Friday, July 31, 2009

ဇာတ်သိမ်းခန်း

ဒီလိုနဲ့ပဲ ဇာတ်ကားတစ်ခုလုံး နိုင်နင်းအောင် သရုပ်ဆောင်လာလိုက်တာ
ဇာတ်သိမ်းခန်းတောင် ရောက်တော့မှာပါလား
ဒါ့ထက် ဘယ်လိုဇာတ်သိမ်းရပါ့…….

အစကတည်းက ဇာတ်သိမ်းမပါတဲ့ ရုပ်ရှင်တစ်ကားမှာ
ဇာတ်ကားပီးခါနီးဆို ရောက်လာတတ်တဲ့ ရဲသားတွေတောင် စောင့်နေပီ
မင်းသမီးကို အသေသတ်ရမလား
မင်းသားနဲ့ ပေါင်းပေးရမလား
သေကွဲက ပရိသတ်ရဲ့ရင်ကို ဖမ်းစားနိုင်ပါ့မလား
ပျော်ရွှင်စွာ ပေါင်းဖက်ပေးရမလား
မင်းသမီးအမေမှာ ဘာလို့ နှလုံးရောဂါရှိမနေတာလဲ
မင်းသားမှာ မွေးစားအမတစ်ယောက်လောက် ပါရင်တောင် ဇာတ်က လှနေရဲ့
ဒါတွေကလဲ ရိုးလွန်းလှရဲ့
နောက်ထပ် ဇာတ်ပို့တစ်ယောက်လောက် ထည့်ထားရမှာ
အခုတော့……..

ဒါဆို နောက်ဆုံးမိနစ်ရောက်တဲ့အထိ မျှော်လင့်ချက်တွေပေးထားရမလား
ဇာတ်သိမ်းက ခပ်ဆန်းဆန်းဆို ပရိသတ်စိတ်ဝင်စားမလား

နဂိုထဲက ဇာတ်သိမ်းမပါတဲ့ ဇာတ်ကားကို
ဒါရိုက်တာက လက်ရှောင်ချင်နေတယ်
ထုတ်လုပ်သူက ဇာတ်ဆွဲစန့်ချင်တယ်
မင်းသားက မင်းသမီးပြောင်းစေချင်နေပီ
မင်းသမီးက နောက်တစ်ကားအတွက် ပညာကုန်ထုတ်သုံးနေလေရဲ့
ဇာတ်ရံတွေကတော့ နေ့တွက်ကိုပဲ စိတ်ဝင်စားနေတယ်
မဆီမဆိုင် လူကြမ်းတွေက ဇာတ်သိမ်းမှာ သူတို့လုပ်ကွက် အပြည့်ရချင်တယ်ဆိုပဲ
မာမီတွေက မင်းသမီးနဲ့ ထုတ်လုပ်သူအကြောင်း မဲ့ရွဲ့တင်းဆိုနေလေရဲ့
ဒီဇာတ်ကို ဘယ်လိုသိမ်းမလဲ

ပါဝင်တဲ့သူတွေရဲ့ ဖြစ်ချင်လောဘတွေက ဇာတ်သိမ်းဖို့ ခက်နေပီ
တုံးတိတိကြီးဖြတ်လိုက်ရင် ရုံတင်ရင် ရင်တုန်ရလိမ့်မယ်
ပြီးပါပီ စာတန်းထိုးဖို့ အချိန်ကလဲ နီးနေပီ
ဇာတ်ကို ဘယ်လိုသိမ်းရပါ့…….
ဒီလိုနဲ့ပဲ ဇာတ်သိမ်းခန်းကို ရောက်လာပါတော့တယ်……..

ပြည့်စုံ (၃၁-၇-၂၀၀၉၊ ၉း၃၂ pm)

7 comments:

  1. ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်က ဒါရိုက်တာ အလိုကျ သိမ်းရမှာ မဟုတ်ဘူးလား?
    အင်းလေ လောကရိုက်ကွင်းထဲမှာလည်း ဘယ်သူတွေက ဘယ်လိုဖြစ်ချင်၊ ဖြစ်ချင် ဒါရိုက်တာ(ကံကြမ္မာ) အလိုကျ သရုပ်ဆောင်ရတာပဲ မဟုတ်လား ...

    ထင်တာတွေ စွတ်ပြောသွားပြီး ...ပြန်ပြီ။
    ခင်တဲ့

    ReplyDelete
  2. ဒီတပုဒ်တော့ အမှန်အကန်ခိုက်တယ် ငါ့နှမ။
    လက်ရည်တွေတက်လာဘီ။ :D

    "ဇာတ်ကားပီးခါနီးဆို ရောက်လာတတ်တဲ့ ရဲသားတွေတောင် စောင့်နေပီ" တဲ့လား.. ကွက်ကွက်ကွင်းကွင်းပဲ။ :)

    ReplyDelete
  3. နော်လေး....... ဇာတ်ဆရာအလိုကျ သီချင်းလေး ညည်းမိတယ်နော်။
    ရဲတွေကတော့ ဇာတ်သိမ်းခန်းပြီးမှ ရောက်လိမ့်မယ်။ ကားဆီသွားထုတ်နေလို့တဲ့.. အဲ ဟုတ်ဘူး... ဆီသွားထည့်နေလို့. အဟီးးးးး
    ပျော်ရွှင်ပါစေ။
    မည်သို့ သိမ်းမည်မသေချာသော ဇာတ်သိမ်းခန်းအား လာရောက်သိမ်းယူသွားကြောင်းးးးးးးးးးးးး

    ReplyDelete
  4. ဇတ်သိမ်းတဲ့..ဘယ်လိုသိမ်းမှာလဲ..ဆိုတာ..
    ပိတ်ကားပေါ်မှာ..စောင့်မျော်နေပါတယ်..ဟီးးးးး

    ReplyDelete
  5. ဇာတ်ဘယ်လိုသိမ်းရမှန်းမသိရင်.... ဒီိတိုင်းဘဲထားလိုက်ပြီး.... ပရိသတ်တွေကိုမေးခွန်းတွေနဲ့ထားခဲ့လိုက်တာကောင်းမလား?

    ReplyDelete
  6. ငါကိုယ်တိုင် ဒါရိုက်တာလုပ်
    ငါကိုယ်တိုင် လူကြမ်း
    ငါကိုယ်တိုင် မင်းသမီးလုပ်တဲ့ ဒီဇာတ်
    ဘယ်လို ဇာတ်သိမ်းရမလဲ
    ကဲပြော...
    ခံစားသွားတယ် အနော်ရေ အဆင်ပြေတယ်ဟုတ်

    ReplyDelete
  7. မင်းတားနဲ့မင်းတမီးကို ပေးဂျားလိုက်..
    မပေးဂျားရင် အဲ့ဇာတ်မကြည့်ဗူး..
    ဒါပဲ...

    ReplyDelete