အချစ်ဟာ နုပျိုတယ်.. အချစ်မှာ ဟာသဥာဏ်ရှိတယ်. အချစ်မှာ ရိုးသားမှုရှိတယ်. ထို့အတူပဲ အချစ်မှာ လှပတဲ့ ဖြားယောင်းမှုတွေရှိတယ်.. အချစ်မှာ နူးညံ့တဲ့ စကားလုံးတွေရှိတယ်.. အချစ်မှာ လှပတဲ့ အနာဂတ်တွေ ရှိတယ်.. အချစ်မှာ မိုက်ရူးရဲဆန်မှုတွေ ရှိတယ်.. အချစ်မှာ စွန့်လွှတ်အနစ်နာခံမှုတွေ ရှိတယ်.. အချစ်မှာ အတ္တတွေရှိတယ်.. အချစ်မှာ ပိုင်ဆိုင်လိုမှုတွေ ရှိတယ်.. အဓိက အချက်က အချစ်က တစ်ဦးတည်းပိုင် ဖြစ်တယ်..
ချစ်ခြင်းကြောင့်ပဲ ဘဝဟာ လှပလာတယ်… ချစ်ခြင်းကြောင့်ပဲ အသက်ရှင်ရတာ ပျော်ရွှင်စရာကောင်းလာတယ်လို့ ထင်လာမိတဲ့အချိန်မှာပဲ ချစ်ခြင်းနဲ့ ရင်ဆိုင်တွေ့ခဲ့တယ်.. ချစ်တယ် ဆိုတဲ့ စကားလေးတစ်ခွန်းဟာ ရှင်သန်ဖို့ အတွက် အားအင်တွေ ဖြစ်စေတယ်လို့ ပြောမိရင် လွန်မလား မသိ.. ဒီလိုနဲ့ပဲ ချစ်ခြင်းမှာ ပျော်ဝင်မိတယ်..
အချစ်နဲ့ တွေ့ထိတဲ့ အရာတွေတိုင်းဟာ အလှပဆုံးပဲ.. ချစ်ခြင်းကြောင့်ပဲ ကမ္ဘာကြီးတစ်ခုလုံး စိုပြေစိမ်းလန်းနေခဲ့တယ်… ချစ်ခြင်းကြောင့် ပန်းပွင့်တွေ ပိုပွင့်လာတယ်.. အသီးတွေ ပိုချိုမြိန်လာတယ်.. မြင်လေရာရာမှာ ချစ်ခြင်းကြောင့်ပဲ သာယာနေခဲ့တယ်… ချစ်ခြင်းနဲ့အတူ လမ်းလျှောက်ထွက်လာတယ်.. ချစ်ခြင်းနဲ့အတူ လက်ချင်းတွဲဆုပ်လို့ လမ်းမထက်မှာ အတူတူ လျှောက်ဖြစ်ခဲ့ရင် ဝံ့ကြွားစိတ်နဲ့ မျက်နှာကို မော်ထားမိတယ်..
ချစ်ခြင်းနှင့်အတူ ပျော်ရွှင်ကြည်နူးဖွယ် မနက်ခင်းတိုင်းကို ဖြတ်ကျော်ခဲ့တယ်.. ချစ်ခြင်းနှင့်အတူ ညနေခင်းတိုင်း လမ်းလျှောက်ထွက်ခဲ့တယ်. ချစ်ခြင်းနှင့်အတူ လပြည့်ညရဲ့ လရောင်တွေကို ခံစားခဲ့ဖူးတယ်.. ချစ်ခြင်းနှင့်အတူ ဆောင်းနှင်းဝေတဲ့ မနက်ခင်းမှာ တစ်ယောက်လက်ကို တစ်ယောက်က ဆုပ်ကိုင်လို့ နှင်းမှုန်တွေကြား နွေးထွေးခဲ့ဖူးတယ်.. ချစ်ခြင်းနှင့်အတူ ဇွန်လရဲ့မိုးဖွဲနှင့်အတူ မိုးရေတွေကြား ပျော်မြူးခဲ့တယ်.. ချစ်ခြင်းနှင့်အတူ သင်္ကြန် လက်ဆေးမိုးနှင့်အတူ ဝေခဲ့ဖူးတဲ့ ပန်းပိတောက်တွေကြား နမ်းရှိုက်ခဲ့ဖူးတယ်..
ရာသီအလီလီ ကူးပြောင်းခဲ့တဲ့ စက်ဝိုင်းနှစ်ခု ခနတာ ရပ်တန့်ခဲ့တဲ့အချိန်မှာပဲ အချစ်ဟာ ပျောက်ကွယ်သွားခဲ့တယ်.. အချစ်ကို လေနုအေးတွေ တိုက်ခတ်နေတဲ့ နွေရာသီ ညနေခင်းလေးမှာ လိုက်ရှာခဲ့တယ်.. အချစ်ကို ဆောင်းတွင်းရဲ့ ကျနေအောက် ပူပြင်းလောက်မြိုက်နေတဲ့ ဆူးလေဘုရားလမ်းမပေါ်မှာ လိုက်ရှာခဲ့တယ်.. အချစ်ကို လပ်ကီးဆဲဗင်း လက်ဖက်ရည်ဆိုင်လေးရဲ့ လက်ဖက်ရည်ခွက်တွေထဲမှာ လိုက်ရှာခဲ့တယ်.. အချစ်ကို အဓိပတိကားရဲ့ လက်မှတ်ဖြတ်ပိုင်းလေးတွေ ကြားမှာ လိုက်ရှာခဲ့တယ်.. နောက်ဆုံးတော့ အချစ်က ဘယ်နေရာမှာမှ ရှိမနေခဲ့ဘဲ ပျောက်ဆုံးသွားခဲ့တယ်…
အချစ်ကို နိုင်ငံပိုင်သတင်းစာမှာ အချစ်ပျောက်ကြော်ငြာထည့်လိုက်တယ်.. အချစ်ကို စီးတီးအက်ဖ်အမ်ရဲ့ မွေးနေ့ဆုတောင်းအစီအစဉ်မှာ ထည့်ဆုတောင်းပေးခဲ့တယ်.. အချစ်ကို မြဝတီရဲ့ နာမည်ကျော် ကိုရီးယားရုပ်ရှင်ဇာတ်လမ်းအစီအစဉ်ရဲ့ ဇာတ်သိမ်းပိုင်းမှာ ကြားညှပ်ကြော်ငြာခဲ့တယ်.. အချစ်ကို ရန်ကုန်မြို့ရဲ့ ဘေလ်ဘုတ်တွေပေါ်မှာ ကြော်ငြာပစ်လိုက်တယ်.. အချစ်ကို လက်ကမ်းစာစောင်လုပ်ပီး ကြော်ငြာခဲ့တယ်.. ယုတ်စွအဆုံးကွယ် အချစ်ကို ရပ်ကွက်ရုံးရဲ့ရှေ့မှာ ဆိုင်းဘုတ်ထောင်ပီး ကြော်ငြာပစ်လိုက်တယ်.. အချစ်က ရှာလေ ပျောက်လေ ဖြစ်သွားခဲ့တယ်…
အချစ်မရှိတော့တာ ကျိန်းသေတဲ့တစ်နေ့မှာ အမုန်းနှင့်အတူ လက်တွဲ လောကရဲ့လမ်းတွေပေါ် လျှောက်သွားခဲ့တယ်.. လူတချို့က နှာခေါင်းရှုံ့ကြတယ်.. မေးငေါ့တင်းဆိုကြတယ်.. ကောလာဟလတွေ ထုတ်လွှင့်ကြတယ်.. ဇာတ်ထုပ်တွေကို လူလယ်ခေါင်ရောက်မှ ဖြည်ပြကြတယ်.. စက်ဆုပ်ရွံ့ရှာကြတယ်..
အမုန်းဟာ လူကို ရင့်ရော်စေတယ်.. အမုန်းမှာ နာကျင်မှုတွေချည်း ရှိတယ်. အမုန်းမှာ ကလဲ့စားချေမှုတွေ ရှိတယ်. အမုန်းမှာ ခန့်မှန်းလို့မရတဲ့ လိမ်ညာလှည့်စားမှုတွေရှိတယ်.. အမုန်းမှာ ဒေါသထန်တဲ့ စကားလုံးတွေရှိတယ်.. အမုန်းမှာ ရုပ်ဆိုးတဲ့ အတိတ်တွေ ရှိတယ်.. အမုန်းမှာ အလုံးစုံပျက်သုဉ်းမှုတွေ ရှိတယ်.. အမုန်းမှာ နာလန်မထူနိုင်လောက်တဲ့ အငြိုးအတေးတွေ ရှိတယ်.. အမုန်းမှာ မာနတွေရှိတယ်.. အမုန်းမှာ ကြေကွဲမှုတွေချည်း ရှိတယ်.. အဓိက အချက်က အမုန်းက လူနှစ်ယောက်ကို အဝေးဆုံး ဝေးကွာစေနိုင်တာပဲ….
အမုန်းနဲ့ တွေ့ထိတဲ့ အရာတွေတိုင်းဟာ အရုပ်ဆိုး အကျည်းတန်လာခဲ့တယ်.. အမုန်းကြောင့်ပဲ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်လာခဲ့တယ်… အမုန်းကြောင့် ပန်းပွင့်တွေ ညိုးနွမ်းကုန်တယ်.. သစ်ပင်တွေ ခြောက်သွေ့ သေဆုံးကုန်တယ်.. မြင်လေရာရာမှာ အမုန်းကြောင့် နှစ်လိုစဖွယ် ဖြစ်မနေခဲ့တော့ဘူး…အမုန်းနဲ့အတူ လမ်းလျှောက်ထွက်တဲ့အချိန်မှာ ပျော်ရွှင်နေတဲ့ လူတွေကို နာကျည်းတဲ့စိတ်နဲ့ ရန်လိုမိတယ်…
မုန်းတယ်ဆိုတဲ့ စကားတစ်ခွန်းရဲ့နောက်မှာ ထပ်ဆင့် အမုန်းတွေ ရောက်လာခဲ့တယ်.. မုန်းပီးရင်း မုန်းလာကြတယ်.. အမုန်းတွေ ဆင့်လာတဲ့အခါ အမုန်းတွေက နာကျင်စရာ နောင်တတွေ အဖြစ် ပြောင်းလဲသွားကြတယ်.. ဘာကြောင့် ချစ်မိသလဲ.. ဘာကြောင့် အမုန်းနဲ့တွေ့ဆုံခဲ့ရတာလဲ.. အမုန်းမရှိတဲ့ကမ္ဘာ ရှိပါဦးတော့မလား.. အမုန်းရဲ့ နာကျင်စရာဒဏ်ရာတွေကြားမှာ ရင်တစ်ခုလုံး ဝမ်းနည်းတဲ့စိတ်နဲ့ ကွဲကြေခဲ့တယ်…
အမုန်းတွေက ဝမ်းနည်းစရာအသွင် ကူးပြောင်းသွားတဲ့အခါ အရာရာဟာ မျက်ရည်တွေကြားမှာ ရှင်သန်လာခဲ့တော့တယ်.. ဘဝဟာ နေပျော်စရာ မကောင်းဘူး ထင်လာတဲ့တစ်နေ့မှာ အသက်ရှင်ခွင့်တွေ ရပ်တန့်ခဲ့ဖို့ မိုက်ရူးရဲဆန်စွာ တွေးတောနေမိခဲ့တယ်… တိမ်တောက်နေတဲ့ ညနေခင်းတစ်ခုမှာ တစ်ဖက်မှာ ပင်လယ်ကမ်းစပ်ကို မြင်နေရပီး တစ်ဖက်မှာ တောင်တွေသာ ဝိုင်းရံထားတဲ့ ချောက်ကမ်းပါးတစ်ဖက်မှာ မတ်မတ်ရပ်ပီး အမုန်းနဲ့အတူ စကားတွေ ပြောနေမိတယ်..
ညနေခင်းရဲ့ နူးညံ့တဲ့လေပြေလေး မတိုက်ခတ်ခင်မှာပဲ ကိုယ့်ကိုယ်ကို လေတံခွန်တစ်ခုလို ကမ်းပါး အစွန်းကနေ ပျံဝဲဖို့ စဉ်းစားမိလိုက်တယ်.. အချစ်ဟာ အမုန်းနဲ့အတူ ဝမ်းနည်းခြင်းတွေကို ထွေးပိုက်ပီး အသက်ရှုနှုန်းကို ခနရပ်တန့်လိုက်တယ်.. ရုတ်တရက် တိုက်ခတ်လာတဲ့ လေနုအေးရဲ့ ထွေးပွေ့မှုနောက်မှာ ကိုယ်ကိုဖော့ပီး စက္ကူစတစ်ရွက်လို အလိုက်သင့်လွင့်မျောလိုက်တယ်.. လှပ်ခနဲ ရင်ခုန်သံနောက်မှာ ဟပ်ခနဲ သိလိုက်ရတဲ့အသိက ဖမ်းဆုပ်စရာ မြက်တစ်မျှင်မှ ကမ်းပါးအစွန်းမှာ ပေါက်မနေခဲ့ဘူးဆိုတာပါပဲ… မြက်ဖျားကနေလဲ ပျားရည်စက် မကျနေသလို သစ်မြစ်ကို ကိုက်နေတဲ့ ရှဉ့်မိုက်လဲ ရှိမနေခဲ့ဘူး…
ရူးမိုက်ခြင်းရဲ့ပြယုဂ်အနေနဲ့ အေးစက်စက် ပင်လယ်ပြင်ပေါ်ကို စင်ရော်လို ဝဲပျံမသွားခဲ့ဘဲ ချွန်မြမြ ကျောက်ဆောင်တွေပေါ် နောက်ယောင်ခံလိုက်ကြည့်ခွင့်မရတဲ့ နောင်တတွေနဲ့အတူ အဆုံးအစမရှိတဲ့ အမှောင်ကမ္ဘာထဲ ကမူးရှုးထိုးပြုတ်ကျသွားခဲ့တယ်… အမုန်းတရားတွေရဲ့နောက်မှာ ပြန်လည် ရှင်သန်ခွင့်မရတော့တဲ့ မျှော်လင့်ခြင်းတရားတွေ အတွက် သေလွန်ခြင်းရဲ့ကမ္ဘာတစ်ဖက် ဟိုမှာဘက်မှာ အချစ်များ ရှိနေမလား အမုန်းတွေပဲ ရှိနေမလား… သေချာတာကတော့ ကိုယ့်ဘဝရဲ့ အဆိုးအကောင်းကို အကျိုးအကြောင်းတောင် မမေးဘဲ စီရင်ချက်ချမယ့် ဘုံဘဝတစ်ခုရှိနေမှာတော့ အသေအချာပါပဲ….
ပြည့်စုံ
(၁၄-၁၂-၂၀၀၉၊ ၁း၀၀ am)
အားပါး....ဖတ်လို့ကောင်းလိုက်တာ...
ReplyDeleteရင်ထဲရှိသမျှတွေ အားလုံးဖွင့်အန်လိုက်တာများလားကွယ်...။
စာအရေးကောင်းတာတော့ ပြောစရာကိုမလို......။
စိတ်ကူးတည့်ရာလေးကို အားရပါးရ ဖတ်သွားတယ် မအနော်ရေ..
ReplyDeleteyu ya
ဒါ ပို့စ်တစ်ပုဒ်မဟုတ်ဘဲ ရင်ဖွင့်ပြလိုက်တာများလားလို့ ..
ReplyDeleteး)
ခံစားချက်ပြင်းပြင်းတွေပဲ...
ReplyDeleteအချစ်ရင်းမုန်းရင်း
ReplyDeleteငိုရင်းရယ်ရင်း ဒီလိုပဲ ပေါ့ ချစ်တဲ့အခါ ချစ် မုန်းတဲ့ အခါမုန်း ငိုတစ်လှည့် ရယ်တစ်လှည့် နဲ့  ... အဲဒီကမ္ဘာတစ်ဖက်မှာ အချစ်ရော အမုန်းရော ရှိနေလိမ့်မယ် ..... ထင်တာတွေ ရမ်းတုတ်သွားပါသည်။ :)သုံးနှုန်းသွားတဲ့ ခိုင်းနှိုင်းပုံ လေးတွေ က ဖန်တီးမှုရော ခံစားမှုကိုပါ ပေါ်လွင်စေတယ် စာလေး ရဲ့ စီးမျောပုံကောင်းတယ် အချုပ်ကတော့ အနော် စာရေး တာ ပိုပြီးကောင်းလာတယ် ပြောရမှာပဲ ဗျ ....
ခင်တဲ့
ရန်ကုန်သား :)
အချစ်နဲ့ အမုန်း ကို စာလုံးတွေ ရေတွက်နေရင်း အဆုံးသတ်ကို မြင်မိတော့ အံ့သြသွားမိတယ်။ အရေးအသား ကောင်းသလို အရေးရဲရဲ ကိုပါမြင်မိသွားတယ်။
ReplyDeleteညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား ဆိုတဲ့ စာအုပ် နာမည်ကို သတိရမိသွားတယ်။
ငြိမ်နေတဲ့ဘ၀တွေ လှုပ်သွားအောင် မှောက်နေတဲ့ဘ၀တွေ လှန်သွားအောင် အချစ်နဲ့ အမုန်းက ဖန်တီးနေတယ်။
လူသားတိုင်း ရုန်းထွက်ရခက်နေကြတယ်လေ။
အက်ဆေးအရေးကောင်းတာတော့ အထူးတလည်မပြောတော့ ပါဘူးလေ ။
အချစ်ဆရာမကြီးဆီမှာ သင်တန်းလေး တက်ခွင့်ပြုပါ။
ReplyDelete၀င်ကြေး ၁၅၀၀ ပေးမယ်လေ။ :P