Sunday, February 27, 2011

အမှားများနဲ့လူ

မှားသွားတယ်ကွယ်
မှားမှန်းသိတာတွေလဲ များပါတယ်
ကိုယ်က ပဌာန်းရွတ်လို့တောင် မကျွတ်တဲ့တစ္ဆေတကောင်
ယောင်တောင်တောင် ဘဝထဲ
စိတ်ကူးတွေ အတောင်ညောင်းလောက်အောင် ပျံခွင့်ရတာတောင်မှ
ပုံစံခွက်ထဲက မထွက်ချင်သူ

အမှန်တရားတဲ့
အရန်အနေနဲ့ထားထားတဲ့ ကိုယ်ကျင့်တရားက ရီတယ်
မနက်ဖြန် သန်ဘက်ခါဆိုတာ
ဖြတ်သန်းသွားနေတဲ့အချိန်တွေတဲ့
ရှင်သန်မှုတွေတိုင်း လောဘသက္ကာယတွေများတယ်
ဒေါသနဲ့မောဟကို လက်ထဲဝှက်ထားရတဲ့အချိန်တိုင်း
ဟန်ဆောင်မှုဆိုတာ သကာလိုချိုမြနေတယ်

နေပါဦး လောကဓံရယ်
ဟာသပါဆိုမှ ဟာဒယမဖြစ်တဲ့ကြားထဲ
ရွှေရင်စို့ဆဲ မျက်ရည်တွေနဲ့ ငိုပြနေရတာ ခမျာလဲ မောရှာမပေါ့
ကျောရရုံကြံသွားတဲ့ လောကပါလတရားဆိုတာ
လူ့သဘာဝအလယ်မှာ မျက်နှာသာရနေတုန်းပဲ

ကမ္ဘာကြီး အိုဇုန်းလွှာပေါက်နေတယ်မေမေ
ကိုယ့်အိတ်ကပ်တွေလဲ အလွှာအထပ်ထပ် ပေါက်လို့
တယုတယသယ်ပိုးလာတဲ့ ကိုယ်ကျင့်သိက္ခာရယ်
လူရှေ့ရောက်မှ ထထဖောက်တတ်တဲ့ ယုံကြည်မှုဆိုတာတွေရယ်ပေါင်းရင်
ဇာတ်ခေါင်းကွဲသွားတဲ့ ဇာတ်ဆရာလို
မျက်နှာက မာန်တင်းထားပေမဲ့ ရင်ဘတ်က ခွက်ဝင်နေတတ်တာမျိုး

မေမေရေ ခဲဖျက်ပေးပါ
တံတွေးစွတ်ဖျက်လို့ မရတဲ့ အမှားတွေမှာ
အသားကို ဓားနဲ့လှီးမှ ပျောက်ပျက်သွားမယ့် အနာရွတ်တွေပဲတိုး
စိတ်တန်ဖိုးတွေလဲ ကျဆင်းနေတယ်

မေမေရေ
သာဓုခေါ်ပြီး ကြေးစည်သံများများထုပေးပါ
ဒီတစ္ဆေက မေတ္တာတရားနဲ့မှ ချေချွတ်နိုင်မှာမို့
အကြင်နာနဲ့မျှား ရင်ခွင်ထဲ ထည့်ထားပေးပါ

မေမေရေ
ဒါနောက်ဆုံးစာပါပဲ
စာပို့သမားမရောက်တဲ့ မြို့ငယ်လေးဆီ လိပ်မူလိုက်ပါတယ်
တဆင့်စကား တဆင့်နားနဲ့သာ အမျှပေးဝေပေးပါ
………………..

ပြည့်စုံ
(၂-၂၇-၂၀၁၁၊ ၂း၃၇ pm)

1 comment:

  1. လည်လည်လာပြီး ကဗျာဖတ်သွားတယ်.. ကဗျာလေးကကောင်းတယ် ဘလော့မလည်ဖြစ်တာကြာလို့ လည်လည်လာတာနော်...

    ReplyDelete