ
ကြိုက်တဲ့လမ်းကို မင်းရွေး
မင်းအဝေးကို သွားကတည်းက
ငါ ထိုင်ငေးနေခဲ့တယ်
မင်းထွက်သွားတဲ့ လမ်းကလေးကိုလေ…..

အချစ်မှာ ရယူခြင်းရှိပါလိမ့်မယ်
ငါ့အတွက်တော့
ဘာမှမလိုဘူး
မင်းရှိနေတယ် ဆိုရုံနဲ့
အရာရာပြီးပြည့်စုံတယ်

ပြန်လှည့်မကြည့်နဲ့ချစ်သူ
မင်းထားခဲ့တဲ့အတိုင်း
ငါနေရဲတယ်
မပြေတဲ့ အလွမ်းတွေနဲ့လေ…

ပြည့်စုံ (၂၅-၇-၂၀၀၉၊ ၁၁း၄၄ pm)

Monday, July 27, 2009

အချစ်ရူး

ရှင်သန်ရုံသက်သက်နဲ့တော့
ဘဝဟာ ရင်ခုန်စရာ မကောင်းပါဘူးတဲ့
မေးခွန်းတိုင်းမှာ အဖြေရှိသလိုမျိုး
ငါ့ရင်ထဲမှာ မင်းအမြဲတမ်းရှိတယ်

အချစ်ဟာ လောင်းကစားသလိုမျိုးလား
တွက်ချက်ပီး ပုံအောလိုက်တာ
ဟာ ဒိုင်ပြေးသွားပါပကောလား
ရယ်ရင်း မောရတယ် ချစ်သူ

စိတ်ကူးတွေ အိပ်မက်တွေချည်းပဲနဲ့တော့
အချစ်ကို မျိုးစေ့ချလို့မရဘူးတဲ့
ရေချည်းပဲတော့ မလုံလောက်ဘူး
မြေသြဇာလဲ ထည့်ရမတဲ့လေ

အချစ်ဦးဆိုတဲ့အတိုင်း
မချစ်ဖူးတဲ့ အချစ်ရူးမလေးမှာ
အများတကာရဲ့ ဆိုရိုးတွေနောက်
တကောက်ကောက်လိုက်နေရင်း
အဆုံးမတော့
အပြုံးတွေလျော့လာပါလေရောလားကွယ်…..

ပြည့်စုံ (၂၆-၇-၂၀၀၉၊ ၆း၃၅ pm)

Sunday, July 26, 2009

အိပ်မက်ထဲက သူငယ်ချင်း

မေ့ထားတာကြာပီဖြစ်တဲ့ တချိန်တုန်းက သိပ်ချစ်ခဲ့ရသော ကျမရဲ့ သူငယ်ချင်းကို အိပ်မက်ထဲတွင် ထူးထူးဆန်းဆန်း မြင်မက်ခဲ့သည်.

အိပ်မက်ထဲတွင်ပင် ကျမတို့နှစ်ယောက် အရင်ကအတိုင်း ပြန်မဖြစ်ခဲ့ကြပါ.

အိပ်မက်သည် ပြင်ပနှင့် ထပ်တူကျတဲ့ ခံစားမှုမျိုးကို ပေးနိုင်ပါသလား
အိပ်မက်တွေကို ပြောင်းပြန်ယူရသည်ဟု လူကြီးတွေ ပြောခဲ့ဖူးတာ မှတ်မိနေသည်.

ထူးထူးဆန်းဆန်း သူမကို စိတ်မစွဲပါဘဲ မက်ခဲ့သည့်အိပ်မက်ထဲတွင် သူမနှင့် ကျမသည် စိမ်းကားအေးစက်နေဆဲပင် ဖြစ်သည်. အပြင်မှ သူမနှင့် ကျမရဲ့ စိမ်းကားအေးစက်မှုသည် အိပ်မက်ထဲတွင်လဲ ထပ်တူကျသည့်ခံစားချက်ကို ပေးပါသည်.

အိပ်မက်ထဲမှ ကျမတို့နှစ်ယောက်ရဲ့ စိမ်းကားအေးစက်မှုသည် အိပ်မက်က လန့်နိုးချိန်တွင်ပင် အဲ့ဒီခံစားချက်က ပြယ်ပျောက်မသွားပါ. ခါးသီးသည့် အရသာကို ပါးစပ်ထဲတွင်ပါ ခံစားခဲ့ရသည်.

ကျမက သူမကို သိပ်ချစ်ခဲ့သည်. ကျမရဲ့ ညီအစ်မအရင်းသဖွယ် ချစ်ခဲ့ပါသည်. သူမနှင့်ကျမသည် အမြွှာလို့ပြောရင် ယုံရလောက်အောင် မျက်နှာပေါက်ချင်းရော ရယ်ပုံချင်းရော အရပ်အမောင်းချင်းရော တူညီပါသည်. ယုတ်စွအဆုံး ကံမကောင်းခဲ့ပုံချင်းပါ တူညီခဲ့လေသည်. မိသားစုထဲမှာ အလတ်ဖြစ်တဲ့သူမနှင့် မိသားစုထဲမှာ နို့ညှာဖြစ်တဲ့ ကျမသည် သည့်ပြင်သူတွေထက် ပိုပီး ချစ်ခင်ခဲ့သည်မှာ အံ့သြစရာမရှိခဲ့ပါ.

သူမနှင့် ကျမရဲ့ကြားမှာ ထိန်ချန်ထားစရာ ကွယ်ဝှက်ထားစရာ ဘာတစ်ခုမှ မရှိခဲ့ပါ. သူမရဲ့ အချစ်ရေး သူမရဲ့ စိတ်ခံစားချက် သူမရဲ့ ပျော်ရွှင်မှု သူမရဲ့ ပြဿနာ သူမရဲ့ … စသဖြင့် ကျမ သိရှိခဲ့သလို ကျမရဲ့ ခံစားချက်တွေကိုလဲ သူမ သိခဲ့သည်. အခုအခါမှာ ပြန်တွေးကြည့်ရင် အဲ့ဒီလိုသိခဲ့တာတွေကပဲ ကျမတို့နှစ်ယောက်ကို ဝေးကွာစေခဲ့သလား မသိခဲ့ပါ.

သူမက မြန်မာနိုင်ငံမှာ မွေးသည့် နိုင်ငံသားတရုတ်လူမျိုးဖြစ်ပီး ကျမကတော့ ဗမာစစ်စစ် ဖြစ်သည်. ကျမတို့နှစ်ယောက်ကို တွေ့တဲ့သူတိုင်းက ဇဝေဇဝါနှင့် အမြွှာတွေလားလို့ မေးခဲ့လျင် ကျမက ဂုဏ်ယူစွာနှင့် ဟုတ်သည်လို့ ပြန်ဖြေခဲ့ဖူးသည်. ကျမ သူမကို သိပ်ချစ်ပါသည်.

ကျမတို့နှစ်ယောက်ရဲ့ ခိုင်မြဲသည့် ချစ်ခင်မှုသည် ရေရှည်တည်တံ့မည်ဟု ထင်မှတ်ခဲ့ခြင်းသည် လောကဓံကို အာခံရာရောက်ခဲ့သည်.

ကျမက စိတ်မြန်သည် သူမက စဉ်းစားတွေးခေါ်မှု ပိုများသည်. တချို့ကိစ္စတွေမှာ ကျမက ဦးဆောင်သူဖြစ်ခဲ့သည်. ဒါပေမဲ့ ကျမသည် သူမကို လွှမ်းမိုးဖို့ကြိုးစားခဲ့တာ မဟုတ်ဘူးဆိုသည်ကို ဘယ်အချိန်ဖြစ်ဖြစ် ကျိန်ပြောရဲပါသည်. လူအများအမြင်မှာ သူမကို လွှမ်းမိုးချုပ်ကိုင်ထားသူဟု မြင်ရလောက်အောင် သူမ လုပ်ချင်တဲ့အရာတွေကို ကျမက အားပေးခဲ့သည်. ဟုတ်တယ် အားပေးခဲ့တာပဲ ဖြစ်သည်. သို့ပေမဲ့ ကိစမရှိပါ. ကျမသည် ဝေဖန်မှုတွေကြားထဲတွင် မတုန်မလှုပ် နေနိုင်စွမ်းရှိသည်. အထင်မှားမှုတွေ အလွဲထင်မှုတွေကိုသာ ရှင်းပြရလျင် ကျမ စိတ်အနှောင့်အယှက် ကောင်းကောင်းဖြစ်နိုင်သည်. ကျမက ပျော်ပျော်သာ နေလိုသည်.

ရုတ်တရက် သူမရဲ့ စိမ်းကားအေးစက်လာမှုကို သတိထားမိသည့် တစ်နေ့တွင် ကျမနှင့် သူမ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ထိုင်နေခဲ့သည်. ကျမရဲ့အမေးတွေကို သူမက စိတ်အနှောင့်အယှက်ဖြစ်စွာ မေးတစ်ခွန်း ပြောတစ်ခွန်း ပြောနေခဲ့သည်. ကျမ ဝမ်းနည်းလာသည်. ကျမရဲ့ သူငယ်ချင်းလေးသည် ကျမကို ဘာအတွက်များ စိတ်ဆိုးနေခဲ့ပါသလဲ. ကျမ အကြာကြီး ငိုင်နေမိပီးမှ သူမကို စတင် တောင်းပန်ခဲ့သည်.

ငါ မသိလိုက်ပေမဲ့ နင် စိတ်ဆိုးခဲ့တယ်ဆိုရင် ငါတောင်းပန်တယ်. ငါမှားခဲ့ရင်လဲ ငါတောင်းပန်တယ်. ဘာများဖြစ်နေသလဲ.

သူမရဲ့ မျက်နှာပေးသည် ကျမအသည်းကို ဓားနဲ့မွှန်းသလို ခံစားရသည်. ကျမ မျက်ရည်ကျသည်ကို သူမက တိတ်တဆိတ်သာ ထိုင်ကြည့်နေခဲ့သည်.

ကျမ ဘယ်တုန်းကမှ မပြောခဲ့သည့် စကားတွေအတွက် သူမထံတွင် နားနှင့်ဆတ်ဆတ်နားထောင်ခဲ့ရသည့် သက်သေရှိသည်ဆိုသော စကားလုံးတွေကို ကျမ အံ့အားတသင့်ဖြစ်ခဲ့ရသည်. သူမ ဖွင့်ဟပြောနေခဲ့သည့် ကျမကိုစွပ်စွဲချက်တွေကို ကျမ မျက်ရည်အတွေသားနှင့် ထိုင်နားထောင်နေခဲ့သည်.

ကျမမှာ ပြောစရာ ငြင်းစရာ စကားလုံးရှာမရခဲ့ပါ. ကောင်းပြီ ကျမတို့နှစ်ယောက်ကြားတွင် ရှိနေခဲ့သော ယုံကြည်မှု ချစ်ခင်မှု သံယောဇဉ် ဒါတွေအားလုံး သံသယအောက်တွင် ပျောက်ဆုံးခဲ့ပြီ.

ကျမကတော့ ကျမတို့နှစ်ယောက်ရဲ့ချစ်ခင်မှုကို မနာလိုမှု တခုနှင့် လုပ်ကြံဇာတ်ခင်းခဲ့သည့် ကျမ မသိခဲ့ရသည့် လူတစ်ယောက်အပေါ် မနာကျည်းခဲ့ပါ. ကျမ နာကျည်းခဲ့သည်ကတော့ သူမရဲ့ ကျမအပေါ် မယုံကြည်မှုသာ ဖြစ်သည်.

ကျမသာ သူမနေရာတွင် ထိုစကားလုံးတွေအတွက် ကျမ စိတ်အနှောင့်အယှက် အဖြစ်မခံပါ. သူမရဲ့ ဇဝေဇဝါနိုင်မှုနှင့် အဲ့ဒီစကားလုံးတွေအပေါ် ယုံကြည်မှုတွေက ကျမအတွက် တကယ်ကို စိတ်အနာကြီး နာခဲ့ရသည်. ဝမ်းနည်းခဲ့ရသည်.
သူမကို စကားတခွန်းထဲသာ ပြောခဲ့သည်.

ငါတို့နှစ်ယောက်ရဲ့ကြားက ယုံကြည်မှုက ပျောက်ခဲ့ပီ နင် ငါ့ကို မယုံသလို ငါလဲ နင့်ကို ယုံမှာ မဟုတ်တော့ဘူး အချိန်တခုကို ကြည့်ပါ တကယ်လို့ နင်ထင်ထားတာတွေ မဟုတ်ခဲ့ဖူးဆိုရင်တောင် ငါတို့နှစ်ယောက်က အရင်အတိုင်း ပြန်ဖြစ်မှာ မဟုတ်တော့ဘူး နှုတ်ဆက်တယ် ငါတို့ ကိုယ့်စိတ် အတိုင်းပဲ နေကြတာပေါ့.

အရင်တုန်းက ကိစ္စရပ်တွေ အတိုင်းပင် ကျမကပဲ ဒီပြဿနာကို ဆုံးဖြတ်ချက်ချခဲ့သည်. ကျမတို့နှစ်ယောက် အရင်အတိုင်းပဲ အလုပ် အတူတူ လုပ်ကြသည်. အလုပ်ကိစ စကားပုံမှန်အတိုင်းပဲ ပြောကြသည်. ဒါပေမဲ့ အေးစက် ခါးသက်မှုတွေနဲ့ အတူပေါ့. လူတွေက ပထမတော့ သတိမမူမိပေမဲ့ နောက်တော့ သတိမူလာကြသည်. သူတို့ သိပ်အံ့သြကြသည်. ကျမကတော့ အစဉ်အမြဲ ပြုံးနေတတ်သည့် မျက်နှာပေးမျိုးနှင့်ဖြစ်ပေမဲ့ သူမကတော့ သူမရဲ့ မျက်နှာကို ထိန်းချုပ်မထားနိုင်ခဲ့ပါ.

နောက်တော့ သူမက အဝေးကို ပျံသန်းဖို့ စတင်စိတ်ကူးခဲ့သည်. ကျမတို့နှစ်ယောက်ကြားတွင် မယုံနိုင်စရာကောင်းလောက်အောင် ဆက်စပ်ပတ်သတ်မှု လုံးဝမရှိခဲ့ပါ. သူမ စင်ကာပူကို သွားဖို့ အစစအရာရာ စီစဉ်ပြီးချိန်ကျမှ ကျမ သိခဲ့ရသည်. ကျမလဲ ကျမရဲ့ဘဝတိုးတက်ဖို့ ကြံစည်ခဲ့ခြင်းကိုလဲ သူမ မသိခဲ့ပါ.

သူမ သွားခါနီး စကားပြောချင်နေတာကို သတိထားမိသည်. လက်ကျန်သံယောဇဉ်ကို စုစည်းပီး ကျမကပဲ သူမကို စတင်စကားပြောခဲ့သည်. ငါတို့ အပြင်မှာ ဆုံကြရအောင်. ဟိုမှာဆိုတာ ဒီမှာလိုတော့ ဟုတ်မှာ မဟုတ်ဘူး. ဘာအတွက်ပဲဖြစ်ပါစေ ကိုယ်သွားမယ်လို့ ရည်စူးထားပြီးတဲ့ ရည်မှန်းချက်ကို အပျောက်မခံပါနဲ့လို့ သူမကို သတိပေးစကားပြောခဲ့သည်.

ကျမက ကော်ဖီသောက်ပီး သူမကတော့ ရေခဲမုန့်စားခဲ့သည်. သူမအတွက် လက်ဆောင် ပို့စကတ်လေးနှင့် အင်္ကျီတထည် ကျမပေးခဲ့သည်. သူမဆီက ပြန်ရခဲ့သည့် လက်ဆောင်ကတော့ ဘာပဲဖြစ်ဖြစ် တောင်းပန်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းပင်. ဒါတွေဟာ မလိုအပ်တော့ပါ. ကျမသည် တည်ငြိမ်နေခဲ့ပီ. သူမအပေါ် ဘာခံစားချက်မှ ရှိမနေအောင် ကြိုးစားရင်း အမှန်တကယ်ကို တည်ငြိမ်နေခဲ့ပီ.

ယုံကြည်မှုပျောက်ဆုံးခဲ့ပီဖြစ်တဲ့ ချစ်ကြင်နာမှုအတွက် ဘယ်လို အရာ၊ ဘယ်လို စကားတခွန်းကမှ အရင်အခြေအနေကို ပြန်ရအောင် မစွမ်းဆောင်နိုင်တော့ပါ.

သူမနှင့် စကားတွေ အများကြီးပြောခဲ့သည်. ရင်ထဲမှာ နွေးထွေးမှုတော့ တစ်စက်မှ ရှိမနေခဲ့ပါ. ကော်ဖီကပဲ ခါးသလား ခံစားချက်ကပဲ ခါးနေသလား မသိပါ. အဲ့ဒီအခါးက သူမကို သတိရတိုင်း ပါးစပ်ထဲကပါ အလိုလိုလိုက်ခါးနေမိသည်. ကံကောင်းပါစေလို့ နှုတ်ဆက်စကား ဆိုအပြီးမှာ ကျမတို့နှစ်ယောက် လှည့်မကြည့်ဘဲ လမ်းခွဲခဲ့ကြသည်.

သူမ အဆင်ပြေသလား ဘယ်လိုအခက်အခဲတွေများ ကြုံတွေ့နေသလဲ ဘာမှ မသိ မကြားရအောင် နေခဲ့သည်. တကယ့်ကိုပင် စိတ်ထဲမှာမေ့နေခဲ့ပီ. မှတ်မှတ်ရရ ညက အိပ်မက်မက်သည်.

အိပ်မက်ထဲတွင် သူမသည် လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်းက မျက်နှာသေမျိုးနှင့်ပင် ကျမကိုစိုက်ကြည့်နေခဲ့သည်. ကျမ ပါးစပ်ထဲတွင်လဲ အခါးရည်တွေ ပြည့်နေခဲ့သည် ထင်သည်.

ကျမအတွက်တော့ လူတစ်ယောက်ကို ယုံကြည်မှုနှင့်ပင် ပေါင်းသင်းဆက်ဆံချင်ပါသည်. ယုံကြည်မှု ပျက်ပြားသွားခြင်းသည် လူတစ်ဦးနှင့်တစ်ဦးအကြား ချစ်ခင်မှု ကြင်နာမှု သံယောဇဉ်ဖြစ်မှုတွေကို ရိုက်ချိုးလိုက်ခြင်းပင်ဖြစ်သည်.

ယုံကြည်မှုမရှိတော့သည့်အတွက် ဘယ်အရာမှ အရင်အတိုင်း ပြန်မဖြစ်တော့ပါ.

ကျမသည် ယုံကြည်မှုနှင့်ပင် သူငယ်ချင်းတွေကို ပေါင်းသင်းသည်.

ယုံကြည်မှုနှင့်ပင် ကျမ ချစ်သူကို သိပ်ချစ်ခဲ့သည်.

ယုံကြည်မှုနှင့်ပင် လုပ်ဖော်ကိုင်ဖက်တွေနှင့်အတူ အလုပ်လုပ်ခဲ့သည်.

ယုံကြည်မှုနှင့်ပင် ဘဝကို ရှေ့ဆက်ချင်ပါသည်.

ဘဝအတွက် အရေးအကြီးဆုံးသည် ယုံကြည်မှုဖြစ်သည်လို့ ကျမကတော့ ခံယူထားသည်.

မှတ်မှတ်ရရ ညက အိပ်မက်မက်ခဲ့သည်

ပြည့်စုံ (၁၇-၈-၂၀၀၈ တွင် မေ့ပစ်ခဲ့သော ကျမရဲ့ သူငယ်ချင်းမလေးအတွက်)

(မဆုမွန် ဘလော့တွင် ဖော်ပြပြီး)

Saturday, July 25, 2009

အမှတ်တရ ငွေဆောင်



2008 ခုနှစ်ရဲ့ အစဦးလ ဇန်နဝါရီမှာပေါ့ ကျမတို့ စာစောင်ရဲ့ ရာပြည့်အထိမ်းအမှတ်အနေနဲ့ ငွေဆောင်ကမ်းခြေကို ခရီးထွက်ခဲ့ကြတယ်.

သွားမယ်လို့ ရည်စူးပီးတဲ့အချိန်အထိ ကျမမှာ တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက် မချနိုင်ခဲ့သေးဘူး.

ယုံကြည်မှုနဲ့ မထိုက်တန်တဲ့ ခင်မင်မှုအတွက် နာကျင်ခဲ့ရမှုက လူတွေနဲ့ ဆက်ဆံဖို့တောင် တော်တော်လေး စဉ်းစားခဲ့ရတယ်.

ကောင်းပီ…. ဘယ်လိုအခြေအနေမှာပဲဖြစ်ပါစေ နာကျင်ခဲ့ရတဲ့စိတ်အတွက် ကုစားနိုင်ဖို့ ပတ်ဝန်းကျင် အပြောင်းအလဲ လိုအပ်တယ် မဟုတ်လား……

ငွေဆောင်ကမ်းခြေကို သွားဖို့ သူများတွေ ပြင်ဆင်နေချိန်မှာ ကျမကတော့ ဝေခွဲမရတဲ့ ဆုံးဖြတ်ချက်တွေနဲ့ နပန်းလုံးနေရဆဲဖြစ်သည်.

အဓိက အချက်ကတော့ သူငယ်ချင်းပင်.......

ခရီးလမ်းတစ်ခုအတွက် ပျော်ရွှင်စရာမျှဝေဖို့သည် သူငယ်ချင်းတွေနဲ့မှပင် မမေ့စရာ အမှတ်တရတစ်ခု ဖြစ်နိုင်သည် မဟုတ်လား.

ဘယ်မှာလဲ ကျမအတွက် ရင်းနှီးယုံကြည်ရသော သူငယ်ချင်း........

မသွားတော့ဘူးဟု ဆုံးဖြတ်ချက်ကို ချလိုက် သွားရင် ရလာမယ့် ဒေသန္တရ ဗဟုသုတအတွက် ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုက်နဲ့ပဲ သွားရတော့မယ့် ကားပေါ်ကို ခြေချမိခဲ့တယ်.

ဘေးကနေ အဖော်အဖြစ်လိုက်မယ့်သူက လူတွေ စည်ကားနေတဲ့ ကားအရှေ့ဘက် ထိုင်ခုံတွေမှာသာ ထိုင်လိုသည်.

ကျမကတော့ အေးဆေးစွာနဲ့ စဉ်းစား တွေးတောနေနိုင်မယ့် တိတ်ဆိတ်တဲ့ ကား အနောက်ခြမ်းမှာသာ နေလိုခဲ့သည်.
ဒီလိုနဲ့ ကျမ တစ်ယောက်တည်း ထိုင်နေခဲ့တယ်.

ကားလမ်းဘေးဝဲယာတစ်လျှောက်ကို ကြည့်ရင်း ကျမ တကယ်ကို ပျော်ရွှင်နေခဲ့ပီ.
တခါတရံမှာ ရတတ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အတွေးတချို့က လွဲလို့ပေါ့.

တည်းမယ့်ဟိုတယ်ကို ရောက်တဲ့အချိန်မှာ လူတွေအားလုံးက ပင်ပန်းနွမ်းနယ်နေပေမဲ့ ပင်လယ်ပြင်ကြီးကို မြင်လိုက်ရတဲ့အခါမှာ အားလုံးက ခုန်ပေါက်မြူးတူးနေကြပီ....

ကျမကတော့ လက်နှစ်ဖက်ကို တင်းတင်းပိုက်ရင်း တမျှော်တခေါ် သောင်ပြင်ကြီးရယ် ....
ကမ်းစပ်မှာ ထိုးထိုး ထောင်ထောင် ပေါ်နေတဲ့ ကျောက်ဆောင်တွေရယ်ကို ကြည့်ပီး
တကယ်ကို စိတ်ညစ်စပြုနေခဲ့ပီ.
သုံးရက်ကြီးများတောင် ငါ ဘယ်လိုနေရပါ့…….
အခန်းကို ပြန်လာပီး ခုတင်ပေါ်မှာလှဲနေခဲ့တယ်.
အတူနေရတဲ့အခန်းဖော်ကလဲ မျက်နှာငယ်လေးနဲ့.

ပျင်းစရာကြီးနော်…… ငါတို့ အခုနေ အခန်းထဲကနေ ပျောက်သွားရင်တောင် ဘယ်သူမှ သိမှာ မဟုတ်ဘူးနော်…..

ရယ်စရာ စကားလိုပင် နှစ်ယောက်သား ကျယ်ကျယ်လောင်လောင် ရယ်မောပစ်လိုက်တယ်.
ပီးတော့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပီး အားငယ်လာမိတယ်.

မျက်စိကို စုံမှိတ်ပီး နောင်တဆိုတာ နောင်မှရတာ သိပ်မှန်တာပဲလို့ စိတ်ထဲက ရေရွတ်နေမိတယ်…..

ရုတ်တရက် အခန်းတံခါးကို ပြင်းပြင်းထုသံကြောင့် လန့်သွားမိတယ်.

ဆော့ကြမယ်လေ…. နင်တို့က ဘာလုပ်နေတာလဲ… နင်တို့ကို မတွေ့လို့ ငါက လာခေါ်တာ…. လာဟ အကုန်လုံး ရေထဲ ဆင်းကုန်ပီ….
လာခေါ်တဲ့အမရဲ့ လှိုက်လှဲမှုက အသံတင်မက အမူအရာကပါ ဖက်လှဲတကင်းနိုင်လှသည်.

ရေထဲကိုရောက်သွားတဲ့အချိန်မှာ ပင်လယ်ကြီးရဲ့ဖော်ရွေမှုက ကျမရဲ့စိတ်ကို ပျော်မြူးစေခဲ့ပီ. ရေထဲမှာ ဖားတစ်ကောင်လို ဘောကွင်းကိုပိုက်ရင်း ကူးခတ်နေရင်း တကယ်ကို ပျော်ရွှင်စပြုလာတယ်.

ကမ်းခြေမှာ ထိုင်ပီး အမောဖြေနေရင်းနဲ့ ရိုက်ခတ်လာတဲ့ လှိုင်းလုံးတွေကို ကြည့်နေမိတယ်.
လှိုင်းလုံးတွေက ကမ်းစပ်ဆီ အမောတကော ပြေးလာကြပီး ဝုန်းခနဲ အသံနဲ့ ရိုက်ခတ်အပီးမှာတော့ သောင်စပ်မှာရှိတဲ့ ဘယ်လိုအရာမဆို အားလုံးကို ပင်လယ်ထဲ ဆွဲချသွားခဲ့တယ်.

အဲ့ဒီလိုပါပဲ ကျမရဲ့ဘဝထဲကို လှိုင်းလုံးကြမ်းကြမ်းကြီး တစ်ချက်လို အရိုက်ခတ်ခံလိုက်ရပီးတဲ့နောက်မှာတော့ ကျမရင်ထဲမှာ ရှိနေတဲ့ နာကျင်မှုတွေ အမှတ်ရစရာတွေ နောင်တတွေ အမျက်သိုမှုတွေအားလုံးကို ဒီအချိန်မှာ ဘာဆိုဘာမှ မကျန်အောင်ကို ပင်လယ်ပြင်ကြီးက ဆွဲချသွားခဲ့ပီဖြစ်တယ်.

ပင်လယ်စာချက်ထားတဲ့ ဟင်းတွေရဲ့ အရသာက စားနေကျ အိမ်ထမင်းအိမ်ဟင်းထက် လူကို ပိုပီး စားမြိန်စေခဲ့တယ်. ညဘက်ရောက်တော့ ညနေခင်းက ရေထဲမှာဆော့ထားတဲ့အရှိန်ရယ် ခရီးပန်းလာတဲ့အရှိန်ရယ် ပေါင်းမိပီး လူတွေအားလုံးက စောစောအနားယူနေကြတယ်.

ကျမကတော့ အခန်းထဲမှာ ဘယ်လိုမှ အိပ်လို့မရတဲ့အဆုံး အပြင်ကိုထွက်ခဲ့လိုက်တယ်
ဟိုအခန်း သည်အခန်းတွေကို လိုက်လည်မယ်ဆိုပီးတော့ပေါ့.
အဲ့ဒီမှာပဲ ကျမရဲ့ အချစ်ဆုံးညီမလေး စုပြည့်ကို တွေ့ခဲ့တယ်.
သူကလဲ အိပ်လို့မရလို့ အပြင်ကိုထွက်လာတာတဲ့လေ.

ကျမတို့နှစ်ယောက် ပေါင်းမိပီး ကျမတို့အခန်းကလေးရဲ့ရှေ့က ဝရန်တာလေးမှာ စားစရာမုန့်တချို့ရယ် ကော်ဖီခွက်ရယ်ကိုချပီး နှစ်ယောက်သား ထိုင်နေမိကြတယ်. အဲ့ဒီညကလေးက တကယ်ကို မှတ်မှတ်ရရ ကော်ဖီသောက်ရင်း ရင်ပွင့်ခဲ့တဲ့ညပေါ့.
ညက ထုံးစံအတိုင်း လက မသာဘူး.
ပင်လယ်ကိုကျောခိုင်းထားတဲ့ အခန်းကလေးဖြစ်လို့ ပင်လယ်ပြင်ကြီးကိုလဲ မတွေ့ရဘူး.
ဒါပေမဲ့ တစ်ချက် တစ်ချက်မှာ ရိုက်ခတ်လာတဲ့ လှိုင်းရိုက်သံ တိုးသဲ့သဲ့ကလွဲလို့ ဘာဆိုဘာမှ မကြားရတဲ့ တိတ်ဆိတ်နေတဲ့ ညအမှောင်မှာ နှစ်ယောက်သား ယုံကြည်စွာ ရင်တွင်းခံစားချက်တွေကို ရင်ဖွင့်ခဲ့ကြတယ်.

ညလယ်လောက်အရောက်မှာတော့ အချစ်ဝေဒနာကို ခံစားနေရတဲ့ ကျမတို့ရဲ့ ၁၉ ရာစုအကိုတွေ ရောက်လာပီး သူတို့ရဲ့ အချစ်ရေး အချစ်ရာတွေကို ကျမတို့ကို လူလူသူသူလုပ်ပီး တိုင်ပင်ဆွေးနွေးခဲ့ ကြတယ်. အထီးကျန်စွာနဲ့ အဖော်မဲ့နေရလိမ့်မယ်လို့ ကြိုတင်တွက်ဆထားခဲ့တာတွေဟာ လေထဲမှာ ပျောက်သွားခဲ့တယ်. တကယ့်ကို ရင်းနှီးနွေးထွေးစွာနဲ့ အမှတ်ရစရာ စကားဝိုင်းလေးဖြစ်ခဲ့တယ်. အဲ့ဒီအကြောင်းတွေကို ပြန်တွေးမိလိုက်တိုင်း နောက်တစ်ခါပြန်မရနိုင်တော့မယ့် စကားဝိုင်းလေးကို အမြဲ သတိရနေဖြစ်ခဲ့တယ်.

ဒုတိယမြောက်ရက်မှာတော့ ကျမအတွက် အချစ်ဆုံးသူငယ်ချင်းအသစ် သုံးယောက်ကို ထပ်ရခဲ့တယ်. စုမြတ် နောင်းနောင်နဲ့ မီးလေးပေါ့. သူတို့နဲ့အတူတူ တောင်ကတုံးကို ဆိုင်ကယ်စီးပီး သွားခဲ့တယ်. ပျော်စရာပဲ တစ်ခါမှ ဒီလို မခံစားဖူးခဲ့ဘူး. အရမ်းပျော်ဖို့ကောင်းတယ်. အဲ့ဒီမှာ အတွေ့အကြုံ အသစ်တစ်ခုကို ရခဲ့တယ်. ဆိုင်ကယ်စီးတာပေါ့. စက်ဘီးစီးတတ်ရင် ဆိုင်ကယ်စီးတတ်တယ်လို့ ပြောလို့ ကျမ ဆိုင်ကယ်စီး သင်ခဲ့တယ်. တောင်ကတုံးက နာမည်သာ တောင်ကတုံး သဲသောင်ပြင်တစ်လျှောက်က ပြန့်ပြူးနေတာပဲ. ပီးတော့ ရေကလဲ လှိုင်းလုံးသေးသေးလေးတွေနဲ့ ဟိုးတစ်မျှော်တစ်ခေါ်လောက်အထိ ခြေမျက်စိမြုပ်လောက်ရုံ ရေကလေးတွေနဲ့လေ. သိပ်ပီးလှတယ်.
ဓာတ်ပုံတွေကတော့ ရိုက်ခဲ့တာ စီဒီနဲ့ ၃ ချပ်အပြင် VCD တွေပါ ရိုက်ခဲ့ပါတယ် ဒါက ကြားဖြတ်ကြွားတာပါ. ပုံတွေက မင်းသမီးအလန်းတွေဆိုတော့ စိတ်ညစ်မှာစိုးလို့ ပုံ မတင်တော့ဘူးနော်....:P

အဲ့ဒီနေ့ နေ့လည် ချစ်သူများကျွန်းကို လမ်းလျှောက်ပီး သွားကြတယ်.
ချစ်သူများကျွန်းက ရေတက်ချိန်မှာ ရေတွေဝိုင်းနေတဲ့ကျွန်းဖြစ်ပေမဲ့ ရေကျချိန်မှာတော့ လမ်းလျှောက်ပီးသွားလို့ရတယ်လေ. ချစ်သူများကျွန်းကို ချစ်သူမရှိသေးတဲ့သူတွေ၊ ချစ်သူရဖို့ ကြိုးစားနေတဲ့သူတွေနဲ့ အိမ်ထောင်သည်တွေ တစုတဝေးကြီး စုပီးသွားကြတယ်.
ချစ်သူများကျွန်းရဲ့ နေဝင်အလှကလဲ သိပ်လှတယ်. ချစ်သူနဲ့သာဆိုရင် ပိုပီး ကြည်နူးဖို့ကောင်းပါလိမ့်မယ်. (စကားချပ်)
ချစ်သူများကျွန်းမှာ မျှော်စင်ရှိတယ်ပြောပေမဲ့ ကျမကတော့ လှေကားထစ်တွေကို ကြောက်လွန်းလို့ မတက်ရဲခဲ့ဘူး.

ညဘက်ရောက်တော့ ကျမတို့ ဂိမ်းအမျိုးမျိုး ကစားခဲ့ကြတယ်. ပြန်တွေးတိုင်း အမြဲ စိတ်ထဲမှာ ကြည်နူးခဲ့ရတဲ့ အချိန်လေးတွေပေါ့. ညနက်ပိုင်းရောက်တဲ့အခါမှာတော့ ကျမတို့ မအိပ်ဖြစ်ကြပြန်ဘူး. ဒီတစ်ခါတော့ ကျမနဲ့ စုပြည့်အပြင် စုမြတ်ရယ် မီးလေးရယ် နောင်းနောင်ရယ်ပါ ပါဝင်ခဲ့တယ်.

တတိယမြောက်နေ့ ငွေဆောင်မှာရှိနေတဲ့ ပုဇွန်ကန်ကို အလည်အပတ်သွားအပီးမှာတော့ ကျမတို့ တစ်နေ့ခင်းလုံး သီချင်းတွေ ဆိုဖြစ်ခဲ့ကြတယ်. အဲ့ဒီ သီချင်းဆိုတဲ့အချိန်လေးတွေကို VCD ရိုက်ပီး မှတ်တမ်းတင်ခဲ့တယ်. အမှတ်ရတိုင်း ပြန်ပီး ကြည့်မိတယ်. ကြည့်မိတိုင်း အမြဲ ရယ်မိတယ်. ကျမတို့ သီချင်းဆိုတဲ့အသံကို ကြားရတဲ့ အမတစ်ယောက်က ဝတ်ရွတ်နေတယ်ထင်လို့တဲ့လေ. အဆွေးသီချင်းတွေနဲ့ အချစ်သီချင်းတွေကို အာဗြဲကြီးတွေနဲ့ ဆိုခဲ့ကြတာပေါ့. အဲ့ဒီမှာ ပေါ်ပြူလာအဖြစ်ဆုံး သီချင်းကတော့
အကြင်နာစစ်ရင် ပါ. ဆုန်သင်းပါရ်ငိုသွားပါတယ်...

နောက်တော့ ညနေတခင်းလုံး ရေထဲမှာ ပျော်မြူးနေလိုက်ကြတာ ထမင်းစားဖို့ လူကြီးတွေက ခေါ်ရတဲ့အထိပဲ. တညနေလုံး ရေကူးထားတဲ့အရှိန်ကြောင့် ဘူဖေးထမင်းဟင်းတွေကို အဝအပြဲ စားကြတယ်. မစားခင်မှာတော့ အုန်းရေထဲ ထည့်ထားတဲ့ ရမ်တွေကို သောက်ပစ်သေးတယ်. အဲ့အုန်းရေကလေ ကျမတို့ရဲ့သူငယ်ချင်းကောင်ကလေးဟာ တနေ့ခင်းလုံး ရေကူးတဲ့အခါမှာတောင် အဲ့အုန်းသီးကလေးပိုက်လို့လေ. ဒီကောင် အုန်းရေသောက်လှချည်လားပေါ့. နောက်မှ သူ့အုန်းရေကို သောက်မိမှ အုန်းရေမဟုတ်ဘဲ ရမ်တွေဖြစ်နေတာလေ. နားဘန် သုံးချက်စီ ကျင်းလိုက်ကြပါတယ်.. ဒီကောင် ခွက်ပုန်းအုပ်နေတာပါ....အဲ့လိုမျိုးပါ. သိပ်ချစ်ဖို့ ကောင်းပါတယ် ကျမရဲ့ သူငယ်ချင်းကလေးတွေကလေ...

အဲ့ဒီညက ခနပဲ ဂိမ်းကစားဖြစ်ကြပီး မနက်စောစော ပြန်မယ်လို့ဆိုတာကြောင့် လူတွေအကုန်လုံး အိပ်မောကျနေကြတယ်. ကျမတို့ကတော့ ထုံးစံအတိုင်း သည်လိုညလေးတွေကို မအိပ်ရက်ခဲ့ဘူး. ဒါပေမဲ့ ဒီတစ်ညကတော့ ကော်ဖီညမဟုတ်ဘဲ အဲ့သူငယ်ချင်းဆီက ရမ်ပုလင်းလေးထောင့် လက်လေးလုံးကျော်ကျော်ကို ဓားပြတိုက်လိုက်ကြပီး သောက်ဖြစ်တယ်. သောက်မယ်ဆိုတုန်းက အကုန်လုံး. တကယ်သောက်တော့ ကျမနဲ့ စုမြတ် နှစ်ယောက်တည်း. စုမြတ်ကို ကော်ဖီခွက်ထဲ ထည့်ပေးလိုက်ပီး ကျန်တဲ့ လက်လေးလုံးသာသာလောက် အရည်တွေကို ရေမရောဘဲ မော့ချပစ်လိုက်မိတယ်. မူးတာမှ တစ်ကိုယ်လုံး ချွေးစေးတွေပြန်ပီး ချာချာလည်သွားတယ်. တခါဖူးမှ မသောက်ဖူးတာကြောင့်လဲ ပါမယ်. လူက ဟန်မပျက် စကားပြောနေပေမဲ့ ကျမ တကယ်ကို မူးနေခဲ့ပီ. မူးသွားတယ်လို့ ပြောရင် ဝိုင်းပီး ဆူကြဆဲကြမှာမို့ ဟန်မပျက်နေနေပါတယ်. ဒါပေမဲ့ ဒူးခေါင်းလောက် ဝရန်တာကိုကျော်တာ အောက်ကို ပြုတ်ကျသွားပါတယ်... အဲ့တော့မှ မူးနေမှန်းသိကြပါတယ်... နားရွက်တွေတော့ ထူပူသွားတာပါပဲ. ဝိုင်းပီး ဆွဲလိမ်ကြတာပါ.. အဲ့လိုချစ်ကြပါတယ်.

တညလုံး မအိပ်ဖြစ်ပေမဲ့ မနက်မိုးအလင်းမှာလဲ အိပ်ချင်စိတ်လုံးဝရှိမနေခဲ့ဘူး. ခွဲခွာရတော့မယ် ကမ်းခြေကို မနက်စောစော ထပီး နှုတ်ဆက်မယ်ဆိုပီး ကျမ ကမ်းစပ်ကို တစ်ယောက်တည်း ဆင်းခဲ့တယ်. ကမ်းခြေတစ်ခုလုံးမှာ လူ တစ်ယောက်စ နှစ်ယောက်စကလွဲလို့ ဘယ်သူမှ ရှိမနေခဲ့ဘူး. ကျောက်ဆောင်တစ်ခုပေါ်ကို တက်ပီး ပင်လယ်ထဲကို မကျေနပ်ချက်တွေ ရင်ထဲမှာ ခံစားရတာတွေ နာကျင်စရာအတွေးတွေကို ဟစ်အော်ထုတ်ပစ်ခဲ့တယ်. အရူးတစ်ယောက်လိုပါပဲ. စိတ်ထဲပေါ့ပါးသွားပါတယ်. လွန်းထားထား ဝတ္ထုထဲကလိုပေါ့. နင့်ကိုမုန်းတယ် နင်မုန်းတာထက် ပိုတယ် စသဖြင့်ပေါ့လေ. အဲ့လိုကြောင်ပါတယ်... ပင်လယ်ကြီးက နားညည်းလို့ထင်ပါတယ်. လှိုင်းလုံးကြီးကြီးတစ်လုံး ရိုက်လိုက်တာ ကျမ လန့်ပီး အောက်ဆင်းပြေးရပါတယ်.
နောက်တော့ ကမ်းခြေတစ်လျှောက် တိတ်တိတ်လေး လမ်းလျှောက်ရင်း ခရုလေးတွေပဲ ကောက်ခဲ့ပါတယ်.

ဟိုတယ်ရှေ့ကို ပြန်အရောက်မှာတော့ ကျမရဲ့သူငယ်ချင်းမလေးတွေက ကမ်းစပ်ကို ရောက်နေခဲ့ပီ.
ကျမရဲ့ သိပ်ကဲတဲ့ သူငယ်ချင်းမတွေက သဲတွေနဲ့လူးနေကြပါပီ. သူတို့နဲ့အတူတူ သဲတွေနဲ့ ဆော့ပစ်လိုက်တယ်.
မြေကွက်တွေဖော်. ခရုလေးတွေနဲ့ အလှဆင်ပေါ့.
အဲ့ဒီမှာ ပို့စ်အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကြသေးတယ်.

ပျော်မြူးလို့ မဝခင်မှာ ကျမတို့ရဲ့ အိမ်အပြန်ခရီးကို စတင်ခဲ့ရတယ်.

ဒီခရီးလေးမှာ ပြန်တွေးတိုင်း အမှတ်ရစရာပုံရိပ်လေးတွေ အများကြီးရှိနေခဲ့တယ်.
ကျမတို့ရဲ့ သောင်စပ်ပေါ်မှာ တင်ကျန်ခဲ့တဲ့ ခြေရာတွေဟာ
လှိုင်းလုံးတွေရဲ့အောက်မှာ အလွယ်တကူ ပျောက်ပြယ်နိုင်ခဲ့ပေမဲ့
ရင်းနှီးခဲ့ရတဲ့ ခင်မင်မှုတွေကတော့ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး.

နေရာတွေ ဘယ်လောက်ပဲ ဝေးနေပါစေ အချိန်တွေ ဘယ်လောက်ပဲ အကုန်မြန်ပါစေ အခြေအနေတွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ ကျမတို့ သူငယ်ချင်းငါးယောက်ရဲ့ခင်မင်မှုတွေကိုတော့ ပျောက်ပျက်မသွားစေချင်ပါဘူး.
ပျောက်သွားလိမ့်မယ်လို့လဲ ကျမတော့ မယုံကြည်ခဲ့ပါဘူး.

ပြန်တွေးတိုင်း အမြဲအမှတ်ရတဲ့ ဒီခရီးလေးကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး.
ဒီလိုခရီးမျိုးကို နောက်တစ်ခေါက်ထပ်သွားချင်ရင် ရပေမဲ့
အဲ့ဒီအချိန်မှာ ရခဲ့တဲ့ ပျော်ရွှင်မှု နားလည်မှု ခင်မင်မှု သံယောဇဉ်
ဒါတွေကိုတော့ နောက်တစ်ခေါက် ထပ်တူပြန်ရချင်မှ ရတော့မှာပါ.
ဒါပေမဲ့ ကျမ နောက်တစ်ခေါက် ဒီလိုမျိုး သူငယ်ချင်းတွေနဲ့အတူတူ ပင်လယ်အပန်းဖြေခရီးကို သွားခွင့်ရချင်ပါသေးတယ်...
သွားခွင့်ရမယ်လို့လဲ စိတ်ထဲက ယုံကြည်ထားပါတယ်...

(၂၆-၁-၂၀၀၈ ခုနှစ်၊ ငွေဆောင်အမှတ်တရခရီး)

Friday, July 24, 2009

မေမေ့တမ်းချင်း

အမှာစာမဟုတ်ပါ
ဒီလိုနဲ့  ကဗျာဆရာတစ်ယောက်မဟုတ်ခဲ့ပြန်ဘူး
အိမ်ပြန်ချိန်တွေကို သတိရတတ်တဲ့ 
အဝေးရာက်သမီးအနေနဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ပေါ့နော်……
အလွမ်းကြိုးက ရစ်ပတ်
မေမေ့အပြုံးတွေ စွဲလမ်း
မေမေ့အနမ်းတွေကို တမ်းတလို့ 
ပြန်ရက်တွေ မရောက်နိုင်
ကြာလွန်းတဲ့ နွေရက်များ
ခွဲခွာခြင်းရဲ့ အပူ
သမီး ရင်လောင်မြိုက်
မှောင်မိုက်ညတွေ
မကုန်နိုင်ပါ
ဆုံစည်းခွင့် အလှမ်းဝေး
ပြေးလို့သာ အရောက်လာချင်
ရင်ထဲက သီကုံး စကားလုံးတွေရင်ဖွင့် 
ရင်နင့်အောင်လွမ်းခဲ့
မေမေသိအောင်ပြောဖို့ 
ဆုံချင်ပြီ မေမေရေ...........................

ရဲရင့်ချစ်

(ကျမရဲ့ ချစ်လှစွာသောမောင်ကလေးက ကျမအတွက်ဆိုပီး ရေးပေးတဲ့ မေမေ့တမ်းချင်းကဗျာလေးပါ၊ အမေ့ကို လွမ်းနေတဲ့အချိန် သူစပ်ပေးထားခဲ့တာပါ။)

Thursday, July 23, 2009

မရေမရာ အတွေးများ

ရုတ်တရက် ကြားလိုက်ရတဲ့အသံက
ဖုန်းသံများ ဖြစ်လေမလား
မနက်မိုးအလင်း ယောင်ရမ်းတမ်းတမိတာ
မက်ဆေ့ခ်ျတစောင်ကိုလား
ဂျီတော့ဖွင့်တိုင်း အလိုအလျောက် ခလုတ်နှိပ်မိတာ
ဒီယူစာနိမ်းကိုပဲလား
ဒါတွေဟာ အိပ်မက် မက်နေပြန်ပီလား
လက်ရှိမှာ ငါပျော်နေပီလား
စိတ်ကူးတွေနဲ့များ ငါမြူးနေသလား
အတိတ်ကို မေ့သင့်နေပီလား
လားပေါင်းများစွာနဲ့ ငါ့အတွေးတွေ ရှုပ်ထွေးလာနေပြန်တယ်

ဒါပေမဲ့လဲလေ
လမ်းလျှောက်သွားရင်းနဲ့ ဖြတ်ခနဲ မြင်ယောင်မိတာ
မင်းရဲ့ အပြုံးတွေများလား
ရုတ်တရက် ရယ်မောလိုက်သံဟာ
မင်းရယ်သံများ ဖြစ်လေမလား
ငါဟာ ကျိန်စာတွေများ မိနေသလား
အတိတ်ကို မမေ့နိုင်တော့ဘူးလား

တကယ်တော့လေ
ငါမေ့ချင်နေပီ အရင်က အကြောင်းတွေကို
ငါ ပြန်မရောက်ချင်တော့ဘူး အရင်အတိတ်ဟောင်းကို
ပြန်မရေးချင်တော့ဘူး အရင်က ခံစားချက်တွေကို
ပြန်မတွေ့ချင်တော့ပါဘူးကွယ်
အရင်က ငါ့ချစ်သူကို

လက်ရှိမှာကိုပဲ ငါပျော်ချင်နေမိပီ……

ပြည့်စုံ (15-7-2009/ 8:00 PM)

Tuesday, July 21, 2009

အိမ်လွမ်းနာ

ငါတို့ရဲ့အိမ်အပြန်လမ်း
တခါတလေမှာ မှန်းဆတွေးမိတယ်
တမ်းတတဲ့ အတွေးတွေနဲ့ပေါ့

အုန်းပင်တွေနဲ့ ပတ်ချာဝိုင်းနေတဲ့
ငါတို့ရဲ့ အိမ်ဝိုင်းကလေး
လေရိုင်းတွေ မတိုက်ခင်ကပေါ့
အခုတော့ အုန်းပင်တွေလဲ မရှိတော့ဘူး

သူငယ်ချင်းတွေလဲ တကွဲတပြား
ချစ်ခင်မှုတွေလဲ ယိုယွင်းသွားပီ
အမေ့ကိုလွမ်းတယ်
အိမ်အိုလေးကို လွမ်းတယ်
သူငယ်ချင်းတွေကို လွမ်းတယ်

အခုအချိန်မှာ ငါ့မြို့ကလေးက
ငါလျှောက်ခဲ့ဖူးတဲ့ လမ်းကလေးကရော
အရင်ကလိုပဲ ငါ့ကို မှတ်မိပါ့ဦးမလား

မိုးရွာရင် အမေ့ကိုလွမ်းတယ်
နေပူရင် သစ်ပင်ရိပ်လေးတွေကိုလွမ်းတယ်
အလွမ်းတွေ ရင်နဲ့မဆံ့လို့
နှုတ်ဖျားက ထုတ်ပြောလိုက်မိတယ်
သိပ်လွမ်းတယ် အမေ

ပြည့်စုံ (၂၁-၇-၂၀၀၉၊ ၁း၃၀ am)

ကဗျာမပီ၊ စာမပီပါ... အမေ့ကို သတိရလို့ ရေးဖွဲ့လိုက်တာပါ.... :(

လမ်းလွဲ

အမှားတွေတဲ့လား
အခါးတွေတော့ မဟုတ်လောက်ပါဘူး
အသိဥာဏ်ရှိတဲ့ဦးနှောက်က ငြင်းဆန်လဲ
အပြင်းအထန်တော့ မဟုတ်ပြန်ဘူး

မဖြစ်သင့်ဘူး
ဒီအတွေးတွေကို တွေးမိတဲ့ခန
မေ့မရတဲ့အကြောင်းတွေကိုပဲ ပြန်တွေး
ခပ်ဆွေးဆွေးဖြစ်နေမိတယ်

မေ့လို့မရလို့ပါ ချစ်သူ
ငါ မင်းအတွက် အပြစ်ဆိုတာ မယူချင်ပါဘူး
အချစ်တခုကို စတင်ကတည်းက
ရချင်တာတွေကို မျိုသိပ်ထားပါတယ်
မင်းနဲ့အတူရှိနေခွင့်
မင်းနဲ့လက်ကို တွဲလျှောက်ခွင့်
မင်းရဲ့အနားမှာ ရှိနေခွင့်တွေပေါ့

အပြစ်မမြင်ပါနဲ့ချစ်သူ
တခါတရံမှာ လမ်းလွဲဆိုတာ ရှိတတ်ပါတယ်
ငါ့ကို ခွင့်လွှတ်ပေးပါ
ငါ့ကို ပိုချစ်ပါ
ငါ မင်းအနားမှာပဲ အမြဲနေပေးမှာပါ

စိတ်ချပါ ချစ်သူ
မင်းမပါတဲ့ လမ်း
ပန်းခင်းပါစေ
ငါ မလှမ်းပါဘူး

ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ချစ်သူ
မင်းကိုပဲ တမ်းတ
မှန်းဆပီး တွေး
မင်းကိုပဲ ငါအမြဲချစ်နေမှာပါ………

ပြည့်စုံ (၂၁-၇-၂၀၀၉၊ ၂း၄၅ pm)

Monday, July 20, 2009

တောင်းဆု

သတိရမိပါတယ် ဟိုအရင်အချိန်တွေကိုပေါ့
တခါတလေမှာ အိပ်မက်မက်မိတယ်
နံဘေးမှာ အတူတူရှိနေတယ်လို့
အိပ်မက်က လန့်နိုးရင်
ပိုင်ဆိုင်ခွင့်မရှိတဲ့ ဘဝအတွက်
ကိုယ့်ကိုယ်ကို ဝမ်းနည်းမိတယ်

အချစ်က ငါ့အတွက်ဆို
နောင်တ တရားတွေလား ဥပက္ခာတရားတွေလား

မင်းပျော်နေတယ်ဆို ငါလည်းထပ်တူပျော်ရွှင်မိတယ်
စိတ်ညစ်စရာဆို ငါသာအကုန်ယူချင်ပါတယ်
မင်းပျော်ဖို့အတွက်ကို တိတ်တိတ်လေး ဆုတောင်းမိတယ်
နှောင်းတော့မှရတဲ့ နောင်တက
ရင်ခွင်ကိုဟက်တက်ကွဲစေတယ်ဆိုတာ
မင်းကို မသိစေချင်ပါဘူး

လက်တွေ့ကို အိပ်မက်သာဖြစ်စေချင်ပါတယ်
ကိုယ့်ကိုလည်း တခါတလေ ယောင်ရမ်းပြီး သတိရစေချင်မိပါတယ်
မင်းမမေ့သေးဘူးဆိုရင်ပေါ့…….

ပြည့်စုံ

အိပ်မက်ဆိုး

ညက အိပ်မက်မက်တယ်
သိပ်ခက်တယ်…..

ငါ့အတွက်
ညနက်မှ မက်တဲ့အိပ်မက်က
စိတ်ပျက်ဖို့ကောင်းတယ်

အကြောင်းက
အဟောင်းတွေပဲ ပြန်မြင်
ပြန်လည်ချင်တဲ့စိတ်က
နှလုံးသားကို ဒုတ်ခပေး
အကျဉ်းကျနေတဲ့ စိတ်အတွေးက
အခုတော့ အအိပ်ပျက်
အိပ်မက်ဖို့တောင် ခက်လာတယ်

ညက အိပ်မက်မက်တယ်
သိပ်ခက်တယ်…..

ပြည့်စုံ (14-1-2009 / 12:30 PM)

Saturday, July 18, 2009

နွေ

ရှိစုရှိမယ့်သောက်ရေကို
သူ့ရဲ့ဖြူလျော်လျော်တံလျှက်တွေနဲ့ ခိုးခပ်ပြီး
အမြဲစိမ်းတောတွေကိုမှ
မျက်နှာလုပ်ချင်တဲ့နွေ။

ပက်ကြားအက်နေတဲ့လက်တွေနဲ့ ထွန်ယက်
မိုးရေမရလို့ ဆိုပြီး
မျက်ရည်သွင်းစိုက်ထားတဲ့လယ်ထဲမှာမှ
ပိုးကျတတ်တဲ့နွေ။

ရေလုရင်းစစ်ဖြစ်နေကြရာသီမှာ
ငွေတမျက်နှာထဲကြည့်ပြီး
ဘ၀ကိုတွင်းတူးမိုက်မိရှာတဲ့
အ၀ီစိပိုက်ပျက်ကလေးရဲ့ 
မိုက်တွင်းနက်လှတဲ့နွေ။

ရေခဲသတ္တာထဲမှာ
ခောတ်ပေါ်ဇိမ်ခံကားထဲမှာ
ဘ၀တခုလုံးစာသော့ခတ်ပြီး
သူကိုယ်တိုင်အအေးပတ်နေတဲ့နွေ။

ရေသန့် တွေ အသောက်များလာလို့ ဆိုပြီး
လမ်းထိပ်သောက်ရေကန်ထဲခုန်ချသတ်သေသွားတဲ့
ရေထမ်းသမလေးရဲ့ ရင်ဘတ်အောက်က
မီးတောက်နေခဲ့ဖူးတဲ့ညနေစာ ….နွေ။

မြေနိမ့်ရာလှံစိုက်နေကျ
ကျူးကျော်ရပ်ကွက်လေးထိပ်က
ဘ၀ကိုတစက်ချင်းညှစ်ချနေရတဲ့
ဂျိုးဖြူပိုက်ခေါင်းပျက်လေးရဲ့ နွေ။

ချွေးစက်တွေနဲ့ လဲလာတဲ့ညစာတနပ်ကို
ညနေတိုင်းဘုံဆိုင်မှာအရက်နဲ့ လဲသောက်
အိမ်အပြန်လမ်းရဲ့ ပါစပက်တစ်တွေ
ကွေးကောက်ယိုင်နဲ့ သွားတဲ့နွေ။

ကိုမျိုး

(အနော့်အကိုတစ်ယောက် ရေးစပ်ထားတဲ့ ကဗျာလေးကို ဖတ်ရှုခံစားစေချင်လို့ မျှဝေလိုက်ပါတယ်။)

Friday, July 17, 2009

သတိရခြင်းများ

နှောင်ဖွဲ့ထားတဲ့ အတွေးတွေက အခုဆို တရစ်ပီးတရစ်ပဲ
မနက်ဆို မျှော်လင့်ချက်တွေနဲ့ နိုးထလာတတ်တယ်
ညဘက်ဆို ရင်ခုန်သံတွေနဲ့ အိပ်တတ်လာတယ်
အွန်လိုင်းတက်တိုင်းလဲ မင်းရှိနေမလားဆိုတဲ့ ခံစားချက်နဲ့ မျှော်မိတယ်
ညကျရင်လဲ ကိုယ့်ကိုများ စောင့်နေမလားဆိုတဲ့ အတွေးတွေနဲ့ နောက်ဆံငင်မိတယ်
သမားရိုးကျ လုပ်ငန်းစဉ်တွေကြားမှာ
အရင်ဆုံး သတိရမိတာက မင်းကိုပဲ
စိတ်တိုရင် ငထူလို့ ခေါ်တတ်တာကိုလဲ သတိရတယ်
ကော်ဖီအများကြီး မသောက်ဖို့ ပြောတာကိုလဲ သတိရတယ်
ထမင်းစားဖို့ အမြဲပြောတတ်တာကိုလဲ သတိရတယ်
အကြာကြီး အညောင်းမထိုင်ဖို့ မှာတာကိုလဲ သတိရတယ်
ဖုန်းဆက်မယ်လို့ ပြောတာကိုလဲ သတိရတယ်
ညကျ စောစောအိပ်ရမယ်လို့ အမြဲပြောတတ်တာကိုလဲ သတိရတယ်
ညတိုင်း သီချင်းဆိုပြတတ်တာကိုလဲ သတိရတယ်
သီချင်းဆိုပြရင် အိပ်မယ်လို့ ဂျီကျတတ်တာကိုလဲ သတိရတယ်
ဖုန်းချဖို့ကို လက်တွန့်နေတတ်တာကိုလဲ သတိရတယ်
စိတ်ညစ်အောင် မလုပ်တော့ဘူးလို့ ကတိပေးတာကိုလဲ သတိရတယ်
မက်ဆေ့ခ်ျတွေ ပို့ပေးတတ်တာကိုလဲ သတိရတယ်
ငါ့ရဲ့ နေ့စဉ်ဝတ္တရားတွေကို ဝင်ရှုပ်နေတတ်တာကိုလဲ သတိရတယ်
ငါ့ရဲ့ အတွေးတွေကို စိုးမိုးထားတာကိုလဲ သတိရတယ်
အရမ်းချစ်တယ်လို့ ပြောတတ်တာကိုလဲ သတိရတယ်
တွေ့ချင်တယ်လို့ ပြောတာကိုလဲ သတိရတယ်
မိုင်တွေထောင်ချီပီး ဝေးနေရတာကိုလဲ သတိရတယ်
ငါတို့ မနီးနိုင်သေးတာကိုလဲ သတိရတယ်

သတိရစရာတွေ ဝိုင်းရံထားတဲ့ ငါ့ရဲ့ဒီနေ့တွေတိုင်းမှာ
မင်းကို သတိရခြင်းတွေနဲ့ ပျော်မွေ့နေလေရဲ့
သတိရတယ် ချစ်သူ

ပြည့်စုံ

လွဲချော်မှုများ

ငါတို့ရဲ့အချစ်ဟာ နဂိုထဲက လွဲချော်ခဲ့တာပါ…..

နင်က နင်သိပ်ချစ်နေတဲ့ချစ်သူရဲ့အကြောင်း
ငါ့ကို ပြောနေတဲ့အချိန်မှာ
ငါက ငါ့ရဲ့ အချစ်တွေကံခေသွားတဲ့အကြောင်း
နင့်ကိုပြောမိမှာစိုးလို့
ငါ့နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိတယ်..

နင်က နင့်ရဲ့မျှော်မှန်းထားတဲ့အိပ်မက်တွေအကြောင်း
ငါ့ကို ပြောနေတဲ့အချိန်မှာ
ငါက ငါ့ရဲ့ မျှော်လင့်ခဲ့ဖူးတဲ့အိပ်မက်တွေအကြောင်း
နင့်ကိုပြောမိမှာစိုးလို့
ငါ့နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိတယ်..

နင်က နင့်ရဲ့ပျော်ရွှင်မှုတွေအကြောင်း
ငါ့ကို ပြောနေတဲ့အချိန်မှာ
ငါက ငါ့ရဲ့ ပျောက်ပျက်သွားခဲ့ရတဲ့ ပျော်ရွှင်မှုတွေအကြောင်း
နင့်ကိုပြောမိမှာစိုးလို့
ငါ့နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိတယ်..

နင်က နင့်ရဲ့အသည်းကို ခွဲသွားတဲ့ နင့်ချစ်သူရဲ့အကြောင်း
ငါ့ကို ပြောနေတဲ့အချိန်မှာ
ငါက ငါ့ရဲ့အချစ်တွေ ဆုံးရှုံးခဲ့ရတဲ့အကြောင်း
နင့်ကိုပြောမိမှာစိုးလို့
ငါ့နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိတယ်..

နင်က နင်ရဲ့နာကျင်မှုတွေအကြောင်း
ငါ့ကို ပြောနေတဲ့အချိန်မှာ
ငါက ငါ့ရဲ့ နာကျင်ခဲ့ရမှုတွေအကြောင်း
နင့်ကိုပြောမိမှာစိုးလို့
ငါ့နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိတယ်..

နင်က နင့်ရဲ့မှားယွင်းစွာခုန်မိတဲ့ ရင်ခုန်သံအကြောင်း
ငါ့ကို ပြောနေတဲ့အချိန်မှာ
နာကျင်ရလွန်းလို့ အသက်မဝင်တော့တဲ့ နှလုံးသားက
တုံ့ပြန်မှု မပေးနိုင်တဲ့အကြောင်း
နင့်ကိုပြောမိမှာစိုးလို့
ငါ့နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိတယ်..

နင်က နင်အဝေးကို ထွက်သွားတော့မယ့်အကြောင်း
ငါ့ကို ပြောနေတဲ့အချိန်မှာ
ငါတို့ နဂိုထဲက ဝေးခဲ့ရတဲ့အကြောင်း
နင့်ကိုပြောမိမှာစိုးလို့
ငါ့နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိတယ်..

ချစ်သူရေ ဒီလိုနဲ့ပဲ ငါတို့ဝေးကြတာပေါ့
ငါတို့ရဲ့အချစ်ဟာ နဂိုထဲက လွဲချော်ခဲ့တာပါ……

ပြည့်စုံ (6-12-2008/ 5:50 PM)

Thursday, July 16, 2009

လမ်းခွဲတခုရဲ့ အစ

လမ်းခွဲတခုရဲ့ အစဟာ
အချစ်တခုရဲ့ နိဒါန်းလဲ ဖြစ်နိုင်သလို
အချစ်တခုရဲ့ နိဂုံးလဲ ဖြစ်နိုင်ရဲ့

လမ်းခွဲတခုရဲ့ အစဟာ
မျှော်လင့်ချက်တခုရဲ့ ရောင်ခြည်လဲ ဖြစ်နိုင်သလို
ဆုံးရှုံးမှုတခုရဲ့ ပြယုဂ်လဲ ဖြစ်နိုင်ရဲ့

လမ်းခွဲတခုရဲ့ အစဟာ
နှုတ်ဆက်ခြင်းတခုရဲ့ နာကျင်မှုလဲ ဖြစ်နိုင်သလို
ကြိုဆိုမှုတခုရဲ့ ပျော်ရွှင်ခြင်းလဲ ဖြစ်နိုင်ရဲ့

လမ်းခွဲတခုရဲ့ အစဟာ
ဝမ်းနည်းမှုတွေရဲ့ မျက်ရည်လဲ ဖြစ်နိုင်သလို
ပျော်ရွှင်ခြင်းတွေရဲ့ အပြုံးတွေလဲ ဖြစ်နိုင်ရဲ့

လမ်းခွဲတခုရဲ့ အစဟာ
အောင်မြင်ခြင်းတွေရဲ့ လှေကားထစ်လဲ ဖြစ်နိုင်သလို
ဆုံးရှုံးခြင်းတွေရဲ့ ခြေချော်မှုတခုလဲ ဖြစ်နိုင်ရဲ့

လမ်းခွဲတခုရဲ့ အစဟာ
လမ်းမကြီးပေါ်ရောက်ဖို့လဲ ဖြစ်နိုင်သလို
လမ်းအိုလေးကို ဖဲ့ဆင်းဖို့လဲ ဖြစ်နိုင်ရဲ့

ဘာပဲဖြစ်ဖြစ်ပေါ့လေ
လမ်းခွဲတခုရဲ့ အစမှာ
ကိုက ထွက်ခွာနိုင်သူ ဖြစ်ခဲ့ပြီ…..

ပြည့်စုံ (5-12-2008/ 12:00 PM)

Wednesday, July 15, 2009

လူငယ်တစ်ယောက်ရဲ့အတွေးလေးပါ

သူငယ်ချင်းတယောက် သူပြောပြတဲ့ သူတို့အဆောင်က ရယ်စရာအကြောင်းလေးတခုကို ပြောပြချင်ပါတယ်

သူက ကျောင်းတက်နေတုန်း အိမ်မှာ မနေချင်လို့ သူငယ်ချင်းတွေနဲ့စုပီး အဆောင်မှာ နေကြတယ် သူတို့ သူငယ်ချင်း ၄ ယောက်စုပီး ငှားနေတဲ့အဆောင်မှာ သရက်ပင်ကြီးတပင်ရှိတယ် ရင်ကွဲသရက်ပင်ပေါ့။ သူတို့ဆီမှာ ပိုက်ဆံပြတ်တဲ့အခါ ဒါမှမဟုတ် အိမ်က ပိုက်ဆံမပို့တဲ့အချိန်တွေဆို သူငယ်ချင်းတွေစုပီး ထမင်းထုပ်ဝယ် အကြော်လေးနဲ့ဖြစ်ဖြစ် ရရာနဲ့ပဲ ဖြစ်ဖြစ် စားကြတယ်

တကယ်လို့မှ မရှိတော့ဘူးဆိုရင်တော့ ပေါင်နှံပေါ့ ချေးငှားပေါ့ အဲ့တာမှ အဆင်မပြေတော့ရင်တော့ အဲ့သရက်ပင်က သရက်သီးအစိမ်းကြီးတွေကို ဒီအတိုင်း စားကြတယ်လေ .ချဉ်ချဉ်စုတ်စုတ်ပေါ့။

အဲ့ဒီမှာ နာဂစ်လဲတိုက်ရော သူတို့ရဲ့ သရက်ပင်ကြီး လဲသွားတော့ သူတို့ အခု ငိုနေရတယ်လို့ သူက လှမ်းပြောပြတယ် အမှန်တော့ သူက ရယ်စရာလို ပြောတာပါ. သူပြောတဲ့အချိန်မှာ ခနတော့ ရယ်လိုက်မိတယ် နောက်မှ တော်တော့ကို စိတ်မကောင်းဖြစ်သွားမိတယ်။

သူ့ကိုပြောတယ် အိမ်ကိုပြန်ဖို့ ဒါပေမဲ့ သူပြောတယ် အိမ်ကိုသာ ပြန်သွားရင် သူလုပ်ချင်တာတွေကို ဘာကိုမှ လူကြီးတွေက လုပ်ခွင့်ပြုမှာ မဟုတ်ဘူးတဲ့လေ၊ သူပေပေတေတေ လေလွင့်နေချင်တယ်လို့ သူ့အိမ်က စွပ်စွဲပေမဲ့ သူ့ဘဝလေးမှာပဲ သူနေချင်တယ် သူတို့ဘဝလေးထဲမှာ နေရတာကိုပဲ သူတို့ပျော်နေကြတယ်တဲ့. သူတို့မှာ ကြီးကျယ်တဲ့ အနာဂတ်တွေ မရှိပေမဲ့ သူတို့လုပ်ချင်တာလေးတွေ သူတို့ လုပ်နေရတာကိုက သူတို့ရဲ့ဘဝတဲ့

ဒါပေမဲ့ သူတို့က မတရားတာကိုတော့ မတရားဘူး မကျေနပ်တာကိုတော့ မကျေနပ်ဘူးလို့ ပြောင်ပြောင်တင်းတင်း ပြောဝံ့ကြတယ်. သူတို့ဆီမှာ နိုင်ငံနဲ့ချီတဲ့ အတွေးတွေ လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့လို စကားလုံးကြီးကြီးတွေကို ရေရွတ်ဖို့တော့ အတွေးတွေ မရှိကြဘူး.

ဒါပေမဲ့ သူတို့ စက်တင်ဘာအရေးအခင်းမှာ ပါဝင်ကြတယ် နောက် သေနတ်နဲ့ပစ်တော့ ခွေးပြေးပြေးကြတယ် ဘုန်းကြီးတွေ အရိုက်ခံရတော့ အသည်းခိုက်အောင် နာကြတယ် နောက်တော့ လူတွေငြိမ်သွားကြသလိုပဲ သူတို့လဲ ငြိမ်ပီး သူတို့ရဲ့ လက်ရှိဘဝတွေဆီကို ပြန်ရောက်သွားကြတယ်

သူတို့ကို မင်းတို့မျိုးဆက်အတွက် မင်းတို့မှာ တာဝန်ရှိတယ် ဒါမှမဟုတ် မင်းတို့ မတရားတာကို သိရင် မတရားတာကို မတရားမှန်း လူတွေသိအောင် လုပ်ဖို့ မင်းတို့မှာ တာဝန်ရှိတယ်လို့ သူတို့ကို သွားပြောရင် အဲ့တာကို သူတို့က လက်ခံကောင်း လက်ခံကြမယ် မင်းတို့ ဒါတွေကို ဘာလို့ မသိရသလဲလို့ အပြစ်တင်ရင်တော့ သူတို့မှာ အဖြေမရှိဘူး.

ဘာလို့ဆိုတော့ ဒါတွေကို သိရအောင် ဘယ်သူကမှ လမ်းညွှန်မပြသ သလို ဒါတွေ ဘာကြောင့်ဖြစ်ရသလဲ ဆိုတဲ့ အတွေးမှာလဲ သူတို့ ရှည်ရှည်ဝေးဝေး မစဉ်းစားချင်ကြဘူး လူကြီးတွေ မကောင်းဘူး ဒါပဲ

ရယ်တော့ ရယ်စရာပဲ ။ လူကြီးတွေက လူငယ်တွေကို နားမလည်ပေးနိုင်သလို လူငယ်တွေကလဲ လူကြီးတွေရဲ့ ရှေးရိုးစွဲဦးဆောင်မှုအောက်မှာ မနေချင်ကြတော့ဘူး သူတို့က သူတို့ လက်တွေ့လုပ်တဲ့ အလုပ်တွေကိုပဲ တန်ဖိုးထားကြတယ် ဟိုအရင် သမိုင်းတွေ နောက်ကြောင်း တွေကို သူတို့ စိတ်မဝင်စားကြတော့ဘူး

အခုလက်ရှိ ဘာလုပ်ခွင့်ရှိသလဲ ဘာလုပ်နိုင်သလဲ ဒါပဲ သူတို့က အနှောင်အဖွဲ့တွေ အသင်းအဖွဲ့တွေကိုလဲ မယုံကြည်ကြပြန်ဘူးလေ

လူငယ်တွေဟာ နိုက်ကလပ်တွေ ဘားတွေမှာ ရောက်နေကြတာ သူတို့ရဲ့ဘဝတွေကို ပေါ့ပေါ့တန်တန် သဘောထားနေကြတာဟာ တကယ်တော့ သူတို့လုပ်နိုင်လောက်တဲ့ ဘယ်လိုအရာတွေမှ သူတို့အတွက် မရှိကြဘူး လုပ်ရမယ်ဆိုတဲ့ အတွေးမျိုးလဲ သူတို့မှာ ရှိကို မရှိကြတာ မလုပ်တာ မဟုတ်ဘူး လုပ်ရမှန်းကို မသိတဲ့ လူငယ်တွေ အများကြီးရှိကြတယ် ။

တက္ကသိုလ်ဆိုတာကလဲ တကယ်တော့ လူငယ်တွေကိုစုပီး ပိုက်ဆံဖြုန်းဖို့ ဖဲရိုက်ဖို့ အရက်သောက်တတ်အောင်လုပ်ပေးဖို့ လူစုပေးတဲ့နေရာလောက်ပဲ ဖြစ်နေပီ။ အဆင့်မြင့်ပညာရေးတဲ့ တဖြည်းဖြည်း အဆင့်နိမ့်သထက် နိမ့်လာတယ် ။

သင်တန်းတခုမှာ ဆရာတယောက်က မေးဖူးတယ် ကို့ဘဝရဲ့ရည်မှန်းချက်က ဘာလဲတဲ့ What is your Ambition? ပေါ့၊

အဖြေကို ချက်ချင်းပေးဖို့ ပါးစပ်က မဟနိုင်ဘူး။

ဒါဟာ လူငယ် တွေရဲ့ လက်တွေ့ဘဝပဲ၊ ဘာဖြစ်ချင်သလဲဆိုတဲ့ အမေးကိုတောင် လွတ်လွတ်လပ်လပ်ဖြေဖို့ စိတ်ကူးကို မရှိကြဘူး၊

ဒီမေးခွန်းကို ခန ခန အမေးခံခဲ့ရပေမဲ့ တွေးမိတဲ့ အတွေးကတော့ ဘွဲ့တခုရရင် ပီးရောပေါ့၊

ဟော ဘွဲ့တခုရပီးရင်ရော?

အလုပ်တခုခုတော့ ရှာရမှာပေါ့ ဒီအတိုင်း ထိုင်နေလို့တော့ မဖြစ်ဘူး စသဖြင့် အတွေးဟာ ရိုးရှင်းလွန်းတယ်

ဒါဟာ ဘယ်သူ့ကို အပြစ်တင်ရမလဲ။

လူတွေက တစုံတခုကို စောင့်ဆိုင်းနေကြတာချင်း တူကြတယ် စိတ်ကူးတွေ မျှော်လင့်ချက်တွေနဲ့ အတွေးအခေါ်တွေသာ ခြားချင်ခြားနားကြမယ် တူညီတာ တခုကတော့ တခုခုကို စောင့်နေကြတယ် ဘာမှန်းမသိတဲ့ အရာပေါ့

နောက်ပီး သူတို့ မျှော်လင့်စောင့်စားနေတဲ့ အရာဟာ တနေ့တော့ ရောက်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်လဲ အပြည့်ရှိကြပါတယ်

လူငယ်တွေရဲ့ လက်ရှိဘဝကို ထင်ဟပ်စေနိုင်တဲ့ သူတို့ရဲ့ အိပ်မက်တွေ အနာဂတ်တွေအကြောင်းကို ပေါ်လွင်အောင် ပြောပြချင်ပေမဲ့ မပြည့်စုံပါဘူး ။

တကယ်တော့ အပြောပဲရှိပီး လက်တွေ့ ဘာမှ မလုပ်နိုင်တဲ့ အခြေအနေမှာ လက်ရှိ လူငယ်တွေရဲ့ ဘဝမှာ ဘာတွေကို ဆုံးရှုံးနေရပီး ဘာတွေကို လက်မခံချင်ဘဲ လက်ခံနေရတဲ့ အကြောင်းတွေကို စုံစေ့အောင်တော့ ပြောပြချင်မိပါတယ်။

Tuesday, July 14, 2009

စောင့်ဆိုင်းရခြင်းတွေမှာ

စောင့်ဆိုင်းရခြင်းတွေမှာ

ငါတို့အတွက်တော့ စောင့်ဆိုင်းရခြင်းတွေမှာ အသားကျနေကြပြီ

လူ့လောကထဲရောက်ဖို့ ကိုးလ စောင့်ရတယ်
စကားပြောတတ်ဖို့ တနှစ်ခွဲလောက် စောင့်ရတယ်

စာသင်ကျောင်းရောက်ဖို့ ငါးနှစ် စောင့်ရတယ်
ကြီးကောင်ဝင်ဖို့ 14 နှစ်လောက် စောင့်ရတယ်

အဆင့်မြင့်တက္ကသိုလ်ဆိုတာ တက်ရဖို့ ဆယ်တန်းအောင်တဲ့အထိ စောင့်ရတယ်
ကံကောင်းရင်ပေါ့လေ ဘွဲ့ရဖို့ 3 နှစ်လောက်တော့ စောင့်ရမယ်

အလုပ်ရဖို့ဆိုလဲ ခန့်မယ့်သူကိုစောင့်ရသေးတယ်
သွားလိုရာရောက်ဖို့ ကျောက်ချထားတဲ့လိုင်းကားပေါ်မှာ ထိုင်စောင့်ရတယ်

အီးမေးတခါပို့ဖို့ ကော်နက်ရှင်ကောင်းတာကို စောင့်ရတယ်
သတင်းဆိုက်တခု ဖတ်ရဖို့ ဆိုင်ကလူအလစ်ကို စောင့်ရတယ်

လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် စားပွဲထိုး လာအမေးကို စောင့်ရတယ်
ချစ်သူရဖို့တောင် သူ့အဖြေကို ရင်ခုန်စွာ စောင့်နေရသေးတာပဲ

ဟုတ်တယ်
ဒါဟာ ပုံသေကားချပ်ပဲ
စောင့်ရမယ်

ပြောင်းလဲဖို့အတွက်ဆို အပြောင်းအလဲကို စောင့်ကိုစောင့်ရမယ်
စနစ်ဆိုးတခုကလွတ်မြောက်ဖို့ မျိုးဆက်တွေတခုစာမက စောင့်နေရဆဲပဲ

အချင်းချင်းညီညွတ်ဖို့တဲ့
တွေ့ဆုံဆွေးနွေးပွဲတွေ တခုပြီး တခု စောင့်ရသေးတာပဲကွယ်

ဒီမိုကရေစီရဖို့အတွက်ဆိုရင်တော့ စောင့်ကို စောင့်ရမှာပေါ့
ဟော ယုံကြည်မှုတခုအတွက်တဲ့ 65 နှစ်စာ စောင့်ရပြန်ဦးမယ်

ငါတို့အတွက်ကတော့ စောင့်ဆိုင်းရခြင်းတွေမှာ အသားကျနေကြပြီပဲလေ……..။
ပြည့်စုံ (19-11-2007, 12:00 PM)

ကံပစ်ချတဲ့ ဘ၀တွေ

သူတို့ရဲ့ မျက်ရေးကြောင်းတွေက
ဘဝကို ဒုံးခံပီး ရင်ဆိုင်မယ့် သတ္တိအပြည့်ရှိကြတယ်
သူတို့တွေရဲ့ စိတ်ဓာတ်အရင်းခံကလဲ ရိုးသားကြတယ်
သူတို့မှာ ဆန်းပြားတဲ့ အတွေးတွေလဲ သိပ်မရှိဘူး

သူတို့မှာ လျှောက်ရမယ့်လမ်းတွေကလဲ ရွေးစရာ သိပ်မများဘူး
သူတို့ရဲ့လိုဘတွေကလဲ အခြေခံလိုအပ်ချက် ပြည့်စုံဖို့ပဲ
သူတို့ရဲ့ မျက်နှာတွေမှာ အားမာန်တော့ အပြည့်ရှိကြတယ်
သူတို့က အရာရာကို ကံကိုပဲ ပုံချ
ငတ်ရတာကိုက ရှေးကံမကောင်းခဲ့လို့တဲ့
သွားမရှိတော့တဲ့ အဘွားအိုက ခွက်ကလေးတလုံး လက်ဆွဲပီး ပြောရှာတယ်

"ဘယ်သူ့ကိုများ အပြစ်တင်ရမလဲကွယ်
ဘဝတွေကိုက ဆိုးလွန်းပါတယ်
ရင်ထဲက မချိတာတွေအတွက်
သူတပါးကိုတောင် အပြစ်မတင်ရက်ရှာဘူး"

သူတို့ရဲ့ အနာဂတ်အိပ်မက်မှာ
ဇိမ်ခံစည်းစိမ်တွေ မပါဝင်ဘူး
ကိုယ့်မိသားစု ကိုယ့်တဲကလေးနဲ့
မိသားစုတွေ ထမင်းဝိုင်း
အပိုအသိုင်းအဝိုင်း မပါတောင်
ထမင်းကြမ်းခဲကလေးကို ပဲကလေး ဆီဆမ်းစားရတာကိုက
လောကနိဗ္ဗာန်တဲ့လေ

သူတို့ရဲ့ နေ့စဉ်ဝတ္တရားတွေကလဲ
အစဉ်အလာအတိုင်းပဲ လှုပ်ရှားကြတယ်
သူတို့က နိုင်ငံရေးဆိုတာ ဘာလဲ မသိကြဘူး
သူတို့က လူ့အခွင့်အရေး ဘာလဲ မသိကြဘူး
သူတို့က သူတို့ရပိုင်ခွင့်ကိုတောင် ဘယ်သူဆီက တောင်းရမှန်း မသိကြဘူး….

ပြည့်စုံ (၂-၅-၂၀၀၉၊ ၂း၃၅ am)

(နာဂစ်နှစ်ပတ်လည် တစ်နှစ်ပြည့်မြောက်တဲ့နေ့မှာ ရင်ထဲက ခံစားချက်တချို့ကို ဖောက်ထုတ် မိလိုက်တာပါ။)

နိစ္စဓူဝ

တမိုးသောက်ပီတဲ့
ဒီနေပဲ ဝင်လိုက်ထွက်လိုက် အလုပ်ရှုပ်လို့
နေအဟောင်းကြီးပဲ
အသစ်လဲ မလဲသေးဘူး
သူလဲ ပင်ပန်းလုပီ

ထွက်သက်ကို မှုတ်ထုတ်လိုက်တယ်
ဒီလေပဲ ခုနက ရှုတာလဲ ဒီလေပဲ
မှုတ်ထုတ်တော့လဲ ဒီလေပဲ
လေက မသစ်တာကြာပေါ့

မိုးစက်တွေတဲ့
မိုးခါးရေထက်တောင် ဆိုးသေးတယ်
မနှစ်က မိုးအဟောင်းပဲ ဒီနှစ် ပြန်ရွာတယ်

ဒီလူပဲ ဒီလူပဲ
မြင်ရသမျှ ဒီလူတွေပဲ
လူအဟောင်းတွေပေါ့
မသစ်ပုံများ အဟောင်းပုံထဲက ရွေးထုတ်ထားတဲ့အတိုင်းပဲ

ဒီအမြင်ပဲ ဒီအမြင်ပဲ
ဟိုးတုန်းကလဲ ဒီမြင်ကွင်းပဲ
မြင်ကွင်းတွေ မသစ်ဆန်းတော့ပုံများ
ရေညှိတောင် တက်လို့…

ပြည့်စုံ (၂၁-၃-၂၀၀၉၊ ၁၁း၀၀ pm)

Monday, July 13, 2009

ဘာမှ အရေးမကြီးပါဘူး

ဘာမှ အရေးမကြီးပါဘူး
ဒီလှေကို စီးပီးသွားကြမယ်
ဘယ်ခရီးပဲရောက်ရောက်
လှေမမှောက်ဖို့က အရေးကြီးတယ် မဟုတ်လား

ဘာမှ အရေးမကြီးပါဘူး
ဒီမြစ်ကို ဆန်တက်ရမှာပဲ
ဘယ်သူတွေပဲ လှော်ခတ်ပါစေ
လှေဝမ်းမပေါက်ဖို့က အရေးကြီးတယ် မဟုတ်လား

ဘာမှ အရေးမကြီးပါဘူး
ဒီလမ်းကို ငါတို့လျှောက်ကြမယ်
ဘယ်သူတွေပဲ ဖောက်ခဲ့ပါစေ
လမ်းမပျောက်ဖို့က အရေးကြီးတယ် မဟုတ်လား

ဘာမှ အရေးမကြီးပါဘူး
ဒီတောင်ကို ငါတို့ကျော်ကြမယ်
ဘယ်သူတွေ လက်တွဲမကူပါစေ
ဖဝါးအောက်ရောက်ဖို့သာ အရေးကြီးတယ်မဟုတ်လား

ဘာမှ အရေးမကြီးပါဘူး
ဒီခရီးနီးသလား

ဘာမှ အရေးမကြီးပါဘူး
ဒီ………

ဘာမှ အရေးမကြီးပါဘူး
…….
ဘာမှ အရေးမကြီးပါဘူး…..
တကယ်တော့လေ…..ဘာမှ အရေးမကြီးပါဘူး….။

ပြည့်စုံ (၅-၅-၂၀၀၉၊ ၂း၅၅ pm)

ယုံကြည်မှု

အအိပ်ခက်လို့ အိပ်ပျက်တဲ့ညတွေထဲ
စိတ်ရှုပ်လို့ အလုပ်တွေချည်းဖိလုပ်တော့
စခရင်က မှိတ်တုတ်
ဘေးနားမှာတော့ မီးခိုးငွေ့တွေချည်းငုတ်တုတ်
အမြဲရှုပ်နေတတ်တဲ့ အခန်းကလဲ
မင်းမရှိတော့ ရှင်းလင်း
ဟင်းလင်းပွင့်နေတဲ့ ရင်ခွင်လိုပဲ
ချဉ်ခြင်းတပ်မှုတွေလဲ ရှိလာတယ်

စက်ရုပ်လို မပြုံးမရယ်
ဖုံးကွယ်ထားတဲ့ အပြုံးတုအောက်မှာတော့
နွမ်းနယ်နေတဲ့ ဦးနှောက်တစုံရှိတယ်
ခေါက်ရိုးကျိုးနေတဲ့ အသားကျစိတ်ဓာတ်တခုလဲရှိတယ်
ကွဲကြေနေတဲ့ နှလုံးသားတစုံလဲ ရှိပြန်ရဲ့

တမိုးချုပ်တိုင်း မက်ခဲ့တဲ့ အိပ်မက်တွေထဲမှာတော့
လူသားအားလုံး ငြိမ်းချမ်းရမယ်ဆိုတဲ့ ကမ္ဘာနဲ့ချီတဲ့ စိတ်ကူးတွေရှိတယ်
နံရံတွေခြားနေတဲ့ အတွေးအမြင်တွေလဲ ရှိခဲ့ဖူးတယ်
ဘဝတွေ ခြားစေခဲ့တဲ့ မျှော်လင့်ချက်တွေလဲ ရှိနေတယ်
မိုင်တွေထောင်ချီပြီး ဝေးသွားခဲ့တဲ့ ဘဝတခုလဲ ရှိခဲ့ဖူးတယ်

အဆုံးမတော့ ပြုံးပြနေရတဲ့လူတွေပဲ များလာတယ်
ဖုံးဖိနေရတဲ့ စိတ်ခံစားချက်တွေပဲ များလာတယ်
ရုန်းမထွက်နိုင်တဲ့ စည်းဘောင်တွေကလဲ တင်းလာတယ်
မုန်းမေ့သွားတဲ့ ချစ်ရတဲ့သူတွေလဲ တိုးလာတယ်
အရှိုးရာတွေလို အသည်းမှာ ထပ်ပိုးလာတဲ့ ဒဏ်ရာတွေလဲ တိုးလာတယ်
ဒါပေမဲ့လဲလေ မပြောင်းလဲတာတခု
ရင်ထဲကယုံကြည်မှုကတော့ ခိုင်မတ်နေတုန်းပါပဲ။

ပြည့်စုံ (17-11-2008, 7:05 pm)