Monday, November 16, 2009

အသားဓာတ်

ညီလေးရေ
မင်းမမေ့သေးတဲ့ ငါတို့ရဲ့မှတ်ဥာဏ်တွေ
ရင်ဘတ်ထဲ လတ်လတ်ဆတ်ဆတ်ကြီးရှိသေးတယ်
မျက်နက်ဝန်းလေးနဲ့ မင်းအပြုံး
ယုံကြည်မှုတွေနဲ့ လင်းလက်နေတုန်းကပေါ့
တို့တတွေ အသားဓာတ်အာဟာရတွေနဲ့
လက်တွေကို ခိုင်ခိုင်တွဲ
မနက်ဖြန်များစွာအတွက် အားသစ်တွေ မွေးခဲ့ဖူးတယ်

ညီလေးရေ
ငါတို့တွေ ထူးအိမ်သင်ရဲ့သီချင်းတွေ သီဆိုခဲ့ကြတယ်
အိမ်ရှေ့က ဝရန်တာလေးမှာ မအိပ်ဘဲ အသိပညာတွေ ဖလှယ်ခဲ့ကြတယ်
ကစားနည်းမျိုးစုံထဲ အောင်ပွဲရတဲ့အထိ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြတယ်
အောင်ပွဲတွေ အလီလီရတော့ လက်ခုပ်သံတွေနဲ့ ပျော်မြူးခဲ့ကြတယ်
ထမင်းစားဝိုင်းတွေမှာ လက်ရည်တစ်ပြင်တည်း မြိန်ရေယှက်ရေ စားခဲ့ကြတယ်

ညီလေးရေ
နာဂစ်မုန်တိုင်းအပီး မင်းတို့စောင်တွေ ရေလျှော်ပစ်တယ်ကြားတုန်းက ဟားတိုက်ရီမောကြတယ်
အိမ်ဘေးက သရက်ပင်ကြီးလဲသွားတော့ ချဉ်စုတ်စုတ် သရက်သီးတွေ စားခဲ့ကြတယ်
နပ်တစ်လှည့် ပြတ်တစ်လှည့် ညစာတွေထဲ ဗယာကြော်နဲ့ နှစ်ပါးသွားခဲ့ကြတယ်
လက်ဖက်ရည်တစ်ခွက်နဲ့ မနက်စာ အနပ်တွေကို လဲခဲ့ဖူးတယ်
ကားခတွေ ဈေးကြီးလို့ ရထားချိန်ကို နောက်ကျခံပီး စောင့်ဆိုင်းဖူးတယ်
ချစ်သူထားချင်ပေမဲ့ အပျော်တွေချည်း မပေးနိုင်လို့ အဆွေးသမားဘွဲ့ခံယူဖူးတယ်

ညီလေးရေ
ကော်ဖီဖျော်တိုင်း လက်ညိုးတစ်ချောင်း အမြဲထောင်တတ်တာ အမှတ်ရတယ်
အရာရာ လူကြီးဆန်ပီး စေ့စပ်ညှိနှိုင်းတတ်တဲ့ ငါ့ညီလေးကို သတိရတယ်
နှုတ်ခမ်းထူပြည့်ပြည့်လေးနဲ့ သားကလေလို့ အမြဲပြောတတ်ခဲ့တာ အောက်မေ့မိတယ်
သတိရခြင်းရဲ့ အခြားတစ်ဖက် ဟိုမှာဘက်မှာ မှောင်မည်းတိတ်ဆိတ်မှုတွေချည်း ရှိနေနိုင်မလား
မြူတွေနဲ့အုံ့ဆိုင်း မှုန်မှိုင်းနေတဲ့ ကမ္ဘာတစ်ဖက်မှာ မင်း ဘုရားစာရွတ်နေမလား
ရာသီဥတု မကြည်လင်ဘဲ တောခွေးအူသံတွေကြားရင် မင်း ကြောက်နေမလား
ကံကြမ္မာဆိုတာ ကြံကြံဖန်ဖန်ဖြစ်တတ်တဲ့တရားတွေပါလို့ ပြောရင် မင်း ရီနေမလား

ညီလေးရေ
အိပ်မက်မြစ်ရဲ့ ကမ္ဘာတစ်ဖက်ခြားမှာ မင်း အားတင်းထားပါဦး
မင်းကြားချင်တဲ့ စကားလုံးတွေ ပြောနိုင်ဖို့
ငါတို့ရဲ့အားအင်တွေကို ထပ်တိုးလိုက်မယ်
ဟိုမှာ ကမ္ဘာတစ်ဖက်ခြားမှာ မင်း စိတ်မပျက်စေရပါဘူး
မင်းထားခဲ့တဲ့ မင်းမက်ခဲ့ဖူးတဲ့ အိပ်မက်တွေနဲ့
မင်းတပ်မက်ခဲ့တဲ့ မင်းရဲ့မျှော်လင့်ချက်တွေအတွက်
တို့တတွေရဲ့ အသားဓာတ်တွေနဲ့ အားတက်စေရပါမယ်

ပြည့်စုံ
(၁၆-၁၁-၂၀၀၉၊ ၁း၀၀ am)

(ကိုထူးအိမ်သင်ရဲ့ ညီလေးရေ သီချင်းကို နားထောင်ရင်း သတိရမိတဲ့ မောင်ငယ်လေးတွေအတွက် ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ.. သူတို့အကြောင်းကို လူငယ့်အတွေးပို့စ်မှာ ဖော်ပြထားပါတယ်ရှင်)

6 comments:

  1. ပရိုတင်းဓာတ် ရင်ဖွင့်သံလေး နားဆင်သွားတယ် အနော်ရေ..

    yu ya

    ReplyDelete
  2. ညီလေးအတွက် အားတက်စေမဲ့ ကဗျာလေး လာဖတ်သွားတယ် ညီမလေးရေ....

    ReplyDelete
  3. လက်ဖက်ရည်တစ်ခွက်နဲ့ မနက်စာ အနပ်တွေကို လဲခဲ့ဖူးတယ်

    ကားခတွေ ဈေးကြီးလို့ ရထားချိန်ကို နောက်ကျခံပီး စောင့်ဆိုင်းဖူးတယ်

    ကံကြမ္မာဆိုတာ ကြံကြံဖန်ဖန်ဖြစ်တတ်တဲ့တရားတွေပါလို့ ပြောရင် မင်း ရီနေမလား

    ညီမလေးရေ အဲဒီစာသားလေးတွေ ဖတ်ရတော့ စိတ်ထဲမှာ ပါးပါးလေး ဖြတ်ပြေးသွားတယ်။ဒီစာသားတွေက အလွယ်တကူတွေးလို့ မရနိင်ပါဘူး
    ဒါတွေက ဘ၀ ကို ရေဆန်ပြီး ဖြတ်ကျော်လာမှ ရလာနိင်တယ်လေ။

    သေချာတာ အရင်ကဗျာတွေထက် ပိုပြီး သေသပ်လှပ ကောင်းမွန်လာတယ်။

    ReplyDelete
  4. လောကဓံ ကို ဆက်လက်ရင်ဆိုင် တောင့် ခံနိုင်သွားဖို့  အင်အားဓါတ်ကို အသားဓါတ်
    ဆိုတဲ့  သဘောနဲ့  နှိုင်းဖွဲ့ ထားတယ်လို့ တော့  မြင်မိပါတယ်၊ဟုတ်တယ်ဟုတ်....
    နာဂစ် မုန်တိုင်းပြီးတော့  စောင်တွေ ထုပ်လျှော်တယ်ဆိုတဲ့  အရေးအဖွဲ့ လေးက
    တွေးဖွဲ့ မယ်ဆိုရင် အဆွေးဖက်ကို ပိုလို့ တောင်ရောက်နိုင်ပါတယ်လို့ ...။

    ReplyDelete
  5. ညီမရေ ကဗျာလေးလာဖတ်သွားပါတယ်။ပြန်လဲရောက်နေပြီ။ စာငဟောင်းတွေလဲ လာဖတ်ဦးမယ်ဗျာ။

    ReplyDelete
  6. အားတွေရှိသွားပြီ အနော်လေးရေ....

    ReplyDelete