Friday, December 4, 2009

လမ်းဖောက်သူ

လမ်းသစ်ဖောက်ရတာနဲ့
လမ်းဟောင်းလျှောက်ခြင်းကြား
မတူညီမှုတွေများ
တူညီတာတွေ နားထား
ကဲပြဿနာတွေကလဲ အများသားပါပဲလား

သူများဖောက်ပီးသားလမ်း
ကိုယ်က ဘေးဆင်းလျှောက်လို့မရဘူး
လမ်းရိုးအတိုင်းသွား
အဆန်းအပြားမလုပ်နဲ့
ငယ်ငယ်တုန်းက ကြားခဲ့ရတဲ့စကား
အခုတော့ ကွာခြားနေပီ

အမှန်နဲ့ အမှား နံရံတစ်ဖက်ခြား
ထောက်ခံသူများလို့ အမှန်တရားဖြစ်သွားတာလား
ဆန့်ကျင်ဘက်များလို့ အမှားဖြစ်သွားတာလား
တခါတလေ စဉ်းစားရင်း ဝေဝါး
အချင်းများခဲ့ အကြိမ်ကြိမ်

လူ့အောက်ကျို့လို့ လူမပိဘူး
ဆုံးမခဲ့တဲ့ အမေ့စကား
လက်တွေ့ဘဝနဲ့ မအပ်စပ်လှဘူးအမေ
အထက်ဖား အောက်ဖိ
လူတချို့ရဲ့ လုပ်ရပ်တွေနဲ့ ယှဉ်ကြည့်မှ
သိခဲ့ရတဲ့ အသိ
ရင်ထဲတော့ သိပ်မချိလှဘူး အမေ

ဘဝဟာ ဒီလိုနဲ့ပဲ လည်ပတ်
ဇယ်ဆက်သလို လှုပ်ရှားနေရတဲ့ လောကကြီးထဲ
တခါတလေတော့လဲ သောကမီးတွေနဲ့ပေါ့
လောဘချည်းပဲတော့လဲ မဟုတ်ဘူး
ဒေါမနဿမီးတွေ ပွားများနေတဲ့အခါ
လောင်မြိုက်ပူပြင်းလာခဲ့တယ်

ယုံကြည်ချက်ချင်းတူရင် ရင်ဘတ်ချင်းလဲ တူရမပေါ့ အမေ
ဒါပေမဲ့ တချို့တချို့လူတွေရဲ့ အပြောစကား
လူချင်းတူပေမဲ့ မူချင်းကွဲသတဲ့
မိုးကောင်းကင်အောက်မှာ လူဖြစ်ရတာချင်းအတူတူ
တချို့လူတွေက အသက်ရှုချင်း ကွဲသတဲ့

ဒီလိုနဲ့ပဲ အမေ
အိမ်ပြန်ချိန်ရောက်တိုင်း
အိမ်အပြန်လမ်းပျောက်နေတတ်တဲ့
အဝေးရောက်သမီးတစ်ယောက် အိမ်အပြန်
အိမ်ခြံဝကနေ အမေ မျှော်နေမလား
တမ်းတတွေးမောနေမိတယ်…..

ပြည့်စုံ
(၄-၁၂-၂၀၀၉၊ ၉း၂၉ pm)
(ချစ်ရတဲ့ တစ်ဦးတည်းသော မမကြီးအတွက် ရေးစပ်တဲ့ ကဗျာပါ)

8 comments:

  1. အသက်ရှူလွဲ တဲ့ အချို့ သော မည်ကာမတ္တလူသားတွေကြား မှာ ပြောစကား အမှန်တရားတွေနဲ့  တောင်မျောလိုက် မြောက်ပါ သွားလိုက်နဲ့  ..... တစ်ခါတစ်လေ အဲဒီ ပင်လယ်မှာ လက်ပန်းကျမတတ်ကူးရ ခပ်ရပြန်တာပါ .... ဒီလိုနဲ့ ပဲ ခပ်မှိန်မှိန်သမိုင်းတစ်ခု ကို ငိုက်မြည်းရင်းပဲ ရေးနေကြရတယ်သူငယ်ချင်းရေ .....
    မတွေ့ တာကြာလို့ နေကောင်းရဲ့ လား ...... အိမ်လည်ထွက် ပရိသန္တာရ စကား မဆိုဖြစ်လို့ ခွင့်လျွှတ်ဦးအနော်ရေ ..... ကဗျာလေးက ဘဝအရေးနဲ့ ဟတ်စပ်လွန်းတာမို့  ကြိုက်နှစ် သက်ပြီး ပြန်သွားပါတယ် သူငယ်ချင်းအနော်ရေ
    ပျော်ရျွှင်ပါစေ
    ရန်ကုန်သား :))

    ReplyDelete
  2. အမကလဲ ညီမလေးကို လွမ်းပါတယ်တဲ့ ဗျား။
    အိမ်ပြန်ချိန်ကိုတော့  လူတိုင်းမျှော်နေမိမှာပါလေ။
    မတူတာလေးတွေကို တူအောင်ညှိ ထိန်းနေနိုင်တာက ကိုယ့် ရဲ့  အရည်အချင်းပါလို့ ။

    ReplyDelete
  3. ဖော်လန်ဖားတွေကြား ဗျာများနေတဲ့ ငါ့ညီမ အနော် လမ်းမပျောက်ပဲ မျော်နေတတ်တဲ့ ညီမအမေဆီ တန်းတန်းမတ်မတ် အိမ်ပြန်နိုင်ပါစေဗျာ။

    ReplyDelete
  4. အနော်လေး....ကဗျာလေးမှာ ရင့်ကျက်လာတဲ့ အသံလေးတွေပါနေပြီ...။
    ဘာမှပြောစရာမလိုအောင် ကောင်းပါတယ်....။
    အမေကတော့မျှော်နေမှာသေချာပါတယ်....
    တစ်နေ့နေ့ပေါ့...မျှော်နေတဲ့အမေ့ဆီ ပြန်နိုင်ကြပါစေလို့...ဆုတောင်းရင်း....

    ReplyDelete
  5. မျှော်နေမဲ့ အမေ အတွက် ကိုယ်ချင်းစာမိတယ်
    ရောက်ချင်လှတဲ့ သမီး အတွက်သနားမိတယ်

    ReplyDelete
  6. ကဗျာလေး ကောင်းတယ် အနော်ရေ ...
    မျက်စိတဲ့ မြင်အောင် ဖွဲ့တတ်တယ်။
    အိမ်ပြန်ဖြောင့်ပါစေဗျာ ...။

    ReplyDelete
  7. အမေကတော့ မျှော်နေမှာ သေချာပါတယ်

    သားသမီးတိုင်းအတွက် မိဘတိုင်းက မျှော်နေတတ်ကြမှာပါပဲ
    အမှန်တရားက လူများလို့ေ၀၀ါးသွား ခဲ့ရင်လည်း ခဏတာပဲ ဖြစ်မှာပါပဲ။ အမှန်တရားဘက်က သားသမီးကိုလည်း မိဘတိုင်း ဂုဏ်ယူကြမှာပဲ မဟုတ်လား

    ReplyDelete
  8. ဒီလိုနဲ့ပဲ အမေ
    အိမ်ပြန်ချိန်ရောက်တိုင်း
    အိမ်အပြန်လမ်းပျောက်နေတတ်တဲ့
    အဝေးရောက်သမီးတစ်ယောက် .....................
    ----------------------------------------------------
    တိုက်ဆိုင်လိုက်တာများကွာ.....

    ReplyDelete