Sunday, November 1, 2009

အမှတ်ရမိတဲ့ တန်ဆောင်တိုင်ညနဲ့ မွေးနေ့ဆုတောင်းများ

သူငယ်ချင်းလေး: စုံရေ
3:30 PM ''ရာဇာဝင်းသိန်းက ဆန်ကွ''
ရန်ပိုင်က ဗီဗီ ကွ
ငါက ငါးမျိုးရနေပြီ
မင်းရော
ဟေ့ကောင် ဟိုဘက်လမ်းမှာ
ဘဲသား ဆန်ပြုတ်တိုက်နေတယ်
ဒါပြီးရင်သွားမယ်

စုံရေ
ဒီအသံတွေက ဘာလဲသိလား
ပြီးတော့ ဒီနေ့ ဘာနေ့လဲသိလား
လမ်းတိုင်းမှာ နိဗ္ဗာန်ဈေးလုပ်နေတယ်

စုံမှတ်မိသေးလား
မနှစ်က စုံတို့အိမ်က ခေါက်ဆွဲခြောက်(အာလူးကြော်လားမသိဘူး)
တစ်ထုပ်ကျန်နေလို့ စားလိုက်တာ
မဲသမားပြန်လာလို့ ပြန်ဝယ်ပေးလိုက်ရတယ်ဆိုတာလေ
စုံပြောပြ တာ မှတ်မိသေးတယ်………….

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ဆိုတာကို ကျမ သူငယ်ချင်းရဲ့ ဂျီတော့ကနေ ကျမအတွက် ထားခဲ့တဲ့ မက်ဆေ့ခ်ျကို မြင်မှ အမှတ်ရခဲ့တယ်.. ဘန်ကောက်ရဲ့ ညတွေမှာ ညတိုင်း ညတိုင်း မီးရှုးမီးပန်းတွေ ဖောက်နေတာ ဗျောက်အိုးတွေ ဖောက်နေတာကို ကြားနေမိပေမဲ့လဲ စိတ်ထဲမှာ မေ့လျော့နေမိတယ်.. ဒီနေ့ မနက်တော့ ဈေးထဲမှာ ငှက်ပျောအူတုံးတွေပေါ်မှာ ပန်းအလှတွေ ဖယောင်းတိုင်တွေ တန်ဆာဆင်ထားတာ တွေ့ပေမဲ့လဲ သာမန်ကာလျံကာသာ သဘောထားမိတယ်..

မြန်မာပြည်ရဲ့ ကော်နက်ရှင်က ကောင်းလွန်းတော့ သူမ မေးမပို့နိုင်ခဲ့ဘဲ ကျမဆီကို ဂျီတော့ကနေ စာအရှည်ကြီး လှမ်းရေးခဲ့ပါတယ်.. အဲ့ဒီစာသားတွေထဲမှာ ကျမကို လွမ်းဆွတ်ခြင်းတွေနဲ့ ကျမ ပြောခဲ့ဖူးတဲ့ စကားလုံးတွေကို သူ အမှတ်ရနေတယ်ဆိုတာကို ကျမ သိခွင့်ရခဲ့တယ်.. ဒီစာသားလေးတွေ ဖတ်နေရင်းနဲ့ စိတ်ထဲမှာ ကြည်ကြည်နူးနူး ခံစားနေမိတယ်.. တစ်ဆက်တည်းမှာပဲ ကျမတို့ ငယ်ငယ် ကလေးဘဝကတည်းကနေ အခုအချိန်အထိ မေ့မရနိုင်ခဲ့တဲ့ ကျမတို့ရဲ့ တန်ဆောင်တိုင်ညလေးတွေကိုလဲ ပြန်အမှတ်ရမိပါတယ်…

ဒီဂျီတော့ထဲက စာသားတွေက ဘာကို ရည်ညွှန်းသလဲဆိုတာကို ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေတဲ့သူတွေတိုင်း သဘောပေါက်ကြပါလိမ့်မယ်.. တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် ကျမတို့ ဆင်ခြေဖုံး ရပ်ကွက်ကလေးတွေမှာ တတ်နိုင်တဲ့သူတွေက မိသားစုအလိုက်၊ တစ်ဦးချင်းအလိုက် ဒါမှမဟုတ် လမ်းတိုင်း လမ်းတိုင်းက စုပေါင်းပီး ပိုက်ဆံတွေကောက်ပီး နိဗ္ဗာန်ဈေးပွဲတော် လုပ်လေ့ရှိကြပါတယ်.. တန်ဆောင်မုန်းလပြည့် မတိုင်ခင် တစ်ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော်တစ်ရက်နေ့ ပေါင်းသုံးရက် လုပ်ကြတာပါ..

အဲ့ဒီ နိဗ္ဗာန်ဈေးပွဲတော်မှာ တတ်နိုင်တဲ့သူတွေက တတ်နိုင်တဲ့အလျောက် ဒါမှမဟုတ် စုပေါင်းစပ်ပေါင်း ကျွေးမွေးတဲ့သူတွေကလဲ စုပီး မုန့်ဟင်းခါး၊ မုန့်တီ၊ ကြာဇံချက်၊ ကြာဇံကြော်၊ ဆန်ပြုတ်၊ သာကူ၊…. စတာတွေကို လာသမျှ ကလေး၊ လူငယ်၊ လူကြီး၊ အပျို၊ အအို အကုန် သိသိ မသိသိ အကုန် လက်ဆွဲပီးကို ခေါ်ပီး ကျွေးပါတယ်.. အယုတ်အလတ် အမြတ်မရွေး ကျွေးမွေးကြပါတယ်.. တချို့တွေများဆို ဆန်တို့၊ ဆီတို့ပါ ပေးပါတယ်.. အဲ့လိုနေရာမျိုးဆို လူတွေ ကြိတ်ကြိတ်တိုးပါပဲ.. လှုတဲ့သူတွေကလဲ တကယ့်ကို စေတနာသဒ္ဓါတရား ထက်ထက်သန်သန်နဲ့ကို လှုကြတာပါ. အလှုကို လာရောက်စားသုံးတဲ့လူတွေကို ကြည့်ပီး နောက်နှစ်ကျရင် ဘာကျွေးမှာ ဘယ်လောက် ပိုလုပ်မှာ ဆိုပီးတော့ကို သဒ္ဓါတရားထက်သန်ကြတာပါ. တစ်ရပ်ကွက်လုံးနီးပါး အပြိုင်အဆိုင်နဲ့ကို လှုကြတန်းကြတာပါ.

ကျမတို့တွေ ဒီလိုနေ့မျိုးတွေဆို ကိုယ့်လမ်းက ကျွေးမွေးတဲ့ စတုဒီသာ အလှုမှာ ဝိုင်းပီး ကူလုပ်ပေးပီးတာနဲ့ သတင်း အချက်အလက်တွေ စုဆောင်းထားကြပါတယ်.. ဘယ်လမ်းက ဘာကျွေးတာ၊ ဘယ်အိမ်မှာတော့ ဘာ၊ ဘယ်လမ်းက ပိုကောင်းတယ် စတာတွေကို ကိုယ့်ဆီမှာ လာစားတဲ့ ကလေးတွေဆီကနေ မေးမြန်းကြရပါတယ်.. ကိုယ့်လမ်းမှာ ကျွေးမွေးတာ ကူလုပ်ပေးမယ့်သူတွေ နိုင်နေပီဆိုတာနဲ့ ကလေးတွေကို စုပီး မမဆုမွန်က ကလေးဗိုလ်လုပ်ပီး လမ်းတွေမှာ ကျွေးသမျှ အလှုမှန်သမျှ လိုက်စားကြပါတယ်.. ပေးသမျှကိုလဲ အထုပ်လေးတွေ ကိုယ်စီဆွဲလို့ အကုန်အိမ်ကို ပြန်သယ်ကြပါတယ်..

ကျမတို့ မောင်နှမတွေ လမ်းတွေက အလှုတွေမှာ လိုက်စား ပေးသမျှ ယူလာကြပီး အိမ်ကို ဒုန်းစိုင်းပီး ပြန်ပြေးလာကြပါတယ်.. အိမ်မှာ ဖယောင်းတိုင်မီးထွန်းဖို့နဲ့ အိမ်စောင့်ကျန်ခဲ့တာက အဖေနဲ့အမေပါ. အမေ ဒါက သာကူ၊ ဒါက ကြာဇံကြော် ဒါက အရမ်းစားကောင်းတယ် သိလား ဒါလေးရောပဲ အမေ ဒါက ဗီဗီအချိုရည် ကိုယ်ယူလာတဲ့ အထုပ်လေးတွေကို အိမ်ကို ပြန်သယ်လာတိုင်း အဖေက အိမ်ရှေ့က ထိုင်ခုံတန်းလေးမှာ ထိုင်ပီး ပျော်တပြုံးပြုံးဖြစ်နေတယ်.. အဖေနဲ့ အမေရဲ့ သားသမီးလေးတွေဟာ သူတို့ စားရုံတင် မဟုတ်ဘူး အိမ်မှာ ကျန်ခဲ့တဲ့ အဖေနဲ့ အမေအတွက်ကိုပါ အမှတ်တရရှိတယ်ဆိုတာ သူတို့သိတော့ သူတို့ သိပ်ဝမ်းသာကြတယ်…

ကျမတို့လိုပဲ အိမ်က မိသားစုအတွက် ရပ်ကွက်တိုင်းက အလှုတွေမှာ လိုက်အလှုခံကြတဲ့ ကလေးလေးတွေ ရှိပါတယ်.. သူတို့လေးတွေကို မြင်တိုင်း ကျမ သိပ်ချစ်မိသလို သိပ်လဲ ဝမ်းနည်းမိပါတယ်.. ကလေးလေးတွေဟာ ငါးနှစ် ခြောက်နှစ် အရွယ်လေးတွေ.. ဒါပေမဲ့ အိမ်အတွက် မိသားစုအတွက် ဝမ်းရေးအတွက် သူတို့ရဲ့ ဘဝလေးတွေကို စတေးထားကြတယ်.. သူတို့လေးတွေက အိမ်ကနေ ထွက်လာကတည်းက ကျွတ်ကျွတ်အိတ်လေးတွေ သယ်လာကြတယ်.. အထုပ်လေးတွေ မပေးဘဲ အဲ့ဒီနေရာမှာတင် ပန်းကန်တွေ ခွက်တွေနဲ့ ကျွေးတဲ့ ကြာဇံချက်တို့ မုန့်ဟင်းခါးတို့လို အရည်နဲ့ အဖတ်နဲ့ ဘယ်လိုမှ သယ်မရတဲ့ မုန့်တွေလှုတဲ့နေရာမျိုးဆို သူတို့ရဲ့ ကျွတ်ကျွတ် အိတ်လေးတွေထဲကို ထည့်ခိုင်းတတ်တယ်.. အဲ့ဒီအခါတိုင်း အလှုရှင်တွေက သူတို့ကို သပ်သပ် ထည့်ပေးလိုက်တဲ့အပြင် အဝလဲ စားခိုင်းလိုက်ပါသေးတယ်.. ဒါပေမဲ့ သူတို့ မစားဘူး သားတို့ကို အိတ်နဲ့ပဲ ထုတ်ပေးနော်ဆိုပီး အိတ်လေးတွေနဲ့ သယ်သွားတတ်ကြတယ်.. သူတို့လေးတွေရဲ့ မျက်လုံးလေးတွေက မျှော်လင့်ချက်တွေနဲ့ ဝင်းပြောင်နေကြတယ်.. ဒီအလှုကနေ နောက် အလှုတစ်ခုကို အချိန်မီ သွားနိုင်ဖို့ သတင်းတွေကိုလဲ အချင်းချင်း လက်ဆင့်ကမ်းတတ်ကြသေးတယ်.. ဒီလိုမျိုးပေါ့ရှင်…
''ရာဇာဝင်းသိန်းက ဆန်ကွ''
ရန်ပိုင်က ဗီဗီ ကွ
ငါက ငါးမျိုးရနေပြီ
မင်းရော
ဟေ့ကောင် ဟိုဘက်လမ်းမှာ ဘဲသား ဆန်ပြုတ်တိုက်နေတယ်
ဒါပြီးရင်သွားမယ် ……..


ကျမ ရန်ကုန်မှာရှိခဲ့တဲ့ နောက်ဆုံး တန်ဆောင်တိုင်ပွဲမှာတော့ ရပ်ကွက်တစ်ခုလုံးစုပီး ပိုပီး စည်းလုံးညီညွတ်အောင်ဆိုပီး ဘယ်အိမ်က ဘယ်နှယောက်စာ လှုနိုင်မလဲ ဒီလမ်းက ဘယ်နှအိမ် အလှုပေးနိုင်မလဲ စာရင်းနဲ့ အတိအကျ ကောက်ပီး စာရွက်တွေမှာ မဲနံပါတ်ပြားတွေရေး မဲပြားနဲ့ ကိုယ်ပေါက်တဲ့ အလှုရှင်ကို လိုက်ရှာရတာပါ.. ပိုပီး ပျော်ဖို့ ကောင်းသလိုပါပဲ.. လမ်းတစ်လမ်းထဲမှာ မဲအိမ်တွေရဲ့ နံပါတ်တွေကလဲ အစဉ်လိုက် မဟုတ်ပြန်ဘူး… အဲ့တော့ လိုက်ရှာရတာ ခြေထောက်ညောင်းပီး တစ်ရပ်ကွက်လုံးနီးပါးဆိုတော့ လူတွေ လူတွေ ဟိုစုစု ဒီစုစု ဟိုအော်ခေါ် ဒီအော်ခေါ်နဲ့ တကယ့်ကို ပျော်စရာကောင်းတာပါပဲ… ကျမတို့အိမ်က လူငါးဆယ်စာ အလှုလုပ်တော့ အာလူးကြော်ထုပ်တွေ လှုပါတယ်.. အဲ့ဒီမှာ ညနေ ၆ နာရီ ပွဲတော်ဖွင့်ပီးဆိုကတည်းက လိုက်ရှာကြ ရတဲ့မုန့်ယူကြ ဒီအတိုင်း မဲနဲ့မဟုတ်တဲ့ အလှုတွေမှာ လိုက်စားကြနဲ့ ကျမတို့က လျှောက်လည်နေတုန်း ၁၀ နာရီလောက် အိမ်ကို ပြန်ရောက်တော့ အိမ်ရှေ့က လင်ပန်းလေးမှာ အာလူးကြော်လေး တစ်ထုပ်နဲ့ အဖေက ငုတ်တုတ်ထိုင်စောင့်နေပါတယ်… ကျမတို့ ပြန်ရောက်လာတော့ အဲ့အာလူးကြော်ထုပ်ကို ၁၀ နာရီတောင် ကျော်နေပီ လာမှာလဲ မဟုတ်ပါဘူး အဖေရာ ဖောက်စားလိုက်ရအောင်ဆိုပီး ဖောက်စားနေတုန်း စက်ဘီးနဲ့ ကောင်လေးနှစ်ယောက် ရောက်လာရော.. မဲနံပါတ်ပြားလေးနဲ့ ဒီအိမ်ထင်တယ်လဲ ဆိုရော ကိုယ်က စားလက်စ အာလူးကြော်ထုပ်နဲ့ … ရီလိုက်ရတာ.. သူတို့ကို ဆိုင်မှာ ပြန်ဝယ်ပေးလိုက်ရပါတယ်.. အမှတ်တရတွေပါပဲ…

တန်ဆောင်တိုင်ပွဲတော် မီးထွန်းပွဲ လျှောက်ကြည့်ရတာ၊ ပီးတော့ ညနေစောင်းပီဆိုကတည်းက ရေမိုးချိုး သနပ်ခါးတွေလိမ်းပီး ကိုယ့်လမ်းထဲက ကလေးတွေကို စု လူစုလူဝေးကြီးအလိုက် လမ်းတကာ လျှောက်သွားခဲ့ရတာ၊ ညဘက်တွေဆိုရင်လဲ လပြည့်ညရဲ့ အလင်းရောင်အောက်မှာ လမ်းထိပ်မှာ ကလေးတွေချည်းစုပီး သီချင်းတွေ အော်ဆိုကြတာ၊ ထုပ်ဆီးတိုးတန်းကစားကြတာ အိုး ပြန်တွေးမိရင် ပျော်စရာ အမှတ်ရစရာတွေချည်းပါပဲ..

အခု သာနေတဲ့ လမင်းကြီးကို ကြည့်ပီး ဒီနေ့ ဒီလိုအချိန် ကျမတို့ရဲ့ အိမ်မှာ ဘာအလှုတွေများ လုပ်နေမလဲ.. ဒီကနေ့က တိုက်တိုက်ဆိုင်ဆိုင် ကျမရဲ့ အချစ်ဆုံးတူမလေးရဲ့ ၁၅ နှစ်ပြည့်မွေးနေ့လေးလဲ ဖြစ်တယ်.. မီးမီးလေးက ငယ်ငယ်လေးကတည်းက ကျမတို့နဲ့ အတူတူနေလာတာဆိုတော့ ကျမတို့ရဲ့သမီးလေးပါ ကျမတို့ရဲ့ ညီမလေးပါ.. ကျမ သိပ်ချစ်ပါတယ်.. မီးမီးကလေ သိလား မီးမီးက ဒါလိုချင်တာ.. မီးမီးကိုလေ.. စကားကလဲ ဘာတတ်သလဲ မမေးနဲ့ နှုတ်ခမ်းဖျားမှာ မှဲ့ပါတဲ့ ချစ်စရာတူမလေးရဲ့ မွေးနေ့တိုင်းမှာ ကျမက အမြဲ မွေးနေ့ကိတ်မုန့် ဝယ်ပေးပါတယ်.. အဲ့ဒီ မွေးနေ့ကိတ်နဲ့ သူ့သူငယ်ချင်းတွေကို ခေါ် မုန့်တစ်ခုခုလုပ်ပီး အိမ်မှာ အမြဲ မွေးနေ့ပွဲလေး လုပ်ပေးပါတယ်.. ဒီနှစ်မှာရော သူမရဲ့ မွေးနေ့လေးအတွက် ဘယ်သူက မွေးနေ့ကိတ် ဝယ်ပေးမလဲ ကျမ စဉ်းစားနေမိတယ်.. မောင်အငယ်လေး ရှိတယ်ဆိုပေမဲ့ မြို့ထဲကနေ တကူးတကန့် မွေးနေ့ကိတ်သွားဝယ်ပေးမှာ မဟုတ်ပါဘူး.. ဒါပေမဲ့ ထုံးစံရှိတဲ့အတိုင်းတော့ မွေးနေ့ပွဲလေး လုပ်ပေးမယ်ဆိုတာ သိနေနှင့်တယ်..

မနက်ဖြန် နိုဝင်ဘာ ၂ ရက်နေ့ကတော့ မေမေ့မွေးနေ့ပါ. အမေ့ရဲ့ ၆၃ နှစ်ပြည့်မွေးနေ့မှာ အမေ့ကို ဖုန်းဆက်ပီး လှမ်းကန်တော့ဖို့ ရည်စူးထားမိတယ်.. အမေ့ရဲ့ မွေးနေ့မှာ ဘုန်းကြီးတွေကို ဆွမ်းကပ်ပီး အလှုလုပ်မယ်လို့ မောင်လေး စနေနေ့က အွန်လိုင်းကိုလာတော့ ပြောသွားတယ်.. အမေ သိပ်နေမကောင်းဘူးတဲ့.. ကြားတဲ့အခိုက်မှာတင် အိမ်ကိုပြန်ပြေးချင်မိတယ်.. အလှုလုပ်မယ်ဆိုရင် အမေ သိပ်ပင်ပန်းမှာ အမေက သူကိုယ်တိုင် အရာရာလုပ်ချင်တယ်.. အမေ နားနားနေနေ နေပါပြောလဲ အခုအထိ တလှုပ်လှုပ်နဲ့ လုပ်လို့ရတဲ့ အရာလေးတွေ လုပ်နေတုန်းပဲ. အဖေရော အမေရာ အသက်ကြီးနေတဲ့ အခိုက်မှာ ရပ်ဝေးတစ်နေရာမှာ သမီးနှစ်ယောက်လုံး ရောက်နေမိတယ်.. အမေရော အဖေရော အရင်ကထက်တော့ ပိုစိတ်ချမ်းသာအောင် ထားနိုင်နေပီလို့ ကိုယ့်ကိုယ်ကို ပျော်အောင် စိတ်ကို အားမွေးထားမိတာပဲ… မနက်ဖြန်ရဲ့ မွေးနေ့မှသည် အမေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ပါစေ.. အေးချမ်းတည်ငြိမ်စွာနဲ့ တရားဘာဝနာတွေကို ပွားများ အားထုတ်နိုင်ပါစေ.. ချစ်တဲ့ ခင်ပွန်း ချစ်တဲ့ သားသမီးတွေနဲ့အတူ အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ သမီးငယ်လေးက ဆုတောင်းပေးနေပါတယ် အမေရေ…

ပြည့်စုံ
(၁-၁၁-၂၀၀၉၊ ၁၀း၃၄ pm)

9 comments:

  1. တန်ဆောင်တိုင်အမှတ်တရက ဖတ်ရတာပျော်စရာကြီးဟ
    နောင်နှစ်ဆို သားကြီးတို့လည်းကဲနိုင်ပါပြီဟဲဟဲ
    တစ်ခုပဲစိုးရိမ်တယ် ရာသီဥတုမမှန်မှာကိုပေါ့
    ကိုယ်တို့ငယ်ငယ်ကနဲ့ အခုအနေအထားက အရမ်းကွာသွားပြီထင်တယ် လူတွေရဲ့စီးပွါးရေးအခြေအနေတွေကြောင့်
    အရင်ကလိုပျော်စရာကောင်းပါ့တော့မလား စိုးရိမ်မိတယ်
    အိမ်လိပ်စာပေးခဲ့ဦးလေ အလှူလုပ်ရင် အနော်တို့ရပ်ကွက်သွားမလို့ ဟဲဟဲ
    ၅နှစ်ခြောက်နှစ်ကလေးတွေ မိသားစုအတွက် ဝမ်းရေးအတွက် လိုက်အလှူခံနေကြတာတွေ့ရရင် ကိုယ်လည်းစိတ်မကောင်းဘူး
    ကိုယ်တစ်ခါတွေ့ဖူးတာဆိုရင် ကောင်မလေး ၁၂ , ၁၃ ဝန်းကျင်ရှိနေပြီ တစ်ကယ်စိတ်မကောင်းဘူး
    .........
    ကောင်လေးတွေကလည်းလွန်ပါတယ် ၁၀နာရီကျော်တောင်
    အာလူးထုပ်လာယူတုန်းဆိုတော့ :)
    ကိုယ်လည်းဆုတောင်းပေးမယ်နော်
    အနော့်အမေ သက်ရှည်ကျန်းမာပြီး အေးမြတဲ့တရားစစ်ရှာဖွေတွေ့ရှိနိုင်ပါစေ

    ReplyDelete
  2. ညီမလေးရဲ့ မေမေနဲ့ တူမလေး အတွက် ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  3. ညီမတို့ ဆီမှာလဲ နိဗ္ဗာန်ဈေှးရှိတယ် အနော်ရ ပျော်ဖို့ကောင်းတယ်

    အနော်မေမေ မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

    ReplyDelete
  4. မရှိခဲ့တဲ့ အတွေ့အကြုံလေးတွေ လာဖတ်သွားပါတယ်

    ReplyDelete
  5. အကိုတို့ ရပ်ကွက်မှာလည်း တန်ဆောင်တိုင် ပျော်ပွဲရွှင်ပွဲလေးတွေ တတ်နိင်သလောက် လုပ်ခဲ့ကြတယ်။ တော်တော် ပျော်ဘို့ကောင်းတယ်။

    ညီမလေး အိမ်လာလည်တာ ရသ ကိုစုံနေတာပဲ။

    တန်ဆောင်တိုင်လည်း လည်ရသေးတယ်

    တူမလေး မွေးနေ့လည်း တက်ရသေးတယ်

    ညီမလေးရဲ့ မေမေ ကျန်းမာ ပါစေ စိတ်ချမ်းသာ ပါစေလို့ မွေးနေ့ ဆုတောင်း ပေးပါတယ်နော်။

    ReplyDelete
  6. မမကြီး ခရီးသွားနေတုန်း တူမလေးနဲ့ အမေ့အတွက် အမှတ်တရပို့စ်လေးရေးပေးတဲ့ ငါ့ညီမလေးကို ကျေးဇူးတင်တယ်..

    ReplyDelete
  7. အမေက သူကိုယ်တိုင်အရာရာ လုပ်ချင်တယ်တဲ့လား..
    မေ့ကို သတိရလိုက်တာ..

    နော်လေးအမေ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ အနော်လေးတို့နဲ့ ရာသက်ပန် ပျော်ရွှင်စွာနေသွားနိုင်ပါစေ ဆုတောင်းပေးပါတယ်။

    ReplyDelete
  8. လသာရင် မေ့ကိုအလွမ်းဆုံး ...အမေနဲ့ ခရမ်းနဲ့က လ ကိုအရမ်းချစ်ကြတာ။
    လသာရင် ၀ရန်တာမှာ လကို ထိုင်ပြီးကြည့်နေတတ်ကြတာ...။
    ဒါလေးဖတ်ပြီး အမှတ်ရစရာတွေ တသီကြီး....

    ReplyDelete