Wednesday, September 16, 2009
မျှော်လင့်ခြင်းလမ်းနဲ့ ကမ်းဝေးခဲ့ရတဲ့အချစ်
မှန်ထဲက တစ်ဆင့် မြင်နေရတဲ့ ပုံရိပ်ထဲက မိန်းခလေးက သူ့ကိုယ်သူ အသက်မဲ့စွာ ပြန်ကြည့်နေခဲ့တယ်.. သိပ်လှတဲ့ အဖြူရောင် သတို့သမီးဝတ်စုံလေးက သူမရဲ့ကိုယ်လုံးပေါ်မှာ ချပ်ချပ်ရပ်ရပ်ရှိနေခဲ့တယ်… လည်ပင်းဆီက တစ်တန်းသွားစိန်လည်တုံလေးရဲ့ အရောင်က တဖျတ်ဖျတ်တောက်ပလို့.. ပန်းနုရောင် နှုတ်ခမ်း တောက်တောက်လေးက ပြုံးလိုက်ရင် ကြွတက်လာတော့မလို ထူထူပြည့်ပြည့်ကလေး… အနီရောင်ပြေပြေလေး ဆိုးထားတဲ့ ပါးအို့နီနီလေးက လိုတာထက်များ ပိုနီနေသလား ….
မဟုတ်သေးဘူးနော်… သူမရဲ့ မျက်လုံးတွေဆီမှာ မျက်ရည်စတွေလား.. အခုအချိန်မှတော့ နောင်တဆိုတာ မရသင့်တော့ဘူး.. မငိုပါနဲ့နော်…
‘အိုး သိပ်လှတဲ့ သတို့သမီးကလေး..’ ဘေးနားက ချီးကျူးသံခပ်အုပ်အုပ်ကို ကြားလိုက်ရတော့မှ လက်ရှိပစ္စုပ္ပန်တည့်တည့်ကို စိတ်ပြန်ရောက်လာခဲ့တယ်.. မှန်ထဲက ခံစားချက်မဲ့မျက်နှာနဲ့ အသက်မဲ့ မိန်းခလေး ပျောက်သွားပီး လက်ရှိဘဝထဲက ချိုမြိန်တဲ့ အပြုံးတွေချည်း ပိုင်ဆိုင်ထားတဲ့ မိန်းခလေးအဖြစ် ပြန်ရောက်လာတော့တယ်…
‘ကဲ သတို့သားရေ သတို့သမီးကလေးကို ကြည့်လို့ရပါပီ..’
အပြုံးတွေနဲ့ချည်း ရင်ဆိုင်လိုက်စမ်း ကြည်ဖြူ… ကိုယ့်ကိုယ်ကို အားတင်းထားမှုနဲ့ အတူ ကိုကို့ကို ပြုံးပြလိုက်တယ်…. ဒါဟာ ကိုယ်ကိုယ်တိုင် ရွေးချယ်လိုက်တဲ့ ဘဝပဲ…
‘သိပ်လှတာပဲ ညီမလေးရယ်..’ ချိုမြိန်တဲ့အသံနဲ့အတူ ကျမဘေးကို ရောက်လာတဲ့ သတို့သားကို မှန်ထဲကနေ ပြုံးပြလိုက်တယ်..
ကိုကို့ရဲ့ မျက်လုံးတွေက မြတ်နိုးမှုတွေနဲ့ လှိုက်လှဲလှတယ်.. ကျေးဇူးတင်ပါတယ် ကိုကိုရယ်.. ဒီအချိန် ခနလေးပါပဲနော် မဆုံဖြစ်ခဲ့တဲ့ ချစ်သူကို သတိရခွင့်လေးပါ ပေးပါ ကိုကိုရယ်.. ခနလေးပါပဲ.. ဒီနေ့ကို ကျော်လွန်သွားရင်တော့ ကိုကို့ရဲ့ ကြည်ဖြူပဲ ဖြစ်ရပါစေ့မယ်..
ကိုကို့ရဲ့ရင်ခွင်မှာ မျက်နှာကို အသာအပ်ထားမိတယ်… ကိုကိုက ကျမရဲ့ ပခုံးကို ဖေးမထားပီး ကျောပြင်ကို အသာပွတ်ပေးနေခဲ့တယ်.. ကိုကို့ကို ချစ်ပါ့မယ်. ချစ်နိုင်အောင် ကြိုးစားပါ့မယ်.. အရာရာကို မေ့ပစ်ပီးတော့လေ… အခု ခနတာကလေးပါပဲ…………
‘သတို့သမီးက သိပ်လှတာပဲ’ အားပေးစကားသံတွေ အကြားမှာ ကိုကို့ရဲ့လက်မောင်းကို ခိုမှီပီး လျှောက်နေမကျတဲ့ ဒေါက်ဖိနပ်ကို ထိန်းလျှောက်နေရတဲ့ ကျမကို ကိုကိုက ဘေးကနေ ဖေးမပေးထားခဲ့တယ်.. ဟိုးအရင်တုန်းက ကျမ အခုလိုပဲ ခြေလှမ်းတွေ ယိုင်နှဲ့နေခဲ့ပီး ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့တဲ့အချိန်တုန်းကလဲ ကိုကိုပဲ ဘေးကနေ ဖေးကူပေးခဲ့တယ်နော်.. ဒါတွေကြောင့်ပဲ ကိုကို့ကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့.. ချီးမွမ်းသံတွေ လက်ခုပ်သံတွေကြားမှာ ကိုကို့လက်မောင်းကို ဆုပ်ကိုင်ပီး မျက်နှာကို အလှပဆုံးဖြစ်အောင် ပြုံးထားခဲ့တယ်..
ပြုံးလိုက်စမ်းပါ မိန်းခလေးရေ.. ကွဲကြေသွားခဲ့တဲ့ နှလုံးသားအတွက်တော့ အခု မေ့ထားလိုက်တော့..
ကိုကိုက ကျမနား နားကို တခုခု ကပ်ပီး ပြောလိုက်သလားပဲနော်…
ဟံသာ………… နှုတ်ဖျားက အသံမထွက်ပေမဲ့ ကျမရဲ့ ရင်ထဲမှာ အသံအကျယ်ကြီး မြည်ဟည်း သွားတယ်..
ဟံသာရယ် .. ငါတို့ရဲ့ ဆုံစည်းခွင့်မရှိတဲ့ ကံကြမ္မာအတွက် ငါ ဒီလမ်းကိုပဲ ရွေးချယ်လိုက်တာပါ.. အချစ်ဟာ ငါ့အတွက်တော့ ကျိန်စာဆိုးလိုပဲ.. ငါ့အတွက် ……. ငါ့အတွက်လို့ ရည်စူးခဲ့တဲ့ ဘယ်လို အတားအဆီးမျိုးမှ မရှိတဲ့ အချစ်ကို ကိုကိုနဲ့မှ ငါ ခံစားခဲ့ရတာပါ…
ဟံသာရဲ့ မျက်လုံးတွေမှာ ကျမအတွက် ဆိုတဲ့ ဂုဏ်ယူမှုနဲ့ တောက်ပနေသလား……
‘နင် သိပ်လှတာပဲ ကြည်ဖြူ..’ နားထဲမှာ လျှံထွက်သွားတဲ့ ချီးကျူးစကားအတွက် ဟံသာကို ပြုံးပြလိုက်မိသလားပဲ..
‘ကွန်ဂရက်ကျူလေးရှင်း ကိုအောင်.. မဖိတ်ဘဲ ရောက်လာရတယ်.. သက်နိုင်နဲ့အတူလေ’
‘မင်္ဂလာပွဲကို လာရောက်ချီးမြှင့်ပေးတာ ကျေးဇူးပါပဲဗျာ… စီစဉ်ပီးသားပေမဲ့ ကမန်းကတန်းလိုမျိုး ဖြစ်သွားလို့ သူငယ်ချင်းတွေကိုတောင် စုံအောင် မဖိတ်လိုက်ရဘူးဗျာ… ကျနော်ကလဲ ခွင့်က ကုန်ခါနီးနေပီ ဆိုတော့..’
ကိုကိုက သူ့ကို သေချာရှင်းပြနေခဲ့တယ်.. ကျမကတော့ ဘေးကနေ ဘာကိုမှ မပြောနိုင်ခဲ့ဘူး… ငါတို့ကြားမှာ ရှင်းပြစရာ တောင်းပန်စရာ ခွင့်လွှတ်ခဲ့စရာ ဘာဆိုဘာမှ မရှိတော့ပါဘူးနော် ဟံသာ.. ငါ့ရဲ့ မင်္ဂလာဆောင်ကို ရောက်လာဖြစ်တဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်…….
မင်္ဂလာစင်မြင့်လေးပေါ်မှာ ထိုင်နေတဲ့ သတို့သမီးကလေးကို ခန်းမရဲ့ ဒေါင့်စားပွဲဝိုင်းကလေးမှာ ထိုင်ပီး တစိမ့်စိမ့်ကြည့်နေခဲ့တယ်…
ဒါဟာ နောက်ဆုံးပဲ ကြည်ဖြူ… ငါတို့နှစ်ယောက်ဟာ ပြန်မဆုံနိုင်တော့မယ့် ရှင်ကွဲ ကွဲရမယ့်အဖြစ်ကို ရွေးချယ်ခဲ့ပီးပီပဲ.. နင့်ရဲ့ သတို့သမီးဝတ်စုံကလေးနဲ့ မျက်နှာကို ငါ လာကြည့်တာပါ.. တစ်သက်မမေ့အောင်ပေါ့.. တစ်ချိန်ချိန်မှာ ပြန်ဆုံဖြစ်ခဲ့ကြရင် နင့်ရဲ့ မျက်နှာမှာ ဟိုးတစ်ချိန်ကလိုပဲ အပြုံးတွေချည်း ငါမြင်ရချင်ပါတယ်… နင့်ရဲ့ခင်ပွန်းလောင်းက နင့်ကို စိတ်ချမ်းသာအောင် ထားနိုင်မယ်ဆိုတာ ငါယုံပါတယ်.. ပီးတော့ ငါ့ထက် မလျော့တဲ့ အချစ်နဲ့ နင့်ကို ချစ်မှာပါ…
ခွဲခွာရတော့မယ့်အချိန်မှာ အပြုံးတွေနဲ့ချည်း နှုတ်ဆက်ခဲ့ရတဲ့အတွက်တော့ ငါတို့ရဲ့ ကံကို ကျေးဇူးတင်ပါတယ် ကြည်ဖြူရယ်… သတို့သမီးရဲ့ လက်ကို ဆုပ်ကိုင်ထားတဲ့ သတို့သား… သူတို့ဘေးက ပျော်ရွှင်နေကြတဲ့ အပေါင်းအသင်း သူငယ်ချင်းတွေ ပီးတော့ မိဘဆွေမျိုးတွေ.. ဧည့်ပရိသတ်တွေ.. ဒါတွေကို နင့်အတွက် ကြည်နူးစိတ်နဲ့ ငါ လိုက်ကြည့်နေမိတယ်…
ကားပေါ်ကို တက်တော့မယ့် သတို့သမီးကလေးက လည်ပြန်လှည့်ကြည့်ပီး ကျနော့်အတွက် သပ်သပ် အပြုံးတစ်ပွင့် ပေးခဲ့တယ်.. ငါကျေနပ်ပါတယ် ကြည်ဖြူ.. နင်ပျော်နိုင်ပါစေလို့ ငါ အမြဲ ဆုတောင်းပေးပါတယ်….
ဟိုးအရင် ငါတို့ ခွဲခွာခဲ့ကြတဲ့ အချိန်တုန်းကလဲ ဒီလိုပဲ နင် ပြုံးပြခဲ့တယ်နော် … ငါတို့တွေ နောက်ဆုံး တွေ့ခဲ့တဲ့အချိန်တုန်းက နင့်ရဲ့ မျက်လုံးမှာ မျက်ရည်စတွေ ဝဲနေခဲ့တယ်.. နှုတ်ခမ်းတွေကတော့ အပြုံးနဲ့ တောက်ပနေခဲ့ပီး.. စကားလုံးတွေရယ် ဘယ်တော့မှ မမေ့နိုင်ခဲ့တဲ့ နာကျင်စရာ အပြုံးတချို့ရယ်ကို ပေးပီး ငါ့ကို နင် နှုတ်ဆက်ခဲ့ဖူးတယ်….
‘ငါ နင့်ကို မချစ်ဘူး ဟံသာ… ဒါဟာ ငါ့အတွက်ရော ငုဝါအတွက်ရော နင့်အတွက်ရော စဉ်းစားပီးမှ ပေးခဲ့တဲ့အဖြေပဲ… နင့်ကို မချစ်ဖို့ ဆုံးဖြတ်လိုက်တယ်… ငါ နင့်ကို မချစ်ဘူး’
ငါ ဘယ်တော့မှ တစ်သက်မမေ့ခဲ့တဲ့ စကားသံပဲ ကြည်ဖြူ…. အဲ့ဒီစကားလုံးရဲ့နောက်မှာ ငါ ဟိုးအဝေးကြီးကို လွင့်သွားခဲ့တယ်…. အဲ့ဒီ မမေ့နိုင်စရာ စကားလုံးရဲ့ နောက်မှာပဲ ငါ မိန်းခလေးတွေရဲ့ အသည်းကို တစ်ခုပီးတစ်ခု ခွဲခဲ့တာပဲ.. သူတို့တွေရဲ့ ကျခဲ့တဲ့ မျက်ရည်တွေပေါ်မှာ ငါ ယစ်မူးနေခဲ့တယ်.. သူတို့ အသည်း တစ်ခုကွဲတိုင်း ငါ့ရဲ့ ကွဲနေတဲ့အသည်းသာ ပြန်ဆက်ခဲ့မယ်ဆိုရင် ဘယ်လောက် ကောင်းမလဲ ငါစဉ်းစားကြည့်ဖူးတယ်… အဲ့ဒီ အသည်းခွဲပုံပြင်တွေကြောင့်ပဲ နင့်ကို ထပ်ဆုံးရှုံးရမယ်လို့ သိခဲ့မယ်ဆိုရင် ငါ မြန်မာပြည်ကို ပြန်လာဖြစ်မယ် မထင်ဘူး.. ဒါပေမဲ့ နောက်ဆုံး တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ နင့်ရဲ့မျက်နှာလေးကို တွေ့ချင်မိတယ်..
………………………………………………………………………………………….
‘ဝေးးးးးးးးးးးးးးးးး’
ပင်လယ်ဓားပြလှေကြီး အောက်ကို ပြန်ပြုတ်ကျသွားတိုင်း ဘေးက ကြည်ဖြူ့ရဲ့ လက်ချောင်းတွေကို တင်းတင်း ဆုပ်ကိုင်ပီး စိတ်လွတ်ကိုယ်လွတ် အော်လိုက်တယ်.. သူငယ်ချင်းတွေ စုပီး တိရစ္ဆာန်ဥယျာဉ်ကို သွားကြမယ်ဆိုတော့ အားလုံးက တညီတညွတ်တည်း ထောက်ခံခဲ့ကြတယ်.. အဲ့တာနဲ့ပဲ ကျူရှင်မတက်ဘဲ ကျနော်တို့ သူငယ်ချင်းအုပ်စုတွေ လစ်ပြေးခဲ့ကြတယ်.
ကစားကွင်းထဲမှာ ကလေးတွေလို အသားကုန်ဆော့ကြပီး ပျော်ရွှင်မြူးတူးခဲ့ကြတာ.. ပင်လယ် ဓားပြလှေကြီး အပေါ်က ဆင်းတော့ ခြေထောက်တွေတောင် မခိုင်တော့ဘဲ လူတွေက ယိုင်တိုင် ယိုင်တိုင်နဲ့ ဖြစ်နေကြတယ်. ဒါပေမဲ့ ရိုလာကိုစတာ ဆက်စီးဖို့ အပြေးအလွှား သွားကြတာ.. တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်လို့ …..ခေါင်းတွေကို မော့ပီး ဟားတိုက် ရယ်မောခဲ့ကြတယ်… အဲ့ဒီအချိန်လေးတွေက မှတ်မိသမျှထဲမှာ ပျော်စရာ အကောင်းဆုံးပါပဲ ကြည်ဖြူရယ်…………
အားလုံး ခုနစ်ယောက်တိတိ ဘယ်ကိုပဲ သွားသွား တပျော်တပါးကြီး အုပ်စုလိုက် သွားကြ.. အုပ်စုလိုက် စားကြနဲ့ ပျော်ရွှင်စရာ အကောင်းဆုံးအချိန်ပေါ့.. အဲ့ဒီအုပ်စုထဲကို အချစ်အကြောင်း စတင်သယ်လာတဲ့ သူက သက်နိုင်ပင်..
‘ငါ ကောင်မလေးတစ်ယောက်ကို တွေ့ထားတယ် …. မင်းတို့လဲ ဝိုင်းကြည့်ပေးကြပေါ့. ကောင်မလေးက ချစ်စရာလေးနော်.. နောက်ဆုံးနှစ်မှ အတွဲမချိတ်နိုင်ရင် ငါ့အဖြစ်က လိပ်ကို ပက်လက်လှန်ထားသလို ယက်ကန်ယက်ကန်ဖြစ်နေမှာကွ ဟဲဟဲ..’
အားလုံးရဲ့ အံ့အားသင့်မှုကြားမှာ သက်နိုင်က မော်ကြွားနေခဲ့တယ်.. စပ်စုကြတဲ့ စကားလုံးတွေ ကြားထဲ သက်နိုင်က လက်မလည်အောင် ရှင်းပြနေခဲ့တယ်. အဲ့ဒီကောင်မလေးကို သူ ဘယ်လိုရှာဖွေ တွေ့ရှိတာ.. ကောင်မလေးရဲ့ အပြုံးတစ်ချက်က သူ့ရင်ကို ဘယ်လိုငြိတွယ်စေတာ.. ကောင်မလေးကို ချစ်မိပီဆိုတာ တကယ့်ကို သေချာနေတာ အဲ့ဒီကောင်မလေးကိုသာ မရရင် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ အချစ်စကားလုံးတွေကို တတွင်တွင် ရွတ်နေခဲ့တာလေ..
မျက်လုံးကလယ်ကလယ်နဲ့ ကြည်ဖြူက ကျနော့်ဘက်ကို လှည့်ပီး ဒီကောင်ပြောနေတာ အမှန်အကန် ဟုတ်ရဲ့လားဆိုတဲ့ အကြည့်မျိုး.. ကျနော် ဟားတိုက်ရယ်မောလိုက်တဲ့အခါ သက်နိုင်က ထလာပီး လည်ပင်းကို လာညှစ်ခဲ့တယ်.. နောက်တော့ သူငယ်ချင်းတွေရဲ့ ရယ်မောသံတွေ ကြည်ဖြူက ‘တော်တော့ ဒီနှစ်ကောင်… လည်ပင်းကို တအားမညှစ်နဲ့လေ..’ နောက်တော့ ကြည်ဖြူ့ခေါင်းကို သက်နိုင်က ဆွဲဖွပစ်လိုက်ပီး မျက်နှာစူပုတ်ပုတ်နဲ့ ဟိုဘက်မှာ သွားထိုင်နေခဲ့တယ်..
အားလုံးရဲ့ ရယ်မောသံတွေက ဆူညံနေခဲ့တယ်.. အပျော်တွေချည်းပဲ စုရုံးထားတဲ့ သူငယ်ချင်းအုပ်စု လေးထဲက ပြောင်းလဲမှုတွေက တဖြည်းဖြည်း အသွင်ပြောင်းစပြုလာခဲ့တယ်.. သက်နိုင်က အဲ့ဒီကောင်မလေးနဲ့ ကြိုက်သွားသလို ရဲရင့်က သူငယ်ချင်း အချင်းချင်း ယုယကို ချစ်မိနေပီလို့ ကျနော့်ကို တိုင်ပင်တဲ့အခါ ကျနော်တော်တော် အံ့သြသွားမိတယ်.. ရဲရင့်ရဲ့ မျက်လုံးတွေမှာ အချစ်ရဲ့ အရိပ် အရောင်တွေ တွေ့ရှိလာတဲ့အခါမှာ ကျနော်လဲ ချစ်တတ်ချင်စပြုလာခဲ့တယ်…
ဖျားနေပေမဲ့ ကျောင်းကို ရောက်အောင်လာခဲ့တယ်.. သိပ်ချစ်ရတဲ့ သူငယ်ချင်းလေးရဲ့ ဂရုစိုက်မှုကို ကျနော်လိုချင်လို့လေ.. ဖျားနေတယ်ဆိုပီး ခုံပေါ်မှာ ခေါင်းမှောက်ပီး အိပ်နေတဲ့အခါ ကြည်ဖြူက သူ့ရဲ့ လက်ကိုင်ပဝါလေးနဲ့ ကျနော့်ရဲ့ နဖူးက ချွေးစတွေကို သုတ်ပေးနေခဲ့တယ်.. ကျနော်အိပ်နေရင်းနဲ့ ကြည်ဖြူ့ရဲ့ မျက်နှာလေးကို ငေးကြည့်နေမိတယ်.. စိုးရိမ်မှုတွေနဲ့ ဝိုင်းရံနေတဲ့ မျက်လုံး နက်နက်ကလေးရဲ့ အတွင်းပိုင်းမှာ ကျနော့်အတွက် အကြင်နာတွေကို တွေ့လိုက်ရသလိုပဲ.. သူမရဲ့ လက်ကလေးကို ဆွဲကိုင်ပီး ကျနော့်ပါးပေါ်မှာ တင်ထားမိတယ်.. ဒီလိုသာ သူမရဲ့လက်ကလေးကို တစ်သက်တာ ဆွဲကိုင်ခွင့်ရမယ်ဆိုရင် ကျနော် ဘယ်လောက်
ကံကောင်း လိုက်မလဲလို့လဲ တွေးနေမိတယ်..
ကြည်ဖြူ့ရဲ့ မျက်လုံးကလေးတွေက ဝိုင်းပီး ကြင်နာတဲ့အကြည့်ရှိတယ်.. အဲ့ဒီ မျက်လုံးလေးတွေကို ကျနော် ချစ်နေမိတယ်.. ပီးတော့ ချစ်စရာကောင်းတာ တစ်ခုက ဘယ်သူ့အပေါ်မဆို ကြင်နာတတ်တဲ့ နှလုံးသားရှိတာ ကြင်နာတတ်တဲ့စိတ် ရှိတာပဲ.. သူငယ်ချင်းတွေ အပေါ်မှာ အရမ်းပဲ ခင်တွယ်တယ်.. စားစရာ တစ်ခုခုဆိုလဲ သူ မစားဘဲ သူငယ်ချင်းတွေကို ကျွေးချင်တဲ့စိတ်ရှိတယ်.. တစ်ခုခု သဘောကျပီဆို မျက်လုံးကလေးတွေကပါ အရောင်တောက်လာပီး ရယ်မောတတ်တဲ့ မိန်းခလေးကို ကျနော် တဖြည်းဖြည်း မြတ်နိုးလာနေမိတာပဲ…
အဲ့ဒီနေ့က ကျနော်နဲ့ ဇော်ဇော် ကျောင်းကို အစောကြီးရောက်နေခဲ့တယ်.. ဝရံတာမှာထိုင်ပီး ကျနော်တို့ရဲ့အဆောင်ဘက်ကို လမ်းလျှောက်လာတဲ့ ကောင်မလေးတွေကို ထိုင်ငေးရင်း စကားတွေ ပြောနေမိတယ်… အဲ့ဒီအချိန်မှာ ကြည်ဖြူနဲ့ ငုဝါ အဆောင်ဘက်ကို ကွေ့ဝင်လာတာကို တွေ့လိုက်ရတော့
‘ဟာ ဟိုမှာ ကြည်ဖြူတို့ဟေ့… သူတို့လာတာ အတော်ပဲ တို့တွေ ကင်တင်းန်သွားရအောင် ဟိုကောင်တွေကိုသာ စောင့်ရရင် ငါတို့ ဗိုက်ဆာတာနဲ့ သေမှာပဲ’ ဇော်ဇော်ရဲ့ ဝမ်းသာအားရ လေသံကို ကျနော်လဲ ထောက်ခံလိုက်တယ်…
ကျနော်တို့နှစ်ယောက် ကျောင်းဆောင်အောက်ကို အပြေးအလွှားဆင်းလိုက်တဲ့အခါ ကျောင်းဆင်ဝင်အောက်ကို ရောက်လာပီဖြစ်တဲ့ ကြည်ဖြူနဲ့ ငုဝါတို့ အလန့်တကြား ဖြစ်သွားကြတယ်
‘အယ်မလေး….. ဘာဖြစ်ကြတယ် မသိ.. ဖြည်းဖြည်းသက်သာ ဆင်းကြပါ.. ချော်လဲမှဖြင့် ဟံသာရယ်’
ဇော်ဇော်က ပြုံးစိပြုံးစိလုပ်ပီး ‘အေးပါ ငါ့ကျတော့ မပူနဲ့သိလား ငုဝါ.. ဟံသာ့ကိုပဲ ပူ’
‘အယ် ဟုတ်ပါဘူး ဇော်ဇော်နော်… သေဦးမယ်’
ငုဝါရဲ့ ရှက်သွားတဲ့ မျက်လုံးတွေက ရီဝေဝေဖြစ်နေခဲ့တာကို ကြည့်ရင်း.. တခါတရံ တိတ်တခိုး ကြည့်တတ်တဲ့ သူမရဲ့ မျက်လုံးလေးတွေကို ကျနော် သတိထားလာမိတဲ့အခါ ရင်ထဲမှာ စိုးထိတ်မှုတစ်ခုက ဘာမှန်းမသိ ကျနော့်ရင်ထဲ ဝင်လာခဲ့တယ်…
ပျော်ရွှင် ရယ်မောနေတတ်တဲ့ ကြည်ဖြူ့ရဲ့ မျက်နှာလေးကို ခိုးကြည့်မိတဲ့အခါ ကျနော့်လိုပဲ ကျနော့်ကို ခိုးကြည့်နေတဲ့ ငုဝါရဲ့မျက်လုံးလေးတွေကို သတိထားလာမိတယ်..
ကျနော်ကတော့ ငုဝါကို သူငယ်ချင်းတစ်ယောက်ထက် မပိုခဲ့.. ကျနော် ချစ်တဲ့သူက ကြည်ဖြူ ဆိုတာ ပိုပိုပီး သေချာလာတဲ့အချိန်မှာပဲ ကျနော့် ရင်ထဲက စိုးရွံ့မှုတွေကို အတည်ပြုပေးခဲ့တာက ဇော်ဇော်ပင်..
‘မင်း ငါတို့ထဲက တစ်ယောက်ယောက်ကို ကြိတ်ကြိုက်နေတယ် မဟုတ်လား ဟေ့ရောင်.. မင်းက မပွင့်မလင်းနဲ့ ဘာဖြစ်လဲကွ ကြိုက်ရင် ကြိုက်တယ်ပေါ့.. တကယ်လို့ ဖွင့်မပြောရဲရင်လဲ ငါတို့ ကူပေးမှပေါ့ကွ’
‘ဘယ်သူလဲ ငုဝါ မဟုတ်လား.. ငါ သိပါတယ်ကွ.. ကောင်မလေးကလဲ မင်းကို ကြိုက်နေတဲ့ပုံပဲ.. ငါတို့ သေသေချာချာ စုံစမ်းပီးမှ ပြောတာနော်..’
ကျနော့်ရင်ထဲက အံ့အားသင့်မှုက ရင်ခုန်သံတွေတောင် ရပ်တန့်သွားတဲ့အထိပင်.. ကျနော့်ကို ရယ်ဟဟနဲ့ ကြည့်နေတဲ့ ဇော်ဇော့်ကို ဘာပြန်ပြောရမှန်းမသိ ဖြစ်နေခဲ့တယ်..
‘ဟေ့ကောင် ဘာဖြစ်တာလဲကွ.. မဟုတ်ဘူးလား’
ဇော်ဇော်က ကျနော့်ကို ဇဝေဇဝါ မေးနေခဲ့တယ်.. ဘာပြန်ပြောရမှန်း မသိခဲ့ဘူး.. စကားလုံးတွေ ဆွံ့အနေခဲ့တယ်..
‘ဒါဆို …. ဟံသာ… မင်း တကယ် ငုဝါကို မကြိုက်ဘူးလား …. ငါတို့ မင်းကျောင်းပျက်တဲ့ နေ့က စကြနောက်ကြရင်းနဲ့ အဲ့ဒီအကြောင်းက အတည်ဖြစ်သွားခဲ့တာကွ.. ငါတို့အားလုံးကလဲ မင်းကို ငုဝါနဲ့ဆို လိုက်တယ်ဆိုပီး……’
‘ငုဝါရှေ့မှာပဲ စကြတာလား’ သူ့ရဲ့ အေးစက်စက်အမေးကို ဇော်ဇော်က ခေါင်းညိတ်ပြခဲ့တယ်..
အဲ့ဒီအချိန်ကတည်းက ငါတို့ရဲ့ နက္ခတ်က လွဲခဲ့တာပဲ ကြည်ဖြူ.. ငါ့ရဲ့ စိတ်ဆန္ဒလဲ မဟုတ်ခဲ့ဘူး.. နောက်ပီး ငါ ချစ်တဲ့သူလဲ မဟုတ်ခဲ့ဘူး.. ဒါပေမဲ့ ငါ ကံမကောင်းခဲ့ဘူး.. လူတိုင်း လူတိုင်း သူချစ်တဲ့သူ သူ့ကို ပြန်ချစ်နိုင်ဖို့ နည်းမျိုးစုံသုံးပီး ကြိုးစားခွင့်ရခဲ့တဲ့အချိန်မှာ ငါကတော့ ငါချစ်တဲ့ နင့်ကို ငါ့ဘက်က ချစ်တယ်လို့ ဖွင့်မပြောပြခင်ကတည်းက ဆုံးရှုံးခဲ့ရမယ်မှန်း ငါသိနေနှင့်ခဲ့တယ်….
နင်နဲ့ ငုဝါရဲ့ သံယောဇဉ်အတိမ်အနက်တွေထဲမှာ ငါ့ရဲ့ ချစ်ခြင်းအတွက် ဆုံးဖြတ်ချက်တွေ ပါလာနိုင်မယ်ဆိုတာ ငါသိနေနှင့်ခဲ့လို့ပဲ...
အားလုံးဟာ ကံဇာတ်ဆရာရဲ့ ကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်းပဲ ဖြစ်ပျက်ခဲ့တယ်.. ဒါပေမဲ့ ငါ့အလိုကျတော့ မဟုတ်ခဲ့ဘူး.. အဲ့ဒီအတွက် ကံကြမ္မာကို ငါ စိန်ခေါ်ခဲ့ရတယ်.. တန်ပါတယ် ကြည်ဖြူ အနည်းဆုံးတော့ ငါ နင့်ကိုချစ်တယ်ဆိုတာကို နင်သိခွင့်ရခဲ့တယ်.. ဒါပေမဲ့ နင် ပြန်မချစ်နိုင်တဲ့ အတွက်တော့ ငါ ဝမ်းနည်းခဲ့ရတယ်.. ဒါပေမဲ့ ဒါဟာ ဖြစ်သင့်တယ်လို့တော့ ငါ လက်ခံပါတယ်..
နင်က ငုဝါကို ငဲ့ညှာပီး ဆုံးဖြတ်မှာဖြစ်သလို ငါကလဲ ငါတို့ရဲ့ သူငယ်ချင်းအဖြစ်တွေကို ငဲ့ညှာပီး ငါ့ရင်ထဲက ခံစားချက်တွေကို အတတ်နိုင်ဆုံး ဖိနှိပ်ခဲ့တာပဲ ကြည်ဖြူရယ်…. ဒါပေမဲ့ ငါ ဟန်မဆောင်နိုင်ခဲ့ဘူး..
အဲ့ဒီနေ့က နောက်ဆုံးအတန်းချိန်တွေကို လစ်ပီး ကွန်ဗိုကေးရှင်းရဲ့ အနောက်ဘက်မှာ ငါတို့ သူငယ်ချင်းတစ်စု ထိုင်နေခဲ့တယ်.. ငါက ဂစ်တာတီးနေခဲ့တယ်.. ငါ့ဘေးနားမှာ ထိုင်နေတဲ့ နင်ကတော့ ငါနဲ့အတူ သီချင်းတိုးတိုးလေး လိုက်ညည်းနေခဲ့တယ်.. ဂစ်တာတီးနေရင်း နင့်မျက်နှာလေးကို ခိုးကြည့်နေရတာ ငါ့အတွက်တော့ ချိုမြိန်တဲ့ ခနတာလေးပဲ.. ငါ့ရဲ့ သံစဉ်တွေထဲမှာ နင့်အတွက် ချစ်ခြင်းတွေရှိတယ်.. ငါ့ရဲ့ ရင်ခုန်သံတွေထဲမှာ နင့်ကို မြတ်နိုးခြင်းတွေရှိတယ်.. တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်ကို ငါသတိမပြုမိခဲ့ဘူး.. ငါတို့နှစ်ယောက်ရဲ့ သီးခြားဖြစ်တည်မှုကို သတိထားမိသွားတဲ့ သူငယ်ချင်းတွေရဲ့ မျက်လုံးတွေမှာ အံ့သြမှု အရိပ်အယောင်တွေ တွေ့လိုက်ရတဲ့အခါ ငါ့စိတ်ထဲမှာ နာကျင်သွားမိတယ်..
အဲ့ဒီအချိန်တွေ အတွင်းမှာပဲ နင့်ဘေးကို လူတစ်ယောက်ရောက်လာခဲ့တယ်နော်… ငါ ဘာလုပ်ရမှန်း မသိဘဲ ကယောင်ချောက်ချား ဖြစ်သွားမိတယ်.. အဲ့ဒီလူရဲ့ ပိုင်နိုင်မှုက နင့်ကို ကျောင်းကြိုကျောင်းပို့ လုပ်ပေးနိုင်တဲ့ အဆင့်ဆိုတော့ ငါ့ရင်ထဲက ပူလောင်မှုကို ငါပဲ သိခဲ့တယ်..
ဘာလို့ ငါ့ရဲ့အချစ်က ပွင့်လင်းခွင့်မရတာလဲ.. နောက်ပီး ငါက ငါချစ်တဲ့သူကို ချစ်တယ်လို့ ပြောပိုင်ခွင့်တော့ ရှိရမယ် မဟုတ်လား..
နင့်ရဲ့ ရယ်မောနေတဲ့ မျက်လုံးလေးတွေကို ငါ ရင်ခုန်နေမိတဲ့ အချိန်အတွင်းမှာပဲ ငုဝါရဲ့ ရီဝေဝေမျက်လုံးတွေကို အားနာမိတယ်.. ဒါပေမဲ့ အချစ်မှာ အားနာတာတွေ ငဲ့ညှာတာတွေ မရှိသင့်ဘူးလို့ ငါတစ်ဖက်သတ် တွေးလိုက်မိတဲ့အခါမှာ ရလိုက်ရတဲ့ ရလဒ်ကိုတော့ ငါလက်ခံရမှာပေါ့နော်….
‘ငါ ငါတို့သူငယ်ချင်းအုပ်စုထဲက ကောင်မလေးတစ်ယောက်ကို ချစ်နေမိတယ် ပထမတော့ သူငယ်ချင်းသံယောဇဉ်ကြောင့် ဖွင့်မပြောရဲခဲ့ပေမဲ့ အခုတော့ ငါ သိပ်ချစ်တဲ့ ချစ်သူကို ငါ သိပ်ချစ်တဲ့ သူငယ်ချင်းတွေရဲ့ရှေ့မှာပဲ တစ်ခါတည်း ရင်ဖွင့်ပြချင်တယ်..’
သူငယ်ချင်းတွေ အားလုံးစုံတဲ့အချိန်မှာ ငါ့ရင်ထဲက ခံစားနေရတဲ့ အချစ်ကို သတ္တိရှိရှိ .. မဟုတ်ဘူး မိုက်ရူးရဲဆန်စွာ ငါ ဖွင့်ပြောပြ
ဖြစ်ခဲ့တယ်….
‘နင့်ကို သိပ်ချစ်တယ် ကြည်ဖြူ.. ငါ့အချစ်ကို လက်ခံပါ’
နင့်ရဲ့ မယုံနိုင်တဲ့ အကြည့် နားကြားများ လွဲသလား အထင်မှားမှုနဲ့ ငါ့ရဲ့ မျက်နှာကို မော့ကြည့်လိုက်မိတဲ့ အချိန်မှာပဲ အခြေအနေက ရုတ်တရက် ဝရုန်းသုန်းကား ဖြစ်သွားခဲ့ပီ..
နားမလည်နိုင်မှုတွေ ဇဝေဇဝါဖြစ်မှုတွေနဲ့ တိတ်ဆိတ်သွားတဲ့အချိန်မှာပဲ သက်နိုင်က ‘ဟာ ဟံသာ မင်း မင်း…’ အထစ်ထစ် အငေါ့ငေါ့စကားသံအဆုံးမှာပဲ ထထွက်သွားတဲ့ ငုဝါ.. ငုဝါရဲ့နောက်ကို အပြေးတစ်ပိုင်းလိုက်သွားတဲ့ ယုယနဲ့ အားလုံးက ဘာလုပ်ရမှန်း မသိ ဖြစ်သွားခဲ့တယ်..
နင့်ရဲ့ မျက်ရည်တွေ ရစ်ဝဲလာတဲ့ မျက်လုံးလေးကို နှမြောတသ ငေးကြည့်နေမိပေမဲ့ ငါလုပ်လိုက်တဲ့ ဖြစ်ရပ်အတွက်တော့ ငါ နောင်တမရခဲ့မိဘူး ကြည်ဖြူရယ်…
‘ဒီလိုဖြစ်လိမ့်မယ်လို့ နင် ကြိုတင် တွက်ဆထားတာပဲ ဟံသာ.. နင့်ရဲ့ သတ္တိရှိမှုကိုတော့ လေးစားပါတယ်… ဒါပေမဲ့ ငါတို့ရဲ့ ပျော်ရွှင်မှုတွေက ရပ်ဆိုင်းသွားပီ.. ငါ နင့်ကို မုန်းရလိမ့်မယ်..’
ကျောခိုင်းလှည့်ထွက်သွားတဲ့ ကြည်ဖြူရဲ့ ပါးပြင်ပေါ်က မျက်ရည်တစ်စက်ရဲ့နောက်မှာ အလဲလဲ အပြိုပြိုဖြစ်ခဲ့ရတယ်…
ငါရယ် ဇော်ဇော်ရယ် သက်နိုင်ရယ် ရဲရင့်ရယ် ဘီယာဆိုင်တစ်ဆိုင်မှာ ထိုင်နေခဲ့တယ်.. အဲ့ဒီတုန်းက ဘာလုပ်ရမှန်း မသိတဲ့ ခံစားချက်တွေနဲ့ ငါရော သူတို့တွေရော အားလုံးမူးနေခဲ့ပီ..
သက်နိုင်ဆီက ‘အဟား…. အချစ်သူရဲကောင်းကြီးပေါ့ ဟုတ်လား ဟံသာ.. မင်းကွာ ဒီလိုပြောဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့မိသမျှ .. အားလုံးကို သေချာရှင်းပြပီး ငါတို့လဲ ဝိုင်းဝန်း ကူညီဖြေရှင်းပေးရင် ပြေလည်နိုင်မယ့် အခြေအနေကို မင်း ပြဿာနာကြီးကြီး ဖြစ်အောင် လုပ်လိုက်တာပဲ’
‘မင်း ဒီလိုလုပ်လိုက်လို့ ရလာမယ့် ရလဒ်က ဘာလဲ.. မင်း ကြည်ဖြူ့ရဲ့စိတ်ကို မသိဘူးလား.. ငုဝါကိုရော.. ငုဝါရော ဘယ်လိုခံစားရမလဲလို့ မင်း ထည့်မတွက်ခဲ့ဘူးလား..’
ငါ ထပ်ပီး ဘယ်သူတွေရဲ့ ဘယ်လို အပြစ်တင်စကားမျိုးကိုမှ လက်မခံနိုင်တော့ဘူး ကြည်ဖြူရယ်… နင့်ရဲ့ မျက်ရည်တွေနဲ့တင် ငါ့ရင်က အထိမခံနိုင်လောက်အောင် နာကျင်နေခဲ့ရပီပဲ…
‘ငါ့ရဲ့ရင်ထဲကိုရော ဘယ်သူခံစားပေးမှာလဲ ဟင်.. ငါကရော ငါချစ်တယ်ဆိုတဲ့သူကို အနည်းလေးတော့ ချစ်တယ်လို့ ဖွင့်ပြောခွင့်ရသင့်တယ် မဟုတ်လားကွ’
နာကျင်မှုကြောင့် အားလုံးကို မျက်နှာချင်းမဆိုင်ခဲ့ပေမဲ့ နင့်ဆီက အချစ်ကို ရမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားခဲ့မိသမျှ အဲ့ဒီအစား ငါ မမေ့နိုင်ခဲ့တဲ့ အမုန်းတွေကိုပဲ ရခဲ့တယ်..
အဲ့ဒီညနေခင်းလေးပေါ့.. ဝဋ်ကြွေးတော်ပြေဘုရားလေးရဲ့ မြစ်ကမ်းစပ်နဖူးဘေးမှာ နင်ရပ်နေခဲ့တယ်.. ဒီနေရာလေးက ငါတို့ သူငယ်ချင်ေးတွ အမြဲ လာရောက်နေကျနေရာလေ.. စာလာကျက်နေကျ.. ဒီဘက်ကမ်းကနေ ဟိုဘက် မယ်လမုဘုရားကို လှေနဲ့ကူးပီး ဘုရားဖူးနေကျ နေရာလေးပေါ့.. အခုတော့ ပျော်စရာတွေ ပျောက်ကုန်ပီ….
‘ငါ နင့်ကို မချစ်ဘူး ဟံသာ… ဒါဟာ ငါ့အတွက်ရော ငုဝါအတွက်ရော နင့်အတွက်ရော စဉ်းစားပီးမှ ပေးခဲ့တဲ့အဖြေပဲ… နင့်ကို မချစ်ဖို့ ဆုံးဖြတ်လိုက်တယ်… ငါ နင့်ကို မချစ်ဘူး’
ရင်တစ်ခုလုံး ယိုင်ထွက်သွားခဲ့ပီး အသည်းနှလုံးက နာကျင်မှုကို လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရပေမဲ့ ကြည်ဖြူ့ကိုတော့ စကားတစ်ခွန်းပဲ မေးဖြစ်ခဲ့တယ်.. ထပ်ရခဲ့တဲ့ နာကျင်မှုအတွက်တော့ ဘယ်တော့မှ မမေ့နိုင်ခဲ့တော့ဘူး..
‘ငုဝါကြောင့် ဆိုရင်တော့ ခနမေ့ပေးပါ ကြည်ဖြူရယ်… နင့်ရဲ့ ခံစားချက်အမှန်ကို ငါ့ကို သိခွင့်ပေးပါ’
‘ငါ နင့်ကိုချစ်တယ် ကြည်ဖြူ’
‘ထပ်မေးလဲ ငါပေးမယ့်အဖြေက ဒီအဖြေပဲ ဟံသာ.. ငါ နင့်ကို မချစ်ဘူး.. နင့်ကို သူငယ်ချင်း သံယောဇဉ်ဆိုတာထက် ပိုပီး ငါ ပိုမချစ်ခဲ့ဘူး’
အကြင်နာတရားကြီးမားတဲ့ မိန်းခလေးဟာ အခုတော့ သိပ်ရက်စက်တဲ့သူကြီးလိုပင် သူ့အသည်းကို အစိတ်စိတ်အမြွှာမြွှာ ခွဲခြေခဲ့တယ်…
အဲ့ဒီစကားလုံးတွေရဲ့ နောက်မှာ ဘယ်လိုမှ မရပ်တည်နိုင်ခဲ့တော့ဘူး ကျောင်းနောက်ဆုံးနှစ် ဆိုတာကို ငါမေ့ပစ်လိုက်တယ်.. အားလုံး အားလုံး…. သူငယ်ချင်းတွေကိုရော စာသင်ခန်းကိုရော ရင်ထဲက အချစ်တစ်ခုရယ် ငါချစ်ခဲ့တဲ့ မိန်းခလေးရယ်ကလွဲရင် အားလုံးကို မေ့ပစ်လိုက်တယ်..
မေမေ့ကို အတင်းအကျပ် ပူဆာခဲ့တယ်… နိုင်ငံခြားထွက်ဖို့ အားလုံးပြင်ဆင်ပီးတဲ့အချိန်မှာ လုံလောက်တဲ့ ဘယ်လို အသက်မွေးမှု ပညာရပ်တွေမှ ငါ့မှာမရှိခဲ့ဘူး.. ဒါပေမဲ့ မချစ်ဘူးလို့ ပြောခဲ့တဲ့ ချစ်သူရဲ့ ဘေးနားမှာတော့ ငါ မနေနိုင်ခဲ့ဘူး.. စိမ်းကားတဲ့ အကြည့်ထက်စာရင် တစ်ပြည်ရပ်ခြားမှာပဲ ငါ အသည်းကွဲခံတော့မယ် ချစ်သူ..
ဟိုမှာ ဘယ်လောက် အခက်အခဲကြုံပါစေ မချစ်ဘူးလို့ ပြောခဲ့တဲ့ နင့်ရဲ့ရှေ့မှာ ငါ အသက်မဲ့ခဲ့တဲ့ အချိန်တွေလောက်တော့ မခက်ခဲခဲ့ဘူးလို့ပဲ အမြဲမှတ်ယူခဲ့တယ်.. ငါ မိန်းခလေးတွေ တစ်ယောက်ပီး တစ်ယောက် ထည်လဲတွဲနေတဲ့အချိန်မှာ နင့်ဘေးနားမှာ နင့်ရဲ့ အိမ်ထောင်ဖက်အဖြစ် လူတစ်ယောက် ရှိနေတယ် ဆိုတာကို ငါ သိလိုက်ရတဲ့အချိန်မှာ ငါ ဘယ်လိုမှ နေမရခဲ့ဘူး ကြည်ဖြူ.. လေးနှစ်တိတိ ခွဲခွာခဲ့တဲ့ မြန်မာပြည်ကို ပြန်လာရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က နင့်ရဲ့ မျက်နှာကို ထပ်မြင်ချင်တာပါပဲ…
နှစ်တွေ အကြာကြီးပြောင်းလဲသွားလဲ ငါ့ရင်တွင်းက ချစ်စိတ်တွေ မပြောင်းလဲဘူးဆိုတာကို သိလိုက်ရတဲ့အခါ နင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဖို့ ငါ ဆုံးဖြတ်ခဲ့တယ် .. နင်က အရင်တုန်းက အတိုင်းပဲ ချိုမြိန်တဲ့အပြုံးလေးနဲ့ ချစ်စရာကောင်းနေတုန်းပဲ… နင့်မျက်နှာကို ပြန်မြင်မိတဲ့အခါ ငါ့ရင်ဘတ်ထဲက နှလုံးသားက အရင်အတိုင်းပဲ လှိုက်ခုန်နေဆဲပဲ ကြည်ဖြူရယ်…
ငါ နိုင်ငံခြားကို ထွက်သွားပီဆိုတာကို တော်တော်ကြီးကြာမှ သိလိုက်ရတဲ့ နင်က နင့်ရှေ့မှာ ပြန်မြင်ရတဲ့ သူငယ်ချင်းကို အံ့အားတသင့် ကြည့်နေခဲ့တယ်နော်… နင့်ရဲ့ မျက်လုံးလေးတွေမှာ မျက်ရည်ကြည်တွေ မြင်ရတဲ့အခါ ငါ ယူကျုံးမရတဲ့စိတ်နဲ့ ဝမ်းနည်းမိတယ်.. နင် ဝမ်းသာနေတာကို ကြည့်ပီး ငါလဲ ပျော်ရွှင်မိတယ်.. ဒါပေမဲ့ ခနတာလေးပဲ ဖြစ်သွားတယ် ကြည်ဖြူ.. နင့်ဘေးကို ရောက်လာတဲ့ နင့်ရဲ့ ကိုကိုကို ငါမြင်လိုက်ရတဲ့အခါ ငါ့ရင်ထဲက ချစ်ခြင်းတရားတွေက ငြိမ်သက်သွားခဲ့တယ်…
ပိုင်နင်းမှုနဲ့ နင့်ကို နှုတ်ဆက်လိုက်တဲ့ အဲ့ဒီလူရဲ့ ဖော်ရွေတဲ့ စကားလုံးတွေအောက်မှာ ငါ ရိုင်းစိုင်းချင်စိတ်တွေ ပေါက်လာမိတယ်.. နင့်လက်ကို ဆွဲပီး အဝေးကြီးကို ထွက်ပြေးသွားမယ်လို့ ကြံစည်ခဲ့ပေမဲ့ အဲ့ဒီနေ့က နင့်လက်ကိုဆွဲပီး ထွက်သွားတဲ့လူက ငါ မဟုတ်ခဲ့ဘူး ကြည်ဖြူ..
ဒဏ်ရာတွေ အသစ် အသစ် ဖြစ်လာခဲ့သလို အချစ်တွေကလဲ မဟောင်းနွမ်းဘဲ လန်းဆတ်နေတုန်းပဲ…
နင်နဲ့ ငါ ရှားရှားပါးပါး ကော်ဖီဆိုင် အတူထိုင်ဖြစ်ခဲ့တဲ့နေ့ပေါ့... ငါ့ကိုကြည့်နေတဲ့ နင့်ရဲ့ မျက်လုံးတွေကို ငါ ကြည်နူးမိတယ်.. နင့်ရဲ့ ရင်ထဲမှာ ငါ့အတွက် သံယောဇဉ်တွေ ရှိနေသေးတယ်လို့ ငါ သိလိုက်ရတဲ့အခါ ပြောမပြတတ်အောင် ငါဝမ်းသာမိတယ်..
နင့်ရဲ့လက်ကို ငါဆုပ်ကိုင်ထားမိတယ်.. နင့်ရဲ့ လက်ကလေးတွေက ဟိုးအရင်ကအတိုင်းပဲ နွေးထွေးနေတုန်းပဲ… ငါ သိပ်ပျော်မိတယ် ကြည်ဖြူရယ်.. ဒီအချိန်မှာတော့ ငါ ချစ်တဲ့နင့်ကို ထပ်အဆုံးအရှုံးမခံရတော့ဘူးလို့ပဲ ငါထင်ထားမိခဲ့တယ်…
‘ငါ တောင်းပန်ချင်ခဲ့တယ် ဟံသာရယ်.. နင် နိုင်ငံခြားကို ထွက်သွားပီဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ငါ ဝမ်းနည်းမိတယ်…. အမြဲတမ်း နင့်ကို သတိရမိတယ်.. ဟိုမှာ နင် ဒုက္ခရောက်နေမလား.. နင် အဆင်မှ ပြေပါ့မလားဆိုတဲ့ အတွေးမျိုး တွေးမိတိုင်း ငါ ဝမ်းနည်းရတယ်’
နင့်ရဲ့ စကားသံတွေ အကြင်နာတွေအောက်မှာ ငါပျော်ရွှင်မိတယ်.. ဒါပေမဲ့ ငါက ခဲမှန်ဖူးတဲ့ စာသူငယ်လိုပဲ နင့်ကိုချစ်တယ်လို့ ပြောဖို့ ငါ တွန့်ဆုတ်ခဲ့တယ်.. နင်လဲ ဒါကို သတိထားမိပုံပဲ.. ဒါပေမဲ့ နင်အထင်တွေနဲ့ ငါ့ရင်ဘတ်ထဲက ခံစားချက်တွေက ဒီတစ်ခါလဲ လွဲခဲ့တယ် ချစ်သူရယ်.. ဒါကို ငါ သိလိုက်ရတဲ့အချိန်မှာ အရာရာဟာ သူ့အလိုလို ဖြစ်ပျက်နေခဲ့ပီးပီ..
နင့်ရဲ့ရှေ့က မိန်းခလေးကို မြင်လိုက်ရတဲ့အချိန်မှာ ငါတော်တော် စဉ်းစားခဲ့ရတယ်.. နောက်တော့မှ အဲ့ဒီမိန်းခလေးရဲ့ နာကျည်းတဲ့အပြုံးကို မြင်လိုက်ရတော့မှ ငါ သတိရမိတယ်.. ငါ အသည်းခွဲခဲ့ဖူးတဲ့ မိန်းခလေးတွေထဲက မိန်းခလေးတစ်ယောက်မှန်း သိလိုက်ရတဲ့ အခါမှာ ဘယ်လို ဖြေရှင်းချက်မျိုးမှ နင့်ကို မပေးချင်တော့ဘူး.. အဲ့ဒီမိန်းခလေးနဲ့ နင့်ရဲ့ ရင်းနှီးမှုတွေကလဲ ငုဝါနဲ့ နင့်ရဲ့ရင်းနှီးမှုတွေလိုပါပဲ.. ငါ့ရင်ထဲက ပြောချင်တဲ့စကားလုံးတွေက နင့်ရဲ့ အထင်မှားမှုတွေ သံသယစကားလုံးတွေ အောက်မှာ ထပ်ပျောက်ပျက်ခဲ့ရပြန်တယ်နော်..
‘ငါ သတင်းတွေ အမျိုးမျိုး ကြားခဲ့ဖူးသားပဲ ဟံသာရယ်.. ဒါပေမဲ့ ဒါတွေဟာ ကြားစကားတွေလိုပဲ ငါ မှတ်ခဲ့မိတယ်… မယုံခဲ့ဘူး ဟံသာရယ်.. ငါ့သူငယ်ချင်းလေးဟာ အခုလောက်အထိ ပြောင်းလဲသွားခဲ့ပီမှန်း ငါမသိခဲ့ရဘူး….’
‘အဲ့ဒီမိန်းခလေးတွေကို နင် ချစ်ခဲ့ဖူးသလား’
‘ချစ်တယ်ဆိုတဲ့ စကားကို ငါ ဘယ်တော့မှ မပြောခဲ့ဘူး ကြည်ဖြူ.. မချစ်ဘူးလို့ ထပ်အငြင်းခံလိုက် ရရင် နောက်ထပ် ပြေးပုန်းစရာနေရာ ငါ့အတွက် မရှိတော့လို့… အဲ့ဒီမိန်းခလေးတွေကို တွဲခဲ့ဖူးတာ မှန်ပေမဲ့ ငါ့အတွက်ကြောင့်တော့ ဘယ်သူမှ မနစ်နာခဲ့ဘူး’
‘ချစ်တယ်ဆိုတဲ့ စကားကို နင် ဘယ်တော့မှ ထပ်မပြောတော့ဘူးဟုတ်လား ဟံသာ’
တိုးဖွဖွ ရေရွတ်လိုက်တဲ့ နင့်ရဲ့စကားသံအဆုံးမှာ ငါတို့ရဲ့ အချစ်တွေဟာ အဆုံးသတ်မှားခဲ့ပီမှန်း သိခဲ့ရတယ်.. ဒီတစ်ခါ ထပ်ကွဲခဲ့ရတဲ့ အသည်းဟာ ဘယ်တော့မှ နာလန်မထူနိုင်လောက်အောင်ပဲ နာကျင်ခဲ့ရပီ ကြည်ဖြူရယ်.. ဒါပေမဲ့ ငါ ကျေနပ်တယ်.. နင့်ရင်ထဲမှာ ငါ့အတွက် ချစ်ခြင်းတွေ ရှိနေတယ် ရှိခဲ့တယ်ဆိုတာကို ငါသိခဲ့ရလို့ပဲ.. ကံကြမ္မာကိုတော့ ငါတို့ အရှုံးပေးခဲ့ရတာပေါ့ဟာ…
နောက်ဆုံးတော့လဲ ငါတို့နှစ်ယောက်ဟာ မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းပါပဲ ကြည်ဖြူ… ငါ့အတွက် လို့ ရည်စူးခဲ့သမျှဟာ အမြဲတမ်း အတားအဆီးတွေ ရှိနေမှတော့ ငါ နင်နဲ့ အဝေးဆုံးလမ်းကို ထပ်ရွေးရတော့မှာပေါ့…. ဒီတစ်ခေါက် လမ်းခွဲကြမယ်ဆိုရင်တော့ ငါတို့နှစ်ယောက် ပြန်ဆုံဖို့ မရှိတော့ဘူး ကြည်ဖြူ.. ဒါဟာ နောက်ဆုံးပဲ…
ဒါပေမဲ့ နင်က ငါ့ထက် ပိုပြတ်သားခဲ့တယ်.. နင့်နဲ့ အဝေးဆုံးကို ထပ်ပီး ပြေးတော့မယ်လို့ ငါ ဆုံးဖြတ်ခဲ့ပေမဲ့ နင်ကတော့ ငါနဲ့ ပြန်မဆုံဖြစ်တော့မယ့်လမ်းကို သတ္တိရှိရှိ ရွေးသွားခဲ့တယ်.. နင် ပေးခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်အောက်မှာ ငါ နင့်ကို လက်လွတ်ဆုံးရှုံးရပီဆိုတာကို အသေအချာ သိလိုက်ရတယ်…
‘ငါ့ကို ချစ်တယ်လို့ ဖွင့်ပြောတဲ့လူရဲ့ အချစ်ကိုပဲ ငါ့မှာ လက်ခံခွင့်ရှိတယ် ဟံသာ..’
နင်ပြောခဲ့တဲ့ စကားလုံးရဲ့နောက်မှာ ငါ နောက်တစ်ကြိမ် အသည်းထပ်ကွဲခဲ့တယ်.. ဒီတစ်ခါ ကွဲရတာကတော့ ပြန်ကို မဆက်နိုင်တော့အထိပါပဲ.. နောက်ဘဝဆိုတာများရှိခဲ့ရင် ကံကောင်းတဲ့ချစ်ခြင်းကိုသာ ပိုင်ဆိုင်ရပါလို၏လို့ ငါ ဆုတောင်းခဲ့တယ် ကြည်ဖြူ.. နင်ရွေးချယ်လိုက်တဲ့ဘဝမှာ ပျော်ရွှင်ပါစေလို့ ………..
ပြည့်စုံ
(၁၆-၉-၂၀၀၉၊ ၁၁း၄၄ pm)
Subscribe to:
Post Comments (Atom)
တွဲရေး ခွဲရေးက နောက်ဆုံးတော့ ခွဲရေးဖြစ်သွားတယ်ပေါ့..
ReplyDeleteအနော်လေးက စာရေးအားကောင်းသလို စာရေးလဲ ကောင်းပ..
း)
ညီမငယ် ပြည့်စုံလေးရေ...
ReplyDeleteကိုကြီးလာကြည့်တာ...
အလုပ်ကပြန်လာမှ လာထပ်ဖတ်မယ်... အခု (၁) ယူသွားတယ်... :) :) ;)
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...
ဝတ္ထုလေးလာဖတ်သွားပါတယ်
ReplyDeleteဇာတ်လမ်းလေးဆန်းတယ်နော်
လာလည်ပြီးဝတ္ထုလေးအဆန်းလေးဖတ်သွားပါတယ်နော်
ReplyDeleteအဲဒီလို လုပ်ရဘူးလေကွယ်။ ဒီကအသည်းငယ်ပါတယ်ဆိုမှ အဟင့်
ReplyDeleteသုံးပွင့်ဆိုင်ဇာတ်လမ်းလာရေးသွားတယ်..ဟံသာနေရာကနေဘဲ ၀င်ခံစားသွားပါတယ်..အဟင့်အဟင့် ငိုချင်သွားပြီ အိပ်တော့မယ် :P
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ချစ်တဲ့သူတိုင်း ချစ်ကံကောင်းနိုင်ကြပါစေ။
ReplyDeleteလို့  ဆုတောင်းခဲ့မယ်။
ဖတ်လို့ကောင်းလိုက်တာ အနော်ရယ်။
မတွေ့ တာကြာပြီနော်။
သတိရနေတယ်။
ခုတလော အလွမ်းဇာတ်တွေများနေတယ်ဗျိုးးး
ReplyDeleteကိုစည်သူကလည်း သူများနဲ့ညားတဲ့ငါ့ရည်းစားတဲ့
ဟော ခုတခါ အနော်ရဲ့ “ကြည်ဖြူ”
ဟံသာတော်တော်စွံတယ် ချစ်တယ်တောင်မပြောဘဲ မိန်းကလေးတွေကိုတွဲနိုင်တယ်
လေးစားအားကျသွားတယ်
ဇာတ်လမ်းကိုရော ဒီလိုရေးနိုင်တဲ့လက်ကိုရောပေါ့
သားကြီးတော့outပြီထင်တာပဲ
မနိုင်တော့ဘူး လုပ်ချင်တာတွေကသိပ်များတယ်
အနော်လေးရေ..အချစ်ဆိုတာကြီးဟာ သစ်စာတွေနဲ့မှ လှတာပါကွယ်..။
ReplyDeleteအချစ်တွေကို ရင်ထဲမှာ လှလှပပ သိမ်းထားနိုင်ရင် အကောင်းဆုံးပဲ..။
မဟုတ်လို့ ထုတ်ပြပြီးမှ လှည့်စားတတ်တဲ့သူတွေနဲ့တွေ့ရင် အချစ်က အရုပ်ဆိုးသွားတတ်တယ်..။
ဇာတ်လမ်းလေးဖတ်ပြီး ဘာရယ်မဟုတ် ခံစားနေရတာကို ရေးလိုက်တာပါ။
ဇော်ခင်က သင်သင်ခိုင့်ကို ကြောက်တာ၁၈ နှစ်ကြာတယ် သင်သင်ခိုင်က ဇော်ခင် နောက်တစ်ခေါက် ချစ်တယ်လို့ ပြော လာမယ့် အချိန်ကို ၁၈ နှစ်ကြာအောင်စောင့်တယ် ..... ဒါပေမယ့်သူတို့ ဆုံဆည်းသွားကြတယ် အနော်ကတော့ စက်ရက်တယ် .... ခွဲ ပစ်တယ် အီးးးးးးးးးးး... ဒါက စတာ :PPP... ခုအတည်ပြောပြီ ..... လက်တွေ တအား တိုးတက်လာတယ် ထင်မိတယ် ကားစီးရင်း ဟင်းချက်ရင်း အလုပ်လုပ်ရင်း ထိုင်ရင်း ထရင်း စိတ်ကူးထဲ စာတွေရေးနေတာကိုး လက်စသတ်တော့ ဇာတ်အိမ်လေးကောင်းတယ် ဗျ စကားလုံးတွေ က ခေါင်းစဉ်မှာ ကတည်းက ကြွေသွားတာ ... လှလွန်းလို့ ။ အနော် သယ်ချင်း စကားလုံးလေးတွေက ထိရှစေတယ် ပါးစပ်က အသံ ထွက်ပြီး ရွတ်ကြည့်ပြီး ရေးထားသလားထင်မိတယ် အတော့်ကို မွေးမြူထားတဲ့ ခံစားချက်တွေ ဆိုတာ ခံစားသိရှိသွားပါတယ် သူငယ်ချင်းရေ ..... ကောင်းလိုက်တာ ဆိုတဲ့စကား ပဲ ကျန်တော့တယ် ပြောဖို့ ..... ဆက်သာဒူး မလျော့နဲ့ ဒါပေမယ့် မခွဲပစ်နဲ့  :))))
ReplyDeleteဆက်လက် ရက်စက်နိုင်ပါစေ အဲ .... :PPP
အေးမြသာယာပါစေဗျာ
ခင်တဲ့
ရန်ကုန် :)))))
ကိုယ်ပိုင်ဇတ်လမ်းလေးလား? ကြေကွဲဖွယ်ရာလေးတွေနဲ့ ဝေးပါစေကွားးး
ReplyDeleteညီမလေးရေ... အချစ်ဝထ္တုတို သန့်သန့်လေးကို လာအားပေးသွားတယ်နော်...
ReplyDeleteအားပါး လက်ရည်ကတော့ ကောင်းချက်တော် ....
ReplyDeleteလာဖတ်ရတာ နောက်ကျလို့စိတ်တောင်မကောင်းဘူး...
အဖြစ်မှန်တစ်ဝက် စိတ်ကူးတစ်ဝက်ထင်တယ်...
တော်တော်လေးကောင်းတယ် သိလား ...
အားပေးနေမယ်... ကုန်းပိုးပြီးကိုဂုဏ်ပြုချင်တာ... အဟီး ၁၅၀ မနိုင်လို့....
အရမ်းဖတ်လို့ကောင်းတယ် သိလား ဇာတ်လမ်းလေးက ရင်ထဲမှာလဲ ခံစားရတယ် အနော်ရယ် ဘာလို့ပေးမရတာလဲ သနားထှာ ဟွင်းးးးး
ReplyDeleteဂွတ်ရှယ်ပဲဗျ။
ReplyDeleteဒါပေမယ့် ကျနော့်နာမည်ကြီးပါနေတယ်။ ဟီး။
လကားချယာ။ =)
ဖွင့်ပြောမှ အချစ်က တစ်ရားဝင်တာပေါ့နော် ....
ReplyDeleteဇါတ်လမ်းလေးဖတ်ပြီး မောသွားပါတယ် .....