Thursday, December 24, 2009

ခရစ္စမတ်တမ်းချင်း

ငါမျှော်လင့်တဲ့အချိန်မှာ
နင်ရောက်လာမလား
ငါမမျှော်တဲ့အချိန်မှာ
နင်ပျောက်သွားမှာလား
မရေမရာစိတ်ကူးထဲ
ဒီနှစ် ခရစ္စမတ်
နင်နဲ့အတူပျော်ရွှင်ခွင့်
စန်တာကလော့ဆီ
တောင်းခွင့်ရချင်တယ်

ငါရဲ့ဆောင်းက
နှင်းမကျဘူး
အအေးဓာတ်မခံစားရဘူး
နင့်ရဲ့ဆောင်းမှာ
နှင်းကျနေသလား
ခိုက်ခိုက်တုန်အောင် ချမ်းနေမလား

ငါ့ရင်ထဲ
နင့်ကိုလွမ်းခြင်းတွေနဲ့
တမ်းချင်းကဗျာတွေ စပ်နေလဲ
နင့်ရင်ထဲ
အသစ်ဖြစ်မယ့်ချစ်ခြင်းတွေနဲ့
နွေးထွေး လှိုက်ခုန်နေလေမလား

ဒီနှစ်ဆောင်းက
အပူလှိုင်းမဖြတ်ဘဲနဲ့ကို
စံချိန်တင်အောင်ပူသတဲ့
ငါတို့ချစ်ခြင်းတွေလဲ
နားလည်ခြင်းတွေနဲ့ပဲ
ဒီနှစ်ကျမှ စံချိန်တင်အောင်ဝေးကွာနေရတယ်

အထီးကျန်မှုက
အေးစက်စက်ရှိလှပေမဲ့
ရာသီကတော့
နွေးထွေးမှုရှိနေသေးတယ်
ပရမ်းပတာ လှိုက်ခုန်နေတဲ့
နှလုံးသားစည်းချက်တွေထဲ
ငါ့အတွက်
သိပ်အသက်ရှုကျပ်လှတယ် ချစ်သူ

ဟိုးအရင်နှစ်တွေကလို
ချစ်တယ် ချစ်တယ်
ဆောင့်အောင့်အော်တတ်တဲ့
အချစ်နတ်သမီးတွေလဲ
အခုတော့ နှုတ်ဆိတ်
တိတ်တဆိတ် ငိုက်မြည်းနေကြတယ်

အရာရာဟာ ဘုရားအလိုကျပေါ့လို့
ထပ်တခါခါ မြည်တမ်းတတ်တဲ့
ငါ့နှုတ်ဖျားလဲ
အခုနေအခါမှာ
ရေရွတ်မြည်တမ်းခွင့်
ပါမစ်ပိတ်ပင်ခံရတယ်

ဒါဟာ တို့နှစ်ယောက်အလိုအတိုင်းပဲ
အရင်အတိုင်း ပြန်မရတော့တာကလွဲလို့
တို့ဆုံးဖြတ်ချက်အတိုင်းပဲ
မသွေတသိမ်း နာခံခဲ့ကြရတဲ့
နှလုံးသားတွေလဲ
အပြုံးတွေ ခါးခဲ့ရတယ်

ချစ်သူရေ
စန်တာကလော့ဆီက
လက်ဆောင်မရချင်ပါဘူး
မင်းပေးမယ့် အပြုံးတစ်ပွင့်နဲ့တင်
အသစ်ဖြစ်မယ့် ချစ်ခြင်းတွေအတွက်
ရင်ခုန်ကြည်နူး နှစ်သစ်ကူးပါ့မယ်

ပြည့်စုံ
(၂၄-၁၂-၂၀၀၉၊ ၉း၄၈ pm)

4 comments:

  1. နစ်သစ်မှာ အသစ်ဖြစ်မယ့် ချစ်ခြင်းတွေ ငါ့ညီမလေးရပါစေကွယ်...။
    ဒီနှစ်ခရစ်စမတ် မဟုတ်ပေမယ့် နောက်နောက်ခရစ်စမတ်တွေက မျှော်လင့်ချက်တွေပါပဲ....:)

    ReplyDelete
  2. အပြုံးတွေ အများကြီးရပြီး ပျော်ရွှင်ပါစေ ညီမလေးငယ်။

    ReplyDelete
  3. သူများပျော်လို့မပျော်နိင် ရည်းစားပျောက်လို့မှိုင် တဲ့
    သင်္ကြန်သံချပ်လေးကိုတောင် မရေရွတ်ရက်ပါဘူး ညီမလေးရေ
    သူမရှိတဲ့ဆောင်းက ပိုအေးတယ်လေ
    ထွန်းထားတဲ့မီးတွေကလည်း မျက်လုံးထဲမှာ အနီနဲ့အစိမ်း ကြက်ခြေခတ်ထားသလိုပါပဲ။
    ဘာပဲဖြစ်ဖြစ် အားတင်းထားပါလေ...။
    နှစ်သစ်ရောက်ဖို့ ၆ ရက်ပဲ လိုတော့တယ်။
    နှစ်သစ်မှာ မျှော်လင့်ခြင်းတွေ နောက်တကြိမ် မတောက်ပနိင်ဘူးလို့ ဘယ်သူပြောနိင် ပါ့မလဲ

    ReplyDelete
  4. လစ်တဲ ဆန်တာကလော့က လက်ဆောင်လာပေးတာကို ... မယူချင်ဘူးတဲ့
    ခြေအိတ်လေးထဲ ထည့်ထားတာ ... ဆောင့်အောင့်အော်တတ်တဲ့ နတ်သမီးလေးတွေရဲ့ အသံပါ ...

    ReplyDelete