Friday, August 19, 2011

စိတ်အန်ဖတ်

စိတ်

ကျမရဲ့စိတ်တွေက ကျမရဲ့လက်ချောင်းဖျားလေးတွေဆီမှာ ရှိမနေခဲ့..
စိတ်အတွင်းက အတွေးတွေကို ဖောက်ထုတ်ပစ်ဖို့ မဖြစ်မနေ လိုအပ်လာနေတဲ့အချိန်မှာတောင် နှလုံးသားဆီကနေ စကားလုံးတွေက လက်ချောင်းတွေဆီအရောက်မှာပဲ ပျောက်ပျက်သွားခဲ့တာ.. ခံစားချက်အသေတွေ ပစ်ထုတ်ဖို့ မဖြစ်မနေ လိုအပ်လာတယ်ဆိုရင်တောင် အဲ့ဒီနေရာက ကျမရဲ့စိတ်ကူးယဉ်အိပ်မက် မဖြစ်စေချင်ခဲ့တော့..

ည ..

လ သိပ်သာတဲ့အချိန်မျိုးမှာ မျှော်လင့်တကြီး တောင့်တခဲ့ဖူးတာက သံစဉ်ချည်းသပ်သပ်သာ တီးခတ်နေမယ့် ဂစ်တာသံသဲ့သဲ့ကိုသာ.. ညတွေမှာ ကိုယ်ဟာ ဇီးကွက်တကောင်အဖြစ် အိပ်တန်းမဝင်နိုင်သေးတဲ့အခါ စိတ်လိုအင်အနေနဲ့ ဂစ်တာသံသဲ့သဲ့ကို ဆာလောင်ငတ်မွတ်ခဲ့ဖူးတယ်..

ဖျောက် ..

မီးဖွင့်သံအဆုံးမှာ နာခံမှုမရှိတဲ့ လက်ချောင်းတွေက ကွန်ပျူတာကီးဘုတ်ပေါ် အပြေးအလွှား စကားလုံးတွေ စီနေခဲ့တယ်.. ဒါပေမဲ့ ခဏပဲ.. လမ်းတဝက်အရောက်မှာ စကားလုံးတွေ ပျောက်ရှသွားတော့တာ.. ဒါနဲ့ပဲ ဟိုအရင်လို အချိန်မျိုး ခဏရောက်.. ကျမအတွက် လိုအပ်ချက်တွေ ပျောက်ဆုံးသွားခဲ့တော့တာပါပဲ..

သူငယ်ချင်း ..

သူ့အကိုင်းနဲ့သူ သီးပွင့်နေပေမဲ့ ပင်စည်တခုတည်းက ရေသောက်မြစ်မကြီးကို မှီခိုခဲ့ကြတာချင်း အတူတူ .. ပန်းသီးပွင့်တွေ ပွင့်နေတဲ့ ပင်စည်ပေါ် ကိုယ်တယောက်တည်း သစ်သော့သီးဖြစ်နေခဲ့.. ဒီလိုနဲ့ပဲ ရွက်ကြွေတွေ လွင့်လာတော့မယ့် မဝေးတော့မယ် နွေဦးရာသီကို တယောက်တည်း မျှော်နေမိတာပါပဲ..

ချစ်သူ ..

အရိုးသားဆုံး နီးစပ်ခဲ့မှုတွေအတွက် ထူးထွေဆန်းပြားစွာလဲ ဝေးကွာမသွားခဲ့ဘူး.. ဖြစ်ရိုးဖြစ်စဉ်.. ဒီလမ်းမှာ ဒီအနမ်းကို မတမ်းတခဲ့ဖူးပေမဲ့ ဒီအလွမ်းတွေကိုလဲ လက်သင့်ခံခဲ့ရတာပါပဲ.. ဒီလိုနဲ့ပဲ အိပ်မက်တွေထဲ ကြည်နူးစွာမက်ခွင့်လေးတော့ ပေးခဲ့ဖူးတာ ကျေးဇူးတင်စရာ..

နေရာ ..

အတည်အကျ နေခဲ့ရပေမဲ့ ကိုယ်ကိုယ်တိုင်က အသားမကျသေးခဲ့.. ရှေ့သိပ်ရောက်လွန်းတဲ့အခါ ဘဝရဲ့နောက်ကျောတွေထဲ စိုက်ဝင်လာတဲ့ ဘရုတပ်စ်ရဲ့ဓားတွေကိုတော့ လက်သင့်ခံပါတယ်.. မျက်နှာချင်းဆိုင်တည့်တည့် စကားလုံးမြှားမိုးတွေ ရွာချမခံခဲ့ရတဲ့အတွက် နေပျော်ပါတယ်.. သူလိုကိုယ်လို..

မိတ်ဆွေ ..

လမ်းချင်းတူလို့ လူချင်းပေါင်းသင်းခဲ့ဖူးတဲ့ လူတွေ.. တခါတလေတော့လဲ တလှေတည်းစီးပေမဲ့ တခရီးတည်း မဟုတ်တဲ့အခါ လက်ပြနှုတ်ဆက် လမ်းခွဲ.. ဆင်သေကောင်ကို စီးပြီး ပင်လယ်ဝ ရောက်တဲ့အခါ ပျံခွင့်မရတော့တဲ့ ကျီးမိုက်လို တခါတလေတော့လဲ သာဓက အဟောင်းတွေကို လက်ဆုပ်လက်ကိုင်ပြုထားခဲ့..

အိမ် ..

ဘယ်အချိန်မဆို တူညီစွာမက်တတ်တဲ့အိပ်မက် .. အနာဂတ်မျှော်လင့်ချက်တွေထဲ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သေးတဲ့နေရာ .. နာကျင်မှုတဝက် ကြင်နာမှုတဝက်နဲ့ အိမ်ကို မက်တဲ့အိပ်မက်တွေကို နေ့လယ်ခင်းအိပ်မက်တွေထဲ မြင်သာထင်သာမက်နေခဲ့.. ဒီလိုနဲ့ပဲ ဝေးသထက် ဝေး.. ပိုပိုဝေးသွားခဲ့..

ဘဝ ..

သိပ်ကြီးကျယ်လွန်းတယ်.. သုံးနှုန်းရတာကိုက ဘဝင်လေဟပ်စေတဲ့ စကားလုံး.. ပျော်တုန်းတော့ တပြုံးပြုံးနဲ့ မော်မဆုံးနိုင်.. ဟော အခုတော့ ဘကုန်းနဲ့ ဝလုံး တဲ့.. လူ့စိတ်များပြောပါတယ်.. အခုတော့ ပစ်မှတ်ထားပြောစရာ ပိန္နဲတိုင်ကြီးလိုဖြစ်နေတဲ့ စကားလုံး.. ကိုယ်လဲ မကြာခဏ သုံးနှုန်းပါတယ်.. ဘဝ ဘဝ..

ပြည့်စုံ
12း46 pm, saturday, Aug 20, 2011

3 comments:

  1. အနော်လေးရေ..
    ဟုတ်ပနော် .. ဘ၀ ဆိုတာ ခင်လည်း မကြာခဏ သုံးမိပါတယ်။
    ပျော်တုန်းတော့ အကုန် အဆင်ပြေလို့။ မပျော်တော့လဲ အော် ဒါဟာ ဘ၀ပဲပေါ့။
    ခုကောမန့်ရေးနေရင်းတောင် ပြုံးမိတယ်။း)

    ReplyDelete
  2.ွှအင်း..
    ဆင်သေကောင်ကို ဇိမ်ကလေးနဲ့  မျှောစီးလာတဲ့ 
    ကိုရွှေကျီးမိုက်ကြီးကို မြင်ယောင်မိတယ်။
    အဲ့ ဒီဥပမာလေး သဘောကျမိတယ်။

    ReplyDelete
  3. ရေးဟန်လေး သဘောကျတယ်။ ရေးချင်စိတ်တောင် ဖြစ်မိသေးတယ်။

    ReplyDelete