Saturday, February 27, 2010

နေရစ်ခဲ့တော့ ချင်းမိုင်ရေ

နေရစ်ခဲ့တော့ ချင်းမိုင်ရေ..
ရင်ထဲမှာ ဒဏ်ရာနက်နက်စူးဝင်ခဲ့
တစ်ကိုယ်ထီးတည်းပါပဲ
ကိုယ့်အပိုင်ဆိုတာ မရှိခဲ့ပါဘူး
ပြန်တွေးမိကာမှ ဘဝဟာ ပိုအဓိပ္ပါယ်မဲ့လာတယ်
အကောင်အထည်တော့ ရှိပါရဲ့
အရိပ်မပါတဲ့လူလိုပဲ
ထူးရင်တောင် ခေါ်မယ့်သူမရှိခဲ့ပါ
ကြားနေရတဲ့ နားလဲ ရှိပါရဲ့နဲ့
ပြန်ပြောဖို့တော့ တိတ်တဆိတ်ဆွံ့အလို့
မရှိတဲ့နေရာဘေးမှာ ချောင်ကပ်နေခဲ့ရင်း
အရိပ်မဲ့ရတဲ့ဘဝများ အလင်းရောင်မှာတောင်
မှောင်ရိပ်ကျနေခဲ့

နေရစ်ခဲ့တော့ ချင်းမိုင်ရေ
မြို့ရိုးတစ်ပတ် ကျုံးဘေးမှာ ဆိုင်ကယ်နဲ့ပတ်ခဲ့တုန်းက
မြို့ကလေးရဲ့ အေးချမ်းမှုနဲ့
ပန်းရနံ့တွေရဲ့ ဆွဲဆောင်မှုက
အိနြေ္ဒကြီးတဲ့ အပျိုကြီးတစ်ယောက်လိုပ
တည်ငြိမ်ပေမဲ့ သူစိမ်းဆန်လှတယ်
ချင်းမိုင်ရဲ့ အလင်းယိုင် ညချမ်းတွေမှာ
မြူးတူးပျော်ရွှင်ခဲ့တုန်းက
စိမ်းသူကြီးလို ခံစားရတာကလွဲလို့
ပျော်သလိုတော့ ရှိပါရဲ့
သဟဇာတမဖြစ်တဲ့ အတွေးတွေက
တခါတလေမှာ ရင်ခွင်ကို ခပ်ပြင်းပြင်းရိုက်ခတ်ခဲ့

နေရစ်ခဲ့တော့ ချင်းမိုင်ရေ
ဘဝဟာ သမားရိုးကျမဖြစ်ခဲ့ပါဘူး
ဒီလိုအတွေးတွေနဲ့ပဲ ချင်းမိုင်ကိုစွန့်ခဲ့တယ်
……....
နေရစ်ခဲ့တော့ ချင်းမိုင်ရေ.....

ပြည့်စုံ
(၂၇-၂-၂၀၁၀၊ ၆း၀၀ pm) (Tak)

4 comments:

  1. ထူးရင်တောင် ခေါ်မဲ့လူမရှိပါတဲ့..
    ကိုယ်ခေါ်ပါ့မယ်ကွယ့်..
း(

    ReplyDelete
  2. သူကကိုယ့်ကိုမစွန့်ခင် ကိုယ်ကသူ့ကိုစွန့်လိုက်ရတာ ကောင်းပါတယ်.... :)

    ReplyDelete
  3. ငါထင်တယ် ... ဂျစ်ပဆီမိုးတိမ် သီချင်းလေးဆို တိမ်တွေငေးရင်း ..
    နင် ခရီးထွက်ရဦးမယ်ဆိုတာ ...

    ReplyDelete
  4. တစ်ကိုယ်ထီးတည်းပါပဲ ၊ ကိုယ့်ကအပိုင်ဆိုတာ မရှိခဲ့ပါဘူးတဲ့...တူတူပါပဲကွယ်...
    ငါညီမလေး ပြန်ရောက်နေပြီပေါ့....း)

    ReplyDelete