Wednesday, November 4, 2009

ဆောင်းခိုချိန်

ဒီအချိန်ပေါ့
ကမ္ဘာ့ဝင်ရိုးစွန်းတွေမှာ အအေးပိုတယ်
မင်း ငါ့အနားမှာမရှိတော့ အလွမ်းပိုတယ်
ရာသီတွေ စက်ဝန်းတစ်ကြိမ်လည်ဖို့
၁၂ လလုံးလုံး လည်ပတ်နေရသလိုမျိုး
မင်းဆီက အပြုံးကိုရဖို့အတွက်နဲ့တော့
ငါ ရာသီသုံးခုစာ မလွမ်းတော့ဘူး
ငါ မနက်ဖြန်က စပီး ဆောင်းခိုမယ်

ဆောင်းခိုမယ့်ငှက်တွေက
အေးတဲ့အရပ် ဝင်ရိုးစွန်းကနေ
ပူနွေးတဲ့နေရာတွေဆီ ဆောင်းခိုကြတယ်
ငါကတော့ ပူပြင်းလောင်မြိုက်တဲ့
အလွမ်းအဆွေး စိတ်ကူးယဉ်မှုတွေကနေ
အေးချမ်းတိတ်ဆိတ်တဲ့ မေတ္တာကမ္ဘာလေးဆီ
အရောက်သွားမယ်
ငါ မနက်ဖြန်က စပီး ဆောင်းခိုမယ်

ဆောင်းခိုငှက်တွေဆီက တုပ်ကွေးဗိုင်းရပ်စ်ကူးမှာစိုးသလို
ငါ့ရင်ဘတ်ကိုလဲ အမုန်းဗိုင်းရပ်စ်ကူးမှာစိုးလို့
အချစ်တွေကို မျက်ကွယ်ပြု
အကြင်နာတွေကို လျစ်လျူရှုပီး
အလွမ်းတွေကို ပုဝါမကူ ရေမရှုကြေး
ဒိုင်ပွဲရပ်နဲ့ သိမ်းလိုက်တယ်
ငါ မနက်ဖြန်ကစပီး ဆောင်းခိုမယ်

စနစ်တကျ သိမ်းဆည်းထားတဲ့
ငါ့အလွမ်းအိပ်မက် စိတ်ကူးတွေကို
သပ်သပ်ရပ်ရပ် ထုပ်ပိုးပီး
ဒီကနေ့ စာပို့ရထားနဲ့ မင်းရှိရာပို့လိုက်တယ်
ရင်ထဲက မောနေရတဲ့ စိတ်ဇောတွေကိုလဲ
ထပ်တခါခါ သက်ပြင်းမခြွေချင်တော့လို့
ငါ့မျက်ရည်စတွေကိုပါ တပါတည်း ထည့်ပေးလိုက်တယ်
ငါ မနက်ဖြန်က စပီး ဆောင်းခိုမယ်

ပြည့်စုံ
(၃-၁၁-၂၀၀၉၊ ၂း၃၀ am)

11 comments:

  1. လွမ်းနေလို့လားမသိဘူး ချစ်သယ်ရင်းလေး ကဗျာဖတ်ပြီး ပိုလွမ်းသွားတယ်.. အလွမ်းတွေကင်းပြီး ချစ်တဲ့ခင်တဲ့သူတွေနဲ့ အမြဲထာဝရနေနိုင်ပါစေ ချစ်တဲ့အနော်ရေ ...

    ReplyDelete
  2. အရမ်းကြိုက်တာပဲ နော်လေးရဲ့။

    ဆောင်းခိုမယ်တဲ့။

    ReplyDelete
  3. ဟုတ်....ဒီညကစပြီး ဆောင်းခိုပါ့မယ်....:P

    ReplyDelete
  4. တကယ်ပဲ ဆောင်းခိုမလို့လားး)
    ကဗျာခေါင်းစဉ်လေးကို ဘာရယ်မှန်းမသိဘူး
    သဘောကျတယ်

    ReplyDelete
  5. ဝေး ........ အဲ့ကလေးလေးက တကယ်ပြောနေတာ
    ဒါ ကဗျာမဟုတ်ဘူး .. ကြေကွဲတမ်းချင်းဟ
    ဆောင်းခိုပြီးရင်တော့ ပြန်လာပါကွယ် ..
    ဘရွတ်ခ်ရယ်၊ ဂျူရယ်၊ ခရမ်းရယ် နေရောင်အောက်က ကြိုနေမယ် ..
    သက်သာရာရတဲ့အခါ နေရောင်နွေးနွေးနဲ့တူတဲ့ ဘလော့ဂ်စက်ဝန်းထဲက ကြိုနေမယ်ဟ

    ReplyDelete
  6. ဆောင်းခိုတော့မယ်တဲ့လား.... ဆောင်းခိုရင်း အင်အားတွေစု.... ကဗျာလှလှလေးတွေနဲ့ ပြန်လာခဲ့နော်....

    ReplyDelete
  7. သူငယ်ချင်းရေ
    ဘာတွေဖြစ်နေလဲ
    ကဗျာလေးသက်သက်ရေးဖွဲ့တာပါနော်
    ကဗျားမရေးတတ်ပေမဲ့ နင်ရေးထားတဲ့ကဗျာလေးတော့ ခံစားသွားရတယ်။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  8. ဒီမှာလည်းရာသီဥတုတော်တော်ပူတယ်ဗျာ
    ဆောင်းခိုမယ်ဆိုရင်တစ်ပါတည်းလိုက်သွားပါရစေ အဟီး

    ReplyDelete
  9. အပြုံးတစ်ခုရဖို့အတွက်နဲ့တော့ရာသီသုံးခုစာမလွမ်းပါနဲ့
    မတန်ပါဘူး ပူပြင်းလောင်မြိုက်တဲ့အလွမ်းအဆွေးစိတ်ကူးယဉ်
    အိပ်မက်တွေကိုစွန့်ခွါလိုက ခွါနိုင်ပါတယ်
    ဒါပေမယ့် ဘော်ဘော်တွေနဲ့စုံလင်လှတဲ့ ဒီစိတ်ကူးယဉ်အိပ်မက်
    စာမျက်နှာလေးကိုတော့ခွဲမသွားပါနဲ့ဦး
    ဆိတ်ငြိမ်သန့်ရှင်းတဲ့မေတ္တာ
    ကမ္ဘာလေးဆီရောက်ခဲ့ပြီဆိုလည်း
    အကြောင်းလေးတော့ကြားလှည့်ပါ
    ချစ်ခြင်းတွေကိုမုန်းတီးတတ်လာတဲ့တနေ့ ကိုယ်လည်းအဲဒီနေရာသွားမယ်
    အလွမ်းတွေကိုဒိုင်ပွဲရပ်သိမ်းတော့ ပရိတ်သတ်အပေါင်း
    ရင်ထဲဟာပြီးကျန်နေမယ်ကွဲ့
    မျက်ရည်စတွေပါတစ်ပါတည်းထည့်လိုက်တယ်ဆိုတော့
    နောက်ထပ်မငိုကြွေးကြေးဆိုတော့သဘောပေါ့
    ရထားကခရီးနည်းနည်းဖင့်သွားတယ်
    ဟိုရောက်တော့မျက်ရည်တွေတောင်ခြောက်နေမှကွယ် :)

    ReplyDelete
  10. ဆောင်းခိုကဗျာကိုဖတ်ရင်းကိုယ်တိုင်လည်းဆောင်းခိုချင်စိတ်
    ပေါက်သွားတယ်ဗျိုးးး
    ထုံးစံအတိုင်းပေါ့ အရေးအတွေးညက်တယ်
    ဒီကဗျာကိုလည်း “ကျေနပ်တယ်” ။

    ReplyDelete
  11. အနော်ရေ...ဒီကဗျာလေးလဲ ကြိုက်တယ်။
    ငါလဲ ဆောင်းခိုချင်တယ်ဟာာာာာာ
    သယ်ရင်းကြီး အဆင်ပြေပါစေနော်။

    ReplyDelete