Tuesday, February 15, 2011

ကြယ်ကြွေညနဲ့ လက်ရှိဘဝ

ကျမတို့တွေမှာ သံယောဇဉ်လျော့ပါးစ ပြုလာနေကြပြီလား..
လူတစ်ဖက်သားကို လွယ်လင့်တကူ ချစ်ကြင်နာစိတ်တွေ လျော့ပါးလာနေပါသလား..
ယုံကြည်မှုမှာတောင် မျက်စိမှိတ်ယုံကြည်လိုက်ရမှုတွေ များနေပါသလား..
ဝေခွဲမရတဲ့ ဒွိဟစိတ်တွေ တပုံတပင်နဲ့ အထီးကျန်စိတ်တွေ ပိုပိုတိုးလာနေပါသလား…
၂၄ နာရီကြောင့်သာ တရက်ပြည့်ပြည့်သွားသော အချိန်တွေ နေ့ရက်တွေ များများလာနေပါသလား…

လူမှုရေးဝက်ဘ်ဆိုက်တွေနှင့် အွန်လိုင်း အင်တာနက်ဂိမ်းတွေပေါ်မှာသာ လူတွေဟာ စွဲလမ်းစိတ်တွေ များလာနေပြီလို့ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်.. တကယ်တမ်းရော လူတွေဟာ အဲ့ဒီလို နေရာတွေမှာ အရူးအမူး စွဲလမ်းနေကြပါသလား..

အွန်လိုင်းပေါ်မှာပင် ဖတ်မိသော နောက်သတင်းတပုဒ်က မိမိရင်သွေးငယ်ကို ရေချိုးဇလုံအတွင်းမှာ တယောက်တည်းထားပစ်ခဲ့ပီး လူမှုရေးဝက်ဘ်ဆိုက်အတွင်းက သူငယ်ချင်းတွေရဲ့ဓာတ်ပုံတွေကို စိတ်ဝင်တစားကြည့်ရှုနေမိတဲ့အတွက် ရင်သွေးငယ်ကို ဆုံးရှုံးခဲ့ရတဲ့ မိခင်တစ်ဦးရဲ့အကြောင်း…

ဒါတွေ ဘာကြောင့် ဖြစ်လာနေပါသလဲ…

အယောက်စီ အယောက်စီတိုင်း ကိုယ်စီ ကိုယ်စီတိုင်းရဲ့ စိတ်အတွင်းနာကျင်မှုတွေ အထီးကျန်မှုတွေနဲ့ ဝမ်းနည်းမှုတွေ တိုးတိုးလာနေသည့် အခုအခါ သည်ဘဝတွေမှာ ဘာတွေက နာကျင်စေသလဲ ဘာတွေက ပျော်ရွှင်စေပါသလဲ…

စွဲလမ်းစိတ်တွေ ပိုများလာသည့်အခါ ဆုံးရှုံးရမှုပိုများလာတတ်သည့် လောကဓံတရားတွေအရ ကျမတို့တွေ စွဲလမ်းမှုတွေကို တိုးလာမှာကိုလဲကြောက် လျော့ပါးသွားမှာကိုလဲကြောက်နဲ့ နောက်ဆုံးတော့ အစိမ်းရောင်ကမ္ဘာကြီးထဲ တကိုယ်တည်း ပုန်းအောင်းနေမှုတွေ များလာနေခဲ့တယ်ဆိုရင် မှားများမှားနေမလား…

လက်တွေ့ကမ္ဘာရဲ့ လူမှုဘဝ ထိုးနှက်ချက်တွေ၊ တာဝန်တွေ၊ ဝတ္တရားတွေနဲ့ ထိန်းချုပ်ရမှုတွေ၊ စိုးရွံ့မှုတွေ၊ စည်းတွေ ဘောင်တွေကို စိတ်ကုန်လာမိတဲ့အခါ …

လက်တွေ့မကျတဲ့၊ ကိုယ့်ကိုယ်ကို ပုန်းဝှက်ထားလို့ရနိုင်တဲ့၊ စိတ်တူကိုယ်တူ လူတွေကို ရှာဖွေလာနိုင်တဲ့ Virtual World လေးတွေထဲမှာ ပျော်မွေ့လာနေတဲ့သူတွေထဲ ကိုယ်လဲ တယောက်အပါအဝင် ဖြစ်လာသောအခါ..

အဲ့ဒီ virtual world လေးထဲမှာကို ကိုယ့်ကိုယ်ကို ပုန်းအောင်းနိုင်သမျှ ပုန်းအောင်း၊ ကိုယ့်ကိုယ်ကို သိမ်းဝှက်နိုင်သမျှ သိမ်းဝှက်ထားချင်မိတဲ့အခါ…

ကျမတို့တွေ အင်တာနက် အွန်လိုင်းတွေပေါ်မှာ ဂျီမေးလ် ဂျီတော့တွေနဲ့ ဖေ့ဘွတ် တွစ်တာ အစရှိတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာ ရှိနေပေမဲ့ .. အချိန်ပြည့် အမြဲတမ်း အွန်လိုင်းသုံးနေတယ် ဆိုပေမဲ့ တယောက်နဲ့ တယောက် စကားမပြောဖြစ် မက်ဆေ့ခ်ျမပို့ဖြစ် မေးလ်မပို့ဖြစ်ခဲ့ကြတာ ဘယ်လောက်များ ကြာမြင့်နေကြပြီဖြစ်ပါသလဲ…

အနီးစပ်ဆုံးပြောရရင် ဂျီတော့တွေပေါ်မှာ အစိမ်းရောင်ပြထားနေတာတောင် ကိစ္စ အကြောင်းခြင်းရာ တစ်စုံတစ်ရာ မရှိဘဲ hi, hello လောက်တောင် မပြောဖြစ်တဲ့ သူငယ်ချင်းတွေ ဘယ်လောက်များ ရှိနေပါပြီလဲ…

ကျမတို့တွေဟာ တယောက်နဲ့တယောက် မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေက တဆင့် သူစိမ်းပြင်ပြင်ဖြစ်သွားခဲ့သော သူငယ်ချင်းတွေ ဘယ်လောက်များရှိနေပါပြီလဲ..

တကယ်တော့ ကျမတို့တွေဟာ လက်တွေ့ဘဝကနေ အတုအယောင်ကမ္ဘာလေးဆီ ပြေးဝင်ခိုလှုံကြတာချင်းတော့ တူညီနေကြမှာပါ.. အဲ့ဒီနေရာမှာ ကျမတို့တွေကို ဆက်သွယ်ထားတာက မျက်စိနဲ့ မမြင်နိုင်တဲ့ ကြိုးလေးတွေနဲ့ပေါ့… အဲ့ဒီကြိုးလေးတွေဟာ မျက်စိနဲ့ မမြင်ရနိုင်ပေမဲ့ .. မမြင်ရပေမဲ့ ရှိနေတယ်လို့ သိနေနိုင်တဲ့ ကြိုးလေးတွေပေါ့…

ဒီ virtual world လေးထဲမှာ အဲ့ဒီကြိုးလေးတွေဟာ တခါတလေတော့လဲ ထင်ထင်ရှားရှား တခါတလေတော့လဲ မှေးမှေးမှိန်မှိန်… တခါတလေတော့လဲ အစိမ်းလိုက် ပြတ်တောက်သွား.. တခါတလေတော့လဲ ခလုတ်တိုက်မိမှ အလန့်တကြား…

ကျမ သူငယ်ချင်းတယောက်နဲ့ စကားလက်ဆုံကျမိတဲ့ ရှားရှားပါးပါး ညခင်းလေး တခုပါ… သူမက ကျမကို hello တလုံး ရိုက်လိုက်တဲ့အခါ ကျမတို့ သံယောဇဉ်တွေ ပြန်လည်အသက်ဝင်လာခဲ့ပါတယ်..

တကယ်တော့ သူမနဲ့ ကျမဟာ ကျမတို့ရဲ့ gtalk list ထဲမှာ အချိန်အကြာကြီးရှိနေပေမဲ့ အွန်လိုင်းပေါ်မှာ စိမ်းနေတာချင်း တူနေပေမဲ့ စကားစမြည်မပြောဖြစ်ခဲ့တာ တော်တော်ကြာနေပီ ထင်ပါရဲ့…

ကျမတို့နှစ်ယောက် စကားစမြည်ပြောဖြစ်ရင်း သူမကို ကျမ မှတ်မှတ်ရရ ပြောမိတဲ့ စကားတခွန်းက ..

တကယ်တော့ ငါတို့တွေဟာ ကြိုးတွေလို ဖြစ်နေမှာ… ချည်တုန်း ခနသာ ခိုင်နေတယ်လို့ ထင်နေတာမျိုး၊ ဆက်သွယ်မှုဆိုတာကတော့ အဲ့ဒီကြိုးလေးတွေကို ကိုယ်က လွှတ်ချလိုက်တာပဲဖြစ်ဖြစ် သူတို့ဘက်က ဖြတ်ချလိုက်တာပဲဖြစ်ဖြစ် ပြတ်သွားတာမျိုးနေမယ်လို့….

ကျမတို့တွေ တင်းထားလွန်းတဲ့အတွက် ပြတ်ထွက်သွားတဲ့ ကြိုးလေးတွေကို ပိုင်ဆိုင်ခဲ့ဖူးမှာဖြစ်သလို လျော့ရဲရဲထားခဲ့မိတဲ့အတွက် ပြတ်သွားတာတောင် မသိလိုက်ရတဲ့အဖြစ်မျိုးတွေရော… လိုအပ်တဲ့အခါမှ ကိုယ့်ကြိုးလေးကို ခလုတ်တိုက်မိလို့ စကားစမြည်ပြောဖြစ်ခဲ့တဲ့ အကြိမ်ရေတွေ ဘယ်လောက်များ များနေပါပြီလဲ…

ကျမရဲ့ mail box ထဲကို စာမရောက်တာ တော်တော်ကြာနေပီ ထင်ပါတယ်.. ကျမရဲ့ ပါစင်နယ်ဂျီမေးလ်အကောင့်ထဲကို သတိရတဲ့မေးလ်တစ်စောင်မှ ရောက်မလာသလို ကျမကလဲ သတိတရ ဘယ်သူ့ဆီကိုမှ မေးလ်မပို့ဖြစ်ခဲ့တာ ကြာနေပီ…

အလုပ်ကိစ္စနဲ့ အလုပ်အတွက်သာ သီးသန့်သုံးတဲ့ မေးလ်မှာတောင် မဖြစ်မနေ Report ပို့ရမယ့် ကိစ္စနဲ့ ပြန်လည်ဖြေရှင်းပြရမယ့်ကိစ္စတွေ အတွက်သာ မေးလ်ပို့ဖြစ်ခဲ့တာ..

အသားကျနေတဲ့ လက်တွေကသာ အီးမေးလ်အကောင့်နာမည် ပတ်စဝပ်တွေကို ရိုက်ထည့်နေမိတာ

ကိုယ့်ရဲ့ Inbox မှာ စာတစောင်မှ အသစ်ရောက်မလာတဲ့ မေးတွေကို မပျင်းမရိဖတ်နေဖြစ်ခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ…

ဂျီတော့ပေါ်မှာ အစိမ်းရောင် တခါတလေတော့လဲ အနီရောင် တခါတလေတော့လဲ လိမ္မော်ရောင်ပြောင်းထားပြီး အွန်လိုင်းပေါ်မှာ ယောင်ချာချာလုပ်နေဖြစ်ပေမဲ့ စိမ်းနေလို့လဲ Available မဟုတ်သလို နီနေလို့လဲ busy နေတာမဟုတ်ဘဲ ကြုံရာသင့်ရာ ပြောင်းထားနေတဲ့အကြိမ်ရေ များလာနေတဲ့အခါ…

လက်တွေ့ကျတဲ့ ဘဝတွေကနေ ခနတဖြုတ် ရှောင်ရှားခွင့်ရတဲ့ နေရာလေးတွေမှာတောင် ပျင်းရိမှုတွေနဲ့ စိမ်းကားသွေဖယ်ခြင်းတွေ ခံလာရသောအခါ..

လက်တွေ့ကျတဲ့ ဘဝတွေဆီကို တဖန် စောင်းငဲ့ကြည့်မိပြန်တယ်

မနက်မိုးလင်း ပီးတော့ နေ့လယ် ခနနေတော့ ညနေစောင်း အိပ်ဖို့ မျက်စိမှိတ်တဲ့အချိန်ဟာ သန်းခေါင်ယံ ည ၁၂ နာရီထက်တော့ အသာလေး လွန်နေခဲ့တဲ့အကြိမ်ရေ များလာနေတဲ့အခါ…

ပြုံးပြဖို့ အားယူရသည်.. ရယ်ပြဖို့ နှုတ်ခမ်းဟရသည်.. နှုတ်ဆက်စကားဆိုဖို့ နှုတ်ဖျားကို ပေါ့ပေါ့ပါးပါး ထားရသည်.. ကြိုတင်ပြင်ဆင်ရတဲ့ အကြိမ်ရေတွေ များလာနေခဲ့ရသည်..

ဖုန်းဆက်တဲ့အခါတွေမှာ လိုရင်းကိုဖြတ်ပီး မပြောဖြစ်ဖို့၊ အလ္လာပ သလ္လာပ ပြောဖို့၊ ပဋိသာရ စကားဆိုဖို့၊ ပီယဝါစာ ချိုသာသော စကားဆိုဖို့၊ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အတွင်းကျကျ မေးမြန်းဖို့၊ မလိုအပ်ဘူးဟု ကိုယ်ထင်နေသည့် စကားလုံးတွေကို မပြောမဖြစ်ပြောရဖို့ အားထုတ်ရသည့် အကြိမ်ရေ များလာနေသည့်အခါ…

ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင်နေသည့်အချိန်တွေထဲကနေ လူစုစုကြားထဲ စကားများများပြောဖို့ ကြိုးပမ်းရသည့်အခါ၊ သူတို့ နှစ်သက်လောက်မည့် သတင်းစကားမျိုး ကိုယ့်နှုတ်ဖျားက ပေါ့ပေါ့ပါးပါး ပြောနိုင်ဖို့ ကြိုးပမ်းရသည့်အခါမျိုးတွေမှာ…

ကိုယ့်အလုပ်ကိုပဲ မျက်စိမှိတ်လုပ်မနေဖို့၊ သူများတွေအကြိုက် ခေါင်းညိတ်ဖို့၊ လူတယောက်ရဲ့ အတင်းကို သူ့နောက်ကွယ်မှာ မြိန်ရေယှက်ရေပြောနေတဲ့အခါ မျက်နှာမပျက်ဘဲ နားထောင်နိုင်ဖို့၊ ဟန်ဆောင်ပန်ဆောင် မျက်နှာထားနိုင်ဖို့ ဒါတွေ များလာသည့်အခါ….

စာဖတ်ဖို့အတွက် ရွေးချယ်တဲ့အခါတွေမှာလဲ တက်ကျမ်းတွေနဲ့ မိတ္တဗလဋီကာလို လူ့အကြိုက် လူ့အထာ နောကျေနေအောင် ရေးထားတဲ့ ကျမ်းတွေကို ဖတ်ဖို့ အချိန်ပေးလာရသောအခါ….

အခုတော့ ဆရာဖြစ်ချင်နေတဲ့ လူတွေကို နာမည်ရှေ့မှာ ဆရာတပ်ပီး ခေါ်နိုင်ဖို့၊ နာမည်ကောင်းရမယ့် ကိစ္စတွေမှာဆို ကိုယ်လုပ်ထားတဲ့ အလုပ်ပေမဲ့ နာမည်လိုချင်နေတဲ့သူတွေကို နာမည်တပ်ပေးပီး ချီးကျူးစကားပြောဆိုဖို့အတွက် ဝန်မလေးတော့….

ဘယ်လို ကိစ္စရပ်တွေက မှားနေတယ်လို့ ထင်ပီး ဘယ်လိုကိစ္စရပ်တွေက မှန်နေတယ်လို့ ထင်နေပါသလဲ…
ထောက်ခံသူများနေတဲ့ ကိစ္စရပ်တွေက မှန်တာများပြီး ကန့်ကွက်သူမရှိပေမဲ့ ထောက်ခံသူလဲ မရှိသည့် ကိစ္စရပ်တွေက လူကြိုက်နည်းပီး အမှားများလာနေသောအခါ…

တချို့ကိစ္စရပ်တွေကို မှန်ချင်ယောင်ဆောင်ပီး တချို့ကိစ္စတွေကို မှားနေတယ်ဟု လက်တို့ အတင်းပြောတတ်တာများလာနေသောအခါ…

ဘာတွေကို ဘယ်လိုပြင်ဆင်ရမလဲ ဘာတွေက ဘယ်လိုနေရာတွေမှာ မှားနေခဲ့ပါသလဲ…

မနေ့ညကတော့ လသာတဲ့ ည မဟုတ်ပေမဲ့ ကြယ်တွေ စုံစုံညီညီ လင်းနေခဲ့တာကို မြင်ခဲ့ရပြီး အဲ့ဒီကြယ်တွေထဲက ကြယ်လေးတစင်း ဖြုတ်ခနဲ ကြွေကျသွားတာကို ကျမ မှတ်မှတ်ရရ မြင်လိုက်ပါတယ်..

ကောင်းကင်ပြင်ကြီးထဲကနေ ကြယ်တပွင့်ကလဲ စုတိစိတ်ကျ ကြွေပေးရမယ်.. ကိုယ်ကလဲ တိုက်တိုက်ဆိုင်ဆိုင် ကြွေသွားတဲ့အချိန်မှာ ကောင်းကင်ပြင်ကို မော့ကြည့်လိုက်မိတဲ့အချိန်လဲ ဖြစ်ရမယ်…
အဲ့ဒီလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် ကြယ်ကြွေသွားတဲ့အခါ ဆုတစ်ခု တောင်းရတယ်.. အဲ့ဒီ တောင်းတဲ့ဆုကလဲ ပြည့်တယ်ဆိုတဲ့ အဆိုဟာ ဘယ်တုန်းက ရှိခဲ့ဖူးပါသလဲ..

ရှိခဲ့ဖူးတာ ကျိန်းသေသလား မကျိန်းသေဘူးလား..

ကြယ်ကြွေတာကို မော့ကြည့်နေခဲ့တဲ့ မော့ကြည့်နေဆဲကျမ ဆုမတောင်းဖြစ်ခဲ့ပါဘူး..

တောင်းလို့ ပြည့်ရင် ဆုက တဆုတည်း ရမှာမို့လို့ လို့ တွေးမိရင် လိုချင်လောဘတွေ များလိုက်တာလို့ လှောင်ရယ်စရာများ ဖြစ်နေမလား…..

အဲ့ဒီအချိန်က အဲ့ဒီလိုအတွေးကို တွေးလိုက်မိသလား မတွေးလိုက်ဘူးလား အခုနေခါမှာတောင် ပြန်တွေးတဲ့အခါမှာ မကျိန်းသေတော့သောအခါ….



ပြည့်စုံ
(15-2-2011၊ 93း8 pm)

Friday, February 4, 2011

အိမ်ကလေး




အိပ်မက်ထဲက အိမ်ကလေးကို
အဲ့ဒီနေ့က ပြန်ရောက်ခဲ့ပါတယ်
.........

ရေနံချေးရောင်ဝနေတဲ့
ခေါင်သုံးခေါင်ရှိတဲ့ အိမ်ကလေး
ဆေးအဖြူရောင်သုတ်လိမ်းထားပီး
လှေကားသုံးထစ်ရှိတဲ့ အိမ်ပုလေး

အုန်းပင် ၄ ပင်ရဲ့အလယ်မှာ
ကျောက်စည်ကြီးချထားပီး
နွေမိုးဆောင်း ရေမပြတ်ခဲ့တဲ့ အိမ်ကလေး

အိမ်ရှေ့က ဒန့်ဒလွန်ပင်နဲ့
နောက်ဖေးက ဘူးပင်တွေကြားမှာ
တူတူပုန်းတမ်းဆော့ခဲ့တဲ့ အိမ်ကလေး

ဟိုဝင်ဒီထွက်
အခန်းတွေဖွဲ့စည်းထားတဲ့
ခန်းဆီးမရှိတဲ့ အိမ်ကလေး

နောက်ဖေးက ဖိုခနောက်အဆင့်မှာ
မီးသွေးမီးနဲ့ ဟင်းချက်နေတဲ့
အမေရှိတဲ့ အိမ်ကလေး

အိမ်အပြန်နောက်ကျတဲ့ ကလေးတွေကို
အိမ်ရှေ့က ထိုင်မျှော်တတ်တဲ့
အဖေရှိတဲ့ အိမ်ကလေး

အဲ့ဒီနေ့က အဲ့ဒီအိမ်ကလေးကို
ပြန်ရောက်ခဲ့ပါတယ်
.........

နာဂစ်ဒဏ်နဲ့
အုန်းပင်တွေ မရှိတော့တဲ့
အိမ်ကလေး

ဆူနာမီဒဏ်ကြောင့်
တခြမ်းယိုင်သွားတဲ့
အိမ်ကလေး

ရေနံချေးရောင်မရှိတော့ဘဲ
အိမ်ခေါင်တိုင်ဆွေးနေတဲ့
အိမ်ကလေး

ခြုံနွယ်တွေ ပိတ်နေပီး
ရေစီးမြောင်း မစီးတော့တဲ့
အိမ်ကလေး

အိမ်ရှေ့က ကျောက်စည်မှာ
စည်ပင်က ရေအလာစောင့်နေတဲ့
ရေမီတာတပ်ထားတဲ့ အိမ်ကလေး

သားသမီးခြောက်ယောက်
အဝေးရောက်နေတဲ့
အိမ်ကလေး

မြေးကလေး ၂ ယောက်အားကိုးနဲ့
ခြောက်တီးခြောက်တောက်
အိမ်ကလေး

တလှုပ်လှုပ်နဲ့
အမြဲမပြတ် အလုပ်လုပ်နေတဲ့
အဖေအမေရဲ့ အိမ်ကလေး

အဲ့ဒီနေ့က
အဲ့ဒီအိမ်ကလေးကနေ ပြန်လာခဲ့တယ်
..............


ပြည့်စုံ
(၄-၂-၂၀၁၁၊ ၈း၅၃ pm)

Tuesday, January 4, 2011

ကြိုလင့်ရာ

နှစ်ဟောင်းက သူ့အချိန်ကျ ထွက်ခွာသွားတဲ့အခါ
နှစ်သစ်က အစားထိုးဝင်ရောက်လာတယ်
လတွေရယ် .. ရက်တွေနဲ့ နာရီတွေရယ်
ဒီလိုနဲ့ တိတ်တဆိတ်ထွက်ခွာသွားကြမှာပဲ

နွေ မိုး ဆောင်းတဲ့
ရာသီတွေပြောင်းလဲသွားတိုင်း
မယိုင်လဲသွားတဲ့ ယုံကြည်ချက်တွေကြား
မရပ်သေးတဲ့ နှလုံးခုန်သံတွေ ရှင်သန်နေတုန်းပဲ

ဘဝတွေတဲ့
နယ်ခြားမျဉ်းရဲ့ တစ်ဖက်ကမ်းမှာ ရှိသလား
မတူညီတဲ့ ဘာသာစကားတွေကြားမှာရှိသလား
ဘယ်အရာမှ မယုံရဲဘူး.

သွေးက ရေထက်ပျစ်သတဲ့
ကျမတို့ သွေးလိုချစ်ခဲ့ကြသလား
ရေလို ချစ်ခဲ့ကြတာလား
ပြန်တွေးကြည့်တိုင်း မကျိန်းသေဘူး

ဒီဇာတ်လမ်းမှာတော့
ဒီအခန်းပီးရင် ဒီလမ်းကိုရွေးရမှာပဲ
သွားနှင့်တော့ ၂၀၁၀
လိုက်လာခဲ့မယ် မဝေးတော့မယ့် ၂၀၁၂ ဆီ


ပြည့်စုံ
(၁-၄-၂၀၁၁၊ ၁၀း၅၃ pm)

Monday, December 27, 2010

ဖြစ်ချင်မှုများ ဖြစ်မလာနိုင်သောအရာများနှင့် အဖြစ်အပျက်များ


အခုတလော စာရေးချင်စိတ် သိပ်မရှိလှ.. ဘာကိုမှ လေးလေးပင်ပင် မထမ်းထားချင်တာလဲ ပါနေသည်.. စကားသာ များများပြောချင်နေသည်.. စကားကလဲ ပြောလိုက်တာဆိုတာ.. ကိုယ်ပြောရင် နားထောင်မယ့်သူမရှိလဲ ကိစ္စမရှိလှ.. တစ်ယောက်တည်း သီချင်းတွေ အော်ဆိုပစ်လိုက်သည်.. ကဲ ပျော်စရာတော့ သိပ်မကောင်းလှ..

ဇာတ်ပေါင်းရင် အားလုံး ဘုရားလောင်း.. ကိုယ်သာ ဒေဝဒတ်လက်သစ်ဖြစ်နေတော့ကာ.. အားလုံး ကောင်းပါသည်.. ငါ သောက်တစ်ယောက်တည်းက ပုံမှန်မဟုတ်.. အဲ့လိုပဲ ခံယူထားလိုက်တော့ လူတွေလဲ သိပ်ကြည့်ချင်လှသည်မရှိ.. ကောင်မလေးချောချောလေးများနှင့် ဘဲခပ်မိုက်မိုက်များတော့ ကိုယ် ငေးမောပစ်မှားမိနေသည်.. ဝါသနာတွေ တမျိုးများ ပြောင်းလာနေသည်လား မပြောတတ်.

တခါတခါ ဆယ်ကျော်သက် ဟစိကလေးများ အကြောင်းမရှိပဲ အော်သလို.. အန်းးးးးးးးးးးး အင်းးးးးးးးးးး အူးးးးးးးးးးးးးးး အဲ့လို အာမေဋိတ်သံ ၁၆ မျိုးလောက် အကြောင်းမရှိ အော်ဟစ်ချင်နေကာ.. လက်တွေ့ မှာတော့ လက်နှစ်ဖက်ကို တင်းတင်းပိုက် မျက်မှောင်ရိုးကို အဆုံးထိချိုးပီး.. နှုတ်ခမ်းက သရော်တော် တော် ပြုံးထားလိုက်သည်.. ပြင်ပဗဟုဝုစ်မှာကို ဆရာကြီးစတိုင်..

ဒီလ.. ဒီဇင်ဘာလ.. မှတ်မှတ်ရရ ပြောရလျင်.. အခန်းအသစ်ကို စပြောင်းသည့် ၂၀၁၀ ဇွန်လ ကတည်းက ထိပ်စီးလဲ မငြိမ်.. နောက်ပိတ်ကလဲ လှုပ်တုပ်တုပ်တွေကြားထဲ.. အခန်းတွေ တခန်းပီး တခန်းငှား.. တခန်းပီး တခန်း ပြန်အပ်ရ.. အဝေးပြေးကားလမ်းနဲ့ အဝေးပြေးကားပေါ် အိမ်လုပ်ပီး အခု ဘန်ကောက်တက်လိုက်.. ချင်းမိုင်သွားလိုက်.. မဲဆောက်ကို သွားလိုက်.. မဲဆောက်ကနေ ဘန်ကောက် ပြန်လာလိုက်.. ဘန်ကောက်ကနေ ချင်းမိုင်ရောက်သွားလိုက်.. ချင်းမိုင်ကနေ မဲဆောက် ပြန်လာလိုက်.. ဒီကြားထဲ အဝေးပြေးကားစီးရင် ကိုယ်က 999 VIP ကားမှပဲ စီးသည်.. တခါတလေ မြို့အထွက် မြို့အဝင် ဂိတ်တွေမှာ ရဲတောင် မစစ်.. လောကစည်းစိမ်အပြည့်..

ဖြစ်ချင်တော့ အဲ့ဒီညက အခန်းတခန်း ပြန်အပ်ကာ အဲ့ဒီက ဒုက္ခသည်အထုပ်တွေနဲ့အတူ ဘတ် ၃၀၀ ကျော်တန် ကားကိုမှ ရွေးစီးမိသည်.. တခါဖူးမှ မမြင်ခဲ့ရဖူးသော ဘန်ကောက်ကနေ မဲဆောက်အထိ မတ်တပ်ရပ် လိုက်စီးရသော မြန်မာတိုင်းရင်းသား လူငယ်များနှင့် အင်မတန် မိုက်ရိုင်း ထွားကြိုင်းလှသော ထိုင်း ဒရိုင်ဘာ စပယ်ယာ တစ်စုံတွဲ၊ ထိုင်းချင်ယောင်ဆောင်နေသော ထိုင်းမယားငယ်မ တစ်ယောက်နှင့် ၇ နာရီမောင်းရသော အဝေးပြေးကားပေါ် အိမ်သာမပါ စောင်မရှိ ထိုင်လိုက်ခဲ့ရတဲ့အခါ လောကသဘာဝ ဒုက္ခအစစ်အမှန်ကို အသေအချာ ခံစားခဲ့ရလေသည်..

ထားတော့.. ဘဝဆိုတာ အိပ်မက်တွေ မျှော်လင့်ချက်တွေနဲ့ ပေါင်းစပ်ဖြည့်ဆည်းထားရသည်ဟု ဆိုလျင် တချို့ဘဝတွေက အိပ်မက်တောင် မက်ခွင့်မရတာတွေ ရှိသည်.. သူတို့တွေသည် သမားရိုးကျ ဖြစ်နေကျဟု သဘောပိုက်ကာ တိတ်ဆိတ်ငြိမ်သက် ငေးမော၍သာ နေသည်.. ပြန်လှန်စကားခွန်းတုန့် မဆိုသလို ညည်းညူအော်ဟစ်မနေစတမ်း..

မြန်မာတွေဟာ သောက်ပျင်းတွေချည်း.. ကြိုးစားချင်စိတ်မရှိဘူး.. ချမ်းသာရင် ပျက်စီးတာ များတယ်.. အချိန်မတိကျဘူး.. စည်းကမ်းမရှိဘူးဟုများ ပြောနေသည့် သူများနှင့်တွေ့လျင် ကြိုးစားတိုင်း အရာမရောက် ချမ်းသာတိုင်း မပျက်စီးသည့်သူများနှင့် အချိန်ကိုလေးစားကာ စည်းကမ်းတကျရှိသောသူများကို ခေါ်ပြလိုက်ချင်သည်.. အလကား ရသော လေကို အသုံးပြုကာ ဘေးထိုင်ဘိုင်ကျ ဘုပြောနေသော အဲ့ဒီသူများသည်.. လက်တွေ့ကျကျ မစဉ်းစားသော သူများဖြစ်သည်.. ကြားဖူးနားဝ စကားများနှင့် လူပါးဝနေသောသူများလည်း ဖြစ်လေသည်..

ထားတော့.. သိပ်လေးလံတာတွေ မစဉ်းစားချင်ဘူး.. တခါတလေ အချစ် အမုန်း သံယောဇဉ် သမုဒယ အတွယ်အတာ အနှောင်အဖွဲ့ .. ဒါတွေ ဒါတွေ ခံစားချင်တိုင်း ခံစားလို့ရနေသည်ဟုများ ထင်နေလေရော့သလား.. မဟုတ်ပါ.. ဒီလို ခံစားချက်များကို တမင်တကာ မွေးမြူရပါသည်.. လောကကြီး သာယာလှပနေသည်မှာ ချစ်ခြင်းတရား များများစားစားရှိ၍ ဖြစ်သည်.. အမုန်းတရားများ တငြီးငြီး ကျွမ်းလောင်နေလျင် အင်မတန် ပူဆူနေမည်သာ.. ကဲ ချစ်ခြင်းတရားများ ငါ့ထံပါး လာရောက်စေသား.. နှစ်သစ်ဆုတောင်းဖြစ်ပါသည်.. အားလုံးအတွက်လဲ ပါပါသည်..

ပြောချင်သည်မှာ.. အခုတလော စာလဲ သိပ်မဖတ်ဖြစ်.. ကဗျာလဲ မရေးဖြစ်.. ပို့စ်အသစ်တင်ဖို့ တော်တော်တန်တန် စဉ်းစားနေရချိန်တွင် ကိုအုပ်ကြီး (ကဗျာမဟောင်းတဟောင်းများ) နဲ့ ချစ်တဲ့ခင်က ချစ်ခြင်းများစွာနဲ့ ဖြစ်ချင်ခဲ့ပေမဲ့ ဖြစ်မလာတဲ့အကြောင်းခြင်းရာတွေကို တဂ်ထားသည်..

ကိုင်း ရေးမယ် ရေးမယ်နဲ့ အခုအထိ ကီးဘုတ်ပေါ် လက်မရောက်ဖြစ်.. အကြွေးတစ်ခုရှိသည်.. သူငယ်ချင်းများ၏ ဘလော့များတွင် ပို့စ်အသစ် တင်လျင်လည်း ကွန်မန့်မရေးဖြစ်တာ များနေပီ.. နောက်ထပ် အကြွေးတစ်ခု.. မဖြစ်ချေဘူး.. ဒီအကြွေးတွေ ၂၀၁၁ ကူးလျင် အပျိုကြီးဖြစ်ဖို့ ရာခိုင်နှုန်းသိပ်များသွားလိမ့်မည်.. ဒါလဲ မဖြစ်ချေ..

တကယ်တော့ ကျမဘဝရဲ့ အစိတ်အပိုင်းတော်တော်များများကို ဒီဘလော့လေးမှာ ချရေးထားပါတယ်.. ဖြစ်ချင်ခဲ့တာတွေ၊ ဖြစ်ချင်ပေမဲ့ ဖြစ်မလာတာတွေနဲ့ မဖြစ်ချင်ပါဘူး ဒါပေမဲ့ သူ့အလိုလို ဖြစ်ခဲ့ဖူးတာတွေ..

ဒါပေမဲ့ ကိစ္စမရှိပါ.. အခုလာမည့် ၂၀၁၁ တွင် ကျမ ဖြစ်ချင်တာတွေနဲ့ ၂၀၁၀ အတွင်း ဖြစ်ချင်ခဲ့ပေမဲ့ ၂၀၁၁ တွင်မှ ဖြစ်လာမည်ဟု ကျမထင်သောအရာများ.. ဖြစ်မလာနိုင်တော့ပေမဲ့ ဖြစ်ချင်သည့် စာရင်းထဲ ထည့်ထားရမည့် စာရင်းများကို နံပါတ်စဉ်တပ်ပီး ကျမ ရေးပြပါမည်.

ပေါ့ပေါ့ပါးပါးပဲ ရေးမည်ဟု တွေးတောဖြစ်သော်လဲ လေးလေးနက်နက် ချရေးလိုက်ပါသည်..

(၁) အိမ်ပြန်ချင်ပါသည်.. သို့သော် အိမ်မပြန်နိုင်တော့ပါ.. ၂၀၁၁ တွင် အိမ်ပြန်မည်ဟု ရည်စူးထားသော်လဲ ကိုယ့်ကို မပြန်စေချင်သည့်သူတွေ အဲ့သလောက်များမှန်း အစက မသိရိုးအမှန်ပါ.. မပြန်ပါနဲ့ဦးတဲ့.. အိမ်ကိုပြန်မယ့်အစား ဘလော့ဂါတွေ သိပ်ပေါများသော စလုံး ဟု ခေါ်တွင် ကျွန်းပိစိလေးသို့ အလည်သွားပါတဲ့.. ကဲဖြစ်ပါတယ် ဒါလဲ.. ဟိုမှာ ကိုယ်တွေ့ချင်သော ကိုယ်မတွေ့ဖူးသော ကိုယ့်ကိုမြင်လျင် လန့်သွားကြမည်ဖြစ်သော ကိုယ်သိပ်ချစ်သော အပေါင်းအသင်းရောင်းရင်းများနှင့် ကြုံဆုံချင်ပါသည်.. ကဲ ကိုယ်အလည်လာမည်ဆိုလျင် ထွက်ပြေးမလား ကြိုဆိုမလား ရင်ခုန်လှသည် ..

(၂) ၂၀၁၀ တွင် ဆိုင်ကယ်နည်းနည်းပါးပါး စီးတတ်လာပါသည်.. ၂၀၁၁ မှာတော့ ဆိုင်ကယ်တစ်စီး အပိုင်လိုချင်သည်.. ကင်မရာကောင်းကောင်းတစ်လုံး.. ဂစ်တာ တစ်လက်.. ချစ်သူတစ်ယောက်.. အယ့် လိုချင်တာတွေ သိပ်များသွားပြီ.. ဖြစ်မလာလျင်လဲ ကိုယ် ဝမ်းမနည်းပါ.. ကိုယ့်မှာ အချိန်တွေနှင့် ငွေတွေ လိုနေသေးမှန်း သိနေသည်..

(၃) ယောက်ျားလေး ဖြစ်ချင်သည်. ဒါတော့ မဖြစ်နိုင်မှန်း သိသိကြီးနှင့် ဖြစ်ချင်နေသည်.. ၂၀၁၁ တွင် အဲ့ဒီဖြစ်ချင်မှု သိပ်အားကောင်းလာမည်မှန်း သိနေသည်.. အရင်ကဆို ကိုယ်က မိန်းခလေးလား ယောက်ျားလေးလား သိပ်ဂရုမထားလှ.. လိင်ခွဲခြားဆက်ဆံခံရမှုလဲ ကိုယ့်မှာ သိပ်မရှိလှ.. ကိုယ်သည် ကိုယ်သာ ဖြစ်သည်.. အခုတော့ မိန်းမဖြစ်မည်ဆိုလဲ မိန်းမဆန်ဆန် သိမ်သိမ်မွေ့မွေ့ မိန်းခလေး ပီပီသသ.. နူးနူးညံ့ညံ့လေးဖြစ်ချင်သည်.. အခုတော့ ကားကားယားယားလား ကျားကျားယားယားလား အင်း ကိုယ့်ကိုယ်ကို ဘာကောင်မှန်းလဲ သိပ်မခွဲတတ်တော့.. ဒါပေမဲ့ ယောကျာ်းလျာတော့ မဖြစ်ချင်ပါ.. အဲ့လိုပဲ မိန်းမလဲ မဖြစ်ချင်ပါ.. ယောကျာ်းလေးသာဖြစ်လျင် စကားများများပြောစရာမလို.. လက်သီးထိုးတမ်းသာ တတ်ချင်သည်. ပိုက်ဆံရှိလျင်တော့ လိင်ပြောင်းခွဲစိတ်တော့မည်.. သည် ဖြစ်ချင်မှုသည် ဖြစ်တော့ဖြစ်နိုင်သော်လဲ မဖြစ်လဲ မဖြစ်နိုင်တော့ပါ.. နဂိုအတိုင်းလေးပဲ နေတာ ကောင်းမယ်ထင်ပါတယ်.. :)

(၄) ကိုယ့်အသက်မွေးဝမ်းကျောင်းမှု ပညာ ပြောင်းလဲသွားသည်.. လမ်းပျောက်ပီ ထင်သော်လဲ လမ်းကြောင်းမှန်သို့ တစတစ ပြောင်းလဲလိုက်လာသည်.. ရှေ့တွင် စိန်ခေါ်မှုအသစ်တွေ ရှိနေသည်.. တချက်တည်းနှင့် ချောက်ထဲ ထိုးကျသွားနေနိုင်သော်လဲ တကွက်တည်းနှင့် ကမ္ဘာကျော်သွားနိုင်သည်.. ကဲ ဖြစ်ချင်တာတွေထဲ မပါလာပေမဲ့ ဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကို သိပ်ဂုဏ်ယူဝမ်းမြောက်မိသည်.. သိပ် ဝမ်းသာသည်..

(၅) နောက်ဆုံးဖြစ်ချင်မှုသည်.. မရိုးနိုင်တဲ့ လိုချင်မှုဖြစ်သည်.. အိမ်လေးတလုံး ရချင်သည်.. ချစ်တဲ့ခင်က သူခိုမှီနေထိုင်ခဲ့ဖူးတဲ့ အိမ်လေးတွေ အခန်းလေးတွေကို ခရုခွံလေးတွေနှင့် ခိုင်းနှိုင်းထားသည်.. အဲ့ဒီအသုံးကို သူ့ရဲ့ပို့စ်လေးကိုဖတ်မှ ကျမ သိပ်သဘောကျသွားသည်.. ကျမတို့သည် ဝင်ကစွပ်ကောင်လေးတွေဖြစ်သည်ဆိုပါစို့.. ကျမနှင့် အံဝင်ခွင်ကျဖြစ်မယ့် ခရုခွံလေးတစ်လုံးလောက် အပိုင်.. အပိုင်ရချင်လှသည်.. ရပါရစေ…

တဂ်ပို့စ်လေးကို လိုချင်မှု ၅ ခုနဲ့ အဆုံးသတ်ထားပါတယ်.. လိုချင်တာတွေပြောရရင်တော့ ကမ္ဘာကြီးလောက် များလှတယ်ကွယ်.. လိုချင်တာတွေများတော့ မရတဲ့အခါ ပိုဝမ်းနည်းတတ်ရတယ် မဟုတ်လား.. အလိုနည်းရင် ရတာ များတတ်တယ်တဲ့.. စကားပုံအသစ်ပါ.. :)

ကျမကို စာရေးဖြစ်အောင် တွန်းအားပေးတဲ့ ကိုအုပ်ကြီး (ကဗျာမဟောင်းတဟောင်းများ) နဲ့ ချစ်တဲ့ခင့်ကို ကျေးဇူးတင်လှပါတယ်.. နောက်ပီး ကြိုတောင်းပန်ထားချင်မိတယ်.. ကျမရဲ့သူငယ်ချင်းတွေရဲ့ ဘလော့လေးတွေကို ကျမ အလည်မလာဖြစ်တဲ့အခါ.. ကွန်းမန့်တွေမပေးဖြစ်တဲ့အခါတွေမှာ ကျမကို နားလည်ပေးပါလို့.. တခါတလေမှာ စကားလုံးတွေ သိပ်ရှားပါးတဲ့အချိန်တွေရှိတတ်တယ်.. အဲ့ခါမျိုးမှာ ကျမ အားနည်းချက်ကို ခွင့်လွှတ်ပေးပါလို့ပါ..

၂၀၁၁ မှာ ပျော်ရွှင်ဖွယ် နှစ်သစ်ကူးအချိန်သာမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေ.. ၂၀၁၁ ဟာ ၁၁ မီးငြိမ်းစေမယ့် နှစ်သစ်လေးဖြစ်ပါစေလို့ ကျမရဲ့ သူငယ်ချင်းတွေနဲ့ ချစ်တဲ့ဘလော့ဂါသူငယ်ချင်းတွေ စာဖတ်သူတွေကို ဆုတောင်းပေးလိုက်ပါတယ်ရှင်.. ပြည့်စုံပါစေ…….

ပြည့်စုံ
(၂၇-၁၂-၂၀၁၀၊ ၄း၁၂ pm)

Saturday, December 4, 2010

အဲ့ဒီည

မနေ့ကည..
တခါဖူးမှ မကြုံခဲ့ရဖူးတဲ့ ဂယောက်ဂယက် ည..
လူတွေ လူလို မဆက်ဆံခံရတဲ့ည..
ဘဝတွေ သူလိုကိုယ်လို အဖြစ်မခံရတဲ့ည..
တန်ဖိုးငွေထက်ဝက်ကျော် လျော့နည်းရုံနဲ့ တကယ့်လူ့ဘဝကို မြင်ရတဲ့ည..
မှောင်ကြီးမည်းသည်းထဲ မျှော်လင့်ချက်မဲ့မျက်လုံးတွေ အပိတ်ခံရတဲ့ည..
ခြေနင်းဖတ်မှာ ခေါင်းအုံးအိပ်နေတဲ့လူတွေဘေးမှာ
သက်တောင့်သက်သာမရှိဘဲ ငုတ်တုတ်ထိုင်လိုက်ရတဲ့ည..
ခုနစ်စဉ်ကြယ် အမြီးထောင်တဲ့ည..
သောကြာကြယ်နဲ့ လ ပလူးနေတဲ့ည..
ထိုင်းမယားငယ်မနဲ့ ကားဒရိုင်ဘာ အဟောက်ခံရတဲ့ည..
တောသီချင်းသံတညံညံနဲ့ နာရီပြန် တချက်တီးမှာ ခပ်ဟဟပြုံးဖြစ်တဲ့ည..
ကလေးငယ်လေးတွေ အသံမထွက်အောင် ကြိတ်ငိုတဲ့ည..
အနီရောင်စာအုပ်ကိုင်ပီး သိမ်ငယ်စိတ်ဝင်ရတဲ့ည..
ဘဝတွေကို ထုပ်ပိုးပီး အဝေးပြေးလမ်းပေါ်ပစ်ချခံရတဲ့ည..
အဲ့ဒီည..

ပြည့်စုံ
(၂-၁၂-၂၀၁၀၊ ၆း၂၈ pm)

Monday, November 15, 2010

ဟစ်စည်

မိုးလင်းပြီး မိုးချုပ်သွားသော နေ့တွေ အများအပြားကုန်ဆုံးအပြီးတွင် နဖူးပေါ်လက်တင်၍ အိပ်ရာခင်းပေါ် ကျောခင်းကာ ရှေ့ရေး နောက်ရေး တောင်ရေး မြောက်ရေး အရေးသုံးပါးထက် များပြားလှစွာသော အနာဂတ် အတိတ် ပစ္စပ္ပုန်အကြောင်းများအား တွေးတော စဉ်းစားနေမိချေသည်..

ငါသာလျှင် ငါဖြစ်သည်ဆိုသည့်အကြောင်းနှင့် ငါသည် ငါမဟုတ်လျင် ဘယ်သူများဖြစ်နေမည်နည်း ဟူသော အူတိအူကြောင်အတွေးများလဲ ရံဖန်ရံခါ ပါလေ့ရှိသေးသည်…

တရုတ်ဇာတ်ကားများ မြန်မာပြည်တွင် ပရိုမိုးရှင်းဆင်းချိန်အခါသာမယက မျက်နှာမည်းပေါင်ချိန် ဇာတ်လမ်းတွဲများတွင် မကျေနပ်ပါက အမှုကိစ္စအဝဝအား ခိုင်ဖုန်းတရားရုံးရှေ့တွင် မားမားမတ်မတ် ချထားသော ဟစ်စည်ကြီးအား ထုစရာ ဘုသီးကြီးဖြင့် တအားကုန်ထုနှက်ကာ အသံကုန်အော်ဟစ် ငိုကြွေး ကျူမီးငှား ကျူမီးငှား (တရုတ်ဘာသာပြန်- ကယ်တော်မူကြပါ ကယ်တော်မူကြပါ :P) ဟု အော်ဟစ်လေ့ရှိသည်ကို အလွန်အမင်း သဘောကျခဲ့ဖူးသည်..

အမှုများတက်တိုင်း မျက်နှာမည်းပေါင်ချိန်ဇာတ်လမ်းတွဲတစ်ခုတိုးသော်လည်း အထုခံရသော ဟစ်စည်ကြီးမှာ အထုခံရသဖြင့် နာကျင်ကာ၊ အအော်ခံရသဖြင့် နားညည်းမှာ အမှန်ဖြစ်ပေလိမ့်မည်..

သို့သော်လည်း သူ၏ တာဝန်သည် အထုခံ အအော်ဟစ်ခံရဖို့သာ ရှိလေသည်ဖြစ်ရာ အမှုပြီးမြောက် အမှုမှန်ပေါ်ပေါက်သော်လဲ မျက်နှာမည်းပေါင်ချိန်နှင့် တရားခံ တရားလိုတို့ကိုသာ လူသိများ၍ သူ့ကဏ္ဍ အထုခံရခြင်းမှာ အမှတ်ရစရာဟုပင် ထင်ခံစရာ မရှိခဲ့ပေ..

သို့ကလိုဆိုရလျင် သည်ဟစ်စည်ရှိသဖြင့်သာ မကျေနပ်သည်များကို လာရောက်အော်ဟစ်ကာ ဘုသီးကြီးဖြင့် နာနာထုနှက်နိုင်မည် ဖြစ်သည်.. သည်လို အော်ဟစ်ကာ စည်ဗျောသံပေးမှသာလျင် ရုံးတော်ထဲတွင် ငိုက်မျည်းနေကြသော အမှုထမ်းများကြားသဖြင့် အပြင်သို့ပြေးရောက်ပြီး အမှုကိစ္စကို လက်ခံနိုင်ပေမည် ဖြစ်သည်.. သို့သော်လည်း ဟစ်စည်ကဏ္ဍသည် အထုခံပြီးသည်နှင့် တစ်ပြိုင်နက် ရပ်ဆိုင်းခဲ့ရလေသည်…

ငါသည်လည်းပဲ ဟစ်စည်နှင့် အလားသဏ္ဍာန်တူလာပေပြီလားဟု ရံဖန်ရံခါ တရံမပြတ် တွေးတောနေမိချေသည်.. မကျေနပ်လျင် ငါ့အား ရင်ဖွင့်ကြလျက် ကျေနပ်သဘောတူ နှစ်ဦးကြည်ဖြူနေကြသောအချိန်တွင်ကား ငါ့အား ရှိခြင်းမမြည် မရှိဟုပင် ထင်လေရော့သလား ကံကြမ္မာကြီးနှင့် ဘဝကြီးတို့ရယ်..

ကံကိုယိုးမယ်ဖွဲ့လျင်လည်း ကံကွက်ကြား ငမိုက်သား ကျနော်..

ဘဝကို အပြစ်တင် ဆဲဆိုချင်လျင်လည်း ဘကုန်းနှင့်ဝလုံးလို ကုန်းကုန်းပြုံးပြုံးကြီးသာ ခံလေရသည့် ကျနော်..

အော် ဘာကမှ မသက်သာ… အဓိကအချက်မှာ ငါသည် ငါသာလျင်ဖြစ်ချေသည်တမုံ့..

မသိပါဘူးဟု မျက်လုံးကို စုံမှိတ် ခေါင်းတွင်တွင်ယမ်း မပြတ်တမ်းငြင်းဆိုသော်လည်း ငါမှငါသာ ငါဟုသာလျင် သူတို့အတွက် ရင်ဖွင့်ရာဟစ်တိုင် ထုနှက်ရာ ဟစ်တိုင်ကြီးသာ ဖြစ်နေချေသည်..

တရံတခါတော့လည်း ငါသည်လည်း ရင်ဖွင့်ချင် ဟစ်အော်ချင်သော်လည်း နင်လိုငမိုက်သားမှာဖြင့် ခံစားတတ်သည့် နှလုံးသား နာကျင်တတ်သည့်ကိုယ်မှ ရှိပါလေစဟု ငေါ့တော့တော့ အဆိုခံရ ပေသည်…

မသိပါဘူးဟု ဆိုရပြန်လျင်လည်း မျက်နှာလွှဲခဲပစ် မသိခြင်ထောင် ထောင်သည်ဟု အယိုးစွပ်ခံရလေလျက် သိသည်ဟုဆိုပြန်လျင်လည်း အရာရာ ဘာမဆိုသိသည့်အတွက် ဘာ ဘာ ဘာမှမသိသည့် အဖြစ်ကို သူတို့တွေ မသိမဟုတ် သိနေကြပြန်သည်..

စဉ်းစားရင်းပြန်လျင် တော်တော် အူတိအူကြောင်နိုင်လှကာ မခံချိမခံသာ ကသိကအောက် အောက်ကလိ အောက်ကလာ အော်ဟစ်၍သာ ရီမောပစ်ချင်နေပေသည်…

သို့ကလိုနှင့် မနိုင်မနင်း မခံနိုင်မရပ်နိုင် ဖြစ်လာသော ဟစ်စည်ကြီးကား သူ့ကိုယ်သူ ပြန်ထု သူ့အနာဖေး သူခွာ သူ့ဒဏ်ရာ သူပြန်ရှာ၍ သူ့ကန်လန့်ကာ သူဆွဲပိတ်လိုက်ချေသည်..

အခုချိန်မတော့ အနှီ ဟစ်စည်ကြီးကား အထုခံ အနှက်ခံရလွန်းသဖြင့် မျက်နှာပြင်အက်ကွဲကာ အသံမထွက် ထုနှက်ရာဘုသီးလဲ ကွဲအက်ခဲ့လေပြီ.. ဤတွင် ဟစ်စည်ကဏ္ဍ တစ်ခန်း ခဏရပ်ချေပီတကား… :)(ကောင်းလှောင့်တေး ကောင်းလှောင့်တေး)

Tuesday, November 9, 2010

အစဆွဲထုတ်ကြည့်ခြင်း

ည တဲ့
နေဝင်သွားကာမှ
အသတ်မှတ်ခံရတယ်

လ တဲ့
ဝိုင်းဝိုင်းစက်စက် အမြဲမဖြစ်တာတောင်
ညမှ လင်းရတယ်

ဘဝ တဲ့
ဘကုန်းနဲ့ ဝလုံး နှစ်လုံးထဲ
ကုန်းရုန်းခံနေရတယ်

အလှ တဲ့
အပြင်အပ ဆင်သမှ
မျက်စိအမြင်ထဲ လှရတယ်

ခန တဲ့
လိုက်ခဲ့ပါ ခေါ်ပီး
လေးဘက်အမှောင်ထဲ ပို့ပစ်လိုက်တယ်

ပြည့်စုံ
(၂၁-၁၀-၂၀၁၀၊ ၉း၁၁ pm)