Thursday, September 3, 2009

စိမ်းသက်ခြင်း


အရာရာဟာ ခပ်စိမ်းစိမ်း
တစ်တောလုံး စိမ်း
တစ်တောင်လုံး စိမ်း
အစိမ်းရောင်မြက်ခင်းတွေကြား
လှဲလျောင်းရင်း မော့ကြည့်
ကောင်းကင်လဲ စိမ်း
တိမ်တွေလဲ စိမ်း
လေပြည်လဲ စိမ်း

အစိမ်းရောင် နံနက်ခင်းမှာ
အစိမ်းရောင်ဝမ်းဆက်နဲ့
ခပ်စိမ်းစိမ်း မျက်လုံးအစုံကို
စိမ်းဖန့်ဖန့်ဖြစ်အောင် အရောင်စုံဆိုး
နှုတ်ခမ်းရောင် အစိမ်းနဲ့
ခပ်စိမ်းစိမ်း အရောင်စိမ်းတွေကြားထဲ
လူတစိမ်းတစ်ယောက်လို လျှောက်သွားမိ

မြင်ဖူးတဲ့ မျက်နှာတွေက အစိမ်း
နှုတ်ခမ်းဖျားက စကားလုံးတွေ အစိမ်း
နှလုံးသားတွေ အစိမ်းနဲ့
ကြည့်စမ်း
အပြုံးတွေကပါ အစိမ်း
လက်ပြနှုတ်ဆက်တယ် ခပ်စိမ်းစိမ်း
ကျောခိုင်းထွက်ခွာ အစိမ်း
တယောက်တည်း ခပ်စိမ်းစိမ်း ထိုင်နေမိတယ်

ရင်ထဲမှာ အစိမ်း
စကားလုံးတွေက အစိမ်း
မျက်လုံးတွေက အစိမ်း
ခင်မင်မှုတွေ အစိမ်း
ယုံကြည်မှုတွေ အစိမ်း
သံယောဇဉ်တွေ အစိမ်း
အစိမ်းရောင်လွင်ပြင်ထဲ
အစိမ်းရောင်တွေနဲ့ မျောပါမိ
မျက်လုံးအစုံကို မှေးမှိတ်လိုက်မိတယ်
အမှောင်ကပါ အစိမ်းရင့်ရောင်ဖြစ်လို့
မဖော်ရွေပုံများ ပြောပါတယ်

ဒီလိုနဲ့ အိပ်မက်တွေပါ စိမ်း
စိတ်ကူးတွေပါ စိမ်း
လူတစ်ကိုယ်လုံး အစိမ်း
အသွေးအသားတွေပါ အစိမ်းရောင်ပြောင်းကုန်ပီထင်ရဲ့

စိမ်းသက်တဲ့လောကကြီးရဲ့ သဘာဝထဲ
အစိမ်းရောင် လူသားတွေရဲ့ အလယ်
အစိမ်းရောင်နှလုံးသားတစ်စုံနဲ့
ခပ်စိမ်းစိမ်းပဲ ရှင်သန်တော့မယ်

ပြည့်စုံ (၃-၉-၂၀၀၉၊ ၀၂း၀၂ pm)

12 comments:

  1. “စိမ်းရက်လေခြင်း”
    “စိမ်းရက်လေခြင်း”
    “စိမ်းရက်လေခြင်း” လို့ပဲအော်ရတော့မယ်ထင်တယ်
    ဖတ်ရင်းနဲ့လူတစ်ကိုယ်လုံးတောင် စိမ်းကျသွားသလားလို့
    ခပ်စိမ်းစိမ်းလောကကြီးထဲ အစိမ်းရောင်မှော်မျက်နှာဖုံးကိုတပ်လို့
    ခပ်စိမ်းစိမ်းပဲ နေပါတော့မယ် ခိုင်ရယ် ဟိဟိ
    ဆိုင်သလားမသိဘူး
    ကဗျာဆရာမကိုအားကျပြီး ရေးလိုက်တယ်

    ReplyDelete
  2. တလောကလုံး စိမ်းပလိုက်စမ်းဘာာာာာ..
    ခင့် မစိမ်းပြီးရော..
    ဟိ

    ReplyDelete
  3. ဂျီတော့ခ်မှာလည်း စိမ်း
    ရုပ်ရှင်ထဲမှာလည်း စိမ်း
    ချစ်သူမျက်နှာကလည်း စိမ်း
    သီချင်းဆိုတော့လည်း စိမ်း
    စာရေးတော့လည်း စိမ်း
    အနော့်အိမ်ရောက်လို့ 
    ဖတ်ရတာလည်း စိမ်း
    မန့် ရတာလဲစိမ်း
    နှုတ်ဆက်တာလည်း စိမ်း
    ဆုတောင်းပေးတာလည်း စိမ်း
    ပြန်သွားတော့လည်း စိမ်း
    အိမ်ပြန်ရောက်တော့လည်း စိမ်း
    အိပ်တော့လည်း စိမ်း
    အိပ်မက်တွေကလည်း စိမ်း
    ကန်စွန်းရွက်တွေကလည်း စိမ်း
    မုန့် ဟင်းခါးတွေကလည်း စိမ်း
    အကြော်တွေကလည်း စိမ်း
    ဟီးဟီး ဒါက စတာ တကယ်တော့
    အင်မတန်ကောင်းတဲ့ ကဗျာလေးကို အဲလိုပဲ အနော်ရေ
    သူငယ်ချင်းများ ရင်းနှီးလာရင် ရွှတ်နောက်နောက်နဲ့ 
    ဖြစ်လာတာ .... မလေးစားလို့ မဟုတ်ပါဗျာ..(ရေးချင်တာတွေ
    ရေးပြီးမှ :D )
    တစ်ယောက်တည်းတော့မနေ ပါနဲ့ စိမ်းမြမြစိမ်း သူငယ်ချင်း စိမ်းစိမ်းလေးရေ ...... ကောင်းလိုက်တာ အစိမ်းရောင်ဟာ မျက်စိအေးသလောက် လူ့ မျက်နှာပေါ်များရောက်ရင် တယ် အလိုမကျစရာကောင်းတယ်နော် .... စိတ်ထဲထိ အစိမ်းများ
    စိမ့်ပြီးဝင်သွားရင် ...... သူတို့ တွေ တစ်ယောက်တည်း ဖြစ်ကုန်ကြတော့မှာ မြမြစိမ်းရေ အဲ အနော်ရေ .....
    ခင်တဲ့ 
    ရန်ကုန်
    စိမ်းမြသာယာပါစေ :D

    ReplyDelete
  4. ဂန္တ၀င်စိမ်း .....

    ReplyDelete
  5. ကဗျာကလည်း စိမ်း
    လူကလည်း စိမ်း
    တစ်ပုဒ်လုံး စိမ်းနေတဲ့
    ကဗျာကို အစိမ်းသက်သက်နဲ့ ခံစားသွားပါတယ်ဗျာ..:P

    ReplyDelete
  6. ကဗျာစိမ်းစိမ်းလေးကို ခပ်စိမ်းစိမ်းဖတ်သွားတယ်... အစိမ်းရောင်ကဗျာလေးကလဲ လှနေတာပါဘဲ

    ReplyDelete
  7. အကုန်လိုက် စိမ်းကုန်ပြီ ....... :D

    ReplyDelete
  8. ခပ်စိမ်းစိမ်းပဲနေတော့မယ်

    ReplyDelete
  9. စိမ်းကားပါ့ဗျာ။
    တော်ဘီ ... ခေါ်တော့ဝူး :P

    ReplyDelete
  10. စိမ်းသရဖူစိမ်းသွားတာကို။ပျော်ရွှင်ပါစေညီမရေ။

    ReplyDelete
  11. အော်... အစိမ်းရောင်မမလေးပေါ့ :D အဆင်ပြေပါစေကွားးးး

    ReplyDelete
  12. အစိမ်းရောင်တွေ သန်းနေတဲ့
    ဟော .. ဟိုက လွင်ပြင်ကျယ်မှာ
    မင်းရင်ခွင်တစ်စုံလုံးကို ပစ်သွင်းကြည့်လိုက်ပါ ...
    လွင်ပြင်ကျယ်အစိမ်းက
    မင်းခန္ဓာမှာ လာထင်ဟပ်မယ်ဆို
    အဲဒီလို ရောယှက်နေတဲ့
    ခပ်စိမ်းစိမ်း မျက်ဝန်းအစုံများစွာကြားမှာပဲ
    မင်းဟာ ခပ်စိမ်းစိမ်း အကြည့်တွေနဲ့ပဲ ဖလှယ်တော့မှာလား ..
    လောကကြီးအတွင်းမှာ ပျက်ရယ်ပြုနေကြတယ်
    မင်းရော သူတို့လို ခပ်စိမ်းစိမ်းစကားတွေနဲ့ လှောင်ပြောင်မှုကို
    ပြုနေဦးမှာလား ...
    သက်ရွက်ကြွေတွေ လွင့်ဝဲနေတဲ့နောက်
    မင်းစိတ်အနောက်တွေ လိုက်နေမယ်ဆို
    စိမ်းရောင်သန်းတဲ့ လွင်ပြင်ကို ပမာပြု
    ထင်ဟပ်နေတဲ့ စိမ်းရောင်ဟာ
    အပေါ်ယံမှာပဲ ဖြစ်တည်နေတာမို့
    ထိုအပေါ်ယံကို ခ၀ါချ
    စိတ်အအိုက်ပြေပျောက်မဲ့ ရောင်နီအလင်းစက်အောက်
    ပြေးထွက်ကြပါစို့ ..။

    ခင်မင်စွာ
    idulize(အရုပ်ကလေး)

    ReplyDelete