Saturday, July 25, 2009
အမှတ်တရ ငွေဆောင်
2008 ခုနှစ်ရဲ့ အစဦးလ ဇန်နဝါရီမှာပေါ့ ကျမတို့ စာစောင်ရဲ့ ရာပြည့်အထိမ်းအမှတ်အနေနဲ့ ငွေဆောင်ကမ်းခြေကို ခရီးထွက်ခဲ့ကြတယ်.
သွားမယ်လို့ ရည်စူးပီးတဲ့အချိန်အထိ ကျမမှာ တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက် မချနိုင်ခဲ့သေးဘူး.
ယုံကြည်မှုနဲ့ မထိုက်တန်တဲ့ ခင်မင်မှုအတွက် နာကျင်ခဲ့ရမှုက လူတွေနဲ့ ဆက်ဆံဖို့တောင် တော်တော်လေး စဉ်းစားခဲ့ရတယ်.
ကောင်းပီ…. ဘယ်လိုအခြေအနေမှာပဲဖြစ်ပါစေ နာကျင်ခဲ့ရတဲ့စိတ်အတွက် ကုစားနိုင်ဖို့ ပတ်ဝန်းကျင် အပြောင်းအလဲ လိုအပ်တယ် မဟုတ်လား……
ငွေဆောင်ကမ်းခြေကို သွားဖို့ သူများတွေ ပြင်ဆင်နေချိန်မှာ ကျမကတော့ ဝေခွဲမရတဲ့ ဆုံးဖြတ်ချက်တွေနဲ့ နပန်းလုံးနေရဆဲဖြစ်သည်.
အဓိက အချက်ကတော့ သူငယ်ချင်းပင်.......
ခရီးလမ်းတစ်ခုအတွက် ပျော်ရွှင်စရာမျှဝေဖို့သည် သူငယ်ချင်းတွေနဲ့မှပင် မမေ့စရာ အမှတ်တရတစ်ခု ဖြစ်နိုင်သည် မဟုတ်လား.
ဘယ်မှာလဲ ကျမအတွက် ရင်းနှီးယုံကြည်ရသော သူငယ်ချင်း........
မသွားတော့ဘူးဟု ဆုံးဖြတ်ချက်ကို ချလိုက် သွားရင် ရလာမယ့် ဒေသန္တရ ဗဟုသုတအတွက် ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုက်နဲ့ပဲ သွားရတော့မယ့် ကားပေါ်ကို ခြေချမိခဲ့တယ်.
ဘေးကနေ အဖော်အဖြစ်လိုက်မယ့်သူက လူတွေ စည်ကားနေတဲ့ ကားအရှေ့ဘက် ထိုင်ခုံတွေမှာသာ ထိုင်လိုသည်.
ကျမကတော့ အေးဆေးစွာနဲ့ စဉ်းစား တွေးတောနေနိုင်မယ့် တိတ်ဆိတ်တဲ့ ကား အနောက်ခြမ်းမှာသာ နေလိုခဲ့သည်.
ဒီလိုနဲ့ ကျမ တစ်ယောက်တည်း ထိုင်နေခဲ့တယ်.
ကားလမ်းဘေးဝဲယာတစ်လျှောက်ကို ကြည့်ရင်း ကျမ တကယ်ကို ပျော်ရွှင်နေခဲ့ပီ.
တခါတရံမှာ ရတတ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အတွေးတချို့က လွဲလို့ပေါ့.
တည်းမယ့်ဟိုတယ်ကို ရောက်တဲ့အချိန်မှာ လူတွေအားလုံးက ပင်ပန်းနွမ်းနယ်နေပေမဲ့ ပင်လယ်ပြင်ကြီးကို မြင်လိုက်ရတဲ့အခါမှာ အားလုံးက ခုန်ပေါက်မြူးတူးနေကြပီ....
ကျမကတော့ လက်နှစ်ဖက်ကို တင်းတင်းပိုက်ရင်း တမျှော်တခေါ် သောင်ပြင်ကြီးရယ် ....
ကမ်းစပ်မှာ ထိုးထိုး ထောင်ထောင် ပေါ်နေတဲ့ ကျောက်ဆောင်တွေရယ်ကို ကြည့်ပီး
တကယ်ကို စိတ်ညစ်စပြုနေခဲ့ပီ.
သုံးရက်ကြီးများတောင် ငါ ဘယ်လိုနေရပါ့…….
အခန်းကို ပြန်လာပီး ခုတင်ပေါ်မှာလှဲနေခဲ့တယ်.
အတူနေရတဲ့အခန်းဖော်ကလဲ မျက်နှာငယ်လေးနဲ့.
ပျင်းစရာကြီးနော်…… ငါတို့ အခုနေ အခန်းထဲကနေ ပျောက်သွားရင်တောင် ဘယ်သူမှ သိမှာ မဟုတ်ဘူးနော်…..
ရယ်စရာ စကားလိုပင် နှစ်ယောက်သား ကျယ်ကျယ်လောင်လောင် ရယ်မောပစ်လိုက်တယ်.
ပီးတော့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပီး အားငယ်လာမိတယ်.
မျက်စိကို စုံမှိတ်ပီး နောင်တဆိုတာ နောင်မှရတာ သိပ်မှန်တာပဲလို့ စိတ်ထဲက ရေရွတ်နေမိတယ်…..
ရုတ်တရက် အခန်းတံခါးကို ပြင်းပြင်းထုသံကြောင့် လန့်သွားမိတယ်.
ဆော့ကြမယ်လေ…. နင်တို့က ဘာလုပ်နေတာလဲ… နင်တို့ကို မတွေ့လို့ ငါက လာခေါ်တာ…. လာဟ အကုန်လုံး ရေထဲ ဆင်းကုန်ပီ….
လာခေါ်တဲ့အမရဲ့ လှိုက်လှဲမှုက အသံတင်မက အမူအရာကပါ ဖက်လှဲတကင်းနိုင်လှသည်.
ရေထဲကိုရောက်သွားတဲ့အချိန်မှာ ပင်လယ်ကြီးရဲ့ဖော်ရွေမှုက ကျမရဲ့စိတ်ကို ပျော်မြူးစေခဲ့ပီ. ရေထဲမှာ ဖားတစ်ကောင်လို ဘောကွင်းကိုပိုက်ရင်း ကူးခတ်နေရင်း တကယ်ကို ပျော်ရွှင်စပြုလာတယ်.
ကမ်းခြေမှာ ထိုင်ပီး အမောဖြေနေရင်းနဲ့ ရိုက်ခတ်လာတဲ့ လှိုင်းလုံးတွေကို ကြည့်နေမိတယ်.
လှိုင်းလုံးတွေက ကမ်းစပ်ဆီ အမောတကော ပြေးလာကြပီး ဝုန်းခနဲ အသံနဲ့ ရိုက်ခတ်အပီးမှာတော့ သောင်စပ်မှာရှိတဲ့ ဘယ်လိုအရာမဆို အားလုံးကို ပင်လယ်ထဲ ဆွဲချသွားခဲ့တယ်.
အဲ့ဒီလိုပါပဲ ကျမရဲ့ဘဝထဲကို လှိုင်းလုံးကြမ်းကြမ်းကြီး တစ်ချက်လို အရိုက်ခတ်ခံလိုက်ရပီးတဲ့နောက်မှာတော့ ကျမရင်ထဲမှာ ရှိနေတဲ့ နာကျင်မှုတွေ အမှတ်ရစရာတွေ နောင်တတွေ အမျက်သိုမှုတွေအားလုံးကို ဒီအချိန်မှာ ဘာဆိုဘာမှ မကျန်အောင်ကို ပင်လယ်ပြင်ကြီးက ဆွဲချသွားခဲ့ပီဖြစ်တယ်.
ပင်လယ်စာချက်ထားတဲ့ ဟင်းတွေရဲ့ အရသာက စားနေကျ အိမ်ထမင်းအိမ်ဟင်းထက် လူကို ပိုပီး စားမြိန်စေခဲ့တယ်. ညဘက်ရောက်တော့ ညနေခင်းက ရေထဲမှာဆော့ထားတဲ့အရှိန်ရယ် ခရီးပန်းလာတဲ့အရှိန်ရယ် ပေါင်းမိပီး လူတွေအားလုံးက စောစောအနားယူနေကြတယ်.
ကျမကတော့ အခန်းထဲမှာ ဘယ်လိုမှ အိပ်လို့မရတဲ့အဆုံး အပြင်ကိုထွက်ခဲ့လိုက်တယ်
ဟိုအခန်း သည်အခန်းတွေကို လိုက်လည်မယ်ဆိုပီးတော့ပေါ့.
အဲ့ဒီမှာပဲ ကျမရဲ့ အချစ်ဆုံးညီမလေး စုပြည့်ကို တွေ့ခဲ့တယ်.
သူကလဲ အိပ်လို့မရလို့ အပြင်ကိုထွက်လာတာတဲ့လေ.
ကျမတို့နှစ်ယောက် ပေါင်းမိပီး ကျမတို့အခန်းကလေးရဲ့ရှေ့က ဝရန်တာလေးမှာ စားစရာမုန့်တချို့ရယ် ကော်ဖီခွက်ရယ်ကိုချပီး နှစ်ယောက်သား ထိုင်နေမိကြတယ်. အဲ့ဒီညကလေးက တကယ်ကို မှတ်မှတ်ရရ ကော်ဖီသောက်ရင်း ရင်ပွင့်ခဲ့တဲ့ညပေါ့.
ညက ထုံးစံအတိုင်း လက မသာဘူး.
ပင်လယ်ကိုကျောခိုင်းထားတဲ့ အခန်းကလေးဖြစ်လို့ ပင်လယ်ပြင်ကြီးကိုလဲ မတွေ့ရဘူး.
ဒါပေမဲ့ တစ်ချက် တစ်ချက်မှာ ရိုက်ခတ်လာတဲ့ လှိုင်းရိုက်သံ တိုးသဲ့သဲ့ကလွဲလို့ ဘာဆိုဘာမှ မကြားရတဲ့ တိတ်ဆိတ်နေတဲ့ ညအမှောင်မှာ နှစ်ယောက်သား ယုံကြည်စွာ ရင်တွင်းခံစားချက်တွေကို ရင်ဖွင့်ခဲ့ကြတယ်.
ညလယ်လောက်အရောက်မှာတော့ အချစ်ဝေဒနာကို ခံစားနေရတဲ့ ကျမတို့ရဲ့ ၁၉ ရာစုအကိုတွေ ရောက်လာပီး သူတို့ရဲ့ အချစ်ရေး အချစ်ရာတွေကို ကျမတို့ကို လူလူသူသူလုပ်ပီး တိုင်ပင်ဆွေးနွေးခဲ့ ကြတယ်. အထီးကျန်စွာနဲ့ အဖော်မဲ့နေရလိမ့်မယ်လို့ ကြိုတင်တွက်ဆထားခဲ့တာတွေဟာ လေထဲမှာ ပျောက်သွားခဲ့တယ်. တကယ့်ကို ရင်းနှီးနွေးထွေးစွာနဲ့ အမှတ်ရစရာ စကားဝိုင်းလေးဖြစ်ခဲ့တယ်. အဲ့ဒီအကြောင်းတွေကို ပြန်တွေးမိလိုက်တိုင်း နောက်တစ်ခါပြန်မရနိုင်တော့မယ့် စကားဝိုင်းလေးကို အမြဲ သတိရနေဖြစ်ခဲ့တယ်.
ဒုတိယမြောက်ရက်မှာတော့ ကျမအတွက် အချစ်ဆုံးသူငယ်ချင်းအသစ် သုံးယောက်ကို ထပ်ရခဲ့တယ်. စုမြတ် နောင်းနောင်နဲ့ မီးလေးပေါ့. သူတို့နဲ့အတူတူ တောင်ကတုံးကို ဆိုင်ကယ်စီးပီး သွားခဲ့တယ်. ပျော်စရာပဲ တစ်ခါမှ ဒီလို မခံစားဖူးခဲ့ဘူး. အရမ်းပျော်ဖို့ကောင်းတယ်. အဲ့ဒီမှာ အတွေ့အကြုံ အသစ်တစ်ခုကို ရခဲ့တယ်. ဆိုင်ကယ်စီးတာပေါ့. စက်ဘီးစီးတတ်ရင် ဆိုင်ကယ်စီးတတ်တယ်လို့ ပြောလို့ ကျမ ဆိုင်ကယ်စီး သင်ခဲ့တယ်. တောင်ကတုံးက နာမည်သာ တောင်ကတုံး သဲသောင်ပြင်တစ်လျှောက်က ပြန့်ပြူးနေတာပဲ. ပီးတော့ ရေကလဲ လှိုင်းလုံးသေးသေးလေးတွေနဲ့ ဟိုးတစ်မျှော်တစ်ခေါ်လောက်အထိ ခြေမျက်စိမြုပ်လောက်ရုံ ရေကလေးတွေနဲ့လေ. သိပ်ပီးလှတယ်.
ဓာတ်ပုံတွေကတော့ ရိုက်ခဲ့တာ စီဒီနဲ့ ၃ ချပ်အပြင် VCD တွေပါ ရိုက်ခဲ့ပါတယ် ဒါက ကြားဖြတ်ကြွားတာပါ. ပုံတွေက မင်းသမီးအလန်းတွေဆိုတော့ စိတ်ညစ်မှာစိုးလို့ ပုံ မတင်တော့ဘူးနော်....:P
အဲ့ဒီနေ့ နေ့လည် ချစ်သူများကျွန်းကို လမ်းလျှောက်ပီး သွားကြတယ်.
ချစ်သူများကျွန်းက ရေတက်ချိန်မှာ ရေတွေဝိုင်းနေတဲ့ကျွန်းဖြစ်ပေမဲ့ ရေကျချိန်မှာတော့ လမ်းလျှောက်ပီးသွားလို့ရတယ်လေ. ချစ်သူများကျွန်းကို ချစ်သူမရှိသေးတဲ့သူတွေ၊ ချစ်သူရဖို့ ကြိုးစားနေတဲ့သူတွေနဲ့ အိမ်ထောင်သည်တွေ တစုတဝေးကြီး စုပီးသွားကြတယ်.
ချစ်သူများကျွန်းရဲ့ နေဝင်အလှကလဲ သိပ်လှတယ်. ချစ်သူနဲ့သာဆိုရင် ပိုပီး ကြည်နူးဖို့ကောင်းပါလိမ့်မယ်. (စကားချပ်)
ချစ်သူများကျွန်းမှာ မျှော်စင်ရှိတယ်ပြောပေမဲ့ ကျမကတော့ လှေကားထစ်တွေကို ကြောက်လွန်းလို့ မတက်ရဲခဲ့ဘူး.
ညဘက်ရောက်တော့ ကျမတို့ ဂိမ်းအမျိုးမျိုး ကစားခဲ့ကြတယ်. ပြန်တွေးတိုင်း အမြဲ စိတ်ထဲမှာ ကြည်နူးခဲ့ရတဲ့ အချိန်လေးတွေပေါ့. ညနက်ပိုင်းရောက်တဲ့အခါမှာတော့ ကျမတို့ မအိပ်ဖြစ်ကြပြန်ဘူး. ဒီတစ်ခါတော့ ကျမနဲ့ စုပြည့်အပြင် စုမြတ်ရယ် မီးလေးရယ် နောင်းနောင်ရယ်ပါ ပါဝင်ခဲ့တယ်.
တတိယမြောက်နေ့ ငွေဆောင်မှာရှိနေတဲ့ ပုဇွန်ကန်ကို အလည်အပတ်သွားအပီးမှာတော့ ကျမတို့ တစ်နေ့ခင်းလုံး သီချင်းတွေ ဆိုဖြစ်ခဲ့ကြတယ်. အဲ့ဒီ သီချင်းဆိုတဲ့အချိန်လေးတွေကို VCD ရိုက်ပီး မှတ်တမ်းတင်ခဲ့တယ်. အမှတ်ရတိုင်း ပြန်ပီး ကြည့်မိတယ်. ကြည့်မိတိုင်း အမြဲ ရယ်မိတယ်. ကျမတို့ သီချင်းဆိုတဲ့အသံကို ကြားရတဲ့ အမတစ်ယောက်က ဝတ်ရွတ်နေတယ်ထင်လို့တဲ့လေ. အဆွေးသီချင်းတွေနဲ့ အချစ်သီချင်းတွေကို အာဗြဲကြီးတွေနဲ့ ဆိုခဲ့ကြတာပေါ့. အဲ့ဒီမှာ ပေါ်ပြူလာအဖြစ်ဆုံး သီချင်းကတော့
အကြင်နာစစ်ရင် ပါ. ဆုန်သင်းပါရ်ငိုသွားပါတယ်...
နောက်တော့ ညနေတခင်းလုံး ရေထဲမှာ ပျော်မြူးနေလိုက်ကြတာ ထမင်းစားဖို့ လူကြီးတွေက ခေါ်ရတဲ့အထိပဲ. တညနေလုံး ရေကူးထားတဲ့အရှိန်ကြောင့် ဘူဖေးထမင်းဟင်းတွေကို အဝအပြဲ စားကြတယ်. မစားခင်မှာတော့ အုန်းရေထဲ ထည့်ထားတဲ့ ရမ်တွေကို သောက်ပစ်သေးတယ်. အဲ့အုန်းရေကလေ ကျမတို့ရဲ့သူငယ်ချင်းကောင်ကလေးဟာ တနေ့ခင်းလုံး ရေကူးတဲ့အခါမှာတောင် အဲ့အုန်းသီးကလေးပိုက်လို့လေ. ဒီကောင် အုန်းရေသောက်လှချည်လားပေါ့. နောက်မှ သူ့အုန်းရေကို သောက်မိမှ အုန်းရေမဟုတ်ဘဲ ရမ်တွေဖြစ်နေတာလေ. နားဘန် သုံးချက်စီ ကျင်းလိုက်ကြပါတယ်.. ဒီကောင် ခွက်ပုန်းအုပ်နေတာပါ....အဲ့လိုမျိုးပါ. သိပ်ချစ်ဖို့ ကောင်းပါတယ် ကျမရဲ့ သူငယ်ချင်းကလေးတွေကလေ...
အဲ့ဒီညက ခနပဲ ဂိမ်းကစားဖြစ်ကြပီး မနက်စောစော ပြန်မယ်လို့ဆိုတာကြောင့် လူတွေအကုန်လုံး အိပ်မောကျနေကြတယ်. ကျမတို့ကတော့ ထုံးစံအတိုင်း သည်လိုညလေးတွေကို မအိပ်ရက်ခဲ့ဘူး. ဒါပေမဲ့ ဒီတစ်ညကတော့ ကော်ဖီညမဟုတ်ဘဲ အဲ့သူငယ်ချင်းဆီက ရမ်ပုလင်းလေးထောင့် လက်လေးလုံးကျော်ကျော်ကို ဓားပြတိုက်လိုက်ကြပီး သောက်ဖြစ်တယ်. သောက်မယ်ဆိုတုန်းက အကုန်လုံး. တကယ်သောက်တော့ ကျမနဲ့ စုမြတ် နှစ်ယောက်တည်း. စုမြတ်ကို ကော်ဖီခွက်ထဲ ထည့်ပေးလိုက်ပီး ကျန်တဲ့ လက်လေးလုံးသာသာလောက် အရည်တွေကို ရေမရောဘဲ မော့ချပစ်လိုက်မိတယ်. မူးတာမှ တစ်ကိုယ်လုံး ချွေးစေးတွေပြန်ပီး ချာချာလည်သွားတယ်. တခါဖူးမှ မသောက်ဖူးတာကြောင့်လဲ ပါမယ်. လူက ဟန်မပျက် စကားပြောနေပေမဲ့ ကျမ တကယ်ကို မူးနေခဲ့ပီ. မူးသွားတယ်လို့ ပြောရင် ဝိုင်းပီး ဆူကြဆဲကြမှာမို့ ဟန်မပျက်နေနေပါတယ်. ဒါပေမဲ့ ဒူးခေါင်းလောက် ဝရန်တာကိုကျော်တာ အောက်ကို ပြုတ်ကျသွားပါတယ်... အဲ့တော့မှ မူးနေမှန်းသိကြပါတယ်... နားရွက်တွေတော့ ထူပူသွားတာပါပဲ. ဝိုင်းပီး ဆွဲလိမ်ကြတာပါ.. အဲ့လိုချစ်ကြပါတယ်.
တညလုံး မအိပ်ဖြစ်ပေမဲ့ မနက်မိုးအလင်းမှာလဲ အိပ်ချင်စိတ်လုံးဝရှိမနေခဲ့ဘူး. ခွဲခွာရတော့မယ် ကမ်းခြေကို မနက်စောစော ထပီး နှုတ်ဆက်မယ်ဆိုပီး ကျမ ကမ်းစပ်ကို တစ်ယောက်တည်း ဆင်းခဲ့တယ်. ကမ်းခြေတစ်ခုလုံးမှာ လူ တစ်ယောက်စ နှစ်ယောက်စကလွဲလို့ ဘယ်သူမှ ရှိမနေခဲ့ဘူး. ကျောက်ဆောင်တစ်ခုပေါ်ကို တက်ပီး ပင်လယ်ထဲကို မကျေနပ်ချက်တွေ ရင်ထဲမှာ ခံစားရတာတွေ နာကျင်စရာအတွေးတွေကို ဟစ်အော်ထုတ်ပစ်ခဲ့တယ်. အရူးတစ်ယောက်လိုပါပဲ. စိတ်ထဲပေါ့ပါးသွားပါတယ်. လွန်းထားထား ဝတ္ထုထဲကလိုပေါ့. နင့်ကိုမုန်းတယ် နင်မုန်းတာထက် ပိုတယ် စသဖြင့်ပေါ့လေ. အဲ့လိုကြောင်ပါတယ်... ပင်လယ်ကြီးက နားညည်းလို့ထင်ပါတယ်. လှိုင်းလုံးကြီးကြီးတစ်လုံး ရိုက်လိုက်တာ ကျမ လန့်ပီး အောက်ဆင်းပြေးရပါတယ်.
နောက်တော့ ကမ်းခြေတစ်လျှောက် တိတ်တိတ်လေး လမ်းလျှောက်ရင်း ခရုလေးတွေပဲ ကောက်ခဲ့ပါတယ်.
ဟိုတယ်ရှေ့ကို ပြန်အရောက်မှာတော့ ကျမရဲ့သူငယ်ချင်းမလေးတွေက ကမ်းစပ်ကို ရောက်နေခဲ့ပီ.
ကျမရဲ့ သိပ်ကဲတဲ့ သူငယ်ချင်းမတွေက သဲတွေနဲ့လူးနေကြပါပီ. သူတို့နဲ့အတူတူ သဲတွေနဲ့ ဆော့ပစ်လိုက်တယ်.
မြေကွက်တွေဖော်. ခရုလေးတွေနဲ့ အလှဆင်ပေါ့.
အဲ့ဒီမှာ ပို့စ်အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကြသေးတယ်.
ပျော်မြူးလို့ မဝခင်မှာ ကျမတို့ရဲ့ အိမ်အပြန်ခရီးကို စတင်ခဲ့ရတယ်.
ဒီခရီးလေးမှာ ပြန်တွေးတိုင်း အမှတ်ရစရာပုံရိပ်လေးတွေ အများကြီးရှိနေခဲ့တယ်.
ကျမတို့ရဲ့ သောင်စပ်ပေါ်မှာ တင်ကျန်ခဲ့တဲ့ ခြေရာတွေဟာ
လှိုင်းလုံးတွေရဲ့အောက်မှာ အလွယ်တကူ ပျောက်ပြယ်နိုင်ခဲ့ပေမဲ့
ရင်းနှီးခဲ့ရတဲ့ ခင်မင်မှုတွေကတော့ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး.
နေရာတွေ ဘယ်လောက်ပဲ ဝေးနေပါစေ အချိန်တွေ ဘယ်လောက်ပဲ အကုန်မြန်ပါစေ အခြေအနေတွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ ကျမတို့ သူငယ်ချင်းငါးယောက်ရဲ့ခင်မင်မှုတွေကိုတော့ ပျောက်ပျက်မသွားစေချင်ပါဘူး.
ပျောက်သွားလိမ့်မယ်လို့လဲ ကျမတော့ မယုံကြည်ခဲ့ပါဘူး.
ပြန်တွေးတိုင်း အမြဲအမှတ်ရတဲ့ ဒီခရီးလေးကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး.
ဒီလိုခရီးမျိုးကို နောက်တစ်ခေါက်ထပ်သွားချင်ရင် ရပေမဲ့
အဲ့ဒီအချိန်မှာ ရခဲ့တဲ့ ပျော်ရွှင်မှု နားလည်မှု ခင်မင်မှု သံယောဇဉ်
ဒါတွေကိုတော့ နောက်တစ်ခေါက် ထပ်တူပြန်ရချင်မှ ရတော့မှာပါ.
ဒါပေမဲ့ ကျမ နောက်တစ်ခေါက် ဒီလိုမျိုး သူငယ်ချင်းတွေနဲ့အတူတူ ပင်လယ်အပန်းဖြေခရီးကို သွားခွင့်ရချင်ပါသေးတယ်...
သွားခွင့်ရမယ်လို့လဲ စိတ်ထဲက ယုံကြည်ထားပါတယ်...
(၂၆-၁-၂၀၀၈ ခုနှစ်၊ ငွေဆောင်အမှတ်တရခရီး)
Subscribe to:
Post Comments (Atom)
ငွေဆောင်ကိုတခါမှမရောက်ဖူးဘူး.... ဒီလိုချစ်စရာကောင်းတဲ့သူငယ်ချင်းတွေနဲ့အတူတူ... ဒီလိုခရီးမျိုးသွားရတာ... တကယ့်ကိုအမှတ်တရဘဲနော်.... ဖတ်ရတာကြည်နူးမိပါတယ်....
ReplyDeleteရေကူးတတ်တယ်တဲ့။ အနော့် ရဲ့ ခင် ဖြင့် မနာလိုလိုက်တာနော်။ :P
ReplyDeleteရန်ကုန်သူ မလုပ်တတ်တာတွေက ခပ်များများရယ်။
စက်ဘီး၊ ဆိုင်ကယ် မစီးတတ်ဘူး။ ရေမကူးတတ်ဘူး။
အပျော်တွေခဏငှားသွားဒယ်။ (ပြန်ပေးဘူး ဟိ)။
ရေမကူးတတ်ပါဘူးကွယ် ဘောကွင်းကိုပိုက်ပီး ဖားလို အလျားလိုက် ခြေကန်ဆော့တာပါ... ညကျတော့ ချိုင်းတွေနဲ့ ရင်ဘတ်တွေ နာလိုက်တာ
ReplyDeleteဘောကွင်းကြောင့် ဒင်းကြောင့်......... :P
ငွေဆောင် ကဘယ်မှာရှိမှန်းတောင်မသိဘူးအမရေ
ReplyDeleteအလိုပျော်စရာဘဝတော့ ဝေးရော
ဖတ်ရတာ
လွမ်းသလို ပျော်သလို ကြီး
ဟဲဟဲ ဒီအမ ကမ်းခြေသွား တာတောင်
ဘိကနီ ပုံလေးရိုက်မလာဘူး(ကတော့နော်)
ရိုက်ချင်ပါတယ် ကြယ်ကလေးရယ်....
ReplyDeleteဒါပေမဲ့ အမရဲ့ ဘီကနီဝတ်စုံနဲ့ပုံကို လူတွေမြင်ရင် သူတို့ ပင်လယ်ထဲကိုပဲ ဆင်းမယ် တကဲကဲလုပ်နေကြလို့ လူတွေ အသက်ကို ကယ်တဲ့အနေနဲ့ မရိုက်ခဲ့တာပါ... ခွိခွိ
ကိလေသာကုန်တယ်ပြောလို့ လုံလုံခြုံခြုံဝတ်ပီး ရေဆင်းကူးရပါတယ်
ရယ်စရာက အမက မျက်မှန်နဲ့ဆိုတော့ မျက်မှန်မပါရင် လူက မသဲကွဲဘူးရယ်
အဲ့တော့ မျက်မှန်နဲ့ရေဆော့ရတယ်. ကြိုးနဲ့ချည်ပီးလေ. ဟိဟိ
ဂလို ကဲခဲ့တယ်ကွယ့်... လွန်လေပီးခဲ့တဲ့ အတိတ်ကပါ
ကိုမြစ်ကျိုးအင်းကို အားကျလို့ ပင်လယ်ပို့စ်ကို တင်တာပါ
မရေ.. ငွေဆောင်အမှတ်တရလေး ဖတ်လို့ ကောင်းတယ်။ ချစ်ဖို့ ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ကဲခွင့်ရတဲ့အချိန်လေးတွေက ကြည်နူးစရာလေးပါ။ အားတောင်ကျတယ်။ ငွေဆောင်ကို တခါမှ မရောက်ဖူးဘူး။
ReplyDeleteငွေဆောင်တဲ့..တခါမှ ရောက်ဖူးဘူး..
ReplyDeleteဒါလေးဖတ်လိုက်တာ သယ်ရင်းတွေကို သတိရသွားတယ်..
sis လေး ....အရေးအသားကောင်းသားပဲ..များများရေးလကွယ်...:)
မနာလို ဖြစ်မိတယ်ဗျာ၊ ဧရာဝတီသားက ငွေဆောင်မရောက်ဖူးဘူး။
ReplyDeleteရမ်ကိုရေမရောဘဲမော့တယ်ဆိုလို့ ကျနော်မောင်သားကြီးက
ReplyDelete“ဆလံ”ပေးသွားပါတယ်။
ပင်လယ်နားပဲငြီးလို့လှိုင်းလုံးကြီးကြီးပို့လိုက်တာတော်သေးတယ်
ပင်လယ်စိတ်ဆိုးရင်တော့ ဆူနာမီပဲ ဟီးးးးးးးး
ညီမရေ ဒီပိုစ်လေးဖတ်ပြီးတော့ ငွေဆောင်ကိုသွားချင်လိုက်တာ။ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ချောင်းသာလေးကို လွမ်းမိတယ်။အခု အကိုနေတဲ့နေရာက ကမ်းခြေနားလေးမှာပါ။သဘာဝမဟုတ်တော့ တိုဆီက ကမ်းခြေတွေလိုလဲ မလှဘူး။ဒီလှိုင်းတွေလဲ မများဘူးလေ။အဲဒီကမ်းခြေကို မသွားမိတာပဲ များပါတယ်။
ReplyDelete