အခုတလော စိတ်တွေက အနားမရလှ.. စိတ်အနားမရဘူးဆိုလို့ အလုပ်တွေ တအားရှုပ်နေသလား ဆိုတော့လဲ မဟုတ်ပြန်ဘူး.. တခါတလေ ဘာတွေလုပ်နေမှန်းမသိတဲ့ ကယောင်ချောက်ချား အလုပ်တွေနဲ့ ရှုပ်ယှက်ခတ်နေမိတယ်.. တော်သေးတာက စာမေးပွဲက ပီးသွားလို့.. စာမေးပွဲရှိတဲ့ ရက်တွေတုန်းကဆို ညဘက်တွေမှာတောင် အိပ်မက်ထဲမှာ စာမေးပွဲဖြေနေရတယ်..
အခု သင်ရတဲ့ ပရော်ဖက်ဆာက ဂျာမန်ဆရာ.. လူမျိုးကြီး ဟစ်တလာဝါဒသမား.. သူ့ကို ဒီလို စွပ်စွဲတာကိုသာ သိရင် အော့ဇ်စဝစ်ကို ပို့ပစ်မယ်ထင်တယ်.. သူက ကိုယ့်ကို ကျောင်းယူနီဖောင်း ဝတ်မှုနဲ့ အမြင်မကြည်. သူက ယူနီဖောင်းကို မုန်းလှသည်တဲ့.. ကိုယ်ကတော့ ဘာပဲပြောပြော ဝတ်မြဲဝတ်လျက်ပဲ.. အရွဲ့တိုက်တဲ့ သဘောပါပေမဲ့ တကယ်တော့ အရွဲ့တိုက်နေတာပင်.. ဟိုနေ့က မီးပူတိုက်ပီးသား အဆင်သင့် ယူနီဖောင်းမရှိလို့ အပြင်အင်္ကျီဝတ်သွားတော့ သူက ‘Nice Dress’ လို့ ခပ်တိုတိုတုတ်တုတ် မျက်စောင်းလာထိုးပီး ပြောတယ်.. ကိုယ်က ခပ်ကျယ်ကျယ်ရီလိုက်တော့ သူ စိတ်ဆိုးသွားတယ်လေ. တတ်နိုင်ဘူး သိပ်ကလေးဆန်လွန်းတယ် ထင်တာပဲ.. ကိုယ်လဲ အတူတူ..
စာရေးဖို့ စိတ်ကူးတွေ စဉ်းစားလိုက်မိတိုင်း ရင်ထဲမှာ ဗလာဟင်းလင်း ဖြစ်သွားတတ်လွန်းလို့ ရတတ်သမျှ စိတ်ကူးလေးတွေကို ချ ချရေးထားရတယ်.. နောက်တော့မှ ဟိုပေါင်းသည်စပ်နဲ့ စာတပုဒ်ဖြစ်အောင် ဖြစ်ဖြစ်မြည် ကြိုးစားနေရတယ်.. သူများတွေ ရေးထားတဲ့ စာလေးတွေ ပို့စ်တွေ ဖတ်မိတိုင်း ငါတော့ စာရေးလို့ ရတောင် ရပါတော့မလား စဉ်းစားရင်း ဝမ်းနည်းလာမိတယ်.. အဓိက ကတော့ စိတ်အနားမရတာပင်..
အခုတလော ဘယ်လောက်များ စိတ်အနားမရသလဲဆို အပြင်ထွက်ဖို့ ပြင်ပီးသွားတိုင်း ဘာမှန်းမသိတဲ့ အရာကို အိတ်ထဲရော ဟိုနားဒီနားရော လိုက်ရှာနေမိတယ်.. ရှာလေ မတွေ့လေ မတွေ့လေ လိုက်ရှာလေ.. ဘာရှာနေလဲ မေးရင် မရှိတဲ့ ‘ဘာ’ ဆိုတာကြီးကို လိုက်ရှာနေတာလေ.. သော့ခတ်ပီးတိုင်းလဲ ငါ ဘာမေ့ကျန်ခဲ့လဲ မသိဘူးလို့ ပြန်ပြန်စဉ်းစားမိတယ်.. ကားပေါ် ရောက်သွားရင်လဲ မရှိတဲ့ အရာကြီးကို အိတ်ထဲမှာ ဟိုနှိုက်သည်နှိုက် နှိုက်နေပြန်သေးတယ်.. နောက်တော့ စိတ်ကို ဒုံးဒုံးချ ဘာမှမကျန်ခဲ့ပါဘူး.. ကျန်ခဲ့လဲ ကျန်ပါစေတော့လို့လဲ ဆိုလိုက်ရော အေးချမ်းသွားလိုက်တဲ့စိတ်များ လေလေးတောင် တရွှီရွှီချွန်မိသေး..
ဟိုးနေ့ကလဲ ကျောင်းကနေအပြန် စိတ်ဒုံးဒုံးချပီး ကားပေါ်မှာ အိပ်လိုက်တာ ဆင်းရမယ့်မှတ်တိုင်ကို ကျော်လို့ ဂိတ်ဆုံးတောင် ရောက်လုနီးပီ.. ကမန်းကတန်း ကားပေါ်က ဆင်းပီး ချက်ချင်း ဟိုဘက်လမ်းကူးရမှာ ရှက်လို့ အဲ့ဒီကားမထွက်ခင် အထိ ကားမှတ်တိုင်မှာ ငုတ်တုတ်ထိုင် လိုက်သေးတယ် ပီးမှ ဟိုဘက်လမ်းကူးပီး ကားပြန်စီးရတယ်.. ဒါမျိုး ခန ခန ဖြစ်တတ်လာတယ်.. တခါတလေ သိပ်စကားမပြောချင်ရင် တစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်နေတတ်တယ်.. ကျောင်းမှာဆိုရင်လဲ ခင်စရာ ထိုင်းမသူငယ်ချင်းလေး ကတော့ တွေ့တာနဲ့ စုံးးးးး လို့ အော်အော်ပီး ပြေးလာဖက်တတ်တယ်.. သူ့ကို ခင်မိတယ်..
ခင်တယ်ဆိုတဲ့ သဘောတရားကလဲ ရင်ဘတ်ချင်းတူညီမှ ပိုတွယ်တဲ့ သဘောရှိတယ်ထင်မိတာပဲ. ကိုယ်တို့ စာသင်တဲ့အတန်းထဲမှာ မြန်မာနိုင်ငံသား လေးယောက်ရှိပေမဲ့ အရမ်းကြီး မခင်မင်လှ.. မြန်မာနိုင်ငံသားလို့ပဲ ပြောချင်စိတ်ရှိပါတယ်.. ထားတော့ ဒီအကြောင်းလဲ မပြောချင်တော့ပါဘူး.. စိတ်ရှုပ်လှတယ်.. အချင်းချင်းမို့ အားရပါးရ မြန်မာစကားပြောချင်လှပေမဲ့ သူတို့က အင်္ဂလိပ်လိုပဲ ပြောပါဆိုတော့ အင်္ဂလိပ်လိုပေါ့.. အချင်းချင်းပေမဲ့ ပြောရတဲ့စကားက အင်္ဂလိပ်လို ဆိုမှတော့ သူတို့နဲ့ ကိုယ်ကလဲ စကားပြောချင်စိတ်သိပ်မရှိလှ..
သေချာတာကတော့ ကိုယ်အရင်ကလို သိပ်မပြုံးတတ်တော့.. ရီစရာရှိရင်တောင် သူများတွေ ရီတာကိုပဲ ကြည့်ငေးမိတယ်.. တခါတလေ ရီတဲ့အသံတွေ အရမ်းဆူလာရင် ထထွက်သွားမိတယ်.. ကိုယ့်ကို အဲ့ဒီထိုင်းမသူငယ်ချင်းကပဲ မင်းက သိပ်ဆတ်ဆတ်ထိမခံတဲ့ပုံပဲနော် ဒေါသကြီးမယ်လို့ ထင်တယ်တဲ့.. ဒါပေမဲ့ ရီလိုက်တော့လဲ မင်းက sweet ဖြစ်သားပဲတဲ့.. စိတ်မဆိုးနဲ့နော်တဲ့.. ဆိုးပါဘူး.. ဟုတ်တယ် မင်းထင်တာ အမှန်ပဲလို့ ကိုယ်ပြန်ပြောလိုက်တယ်.. စကားတွေက အပိုတွေ ပြောရသလို တခါတလေ ခံစားလာမိတယ်.. ပြောချင်စိတ်လဲ သိပ်မရှိလှ.. ပင်ပန်းလှတယ်..
အရင်ကဆို ကိုယ်တွေ သိပ်စကားများလွန်းလို့ သူများတွေက ဆိတ်ပါးစပ်နဲ့ မြင်းဖင်တဲ့.. တတွတ်တွတ် ပြောနေလွန်းလို့တဲ့.. နောက်တော့ ကိုယ်တွေက ကြက်တူရွေးသံလို့ ကိုယ့်ဘာသာကိုယ် အမည်မှည့်ထားလိုက်တယ်.. သိပ်စကားများတာပဲ.. စကားများ ပြောလွန်းလို့ အာခေါင်က အာသီးနီနီလေးတောင် မြင်ရမလောက်ပင်.. ရီလိုက်ရင်လဲ ဝါးလုံးကွဲ.. ရီလွန်းလို့ သွားက အအေးတောင်ပတ်တယ်.. ရီစရာမဟုတ်လဲ ရီနေတာပဲ.. အခုတော့ ပြုံးရုံတင်.. ခပ်တည်တည်မျက်နှာပေးနဲ့.. အဲ့ဒီမျက်နှာကိုက လူမုန်းချင်စရာ.. အဲ့တာကြောင့် အခုဆို ရီသံစွဲအသံလေးတွေနဲ့ စကားကို ပြောရတယ်.. ဂျီတော့မှာ ခင်တဲ့ အကိုတွေ အမတွေနဲ့ စကားပြောရင် ခစ်ခစ် ခွိခွိ ဟိဟိ ဟစ်ဟစ် စသဖြင့် ရီသံမျိုးစုံလုပ်ပီး typing ရိုက်ကျင့်နေရတယ်..
စိတ်ကူးတွေကလဲ များလိုက်တာ.. တစ်ယောက်တည်း စကားမပြောဖြစ်တဲ့အခါတွေမှာ စကားလုံးတွေက ပါးစပ်ဖျားကနေ ထွက်မလာဘဲ စိတ်ကူးထဲကနေပဲ အစီအရီထွက်လာခဲ့တယ်.. ဒါပေမဲ့ စိတ်ကူးတွေက များပီး အတွေးတစ်စကိုတောင် စာတပိုဒ်ဖြစ်အောင် ရေးဖို့ သိပ်ခက်ခဲလာတဲ့ အချိန်တွေ များလာတဲ့အခါ ကိုယ့်ဘလော့လေးကိုလဲ ဝင်မကြည့်ဖြစ်တော့.. သူငယ်ချင်းတွေ ဘလော့လဲ ကိုယ်ရောက်ဖြစ်ပေမဲ့ တိတ်တိတ်လေး လှည့်ပြန်သွားတဲ့အဖြစ်တွေ သိပ်သိပ်များလာခဲ့တယ်.. တစ်ခုခုမပြောခဲ့ရင် တာဝန်မကျေသလို ခံစားရပေမဲ့ ကိုယ်က ပြောခဲ့ဖို့ရာလဲ စကားလုံး ရှာမတွေ့ခဲ့.. ကိုယ်ကလဲ စာတစ်ပိုဒ် ကဗျာတစ်ပိုဒ်ကို ရင်နဲ့ခံစားပီးမှ ဖတ်တတ်ခဲ့တော့ ဖတ်ခဲ့ပီးရင် ရင်ဘတ်ကြီးထဲ နင့်ပီး ကျန်ခဲ့တော့ အောင့်တက်လာတဲ့ နှလုံးကိုပဲ လက်နဲ့အသာဖိ တိတ်တိတ်လေးလှည့်ပြန်ဖြစ်တာပါ..
ပိုပိုဆိုးလာတာကတော့ အခုတလော စကားလုံးတွေ မေ့မေ့တတ်လာပဲ.. အိပ်ချင်ပီဆိုရင်လဲ တစ်ချိုးတည်း အိပ်ပျော်သွားတတ်တယ်.. အိပ်မက်တွေ မက်တဲ့ညဆို သိပ်မုန်းမိတယ်.. အိပ်မက်တွေက ဘာမှ ရေရေရာရာ မမှတ်မိလှဘဲ မအိပ်ရသေးတဲ့လူလိုပင် မနက်မိုးလင်းရင် ခေါင်းတွေက နောက် အိပ်ချင်မူးတူးဖြစ်နေတတ်တယ်.. ပီးတော့လဲ အိပ်မက်တွေကို တစ်ခုမှ သတိမရ.. အရင်ကဆို အိပ်မက်မက်ရင် သိပ်ပျော်တယ်.. မနက်ကျရင် အတိတ်ကောက်မယ်.. အမေ့ကိုပြောမယ်.. ကောင်းရင် ကောင်းတယ် မကောင်းရင် မကောင်းဘူး.. အခုတော့ အိပ်မက်လဲ အတိတ်မပြောနဲ့ ပစ္စုပ္ပန်တောင် မကောက်ချင်.. အိပ်မက်မက်ရမှာတောင် ကြောက်မိတယ်.. ကားပေါ်မှာ အိပ်ငိုက်နေမိလို့လေ..
၂၀၁၀ နှစ်သစ်အကူးမှာ ညစာစားပွဲတစ်ခုရဲ့ အလယ်ခေါင်မှာ ကိုယ်ရောက်နေခဲ့တယ်.. ဘေးနားမှာ လူတွေ စကားတွေ အများကြီးပြောနေပေမဲ့ ကိုယ်ကတော့ ဂဏန်းကင်ရဲ့ လက်ဝင်လှတဲ့ အသားတွေကို သည်းကြီးမည်းကြီး ဇွန်းနဲ့ခြစ်ပီးစားပစ်လိုက်တာ ဂဏန်းလေးကောင်လောက် ကုန်သွားတယ်.. နောက်တော့ တွေ့ကရာ မျက်စိရှေ့မှာတင် မြင်ရသမျှ လက်လှမ်းမီသမျှ တစပ်စပ်စားပစ်လိုက်တာ နောက်ဆုံး လည်ပင်းဝရောက်မှ ငြိမ်သွားမိတယ်.. ဘေးမှာ ကိုယ်သောက်ချင်ရင် သောက်ချင်တဲ့ အဖျော်ယမကာတွေ ရှိပေမဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် စပိုင်ဝိုင်ကိုပဲ သောက်မိတယ်… သုံးပုလင်းလောက် ကုန်လဲ စပိုင်ဝိုင်က အချိုရည်လိုပင်.. ဘာမှ မထူးဆန်းလှ..
နောက်တော့ countdown လုပ်ပီး ၁၂ နာရီတိတိမှာပဲ Happy New Year လို့ စိတ်လွတ်ကိုယ်လွတ် အော်ပစ်လိုက်တယ်.. ထိုင်းနိုင်ငံရဲ့ ကောင်းကင်ယံတစ်ခုလုံးကလဲ တရုတ်နိုင်ငံလုပ် မီးရှုးမီးပန်းတွေနဲ့ လင်းထိန်နေခဲ့တယ်.. ဖုန်း ဒိုင်း ရှုး အုံး ဖောင်းဖောင်း စသဖြင့် အသံမျိုးစုံကြားမှာ ကိုယ်လဲ ဘာမှန်းမသိ လိုက်အော်နေမိတယ်.. ခနနေတော့ လူတွေ အကုန်လုံးက အရုပ်ကြိုးပြတ် ဖြစ်သွားတဲ့လူတွေလိုပင် အသံတွေတိတ်လို့ Happy New Year နော် ဆဝါဒီပီမိုင်ခါးး ခနပဲ အော်ပီး ၁၂ နာရီကျော်လို့ ၁၀ မိနစ်လောက်တောင် မပြည့်သေးခင်မှာပဲ အဲ့ဒီညစာစားပွဲကနေ ပြန်ဖို့ ပြင်နေကြတယ်.. ဒါကလဲပဲ နှစ်သစ်ကူး ညစာစားပွဲတစ်ခုရဲ့ နိဂုံးပေါ့လေ..
၂၀၁၀ နှစ်သစ်ဟာ ဘာတွေများ ကိုယ်တွေကို ထူးထူးဆန်းဆန်း ပေးနိုင်မလဲ.. ကိုယ်တို့ရဲ့ ရွှေပြည်ကြီးမှာတော့ ၂၀၁၀ အကြို လူတွေရဲ့ ဘဝတွေ အနာဂတ်တွေကို ဂုတ်သွေးစုပ်ဖို့ စိုင်းပြင်းနေတဲ့လူတွေနဲ့ အသက်ဝင်နေပါလိမ့်မယ်..
နှစ်တစ်နှစ် ကူးပြောင်းတယ်ဆိုတာ တကယ်တော့ ရေးနေကျ နေ့စွဲရဲ့ သက္ကရာဇ်နေရာကို ပြောင်းရေးရုံပါပဲ ဘာမှ မထူးခြားလှပါဘူး.. အသက်တွေ တစ်နှစ်ကြီးလာခဲ့.. မိုးလင်းပီး မိုးချုပ် နေထွက်ပီး နေဝင်.. ဒါပါပဲ..
ပြည့်စုံ (၃-၁-၂၀၁၀။ ၁၁း၁၉ pm)
ဒီလို ပါပဲ အနော်ရေ ထူးမခြားနား အဲဒီပတ်ပျိုးမျိုးကို ကျနော်လည်း တီးရင်း ညည်းရင်းပါပဲ။ စာမရေးတာ ကြာပေမယ့် ရေးတော့လည်း ဖတ်ကောင်းနေတာပါ။ ကျနော်လည်း အဲလို ခံစား ချက်မျိုးဖြစ်နေခဲ့လို့  မရေးဖြစ်တာ အတော်ကြာပါပြီ ... ပျော်အောင်သာနေပါ အနော်ရေ ..... အအားရတော့လည်း စာရေးလှည့်ပေါ့ .....
ReplyDeleteခင်တဲ့
ရန်ကုန်သား :)
စိတ်မပါလို့ရေးတဲ့စာကို ဖတ်ရင်း ပြုံးရတာ အခါခါပဲ မတရား ရာများကျသွားမလား မသိဘူး။ ပွင့်ပွင့်လင်းလင်း ပေါ့ပေါ့ပါးပါး နဲ့ ဖတ်လို့ကောင်းပါတယ်။ တချို့နေရာတွေ ဖတ်ရင်း အင်း ဒါတော့ ငါနဲ့တူနေပါလားလည်း တွေးမိသေးတယ်။
ReplyDeleteအကိုလည်း ၁၅ ရက် ရက်၂၀ လောက် စာမရေးဖြစ်ရင် ပြန်စရေးဖို့ တွန့်နေတယ် ငါအဆင်ပြေအောင်ရေးမှ ရေးတတ်ပါ့ ဘယ်ကစရေးရင် ကောင်းမလဲ ဆိုတဲ့ အတွေး အမြဲဝင်မိတယ်။
ReplyDeleteနောက်ဆုံးတော့ စိတ်ထဲပေါ်တာ တကြောင်းချရေးလိုက်မှ သူ့ဘာသာ အရှိန်ပြန်ရသွားတယ် ။ ပြောချင်တာက ညီမလေးက ရေးဟန်ကောင်းပြီးသားပါ ဘာပဲဖြစ်ဖြစ် ချသာရေးလိုက် အိုကေ သွားလိမ့်မယ်။
စာတွေအများကြီးဖတ်ထားတာက ရေးချင်သလိုရေးတဲ့စာကို အဆင်ပြေအောင်နေရာပြန်ချတာ ပြန်ဖတ်ပြီးလိုတာဖြည့်တာ လေးတွေမှာ အားသားပါတယ်။
အယ့် ငါ့ညီမ စာရေးကောင်းလှချည်လား င့ါညီမလေး နှစ်သစ်မှာ နန့်တဲ့သူတွေနဲ့ ထပ်မတွေ့ပါစေနဲ့
ReplyDeleteဆူလွယ်နပ်လွယ် ဘ၀ကြီးမှာ ခင်လေ လူတွေ အများကြီးထဲလည်း တယောက်တည်း အထီးကျန်နေတယ်။ ခဏ ခဏပဲ။
ReplyDeleteခင်တယ်ဆိုတာလည်း ရင်ဘတ်ချင်းတူမှနော်....အဲ့ဒါတော့ တကယ်သေချာတဲ့ သီအိုရီပါ...။
ReplyDeleteအနော်လေးရေ...ခရမ်းလည်း မရယ်ဖြစ်တာတော်တော်ကြာသွားပြီ ။
ခါတိုင်း ကိုယ့်ဟာကိုယ်လည်းရယ်တတ် ၊ သူများတွေလည်းရယ်အောင်လုပ်တတ်တဲ့
ကိုယ့်ပုံစံလေး ဘယ်နေရာကို ရောက်သွားပါလိမ့်လို့ စဉ်းစားမိတိုင်းဝမ်းနည်းတယ်...။
ငါ့ညီမလေး....ပျော်ပါစေကွယ်....း)