Tuesday, July 14, 2009

စောင့်ဆိုင်းရခြင်းတွေမှာ

စောင့်ဆိုင်းရခြင်းတွေမှာ

ငါတို့အတွက်တော့ စောင့်ဆိုင်းရခြင်းတွေမှာ အသားကျနေကြပြီ

လူ့လောကထဲရောက်ဖို့ ကိုးလ စောင့်ရတယ်
စကားပြောတတ်ဖို့ တနှစ်ခွဲလောက် စောင့်ရတယ်

စာသင်ကျောင်းရောက်ဖို့ ငါးနှစ် စောင့်ရတယ်
ကြီးကောင်ဝင်ဖို့ 14 နှစ်လောက် စောင့်ရတယ်

အဆင့်မြင့်တက္ကသိုလ်ဆိုတာ တက်ရဖို့ ဆယ်တန်းအောင်တဲ့အထိ စောင့်ရတယ်
ကံကောင်းရင်ပေါ့လေ ဘွဲ့ရဖို့ 3 နှစ်လောက်တော့ စောင့်ရမယ်

အလုပ်ရဖို့ဆိုလဲ ခန့်မယ့်သူကိုစောင့်ရသေးတယ်
သွားလိုရာရောက်ဖို့ ကျောက်ချထားတဲ့လိုင်းကားပေါ်မှာ ထိုင်စောင့်ရတယ်

အီးမေးတခါပို့ဖို့ ကော်နက်ရှင်ကောင်းတာကို စောင့်ရတယ်
သတင်းဆိုက်တခု ဖတ်ရဖို့ ဆိုင်ကလူအလစ်ကို စောင့်ရတယ်

လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် စားပွဲထိုး လာအမေးကို စောင့်ရတယ်
ချစ်သူရဖို့တောင် သူ့အဖြေကို ရင်ခုန်စွာ စောင့်နေရသေးတာပဲ

ဟုတ်တယ်
ဒါဟာ ပုံသေကားချပ်ပဲ
စောင့်ရမယ်

ပြောင်းလဲဖို့အတွက်ဆို အပြောင်းအလဲကို စောင့်ကိုစောင့်ရမယ်
စနစ်ဆိုးတခုကလွတ်မြောက်ဖို့ မျိုးဆက်တွေတခုစာမက စောင့်နေရဆဲပဲ

အချင်းချင်းညီညွတ်ဖို့တဲ့
တွေ့ဆုံဆွေးနွေးပွဲတွေ တခုပြီး တခု စောင့်ရသေးတာပဲကွယ်

ဒီမိုကရေစီရဖို့အတွက်ဆိုရင်တော့ စောင့်ကို စောင့်ရမှာပေါ့
ဟော ယုံကြည်မှုတခုအတွက်တဲ့ 65 နှစ်စာ စောင့်ရပြန်ဦးမယ်

ငါတို့အတွက်ကတော့ စောင့်ဆိုင်းရခြင်းတွေမှာ အသားကျနေကြပြီပဲလေ……..။
ပြည့်စုံ (19-11-2007, 12:00 PM)

1 comment:

  1. မပြည့်စုံ.........
    အတွေးလေ ရိုးရှင်းပြီ
    စိတ်ကူလေး တအားကောင်းတယ်။
    ရေထဲက ငါး ရေကို သတိမထားသလိုဖြစ်နေကြမို့ မထင်းရှားပေမဲ့ 
    လက်တွေ့  ဖြစ်နေတာကို ပြန်တွေးမိလို့ 
    ရေးသူကိုကျေးဇူးတင်မိတယ်...။

    ReplyDelete