Sunday, October 18, 2009

ကျိန်စာသင့်ဆောင်း

မိုးမှုန်တွေလား နှင်းငွေ့တွေလား
ဘန်ကောက်ရဲ့ ဆောင်းဦးမနက်က
ကားအိပ်ဇောငွေ့တွေကြားမှာ ပြီတီတီ
အိပ်ရေးပျက်ခေါင်းက ရီတီတီဖြစ်နေလို့
အပြုံးတွေတောင် မပီတပီ
ရာသီငယ် မပီပြင်ခဲ့လေသမျှ
ရယ်ချင်စဖွယ် အပြုံးတုတချို့နဲ့
အေးစက်စက် နှလုံးသားကို အပူတိုက်ဖို့
ဖြေသိမ့်လိုက်ရတဲ့ နှစ်သိမ့်စကားတွေ
အချစ်နိမိတ်ပုံတွေတောင် အရောင်ပြောင်း
ကံမကောင်းခဲ့ရှာလေဘူးတဲ့
ခပ်သောသောအရယ်အမောတွေကြားမှာ
ငါ့နှလုံးသား ကျိန်စာသင့်ခဲ့တယ်

ဒီလိုပါပဲ
တခါတလေ ရာသီဆိုးပေမဲ့
ငါ့ရင်ထဲ ခါတော်မီ အလွမ်းမိုးတွေ
သည်ရာသီမယ် မစဲသေးသရွေ့
မလွမ်းဘူးလို့ ကျမ်းစူးအောင် လိမ်ဖို့မလိုပေမဲ့
စနစ်တကျ အနည်ထိုင်ထားတဲ့
ငါ့စိတ်ကူးတွေထဲက အိပ်မက်တွေကြား
အပြုံးတစ်ချက်နဲ့အတူ မွှေနှောက်သွားခဲ့
မရေရာဘူး သေချာရွေးချယ်ထားတဲ့
သက်ပြင်း အမှတ် ၆၂ ကို ငါခြွေချလိုက်တယ်
ငါ့ရင်ဘတ်ကြီးတစ်ခုလုံး နှင်းခါးဒဏ်သင့်ခဲ့……..

ပြည့်စုံ
(၁၉-၁၀-၂၀၀၉၊ ၁၂း၃၀ am)

13 comments:

  1. ဘန်ကောက်ရဲ့ ဆောင်းဦးမနက်ကဆိုတော့ ထိုင်းမှာနေတုန်းဖြစ်လာတဲ့ခံစားချက်ကိုချရေးတာပေါ့နော်
    သက်ပြင်းအမှတ်၆၂ဆိုတာဘာကိုပြောတာလည်းဟင်?
    ကျိန်စာသင့်တယ်ဆိုပေမယ့်
    နှင်းခါးဒဏ်သင့်တယ်ဆိုပေမယ့်
    ကဗျာတွေကိုကြဲဖြန့်တတ်တဲ့အဲဒီရင်ဘတ်ဟာ ကဗျာကြိုက်သူ
    တွေအတွက်တော့ အဖိုးတန်တဲ့ရင်ဘတ်တစ်ခုဖြစ်ပါကြောင်းဗျိုးးး

    ReplyDelete
  2. မှတ်မိအောင်လို့သုံးခေါက်ဖတ်လိုက်တယ်
    အခေါက်ပိုဖတ်လို့မကျေနပ်လည်း မတတ်နိုင်ဘူးလေကွယ် :P
    ကဗျာငတ်နေတာကြာမှကိုးး ။

    ReplyDelete
  3. နှင်းခါးရိုက်သွားလို့ ဖြစ်မယ် ..... အနွေးထည်လိုရင် ဝတ်ထားသင့် တယ်နော .... :) သက်ပြင်းအမှတ် ၆၂ ဆိုပါလား ... အဲဒီ အပြုံး တွေ နှင်းတောထဲသာ သွန်ပစ်လိုက် .... အေးခဲသွားမှ နေသား ကျမယ် ထင်တယ် .....
    ကဗျာလေး က ဆောင်းကို မကျေ မိုးကို မကြိုက် အချစ်နဲ့ အဆီ ငေါ်မတဲ့တာပဲ ဖြစ်တန်တယ် အနော်ရေ .... ကျန်စာသင့်တယ် လို့ တော့ မမှတ်လိုက်ပါနဲ့  ဖတ်လို့ ကောင်းတယ်ဗျို့ 
    ခင်တဲ့
    ရန်ကုန်သား :)

    ReplyDelete
  4. တယ်လန်းပါလား ငါ့ညီမ..
    နင်ကဗျာရေးတော်တယ်
    ပုံ မြင်းထိန်းငတာ

    ReplyDelete
  5. ကဗျာလေးကတော့ အလန်စမစ်ပဲ (လန်းတာကိုပြေတာ)

    ၆၂ ကိုစဉ်းစားမရဘူး

    တင်ထားသမျှပို့စ်အရေအတွက်တွေထင်ပြီး ရေကြည့်မိသေးတယ်။

    နောက်တော့ ကဗျာပဲ နောက်တခေါက် ဖတ်လိုက်တော့တယ်။

    ဘန်ကောက်မနက်ခင်းကိုတောင် ပြန်သတိရမိတယ်။

    များသောအားဖြင့် ဘန်ကောက်မှာ အိပ်ယာထနောက်ကျတာများတာပါပဲ

    ReplyDelete
  6. ကဗျာလေး ဖတ်ရှု ခံစားသွားပါတယ်ခင်ဗျာ။

    yu ya

    ReplyDelete
  7. လန်ထွက်နေတယ်လို့တော့ မပြောတော့ပါဘူး ကဗျာကတော့ အလန်းဇယားပဲ
    တစ်ခုပဲ ဟိုပြောတဲ့လူလည်းများနေပြီထင်တယ် သက်ပြင်းအမှတ် ၆၂ ကိုစဉ်းစား ကြည့်တာဘယ်လိုမှ မရဘူး ဧကန္တ သက်ပြင်းအကြိမ် ၆၂ ကြိမ်များ ချလေရော့သလား

    ReplyDelete
  8. သက်ပြင်းအမှတ် ၆၂ ဆိုတာ သက်ပြင်း ၆၂ ခါချတာကို တင်စားတာလား သူငယ်ချင်းးး

    နင်ပို့စ်လေးတွေ ပိုပိုကောင်းလာတယ်။

    ReplyDelete
  9. အား အရမ်းကြိုက်မိသွားပြီ.. ဘယ်လိုပြန်လုပ်ပေးမလဲ ပြော... :)

    ReplyDelete
  10. ဘန်ကောက်မှာဆောင်းရာသီချမ်းတယ်ပေါ့.... ကဗျာလေးလာခံစားသွားတယ်...

    ReplyDelete
  11. ကားအိပ်ဇောငွေ့တွေကြားမှာ ပြီတီတီ
    အိပ်ရေးပျက်ခေါင်းက ရီတီတီ....
    လန်းတယ်ကွယ်...
    သံစဉ်လေးထည့်ပြီး rap သီချင်းလိုဆိုသွားပါသည်...။

    ReplyDelete
  12. ကဗျာလေး လာခံစားသွားပါကြောင်း အနော်ရေ
    အသစ်မတက်ဘူးမှတ်နေတာ အောက်ရောက်နေတာကိုး ဟားဟားးးးးးးးးးးးးး

    ဘိုင် တာ့တာ ပြန်ပြီ ဒုန်းးးဒုန်းးးးးးးလို့ အော်နိုင်တော့ဘူးနော် ခြေထောက်နာနေလို့ ဘတ်လဘိုင် ဘတ်လဘိုင်

    ReplyDelete
  13. ကဗျာတွေ ပိုကောင်းလာတယ် ချစ်ဆုံးလေးရေ။
    တော်လိုက်တာ။ ဘယ်သူနဲ့တူလို့ပါလိမ့်။ :P
    ချစ်တဲ့
    ခင်

    ReplyDelete