Friday, January 8, 2010

အိမ်ပြန်ချိန်

နေတက်ရေတက် မနက်အာရုဏ်တက်မှာ
သူများနဲ့ တမူကွဲပြား
ခြေက ဖွားခဲ့ရတဲ့ သားလေ
လောကကြီးထဲ ခြေစုံပစ်
အမေ့ကို ဒုက္ခအသစ်တွေပေးခဲ့ပေမဲ့
အဓိပတိဖွား ဥာဏ်ထက်တဲ့သားလို့
အမေဂုဏ်ယူခဲ့တုန်းက
သားက ကော်လံထောင်ပီး
လိုတာထက်ပိုမာန်တက်ခဲ့မိတယ် အမေ

ဘဝမုန်တိုင်းထဲ
လေဆန်ခရီးမှာ ရွက်လွှင့်ထွက်ခဲ့တုန်းက
အိမ်ပြူတင်းဝက အမေ့ကို
ရောမမြို့ကြီး
တစ်နေ့တည်း အပြီးဆောက်မယ်လို့
ကြွေးကြော်ခဲ့တဲ့သားလေ
အခုတော့ လက်တွေ့ဘဝမှာ
ပန်းရံဆရာကိုင်တဲ့ သံလျက်တောင်
အိပ်မက်ထဲ ပိုင်ခွင့်မရသေးဘူး အမေ

နေရာတစ်နေရာ ကျောခင်းစာအတွက်
အစာအိမ်ဗလာ ဝမ်းတစ်ထွာအတွက်
ကြုံရာနေရာ မှီခိုစားခဲ့ရတုန်းက
သားရဲ့အဖြစ် စိတ်မညစ်ခဲ့ဘူးအမေ
ဒါပေမဲ့ အမေ့ရဲ့အချစ် စာကညစ်ပေါ်မှာ ထုတ်ဖတ်ခွင့်ရတော့မှပဲ
ဂုဏ်မတက်ခဲ့တဲ့သားလေ
မွေးရကျိုးမနပ်ခဲ့တဲ့အမေ့အတွက်
အားရအောင် ငိုခဲ့မိတယ် အမေ

သက်ထားကလျာ မဒီသည်းညှာကို
တစ်ပါးသူလက် နှင်းအပ်ခဲ့ချိန်တုန်းက
အသည်းနှလုံး ကြိမ်မီးအုံးသလို ခံစား
အကြံတွေ ထွေပြားခဲ့ရတုန်းက
စိတ်ကူးထဲ အမေခေါ်
ပြန်မပေါ်လာတော့မယ့် ပစ္စုပ္ပန်ထဲ
သားမိုက်လေ
အရက်အိုးထဲ ခေါင်းစိုက်မိခဲ့တယ် အမေ

အခုအချိန်အထိတော့ အိပ်မက်တွေ ဗလာကျင်း
လက်တွေ့မှာ ရှိသမျှ ချရင်းခဲ့ရတဲ့
သားမိုက်လေ
ဘဝတစ်သက်စာ အမေ့မျက်ရည်တွေနဲ့ရင်းပီး
ပေတေလေလွင့်
စိတ်ဓာတ်တွေ ချို့ယွင်းခဲ့ရချိန်တိုင်း
အမေ့အိမ်ကိုပြန်ဖို့ ခြေတွန့်
ရေရွတ်မိတဲ့ အမေ့ကို တမိတဲ့စကားတွေကလဲ
လေထုထဲ မျောလွင့်
အမေကြားရင် ရင်နင့်မိမှာစိုးမိတယ်

အချိန်တန်လို့မှ အိမ်မပြန်နိုင်ခဲ့တဲ့
သားမိုက်လေ
လမ်းဟောင်းလေးကနေ ပြန်လာမယ့်သားအတွက်
ရာသီစာ စိုက်ခင်းလေးတွေကြားထဲ
ဝေမှုန်ပြာရီနေတဲ့ မျက်ဝန်းအစုံနဲ့
မျှော်ငေးနေမယ့်အမေ့အတွက်
နောင်တတွေ တပွေ့တပိုက်နဲ့
အခုအချိန်အထိ
အိပ်ပေါက်နဲ့ အိပ်မက်အသေတွေ လိုက်ကောက်နေမိတုန်းပဲ…

ပြည့်စုံ
(၉-၁-၂၀၁၀၊ ၁၂း၀၀ pm)

5 comments:

  1. ကဗျာလေးကိုဖတ်ပြီးဘာကြောင့်မှန်းမသိ... မျက်ရည်လည်မိပါတယ်...
    ကျွန်တော့်ရင်ဘတ်ထဲကအကြောင်းအရာတွေနဲ့..တိုက်ဆိုင်နေတတ်လို့ပါ.
    အမေ့ကိုချစ်တယ်ဗျာ....

    ReplyDelete
  2. ကဗျာလေးဖတ်သွားတယ်

    ReplyDelete
  3. ပြန်ပြောပြဖို့တော်တော်ခက်တယ်.... :D ကဗျာလေးက အရမ်းအသက်ဝင်နေတယ်..

    ReplyDelete
  4. ကိုယ့်အကြောင်း ကိုယ်ပြန်ဖတ်လိုက်ရသလိုပဲ
    တော်တော်များများ တိုက်ဆိုင်လွန်းတော့ ထိတယ် ။

    ReplyDelete
  5. ဘာမှ မပြောတတ်ဘူး နော်ကြီး။
    ဖတ်ပြီး ရင်ထဲ တမျိုးကြီးပဲ။

    ReplyDelete