Tuesday, April 27, 2010

လိုချင်တပ်မက်ခဲ့တဲ့ စိတ်ကူးထဲက ပုံရိပ်လေးတွေ

အခုအသက်အရွယ်အထိ ကျမလိုချင်ခဲ့မိတဲ့ အရာတွေက လက်ချိုးရေရလောက်အောင် နည်းပါး လှတယ်လို့ ထင်မိတာပါပဲ..

ဟိုးငယ်ငယ်ကလေးဘဝ… ကျမ အသက် လေးနှစ်. မမဆုက ကျမထက် ခြောက်နှစ်ကြီးတော့ သူက ဆယ်နှစ်ပေါ့.. အပူအဆာနည်းလှတဲ့ ကျမက လိုမယ့်လိုချင်တော့လဲ အဲ့ဒီခေတ်ဈေးနဲ့ အင်မတန် ဈေးကြီးတဲ့ သင်္ဘောသား သားသမီးတွေ ပိုက်ဆံရှိတဲ့သူတွေရဲ့ သားသမီးတွေမှ ဆော့နိုင်တဲ့ ဘိုမရုပ်ကလေးပေါ့.. တစ်တောင်လောက်ရှိတဲ့ အရုပ်မကလေး.. လှဲထားရင် ကလေးငိုသံလေးတွေ ထွက်လာတတ်ပီး.. အသားအရည်ကလဲ တကယ့် ကလေးလေးအတိုင်း.. အရုပ်ကလေးကိုဝတ်ပေးဖို့ အင်္ကျီလေးတွေလဲ ပါရဲ့.. နောက်ပီး သူမရဲ့ဆံပင်ကလေးတွေကို ဖြီးသင်လို့လဲ ရသေးတယ်.. ကျမ သိပ်လိုချင်မိတယ်.. ဒါပေမဲ့ ဒီလောက်ဈေးကြီးတာကို အမေ ဝယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာကို တွေးမိကတည်းက ပူဆာဖို့ စိတ်ကူးမရခဲ့.. အမေနဲ့ ဈေးကိုလိုက်ရတိုင်း လမ်းထိပ် စတိုးဆိုင်မှာ ချိတ်ထားတဲ့ အရုပ်မကလေးကို အိပ်မက်ထဲ ထည့်မက်တဲ့အထိ လိုချင်ခဲ့မိတာ…….

ကျမတို့ညီအမမှာ ဆော့ဖော်ဆော့ဖက် ဂွက်ဂွက်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်…. သူ့အဖေက တစ်ဦးတည်းသောသမီး ဂွက်ဂွက်ကို ဘိုမရုပ်ကလေးတစ်ရုပ် ဝယ်ပေးထားတယ်.. သူမက ကျမတို့ မောင်နှမတွေနဲ့ လာဆော့တိုင်း သူ့ဘိုမရုပ်ကလေးကို တကိုင်ကိုင်ပေါ့.. ကျမတို့က သူ့ကို အနွံတာခံပေါင်းသင်းရပီး သူအနိုင်ကျင့်သမျှကို ခံပီး သူ့ရဲ့အရုပ်မကလေးနဲ့အတူ ဆော့ဖို့ ကြိုးစားရတယ်.. သူက စိတ်ပုပ်တဲ့အခါဆို အရုပ်မကို ဆော့နေရင်းတန်းလန်း သိမ်းသွားတတ်တယ်.. သူ့အမေ ခေါ်နေပီးဆိုပီး အရုပ်မကလေးကို လုပီး ထွက်ပြေးသွားတဲ့အခါ ကျမတို့ညီအမတွေရဲ့ မျက်လုံးလေးတွေက သူ့ရဲ့ ဘိုမရုပ်ကလေးဆီမှာ ပါသွားလေရဲ့……

ဘိုမရုပ်နဲ့ မဆော့နိုင်ပေမဲ့ မမဆုဆီမှာ အရုပ်မကတ်ပြားလေးတွေရှိတယ်.. စက္ကူကတ်ပြားလေးတွေ ထဲက အရုပ်မကလေးတွေကို ကတ်ကြေးနဲ့ သေချာကိုက်.. ပီးတော့ အင်္ကျီလေးတွေ.. ဖိနပ်လေးတွေ.. ဦးထုပ်လေးတွေ.. မမဆု သူငယ်ချင်းမလေးက အင်္ကျီလေးတွေ အရုပ်မလှလှလေးတွေ ဆွဲတတ်သေးတယ်.. ဒါပေမဲ့ အဲ့ဒီစက္ကူအရုပ်မလေးတွေက ဘိုမရုပ်လေးလိုတော့ အကြမ်းပတမ်း ဆော့လို့ မရ… ခေါင်းလေးတွေ မခိုင်လို့ စက္ကူကတ်ထူပြားလေးတွေကို အနောက်ကနေ ကော်နဲ့ထပ်ကပ်ပီး လက်ကလေးနဲ့ နုနုရွရွ ကိုင်ပီးမှ ဆော့ရတဲ့ အရုပ်မလေးတွေပေါ့.. မမဆု ဆီမှာ အများကြီးရှိတယ်.. ကတ္တီပါဖိနပ်ဘူးခွံလေးထဲမှာ ထည့်ပီး သိမ်းထားရတယ်.. မမဆုက သူ့အရုပ်မလေးတွေကို ကျမကိုယ်တောင် သိပ်အကိုင်မခံချင်.. အရုပ်မလေးတွေ ကျိုးကြေကုန်မှာစိုးလို့တဲ့.. မမဆုက ပုံတွေပြော ဇာတ်လမ်းတွေဆင်ပီး ဆော့ပီဆိုရင် ကျမက ဘေးက ငုတ်တုတ်ထိုင်ကြည့်ပေါ့…

တစ်နေ့တော့ ဂွက်ဂွက်ရောက်လာခဲ့တယ်.. သူမမှာ ဘိုမရုပ်ကလေးတော့ ပါမလာခဲ့.. သူမရဲ့ မျက်လုံးလေးတွေက ကျမတို့ရဲ့ စက္ကူကတ်ထူ အရုပ်မလေးတွေဆီမှာ ဝဲလို့… မမဆုက စက္ကူအရုပ်မလေးတွေကို သိမ်းလိုက်တဲ့အခါ သူက ဆော့ဖို့ ပြောရဲ့.. ကျမတို့က ခပ်တင်းတင်းပဲ.. ဆော့တော့ဘူးလို့ ပြန်ပြောလိုက်တယ်.. ဒါပေမဲ့ သူက စက္ကူရုပ်မလေးတွေကို ကိုင်ကြည့်နေခဲ့တယ်.. ပီးတော့ သူ့ရဲ့ ဘိုမရုပ်နဲ့ လဲမလားတဲ့... ကျမတို့ညီအစ်မနှစ်ယောက်ရဲ့ ပျော်ရွှင်မှုက အတိုင်းအဆမဲ့.. ဂွက်ဂွက် နင်တကယ်ပြောတာနော် ဆိုပီး ညီအစ်မနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ဖိနပ်ဘူးလေးတွေထဲမှာ သိမ်းထားတဲ့ အရုပ်မလေးတွေကို ဂွက်ဂွက်ကို ဝိုင်းပေးကြတယ်.. ကျမက စေတနာတွေတောင်ပိုလို့. မမဆု သိမ်းထားတဲ့ စာအုပ်ကြားက အရုပ်မလေးတွေတောင် ပေးလိုက်သေးတယ်.. ငါတို့ကို တကယ် ဘိုမရုပ်ပေးရမယ်နော်.. တကယ်နော် ဆိုပီး ဝမ်းသာအားရ… နောက်တော့ ဂွက်ဂွက်က စက္ကူအရုပ်မလေးတွေကို သယ်ပီး ပြန်သွားခဲ့တယ်.. မပြန်ခင် ခပ်တည်တည်မျက်နှာပေးနဲ့ ခနနေ ဘိုမရုပ်ကလေးကို လာပေးမယ်တဲ့လေ.. သူမရဲ့အိမ်က ကျမတို့အိမ်ရဲ့ နောက်တည့်တည့်မှာ….. မျက်လုံးနက်နက်က ပြူးလို့ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ချာခနဲ လှည့်ထွက်သွားတဲ့ ဂွက်ဂွက်ရဲ့နောက်ကျောကို ငေးကြည့်နေရင်း……

နောက်တော့ ဂွက်ဂွက် ကျမတို့ဆီကို ရောက်မလာတော့.. အဲ့ဒီနေ့ တစ်နေကုန်.. နောက်နေ့ တစ်မနက်ခင်း.. ကျမတို့ညီအမနှစ်ယောက် နောက်ဖေးက ဝါးရုံပင်နားကနေ ဂွက်ဂွက်တို့ အိမ်ဖက်ကို ချောင်းလို့ပေါ့.. သူ့အိမ်ကိုလဲ မသွားရဲဘူး.. အမေက အိမ်လည်တာ မကြိုက်.. ဂွက်ဂွက်ကသာ အိမ်မှာလာဆော့တာ.. ကျမတို့က သူတို့အိမ်ကို မသွားစဖူး.. အမေ ဈေးသွားတဲ့အချိန်မှာ ညီအစ်မနှစ်ယောက် ဂွက်ဂွက်နာမည်ကို အော်ခေါ်လို့ပေါ့.. ဂွက်ဂွက်ရေ ငါတို့ အရုပ်မလေးတွေ ပြန်ပေးဟေ့.. ဂွက်ဂွက်က အိမ်ထဲမှာ ပုနေမှာပေါ့.. တစ်ယောက် တစ်လှည့် အသံကုန် အော်နေမိတယ်.. ဂွက်ဂွက်က အိမ်ထဲကနေ ထွက်ကို မလာခဲ့တော့.. ကျမတို့ ဘိုမရုပ်ကို မရတဲ့အပြင် စက္ကူအရုပ်မလေးတွေလဲ မရှိတော့… ညီအစ်မနှစ်ယောက် မျက်ရည်အဝိုင်းသားနဲ့.. ဂွက်ဂွက်နာမည်ကို တကြော်ကြော်အော်ခေါ်လို့…

နောက်တော့ ဂွက်ဂွက်အမေ သိသွားခဲ့တယ်.. ဂွက်ဂွက်နာမည် တကြော်ကြော်ခေါ်နေတော့ သူ့အမေ ထွက်လာခဲ့ပီး ကျမတို့ကို မေးခဲ့တယ်.. ကျမတို့ အရုပ်ကလေးတွေကို သူ့ဘိုမရုပ်ပေးမယ်ဆိုပီး လိမ်သွားတဲ့အကြောင်း သူ့အမေကို တိုင်တာပေါ့.. ဂွက်ဂွက်ကို ရိုက်ပီး ဘိုမရုပ်ကို ပေးလိုက်ဖို့ ပြောတဲ့ အခါ ဂွက်ဂွက်က အသံဗြဲကြီးနဲ့အော်ငိုနေခဲ့တယ်.. အမေ ဈေးက ပြန်လာတဲ့အခါ အမေက ဘိုမရုပ်ကို မယူဘဲ ကိုယ့်စက္ကူအရုပ်ကလေးတွေပဲ ပြန်ယူဖို့ ပြောတဲ့အခါ ကျမတို့ဆီ ပြန်ရောက်လာတဲ့ စက္ကူအရုပ်မလေးတွေက တစ်ဝက်တောင် ပြန်မပါလာတော့.. ပါလာတဲ့ အရုပ်မလေးတွေကလဲ အင်္ကျီတွေက ပြဲ.. ခေါင်းတွေက ပြုတ်.. အဲ့ဒီနေ့က မမဆုက မျက်ရည်စက်လက်နဲ့ အရုပ်မလေးတွေရဲ့ ခေါင်းတွေကို ကော်နဲ့ကပ် ကတ္ထူပြားတွေနဲ့ ကပ်နေခဲ့တယ်.. အမေက ကျမတို့ညီအစ်မကို မဆူတဲ့အပြင် အမေ့ရဲ့မျက်နှာကလဲ မကောင်းခဲ့.. အမေကပါ ကူပီး အရုပ်မလေးတွေကို ကော်နဲ့ကပ်ပေးခဲ့တယ်….

ငယ်ငယ်က ရခဲ့ဖူးတဲ့ ဒဏ်ရာပါ.. လိုချင်ခဲ့မိတဲ့အရာတစ်ခုဟာ ကိုယ်နဲ့အလှမ်းသိပ်ကွာနေတဲ့အခါ ရမယ်ဆိုရင်တောင် အဲ့တာ အတုအယောင် အလိမ်အညာသာဖြစ်မယ်ဆိုတာကို သိနေနှင့်ခဲ့ရမယ်လေ.. ငယ်တုန်းက အသိဥာဏ်ထဲမှာ ဘာကြောင့် လိမ်ရတာလဲဆိုတာကိုပဲ အပြစ်ကြီးတစ်ခုလို တွေးနေမိတယ်.. မရခဲ့ဖူးတဲ့ လိုချင်မိတဲ့ အရာတစ်ခုပါ… ဘိုမရုပ်ကလေးပေါ့…

ကျမတို့က မောင်နှမများပါတယ်.. အထက်မှာ အကိုသုံးယောက် ပီးတော့ မမဆု ပီးမှ ကျမ.. အောက်မှာ မောင်အငယ်လေးဆိုတော့.. ဟိုးအရင်တုန်းက မိသားစုပုံစံအတိုင်းပါပဲ.. အကိုသုံးယောက်ရဲ့ အဝတ်အစားအကျကို မမဆုက ဝတ်ရပီး.. မမဆုရဲ့ အင်္ကျီအကျကို ကျမက ဝတ်ရပါတယ်.. ကျမရဲ့ အင်္ကျီသေးသေးလေးတွေကိုတော့ မောင်လေးကို ပေးဝတ်ပါတယ်.. ဒါပေမဲ့ မောင်လေးက ကုသိုလ်ကံ ကောင်းလှတယ်.. သူက ငယ်ငယ်ကတည်းက အဝတ်အဟောင်းတွေ ပေးဝတ်လို့မရ.. ခန ခန အငိုသန်တော့ကာ သူ့အင်္ကျီလေးနဲ့ သူပါ.. သူက ကုသိုလ်ကံ ကောင်းလှပါတယ်.. လိုချင်တာ မှန်သမျှ လိုတာထက်ကို ပိုရခဲ့တဲ့ မောင်လေးပါ.. ကျမ ချစ်သလို အမြင်လဲ ကပ်လှတဲ့ မောင်အငယ်ဆုံးလေးပါ….

ကျမ ၁ တန်း ၂ တန်း တက်ကာစမှာ အလိုချင်ဆုံးအရာတစ်ခုက ကြိုးသိုင်းဂါဝန်ပါ.. အဲ့ဒီအချိန် တုန်းက ကျမတို့ အရွယ် ကောင်မလေးတွေ ဝတ်လေ့ဝတ်ထရှိတဲ့ ကျောဘက်မှာ ကြိုးနှစ်ချောင်း ရစ်သိုင်းပီး လက်မှာ ဇာအတွန့်လေးတွေ ပါတဲ့ အောက်ဘက် ဂါဝန်က ကားကားလေးနဲ့ ကြိုးသိုင်းဂါဝန်လေးပါ.. ကျမ သိပ်ဝတ်ချင်ပါတယ်.. ဒါပေမဲ့ မမဆုရဲ့ အင်္ကျီအကျက ယောကျာ်းလေး အင်္ကျီသာဖြစ်တော့ ကျမလဲ သိပ်မထူးခြားနားပါပဲ.. တရုတ်ဘောင်းဘီလို့ ခေါ်တဲ့ ဘောင်းဘီတိုပွပွ ပီးတော့ ရှပ်အင်္ကျီလေးတွေနဲ့ ကျမတို့ ညီအစ်မနှစ်ယောက်က မိန်းခလေးဆိုတာထက် ယောကျာ်းလေးတွေနဲ့သာ ပိုတူခဲ့ပီး အကိုသုံးယောက် ကစားသလို ယောကျာ်းလေးလိုသာ ငယ်ငယ်က ကစားခဲ့တာ.. အဲ့တော့ အင်္ကျီဘောင်းဘီကလဲ ယောကျာ်းလေးတွေရဲ့ အင်္ကျီဘောင်းဘီသာဖြစ်နေခဲ့တာ.. ကျောင်းစိမ်းအင်္ကျီက ရှပ်အင်္ကျီအဖြူ.. ဘောင်းဘီက တိုတိုပွပွ.. အဲ့တာတွေက အကိုတွေရဲ့ ကျောင်းစိမ်းပုဆိုးတွေကို ဖြတ်ချုပ်ထားခဲ့တာ.. လိုချင်မိတဲ့ ကြိုးသိုင်းဂါဝန်လေးကတော့ ဝေးနေတုန်း.. ဒါပေမဲ့ အမေ့ကို တစ်ခါမှ မပူဆာဖူးခဲ့.. အမေက ကျမ ဂါဝန်လေး ဝတ်ချင်မှန်းတောင် မသိဘူးထင်ခဲ့တယ်…

ကျမအသက် ဆယ်နှစ်ပြည့်တဲ့ မွေးနေ့မှာ အမေက ကျမအတွက် ကျမအလိုချင်ဆုံး ဂါဝန်လေးတစ်ထည် ဝယ်ပေးခဲ့တယ်.. ဂါဝန်လေးက ပိတောက်ခြောက်ရောင်လေး.. ကြိုးသိုင်းတော့ မဟုတ်ခဲ့.. ဈ ဈေး ဒေါ်အဟုန်ဆိုင်က ဝယ်ပေးခဲ့တဲ့ အဲ့ဒီဂါဝန်လေးက ချစ်စရာလေး.. ကျမက မထိရက် မကိုင်ရက်ခဲ့.. မွေးနေ့မှာ ဝတ်ခဲ့တဲ့အခါ အဲ့ဒီဂါဝန်လေး ဝတ်ထားလို့ ရေအပက်တောင် မခံချင်ခဲ့.. ဂါဝန်လေးကို ရေစိုမှာစိုးလို့… အဲ့ဒီဂါဝန်လေးကို မဝတ်ရက်ခဲ့ဘဲ ဗီရိုထဲမှာသာ ထည့်သိမ်းထားခဲ့တာ.. အချိန်တော်တော်ကြာတဲ့အထိ.. သတိတရရှိရင် အင်္ကျီလေးကို ထုတ်ကြည့်မယ်.. ပီးရင် သေချာပြန်ခေါက်ပီး ဗီရိုထဲ ထည့်သိမ်းထားမယ်.. အဲ့ဒီအင်္ကျီလေးက တစ်ခါ နှစ်ခါသာ ဝတ်ခဲ့ရပီး အသစ်အတိုင်းလေးသာ ဗီရိုထဲ ရှိနေခဲ့တယ်… လိုချင်ခဲ့တဲ့ အရာတစ်ခုကို ကျမ အပိုင်ရခဲ့ပီ.. ရှိနေတယ်ဆိုတာ သိနေရရုံနဲ့တင် စိတ်ထဲမှာ အကျေနပ်ကြီး ကျေနပ်ခဲ့တယ်.. ကျမ လိုအင်ဆန္ဒပြည်ခဲ့ပီ…..

ကျမ အလယ်တန်း တက်ကာစမှာ အလိုချင်ဆုံးက အနီရောင် ကချင်လွယ်အိတ်ကလေး.. ငွေရောင် သတ္တုမောင်းကွင်းလေးတွေ ခြူလေးတွေနဲ့ ကျမ သိပ်လိုချင်ခဲ့တာ.. အဲ့ဒီအချိန်မှာ ကျမရဲ့လွယ်အိတ်ကလေးက စီလွန် အပြာရောင် လွယ်အိတ်ကလေး.. အဲ့ဒီလွယ်အိတ်ကလေးက အရင်နှစ်ကတည်းက အမေ ဝယ်ပေးထားခဲ့တာ.. အခုလိုချင်နေခဲ့တာက ကချင်လွယ်အိတ်ကလေး.. ဒါပေမဲ့ ကျမ မရခဲ့ပါ.. အမေ့ကို ပူဆာပေမဲ့ အမေက နောက်နှစ်မှပဲ လွယ်ပါ သမီးလေးရယ်.. အခု လွယ်အိတ်ကလေးကလဲ အကောင်းလေးပဲတဲ့… ကျမက နှစ်ခါ မပူဆာတော့.. အခု လွယ်အိတ်ကလေးကလဲ လွယ်လို့ရနေသားပဲ.. ကျောင်းက အပြန် ကားစီးရတဲ့အခါ ကျမဘေးက ကျောင်းသူကျောင်းသားတစ်ယောက်လောက်များ ကချင်လွယ်အိတ် အနီရောင်လေး လွယ်ထားတဲ့အခါ သူမသိအောင် သူ့ရဲ့ လွယ်အိတ်ကလေးကို လက်နဲ့ထိကပ်ထားမိတယ်.. ဒီလိုနဲ့ပဲ စိတ်ကျေနပ်ခဲ့တယ်..

လိုချင်ခဲ့မိပါတယ်.. ဒါပေမဲ့ မရမနေ ဆိုတာမျိုး လိုချင်လောဘ သိပ်ပီး ကြီးကြီးမားမား မရှိခဲ့ဖူးတဲ့အတွက် ကျမလိုချင်တဲ့အရာတော်တော်များများကို မရခဲ့တာ ရှိသလို သူ့ထက် ပိုကောင်းတဲ့အရာတွေကိုလဲ ရခဲ့ဖူးတဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်.. ထားလိုက်ပါလေ.. ကိုယ့်အပိုင် မဟုတ်ခဲ့လဲ သူတစ်ပါးလက်ထဲက ပစ္စည်းကို လိုချင်တပ်မက်မှုမပါဘဲ နှစ်လိုမှုနဲ့ ကိုယ်ကြည့်နေခွင့်ရခဲ့လဲ ကျေနပ်ခဲ့ပါတယ်….

ကျောင်းတက်နေခဲ့တဲ့အချိန် အထက်တန်း.. မှတ်မှတ်ရရ ကျမ ဆယ်တန်းနှစ်မှာ ကျမ အလိုချင်ဆုံး အလိုအပ်ဆုံး အရာကတော့ မျက်မှန်ပါ.. ရှစ်တန်းနှစ်လောက်ကတည်းက ကျမရဲ့ မျက်လုံးတွေက ဝေဝါးနေခဲ့ပီ.. ကျမထင်တာကတော့ ကျမ မမြင်ရပေမဲ့ သူများတွေ မြင်နေခဲ့တာပဲဆိုတဲ့ အတွေးနဲ့ မမြင်ရတဲ့ကိစ္စကို ဘယ်သူကိုမှတောင် အရေးလုပ်ပီး ပြောမနေခဲ့.. ကျမ မြင်ရတဲ့အထိ ကြည့်မယ် မမြင်ရတဲ့အခါ ဘေးက သူငယ်ချင်းစာအုပ်ထဲကနေ ကူးရေးမယ် ဘာအရေးလဲနော့.. ဒီလိုနဲ့ပဲ တစ်နှစ်တစ်တန်း ဖြတ်ကျော်ခဲ့.. ဆယ်တန်းနှစ်မှာတော့ ကျမ မျက်လုံးတွေက သိပ်ဆိုးနေခဲ့ပီ.. ကားနံပါတ်တံဆိပ်ပြားကို သေချာ သည်းသည်းကွဲကွဲမမြင်ရလို့ ခနခန ကားမှားစီးမိတဲ့ အကြိမ်ရေ များလာခဲ့တယ်.. အတန်းထဲမှာဆိုလဲ ရှေ့ဆုံးနီးပါးလောက်က ထိုင်ပီး ကျောက်သင်ပုန်းကို မမြင်ရတော့.. သင်္ချာဆရာမက ဓမ္မဓိဌာန်အဖြေအတွေက် မေးခွန်းတွေ မေးတဲ့အခါ မေးခွန်းလဲ မမြင် အဖြေလဲ မသိဘဲ ရမ်းသန်းပီး A,B,C,D ပြောဖြစ်တဲ့အကြိမ်ရေ များလာခဲ့.. တီဗီကြည့်ရင်လဲ ခေါင်းက တီဗီထဲ ဝင်တော့မတတ်.. အဲ့တော့မှ အမေက ကျမမျက်လုံးကို သတိမူခဲ့တယ်..

မျက်မှန်လုပ်ရမယ် ထင်တယ်ဆိုတာကို ခန ခန ပြောဖြစ်ပေမဲ့ မျက်မှန်က ကျမနဲ့ အလှမ်းကွာနေဆဲ… အဲ့ဒီအချိန်က မြို့သစ်ကလေးမှာ မီးက ခန ခန ပျက်.. ဆယ်တန်းဆိုတော့ ကျမက စာကို ညဥ့်နက်သန်းခေါင် ကျက်ရ မှတ်ရ.. မမဆု ငှားထားတဲ့ ဝတ္ထုစာအုပ်တွေကို ညဘက်မှ စာကြည့်တယ် ဆိုပီး ခိုးခိုးဖတ်ရ… အဲ့လိုလုပ်ရတဲ့အခါ လျှပ်စစ်မီးမလာတော့ မှန်အိမ်မီး အားကိုးနဲ့ ဖတ်ရတော့ မျက်လုံးက မျက်ရည်ပူတွေကျ.. မနက်ဆို မျက်လုံးတွေက ဖူးဖူးယောင်နေခဲ့.. အဲ့ဒီအချိန်မှာ ကျောင်းစာအပြင် ဝတ္ထုစာအုပ်တွေက ကိုယ့်အဖော် ဖြစ်နေခဲ့ပီ.. ဒါပေမဲ့ အဖေက ဆယ်တန်းက အရေးကြီးနေတော့ ကျောင်းစာကိုပဲ အာရုံစိုက် လုပ်စေချင်ခဲ့တဲ့အခါ ကျမက ဝတ္ထုစာအုပ်ခိုးဖတ်ရတိုင်း အစားကို မြန်မြန်ဝါးစားပီး များများမျိုချသလို စာတွေကိုလဲ ဝါးစားသလို ကမန်းကတန်းဖတ်ပီး မျိုမျိုချပစ်ခဲ့ရတယ်.. အပြင်အပ ဗဟုသုတစာအုပ် ဝတ္ထုစာအုပ်တွေ ဖတ်တဲ့အတွက် ကောင်းကျိုးက မြန်မာစာဂုဏ်ထူးထွက်ခဲ့သလို.. ဆိုးကျိုးက ကျမ မျက်လုံးကို ဆိုးဆိုးဝါးဝါး မှုန်ဝါးသွားစေခဲ့တယ်.. တစ်ခု လိုချင်တဲ့အခါ တစ်ခုမရတာ ထုံးစံလို ဖြစ်နေခဲ့တဲ့ သဘောပါပဲ….

ဆယ်တန်းအောင်စာရင်းတွေ ထွက်လာပီးတဲ့နောက်မှာ အဖြစ်ချင်ဆုံး ဗိသုကာကျောင်းသူကြီး မဖြစ်ရတဲ့အပြင် တက္ကသိုလ်တက်ခွင့်လဲ ဆုံးရှုံးခဲ့ပါတယ်.. အဝေးသင်တက္ကသိုလ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရရှိခဲ့တာကတော့ အလုပ်အတွေ့အကြုံတွေရယ်၊ ရလာတဲ့ လုပ်ခလစာနဲ့ ကျမ မျက်မှန်တစ်လက် ဝယ်နိုင်ခွင့်ရယ်ပါ.. ပထမ စစဆုံး မျက်စိစမ်းတဲ့အချိန်က အဝေးသင်တက္ကသိုလ် ဒုတိယနှစ် တက်နေတဲ့အချိန်.. စမ်းတဲ့နေရာက ရဲမျက်မှန်… ကျမ မျက်စိကို ကွန်ပျူတာနဲ့အရင်စမ်းပီး ဆရာဝန်နဲ့တွေ့ရတဲ့အခါ ဆရာဝန်က မျက်မှန်ကို ဘာကြောင့် စောစောစီးစီး မလုပ်ရတာလဲဆိုတာကို အပြစ်တင်ဆုံးမနေခဲ့သေးတယ်..

ပထမဆုံး တပ်ရတဲ့ မျက်မှန်လေးက အညိုရောင်လေး မှန်က ဝိုင်းဝိုင်းလေး.. မျက်မှန်တပ်နေမကျတော့ ကျမ မျက်မှန်တပ်ပီး ခြေထောက်က ယိုင်တိုင်တိုင်.. မူးတူးတူးဖြစ်နေခဲ့… ပထမဆုံး မျက်မှန်တပ်တော့ ရုတ်တရက် ထင်းခနဲ ရှင်းခနဲ လင်းခနဲ ဖြစ်သွားတဲ့ မြင်ကွင်းတွေကြောင့် လန့်ပီး မျက်လုံးရှေ့ကနေ လက်နဲ့တောင် ကာလိုက်မိတယ်… မျက်မှန်လေးကြောင့် မြင်ကွင်းတွေ ရှင်းလင်းခဲ့ပေမဲ့.. နားအနောက်နားမှာ အမြဲ အပူဖုလေးတွေ ထနေခဲ့တယ်.. မျက်မှန်ကိုင်းကြောင့် နှာနုရိုးနာတဲ့အပြင် နားအနောက်ဖက်က အနာလေးတွေရဲ့ ဒဏ်ကိုလဲ မကြာခန ခံရပါတယ်.. အခုတော့ ကျမ မျက်မှန်နဲ့နေသားကျနေခဲ့ပီ.. မနက်မိုးလင်း အိပ်ရာနိုးနိုးချင်း မျက်မှန်ကို စမ်းရတာကိုက အရသာ …..

လိုချင်ခဲ့တာတွေ …. လိုအပ်နေတာတွေ… ရရှိခဲ့တာတွေ… ရခဲ့ဖူးပေမဲ့ သိမ်းရုံ သိမ်းဆည်းခဲ့မိတာတွေ… မရခဲ့ဖူးတဲ့အရာပေမဲ့ သူများတကာတွေ ပိုင်ဆိုင်နေတဲ့အရာတွေကို ငေးရုံ ငေးကြည့်မိတဲ့အခါတွေ… ဒီလိုနဲ့ပဲ ဘဝကို ဖြတ်သန်းနေခဲ့.. လိုချင်ခဲ့တာတွေကို ပိုင်ဆိုင်ခဲ့ဖူးတယ် မပိုင်ဆိုင်ခဲ့ဖူးဘူး ဒီလိုမျိုးတွေ တွေးတောဝမ်းနည်းနေမယ့်အစား ရခဲ့ဖူးတဲ့ အရာလေးတွေအတွက် ကြည်နူးဝမ်းသာဖြစ်မိပီး မရခဲ့တဲ့ အရာတွေကိုတော့ သူ့အတိုင်းလေး ထားခဲ့ရုံပါပဲ… တခါတလေ အမှတ်ရ တမ်းတမိမယ်.. ဒီလိုနဲ့ပဲ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်နေခဲ့ရတာပါပဲ.. ဥပက္ခာတရားလက်ကိုင်ထားလို့ပေါ့ …

အခုအချိန်မှာ အလိုချင်ဆုံးအရာတစ်ခု ရှိပါတယ်.. အဲ့တာကတော့ ကိုယ့်အပိုင်အိမ်လေးတစ်လုံးပါ.. အိမ်လေးကတော့ ဟုတ်ပါတယ်.. တစ်ယောက်တည်း နေမလို့လားလို့ မေးခွန်းတွေ အထုတ်ခံရတဲ့ အခါ မျက်နှာပြောင်တတ်တဲ့ ထုံးစံအတိုင်း အိမ်ရှိရင် နေမယ့်သူက အလိုလိုရောက်လာမှာပေါ့လို့ စပ်ဖြဲဖြဲ ပြန်ပြောမိတယ်.. ဟုတ်တယ် အခုလိုချင်တာကတော့ အိမ်လေးတစ်လုံး ဒါမှမဟုတ် ကိုယ့်အတွက် ဆိုတဲ့ သီးသန့်အခန်းလေးတစ်ခု.. ကိုယ့်အိမ်ကလေးပေါ့.. ညနေ နေစောင်းတဲ့အချိန်တိုင်း အိမ်ပြန်ချင်တဲ့ စိတ်က ဘယ်လိုနေရာ ဘယ်လိုအချိန်မဆို သည်းခြေထိအောင်ကို တိုးဝင်ရောက်လာတတ်တယ်…အဲ့ဒီအချိန်တိုင်း ဝမ်းနည်းမှုက ဒီရေလို မြင့်တက်ခဲ့.. နေညိုရင် မေပျို ငိုချင်တယ်ပေါ့လေ... ကိုယ့်အိမ်ကလေးသာ ရှိနေရင် နေစောင်းတာနဲ့ အိမ်လေးကို ပြန်နိုင်ဖို့ ကြိုးစားမယ်.. အဲ့ဒီအသိတစ်ခုတည်းနဲ့ပါပဲ…

ဘဝမှာ လိုချင်ခဲ့တာတွေ… လိုအပ်နေတာတွေ.. အလိုရှိခဲ့တာတွေ.. လိုချင်ပေမဲ့ မရနိုင်တော့တာတွေ အကြိမ်ကြိမ်အခါခါ ကြုံခဲ့ဖူးပါတယ်.. လိုချင်တယ်ဆိုတဲ့ စိတ်ကလေးတော့ ရှိနေတယ်.. ရလာမယ့် အချိန်ကိုလဲ မျှော်လင့်နေမိပါတယ်.. ဒါပေမဲ့ အခု မရသေးတာကိုတော့ ကိုယ် ဘာတတ်နိုင်ဦးမလဲ.. ကံကို ယုံပီး ဆူးပုံမနင်းပေမဲ့ ကိုယ့်မှာ ဝီရိယရယ် ဥာဏ်ရယ် မျှော်လင့်ချက်ရယ် ရှိတယ်လေ..

တစ်နေ့နေ့တော့......

ပြည့်စုံ
(၂၇-၄-၂၀၁၀၊ ၁၁း၃၀ pm)

13 comments:

  1. cool ... ကောင်းလိုက်တာ ကောင်းလိုက်တာ ကောင်းလိုက်တာ
    ဖတ်ရတာ မောနေတာပဲ ကြည်နူးလိုက်၊ စိတ်မကောင်းလိုက်၊ ၀မ်းသာလိုက်
    စာပိုဒ်တိုင်း စာကြောင်းတိုင်းမှာ ညီမလေးကို မြင်နေရတယ်
    အိမ်လေးပိုင်ပါစေ အိမ်လေးကို ရပါစေ

    ReplyDelete
  2. အင်း....အင်းး ဗြဲ ၀ါးဝါး ဟီးဟီးဟီး ငါအိမ်ကို သတိရနေပါတယ်ဆိုမှ နင် ငါ့ကိုငိုအောင်လာလုပ်တယ် အားဝါးဝါး ငါအိမ်ကို သတိရတယ် ငါအိမ်ပြန်ချင်တယ် :(:(:

    ReplyDelete
  3. အနော်ရေ သူငယ်ချင်း... သူငယ်ချင်းအိမ်မှာ ခဏခဏလာနေမယ်နော်။း)

    အရုပ်မကလေးတွေ လုပ်တိုင်း ကစားမယ်နော်။

    ကချင်လွယ်အိတ်ကလေး ဝယ်လာမယ်နော်။

    ငါ့မေမေချုပ်ပေးတဲ့ ဂါဝန်ပုံလေးတွေ အတိုင်း နင့်အတွက် ချုပ်ခဲ့မယ်နော်။

    ReplyDelete
  4. မသိဘူး။ စာဖတ်ရင်း လိမ္မာတဲ့ အနော်လေးကိုပဲ မြင်နေရတယ်။

    ReplyDelete
  5. ဒီ post လေးထဲကကိုယ့်မှာရှိတဲ့အရုပ်တွေနဲ့ ဘိုမအရုပ်နဲ့လဲတဲ့အခန်းကို ဖတ်ရတာ စိတ်ထဲနင့်ကနဲဖြစ်ရတယ်။ ကိုယ်ပိုင်အိမ်လေးတလုံး(နဲ့ အိမ်မှာ ပြည့်စုံသင့်တဲ့အရာတွေအားလုံး)အမြန်ဆုံးပိုင်ဆိုင်နိုင်ပြီး လူတိုင်းကိုယ်ချစ်တဲ့ မိသားစုနဲ့ ပြန်လည်ဆုံစည်းဖို့ မခက်တဲ့ခေတ် အမြန်ဆုံးရောက်ပါစေ။

    ReplyDelete
  6. ငယ်ဘ၀ ပုံရိပ်လေးတွေ ပေါ့နော် ..း)
    ခု လက်ရှိဆန္ဒတွေလည်း တနေ့နေ့တော့ လက်တွေ့ အကောင်အထည်ဖော်နိုင်မှာပါ ..း) သေချာပါတယ် .. အမြန်ဆုံး အကောင်အထည်ပေါ်ပါစေ ..း)

    ReplyDelete
  7. ဘ၀တွေရယ်.........ဘ၀တွေရယ်လို့ပဲ ညည်းနေမိတော့တယ် ညီမလေးရယ်

    ReplyDelete
  8. ဖတ်ရင်း နဲ့  စိတ်မကောင်းဘူး ။ ဝမ်းနည်းမိတယ် ။ ဒီလို အဖြစ်မျိုး ဘဝမျိုးတွေ တို့  ပြည်သူ ပြည်သားတွေ မှာ ဘယ်လောက်တောင် များနေခဲ့ ပြီလည်း ။
    တော်ရာမှာ နေ နေရတဲ့ ဘဝလေးတွေ ကနေ ပျော်ရာမှာ နေရဖို့  အားတင်းထားပါ ညီမလေးရေ ...
    တန်ဘိုးရှိတဲ့  လူ ...လူ ပီသ တဲ့ လူ ..အနေနဲ့  ရှေ့ ဆက် လျှောက်ကြရအောင်လား..

    ခင်တဲ့ မကိ

    ReplyDelete
  9. ဒီပို့စ်လေးဖတ်ပြီး စိတ်မကောင်းဘူး..
    ညီမလေးကို သိမယ်လို့ထင်တယ်...
    ဒါပေမယ့် သိပ်မသေချာဘူး...
    ညီမလေးက တို့ထက်ငယ်တယ်လေ...
    ဒီပို့စ်လေးဖတ်ပြီးမှ အမျိုးလာစပ်သလိုဖြစ်နေပြီထင်တယ်....
    တို့လဲ ညီမလေးတို့နားမှာပဲနေခဲ့တာလေ...
    ( အခုတော့ အဝေးကြီးမှာပေါ့ )

    နှင်းနဲ့မာယာ

    ReplyDelete
  10.ြြူ့ ဖြစ် လာနိုင်ပါ လိမ့် မယ်၊
    တစ်နေ့ နေ့  တော့  လို့ ... ဆိုပေမဲ့  ၊
    ပြောခဲ့ ချင်တာက “ မိုင်တစ်ထောင်ရဲ့  အစ ခရီးက
    ပထမ ဆုံး ခြေလှန်း ပဲ တဲ့ ၊ စ လှန်း မိဘို့ ပဲလိုတာပါ။
    တစ်လှန်း စ နီး သွားတဲ့ သဘောပေါ့ နော်။
    အားမငယ်နဲ့ ၊ ရှိတဲ့  အားတွေ အကုန် တင်း ထား ကွ..........

    ReplyDelete
  11. မိုးမိုးအေးApril 29, 2010 at 2:54 AM

    စာလေးဖတ်ပြီး ကိုယ်ခံစားရသလိုပါပဲ ......

    ReplyDelete
  12. အကို့ရဲ့ ငယ်ဘဝတွေလိုပါပဲ
    ပူဆာရမှာ အားနာစိတ် ကိုယ့်ဘဝကို မြင်နေတာနဲ့ မပူဆာ ဖြစ်ခဲ့ပါဘူး။ ရလာတာကိုပဲ အဆင်ပြေဆုံး ဖြစ်အောင် သုံးတတ်တဲ့ အလေ့အကျင့်ကိုပဲ ကျင့်ဖြစ်ခဲ့တယ်။

    ကိုယ့်ကြောင့် မိဘတွေ စိတ်အာရုံတွေ အများကြီး မပင်ပန်း ခဲ့ရတာ ဂုဏ်ယူပါ ညီမလေးရေ...။

    အနိမ့်အမြင့် သဘောတရားအရ တော့ ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရလာမှာပါ။

    အိမ်ပိုင်ရှင်ကြီး ဆီကို လာဖြစ်အောင် လာလည်ချင်သေးတယ်

    ReplyDelete
  13. ညီမလေး.....သေချာဖတ်တယ် ...။ စိတ်ထဲမှာ ဘိုမရုပ်လေးကိုလိုချင်တဲ့ ကောင်မလေးတစ်ယောက်ကို မြင်မိတယ် ..။
    ခရမ်းလည်း သတ္တုမောင်းကွင်းလေးတွေပါတဲ့ ကချင်လွယ်အိတ်လေးကို အလယ်တန်းတက်တော့ သိပ်လိုချင်မိတာပေါ့ ။ ပူတောင်မှ မပူဆာမိခဲ့ပါဘူးကွာ ။ ဈေးကြီးတာတွေဆို မပူဆာသင့်ဘူးဆိုတဲ့ အသိကြောင့်ပေါ့ ။ ကိုယ်ပြောလိုက်လို့ မိဘတွေက ၀ယ်မပေးနိုင်ရင် သူတို့စိတ်မကောင်းဖြစ်မှာကို စိုးရိမ်မိတယ် ။ ဒီလိုပါပဲ ....လိုချင်တာတွေလည်း မရခဲ့ဖူးဘူး ။ မလိုချင်တာတွေလည်း ရခဲ့ပြီးပြီ ။ သေချာတာပေါ့....တို့တွေအားလုံးမှာ ဥာဏ်တွေ ၊ ၀ီရိယတွေ ...အင်း..နောက်ပြီး မျှော်လင့်ချက်တွေ ...ရှေ့ဆက်ဖို့ အားတွေပြည့်နေပါစေ အနော်လေးရေ.....

    ReplyDelete