Friday, August 14, 2009

ခွဲခွာခြင်းနိမိတ်

တွေ့ဆုံပြီးရင် ကွဲကွာခြင်းဆိုတာ
မဖြစ်မနေရှိလာမှာပါ
ဒါပေမဲ့ အဲဒီနိယာမတွေထဲမှာ
သံယောဇဉ်တွေမပါခဲ့ရင် သိပ်ကောင်းမှာပဲ
အခုတော့
အမှတ်တရတွေက ခြေရာအထပ်ထပ်ထင်လို့

အမှောင်ထဲမှာ
မကြားရတဲ့လှိုင်းပုတ်သံကို နားစွင့်ခဲ့တဲ့ညတွေ
အလဲအကွဲငြင်းခုန်ခဲ့တဲ့ စကားသံတွေ၊ ဇာတ်ကြောင်းတွေ
ဟာရီယို၊ ဒိုင်ကြောင်၊ ကက်ပချီနို အားလုံးက
ငါ့မှတ်ဉာဏ်မှာ ပြိုးပြက်လို့

ဒီမှာ စက္ကန့်တိုင်းသတိရနေမယ်ဆိုတာ ညာတာ
ဒါပေမဲ့
လစ်ဟာသွားတဲ့နေရာကိုမြင်တိုင်း
အကြင်နာစစ်ရင် ကို ကြားတိုင်း
မျက်ရည်မဝိုင်းမိစေဖို့ဖြေဆေး
ငါတို့ကို ပေးခဲ့စမ်းပါ

(စုကလေး)

ဒါတင်ဘယ်ကမလဲ ကျန်သေးတယ်
ရှေ့ဆက်မက်ဖို့ အတူပုံဖော်ခဲ့ကြတဲ့
ငါတို့ရဲ့ အိပ်မက်တွေ…..

အတူသွားကြမယ့် ကျိုက်ထီးရိုးခရီးစဉ်
သီတင်းလဲ ကျွတ်တော့မယ်။

ပွင့်လင်းရာသီရောက်ရင် အဆက်မပြတ်တော့မယ့်
အတူမကြည့်ဖူးခဲ့တဲ့ ရှိုးပွဲတွေ။

ရုပ်ရှင်ရုံတွေမှာလဲ
ငါတို့ကြိုက်တဲ့ကားတွေ တစ်ကားပြီးတစ်ကား။

ရှေ့လာမယ့်နှစ် သင်္ကြန်
ရန်ကုန်မှာ အတူအော်ဟစ်ကြမယ်ဆိုတာတွေ။

ပြီးတော့…. တွေ
…………….တွေ
…………….တွေ

အတူတူ အိပ်မက်ခဲ့ကြပေမယ့်
မင်းမရှိတဲ့နောက်…….
တစ်ခါတစ်ရံ
တို့တစ်တွေ အကောင်အထည်ဖော်ဖြစ်တောင်

သူငယ်ချင်း…..
မင်းမပါဝင်တဲ့ ပွဲတွေက
ငါတို့ပျော်နေတယ် ထင်ရပေမယ့်
တစ်နေရာ လပ်နေသလိုပဲ။

အပြည့်အဝမဟုတ်တဲ့ အပျော်တွေနဲ့
ငါတို့စိတ်တွေ
ဘယ်အချိန်များမှ
အသားကျပါ့မလဲနော်…..

(စုမြတ်)

ကျမ အဝေးကို သွားတော့မယ်ဆိုတဲ့အချိန်မှာ ကျမရဲ့ ချစ်လှစွာသော သူငယ်ချင်းမလေးတွေက ကျမအတွက်ဆိုပီး ရေးပေးခဲ့တဲ့ ကဗျာလေး ၂ ပုဒ်ပါ. ဆက်စပ်ပီး ရေးထားတာမို့ တစ်ဆက်တည်း ဖော်ပြလိုက်တာပါရှင်။
သိပ်ချစ်ဖို့ကောင်းတဲ့ ကျမရဲ့ သူငယ်ချင်းကလေးတွေရဲ့ ကျမအပေါ် သူတို့ထားရှိတဲ့ ခင်မင်မှုတွေကို သိခွင့်ရခဲ့တဲ့အချိန်မှာ ကျမ ကျေးဇူးအများကြီးတင်မိပါတယ်။ ကျမရဲ့ သူတို့အပေါ် ထားရှိတဲ့ ခင်မင်မှုတွေကိုလဲ သူတို့အတွက် သီးသန့်အကန့်လေးထဲမှာ အမြဲထည့်ထားပါတယ်။

8 comments:

  1. ချစ်ခင်လေးနက်သော သူငယ်ချင်းများကို ပိုင်ဆိုင်ရတာလည်း မင်္ဂလာတစ်ခုပဲ ... ညီမလေး ကံကောင်းတယ် ကျွန်တော့်ဘ၀တစ်လျှောက်လုံး ကျွန်တော့်ကိုကဗျာရေးပေးတယ့် သူငယ်ချင်းမရှိဖူးဘူး ... အဲသူငယ်ချင်းကောင်းတွေတော့ရှိတာပေါ့ :)

    ReplyDelete
  2. ကဗျာလေး ဖတ်သွားပါတယ် အနော်ရေ..။ ဒီလို သူငယ်ချင်းမျိုးရှိတာ ဂုဏ်ယူပါတယ်ဗျာ။

    yu ya

    ReplyDelete
  3. အေးမြသန့် ရှင်းတဲ့ သံယောဇဉ်လို့ ခေါ်ပါတယ်။မေ့ မရလို့ တွေးလေ
    ကြည်နူးတစ်သသဖြစ်ရလေပါ။ဆက်ရေးဗျို့ ....။

    ReplyDelete
  4. ဟုတ်တယ် အနော် သူငယ်ချင်းဆိုတာ သွေးမတော်တဲ့  ဆွေမျိုးတွေပဲလေ ......ဒါပေမယ့် အဲဒီဆွေမျိုးလေးတွေမှာ သွေးတော်တဲ့ ဆွေမျိုးတွေထက် ထူးခြားတဲ့  ဂုဏ်သတ္တိတွေ ရှိတယ် ..... ကျနော် မှတ်ထားတဲ့  စာကြောင်းလေး တစ်ခု လက်ဆောင်ပေးမယ်ဗျာ .... အင်္ဂလိပ်လို တော့ ရေးတတ် တော့ဘူး :D ဗမာလိုပဲကောင်းပါတယ်နော် ..... “တခြားသူတွေ သူ့ တို့ အကြောင်း သူတွေးနေချိန်မှာ ကိုယ့်အကြောင်းတွေးနေ တဲ့  သူငယ်ချင်းဟာ သူငယ်ချင်းကောင်းတစ်ယောက်ပါ ....”

    သူငယ်ချင်းချစ်သော အနော့်အတွက် ..... ကိုရန်ကုန် .... :D

    ReplyDelete
  5. ကဗျာလေးဖတ်သွားပါတယ်။စိတ်မကောင်းဘူး။
    ခွဲခွါရတာတွေများလွန်းလို့စိတ်တွေသိပ်မခိုင်တော့ဘူး။
    ချစ်သောသူများနဲ့ခွဲခွါရခြင်းဒုက္ခမှကင်းဝေးပါစေညီမလေးရေ။

    ReplyDelete
  6. အနော်။ ကံကောင်းလို့  အားကျသွားတယ်နော်။
    သူငယ်ချင်းကောင်းပီသချင်ရင် ကဗျာလေးစပ်ပေးပါ။ ဒါပဲ။ အဟဲဟဲ
    ပျော်ရွှင်ပါစေ။

    ReplyDelete
  7. ခွဲခွာခြင်းတိုင်းမှာ ချန်သူရင်မှာပဲဖြစ်ဖြစ်
    ကျန်သူရင်မှာပဲဖြစ်ဖြစ် အနည်းနဲ့အများတော့
    ပူဆွေးကြရတာပါပဲနော်
    အနော်က ဖြေသာသေးတာပေါ့ လွမ်းရင်တောင်မှ အလွမ်းပြေသူငယ်ချင်းတွေရေးပေးတဲ့ကဗျာလေးရှိသေးတယ်
    အပေါ်ကတစ်ပိုဒ်ဟာ စုကလေးရေးတဲ့ကဗျာထင်တင် ဟုတ်လား?
    တော်ကြပါတယ်ကဗျာလေးတွေရေးတာ
    စာသားလေးတွေ သစ်သလို ကဗျာအတိမ်းအယိမ်းတွေကလည်း
    လှတယ် ဖတ်သွားပါတယ်ဗျာ ကျေကျေနပ်နပ်ကြီးပေါ့ :)

    ReplyDelete
  8. စာတွေ၊ ကဗျာတွေ ၀ါသနာပါတဲ့ ၀ါသနာတူ သူငယ်ချင်းလေးတွေ ရှိတာ ငါ့ညီမ ကံကောင်းပါ့ကွယ်။ ကဗျာလေးတွေလည်း အရေးတော်ကြပါတယ်၊ သူငယ်ချင်း အပေါ်ထားတယ့် သူတို့ သံယောဇဉ်ကိုလည်း ထင်ရှားရှား မြင်ရတယ်။ ကဲ ...သူငယ်ချင်းတွေ ပျော်ပျော်ရွှင်ရွှင် ပြန်စုံစည်းကြ ပါစေလို့ ဆုတောင်းပေးသွား ပါတယ်ဗျား။
    ခင်တဲ့
    အကို ဧရာဝတီသား

    ReplyDelete