Thursday, September 30, 2010

လွမ်းတုန်းအိပ်မက်

တစ်ယောက်တစ်နေရာစီ ဝေးသွားကြရုံနဲ့ပဲ
ကျမတို့တွေ
တစ်ယောက်ကို တစ်ယောက် မေ့သွားကြတယ်

သတိရစရာ အမှတ်တရတစ်ခုခု ခလုတ်တိုက်မိရင်
အလန့်တကြား
ထ လွမ်းပစ်လိုက်တယ်

သတိရတယ် သတိရတယ်
ဟိုးတုန်းကလေ
ငါတို့တွေပေါ့…

ဒီလို ဒီလိုစကားတွေနဲ့
ပြန်မရောက်တော့မယ့် အတိတ်ကိုလွမ်း
ဟော့ဒီကမ္ဘာတစ်ခြမ်းမှာပဲ
ငါတို့ အလွမ်းသယ်ပစ်လိုက်တယ်

လမ်းဘေးအသုတ်ဆိုင်လေး
လက်ဖက်ရည်ချိုပေါ့ကျ
ဆေးလိပ်မတိုပေမဲ့ နေညိုတာတောင် လမ်းမခွဲဖြစ်ခဲ့ကြတဲ့
တို့တွေရဲ့ချစ်ခြင်း
အခုတော့ နှစ်သစ်တွေ တစ်နှစ်ပီးတစ်နှစ် ကူးကောင်းနေတုန်း

မတွေ့ရတာ အတော်ကြာနေပီထင်ပ
ဟိုးပဝေဏသီကလိုလို
တခါတလေများ သတိရစရာတွေတောင်
စမြုံ့ပြန်ချင်စရာမကောင်းလှတော့ဘူး

ရင်ဖွင့်စရာ သူငယ်ချင်းဖော်ဆိုတာဝေး
အခုများတော့ တစ်ယောက် တစ်နယ်စီ ဝေး
သွေးအေးသွားတဲ့ ချိတ်တွေလိုပ
အနေဝေးသွားတာကြာလှရောပေါ့

အလွမ်းဆိုတာ အဓိပတိကားလက်မှတ်ကြားမှာလား
လက်ဖက်ရည်ခွက်ထဲမှာလား
ရှာကောင်းတုန်း လွမ်းကောင်းတုန်း
ရုတ်တရက် သတိတရမှာ
မျက်စိရှေ့မှာ ကွန်ပျူတာစခရင်မ်သာ အဖော်အဖြစ်ရှိခဲ့…

ပြည့်စုံ
(၃၀-၀၉-၂၀၁၀၊ ၁၁း၀၀ pm)

ကျမ သူငယ်ချင်းငါးယောက်အတွက်ပါ.. နိစ္စဓူဝ လူမှုဘဝမှာ ကျမမေ့သွားတဲ့အထဲ ကျမသူငယ်ချင်းလေးတွေ ပါသွားတယ်.. ကျမ သတိရတဲ့အခါ ကျမဘေးမှာ သူတို့မရှိတော့ဘူး.. မေ့နေတုန်းကလဲ သူတို့မရှိဘူး.. သတိရတော့လဲ သူတို့မရှိပါဘူး.. အိပ်မက်ထဲမှာမှပဲ သူတို့တွေကို ပြန်တွေ့ရတယ်.. :(

7 comments:

  1. ကဗျာလေး ကောင်းလိုက်တာ
    ဟုတ်ပ...
    ကိုယ့်အတွက်တော့ အလွမ်းဆိုတာ
    ရှာဖွေတုန်းပါပဲ...။ လက်ဖက်ရည်ခွက်ထဲမှာဆိုရင်
    တော့ အကောင်းဆုံးပေါ့လေ...
    တစ်ကြိုက်ထဲ မော့ချလိုက်မယ်.:)

    ReplyDelete
  2. အလန့်တကြား ထ လွမ်း ပစ် လိုက်တယ်။ တဲ့..။
    တအား သဘောကျပဲ..။အဲ့လိုပုံစံအတိုင်း လွမ်းတတ်တဲ့ ကိုယ်လဲ အပြစ်ရှိသူလိုလို ဘာလိုလိုတောင် ခံစားရစေတယ်။

    ReplyDelete
  3. အမယ်... လေး ...
    အလန့်  တကြား ထ လွမ်း ပစ်လိုက်တယ်... တဲ့ ။
    တစ်လချို့  ကျတော့  ကြုံ သလို လွမ်းနေတတ်တော့  တာ...။
    မခံ မရပ်နိုင်အောင်လွမ်း ၊ ပိုးစိုး ပက်စက် လွမ်း ၊ မလွမ်းရ ရင် မနေနိုင်အောင်
    က လွဲ.... လို့  ဆိုသလို လွမ်း...၊
    ( ဟဲဟဲ.. မရေး နိုင်သေးလို့  စိတ်ညစ်ညစ် နဲ့  လည်ထွက်လာရင်းက
    ရောက်ခဲ့  လို့  ဖတ်ပြီး ပေါက်သလို ရှောက်အော် ခဲ့တယ် )

    ခင်တဲ့ 

    ReplyDelete
  4. တိုက်တိုက်ဆိုင်ဆိုင် ဟိုတနေ့က အချစ်ဆုံးသူငယ်ချင်းနဲ့ အွန်လိုင်းမှာ ခဏ ပြန်ဆုံရတယ်။ မတွေ့ရတာ နှစ်ချီနေလို့နဲ့တူတယ်။
    ငယ်ဘဝတွေ ပြောရင်း မျက်ရည်ပါ ဝဲ သွားရတယ်။
    သံယောဇဉ်က တကယ် မွန်းကျပ်စေတယ်။

    ReplyDelete
  5. ချိုပေါ့ကျ ရှယ်တစ်ခွက် နဲ့ 
    လန်ဒန်တစ်ပွဲပေးဗျာ ...

    သြော် ...တကယ်တော့ကျွန်တော့်ရှေ့ မှာလဲ ..မော်နီတာပါပဲဗျာ

    ReplyDelete
  6. ဘ၀မှာရှိဖူးခဲ့သမျှ သူငယ်ချင်းတွေ အားလုံးကိုသတိရသွားတယ်...။
    လက်ဖက်ရည်ပေါ့ကျနဲ့ အသုပ်ဆိုင်လေးတွေကိုပါ မျက်လုံးထဲမြင်သွားတယ်ကွယ်......။

    ReplyDelete
  7. အနော်လေးရဲ့..
    အရင်တုန်းကဆို..လူတွေက ငယ်တာကောင်းတယ် ကောင်းတယ်တို့... .. ငယ်ဘဝကိုပြန်လွမ်းတာတို့် .. ဆို နားကိုမလည်ဘူး..
    ခုကျတော့သိလာတယ်..
    ဟုတ်တယ်..
    ကိုယ်လဲပြန်လွမ်းတတ်လာတာကိုး ..

    ReplyDelete