Sunday, August 16, 2009

မျှော်လင့်ခြင်းကောင်းကင်

ငါရောက်နေတဲ့ညရဲ့ ကောင်းကင်မှာ
လမသာဘူး
လေမတိုက်ဘူး
ကြယ်မရှိဘူး
ယုတ်စွအဆုံးကွယ်
တိမ်တောင် မရှိဘူး

အနက်မှောင် ပြောင်ပြင်ပြင် ကောင်းကင်ကြီးထဲ
မော့ကြည့်လိုက်ရင်
စိမ်းသက်ခြင်းတွေရှိတယ်
အထီးကျန်ခြင်းတွေရှိတယ်
အလွမ်းတွေရှိတယ်

ငါရောက်ချင်တဲ့ညရဲ့ ကောင်းကင်မှာ
အမြဲတမ်း လပြည့်ညဖြစ်တယ်
လေညင်းလေးက အေးမြမြတိုက်ခတ်ရဲ့
ကြယ်အစုံကလဲ လင်းလက်တောက်ပလွန်းတယ်
ယုတ်စွအဆုံးကွယ်
တိမ်တစ်အုပ်ကတောင် ကခုန်နေလေရဲ့

ပြာလဲ့လဲ့ အလင်းရောင်တောက်နေတဲ့ ကောင်းကင်ကြီးထဲ
မော့ကြည့်လိုက်ရင်
နှစ်လိုဖွယ် အကြင်နာတွေရှိတယ်
နွေးထွေးမှုတွေရှိတယ်
အချစ်တွေရှိတယ်

သီချင်းအတူတူ အော်ဆိုနေတဲ့ မောင်နှမတစ်စုရှိတယ်
မုန့်တစ်ခုကို ဝေမျှစားနေတဲ့ မောင်နှမတစ်စုရှိတယ်
အရာရာကို ရယ်စရာဟာသအသွင် သဘောထားတဲ့ မောင်နှမတစ်စုရှိတယ်
လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ အားအင်တွေရှိတယ်
မမေ့ဖျောက်နိုင်တဲ့ မေတ္တာတွေရှိတယ်
ပြန်ဆုံရင် ပျော်ရွှင်ရမယ့် မောင်နှမတစ်စုရှိတယ်
ငါမျှော်လင့်တဲ့ကောင်းကင်ဟာ အမြဲပဲလှတယ်.....

ပြည့်စုံ (၁၆-၈-၂၀၀၉၊ ၃း၂၈ pm)

10 comments:

  1. အနော် မျှော်လင့်နေတဲ့ လှပတဲ့ ပြာလဲ့လဲ့ ကောင်းကင်ကြီးအောက်မှာ အမြန်ဆုံး မောင်နှမတွေနဲ့ သီချင်းတွေအော်ဆို၊ မုန့်တွေ ဝေမျှ စားသုံးနိုင်ပါစေလို့ ဆန္ဒပြုပေးပါတယ် ဗျာ။

    yu ya

    ReplyDelete
  2. ကဗျာလေးက ကောင်းတယ်ဗျာ .... ဘဝရဲ့ မစာနာမှုတွေကို အထင်းသားမြင်နေရတယ်..... :D
    အေးမြသာယာပါစေ (ရန်ကုန်သား)

    ReplyDelete
  3. မောင်နှမတွေပြန်လည်ဆုံစည်းပြီးပျော်ရွှင်ကြဘို့ မျှော်လင့်ချက်လေး အမြန်ဆုံးပြည့်ဝနိုင်ပါစေ....

    ReplyDelete
  4. နော်လေးရေ..
    မျှော်လင့်နေတဲ့ ကောင်းကင်လေးက အနော့် ဘ၀ကို အမြန်ဆုံး အုပ်မိုးထားနိုင်ပါစေ။
    ချစ်တဲ့
    ခင်
    :)

    ReplyDelete
  5. အင်း..တိမ်တွေကခုန်နေတာ...
    တို့များလည်းကြည့်ချင်ပါရဲ့ကွယ်...
    တစ်နေ့နေ့ပေါ့နော...
    လှတဲ့ကောင်းကင်အောက်မှာတူတူလေ...

    ReplyDelete
  6. စိတ်ကူးလေး အရမ်းကောင်းတယ်။ ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

    ReplyDelete
  7. ဖြစ်ချင်တာနဲ့ ဖြစ်နေတာကို ယှဉ်ပြီး ရေးဖွဲ့သွားတာ အရေးအသား ကတော့ စံထားလောက်ပ ငါ့နှမရယ်။
    "ယုတ်စွအဆုံးကွယ်
    တိမ်တစ်အုပ်ကတောင် ကခုန်နေလေရဲ့" ... အဲဒီ့ စာသားလေးအရမ်းကြိုက်မိတယ်။
    မျှော်လင့်ခြင်း ကောင်းကင်မှာ မောင်နှမတွေ တိမ်တစ်အုပ်လို ကခုန်နိုင်ပါစေကွယ်။
    ခင်တဲ့
    အစ်ကို

    ReplyDelete
  8. မျှော်လင့်တဲ့မိုးကောင်းကင်မှာ
    ကြယ်တာရာရယ် လမင်းရယ် ယိမ်းနွဲ့တဲ့တိမ်အစုအဝေးရယ်
    အမြန်ဆုံးဖြစ်တည်ပါစေ ။

    ReplyDelete
  9. တိမ်တွေယိမ်းထိုး မေတ္တာမိုးတဲ့အရပ်မှာ
    အပျော်တွေ စွေပါစေ...။ ။

    ReplyDelete
  10. မမကြီးက သီချင်းဆိုမကောင်းဘူးကွယ် တစ်ပိုင်းတစ်စ သီချင်းတွေကို ကြောင်လေးလို အီပြီး ညည်းတတ်တယ်ဆိုတာ ထည့်မရေးကြေးနော်
    ငါ့ညီမလေးက ကဗျာရေးတော်တော်လန်းတာပဲ

    ReplyDelete