Sunday, April 11, 2010

ဘူတာစဉ် ၂၆

နေ့လေးတစ်နေ့ပေါ့.. ကလေးလေးတစ်ယောက် လက်အစုံကို မြှောက် ခြေထောက်တွေကို စုံကန်ပီး လောကကြီးထဲ ဂျွမ်းထိုးမှောက်ခုံ ဝင်ရောက်ခဲ့တယ်လေ.. အဲ့ဒီသင်္ကြန်အခါတုန်းက ရက်ထပ်တဲ့နှစ်မို့ သင်္ကြန်ရက်က ရက်တစ်ရက် ထပ်တိုးခဲ့တာ.. အဲ့ဒီနေ့က မှတ်မှတ်ရရ ဧပြီလ ၁၂ ရက် သင်္ကြန်အကြိုနေ့တဲ့လေ….

မနက်ခင်း နေတက်ရေတက်မှာ ဖွားမြင်ခဲ့တဲ့ အဓိပတိဖွား ကြာသပတေး သမီးလေးတဲ့… အေးအေးချမ်းချမ်း ဘဝတစ်လျှောက်လုံး ပြည့်ပြည့်စုံစုံ နေစေချင်တဲ့စိတ်နဲ့ အမေက နေ့နံမကိုက်ပေမဲ့ ကိုယ့်ဘဝအတွက် နာမည်နာမတစ်ခု ပေးအပ်ခဲ့တယ်…

ဘဝက ပကာသနမဖက်ပေမဲ့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့တယ်.. မောင်နှမ ခြောက်ယောက်.. ရိုးသားတဲ့ မိဘနှစ်ပါးရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ မိန်းခလေးက နည်းနည်းတော့ မာနကြီးတတ်ခဲ့တယ်..

အငိုအရီနည်းပီး စကားပြောချိန်နောက်ကျခဲ့တဲ့ ကလေးလေးက အမေကိုလဲ ဒုက္ခမပေးခဲ့ဖူးဘူးတဲ့.. ထားတဲ့နေရာနေ ကျွေးတဲ့ အစာ စားပီး အေးဆေးတဲ့ ကလေးလေးက သုံးနှစ်အရွယ်မှာ ဆင်ဝက်သတ်ပေါက်ပီး ပစ်ရမလို အဖျားကြီးပီး.. မိဘကို ပူပန်ဆင်းရဲဖြစ်စေခဲ့ဖူးတာလေးပါပဲ..

အခုတော့ စကားက များ ဆင်ခြေတွေက ကန်.. ဂျစ်တီးဂျစ်ကန်.. အငြင်းအခုန်ကလဲ သန်သေး.. ပြောလိုက်ရင် ပေစောင်စောင်နဲ့ စကားပြောချင်သလို မပြောချင်သလိုကလဲ လုပ်တတ်သေး.. အဲ့ဒီအမှုတွေနဲ့ပဲ လူအမြင်ကပ်ပေါင်းလဲ များပီ.. အခုအထိကို ပြင်ချင်စိတ်မဝင်သေး.. တရားကား ဟော၏ တရား မရ ဆိုသလိုပါပဲ…

နေ့ရက်တွေ တစ်ရက်ပီး တစ်ရက်… မွေးနေ့တွေ တစ်ခုပီး တစ်ခု ဒီလိုနဲ့ပဲ ဖြတ်ကျော်ခဲ့.. .. ဖြစ်ချင်ခဲ့တာတွေ.. မျှော်လင့်ချက်တွေ.. ရင်ခုန်သံတွေ.. ယုံကြည်ချက်တွေ.. ဆုံးရှုံးခဲ့ရမှုတွေ.. သူငယ်ချင်းတွေ.. ဘဝတွေ.. လောကဓံ အနိမ့်အမြင့် ဒီလိုတွေနဲ့ အသက်တမ်းသာ အလျင်အမြန် ကြီးပြင်းလာခဲ့တယ်

တခါတလေတော့လဲ ကိုယ်ပိုင်အသိဥာဏ်တွေနဲ့ တခါတလေတော့လဲ အမေမိဘတွေရဲ့ ဖြစ်စေချင်မှုတွေနဲ့ တခါတလေတော့လဲ ယောင်တောင်ပေါင်တောင် သူများယောင်လို့ အမောင်ယောင်မိတာတွေနဲ့.. ပြဿနာတွေ.. အခက်အခဲတွေ.. ပဋိပက္ခတွေ.. အရှုပ်အထွေးတွေ.. ခြေထိုးတာတွေ.. ခြေချော်လဲတာတွေ.. အိုး အစုံစုံ အဖုံဖုံပါပဲ…

မာနကြီးပီး တစ်ယူသန်စိတ်ကြီးလှတယ်လို့ အမြဲ အထင်ခံရတဲ့ ကျမအတွက်တော့ လူ့သဘာဝရဲ့ အထာတွေနဲ့ ဟန်ဆောင်ပီး ပြုံးပြတတ်ဖို့ မနည်းကျင့်ယူနေရတုန်းပါပဲ… စိတ်အားငယ်တိုင်း အမေကို တပီး အော်ဟစ်ငိုကြွေးနေတုန်းပါပဲ… တခါတလေတော့လဲ ရှိရင်းစွဲအသက်ထက် ဆယ်နှစ်လောက် ပိုကြီးချင်နေခဲ့မိသေးတယ်..

ငယ်ငယ်က ဖတ်ဖူးတဲ့ စာသားတစ်ခုမှာ ပေးပါလို့ တောင်းဆိုတဲ့သူက ငိုပြတာနဲ့တူပီး မပေးနိုင်တဲ့သူကတော့ မပေးနိုင်တဲ့အခါ ပြန်ငိုပြရတတ်တယ်လို့ ဖတ်ခဲ့မိဖူးတယ်.. အဲ့ဒီကတည်းက အဲ့ဒီစာသားကို အရိုးစွဲခဲ့တယ် ထင်ပါရဲ့.. ကိုယ်ကသာ လူမသိအောင် ခန ခန ငိုမိဖူးပေမဲ့ ကိုယ့်ရှေ့မှာ ပြန်ငိုပြမယ့်သူတွေကို တတ်နိုင်သလောက် မျက်နှာလွှဲချင်မိတဲ့အခါ.. လိုချင်တာ လိုအပ်နေတာတွေကို မတောင်းတော့ဘဲ နှုတ်ဆိတ်နေမိရင်း တစ်ခုပီး တစ်ခု ဆုံးရှုံး..…

အရာရာတိုင်းမှာ ကိုယ်က ဖွင့်ဟပြောလိုက်ရင် ရမယ်ဆိုတာ သိပေမဲ့ ပြောမှ သိရမယ့် စကားလုံးတွေထက် အလိုက်တသိ ပေးမယ့် အရာတွေကိုသာ အလေးထားတတ်လွန်းတဲ့အခါ… ရှိရင်းစွဲသံယောဇဉ်တွေမှာ နားမလည်နိုင်မှုတွေနဲ့ တဖြည်းဖြည်း ဝေးကွာရင်း ဒီလိုနဲ့ပဲ အထီးကျန်လာခဲ့တယ်..

ထားလိုက်ပါလေ… ထပ်တိုးလာမယ့် သံယောဇဉ်တွေထက် ထပ်ပိုးလာမယ့် နာကျင်မှုတွေကိုလဲ ကြောက်လှပါတယ်… ဒီလိုနဲ့ပဲ ခိုင်မာတဲ့ သံယောဇဉ်တွေ တစ်ခုပီး တစ်ခု ထပ်တိုးရစ်နှောင်လာခဲ့..

အခုဆို အသက်က ၂၆ နှစ် တင်းတင်းပြည့်ပြန်ပီ.. ကဲ နောက်ထပ် ဘယ်နှနှစ်လောက် ဆက်ရှင်သန်နေနိုင်ဦးမလဲ….

- ကိုယ့်ဘဝ အဆုံးသတ်မရောက်ခင်အချိန်အထိ အမိအဖကို လုပ်ကျွေးပြုစုနိုင်မယ့်သူ ဖြစ်ချင်တယ်..
- မမကြီးကို ကူညီနိုင်မယ့် လက်တစ်ဖက်လောက် ဖြစ်ချင်တယ်..
- ကိုယ့်နာမည်ကို ပြောလိုက်ရင် ‘ဟာ သိတာပေါ့’ ဆိုတဲ့ မကောင်းတာဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် ငါဟာ ငါသာဖြစ်တယ်ဆိုတဲ့အကြောင်း သူများတွေ သိစေချင်တယ်
- ယုံကြည်ချက်တွေနဲ့ ပေါင်းစပ်ထားတဲ့ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို အမြန်ဆုံး ရောက်ချင်နေတယ်.
- စစ်မှန်တဲ့ ဖြူစင်တဲ့ သံယောဇဉ်တရားတွေကို အပိုင်ရချင်တယ်…


နေ့လယ်က အိမ်ကိုဖုန်းဆက်တော့ အဖေက ဖုန်းလာကိုင်တယ်.. သမီးလေးရေ နေကောင်းအောင်နေနော်.. ဘန်ကောက်မှာ အနီတွေ သောင်းကျန်းနေတာ အဖေ အရမ်းစိတ်ပူနေတယ်တဲ့.. အသံကို နဂိုအသံထက် ရွှန်းရွှန်းဝေအောင် အဖေ့ကို စကားတွေ အများကြီးပြောမှ အဖေ စိတ်အေးသွားတယ်.. မွေးနေ့အတွက် အိမ်မှာတော့ အမေက ဘုန်းကြီးတွေကို ဆွမ်းချိုင့်လှုပေးမယ်.. အိမ်နီးချင်းတွေကို မုန့်လုံးရေပေါ် ဝေမယ်တဲ့..

ဒီနှစ်မွေးနေ့လေးက ကျမကို ခံစားချက်တွေ အမျိုးစုံပေးစွမ်းခဲ့တယ်.. ကျမ မျှော်လင့်မထားတဲ့ သူတွေဆီက မွေးနေ့ဆုတောင်းစကားတွေ ကြားခဲ့ရသလို.. ကျမ သိပ်ချစ်တဲ့ အကိုတွေ အမတွေဆီကလဲ ကျမအတွက် မွေးနေ့ဆုတောင်း ပို့စ်လေးတွေ လက်ဆောင်ရခဲ့တယ်.. သူငယ်ချင်းအသစ်လေးတစ်ယောက်လဲ ထပ်ရခဲ့သေးတယ်.. ကျမရဲ့ Facebook Page က Wall မှာ မွေးနေ့ဆုတောင်းတွေ မွေးနေ့ကိတ်မုန့်တွေအတွက်လဲ အရမ်းကျေးဇူးတင်မိတယ်. နောက်ပီး မွေးနေ့ မွေးနေ့နဲ့ ဒီနေ့ မတိုင်ခင်ကတည်းက ကြိုရင်ခုန် ကြိုမျှော်လင့်နေတဲ့သူတွေလဲ ရှိခဲ့ကြတယ်.. ဘုရားရေ ကျမလေ အရမ်းကို ဝမ်းသာကြည်နူးမိတယ်.. ခန ခန မျက်ရည်ဝဲမိသေးတယ်.. ဝမ်းသာလွန်းလို့လေ…

ကျမရဲ့ ချစ်သူငယ်ချင်းလေး ဖြူက ကဗျာလေးတစ်ပုဒ်ရေးပေးတယ်.. သူက ရေးမပေးခင် ကျမကို စုံနေအောင် အင်တာဗျူးတော့တာပဲ.. ကျမက ပြန်နောက်လိုက်တယ်.. အနော့်ကိုများ စလစ်ဘရစ်တီမှတ်လို့ ဗျူးနေတာလား မသိလို့.. အဲ့ဒီအကြောင်းအရာတွေကို အခြေခံပီး သူက ကဗျာလေးတပုဒ် ကျမအတွက် မွေးနေ့လက်ဆောင်ပေးခဲ့တယ်.. နောက်ပီး ကျမရဲ့ဓာတ်ပုံကို photoshop နဲ့ မှန်ဘောင်လေးတွေ လုပ်ပီး ပြင်ပေးခဲ့တယ် ကျေးဇူးပါ ဖြူရေ…

ကျမချစ်တဲ့ အကိုဘရွတ်ခ်ကလဲ ကျမအတွက် အမှတ်တရ ပို့စ်လေးတစ်ပုဒ်ရေးပေးခဲ့တယ်.. သူနဲ့ ကျမနဲ့ လိုင်းပေါ်မှာတွေ့လို့ စကားစမြည်တွေ ပြောဖြစ်တိုင်း အမြဲ စိတ်ပေါ့ပေါ့ပါးပါး ရီမောဖြစ်တာ များတယ်.. တခါတလေ သူက စိတ်လိုလက်ရရှိရင် ပုံပြင်တွေ သီချင်းတွေ စာအုပ်တွေအကြောင်း ပြောပြတယ်.. အမြဲပြောတတ်တဲ့ အကြောင်းက လေလွင့်သူ.. လေလွင့်သူထဲက ညီမလေးကို သိပ်ချစ်တတ်တဲ့ အကိုအကြောင်း.. ပြောတိုင်း မျက်ရည်ဝဲသတဲ့.. နောက် သူက မွေးနေ့လက်ဆောင် သူငယ်ချင်းလေးတစ်ယောက် လက်ဆောင်ပေးသေးတယ်.. မယ်ရာတဲ့ Mirror . မကြေးမုံလေးပေါ့.. ကျေးဇူးတင်ပါတယ်နော်..

ကျမ သိပ်ချစ်တဲ့ ညီအစ်မအရင်းလို အရမ်းချစ်တဲ့ အမ နှစ်ယောက်ဆီက ဖုန်းကော်လ်တစ်ခုလဲ ရခဲ့သေးတယ်.. အလုအယက် စကားတွေပြောနေရင်း ရင်ဘတ်ထဲ အတွင်းပိုင်းနက်နက်ထဲကကို ဝမ်းသာကြည်နူးမိတယ်.. ချစ်တဲ့ ခင်ဆီက မွေးနေ့လက်ဆောင် အနမ်းတွေ အများကြီး ဖုန်းထဲက ရခဲ့သလို ချစ်တဲ့ ခရမ်းလေးက ကျမအတွက် ပို့စ်လေးတစ်ပုဒ် ရေးပေးခဲ့တယ်. ညီမလေးရေ ....ဘုရားသခင်ဆိုတာ တကယ်ရှိပြီး ဖန်ဆင်းခဲ့တာဆိုရင် အနော်လေးက တကယ့် gifted လေးပါ ။
တဲ့.. ကျမကြောင့် ချစ်တဲ့သူတွေ အနည်းဆုံးလေး ပြုံးပျော်သွားတယ်ဆိုရင် ကျမ စိတ်ချမ်းသာပါတယ်.. သူတို့ကြောင့်လဲ ကျမ အမြဲ ပျော်ရွှင်ခဲ့ရဖူးတယ်..

သူတို့ရဲ့ မွေးနေ့လက်ဆောင် စကားလေးတွေ မွေးနေ့လက်ဆောင် ပို့စ်လေးတွေ မွေးနေ့အတွက် အမှတ်တရတွေ ဒါတွေ ဒါတွေဟာ ကျမအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုကြီးပါ.. တကယ့်ကို ကျေးဇူးတင်မိတယ်.. တကယ့်ကိုလဲ ဝမ်းသာကြည်နူးမိတယ်..

ဘဝ ဆိုတာ ခုတ်မောင်းသွားနေတဲ့ မီးရထားတစ်စင်းဖြစ်တယ်ဆိုပါစို့... ကျမက ဘူတာစဉ် ၂၆ ခုကို ဖြတ်ကျော်ခဲ့ပီးပီ.. ကိုယ့်ကို ဖြတ်ကျော်မောင်းနှင်သွားတဲ့ အမြန်ရထားတို့ အစုန်ရထားတို့ အဆန်ရထားတို့လဲ ရှိခဲ့ဖူးရဲ့.. ကိုယ့်ရထားပေါ်မှာ လိုက်ပါလာပီးမှ ကြားဘူတာစဉ်တွေမှာ ကျန်ရစ်ခဲ့တဲ့သူတွေရော.. အခုအထိ လိုက်ပါလာတဲ့သူတွေရော.. ကွမ်းတံတွေး ထွေးချချင်တဲ့သူတွေရော.. ရထားမိုင်းဗုံးထောင်ချင်သူတွေရော… အဖျက်အမှောင့်တွေ ရှိနေနိုင်သလို လာကူတွဲမယ့် ခေါင်းတွဲလေးတွေ.. အနောက်ကနေ လာချိတ်ဆက်မယ့် ရထားတွဲတွေ.. ဒီလို အကြင်နာတရားတွေနဲ့ ကျမရဲ့ ရထားလေးက လမ်းချော်သွားတယ် ဆိုပါစို့.. ကျမကတော့ သံလမ်းရှိသလောက် ရထားကို အတင်းကာရော မောင်းနှင်နေဦးမှာပါပဲ..

ပြည့်စုံ (၁၂-၄-၂၀၁၀)

11 comments:

  1. ကြာသပတေးတွေ စိတ်ကြီးတယ်နော်.....း)
    အငိုအရီနည်းပြီး စကားပြောနောက်ကျတာတော့ ကျုပ်နဲ့တူဘူးအေ...
    မောင်းနှင်နေပါ အနော်လေးရေ....။ စိတ်ကူးလေးတွေနဲ့ တက်ကုန်ရွက်ကုန်ဖွင့်ပြီး မောင်းနှင်လိုက်စမ်းပါနော်....း)

    ReplyDelete
  2. သူက ရွက်လှေမဟုတ်ဘူးလေ ခရမ်းရဲ့ မီးရထား ..း)
    တတူတူ ဥသြဆွဲပြီး သွားမှာ .. ခုဘူတာစဉ် ၂၆ နောက်ထပ် မိုင်ပေါင်းများစွာ သူသွားလိမ့်မယ် ... မယ်ရာနဲ့ခင်ပြီး ငါ့ကိုအတင်းတွေချည်းတုပ်မယ်တော့ မကြံနဲ့ ဒါပဲ
    ပျော်ရွှင်ပါစေ

    ReplyDelete
  3. အပေါ်က ဖြစ်ချင်တဲ့ ငါးချက်ကို ရယူပိုင်ဆိုင်နိုင်ပါစေ ချစ်သော အနော်လေး။
း)

    ReplyDelete
  4. Happy Birthday မေသင်္ကြန်လေး :)
    အိမ်မှာတော့ သာကူလုပ်စားတယ် ဘယ်သူမှလည်း လာမယ့်သူ မရှိသလို ကျွေးစရာလူမရှိ သွားကျွေးလို့လည်း ဘာမှန်းမသိမယ့် လူတွေကြားထဲပေါ့ ဟီးးး ..
    ဘာပဲဖြစ်ဖြစ် သင်္ကြန်ပေါ့နော် .. ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ

    မီးငယ်

    ReplyDelete
  5. ကြာသာပတေးသမီးချင်းတူတယ်ညီမလေးရေ.... Happy Birthday နော်.... ၂၆နှစ်ဆိုတာ ပြောလို့သာယုံရမှာ...facebook ရဲ့ profile ပုံလေးက ၁၆နှစ်လောက်ဘဲထင်ရတယ်....

    ReplyDelete
  6. အင်း .. ငါ့ ညီမ ရဲ့  ဘဝရထား ကြီး ကတော့  လွမ်းမော ဘွယ် အတိ
    နဲ့ ပါလားကွ ။ ဒီလိုပါပဲလေ... ၊ ဖြတ်သန်း ခဲ့ ရတဲ့  ဘဝ ရဲ့  အစိပ်
    အပိုင်း တွေ အားလုံး ကို ပြန်မျှော် ကြည့် လိုက်တိုင်း “ တံလျှပ် ” တွေ
    လိုပါပဲ၊ တရိပ်ရိပ် တငွေ့ ငွေ့  နဲ့  မပီ ဝိုးတဝါး နဲ့  တစ်ခုမှ စွဲမြဲ ဆုပ် ကိုင်
    ထား ခဲ့ လို့  မရ စကောင်း ခဲ့ ပါလို့ ။ ဒါပေမဲ့ ...
    လူ ဆို တာက ပရွက်ဆိပ် တစ်ကောင် လိုပဲ ခရီး ကို ဆုံး အောင် တရွေ့ေ၇ွ့ 
    သွားနေရအုံး မှာပါနော်..။ ရပ်လို့  ရပါ့  မလား လို့  ။

    ReplyDelete
  7. Happy Birthday ညီမလေးရေ
    ညီမလေး ပျော်ရွှင်ပါစေနော်။
    ဘဝမှာ ဖေးကူတဲ့ လက်တွေနဲ့သာ တွေ့ကြုံပါစေ။
    အခက်အခဲတွေလည်း အောင်မြင်စွာ ကျော်လွှားနိင်ပါစေ။
    အမိအဖ တွေအတွက် သမီးလိမ္မာလေး ဖြစ်မှာကိုတော့
    အကို ယုံကြည်ပြီးသားပါ။
    နေ့ရက်များစွာမှာ ပျော်ရွှင်ခြင်းနဲ့သာ တွေ့ကြုံပါစေကွာ။

    ခင်မင်သောအားဖြင့်
    အကို (မြစ်ကျိုးအင်း)

    ReplyDelete
  8. ရေးထားပုံက ချစ်စရာကောင်းလိုက်တာကွယ်။ နောက်နေ့အားမှ အရင်ပိုစ့်တွေ အကုန်လာပြီး သမ ဦးမယ်။ ဟဲဟဲ။

    ReplyDelete
  9. HaPpY bIrThDaY ပါ အနော်ဆိုတဲ့ ပြည့်စုံ ရေ ...
    သင်္ကြန်အခါ မွေးတော့ ပို အေးချမ်း မယ်ပေါ့နော် ။
    နောင် နှစ်ပေါင်း ၁၂၀ တိုင် ချမ်းမြေ့ ပျော်ရွှင်စွာ နဲ့ အောင်မြင်တဲ့ ဘဝ လမ်းပေါ် လျှောက်လှမ်း နိုင်ပါစေ နော့်

    ( နောက်ကျသွားတဲ့ မွေးနေ့ ဆုတောင်း အတွက် တောင်းပန်ပါတယ် ။)

    ခင်တဲ့
    မကိ

    ReplyDelete
  10. စိတ်နဲ့ ကျနော်နဲ့ ညစ်နေတာနဲ့ပဲ အခုမှတွေ့ဖြစ်တော့တယ်။
    ဟက်ပီး ဘတ်ဒေးပါခင်ဗျာ။

    ReplyDelete
  11. ဟာကွာ နောက်ကျသွားတယ်။
    စိတ်မဆိုးကြေးနော် သယ်ရင်း။
    ဒီမွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် ပျော်ရွှင်ချမ်းမြေ့ပါစေ သယ်ရင်းရေ။
    သယ်ရင်းချစ်တဲ့ အသိုက်အမြုံလေးဆီ အမြန်ဆုံးပြန်နိုင်ပါစေနော်။

    သယ်ရင်းရဲ့ ထာဝရ သယ်ရင်း
    ဒဂျင်

    ReplyDelete