Monday, December 27, 2010

ဖြစ်ချင်မှုများ ဖြစ်မလာနိုင်သောအရာများနှင့် အဖြစ်အပျက်များ


အခုတလော စာရေးချင်စိတ် သိပ်မရှိလှ.. ဘာကိုမှ လေးလေးပင်ပင် မထမ်းထားချင်တာလဲ ပါနေသည်.. စကားသာ များများပြောချင်နေသည်.. စကားကလဲ ပြောလိုက်တာဆိုတာ.. ကိုယ်ပြောရင် နားထောင်မယ့်သူမရှိလဲ ကိစ္စမရှိလှ.. တစ်ယောက်တည်း သီချင်းတွေ အော်ဆိုပစ်လိုက်သည်.. ကဲ ပျော်စရာတော့ သိပ်မကောင်းလှ..

ဇာတ်ပေါင်းရင် အားလုံး ဘုရားလောင်း.. ကိုယ်သာ ဒေဝဒတ်လက်သစ်ဖြစ်နေတော့ကာ.. အားလုံး ကောင်းပါသည်.. ငါ သောက်တစ်ယောက်တည်းက ပုံမှန်မဟုတ်.. အဲ့လိုပဲ ခံယူထားလိုက်တော့ လူတွေလဲ သိပ်ကြည့်ချင်လှသည်မရှိ.. ကောင်မလေးချောချောလေးများနှင့် ဘဲခပ်မိုက်မိုက်များတော့ ကိုယ် ငေးမောပစ်မှားမိနေသည်.. ဝါသနာတွေ တမျိုးများ ပြောင်းလာနေသည်လား မပြောတတ်.

တခါတခါ ဆယ်ကျော်သက် ဟစိကလေးများ အကြောင်းမရှိပဲ အော်သလို.. အန်းးးးးးးးးးးး အင်းးးးးးးးးးး အူးးးးးးးးးးးးးးး အဲ့လို အာမေဋိတ်သံ ၁၆ မျိုးလောက် အကြောင်းမရှိ အော်ဟစ်ချင်နေကာ.. လက်တွေ့ မှာတော့ လက်နှစ်ဖက်ကို တင်းတင်းပိုက် မျက်မှောင်ရိုးကို အဆုံးထိချိုးပီး.. နှုတ်ခမ်းက သရော်တော် တော် ပြုံးထားလိုက်သည်.. ပြင်ပဗဟုဝုစ်မှာကို ဆရာကြီးစတိုင်..

ဒီလ.. ဒီဇင်ဘာလ.. မှတ်မှတ်ရရ ပြောရလျင်.. အခန်းအသစ်ကို စပြောင်းသည့် ၂၀၁၀ ဇွန်လ ကတည်းက ထိပ်စီးလဲ မငြိမ်.. နောက်ပိတ်ကလဲ လှုပ်တုပ်တုပ်တွေကြားထဲ.. အခန်းတွေ တခန်းပီး တခန်းငှား.. တခန်းပီး တခန်း ပြန်အပ်ရ.. အဝေးပြေးကားလမ်းနဲ့ အဝေးပြေးကားပေါ် အိမ်လုပ်ပီး အခု ဘန်ကောက်တက်လိုက်.. ချင်းမိုင်သွားလိုက်.. မဲဆောက်ကို သွားလိုက်.. မဲဆောက်ကနေ ဘန်ကောက် ပြန်လာလိုက်.. ဘန်ကောက်ကနေ ချင်းမိုင်ရောက်သွားလိုက်.. ချင်းမိုင်ကနေ မဲဆောက် ပြန်လာလိုက်.. ဒီကြားထဲ အဝေးပြေးကားစီးရင် ကိုယ်က 999 VIP ကားမှပဲ စီးသည်.. တခါတလေ မြို့အထွက် မြို့အဝင် ဂိတ်တွေမှာ ရဲတောင် မစစ်.. လောကစည်းစိမ်အပြည့်..

ဖြစ်ချင်တော့ အဲ့ဒီညက အခန်းတခန်း ပြန်အပ်ကာ အဲ့ဒီက ဒုက္ခသည်အထုပ်တွေနဲ့အတူ ဘတ် ၃၀၀ ကျော်တန် ကားကိုမှ ရွေးစီးမိသည်.. တခါဖူးမှ မမြင်ခဲ့ရဖူးသော ဘန်ကောက်ကနေ မဲဆောက်အထိ မတ်တပ်ရပ် လိုက်စီးရသော မြန်မာတိုင်းရင်းသား လူငယ်များနှင့် အင်မတန် မိုက်ရိုင်း ထွားကြိုင်းလှသော ထိုင်း ဒရိုင်ဘာ စပယ်ယာ တစ်စုံတွဲ၊ ထိုင်းချင်ယောင်ဆောင်နေသော ထိုင်းမယားငယ်မ တစ်ယောက်နှင့် ၇ နာရီမောင်းရသော အဝေးပြေးကားပေါ် အိမ်သာမပါ စောင်မရှိ ထိုင်လိုက်ခဲ့ရတဲ့အခါ လောကသဘာဝ ဒုက္ခအစစ်အမှန်ကို အသေအချာ ခံစားခဲ့ရလေသည်..

ထားတော့.. ဘဝဆိုတာ အိပ်မက်တွေ မျှော်လင့်ချက်တွေနဲ့ ပေါင်းစပ်ဖြည့်ဆည်းထားရသည်ဟု ဆိုလျင် တချို့ဘဝတွေက အိပ်မက်တောင် မက်ခွင့်မရတာတွေ ရှိသည်.. သူတို့တွေသည် သမားရိုးကျ ဖြစ်နေကျဟု သဘောပိုက်ကာ တိတ်ဆိတ်ငြိမ်သက် ငေးမော၍သာ နေသည်.. ပြန်လှန်စကားခွန်းတုန့် မဆိုသလို ညည်းညူအော်ဟစ်မနေစတမ်း..

မြန်မာတွေဟာ သောက်ပျင်းတွေချည်း.. ကြိုးစားချင်စိတ်မရှိဘူး.. ချမ်းသာရင် ပျက်စီးတာ များတယ်.. အချိန်မတိကျဘူး.. စည်းကမ်းမရှိဘူးဟုများ ပြောနေသည့် သူများနှင့်တွေ့လျင် ကြိုးစားတိုင်း အရာမရောက် ချမ်းသာတိုင်း မပျက်စီးသည့်သူများနှင့် အချိန်ကိုလေးစားကာ စည်းကမ်းတကျရှိသောသူများကို ခေါ်ပြလိုက်ချင်သည်.. အလကား ရသော လေကို အသုံးပြုကာ ဘေးထိုင်ဘိုင်ကျ ဘုပြောနေသော အဲ့ဒီသူများသည်.. လက်တွေ့ကျကျ မစဉ်းစားသော သူများဖြစ်သည်.. ကြားဖူးနားဝ စကားများနှင့် လူပါးဝနေသောသူများလည်း ဖြစ်လေသည်..

ထားတော့.. သိပ်လေးလံတာတွေ မစဉ်းစားချင်ဘူး.. တခါတလေ အချစ် အမုန်း သံယောဇဉ် သမုဒယ အတွယ်အတာ အနှောင်အဖွဲ့ .. ဒါတွေ ဒါတွေ ခံစားချင်တိုင်း ခံစားလို့ရနေသည်ဟုများ ထင်နေလေရော့သလား.. မဟုတ်ပါ.. ဒီလို ခံစားချက်များကို တမင်တကာ မွေးမြူရပါသည်.. လောကကြီး သာယာလှပနေသည်မှာ ချစ်ခြင်းတရား များများစားစားရှိ၍ ဖြစ်သည်.. အမုန်းတရားများ တငြီးငြီး ကျွမ်းလောင်နေလျင် အင်မတန် ပူဆူနေမည်သာ.. ကဲ ချစ်ခြင်းတရားများ ငါ့ထံပါး လာရောက်စေသား.. နှစ်သစ်ဆုတောင်းဖြစ်ပါသည်.. အားလုံးအတွက်လဲ ပါပါသည်..

ပြောချင်သည်မှာ.. အခုတလော စာလဲ သိပ်မဖတ်ဖြစ်.. ကဗျာလဲ မရေးဖြစ်.. ပို့စ်အသစ်တင်ဖို့ တော်တော်တန်တန် စဉ်းစားနေရချိန်တွင် ကိုအုပ်ကြီး (ကဗျာမဟောင်းတဟောင်းများ) နဲ့ ချစ်တဲ့ခင်က ချစ်ခြင်းများစွာနဲ့ ဖြစ်ချင်ခဲ့ပေမဲ့ ဖြစ်မလာတဲ့အကြောင်းခြင်းရာတွေကို တဂ်ထားသည်..

ကိုင်း ရေးမယ် ရေးမယ်နဲ့ အခုအထိ ကီးဘုတ်ပေါ် လက်မရောက်ဖြစ်.. အကြွေးတစ်ခုရှိသည်.. သူငယ်ချင်းများ၏ ဘလော့များတွင် ပို့စ်အသစ် တင်လျင်လည်း ကွန်မန့်မရေးဖြစ်တာ များနေပီ.. နောက်ထပ် အကြွေးတစ်ခု.. မဖြစ်ချေဘူး.. ဒီအကြွေးတွေ ၂၀၁၁ ကူးလျင် အပျိုကြီးဖြစ်ဖို့ ရာခိုင်နှုန်းသိပ်များသွားလိမ့်မည်.. ဒါလဲ မဖြစ်ချေ..

တကယ်တော့ ကျမဘဝရဲ့ အစိတ်အပိုင်းတော်တော်များများကို ဒီဘလော့လေးမှာ ချရေးထားပါတယ်.. ဖြစ်ချင်ခဲ့တာတွေ၊ ဖြစ်ချင်ပေမဲ့ ဖြစ်မလာတာတွေနဲ့ မဖြစ်ချင်ပါဘူး ဒါပေမဲ့ သူ့အလိုလို ဖြစ်ခဲ့ဖူးတာတွေ..

ဒါပေမဲ့ ကိစ္စမရှိပါ.. အခုလာမည့် ၂၀၁၁ တွင် ကျမ ဖြစ်ချင်တာတွေနဲ့ ၂၀၁၀ အတွင်း ဖြစ်ချင်ခဲ့ပေမဲ့ ၂၀၁၁ တွင်မှ ဖြစ်လာမည်ဟု ကျမထင်သောအရာများ.. ဖြစ်မလာနိုင်တော့ပေမဲ့ ဖြစ်ချင်သည့် စာရင်းထဲ ထည့်ထားရမည့် စာရင်းများကို နံပါတ်စဉ်တပ်ပီး ကျမ ရေးပြပါမည်.

ပေါ့ပေါ့ပါးပါးပဲ ရေးမည်ဟု တွေးတောဖြစ်သော်လဲ လေးလေးနက်နက် ချရေးလိုက်ပါသည်..

(၁) အိမ်ပြန်ချင်ပါသည်.. သို့သော် အိမ်မပြန်နိုင်တော့ပါ.. ၂၀၁၁ တွင် အိမ်ပြန်မည်ဟု ရည်စူးထားသော်လဲ ကိုယ့်ကို မပြန်စေချင်သည့်သူတွေ အဲ့သလောက်များမှန်း အစက မသိရိုးအမှန်ပါ.. မပြန်ပါနဲ့ဦးတဲ့.. အိမ်ကိုပြန်မယ့်အစား ဘလော့ဂါတွေ သိပ်ပေါများသော စလုံး ဟု ခေါ်တွင် ကျွန်းပိစိလေးသို့ အလည်သွားပါတဲ့.. ကဲဖြစ်ပါတယ် ဒါလဲ.. ဟိုမှာ ကိုယ်တွေ့ချင်သော ကိုယ်မတွေ့ဖူးသော ကိုယ့်ကိုမြင်လျင် လန့်သွားကြမည်ဖြစ်သော ကိုယ်သိပ်ချစ်သော အပေါင်းအသင်းရောင်းရင်းများနှင့် ကြုံဆုံချင်ပါသည်.. ကဲ ကိုယ်အလည်လာမည်ဆိုလျင် ထွက်ပြေးမလား ကြိုဆိုမလား ရင်ခုန်လှသည် ..

(၂) ၂၀၁၀ တွင် ဆိုင်ကယ်နည်းနည်းပါးပါး စီးတတ်လာပါသည်.. ၂၀၁၁ မှာတော့ ဆိုင်ကယ်တစ်စီး အပိုင်လိုချင်သည်.. ကင်မရာကောင်းကောင်းတစ်လုံး.. ဂစ်တာ တစ်လက်.. ချစ်သူတစ်ယောက်.. အယ့် လိုချင်တာတွေ သိပ်များသွားပြီ.. ဖြစ်မလာလျင်လဲ ကိုယ် ဝမ်းမနည်းပါ.. ကိုယ့်မှာ အချိန်တွေနှင့် ငွေတွေ လိုနေသေးမှန်း သိနေသည်..

(၃) ယောက်ျားလေး ဖြစ်ချင်သည်. ဒါတော့ မဖြစ်နိုင်မှန်း သိသိကြီးနှင့် ဖြစ်ချင်နေသည်.. ၂၀၁၁ တွင် အဲ့ဒီဖြစ်ချင်မှု သိပ်အားကောင်းလာမည်မှန်း သိနေသည်.. အရင်ကဆို ကိုယ်က မိန်းခလေးလား ယောက်ျားလေးလား သိပ်ဂရုမထားလှ.. လိင်ခွဲခြားဆက်ဆံခံရမှုလဲ ကိုယ့်မှာ သိပ်မရှိလှ.. ကိုယ်သည် ကိုယ်သာ ဖြစ်သည်.. အခုတော့ မိန်းမဖြစ်မည်ဆိုလဲ မိန်းမဆန်ဆန် သိမ်သိမ်မွေ့မွေ့ မိန်းခလေး ပီပီသသ.. နူးနူးညံ့ညံ့လေးဖြစ်ချင်သည်.. အခုတော့ ကားကားယားယားလား ကျားကျားယားယားလား အင်း ကိုယ့်ကိုယ်ကို ဘာကောင်မှန်းလဲ သိပ်မခွဲတတ်တော့.. ဒါပေမဲ့ ယောကျာ်းလျာတော့ မဖြစ်ချင်ပါ.. အဲ့လိုပဲ မိန်းမလဲ မဖြစ်ချင်ပါ.. ယောကျာ်းလေးသာဖြစ်လျင် စကားများများပြောစရာမလို.. လက်သီးထိုးတမ်းသာ တတ်ချင်သည်. ပိုက်ဆံရှိလျင်တော့ လိင်ပြောင်းခွဲစိတ်တော့မည်.. သည် ဖြစ်ချင်မှုသည် ဖြစ်တော့ဖြစ်နိုင်သော်လဲ မဖြစ်လဲ မဖြစ်နိုင်တော့ပါ.. နဂိုအတိုင်းလေးပဲ နေတာ ကောင်းမယ်ထင်ပါတယ်.. :)

(၄) ကိုယ့်အသက်မွေးဝမ်းကျောင်းမှု ပညာ ပြောင်းလဲသွားသည်.. လမ်းပျောက်ပီ ထင်သော်လဲ လမ်းကြောင်းမှန်သို့ တစတစ ပြောင်းလဲလိုက်လာသည်.. ရှေ့တွင် စိန်ခေါ်မှုအသစ်တွေ ရှိနေသည်.. တချက်တည်းနှင့် ချောက်ထဲ ထိုးကျသွားနေနိုင်သော်လဲ တကွက်တည်းနှင့် ကမ္ဘာကျော်သွားနိုင်သည်.. ကဲ ဖြစ်ချင်တာတွေထဲ မပါလာပေမဲ့ ဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကို သိပ်ဂုဏ်ယူဝမ်းမြောက်မိသည်.. သိပ် ဝမ်းသာသည်..

(၅) နောက်ဆုံးဖြစ်ချင်မှုသည်.. မရိုးနိုင်တဲ့ လိုချင်မှုဖြစ်သည်.. အိမ်လေးတလုံး ရချင်သည်.. ချစ်တဲ့ခင်က သူခိုမှီနေထိုင်ခဲ့ဖူးတဲ့ အိမ်လေးတွေ အခန်းလေးတွေကို ခရုခွံလေးတွေနှင့် ခိုင်းနှိုင်းထားသည်.. အဲ့ဒီအသုံးကို သူ့ရဲ့ပို့စ်လေးကိုဖတ်မှ ကျမ သိပ်သဘောကျသွားသည်.. ကျမတို့သည် ဝင်ကစွပ်ကောင်လေးတွေဖြစ်သည်ဆိုပါစို့.. ကျမနှင့် အံဝင်ခွင်ကျဖြစ်မယ့် ခရုခွံလေးတစ်လုံးလောက် အပိုင်.. အပိုင်ရချင်လှသည်.. ရပါရစေ…

တဂ်ပို့စ်လေးကို လိုချင်မှု ၅ ခုနဲ့ အဆုံးသတ်ထားပါတယ်.. လိုချင်တာတွေပြောရရင်တော့ ကမ္ဘာကြီးလောက် များလှတယ်ကွယ်.. လိုချင်တာတွေများတော့ မရတဲ့အခါ ပိုဝမ်းနည်းတတ်ရတယ် မဟုတ်လား.. အလိုနည်းရင် ရတာ များတတ်တယ်တဲ့.. စကားပုံအသစ်ပါ.. :)

ကျမကို စာရေးဖြစ်အောင် တွန်းအားပေးတဲ့ ကိုအုပ်ကြီး (ကဗျာမဟောင်းတဟောင်းများ) နဲ့ ချစ်တဲ့ခင့်ကို ကျေးဇူးတင်လှပါတယ်.. နောက်ပီး ကြိုတောင်းပန်ထားချင်မိတယ်.. ကျမရဲ့သူငယ်ချင်းတွေရဲ့ ဘလော့လေးတွေကို ကျမ အလည်မလာဖြစ်တဲ့အခါ.. ကွန်းမန့်တွေမပေးဖြစ်တဲ့အခါတွေမှာ ကျမကို နားလည်ပေးပါလို့.. တခါတလေမှာ စကားလုံးတွေ သိပ်ရှားပါးတဲ့အချိန်တွေရှိတတ်တယ်.. အဲ့ခါမျိုးမှာ ကျမ အားနည်းချက်ကို ခွင့်လွှတ်ပေးပါလို့ပါ..

၂၀၁၁ မှာ ပျော်ရွှင်ဖွယ် နှစ်သစ်ကူးအချိန်သာမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေ.. ၂၀၁၁ ဟာ ၁၁ မီးငြိမ်းစေမယ့် နှစ်သစ်လေးဖြစ်ပါစေလို့ ကျမရဲ့ သူငယ်ချင်းတွေနဲ့ ချစ်တဲ့ဘလော့ဂါသူငယ်ချင်းတွေ စာဖတ်သူတွေကို ဆုတောင်းပေးလိုက်ပါတယ်ရှင်.. ပြည့်စုံပါစေ…….

ပြည့်စုံ
(၂၇-၁၂-၂၀၁၀၊ ၄း၁၂ pm)

7 comments:

  1. အင်းလေ..
    ဖြစ်ချင်တာတွေများလာလေလေ
    ဖြစ်မလာမှာ မဖြစ်တော့ မှာကို ပူပင်သောက ရောက်နေရလေလေပါတဲ့ ။
    ကိုယ်က လိုချင်ပြီဆိုတာနဲ့  အရင်ပေးထားရပြီးသားဖြစ်နေပြီလေ။
    တကယ်ပဲ ပြည့်စုံ ပါစေဗျာ..။

    ReplyDelete
  2. အနော်လေးရေ.. ရေးပေးတဲ့အတွက် ရှဲရှဲနီ။း)
    အနော်လေးစာရေးတာ အားမာန်ပါလွန်းလှတယ်။
    ဆိုင်ကယ်စီးတာ အန္တရယ်များတော့ ရပါစေ ဆုတောင်းပေးရမလား၊ မပေးရမလားစဉ်းစားတုန်း။
    ဒါ့မဲ့ ခရုခွံလေးတစ်ခုတော့ အမြန်ဆုံးရပါစေ အနော်လေးရေ။
    ဒီကောမန့်နဲ့အတူ ချစ်ခြင်းမေတ္တာများ အနော်လေးထံ ရောက်စေသောဝ်၊ ရောက်စေသောဝ်။

    ReplyDelete
  3. ဖြစ်ချင်မှုများ ဖြစ်မလာနိုင်သောအရာများနှင့် အဖြစ်အပျက်များ တဲ့...
    ရသအစုံနဲ့ကို ခံစားဖော်ပြသွားလိုက်တာ ... ဟင်း..........
    ခေါင်းတွေမူးလိုက်တာ....

    ပြည့်စုံလေးရေ.... ၂၀၁၁ မှာ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေဗျာ...

    ခင်မင်စွာဖြင့်
    အစ်ကိုပြည့်စုံကြီး

    ReplyDelete
  4. ယောကျာ်း်အဖြစ် ခွဲစိတ်မယ်ဆိုလို့
    လန့်လိုက်တာ...ဘုရားဘုရား
    ခုမှပဲ အနော်ဆိုတာ မိန်းခလေးမှန်း သိတော့တယ်:P

    ReplyDelete
  5. ၂၀၁၁မှာ ဖြစ်ချင်တာတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်...

    ReplyDelete
  6. တကယ်ခင်ဖို့ ကောင်းတဲ့ သူငယ်ချင်းပါ ..
    မိန်းကလေးပဲဖြစ်ဖြစ်
    ယောကျာ်းလေးပဲဖြစ်ဖြစ်
    အသည်းနှလုံးရှိတဲ့လူသားတစ်ယောက်ဖြစ်နေပြီပဲ ..
    ကျန်တာတွေကတော့ Minor တွေပါဗျာ ...
    လူသားတိုင်း ဘဝဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘယ်သူTag သည်ဖြစ်စေ ..
    မTag သည်ဖြစ်စေ..ရေးနေကြတာပဲမဟုတ်လားဗျာ ..
    ပျော်ရွှင်ပါစေ ..

    ReplyDelete
  7. ဘာမှမဖြစ်လာတာထက် တချို့တလေဖြစ်လည်း မဆိုးပါဘူး။
    ဘာမှမဖြစ်တော့လည်း ဘာမှမဖြစ်ပါဘူး။ အခုမှန်ကြည့်လို့ ကိုယ့်ကိုကိုယ်ပြန်မြင်သလောက်ပဲ နေမှာပါ။
    ဖြစ်ချင်ဖြစ် မဖြစ်ချင်နေ စိတ်ပျော်ဖို့ အရေးကြီးတယ်။
    ဒီပို့စ်က ၂၀၁၀ ရဲ့ နောက်ဆုံးပို့စ်ဖြစ်မယ်ထင်တယ်။
    နှစ်သစ်မှာ စိတ်ချမ်းသာပါစေနော်။

    ReplyDelete