Thursday, September 10, 2009

မျှော်လင့်ချက်

ဖြစ်နိုင်မယ်ဆို
ကလေးဘဝကနေ မကြီးပြင်းပါရစေနဲ့တော့လား
လွတ်လပ်ပေါ့ပါးတဲ့ ဘဝအတွက်
လူကြီးအဖြစ်က အသက်ရှုကျပ်သလားလို့

ဖြစ်နိုင်မယ်ဆို
မေမေ့ဘေးက ဝေးမသွားပါရစေနဲ့တော့လား
ငြိမ်းချမ်းအေးမြတဲ့ ဘဝအတွက်
လုံခြုံရာ ရင်ခွင်တစ်ခု လိုအပ်နေသလားလို့

ဖြစ်နိုင်မယ်ဆို
ငါချစ်တဲ့သူနဲ့ အတူတူနေခွင့်ရပါရစေလား
ရင်ခုန်ကြည်နူးခွင့်ရမယ့် ဘဝအတွက်
ထီးတည်းနေရမှုက ခြောက်ကပ်နေသလားလို့

ဖြစ်နိုင်မယ်ဆို
ငါ့မြို့ကလေးကနေ ခွဲမသွားပါရစေနဲ့တော့လား
ခေတ်မီတိုးတက်တဲ့ လူနေမှုစနစ်က
လူပီသမှုကို ခြိမ်းခြောက်နေသလားလို့

ဖြစ်နိုင်မယ်ဆို
ကိုယ်ယုံကြည်ရာသာ ကိုယ်လုပ်ခွင့်ရပါရစေလား
မျှော်လင့်နေတဲ့ အောင်မြင်မှုပန်းတိုင်အတွက်
စိတ်ဓာတ်ခွန်အားက ပိုလိုအပ်သလားလို့

ဖြစ်နိုင်မယ်ဆိုရင်လေ
ငါယုံကြည်ရာ
ငါစွဲကိုင်ထားတဲ့ ငါ့အယူအဆနဲ့
ငါဖြတ်သန်းရာ ငါ့အတိတ်က
ငါ့သမိုင်းကို မော်ကွန်းထိုးစေချင်လို့ပါ….

ပြည့်စုံ
(၁၀-၉-၂၀၀၉၊ ၁၀း၂၀ pm)

14 comments:

  1. ဖြစ်နိုင်မယ်ဆိုရင်
    ကဗျာလေးကတော်တော်ကောင်းတယ်လို့
    ပြောတာကို လက်ခံပေးပါလား
    အဖွဲ့အနွဲ့ စာသားလေးတွေက
    သိပ်ကို အဓိပ္ပါယ်ရှိလွန်းလို့ပါ..။

    အားကျမိတယ်ဗျို့၊ကိုယ်တိုင်ကအဖြစ်မရှိတော့ သူများရေးထားတာတွေကိုအရမ်း
    နှစ်သက်မိတယ်။

    ReplyDelete
  2. ဟုတ်တယ် အနော်ရေ.. ကျွန်တော်ဘ၀မှာ သိပ်ပြီး လောဘကြီးကြီး တောင်းဆိုချင်တာတွေ မရှိပါဘူးဗျာ။

    ကလေးဘ၀လေးပဲ ပြန်ရချင်တာပါ... :P

    yu ya

    ReplyDelete
  3. ဖြစ်နိုင်မယ်ဆိုရင်လေ
    စာမသင်ပဲနဲ့ ဘွဲ့ရပါစေလား
    အလုပ်လဲ ရပါစေ
    ပိုက်ဆံများများနဲ့ပေါ့

    ဟိဟိ ဟုတ်တယ်နော် အဲဒါလေး ပြည့်စုံပြောသလို ဖြစ်ရင်ကောင်းမယ် ဟိဟိ

    ReplyDelete
  4. ဖြစ်နိုင်မယ်ဆို .... ... ...

    ReplyDelete
  5. ဖြစ်နိုင်မယ်ဆိုရင်
    အနော်ဖြစ်ချင်နေတာတွေ
    လိုချင်နေတာတွေ
    ချစ်သူနဲ့ အတူ လောကကို အံတုချင်တာတွေ
    စိတ်ဓါတ်ခွန်အားတွေ
    ယုံကြည်မှုတွေ
    အယူအဆတွေ
    အားလုံး အကောင်အထည်ပေါ်လာပါစေ
    ရရှိပိုင်ဆိုင်လာပါစေ
    ဆန္ဒတွေပြည့်ဝပါစေ

    ခင်တဲ့
    ရန်ကုန်သား
    အေးမြသာယာရှိပါစေ

    ReplyDelete
  6. ဖြစ်နိုင်မယ်ဆိုရင်တော့ ဖြစ်ချင်ခဲ့တာတွေအများကြီးပါ
    ဖြစ်မလာတာကတော့ ဘာတတ်နိုင်မှာလဲလေ
    ငြိမ်းအေးရာ လုံခြုံရာဖြစ်တဲ့အမေ့ရင်ခွင်နဲ့လည်း နှစ်တွေအကြာကြီးဝေးခဲ့ရပြီ ချစ်ခဲ့ဖူးသူတွေရဲ့ မင်္ဂလာသတင်းလည်း အကြိမ်ကြိမ်ကြားခဲ့ရပြီ
    အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးမျိုးသာရှိတဲ့ ယန္တရားဆန်ဆန် နိုင်ငံတော်ကြီးမှာ အခြေကျနေခဲ့ရတာလည်းကြာပြီ ခုနေများ အိမ်ပြန်ဖြစ်ခဲ့ရင် မြို့အဝင်ဝက “လှိုက်လှဲစွာကြိုဆိုပါတယ်”ဆိုတဲ့ ဆိုင်းဘုတ်က ကိုယ့်ကို မမှတ်မိတော့သယောင်နဲ့ စိမ်းစိမ်းကြီးကြည့်နေမလားပဲ
    ဘာပဲပြောပြော ကိုယ့်အောင်မြင်မှု ကိုယ့်ပန်းတိုင်အတွက်
    ယုံကြည်ရာကိုစွဲကိုင်ပြီး လျှောက်လှမ်းခွင့်ရှိလိမ့်မယ်လို့ ရေးရေးလေးတော့ မျှော်လင့်မိပါသေးတယ် ... ကိုယ့်သမိုင်းကိုယ်ရေးထွင်းနိုင်ဖို့ပေါ့လေ

    ReplyDelete
  7. ဖြစ်ချင်သမျှတွေ ဖြစ်နိုင်ပါစေကွယ်

    ReplyDelete
  8. အနော်ရေ ရောက်လာတယ်နော်။
    ခေတ်မီတိုးတက်တဲ့ လူနေမှုစနစ်က
    လူပီသမှုကို ခြိမ်းခြောက်နေသလားလို့ ဆိုတဲ့နေရာလေး အကြိုက်ဆုံးပဲနော်။
    ခင်မင်စွာဖြင့်

    ReplyDelete
  9. ဖြစ်နိုင်မယ်ဆိုရင်..လေယာဉ်ပျံ
    အလကား..စီးချင်တယ်..ဟီးးး

    နဒီမိုးညို။

    ReplyDelete
  10. ဖြစ်နိုင်မယ်ဆို ..
    ဖြစ်ချင်တာတွေက နည်းနိုင်သမျှနည်းချင်တယ် အနော်..
    အနော့်ရဲ့ ခင်

    ReplyDelete
  11. ဖြစ်ချင်တာတွေ ဖြစ်လာနိုင်ပါစေဗျာ။ကဗျာလေးကို အတော်သဘောကျမိတယ်။ဟဲ....စိတ်ကူးယဉ်တာ ကောင်းလွန်းလို့ပါ။ပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  12. အော်ညလေးရေ....ဖြစ်နိုင်မယ်ဆိုရင် တဲ့လား..
    ခုတလောကဗျာတွေချည်းရေးနေတယ်ပေါ့..။

    ReplyDelete
  13. "ဖြူစင်နေသောကလေးလေးဘ၀ကို ပြန်ရချင်သည်။
    အလိမ်ညာတွေကင်း ကလေးလေးတစ်ယောက်လို ပြန်ဖြစ်ချင်သည်။
    ရင်မှာဘာမှ မရှိတဲ့ ဘ၀ကိုခံစားချင်သည်။
    အိမ်မက်များမှာလဲ ဘာမှမရှိ
    ချစ်သူမုန်းမှာလဲ ဘာမှမသိ
    ချစ်စရာလောကထဲ ငါ့ရဲ့စိတ်တွေပြန်ပြီး မရတော့ပြီ... "
    ခင်ဘုဏ်းနဲ့ရွှေထိုက် ဆိုထားတဲ့ သီချင်းပါ ...

    ReplyDelete
  14. ကိုယ်ကတော့ အဲ့လိုတွေ သိပ်မစဉ်းစားချင်တော့ပါဘူး အနော်ရယ်... စိတ်ကိုလျှော့ထားလိုက်တယ်...
    ဖြစ်နိုင်မယ်ဆို...
    အီကြာကွေးနဲ့ ပဲပြုတ်စားချင်တယ်...
    တကယ်ပြောတာ...

    ReplyDelete