Sunday, October 17, 2010
ဆွဲငင်အား
ဖြစ်ခြင်းပျက်ခြင်းတရားတွေဆိုတာ ရိုးရှင်းသလား.. ဆန်းပြားသလား ကျမ မခွဲခြားတတ်တာ အမှန်ပါ…
‘ဖုန်းမှားနေပါတယ်ရှင်… ‘
မရင်းနှီးတဲ့ ဖုန်းနံပါတ်တစ်ခုကို ငြင်းချက်ထုတ်ပီးတဲ့အခါ ကျမ တွေဝေသွားမိတယ်…
အရင်တစ်ချိန်တုန်းကလဲ.. အခုလိုမျိုး ဖုန်းနံပါတ်အမှားတစ်ခု ကျမဆီ ရောက်လာခဲ့ဖူးတယ်.. မှားမှန်းသိနေတဲ့ ဖုန်းနံပါတ်တစ်ခုမှာ ဘာသံမှမကြားရပေမဲ့ တိတ်တဆိတ်နားစိုက်ထောင်နေတုန်း… တီ တီ တီ မြည်သံရှည်ကြီးကြားမှာ ကျမ မျက်ရည်တွေတွေကျမိဖူးတယ်.. တော်ပါပီကွယ်.. ရူးသွပ်ခြင်းတွေ ရပ်တန့်လိုက်တာ ကောင်းပါတယ်.. လက်တွေ့ဘဝဆိုတာ ကြမ်းတမ်းပေမဲ့ နွေးထွေးလွန်းလှတာ လက်တွေ့ပဲ မဟုတ်လား…
‘ကျနော် စိတ်ညစ်တဲ့အခါတိုင်း ကျနော့်ဘေးမှာ အားပေးတဲ့အပြုံးနဲ့ သူမ အမြဲရှိခဲ့ဖူးတယ်..’
သူ့ရဲ့မျက်လုံးတွေက ဟိုးအဝေးကိုငေးကြည့်နေပီး အတိတ်တွေထဲ မျောလွင့်နေပုံရခဲ့တယ်.. လက်ရှိအခြေအနေမှာ မရှိနေတဲ့သူ့ရဲ့မျက်နှာကို ငေးကြည့်နေရတာကိုက ကျမအတွက် လက်တွေ့ဆန်လွန်းနေမိတယ်… ကျမတို့နှစ်ယောက် ဒီအတိုင်း အေးအေးဆေးဆေး ထိုင်နေဖြစ်တဲ့ အချိန်တွေက ရှားလွန်းပါတယ်.. သူက အလုပ်ရှုပ်ရင်ရှုပ် မရှုပ်ရင် ကျမက ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ် နေတတ်တယ်.. တခါတလေတော့လဲ အခုလိုမျိုး အေးအေးဆေးဆေး စကားထိုင်ပြောခွင့် စိတ်ကူးယဉ်ခွင့်ရတာမျိုးပေါ့.. ရှားပါးလွန်းပါတယ်…
သူ့ရဲ့မျက်နှာကို စာရွက်ပေါ်မှာ ခဲသားဖွဖွနဲ့ ကောက်ကြောင်းခြစ်နေမိတယ်.. သူတစ်ယောက်တည်းရဲ့ မျက်နှာပေမဲ့ နောက်ထပ်လူတစ်ယောက်ရဲ့မျက်နှာကိုပါ သူ့ရဲ့မျက်လုံးအိမ်မှာ ဆွဲခြစ်ပေးနေမိတယ်.. အဲ့တာ သူ့ရဲ့ သူမပေါ့…
စက္ကူစရဲ့ ညာဘက်ထောင့်ခြမ်းလေးမှာ ကျမရဲ့နာမည်အတိုကောက်လေးကို ရေးခြစ်ပီးနောက်တော့ သူ့ဆီ အဲ့ဒီစာရွက်လေး ကမ်းပေးလိုက်တယ်..
သူက ခပ်ဖွဖွပြုံးပြပြီး.. ‘ဒါနဲ့ပါဆို ခင်ဗျားဆွဲပေးတဲ့ ပန်းချီကားလေးတွေက သုံးရွက်ရှိပီနော်’
‘သိမ်းထားသလား..’
‘ကျနော် ဖိုင်တွဲထဲမှာ အသေအချာညှပ်ထားပါတယ်ခင်ဗျာ’ တဲ့…
‘ဒါပေမဲ့ တစ်ပုံနဲ့ တစ်ပုံ မတူဘူးနော်..’
ကျမ ခပ်သာသာပြုံးလိုက်ပြီး
‘ပုံတူဆွဲပေးပီး ဆွဲတဲ့သူရဲ့ပုံနဲ့မတူဘူးဆိုတော့ ကျမ ညံ့တာများလား’
‘မဟုတ်ဘူး.. ကျနော့်ရဲ့မျက်လုံးတွေက မတူတာ..’
ကျမတို့နှစ်ယောက် တိတ်တဆိတ် ပြန်လည်ငေးမောနေဖြစ်ကြတယ်.. ဒီလို ညနေခင်းမျိုးလေးတွေ မကြာခန ရနေမယ်ဆို တော်ပါပီ.. တိတ်တဆိတ် ငေးမောခွင့်.. စိတ်ကူးယဉ်ခွင့်.. ပီးတော့ သူ့မျက်နှာကို ပုံတူဆွဲနေခွင့်… ဒီလောက်နဲ့ဆို ကျေနပ်နေမိတယ်.. ဒီအခြေအနေလောက်လေးပါပဲ..
ညနေခင်း လေပြည်က နုနွဲ့လှတယ်.. စိတ်ကူးယဉ်တတ်သူအတွက်လဲ ကောင်းသလို.. လက်တွေ့ကျတဲ့ အခြေအနေကိုလဲ အမှတ်ရနေစေတယ်.. မကြာခင် နေဝင်တော့မယ်.. နောက်တစ်နေ့ မနက်အသစ်ဆို ခံစားချက်အသစ် နောက်တစ်ခု ထပ်ရောက်လာမှာပေါ့… ဒီလိုနဲ့ပဲ ကျမ အိမ်ပြန်ဖို့ မတ်တပ်ရပ်လိုက်တယ်.. သူကတော့ ငေးမောကောင်းနေတုန်း…
စက်ဘီးလေးကို အသာတွန်းယူလိုက်တယ်.. ခြေဖဝါးကို ရှပ်တိုက်သွားတဲ့ သစ်ရွက်ခြောက်တွေက ပိုလွမ်းဆွေးစရာ ကောင်းလွန်းလှတယ်.. ဒီအတိုင်းလေးက လှနေသားပဲ… မိုးရာသီသာ မရောက်လာဖြစ်ရင် ကျမ ဒီညနေခင်းမှာ ဒီလမ်းလေးကို ရောက်လာမှာမဟုတ်ဘူး.. မိုးရာသီရယ် မလိုချင်လို့များ ကျမနောက် အမြဲရွာနေရတာလား………..
ပြည့်စုံ
(၁၇-၁၀-၂၀၁၀၊ ၇း၁၇ pm)
Subscribe to:
Post Comments (Atom)
ဟေ့  ...
ReplyDeleteဆွေးနေသလားကွ ၊
ဆွေးနေရင်မဆွေးနဲ့ ပြောမလို့ ၊ ဆွေးတာ၊လွမ်းတာ၊အားငယ်တာတွေ
မြင်ရကြားရရင် သိပ်ဒေါသထွက်တာပဲ ။
စက်ဘီးလေးကို အသာတွန်းယူလိုက်တယ်.. ခြေဖဝါးကို ရှပ်တိုက်သွားတဲ့ သစ်ရွက်ခြောက်တွေက ပိုလွမ်းဆွေးစရာ ကောင်းလွန်းလှတယ်..
ReplyDeleteအဲဒီနေရာလေး ဖွဲ့နွဲ့သွားတာ (...) ရမ်း သဘောကျတယ်..
ဖတ်ရတာ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှူတွေနဲ့ တိုက်ဆိုင်လွန်းနေတော့
အံ့သြချင်ပေမယ့် မအံ့သြမိဘူး..။
လောကမှာ ကိုယ်လိုလူတွေထပ်တူရှိတာ ကိုယ်တစ်ယောက်ထဲပဲလို့ တွေးထင်ထားရင် ဒါဟာ ရူးသွပ်မှုတစ်ခုပဲလေ..။
ဒီပို့စ်လေးအတွက် ကျေးဇူး..
သီချင်းငြိမ့်ငြိမ့်လေး ဖွင့်ပြီး စာဖတ်လိုက်တာ လွင့်မျောသွားမတတ်ပဲ။
ReplyDeleteမိုး က ကိုယ့်အနောက်က လိုက်ရွာတာကို အဓိပ္ပါယ် ဖွင့်ဆိုတာ နောက်တခုရှိသေးတယ်။
ခုတလော နော်လေး စိတ်ကူးတည့်ရာတွေက ကဗျာဆန်ဆန်..
ReplyDeleteမိုးကို မကြိုက်ဘူးလားကွ..
ခင်က မိုးကို အကြိုက်ဆုံး ..း)
မိုး ကုန်လို့ ဆောင်း ရောက်နေပြီ...
ReplyDeleteအဆွေးတွေ မိုးမှာထားခဲ့...
လက်ကမ်းလို့ ကြိုနေတဲ့ ဆောင်းက...မင်းကို စောင့်နေပြီ...
ကဲ....
ဆောင်းနဲ့အတူ....ဆက်လျှောက်ကြစို့
မျက်လုံးတွေ မတူဘူးတဲ့လား....။
ReplyDeleteမတူအောင်တမင်ဆွဲလိုက်တာများလား....ကွယ်...။