Tuesday, December 29, 2009

ခေါင်းစဉ်တပ်ခွင့်မရတဲ့ည

ဟောဒီညပေါ့
အထီးကျန်နေတဲ့ လမင်းပျိုကို
အရာရာခွင့်လွှတ်နားလည်တတ်တဲ့
ကောင်းကင်ပြင် အကိုကြီးက
ရင်တွင်းဖြစ် ကဗျာတွေ
အန်ရွတ်ပြနေခဲ့တယ်

ဟောဒီညပေါ့
ဘဝတစ်ခုရဲ့ အမှားအယွင်းကို
အချစ်က စကားတစ်ခွန်းတည်းနဲ့ပဲ
ရင်တွင်းကို လှစ်ပြပြီး
စိတ်ကူးယဉ်တတ်အောင်
သွန်သင်ပြခဲ့တယ်

ဟောဒီညပေါ့
မာနတွေနဲ့အလျှံတညီးညီး
စိတ်ကူးယဉ်တွေမှုချည်းရှိနေတဲ့
အနိစ္စမသိတဲ့
လူ့သဘာဝအတွင်းမှာကိုပဲ
ဂုဏ်ရှိန်တွေနဲ့မြူးနေခဲ့တယ်

ဟောဒီညပေါ့
အိပ်မက်တွေ အခိုးခံရတဲ့
နွေလယ်ညဥ့်ရဲ့ ရင်ခုန်သံတွေကို
ဆောင်းဦးပေါက်နံနက်ခင်းကျမှ
နိုးတစ်ဝက်အသိနဲ့
စားမြုံ့ပြန်ခွင့်ရခဲ့တယ်

ဟောဒီညပေါ့
ဝိုင်ချိုတစ်ခွက်နဲ့
ကိုယ့်မျက်ရည် ကိုယ်အမြည်းလုပ်ရင်း
မျှော်လင့်ချက်တွေနဲ့လုံးပန်း
ရုန်းကန်နေရတဲ့ ရှင်သန်မှုထဲ
ပျော်မက်ခဲ့ရတယ်

ဟောဒီညပေါ့
ကံဆိုးမှုတွေ အရေဖျော်ပီး
တောက်ပနေအောင် တိုက်ချွတ်ထားတဲ့
ပလက်တီနမ်ရောင် အနာဂတ်တွေအတွက်
လေပေါ်မှာ တိုက်အိမ်ဆောက်ခွင့်
ကံစွတ်ပြီး ရခွင့်ရှိခဲ့တယ်

ဟောဒီညပေါ့
လွမ်းမောဖွယ် ဆည်းဆာခင်းရဲ့
ရွှေအိုရောင် ညနေခင်းတွေမှာတောင်
တစ်ပင်လုံးဝေ့ဝဲနေတဲ့
ရွက်ကြွေတောတွေရဲ့အလယ်
အချစ်တွေနဲ့ မျောနေခဲ့တယ်

ဟောဒီညပေါ့
စိုပြေစိမ်းလန်းနေတဲ့
သစ်ပင်တောအုပ်ရဲ့နံဘေး
စမ်းချောင်းငယ်စီးဆင်းနေတုန်းမှာ
လွတ်မြောက်လိုတဲ့ စိတ်ဇောအဟုန်နဲ့
ရွှေငါးငယ်ကူးခတ်နေခဲ့တယ်

ဟောဒီညပေါ့
မြစ်အစင်းပေါင်းများစွာရဲ့
အဆုံးသတ်ရာ ရေလျဉ်ကြောမှာ
လွမ်းမောဖွယ် အနားသတ်ရှိတဲ့
ပင်လယ်ကမ်းစပ်ရဲ့နံဘေးမှာပဲ
ချစ်ခြင်းအတွက်တေးသီခဲ့တယ်

ပြည့်စုံ
(၃၀-၁၂-၂၀၀၉၊ ၁၂း၅၃ pm)

4 comments:

  1. မာနတွေနဲ့အလျှံတညီးညီး
    စိတ်ကူးယဉ်တွေမှုချည်းရှိနေတဲ့
    အနိစ္စမသိတဲ့
    လူ့သဘာဝအတွင်းမှာကိုပဲ
    ဂုဏ်ရှိန်တွေနဲ့မြူးနေခဲ့တယ်

    ဟုတ်လိုက်လေ ညီင်္မအနော်ရေ။

    ReplyDelete
  2. ဘ၀တစ်ခုရဲ့ အမှားအယွင်းကို အချစ်က စိတ်ကူးယဉ်တတ်အောင် သင်ပြခဲ့တယ် တဲ့လား....ဟုတ်မှာပေါ့နော်...။
    ကိုယ်ကတော့ အမှားမှန်း သတိမထားခဲ့မိဘူးလေ...။
    ရုံးမှာ ခေါင်းစားနေတုန်း ကဗျာကောင်းလေးဖတ်လိုက်ရတာ ကျေးဇူး...:)

    ReplyDelete
  3. ဟောဒီညပေါ့
    ၂၀၀၉ ရဲ့ နောက်ဆုံးညလေ
    ဘာပဲဖြစ်ဖြစ် နှစ်သစ်မှာတော့ နာမည်တပ်ခွင့်ရတဲ့ ညတွေ ကြုံလာမှာပါလေ ......။
    ညီမလေးရေ နှစ်သစ်မင်္ဂလာဖြစ်ပါစေနော်

    ReplyDelete
  4. ခေါင်းစဉ်တပ်ခွင့်မရပေမယ့် စိတ်ကူးရင်ခွင့်တော့ ရခဲ့တယ် မလား အနော် .... စကားလုံးတွေသန့် ပြီးလှလာတယ်ဗျ မတွေ့ တာ ကြာလို့ နဲ့ တူတယ် ကဗျာဆရာတွေဟာ ခံစားချက်ပြင်းလေ ကဗျာအစပ်တွေကလည်း လှလေလို့ ဆိုတယ်မဟုတ်လား ....မင်္ဂလာ နှစ်သစ်ပါ သူငယ်ချင်းအနော်ရေ ... ဒါနဲ့ ဝိုင်ကို မျက် ရည်နဲ့ အမြည်းလုပ်ပုံလေး ပြောပြပါဦး :P
    ခင်တဲ့
    ရန်ကုန်သား :))

    ReplyDelete