Saturday, September 26, 2009

ဂီတကုထုံး

အခုတလော သီချင်းအကျယ်ကြီးနားထောင်နေမိတယ်. ဗလာဟင်းလင်းဖြစ်နေတဲ့ စိတ်ထဲက အထီးကျန်မှုများ လျော့နည်းမလားဆိုတဲ့ အတွေးနဲ့ပေါ့.. သီချင်းတွေတိုင်းကတော့ ပျော်ရွှင်စရာ သီချင်းတွေက နည်းပီး အလွမ်းသီချင်းတွေ အဆွေးသီချင်း အချစ်သီချင်းတွေက ပိုများပြန်တယ်.. ကိုယ်အကြိုက်ဆုံး အမျိုးသမီးအဆိုတော်က ဆုန်သင်းပါရ်ပဲ.. ဆုန်သင်းပါရ်ကို အရမ်းကြိုက်တယ်.. ဆုန်သင်းပါရ် သီချင်းတော်တော်များများက ကိုယ့်အကြိုက်သီချင်းတွေ.. အကြိုက်ဆုံးသီချင်းက အကြင်နာစစ်ရင်ပါ.. အဲ့ထဲက သီချင်းစာသားတစ်ခုကို ကြိုက်တယ်.. ဘာတဲ့… အကြင်နာတကယ်စစ်ရင် အသွားနဲ့ အပြန် ရှိမှာ တဲ့….

ငယ်ငယ်က မိုးရွာပီဆိုရင် သီချင်းတွေ အကျယ်ကြီးအော်ဆိုတယ်.. သူငယ်ချင်းတွေ စုမိပီဆိုတာနဲ့ သီချင်းစာအုပ်တွေ ဝယ် သီချင်းတွေ အတူတူအော်ဆိုခဲ့ဖူးတယ်.. ပျော်ရင်လဲ သီချင်း ဆိုတယ်.. စိတ်ညစ်ရင်လဲ သီချင်းဆိုတယ်.. အိမ်ရှေ့က အုန်းပင်ကိုလှဲထားတဲ့ အုန်းပိုင်းလေးပေါ်မှာထိုင်ပီး မောင်နှမတွေ သီချင်းတကြော်ကြော် ဆိုခဲ့ဖူးတယ်.. လရောင်ဆမ်းတဲ့ ညတွေမှာ မအိပ်ဘဲ သီချင်းတွေ အကျယ်ကြီး ဆိုကြတယ်.. နှစ်သစ်ကူးတဲ့ညတွေဆို နောက်နေ့သစ်ကို ကြိုတယ်ဆိုပီး ၁၂ နာရီအထိ မအိပ်ဘဲ သီချင်းတွေ ဆိုခဲ့တယ်.

ဆိုတဲ့ သီချင်းတော်တော်များများက အော်လို့ကောင်းတဲ့ ရင်ထဲမှာ ခံစားလွယ်တဲ့ သီချင်းတွေ.. အရင်တုန်းကတော့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေ နောက်တော့ နောက်တော့ ခေတ်တွေ အဆိုတော်တွေ ပြောင်းလာလိုက်တာ သူငယ်ချင်းတွေဆုံရင် ဝိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက်ကို အကျယ်ကြီးဟစ်မယ်….. နောက်တော့ ကိုထူးအိမ်သင်ရဲ့ ကြယ်တွေစုံတဲ့ည အမေ့ကို လွမ်းတိုင်း အဲ့သီချင်းကို အကျယ်ကြီးအော်ဆိုပစ်လိုက်တယ်.. နောက် စိတ်ထဲမှာ မကျေနပ်တိုင်း ဆိုမိတဲ့ သီချင်းက ကိုလေးဖြူရဲ့ BOB ထဲက သီချင်း .. တန်ဖိုးများမရှိတော့ဘူးလို့ ငါထင်နေတဲ့ဘဝ…… ဟားဟား ..အဲ့လိုများ အော်ဆိုလိုက်ရရင် ပြောပြစရာမလိုဘဲ ရင်ထဲက မကျေနပ်မှုတွေကို တခြားသူတွေ သိမှာပါဆိုပီး ကျေနပ်သွားမိတဲ့အထိ… အခု စိတ်ထဲမှာ တွေ့နေတဲ့သီချင်း ကိုအငဲရဲ့ ကိုး စီးရီးထဲက အိမ်သီချင်း.. အဲ့အထဲကမှ … စာသားအပိုင်းအစလေး… တို့နှစ်ယောက်အတွက် အိမ်လိုနေတယ်…. (အကို Brook ကတော့ အငဲရဲ့အိမ်ထက် ဟန်ထွန်းရဲ့ အိမ်နဲ့ ဓီရာမိုရ်ရဲ့ အိမ်ကို ပိုကောင်းတယ်ပြောတယ်) ခံစားချက် တစ်မျိုးစီပေးပါတယ်…. ဒါပေမဲ့ အခု လိုချင်တာ တို့နှစ်ယောက်အတွက် အိမ်ပဲ… :P

ပေါင်းမိတဲ့ သူငယ်ချင်းတော်တော်များများကလဲ မိုက်ခဲတွေ.. သီချင်းများ ဆိုရမယ်ဆိုရင် အရှက်သိက္ခာဘေးချိတ်... အာပြဲတယ်ပြောပြော အသံကွဲကြီးလို့ဆိုဆို သီချင်းဟစ်မယ်ဆိုရင် ဘေးဘီဝဲယာ ဂရုမစိုက်တတ်ကြ.. အဲ့အထဲ ကိုယ်လဲ အပါအဝင်.. သွားဖြစ်တဲ့ ခရီးစဉ်တိုင်းလိုလို အမြဲ Live Show လုပ်ဖြစ်တယ်.. စင်ပေါ်မှ မဟုတ်ပါဘူး လှေကားရင်းလဲ ဖြစ်ပါတယ် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပါ.. ဂစ်တာမပါလဲ ဖြစ်သေးတယ်.. လက်နဲ့ ခုံကို ခေါက်မယ်.. လက်ခုပ်တီးမယ်.. ရင်ထဲ အသည်းထဲကကို လှိုက်လှိုက်လှဲလှဲ အော်ဟစ် သီချင်းဆိုကြမယ်… ဆိုနေရင်းနဲ့ ကီးကြောင်သွားတာပဲဖြစ်ဖြစ် စာသားမေ့သွားတာပဲဖြစ်ဖြစ် ခေါင်းကိုမော့ပီး ဟားတိုက်ရယ်ကြမယ်.. အဓိက က သီချင်းဆိုဖြစ်ဖို့ပင်…

ရွှေတိဂုံဘုရား မြောက်ဖက်မုခ်နားက M3 ကာရာအိုကေဆိုင်က ကိုယ်တို့ သူငယ်ချင်းတစ်စု ရင်ဖွင့်ရာ… အဲ့ဒီမှာ သီချင်းဆိုကြမယ်.. မိုက်နှစ်ခုရှိရင် တစ်ယောက် တစ်ခု ကိုင်မယ်.. ပီးရင် တစ်အုပ်စုလုံး အော်ကြမယ်.. အဲ့ဒီမှာ ဆိုဖြစ်တဲ့ သီချင်းတော်တော်များများက စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေ.. တောဂေါ်လီ၊ ဖုတ်လှိုက်ဖုတ်လှိုက်၊ မြန်လွန်းတဲ့ ရက်ပ်စာသားတွေကို တီးလုံးအလိုက် မမောနိုင် မပမ်းနိုင် ရွတ်မယ်… စိတ်ထဲ နည်းနည်း ဒိုင်ကြောင်ချင်ရင် ဖုန်းဆက်ပီး ကြောင်တတ်တဲ့ ကောင်လေးအတွက် ငယ်ငယ်ရဲ့ Hello … တော်တော်များများကတော့ ဘာသီချင်းဖြစ်ဖြစ် အကုန်ရကြတာ များပါတယ်.. သီချင်းတွေ အတူတူဆိုမယ်.. ပီးတော့ ကမယ်.. ဆိုဖာတွေပေါ် တက်ခုန်မယ်.. လက်ချင်းချိတ်ပီး ကမယ်..စားပွဲပေါ်က ခွက်တွေ ပုလင်းတွေ ဘေးဖယ်ထား.. အရှိန်လွန်လာရင် တိုက်မိရင် ကွဲကုန်နိုင်တယ်.. ဆူညံ ပွက်လော ရိုက်နေတဲ့ အခန်းကလေးထဲ လာချောင်းကြည့်ရင် သိပ်ချစ်ကြတဲ့ သူငယ်ချင်းတစ်စုကို တွေ့မယ်..

M3 မှာ သီချင်းဆိုခဲ့ရသမျှ ဘယ်တော့မှ မမေ့နိုင်တဲ့ညကတော့ နိုင်ငံဂျား ဆိုတာကြီးမှာ ကျောင်းဆက်တက်မယ် အလုပ်လုပ်မယ်ဆိုပီး ခွဲသွားတော့မယ့် မောင်သောင်းဖေ အငယ်စားလေး မသောင်းမေကလေးကို ဂုဏ်ပြုချင်လွန်းလို့တဲ့ မနက်ဖြန် မနက် ၉း၃၀ လေယာဉ်နဲ့ သွားတော့မှာမို့ဆိုပီး ချစ်လှစွာသော သူငယ်ချင်းတစ်စုက အခုထွက်လာခဲ့ ငါတို့ M3 မှာ စောင့်နေမယ်.. နင်နဲ့အတူတူ သီချင်းဆိုမယ် လာဖြစ်အောင် လာခဲ့ရမယ်တဲ့… ဖုန်းရရချင်း ကမန်းကတန်း အင်္ကျီကောက်လဲ အမေက မိုးချုပ်နေပီ မသွားပါနဲ့လား.. သွားမယ်ဆို မောင်လေးကို အဖော်ခေါ်သွား… ဟာ အမေကလဲ.. အမေ့ဆီက ပိုက်ဆံအတင်းတောင်းပီး ထွက်လာခဲ့တော့ လူက တနေကုန် တနေခမ်း သွားဖို့လာဖို့ ပြင်ဆင်နေရလို့ မောပန်းနေပေမဲ့ ခြေလှမ်းတွေက သွက်လက်နေတယ်..

မြောက်ဥက္ကလာပ အဝိုင်းကြီးကိုရောက်တော့ ည ၇ နာရီထိုးတော့မယ်.. အဲ့ဒီမှာ ဖုန်းတစ်ချက်ထပ်ဆက်တယ်… ရုံးမှာ မရှိကြတော့ဘူး သွားကြပီတဲ့.. M3 ကို ရောက်ရင် သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်နဲ့ ဘွတ်ကင်လုပ်ထားမယ်တဲ့.. အိုခေ… တက္ကစီကို တားပီး M3 ဆိုတာနဲ့ ကားသမားကလဲ သိတယ်.. အဲ့ဒီကိုရောက်တော့ ဘယ်သူကိုမှတောင် မတွေ့ဘူး.. ထင်ရတာကတော့ သီချင်းဆိုမယ့်အခန်းထဲ ရောက်ကုန်ကြပီထင်တယ်… ထိပ်မှာတောင် ထွက်မစောင့်ကြဘူး.. စိတ်ထဲက ပွစိပွစိ ရေရွတ်နေမိရင်း လှေကားထစ်တွေပေါ် ခြေလှမ်းကို သွက်သွက်လှမ်းလိုက်တယ်.. သီချင်းဆိုသံ သဲ့သဲ့ကြားတော့ လူက သွေးထဲကပိုးတွေ အလိုလို ကြွလာတယ် .. လျှာဖျားတွေပါ ယားလာသလိုလို..

အယ့် နည်းနည်းတော့ ထူးဆန်းသလိုပဲ.. ဘယ်သူမှတောင် မတွေ့ပါလား… ငါ့ကို ဒီလိုတော့ သူတို့ပစ်မထားနိုင်ပါဘူး.. မရေမရာအတွေးနဲ့ ရီဆက်ရှင်းကို တန်းသွားပီး သူငယ်ချင်းနာမည်ကို ရွတ်လိုက်တယ်.. မရှိဘူးတဲ့.. သေရော..

သီချင်းဆိုရမယ် ဆိုတာနဲ့ ထွန့်ထွန့်လူးနေတဲ့ ကလေးမ.. ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်ပီး အဲ့ဒီက ကောင်လေးကို မျက်နှာချိုသွေးပြလိုက်တယ်..

အမ သူငယ်ချင်းတွေ ဒီက စောင့်နေမယ်ဆိုလို့ .. တစ်ချက်လောက် ရှာကြည့်ပေးပါလားဟင်… ယောက်ျားလေး ၂ ယောက် မိန်းခလေး လေးငါးယောက်လောက်ဖြစ်မယ်..

ဟုတ်ကဲ့ ဟုတ်ကဲ့..

ကောင်လေးတစ်ယောက် အခန်းတွေကို လိုက်ကြည့်.. ခေါင်းကုတ်ပီး ပြန်လာ.. သေပီ..

တစ်ယောက်တည်း ယောင်တောင်တောင် ရပ်နေပီး မျက်နှာက အိုစပြုလာ.. သေနာတွေ.. ကျိန်ဆဲပစ်လိုက်တယ်..

အမ လိုက်ကြည့်ပါလား… လာသမျှကတော့ လူနည်းတယ်.. ကောင်လေး ၂ ယောက် ကောင်မလေး ၂ ယောက် အဲ့ဒီလောက်ပဲ အမ.. လူများများကတော့ မွေးနေ့လား မသိဘူး အဲ့မှာတော့ လူများတယ် ..

အေးအေး.. စားပွဲထိုးကောင်လေးရဲ့နောက်ကနေ ပိုက်ဆံအိတ် ချိုင်းကြားညှပ်ပီး တစ်ခန်းပီး တစ်ခန်း လိုက်ကြည့်ရတယ်.. အခန်းထဲမှာ သီချင်းဆိုနေတဲ့ လူတွေကလဲ သူတို့ကို လာကြည့်လို့ ပြောင်စပ်စပ်နဲ့.. ဟူးးးးးးးးးးးး အခန်းတွေသာ ဆုံးသွားတယ်.. ဒင်းတို့ကို လုံးဝ မတွေ့..

ကိုယ့်မျက်လုံးက မျက်မှန်အပြင်ကိုကျော်ထွက်တော့မတတ် ပြူးလာတော့ လိုက်ကူရှာတဲ့ ကောင်လေး က … အမတို့ သူငယ်ချင်းတွေက ဒီဆိုင်ကိုလာတာ ဟုတ်လို့လား အမ.. အခန်းတွေကတော့ ဒါအကုန်ပဲ.

မလျှော့ရေးချ မလျှော့.. ကောင်လေးကို သွားဖြဲပြလိုက်ပီး အမ နောက်တစ်ခေါက် ထပ်ကြည့်ချင်တယ်နော် နော် နော်… သနားသွားပီး အဲ့ကောင်လေးက နောက်တစ်ကျော့ လိုက်ပြတယ်.. မတွေ့……..

ဖုန်းဆက်ချင်လို့ပါ.. တောင်းဆိုတော့ အဲ့ဒီကနေ ဖုန်းဆက်လို့ရတယ်.. ဖုန်းလာကိုင်တာ ငါးရှဥ့်ရဲ့ အဖေကြီး.. ဖုန်းက အိမ်မှာကျန်ခဲ့တယ် သမီးရေ.. သူတို့ ပွဲတစ်ခုလုပ်စရာရှိတယ်ပြောပီး ထွက်သွားကြတာပဲ.. အိမ်ကိုတောင် အပြန်မိုးချုပ်မယ် ပြောသွားတယ်.. ဟုတ် ဟုတ် အန်ကယ်….

လာမှာတော့ ကျိန်းသေပဲ.. ဒါပေမဲ့ M3 ကိုတော့ မရောက်သေးဘူး.. ငါ ဘာလုပ်ရင် ကောင်းမလဲ.. ဒီကောင်တွေ လာတဲ့အထိ ဘယ်လိုမျက်နှာနဲ့ ငါထိုင်စောင့်ရပါ့… M3 ရှေ့က အုတ်ခုံလေးမှာ ငုတ်တုတ်လေးထိုင်ပီး စိတ်ထဲ ဝမ်းနည်းလာတယ်.. အရင်တုန်းကဆို ဘယ်သွားသွား သူငယ်ချင်း တွေနဲ့ အခုတော့ ငါတစ်ယောက်တည်း.. မျက်ရည်ပါ ကျစပြုလာတယ်.. အပေါ်က သီချင်းသံတွေ ကြောင့်လဲ ပါမယ်.. ဝမ်းနည်းတာက အူထဲအသည်းထဲက လှိုက်လာပီး မျက်ရည်ပါ တွေတွေကျလာတယ်..

လူတွေကတော့ မြင်ရင် ဘာထင်မယ်မသိ.. ကိုယ်ကတော့ အုတ်ခုံလေးပေါ်မှာ ထိုင်နေဆဲပဲ.. ရှေ့ကို တက္ကစီတစ်စီး ဆိုက်လာပီး အဲ့အထဲကနေ ခြေကားယား လက်ကားယားနဲ့ ဆင်းလာတဲ့ တစ်ကောင်.. ကျော်ဇင်.. သူ့ကိုမြင်တော့မှပဲ မျက်ရည်တွေတွေကနေ မျက်ရည် ဘူးသီးလုံးလောက် ကျတော့တယ်.. သူက ခုန်ပေါက်ပီး နံဘေးကို ရောက်လာပီး မျက်ရည်တွေကိုမြင်တော့ လန့်သွားပီး ဟဲ့ ဘာဖြစ်လဲ မငိုနဲ့ ဟိုကောင်တွေရော ဒီကောင်တွေရော .. ဒီကောင်လဲ ခုန်ဆွ ခုန်ဆွ မေးတော့မှ စိတ်ထဲ နည်းနည်းသက်သာရာရပီး သူ့ပခုံးတွေ ကျောကုန်းတွေကို တဗုန်းဗုန်းထုပေးလိုက်တယ်..

ဟင် ငါ့ကိုပြောတော့ နင်တို့ ရောက်နေပီဆို ငါ ဘယ်လောက်ရှက်ရသလဲ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ကြည့်ရတာ… အမလေး ငါမသွားခင် အားရအောင် နှိပ်စက်တာလား အယ့်ဟယ်ဟယ် ဆိုပီး ပြောပြောငိုငိုလုပ်တော့ သူလဲ မျက်နှာငယ်နဲ့ ဘေးနားမှာ ဆောင့်ကြောင့်ထိုင်ပီး

အေးပါဟာ ငါက ကိစ္စရှိလို့ ဟိုကောင်တွေကို သွားနှင့်ဆိုပီး ငါက နောက်ကလိုက်လာတာ.. ဒီကောင်တွေ ဘယ်ကိုသွားကြတာလဲ မသိဘူး.. အေးပါဟာ… အေးအေး လိမ္မာတယ် မငိုနဲ့တော့.. လာလာ ငါတို့နှစ်ယောက်ပဲ အရင် သီချင်းဆိုနှင့်မယ်.. ဒီကောင်တွေ ရောက်လာရင် နာဖို့သာပြင်.. ဆိုတော့ ခုနက မျက်နှာနဲ့ ဘယ်လိုလုပ်ပီး အပေါ်ကို ပြန်တက်ရပါ့…. ဆုတ်ကန်ကန်ခြေလှမ်းနဲ့ ကျော်ဇင့် အနောက်ကနေ ကုပ်ချောင်းချောင်းလိုက်သွားတယ်..

အပေါ်ရောက်တော့ ခုနက စားပွဲထိုးလေးတွေက မှတ်မိနေပီ.. အမ သူငယ်ချင်းတွေ ရောက်ပီလား.. အေး ဆိုပီး သံပြတ်နဲ့ပြောလိုက်ပေမဲ့ သူငယ်ချင်းတွေသာဆိုတယ်.. ကျော်ဇင်နဲ့ နှစ်ယောက်တည်း.. သေဟဲ့…

ငိုရီရီိ မျက်နှာနဲ့ပဲ အခန်းတစ်ခန်းငှား ပီးတော့ အထဲကို ဝင် ချက်ချင်း သီချင်းစာအုပ် ကောက်လှန် သီချင်းဆိုဖို့ ပြင်တော့တာပဲ.. ကျော်ဇင်ကတော့ စားဖို့သောက်ဖို့ မှာထားရမလား.. ငါ့လာမမေးနဲ့ ဟွန်း ဆိုပီး မျက်စောင်းထိုးပစ်လိုက်တယ်.. အေးပါ လာတော့မှ မှာတော့မယ်ဟာ.. ကဲ သီချင်းဟစ်ကြမယ်ဟေ့ ဆိုပီး သူ တစ်ပုဒ် ကိုယ် တစ်ပုဒ် ဟစ်လိုက်တော့မှ နည်းနည်း စိတ်ပြေပီး နေသာထိုင်သာ ရှိသွားတယ်…

သီချင်း နောက်တစ်ပုဒ်ဆိုမလို့ ပြင်တုန်းရှိသေးတယ်… ကုလားသိုက် ကျားဝင်ကိုက်သလို သံသေးသံကြောင်တွေနဲ့ အုပ်စုလိုက်ကြီး ဝင်လာပီး လူကို ဟိုဖက် သည်ဖက် သေမယ်.. သေနာတွေ ဆိုပီး အော်ဟစ်ကြ ဆူကြ ညံကြနဲ့… သူတို့က စောသေးတယ်ဆိုပီး အိမ်ပြန် အဝတ်အစားလဲ ပီးတော့မှ ဟိုလူစုသည်လူစု မို့လို့ပါတဲ့.. မိုက်ကိုင်လိုက်ကတည်းက ခုနက မျက်ရည်တွေက မျက်လုံးထဲ ပြန်ဝင်သွားပီ.. စိတ်လဲ ပြေသွားပီ… အဲ့ဒီကောင်တွေနဲ့ လုံးထွေးပီး သီချင်းတွေ ဆိုကြတယ်.

စားစရာတွေ မှာနေတုန်း သောက်စရာတွေက ရောက်လာတယ်… ခွက်ထဲက ဘာမှန်းမသိတဲ့ အရည်တွေ (ထင်ရတာကတော့ ဝိုင်ရယ် အရက်ရယ် ရောထားတယ်ထင်တာပဲ… :P) ကို တစ်ယောက်တစ်ခွက် ကိုင်ပီး ချီးယားစ်လုပ်ကြပီး Good Luck Sone Sone.. မေ့မသွားနဲ့နော် ဘယ်လောက်ပဲ ဝေးဝေး တို့တွေ ချစ်ကြမယ် .. ဖက်ကြ အော်ကြ ဟစ်ကြနဲ့ အဲ့ဒီအချိန် တီဗီမှာပေါ်လာတဲ့ သီချင်းက စိုင်းစိုင်းသီချင်း.. ဖုတ်လှိုက်ဖုတ်လှိုက်

ဘာပြောကောင်းမလဲ ဆိုဖာတွေပေါ် တက်ခုန်ပီး သီချင်းတွေ အော်ဆိုကြတယ်.. မောလာတော့ တွေ့တဲ့ခွက် မော့သောက်လိုက်.. ကလိုက် .. ပီးရင် ထပ်မော့လိုက်… ကဲကဲ အားလုံးမောပီ ခန နားရအောင်.. နာရီကြည့်တော့ ၁၁း၃၀.. မပြန်ချင်သေးဘူး.. နောက် တစ်ဆက်ရှင်ယူဦးမယ်.. အကုန်လုံးက အဆူခံ အရိုက်ခံရလဲ တန်တယ်ဆိုပီး မပြန်သေးဘဲ နောက်တစ်ဆက်ရှင် ထပ်ယူလိုက်တယ်… အသံတွေလဲ ထပ်မထွက်တော့ဘူး.. ကနေခုန်နေတဲ့ ခြေလှမ်းတွေလဲ ယိုင်လာတယ်.. ရယ်နေတဲ့အသံတွေ ခြောက်ကပ်သွားတဲ့အချိန်မှာ နောက်နေ့ ဒီလိုအချိန်ဆို သူတို့နဲ့အတူ မရှိနေနိုင်တော့ဘူးဆိုတဲ့ အတွေးက ရင်ထဲကို ပြင်းပြင်းဝင်ဆောင့်မိတယ်..

မျက်လုံးတွေထဲ မျက်ရည်တွေ ပြန်ဝင်လာတဲ့အချိန်မှာ သူငယ်ချင်းတွေအားလုံး နည်းနည်းတိတ်သွားကြတယ်… ဟာ ဘာလို့တိတ်သွားတာလဲ လာ အားလုံး ထက အားလုံး ထက ဆိုပီး ကျော်ဇင်က လက်တွေကိုဆွဲပီး ကခိုင်းတယ်.. အကုန်လုံး ပြန်ထလာကြပီး လေးဖြူနဲ့ မျိုးကြီးရဲ့ အိမ်ကိုပြန်ခဲ့တော့ သီချင်းကို အတူတူဆိုကြတယ်.. ညီလေးလို့ အော်တဲ့ နေရာမှာ နာမည်ပြောင်းဆိုရင်း အော်ဆိုကြတယ်.. ဘယ်တော့မှ မမေ့နိုင်ခဲ့တဲ့ တို့တွေရဲ့ ညလေးတွေပေါ့..

ငါ အခု တစ်ယောက်တည်းပဲ… အင်တာနက်ထဲကနေ ဒီနေ့ ထွက်တဲ့ သီချင်း မထွက်ခင်ထဲက နားထောင်နေခဲ့ရတယ်.. ငါတို့ သိပ်ကြိုက်တဲ့သီချင်းတွေ အခု ငါတစ်ယောက်တည်း နားထောင်ဖြစ်တယ်.. နားကျပ်ကြီး နားထဲ ထည့်ပီး အသံကို မိုင်ကုန်တင်ပီးတော့ကို နားထောင်တယ်.. စိတ်ထဲ သိပ်မွန်းကျပ်လာရင် စိတ်လွတ်ကိုယ်လွတ် သီချင်းအော်ဆိုတယ်.. ဒါပေမဲ့ ငါတစ်ယောက်တည်းပဲ.. ဘေးနားမှာ ဘယ်သူမှ မရှိဘူး.. ငါ သိပ်ချစ်တဲ့ နင်တို့တွေလဲ ငါ့အနားမှာ အခုအချိန် ဘယ်သူမှ မရှိဘူး.. အထီးကျန်တာ မဟုတ်ဘူး မိန်းမဆိုတော့ အမကျန်တာလို့ အမြဲရယ်စရာတွေပဲ ရှာကြံပြောတတ်တဲ့ ငါ့ကို ခင်မင်ခဲ့ဖူးတဲ့ ငါ့သူငယ်ချင်းလေးတွေကို သိပ်လွမ်းမိတယ်…

နောက် ငါသိပ်လွမ်းနေတဲ့ ငါ့ရဲ့ သီချင်းရှင်လေးလဲ ရှိသေးတယ်… ညတိုင်း သီချင်းဆိုပြတတ်တယ်.. တခါတလေ တိုးတိုးလေး တခါတလေ အကျယ်ကြီး… ညတိုင်း ညတိုင်း သူ့သီချင်းသံနဲ့ ငါ အိပ်ပျက်ခဲ့တယ်… ဒါပေမဲ့ ပျော်တယ်.. တခါတလေ ချစ်သုဝေရဲ့ အဖြူရောင်လေးပါကို ဆိုပြရင် ငြိမ်ပီး နားထောင်နေတတ်တယ်.. နောက် အကြင်နာစစ်ရင်.. သီချင်းတွေကို တခါတလေ အတူတူဆိုဖြစ်တယ်… သီချင်းစာသားတွေ ဆိုနေရင်း မှားသွားလို့ ရီသံကြားတာနဲ့ စိတ်ကောက်ဖို့ အသင့်ပြင်မိတယ်… အဲ့တာဆို မသိချင်ယောင်ဆောင်ပီး ရယ်စရာတွေ ပြောပြတတ်တယ်… အဲ့တာဆို ကြာရှည်တင်းမထားနိုင်ဘဲ ရီမိတော့တာပဲ… အမြဲပြောတတ်တဲ့ စကားတစ်ခွန်းက ဘာပဲပြောပြော ရီနေတာပဲတဲ့.. ရီနေတာက ချစ်ဖို့ကောင်းတယ်ဆိုပဲ….. ဟုတ်တယ် အခု ငါ ရီနေတာပဲ.. စိတ်ညစ်နေရင်လဲ အမြဲရီနေတတ်တယ်.. ငိုချင်လာရင်တောင် ရီမိသေးတယ်.. ရီတာက ငါ့ရဲ့ သင်္ကေတပဲလေ.. အမြဲ ရီသံစွတ်ပီး စကားပြောတတ်လို့ တချို့လူတွေဆို ငါ ဘာပြောလိုက်သလဲတောင် တခါတလေ နားမလည်လိုက်ဘူး..

အခု ငါ သီချင်းနားထောင်နေတယ်.. တခါတလေ ငါ သီချင်းညည်းတယ်.. တခါတလေ သီချင်းအကျယ်ကြီး အော်ဆိုပစ်လိုက်တယ်… သီချင်းသံတွေက ငါ့စိတ်ကို ပျော်စေတယ်.. စိတ်ညစ်တာတွေ ပျောက်စေတယ်.. ဂီတကုထုံးတဲ့... ဂီတကလဲ တကယ်တော့ စိတ်ဖိစီးမှုတွေကို တကယ့်ကိုပြေလျော့စေတယ်… စိတ်အရမ်းညစ်နေရင် သီချင်းညည်းလိုက်တယ် သီချင်းဆိုလိုက်တယ်.. သီချင်းတွေက ငါ့အတွက် အဖော်ပဲ.. ငါ နင်တို့ကို လွမ်းရင် သူငယ်ချင်းသီချင်းနားထောင်မယ်.. ချစ်သူကို လွမ်းရင် ချစ်သူတမ်းချင်း သီချင်းတွေရှိတယ်.. အိမ်ကို လွမ်းရင် အိမ်သီချင်း… ကဲ ကြည့်ဦး အမျိုးစုံလင်လှတဲ့ သီချင်းတွေ.. ကြိုက်တဲ့ သီချင်း ကြိုက်တဲ့အချိန် နားထောင်လို့ရတယ်… အခု ငါ သီချင်းနားထောင်နေတယ်.. ကျေးဇူးပြုပီး ဘာသီချင်းလဲ မမေးပါနဲ့.. အခု ငါ သီချင်းနားထောင်နေတယ်…

ပြည့်စုံ
(၂၆-၉-၂၀၀၉၊ ၈း၅၆ pm)

11 comments:

  1. သူငယ်ချင်းရေ........
    ယူနားထောင်တဲ့ သီချင်းလေး အရမ်းသိချင်တာပဲဟာ။
    တိုးတိုးလေး ပြောပြနော်။ ဟိဟိ
    သီချင်းချစ်သူရေ.....
    ကိုယ်လဲ သီချင်းလေးတွေ ချစ်ပါတယ်။

    ReplyDelete
  2. ခင့်ကို လွမ်းရင်ကော ဘာသီချင်းဆိုမှာလဲ?
    :P
    အနော်က ချစ်ဖို့ကောင်းတယ်။ စိတ်မညစ်ပါနဲ့။ သီချင်းတွေခုဆိုပြီးဘီမလား။
    smile!!

    ReplyDelete
  3. သီချင်းချစ်တဲ့၊ သူငယ်ချင်းတွေကိုချစ်တဲ့၊ ချစ်သူကိုချစ်တဲ့ .. ချစ်သူငယ်ချင်းလေး ပျော်ရွှင်ကြည်နူးစွာနဲ့ အမြဲပြုံးပျော်ပြီး ရီမောနိုင်မယ့်အချိန်တွေကို အများဆုံးပိုင်ဆိုင်နိုင်ပါစေ...

    ချစ်တဲ့ ဖြူ

    ReplyDelete
  4. ဝက်ဝံလေးSeptember 26, 2009 at 9:24 AM

    အနော်ရယ် ဖတ်လိုက်တယ် ရင်ဘတ်ထဲ ဆို့ဆို့ကြီးလို ခံစားလိုက်ရတယ် ဘာလို့လဲမသိဘူး အနော် စာရေးကောင်းလို့ နေမှာနော် ဒါမှမဟုတ် ဝံလေးလဲ သူငယ်ချင်းတွေကို သတိရလို့ နေမှာနော် သိတော့ဘူး အနော်ရယ် ဝံလေး လုပ်တာလေး ပြောပြရမလား ဘာလဲ ဆိုတော့မရီနဲ့နော် ဝံလေး တယောက်တည်း စကားးတွေ ပြောနေတယ် သိလား ဘယ်သူမှ မရှိတဲ့ အခန်းထဲမှာ တယောက်တည်း စကားတွေ ပြောနေတယ် ဝံလေးကို ရူးတယ်လို့တော့ မပြောပါနဲ့ ဒီစာကို ရေးနေရင်းနဲ့တောင် မျက်ရည်တွေ ဝဲလာတယ် အနော် လျော်ပေး ဝံလေး မျက်ရည်ကျတာ အနော်ရေးထားတဲ့ စာကြောင့် အီးးးးဟီးးးးးးး

    ဘိုင် တာ့တာ

    ReplyDelete
  5. သူငယ်ချင်း ချစ်တဲ့ ...သူငယ်ချင်း အနော်ရေ ... သီချင်းတွေ သိပ် ကြိုက်တာပဲနော် ..... ကျနော်ကတော့ မိုးတွေ ရွာတဲ့ညပဲ ဖြစ်ဖြစ် တစ်ယောက်တည်း အထီးကျန် တဲ့ညတွေ ပဲဖြစ်ဖြစ် မှုန်ဖွဖွ အလင်းရောင် ရှိတဲ့ အခန်းထဲမှာ ဆောင်ပုံထဲ ခေါင်းထားပြီး တိုးတိုး လေးမြည်နေတဲ့ သီချင်းနားထောင်ရတာကို ပိုကြိုက်တယ်။ ကြားတစ်ချက် မကြားတစ်ချက် စိတ်ကူးတွေရင် နဖူးပေါ်လက်တွေ တင်ပေါ့... စိတ်ခံစားမှုနဲ့ အလိုက် သီချင်းပြောင်းကြိုက်တတ်သလို သီချင်းဆို ဘယ်တစ်ပုဒ်မှ ကောင်းကောင်းမရလို့  စိတ်လွတ်ကိုယ်လွတ် အော်မိတဲ့အခါ အမြဲ အရယ်ခံရတယ်လေ .... ဟဟ :D .... တစ်ခါတစ်လေ ဘယ်သူမှ မကြားဘူးတဲ့ ရှေးသီချင်းတွေ ထထအော်တတ်လို့  တစ်မျိုးပါ လားဟ ဆိုပြီး အပြောခံရ အကြည့်ခံရ တတ်တယ် .....
    သူငယ်ချင်းတွေ သီချင်းဆိုတဲ့အခါ အစမှာ စိတ်ပါလက်ပါ နားထောင်တတ်ပေမယ့် နားပူလာရင်တော့ ခပ်အေးအေးထိုင် လို့ ရတဲ့နေရာမှာ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကို ညည်းနေမိ တယ် ...... သီချင်းက ကျနော်နဲ့ နည်းနည်း တစိမ်းဆန်သလို ပဲ .....
    ဂီတဟာ နှလုံးသားကို နေ့ စဉ်ဘဝထဲမှ သဲဖုန်အညစ်အကြေးတွေကနေ ကင်းစင်အောင် ဆေးကြောပေးတယ် လို့ ဆိုကြတယ်လေ။ ဂီတဟာ သူငယ်ချင်း အနော်အတွက်တော့ မိုင်ထောင်ချီဝေးတဲ့ အရပ်က ချစ်သော သူငယ်ချင်းများနဲ့ ဆက်သွယ်ပေးတဲ့ ကြိုး မဲ့ ကြေးနန်းတစ်ခု ဖြစ်ကောင်းဖြစ်မှာပါ .....
    ခင်တဲ့
    ရန်ကုန်သား
    ပျော်ရွှင်ပါစေ

    ReplyDelete
  6. ဟယ်... စိမ်းတို့လည်း M3 သွားနေကျ... ဟာဟ.. မိန်းကလေးတွေချည်း ရှစ်ယောက်ဆို အီဖေကိုတို့အုပ်စုပဲ... ဘာလို့လည်း သိဘူးနော် သုံးလွှာကိုမပေးဘူး... အပေါ်ဆုံးအခန်းတွေက ပိုကောင်းတာ ပိုကျယ်ပြီး ပိုလည်းအသံလုံတယ်... တစ်ခါပဲရဖူးတယ်... နောက်သွားတိုင်း ၃ ထပ်က သန့်ရှင်းရေးလုပ်နေတယ်ဆိုတာချည်းပဲ သန့်ရှင်းရေးကလည်း လုပ်လုပ်နိုင်လွန်းတယ်....

    အားမငယ်ပါနဲ့ နော်ရယ်.. နော်တစ်ယောက်တည်းမဟုတ်ဘူး.. စိမ်းလည်း ဒီမှာ တစ်ယောက်တည်းပါ... သူငယ်ချင်းလည်းမရှိဘူး ဆွေမျိုးသားချင်းလည်းမရှိဘူး... တစ်ယောက်တည်းမှ တကယ့်တစ်ယောက်တည်း... အရိပ်တောင်မရှိဘူး... ဟာ ဟ.. ဘီလူးမဖြစ်နေပြီလား မသိဘူး... :P

    ReplyDelete
  7. အနော်လေးရေ...စိတ်မကောင်းလိုက်တာ... ဒီလိုပါဘဲကွယ်... ရေကြည်ရာမြက်နုရာကို ရှာဖွေရင်း... အမြတ်မရခင် ...ရင်းလိုက်ရတဲ့ အရင်းအနှီးက ... ဘဝတခုလုံး

    ReplyDelete
  8. အနော်ရေ လာဖတ်တယ်ဗျ စိတ်နဲ့လူနဲ့မကပ်လို့ ဘယ်ရောက်လို့ ဘယ်ရောက်မှန်းလဲ မသိ အနော် စာတွေ ဖတ်ပြီးမှ သတိရလာ အရင်က အချိန်တွေပေါ့ လူငယ်တွေ ရင်းနှီးမှု့တွေ ပျော်ရွှင်မှု့တွေ ဟန်ဆောင်မှု့မပါတဲ့ အဖြူရောင်ဆက်ဆံရေးတွေ စာလေးကို ဖတ်ပြီး ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့တယ်ဗျာ

    ReplyDelete
  9. ညီမရေ သီချင်းတွေနဲ့အတူ ပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  10. ဂီတကုထုံးလေးကို ဖတ်ရင်း ငယ်ငယ်ရဲ့ သီချင်းလေးကို ဆိုပြတဲ့ ဒီအသံလေးကို အမြဲတမ်းအမှတ်တရ သိမ်းထားပါ့မယ်....

    ReplyDelete
  11. ရင်ဖွင့်ချင်တယ်...ရှာနေတုန်းပဲ
    စကားလုံးတွေကကောင်းကင်မရှိတော့ဘူးတဲ့

    ReplyDelete