Sunday, January 22, 2012

အလင်းပျောက်ခဲ့သူ

ဝရံတာ အစွန်းပိုင်း အမှောင်ရိပ်ကျနေတဲ့ နေရာနားမှာ တကိုယ်လုံးကို ကပ်ထားမိတယ်.. အနည်းဆုံးတော့ အဲ့ဒီ အမှောင်ရိပ်အောက်မှာ နေခွင့်ရနေတာကို ကျေးဇူးတင်ရမလို.. ပူပန်ချင် ယောင်ဆောင် ရတာတွေလဲ နောက်ဆုံးတော့ ထူးမခြားနား ဇာတ်ပဲ ဆက်ကနေတာ မဟုတ်လား..

‘ဖုန်းလဲ ဆက်လို့မရဘူး.. ဧရိယာပြင်ပပဲ ရောက်နေတယ် ပြောတယ်.. ဒီကောင်ဟာ ဒီအချိန်အထိတောင် ဘယ်သဝေထိုးနေတယ် မသိဘူး.. ငါတော့ သေချင်တော့တာပဲ.. သူ့အဖေနဲ့ ကလဲ တရန်ပါပဲ..’

တတွတ်တွတ် ရွတ်နေတဲ့ ယောက္ခမ အမကြီးရဲ့ အသံကို ဝရံတာဘောင်ပေါ်ကနေ လမ်းထိပ်ကို မျှော်ကြည့်နေရင်း တချက် နားစွင့်လိုက်တယ်.. လမ်းအချိုးကွေ့လေးကို ကျော်မှ သူမတို့ တိုက်ခန်းဆီ ရောက်လာမှာ ဆိုတော့ မီးရောင်လဲ့လဲ့မြင်ရင် ကိုကိုများ ပြန်လာပြီလား လို့ မသိမသာ မျှော်နေမိတာ ပါပဲ..

အရင်တုန်းကတော့ အေးတိအေးစက် နိုင်တယ်လို့ ကိုကို စွပ်စွဲခဲ့ဖူးတဲ့ မိန်းမတယောက်ဟာ အခုတော့ အေးခဲနေတာမဟုတ်ဘဲ ခံစားချက်တွေ သေဆုံးနေတာလို့ ပြောရင် ကိုကိုက ဟားတိုက်များ ရီမလား..

‘မင်းဟာ လူမှ မဟုတ်ဘဲကွ.. စက်ရုပ်ပဲ.. ငါ့ကို လက်ထပ်လိုက်ရလို့ မင်း ဝမ်းနည်းနေတာ မဟုတ်လား နုနုထွေးရဲ့..မင်းကို ဘယ်တော့မှ ငါ ကွာရှင်းမပေးဘူး.. ငါစိတ်ဆင်းရဲရသလို မင်းလဲ စိတ်ဆင်းရဲစေရမယ်.. အဲ့တာ ငါ့ကျိန်စာ .. မင်း တသက် မှတ်ထား’

ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို အလန့်တကြား လက်ဖဝါးနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်တယ်.. ဒီနေရာက တဖဝါးမှ မခွာချင်ဘူး.. ကိုကိုလာရင် တံခါးဖွင့်ပေးဖို့ ကြိုးစားရမယ်.. ဝတ္တရား ရှိတဲ့အတိုင်း ထမင်းစားပြီးပြီလား.. ဒါမှမဟုတ် ရေချိုးမလား မေးရမယ်.. ဝတ္တရားရှိတဲ့အတိုင်း အိပ်ရာဝင်ရမယ်.. ဒါ သူမ ရွေးချယ်ခဲ့တဲ့ ဘဝ..

နောင်တ မရခဲ့ဘူးလား လို့ တပါးသူ မေးမှာထက် ကိုယ့်ကိုယ်ကို ပြန်မေးရမှာကို သေရမှာထက် ကြောက်မိတယ်.. ရွေးချယ်မှုတိုင်းမှာ ၂ ခု ဒါမှမဟုတ် ဒီ့ထက်ပို များများစားစား ရှိနိုင်မလား.. သူမအတွက် ရွေးချယ်ခဲ့တာဆိုတာ ခေါင်းညိတ်ခဲ့တာ တခုပင်.. ရွေးချယ်စရာဟာ ဒါမဟုတ်ရင် ဒါပါပဲ.. ရွေးချယ်ခွင့် ရခဲ့တယ်လို့ လူရီချင်စရာ ဟာသလုပ် ပြောခွင့်ရချင်ခဲ့တာ..

အရင်တုန်းက နုနုထွေး ဆိုတာဟာ တခြားကမ္ဘာက ဂြိုလ်သားအသွင်.. ပြောင်းလဲခဲ့ပါပြီ..

‘အမေ အိပ်ချင် အိပ်လေ.. သမီး ဆက်စောင့်လိုက်ပါမယ်..’

ယောက္ခမ အမကြီးက စိပ်ပုတီးကို လက်မှာ ပတ်လိုက်ပြီး ဆက်တီခုံလက်ရန်းကို အားပြု ထရပ်လိုက်တယ်..

‘အေး အမေ ခဏလှဲလိုက်ဦးမယ်.. ပြန်လာရင်လဲ စကား များမနေနဲ့တော့.. အဖေကြီး အကြောင်းလဲ နည်းနည်းပါးပါး သတိပေးလိုက်ဦး၊ မနက်ကျရင်တော့ ပူညံပူညံ အသံတွေ ကြားရပါဦးမယ်’

အဖေက သူမကို သနားလို့ မနက်မိုးလင်းတာနဲ့ ကိုကိုနဲ့ ဆူညံပူညံဖြစ်တာဟာ ထုံးစံလို ဖြစ်နေပြီ.. ဒီနေ့ ၁၀ နာရီဟာ နောက်ကျတယ် ဆိုရင်.. မနက်မိုးလင်း ဆူညံသံကြားရပြီးတာနဲ့ ကိုကို့ အိမ်ပြန်ချိန်ဟာ ၁၁ နာရီဖြစ်ခဲ့ပြီ.. ဒီလိုနဲ့ အချိန်တွေဟာ နောက်ကျသထက် ကျလာခဲ့တယ်..

အခုတော့…

‘ဟုတ်တယ်.. အဲ့ဒီ မိန်းခလေးဟာ မင်းထက်တော့ ငါ့ကို ပိုပြီး အသက်ဝင်စေတယ်.. ငါရှိနေတယ်ဆိုတဲ့ အသိကို သူက အသိအမှတ်ပြုတယ်.. အေးတိအေးစက် မဆက်ဆံဘူး.. မင်း နားလည်လား.. မင့်ထက်’

‘တော်ပါတော့ ကိုကို.. တော်ပါတော့.. ဒီလောက် နှိပ်စက်ရ တော်ပါတော့..’

‘ဘာကွ မင်းကို ကွာရှင်းပေးရမယ် ဟုတ်လား၊ ကွာရှင်းဖို့အတွက် မင်းကို လက်ထပ်ခဲ့တာ မဟုတ်ဘူး..

မနက်ခင်းက ရန်ပွဲမှာ သွေးတစက်စက်ကျနေတဲ့ ကိုကို့လက်ဖဝါးကို အောက်ငုံ့ထားတဲ့ မျက်ဝန်းတွေက တဆင့် ကြည့်နေမိတယ်.. ကိုကို့ရဲ့ လက်အနာက မြင်သာတယ် ဆိုရင်တောင် နုနုထွေးရဲ့ ရင်ဘတ်ထဲက နှလုံးသားက သွေးတစိမ့်စိမ့် ယိုကျနေတာကို မမြင်သာတော့တာ အမှန်ပါ…

ဝရံတာဘောင်ကို တကိုယ်လုံး အားပြုပြီး မှီရပ်လိုက်တယ်.. ဆက်လက် အားပြုဖို့အတွက် အားအင်တွေ ပေးပါဦး.. ဒီလိုမျိုးပဲ မှောင်မိုက်တဲ့ ညတစ်ညမှာ လွဲချော်ခဲ့တဲ့ ကံကြမ္မာက သူမကို ဒီ့ထက် မှောင်တဲ့ အမှောင်တွေဆီကို တွန်းပို့ခဲ့တာပဲ မဟုတ်လား..

မျက်ရည် စို ငိုခဲ့ရဖူးတဲ့ ချစ်ဦးသူကို အခုအချိန်အထိ မမေ့သေးဘူးလို့ .. အဲ့ဒီလို အထင်တွေကို ဘယ်တော့များမှ ချေဖျက်ခွင့်ရပါတော့မလဲ…. ထားလိုက်ပါတော့လေ.. ဒါ သူမရဲ့ကံကြမ္မာပါပဲ..

မီးရောင်စူးရှရှ မြင်တော့ နှလုံးသားက လှိုက်ခနဲ ထခုန်သွားတယ်.. တက္ကစီကားက သူမတို့တိုက်ခန်းရှေ့ကို ထိုးရပ်လိုက်ပေမဲ့ ဆင်းလာတဲ့သူကတော့ ကိုကို မဟုတ်ခဲ့..

နာရီလက်တံ တချက်ချက်က သူမကို အချက်ပေးနေသလိုပင်.. ဒီနေရာမှာ ရပ်နေတာ အချိန်ဘယ်လောက်ရှိနေခဲ့ပြီမှန်း သူမ မသိတော့.. ဘာကိုမှ မသိချင်တော့.. ညောင်းချိနေတဲ့ ခြေထောက်တွေနဲ့ ပင်ပန်းနေပြီဖြစ်တဲ့ စိတ်ဒဏ်ရာတွေ အကြားမှာ ဘယ်အရာဟာ ပိုအလေးသာသလဲ.. အခုအချိန်မှာ မချိန်စက်ချင်တော့..

အိမ်ပြန်နောက်ကျနေတဲ့ လင်သားတစ်ဦးကို စောင့်ရတာဟာ သူများတွေ အသိမှာ သနားကရုဏာ သက်စရာနော်.. အလည်ကျူးနေတဲ့ အိမ်ကို ပြန်မလာချင်တော့တဲ့ လင်သားကို ပေတေပြီး စောင့်ရတဲ့ သူမ အဖြစ်ကို မဲ့ပြုံးတချက် ပြုံးမိလိုက်တယ်..

‘မင်းက သနားစရာ သူတော်ကောင်းမလေးပါ နုနုထွေးရဲ့. .အခု ငါဆိုးပြနေတာတွေဟာ မင်းကိုတော့ ဂုဏ်တက်စေပါတယ်ကွာ.. ဟားဟား.. အခုဆို ငါ့အဖေက အစ ငါ့ကိုဆို ဆိုးသွမ်းနေတဲ့ လူဆိုးတယောက်လို့ ထင်နေတာမဟုတ်လား.. မင်းကလဲ ဒီလိုပဲ လိုချင်နေတာ မဟုတ်လား’

ဒါဆို ဘာဖြစ်လို့များ နုထွေးကို လက်ထပ်ချင်ခဲ့ရတာလဲလို့ ဟိုးအရင် အစဦးပိုင်း အချိန်တွေတုန်းကတော့ ရန်ဖြစ်တိုင်း မေးခဲ့တာပင်..

‘မင်းကို သိပ်ချစ်လို့ကွ.’

သိပ်ချစ်တယ် ဆိုတဲ့သူဟာ ကိုယ်ချစ်တဲ့သူကို အနည်းလေးတော့ စိတ်ချမ်းသာစေချင်တယ် မဟုတ်လား ကိုကို.. အချိန်တိုင်း မယုံသင်္ကာအကြည့်နဲ့ စွပ်စွဲပြောဆိုချင်တဲ့သူရဲ့ စကားလုံးတွေကြားမှာ သူမ ဘယ်လောက်အထိ ခံနိုင်ရည်ရှိနေမလဲ ဆိုတာကို ကိုကို တွေးကြည့်မိဖူး ပါရဲ့လား..

ချစ်တယ် လို့ ခဏ ခဏ ပြောဖူးတဲ့ ကိုကိုဟာ ကိုယ့်ကို ချစ်ရဲ့လားလို့ ဘာလို့များ မမေးခဲ့တာလဲ.. ကိုယ့်ကို ချစ်ပါလို့ ဘာလို့များ မတောင်းဆိုခဲ့ဖူးတာလဲ .. အခုအချိန်မှာ စဉ်းစားစရာ မလိုတော့ဘူး.. သူမ မဟုတ်တဲ့ မိန်းခလေးတယောက်ရဲ့ အပြုအစုမှာ ကိုကို သာယာနေခဲ့ပြီ.. အမေနဲ့ အဖေရဲ့ မေတ္တာ စေတနာတွေကို နားလည်ပေမဲ့ ကိုကို့ရဲ့ လက်ရှိအခြေအနေကိုတော့ အသိမပေးချင်ခဲ့..

စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို အတိအကျ လိုက်နာခဲ့တဲ့ သူမရဲ့ သည်းခံနိုင်မှုတွေကြားထဲမှာ ကိုကို့ကို ဘယ်အချိန်အထိ သည်းခံရမလဲ.. သည်းမခံနိုင်တော့တဲ့ အခါတွေမှာ ဘယ်အရာကိုများ ထွက်ပေါက်ယူရမလဲ.. ဟင့်အင်း မသိချင်ပါဘူး.. ပြန်စရာ အိမ်မရှိတော့တဲ့ သူမ အတွက်တော့ အရာရာဟာ မှောင်အတိကျနေခဲ့တာပင်..

မှောင်မိုက်တဲ့ ညအလယ်မှာ အခုတော့ သူမ တယောက်တည်းပင်.. အယင်တုန်းကလဲ သူမ တယောက်တည်းပါပဲ.. အခုတော့လဲ တယောက်တည်းပါပဲ..နောင် ဘယ်အချိန်ထိများ တယောက်တည်း ရှိနေမလဲ ..

အမှောင်ဟာ သိပ်နက်နဲလွန်းလာတဲ့အခါ ပြောင်လက်ပြီး လှပလာတယ်လို့ ထင်လာမိတယ်.. ညအမှောင်ဟာ အထီးကျန်တဲ့စိတ်ကို ပိုပြီး အားကောင်းစေလာခဲ့တယ်.. အမှောင်ရဲ့ ဓာတ်ကို သဘောကျနေတဲ့ သူမ အတွက်တော့ ဘယ်အရာက ပိုမှောင်လာစေသလဲ မစဉ်းစားချင်ခဲ့တော့..

အိပ်မက်တွေထဲမှာ အိပ်မက်ပဲ ရှိခဲ့တဲ့ သူမအတွက်တော့ အမှောင်တွေထဲမှာလဲ အမှောင်ပဲ ရှိမှာပါ.. အလင်းတစ တွေ့ဖို့ စိတ်ကူးယဉ်နေတယ်ဆိုတာကို တဖြည်းဖြည်း သိလာခဲ့ပြီ…

လမ်းချိုးကွေ့ရဲ့ မီးတိုင်လင်းရောင်အောက်မှာ အနက်ရောင် စိတ်ကူးတစ လွင့်မျောလာနေခဲ့ပြီ.. သံဘာဂျာတံခါးကို အသာအယာ ထိတွေ့လိုက်တော့ အေးစက်နေတဲ့ အတွေ့က အထိတ်တလန့် ဖြစ်စေမိတယ်.. အသံမမြည်အောင် သတိထားနေရင်းကြားက သော့ခလောက်နဲ့ သံတိုင် ရိုက်ခတ်သံက နားစည်ကို ဆူညံသွားစေခဲ့တယ်..

လွတ်မြောက်ထွက်ခဲ့ပြီ.. နောက်ဆုံးတော့ သူမ မုန်းတဲ့ အမှောင်ထုထဲမှာကိုပဲ သူမဟာ အမှောင်တစကို ဖမ်းဆုပ်ချင်မိတဲ့သူ တယောက် ဖြစ်ခဲ့ပြီ.. အမှောင်ထုထဲ တိုးဝင်လာလေ.. အမှောင်ဟာ ပိုမှောင်လာလေပါပဲ..

တိတ်ဆိတ်နေတဲ့ ညမှာ ညှပ်ဖိနပ်သံပါးပါးက နောက်ကျောက လိုက်လာတဲ့ တစ္ဆေတကောင်လို သူမရဲ့နောက်ကျောကနေ ကပ်ပြီးလိုက်လာတယ်.. ကတ္တရာပါးပါး ခင်းထားတဲ့ လမ်းပေါ် ကျောက်စရစ်ခဲချည်း သပ်သပ်သာ ရှိနေတဲ့ လမ်းတလျှောက်မှာ ဘဝဟာ နောက်ကျောမလုံခဲ့ဘူးဆိုတာကို ပိုသိသာလာစေတယ်..

အားကိုးစရာ ခြေဖဝါးနဲ့ အိပ်မက်တွေကိုသာ ဆုပ်ကိုင်ခဲ့တဲ့ သူမရဲ့ ပိုင်ဆိုင်မှုတွေကြားမှာ သူမဟာ ဘာမှ မဟုတ်တော့.... သူမရဲ့ မိန်းမသားဘဝ.. သူမရဲ့ ကံကြမ္နာ၊ သူမရဲ့ အနာဂတ်၊ သူမရဲ့ ဖြစ်တည်မှု .. အားလုံး အားလုံးဟာ ပျောက်ဆုံးသွားခဲ့ပြီ..
ဒီလမ်းချိုးအကွေ့လေးကို လွန်ရင် ဘဝဟာ လွတ်မြောက်ထွက်ခဲ့ပြီလို့ သူမ ထင်နေခဲ့ပြီ..

ပါးပြင်ပေါ် စီးကျလာနေတဲ့ နှလုံးသားရဲ့ငိုကြွေးသံတွေကို ဘာကမှ မတားဆီးနိုင်တော့.. စူးစူးရှရှ ကားမီးလင်းတန်းအောက်မှာ သူမက တကိုယ်လုံး ပစ်ဝင်ခဲ့လိုက်ပြီ… နံဘေးကို ပြေးဝင်လာတဲ့ မော်တော်ကားရဲ့ အရှိန်နှုန်းကို သူမ ဝမ်းသာအားရ ကြိုဆိုမိလိုက်တဲ့ အခိုက်မှာပဲ ဘရိတ်အုပ်သံ ကျယ်ကျယ်လောင်လောင် ကြားရပြီး ကတ္တရာလမ်းမနဲ့ ကားဘီးပွတ်တိုက်သံက သူမ နားထဲ အရှိန်ပြင်းစွာ ဝင်ရောက်ခဲ့တော့တာ..

တံခါးဖွင့်သံ ကျယ်ကျယ်ကို ကြားရပြီး ပြေးဝင်လာတဲ့ ဖိနပ်သံတွေကြားမှာ သူမ အကြားချင်ဆုံး အသံကို ကြားလိုက်ရတယ်..

‘နုထွေး..’

တင်းထားတဲ့ စိတ်တွေ အကုန်လျှော့ချလိုက်တဲ့အခါမှာတော့ အမှောင်ထဲမှာ ပျော်တဲ့ မိန်းခလေးဟာ အမှောင်ထဲကိုသာ တိုးဝင်သွားတော့တာပါပဲ..

ပြည့်စုံ
12:36 pm, 23-1-2012

3 comments:

  1. ဟင်...
    ဒါဆို မင်းက ရှုံးသွားတာပေါ့ ၊
    မကြိုက်ပါဘူး၊ဒီအသိမ်းကို...။
    မာန်တွေ မရှိတော့ သလိုပဲ..။
    အမှန်က “ အချစ် ” ကိုးကွယ်စရာ မဟုတ်ဖူးလေ။

    ReplyDelete
  2. တစ်ချို့ကလဲ အချစ်ကိုကိုးကွယ်ကြတာပဲလေ
    တင်းထားတဲ့ စိတ်တွေ အကုန်လျှော့ချလိုက်တဲ့အခါမှာတော့ အမှောင်ထဲမှာ ပျော်တဲ့ မိန်းခလေးဟာ အမှောင်ထဲကိုသာ တိုးဝင်သွားတော့တာပါပဲ----
    အဲဒီစာသားလေးကအရမ်းကိုအသက်ဝင်တယ်

    ReplyDelete
  3. ဘာလို့ အဲလိုလုပ်ရတာလဲ နုထွေးရယ် လို့ မပြောရက်ဘူး။

    (ဟူး ... အဲဒါလေးမန့်ဖို့ အတော်ကြိုးစားလိုက်ရသည်။ :P )

    Khin

    ReplyDelete