Monday, January 2, 2012

2012 အထိ ဒါတွေ ပါလာတယ်..

2011 နှစ်ထဲမှာ မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေ အများကြီး ကျန်ခဲ့တယ်.. အကြွေးတွေလိုပဲ.. မေ့မသွားဘဲ 2012 အထိ သူတို့လိုက်လာတယ်..

ကိုယ်ရော စိတ်ပါ အတူတူ ပြောင်းလဲဖို့ ကြိုးစားတိုင်း ကိုယ်ရော စိတ်ပါ ပင်ပန်းတကြီး လဲပြိုသွားခဲ့ဖူးသည့် အတွက် ဘယ်တော့မှ အတင်းအကျပ် ပြောင်းလဲယူဖို့ မကြိုးစားဖြစ်တော့..

လွတ်ကျသွားတယ်.. လွင့်စဉ်ကျသွားခဲ့ပြီး.. အတော်ဝေးဝေးအထိ လိုက်မမှီနိုင်တော့တဲ့ အထိ .. ခပ်ဝေးဝေး နေရာအထိ လွင့်မျောသွားတဲ့ အရာတွေထဲ.. ပျော်ရွှင်ခြင်းတွေနှင့်အတူ လူတွေကို အကောင်းမြင်စိတ်ပါ ပါသွားခဲ့တယ်.. ပြန်မရခဲ့တော့ဘူး..

ရီမောခြင်းဟာ ပါးစပ်ဖျားက လာသလားလို့ သံသယဝင်နေရင်းနဲ့ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဟာ တန်ကြေးကြီးကြီးတွေနဲ့ လဲယူလို့ မရခဲ့ဘူး.. ပျောက်ဆုံးသွားပြီ..

ကိုယ်က ဘယ်သူပါ လို့ ဆိုတဲ့သူတွေကို သိကျွမ်းရတာထက် ကိုယ့်ဘာသာ ရှာဖွေယူရတဲ့ မိတ်ဆွေ အစစ်အမှန်တွေကိုပဲ တန်ဖိုးထားပါတယ်.. ဒါပေမဲ့ ကိုယ်ယုံကြည်တာတွေလဲ တခါတလေမှာ အမှားပါတတ်တယ်..

မိန်းမတွေဟာ ဦးစားပေးခံရတယ်လို့ ရှေးအစဉ်အဆက် ယုံကြည်ခဲ့တာတွေကို စိတ်ထဲ မှတ်ထင်ထားရင်း တကယ်တော့ အသနားခံ လူတန်းစားအဖြစ်သာ ပါးစပ်အရသာခံနေရမှန်း သိနေတဲ့အခါ သူတို့အစား ရှက်မိတယ်.. ကိုယ်သာ လိပ်ဆို ခေါင်းမပြူဝံ့တော့...

တယောက်တည်း နေရတဲ့ ဘဝကို မက်မောမိပေမဲ့ ဘဝဟာ ကူးခတ်နေမှသာ မနစ်မြုပ်မှန်း သိရတော့တယ်.. ကောလဟာလတွေ၊ မနာလို အတင်းအဖျင်းတွေနဲ့ မစ္တရိယစိတ်တွေကြား ပေါလောမျောနေတဲ့ ဘဝပင်လယ်ကြီး.. ကမ်းမမြင် လမ်းမမြင် မျက်မမြင်.. ကိုယ်တယောက်တည်းပဲ စိတ်ကူးယဉ်..

ပြည့်စုံ
(Monday, January 2, 2012 at 4:14pm)

2 comments:

  1. "ရီမောခြင်းဟာ ပါးစပ်ဖျားက လာသလားလို့ သံသယဝင်နေရင်းနဲ့ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဟာ တန်ကြေးကြီးကြီးတွေနဲ့ လဲယူလို့ မရခဲ့ဘူး.. ပျောက်ဆုံးသွားပြီ.."

    ဟုတ်တယ် အနော်ရဲ့ ရီတော့ ရီနေတာပဲ။ ပျော်နေသလားတော့ မသိဘူး။

    2012 မှာ ပျောက်ဆုံးသွားတဲ့ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းတွေ အမြန်ဆုံးပဲ ပြန်ရပါစေ အနော်။

    ReplyDelete
  2. ကိုယ်ယုံကြည်တာတွေလဲ အမှားပါတတ်တယ်..။ ဂွတ်စ်
    BY ..။ မေပယ်လ်
    (ဘာမှဟုတ်ဘူး သရဲလာခြောက်တာ :D)

    ReplyDelete