Sunday, July 26, 2009

အိပ်မက်ထဲက သူငယ်ချင်း

မေ့ထားတာကြာပီဖြစ်တဲ့ တချိန်တုန်းက သိပ်ချစ်ခဲ့ရသော ကျမရဲ့ သူငယ်ချင်းကို အိပ်မက်ထဲတွင် ထူးထူးဆန်းဆန်း မြင်မက်ခဲ့သည်.

အိပ်မက်ထဲတွင်ပင် ကျမတို့နှစ်ယောက် အရင်ကအတိုင်း ပြန်မဖြစ်ခဲ့ကြပါ.

အိပ်မက်သည် ပြင်ပနှင့် ထပ်တူကျတဲ့ ခံစားမှုမျိုးကို ပေးနိုင်ပါသလား
အိပ်မက်တွေကို ပြောင်းပြန်ယူရသည်ဟု လူကြီးတွေ ပြောခဲ့ဖူးတာ မှတ်မိနေသည်.

ထူးထူးဆန်းဆန်း သူမကို စိတ်မစွဲပါဘဲ မက်ခဲ့သည့်အိပ်မက်ထဲတွင် သူမနှင့် ကျမသည် စိမ်းကားအေးစက်နေဆဲပင် ဖြစ်သည်. အပြင်မှ သူမနှင့် ကျမရဲ့ စိမ်းကားအေးစက်မှုသည် အိပ်မက်ထဲတွင်လဲ ထပ်တူကျသည့်ခံစားချက်ကို ပေးပါသည်.

အိပ်မက်ထဲမှ ကျမတို့နှစ်ယောက်ရဲ့ စိမ်းကားအေးစက်မှုသည် အိပ်မက်က လန့်နိုးချိန်တွင်ပင် အဲ့ဒီခံစားချက်က ပြယ်ပျောက်မသွားပါ. ခါးသီးသည့် အရသာကို ပါးစပ်ထဲတွင်ပါ ခံစားခဲ့ရသည်.

ကျမက သူမကို သိပ်ချစ်ခဲ့သည်. ကျမရဲ့ ညီအစ်မအရင်းသဖွယ် ချစ်ခဲ့ပါသည်. သူမနှင့်ကျမသည် အမြွှာလို့ပြောရင် ယုံရလောက်အောင် မျက်နှာပေါက်ချင်းရော ရယ်ပုံချင်းရော အရပ်အမောင်းချင်းရော တူညီပါသည်. ယုတ်စွအဆုံး ကံမကောင်းခဲ့ပုံချင်းပါ တူညီခဲ့လေသည်. မိသားစုထဲမှာ အလတ်ဖြစ်တဲ့သူမနှင့် မိသားစုထဲမှာ နို့ညှာဖြစ်တဲ့ ကျမသည် သည့်ပြင်သူတွေထက် ပိုပီး ချစ်ခင်ခဲ့သည်မှာ အံ့သြစရာမရှိခဲ့ပါ.

သူမနှင့် ကျမရဲ့ကြားမှာ ထိန်ချန်ထားစရာ ကွယ်ဝှက်ထားစရာ ဘာတစ်ခုမှ မရှိခဲ့ပါ. သူမရဲ့ အချစ်ရေး သူမရဲ့ စိတ်ခံစားချက် သူမရဲ့ ပျော်ရွှင်မှု သူမရဲ့ ပြဿနာ သူမရဲ့ … စသဖြင့် ကျမ သိရှိခဲ့သလို ကျမရဲ့ ခံစားချက်တွေကိုလဲ သူမ သိခဲ့သည်. အခုအခါမှာ ပြန်တွေးကြည့်ရင် အဲ့ဒီလိုသိခဲ့တာတွေကပဲ ကျမတို့နှစ်ယောက်ကို ဝေးကွာစေခဲ့သလား မသိခဲ့ပါ.

သူမက မြန်မာနိုင်ငံမှာ မွေးသည့် နိုင်ငံသားတရုတ်လူမျိုးဖြစ်ပီး ကျမကတော့ ဗမာစစ်စစ် ဖြစ်သည်. ကျမတို့နှစ်ယောက်ကို တွေ့တဲ့သူတိုင်းက ဇဝေဇဝါနှင့် အမြွှာတွေလားလို့ မေးခဲ့လျင် ကျမက ဂုဏ်ယူစွာနှင့် ဟုတ်သည်လို့ ပြန်ဖြေခဲ့ဖူးသည်. ကျမ သူမကို သိပ်ချစ်ပါသည်.

ကျမတို့နှစ်ယောက်ရဲ့ ခိုင်မြဲသည့် ချစ်ခင်မှုသည် ရေရှည်တည်တံ့မည်ဟု ထင်မှတ်ခဲ့ခြင်းသည် လောကဓံကို အာခံရာရောက်ခဲ့သည်.

ကျမက စိတ်မြန်သည် သူမက စဉ်းစားတွေးခေါ်မှု ပိုများသည်. တချို့ကိစ္စတွေမှာ ကျမက ဦးဆောင်သူဖြစ်ခဲ့သည်. ဒါပေမဲ့ ကျမသည် သူမကို လွှမ်းမိုးဖို့ကြိုးစားခဲ့တာ မဟုတ်ဘူးဆိုသည်ကို ဘယ်အချိန်ဖြစ်ဖြစ် ကျိန်ပြောရဲပါသည်. လူအများအမြင်မှာ သူမကို လွှမ်းမိုးချုပ်ကိုင်ထားသူဟု မြင်ရလောက်အောင် သူမ လုပ်ချင်တဲ့အရာတွေကို ကျမက အားပေးခဲ့သည်. ဟုတ်တယ် အားပေးခဲ့တာပဲ ဖြစ်သည်. သို့ပေမဲ့ ကိစမရှိပါ. ကျမသည် ဝေဖန်မှုတွေကြားထဲတွင် မတုန်မလှုပ် နေနိုင်စွမ်းရှိသည်. အထင်မှားမှုတွေ အလွဲထင်မှုတွေကိုသာ ရှင်းပြရလျင် ကျမ စိတ်အနှောင့်အယှက် ကောင်းကောင်းဖြစ်နိုင်သည်. ကျမက ပျော်ပျော်သာ နေလိုသည်.

ရုတ်တရက် သူမရဲ့ စိမ်းကားအေးစက်လာမှုကို သတိထားမိသည့် တစ်နေ့တွင် ကျမနှင့် သူမ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ထိုင်နေခဲ့သည်. ကျမရဲ့အမေးတွေကို သူမက စိတ်အနှောင့်အယှက်ဖြစ်စွာ မေးတစ်ခွန်း ပြောတစ်ခွန်း ပြောနေခဲ့သည်. ကျမ ဝမ်းနည်းလာသည်. ကျမရဲ့ သူငယ်ချင်းလေးသည် ကျမကို ဘာအတွက်များ စိတ်ဆိုးနေခဲ့ပါသလဲ. ကျမ အကြာကြီး ငိုင်နေမိပီးမှ သူမကို စတင် တောင်းပန်ခဲ့သည်.

ငါ မသိလိုက်ပေမဲ့ နင် စိတ်ဆိုးခဲ့တယ်ဆိုရင် ငါတောင်းပန်တယ်. ငါမှားခဲ့ရင်လဲ ငါတောင်းပန်တယ်. ဘာများဖြစ်နေသလဲ.

သူမရဲ့ မျက်နှာပေးသည် ကျမအသည်းကို ဓားနဲ့မွှန်းသလို ခံစားရသည်. ကျမ မျက်ရည်ကျသည်ကို သူမက တိတ်တဆိတ်သာ ထိုင်ကြည့်နေခဲ့သည်.

ကျမ ဘယ်တုန်းကမှ မပြောခဲ့သည့် စကားတွေအတွက် သူမထံတွင် နားနှင့်ဆတ်ဆတ်နားထောင်ခဲ့ရသည့် သက်သေရှိသည်ဆိုသော စကားလုံးတွေကို ကျမ အံ့အားတသင့်ဖြစ်ခဲ့ရသည်. သူမ ဖွင့်ဟပြောနေခဲ့သည့် ကျမကိုစွပ်စွဲချက်တွေကို ကျမ မျက်ရည်အတွေသားနှင့် ထိုင်နားထောင်နေခဲ့သည်.

ကျမမှာ ပြောစရာ ငြင်းစရာ စကားလုံးရှာမရခဲ့ပါ. ကောင်းပြီ ကျမတို့နှစ်ယောက်ကြားတွင် ရှိနေခဲ့သော ယုံကြည်မှု ချစ်ခင်မှု သံယောဇဉ် ဒါတွေအားလုံး သံသယအောက်တွင် ပျောက်ဆုံးခဲ့ပြီ.

ကျမကတော့ ကျမတို့နှစ်ယောက်ရဲ့ချစ်ခင်မှုကို မနာလိုမှု တခုနှင့် လုပ်ကြံဇာတ်ခင်းခဲ့သည့် ကျမ မသိခဲ့ရသည့် လူတစ်ယောက်အပေါ် မနာကျည်းခဲ့ပါ. ကျမ နာကျည်းခဲ့သည်ကတော့ သူမရဲ့ ကျမအပေါ် မယုံကြည်မှုသာ ဖြစ်သည်.

ကျမသာ သူမနေရာတွင် ထိုစကားလုံးတွေအတွက် ကျမ စိတ်အနှောင့်အယှက် အဖြစ်မခံပါ. သူမရဲ့ ဇဝေဇဝါနိုင်မှုနှင့် အဲ့ဒီစကားလုံးတွေအပေါ် ယုံကြည်မှုတွေက ကျမအတွက် တကယ်ကို စိတ်အနာကြီး နာခဲ့ရသည်. ဝမ်းနည်းခဲ့ရသည်.
သူမကို စကားတခွန်းထဲသာ ပြောခဲ့သည်.

ငါတို့နှစ်ယောက်ရဲ့ကြားက ယုံကြည်မှုက ပျောက်ခဲ့ပီ နင် ငါ့ကို မယုံသလို ငါလဲ နင့်ကို ယုံမှာ မဟုတ်တော့ဘူး အချိန်တခုကို ကြည့်ပါ တကယ်လို့ နင်ထင်ထားတာတွေ မဟုတ်ခဲ့ဖူးဆိုရင်တောင် ငါတို့နှစ်ယောက်က အရင်အတိုင်း ပြန်ဖြစ်မှာ မဟုတ်တော့ဘူး နှုတ်ဆက်တယ် ငါတို့ ကိုယ့်စိတ် အတိုင်းပဲ နေကြတာပေါ့.

အရင်တုန်းက ကိစ္စရပ်တွေ အတိုင်းပင် ကျမကပဲ ဒီပြဿနာကို ဆုံးဖြတ်ချက်ချခဲ့သည်. ကျမတို့နှစ်ယောက် အရင်အတိုင်းပဲ အလုပ် အတူတူ လုပ်ကြသည်. အလုပ်ကိစ စကားပုံမှန်အတိုင်းပဲ ပြောကြသည်. ဒါပေမဲ့ အေးစက် ခါးသက်မှုတွေနဲ့ အတူပေါ့. လူတွေက ပထမတော့ သတိမမူမိပေမဲ့ နောက်တော့ သတိမူလာကြသည်. သူတို့ သိပ်အံ့သြကြသည်. ကျမကတော့ အစဉ်အမြဲ ပြုံးနေတတ်သည့် မျက်နှာပေးမျိုးနှင့်ဖြစ်ပေမဲ့ သူမကတော့ သူမရဲ့ မျက်နှာကို ထိန်းချုပ်မထားနိုင်ခဲ့ပါ.

နောက်တော့ သူမက အဝေးကို ပျံသန်းဖို့ စတင်စိတ်ကူးခဲ့သည်. ကျမတို့နှစ်ယောက်ကြားတွင် မယုံနိုင်စရာကောင်းလောက်အောင် ဆက်စပ်ပတ်သတ်မှု လုံးဝမရှိခဲ့ပါ. သူမ စင်ကာပူကို သွားဖို့ အစစအရာရာ စီစဉ်ပြီးချိန်ကျမှ ကျမ သိခဲ့ရသည်. ကျမလဲ ကျမရဲ့ဘဝတိုးတက်ဖို့ ကြံစည်ခဲ့ခြင်းကိုလဲ သူမ မသိခဲ့ပါ.

သူမ သွားခါနီး စကားပြောချင်နေတာကို သတိထားမိသည်. လက်ကျန်သံယောဇဉ်ကို စုစည်းပီး ကျမကပဲ သူမကို စတင်စကားပြောခဲ့သည်. ငါတို့ အပြင်မှာ ဆုံကြရအောင်. ဟိုမှာဆိုတာ ဒီမှာလိုတော့ ဟုတ်မှာ မဟုတ်ဘူး. ဘာအတွက်ပဲဖြစ်ပါစေ ကိုယ်သွားမယ်လို့ ရည်စူးထားပြီးတဲ့ ရည်မှန်းချက်ကို အပျောက်မခံပါနဲ့လို့ သူမကို သတိပေးစကားပြောခဲ့သည်.

ကျမက ကော်ဖီသောက်ပီး သူမကတော့ ရေခဲမုန့်စားခဲ့သည်. သူမအတွက် လက်ဆောင် ပို့စကတ်လေးနှင့် အင်္ကျီတထည် ကျမပေးခဲ့သည်. သူမဆီက ပြန်ရခဲ့သည့် လက်ဆောင်ကတော့ ဘာပဲဖြစ်ဖြစ် တောင်းပန်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းပင်. ဒါတွေဟာ မလိုအပ်တော့ပါ. ကျမသည် တည်ငြိမ်နေခဲ့ပီ. သူမအပေါ် ဘာခံစားချက်မှ ရှိမနေအောင် ကြိုးစားရင်း အမှန်တကယ်ကို တည်ငြိမ်နေခဲ့ပီ.

ယုံကြည်မှုပျောက်ဆုံးခဲ့ပီဖြစ်တဲ့ ချစ်ကြင်နာမှုအတွက် ဘယ်လို အရာ၊ ဘယ်လို စကားတခွန်းကမှ အရင်အခြေအနေကို ပြန်ရအောင် မစွမ်းဆောင်နိုင်တော့ပါ.

သူမနှင့် စကားတွေ အများကြီးပြောခဲ့သည်. ရင်ထဲမှာ နွေးထွေးမှုတော့ တစ်စက်မှ ရှိမနေခဲ့ပါ. ကော်ဖီကပဲ ခါးသလား ခံစားချက်ကပဲ ခါးနေသလား မသိပါ. အဲ့ဒီအခါးက သူမကို သတိရတိုင်း ပါးစပ်ထဲကပါ အလိုလိုလိုက်ခါးနေမိသည်. ကံကောင်းပါစေလို့ နှုတ်ဆက်စကား ဆိုအပြီးမှာ ကျမတို့နှစ်ယောက် လှည့်မကြည့်ဘဲ လမ်းခွဲခဲ့ကြသည်.

သူမ အဆင်ပြေသလား ဘယ်လိုအခက်အခဲတွေများ ကြုံတွေ့နေသလဲ ဘာမှ မသိ မကြားရအောင် နေခဲ့သည်. တကယ့်ကိုပင် စိတ်ထဲမှာမေ့နေခဲ့ပီ. မှတ်မှတ်ရရ ညက အိပ်မက်မက်သည်.

အိပ်မက်ထဲတွင် သူမသည် လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်းက မျက်နှာသေမျိုးနှင့်ပင် ကျမကိုစိုက်ကြည့်နေခဲ့သည်. ကျမ ပါးစပ်ထဲတွင်လဲ အခါးရည်တွေ ပြည့်နေခဲ့သည် ထင်သည်.

ကျမအတွက်တော့ လူတစ်ယောက်ကို ယုံကြည်မှုနှင့်ပင် ပေါင်းသင်းဆက်ဆံချင်ပါသည်. ယုံကြည်မှု ပျက်ပြားသွားခြင်းသည် လူတစ်ဦးနှင့်တစ်ဦးအကြား ချစ်ခင်မှု ကြင်နာမှု သံယောဇဉ်ဖြစ်မှုတွေကို ရိုက်ချိုးလိုက်ခြင်းပင်ဖြစ်သည်.

ယုံကြည်မှုမရှိတော့သည့်အတွက် ဘယ်အရာမှ အရင်အတိုင်း ပြန်မဖြစ်တော့ပါ.

ကျမသည် ယုံကြည်မှုနှင့်ပင် သူငယ်ချင်းတွေကို ပေါင်းသင်းသည်.

ယုံကြည်မှုနှင့်ပင် ကျမ ချစ်သူကို သိပ်ချစ်ခဲ့သည်.

ယုံကြည်မှုနှင့်ပင် လုပ်ဖော်ကိုင်ဖက်တွေနှင့်အတူ အလုပ်လုပ်ခဲ့သည်.

ယုံကြည်မှုနှင့်ပင် ဘဝကို ရှေ့ဆက်ချင်ပါသည်.

ဘဝအတွက် အရေးအကြီးဆုံးသည် ယုံကြည်မှုဖြစ်သည်လို့ ကျမကတော့ ခံယူထားသည်.

မှတ်မှတ်ရရ ညက အိပ်မက်မက်ခဲ့သည်

ပြည့်စုံ (၁၇-၈-၂၀၀၈ တွင် မေ့ပစ်ခဲ့သော ကျမရဲ့ သူငယ်ချင်းမလေးအတွက်)

(မဆုမွန် ဘလော့တွင် ဖော်ပြပြီး)

9 comments:

  1. ဖတ်ရတာ စိတ်တောင်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့မရယ်။
    အရမ်းချစ်တဲ့ သူငယ်ချင်းတွေပဲ လွဲခဲ့တဲ့ နားလည်မှုလေးတွေကို ပြန်ပြီး ညှိယူရင် အဆင်ပြေမှာပါ။ ပျော်ရွှင်အဆင်ပြေပါစေနော်။

    ReplyDelete
  2. အထင်လွဲမှားပီးယုံကြည်မှူပျက်စီးတာတော့တော်တော် နှမျောတယ်

    မယုံကြည်ရင်နေ အထင်မသေးရင်တော်ပီ

    ReplyDelete
  3. စာ အရေးအသား တကယ်ကောင်းတယ်။
    ဖတ်ရတာစိတ်မကောင်းဘူး၊ နှလုံးသားချင်းနီးစပ်သူတွေမို့ ယုံကြည်ချက် ပြန်တည်ဆောက်နိုင်ပါသေးတယ်။
    အဆင်ပြေပါစေနော်

    ခင်မင်လျက်

    ReplyDelete
  4. သိတ်ခင်တဲ့သူငယ်ချင်းတွေဖြစ်ရက်နဲ့ကြားစကားကိုယုံခဲ့တာသူမှားတာပေါ့...ပြတ်ပြီးသားကြိုးတချောင်းကပြန်ဆက်ရင်လဲ အရင်လိုမလှပနိုင်တော့ဘူးလေ...

    ReplyDelete
  5. အချစ်ဆိုတာ..ယုံကြည်မူရဲ့ 
    မှတ်ကျောက်ပါ။.
    ပျော်ရွှင်ပါစေ.နော်..

    ReplyDelete
  6. ဘယ်လို ကြိုးမျိုးဘဲဖြစ်ဖြစ် ပြတ်ပြီးလို့ပြန်ဆက်ရင် အထုံးလေးတော့ ရှိစမြဲပါ
    ကိုယ့်ယုံကြည်မှု့ ကိုယ် ဘ၀မှာအကောင်းဆုံးဖြစ်နိုင်ပါစေဗျာ
    အဆင်ပြေပျော်ရွှင်ပါစေနော်

    ReplyDelete
  7. ငါ့နှမ .. တိုက်ဆိုင်လိုက်တာ။ ကိုယ့်ဒီရောက်ကတည်းက တူတူနေတဲ့အမတယောက် ရှိခဲ့တယ်။ ကိုယ်တကယ်ကို အမအရင်းလို ချစ်ခဲ့တာပါ။ ဒါပေမယ့် မိန်းကလေးအချင်းချင်းချစ်တာကိုတောင် မနာလိုတဲ့လူတွေရှိတယ်ကွ။ တမျိုးနော။ ထင်တောင်မထင်ဘူး။ ခက်တာက ကိုယ်ကလည်း ကိုယ့်ကို ယုံပါလို့ မပြောတတ်ဘူး။ အင်း အဲလိုတွေနဲ့ပဲ ခုတော့ တစ်ယောက် တစ်အိမ်ပေါ့။

    ReplyDelete
  8. သူမကိုနားလည်ပေးလိုက်ပါ....

    ReplyDelete