Wednesday, November 25, 2009

အထီးကျန်ရခြင်းအကြောင်း

အချစ်တဲ့ လား . . ဟင့်အင်း
ငါမသိချင်ပါဘူး . . . နင်ကပူလောင်တယ်

သံယောဇဉ် ဟုတ်လား တော်ပါပြီဟာ . .
ငါ့ကို ချီနှောင်ထားမယ့် အရာတွေမို့လား . .
ငါမသိချင်ပါဘူး . . .နင်ကဖျက်ဖို့ခက်တယ်

မေတ္တာတရားတဲ့လား . . . တော်ပါတော့
မုန်တိုင်းမလာခင် တိုက်ခက်လာတဲ့လေပြေ . .
ငါမယုံပါဘူး အဲဒီလေပြေလေးကို ငါခံစားလိုက်ရင်
ပီးတော့မုန်တိုင်းထဲမှာ ငါမျောလွင့်သွားမှာမဟုတ်လား . .

သစ္စာတရားတဲ့လား . . . သွားပါတော့ဟာ . .
ငါ့ကိုလာမပြောပါနဲ့ . . ပြောဖို့လွယ်သလို .
ဖောက်ဖျက်ဖို့လည်းလွယ်တဲ့စကားလုံးလေးပါ
ဒီခေတ်ကြီးထဲမှာ သစ္စာမရှိဘူးဆိုတဲ့စကားကိုပဲကြားဖူးတယ်

ကတိ စကား တဲ့လား . . နားထောင်လို့တော့ကောင်းသားပဲ . .
ငါမယုံပါဘူး . . . အမြဲပြောင်းလဲနေတဲ့လောကကြီးမှာ . .
အဲဒီစကားကို ငါ ယုံလိုက်ရင် . . ငါမျှော်လင့်ရင်းရူးနေရမှာပေါ့

ငါလိုချင်တာ . . . ပူလောင်ခြင်းကင်းတဲ့ အချစ်တွေပါ
ငါလိုချင်တာ . . . တွယ်တာမှုမရှိတဲ့သံယောဇဉ်တွေပါ
ငါလိုချင်တာ . . . မုန်တိုင်းမလာပဲတိုက်ခက်နေတဲ့လေပြေအေးလေးကိုပါ
ငါလိုချင်တာ . . . ပြောင်းလဲခြင်းမရှိတဲ့ သစ္စာတရားတွေပါ
ငါလိုချင်တာ . . . တက်နိုင်သလောက်ပဲပေးတဲ့ ကတိ စကားတွေပါ . . . .

ချစ်သူလေး (26.3.2009)

(ဆားချက်ကြည့်တာပါ ဟိဟိ ဒီတစ်ခါဆားကတော့ ပင်လယ်ရေက ချက်တာမဟုတ်ပါဘူး မျက်ရည်ကနေ ချက်တာပါ... မျက်ရည်ကလဲ ငန်တယ်ဟုတ် :P)

Monday, November 16, 2009

အသားဓာတ်

ညီလေးရေ
မင်းမမေ့သေးတဲ့ ငါတို့ရဲ့မှတ်ဥာဏ်တွေ
ရင်ဘတ်ထဲ လတ်လတ်ဆတ်ဆတ်ကြီးရှိသေးတယ်
မျက်နက်ဝန်းလေးနဲ့ မင်းအပြုံး
ယုံကြည်မှုတွေနဲ့ လင်းလက်နေတုန်းကပေါ့
တို့တတွေ အသားဓာတ်အာဟာရတွေနဲ့
လက်တွေကို ခိုင်ခိုင်တွဲ
မနက်ဖြန်များစွာအတွက် အားသစ်တွေ မွေးခဲ့ဖူးတယ်

ညီလေးရေ
ငါတို့တွေ ထူးအိမ်သင်ရဲ့သီချင်းတွေ သီဆိုခဲ့ကြတယ်
အိမ်ရှေ့က ဝရန်တာလေးမှာ မအိပ်ဘဲ အသိပညာတွေ ဖလှယ်ခဲ့ကြတယ်
ကစားနည်းမျိုးစုံထဲ အောင်ပွဲရတဲ့အထိ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြတယ်
အောင်ပွဲတွေ အလီလီရတော့ လက်ခုပ်သံတွေနဲ့ ပျော်မြူးခဲ့ကြတယ်
ထမင်းစားဝိုင်းတွေမှာ လက်ရည်တစ်ပြင်တည်း မြိန်ရေယှက်ရေ စားခဲ့ကြတယ်

ညီလေးရေ
နာဂစ်မုန်တိုင်းအပီး မင်းတို့စောင်တွေ ရေလျှော်ပစ်တယ်ကြားတုန်းက ဟားတိုက်ရီမောကြတယ်
အိမ်ဘေးက သရက်ပင်ကြီးလဲသွားတော့ ချဉ်စုတ်စုတ် သရက်သီးတွေ စားခဲ့ကြတယ်
နပ်တစ်လှည့် ပြတ်တစ်လှည့် ညစာတွေထဲ ဗယာကြော်နဲ့ နှစ်ပါးသွားခဲ့ကြတယ်
လက်ဖက်ရည်တစ်ခွက်နဲ့ မနက်စာ အနပ်တွေကို လဲခဲ့ဖူးတယ်
ကားခတွေ ဈေးကြီးလို့ ရထားချိန်ကို နောက်ကျခံပီး စောင့်ဆိုင်းဖူးတယ်
ချစ်သူထားချင်ပေမဲ့ အပျော်တွေချည်း မပေးနိုင်လို့ အဆွေးသမားဘွဲ့ခံယူဖူးတယ်

ညီလေးရေ
ကော်ဖီဖျော်တိုင်း လက်ညိုးတစ်ချောင်း အမြဲထောင်တတ်တာ အမှတ်ရတယ်
အရာရာ လူကြီးဆန်ပီး စေ့စပ်ညှိနှိုင်းတတ်တဲ့ ငါ့ညီလေးကို သတိရတယ်
နှုတ်ခမ်းထူပြည့်ပြည့်လေးနဲ့ သားကလေလို့ အမြဲပြောတတ်ခဲ့တာ အောက်မေ့မိတယ်
သတိရခြင်းရဲ့ အခြားတစ်ဖက် ဟိုမှာဘက်မှာ မှောင်မည်းတိတ်ဆိတ်မှုတွေချည်း ရှိနေနိုင်မလား
မြူတွေနဲ့အုံ့ဆိုင်း မှုန်မှိုင်းနေတဲ့ ကမ္ဘာတစ်ဖက်မှာ မင်း ဘုရားစာရွတ်နေမလား
ရာသီဥတု မကြည်လင်ဘဲ တောခွေးအူသံတွေကြားရင် မင်း ကြောက်နေမလား
ကံကြမ္မာဆိုတာ ကြံကြံဖန်ဖန်ဖြစ်တတ်တဲ့တရားတွေပါလို့ ပြောရင် မင်း ရီနေမလား

ညီလေးရေ
အိပ်မက်မြစ်ရဲ့ ကမ္ဘာတစ်ဖက်ခြားမှာ မင်း အားတင်းထားပါဦး
မင်းကြားချင်တဲ့ စကားလုံးတွေ ပြောနိုင်ဖို့
ငါတို့ရဲ့အားအင်တွေကို ထပ်တိုးလိုက်မယ်
ဟိုမှာ ကမ္ဘာတစ်ဖက်ခြားမှာ မင်း စိတ်မပျက်စေရပါဘူး
မင်းထားခဲ့တဲ့ မင်းမက်ခဲ့ဖူးတဲ့ အိပ်မက်တွေနဲ့
မင်းတပ်မက်ခဲ့တဲ့ မင်းရဲ့မျှော်လင့်ချက်တွေအတွက်
တို့တတွေရဲ့ အသားဓာတ်တွေနဲ့ အားတက်စေရပါမယ်

ပြည့်စုံ
(၁၆-၁၁-၂၀၀၉၊ ၁း၀၀ am)

(ကိုထူးအိမ်သင်ရဲ့ ညီလေးရေ သီချင်းကို နားထောင်ရင်း သတိရမိတဲ့ မောင်ငယ်လေးတွေအတွက် ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ.. သူတို့အကြောင်းကို လူငယ့်အတွေးပို့စ်မှာ ဖော်ပြထားပါတယ်ရှင်)

Sunday, November 8, 2009

ရောက်တတ်ရာရာ အတွေးများနဲ့ တူတူပုန်းတမ်း ကစားခြင်း

ခွဲခွာခြင်းတိုင်းမှာ လက်ပြနှုတ်ဆက်ခြင်းရှိရလိမ့်မယ်လို့တော့ ဘယ်သူကမှ ပြဌာန်းမထားခဲ့ပါ.. ဝမ်းနည်းခြင်းတွေတော့ အသေအချာကို ရှိပါလိမ့်မယ်.. ဘယ်လိုခွဲခွာခြင်းမျိုးကိုမဆိုပေါ့… ကျမအတွက်ကတော့ အခုနှစ်ပိုင်းအတွင်းမှာ ကိုယ်က ခွဲခွာခဲ့တာပဲဖြစ်ဖြစ် ကိုယ့်ကို ခွဲခွာသွားတာပဲဖြစ်ဖြစ် အဲ့ဒီခံစားချက်တွေကို အကြိမ်ရေများများ ခံစားခဲ့ဖူးပါပီ.. ခွဲခွာမှုတိုင်းကတော့ ဘယ်တော့မှ မရိုးသွားဘဲ အသစ် အသစ်သော ခံစားချက်တွေကို ပေးမြဲပါပဲ.

ခွဲခွာခြင်းတွေရဲ့ အစဟာ အိမ်တံခါးဝ တံစက်မြိတ် လက်ဖက်ရည်ဆိုင် လမ်းထိပ် ကားဂိတ် ရထားဘူတာ သင်္ဘောဆိပ် လေဆိပ် စသည် စသည်ဖြင့်ပေါ့လေ.. ဒါတွေက အသက်ရှင်လျက်ခွဲခွာမှုတွေအတွက် နေရာတွေပါ.. ခွဲခွာမှုတိုင်းမှာ လက်ပြနှုတ်ဆက်သူရော ကျောခိုင်းထွက်ခွာသူရော အနည်းနဲ့အများတော့ ဝမ်းနည်းကြေကွဲရတာပါပဲ.. တချို့ကတော့ အခွင့်ရမယ်ဆိုရင် ကျောခိုင်းထွက်ခွာခွင့်ရသူတွေပဲ ဖြစ်ချင်ကြတယ်.. ဘယ်သူကမှ ကျန်ရစ်မဖြစ်ချင်ကြပါဘူး.. ဒါပေမဲ့ ကျောခိုင်းထွက်ခွာသူရော ကျန်ရစ်ခဲ့ရသူပါ သံယောဇဉ်အတိမ်အနက်အရ ဆတူ ခံစားရတာပါပဲ..

ဒီနေ့ ရန်ကုန်ကို ပြန်မယ့် သူငယ်ချင်းတစ်ယောက်ကို သုဝဏ္ဏဘူမိလေဆိပ်ကြီးမှာ လိုက်ပါပို့ဆောင် နှုတ်ဆက်တဲ့ အခမ်းအနားမှာ (အဲ့သည့် အသုံးအနှုံးကိုက ရီချင်စရာနော်) သူ Check In ဝင်နေတာကို ဘေးမှာ လက်နှစ်ဖက်ကို တင်းတင်းပိုက်ပီး အသာရပ်ငေးကြည့်နေမိတယ်. မြောက်မြားလှစွာသော Check In ကောင်တာတွေရဲ့ ဘေးမှာ လက်ပြနှုတ်ဆက်သူတွေ ကျောခိုင်း ထွက်ခွာသွားတဲ့သူတွေ မခွဲနိုင် မခွာရက် ပွေ့ဖက် နမ်းရှုပ်နေကြတဲ့သူတွေ .. သူတို့ဘေးမှာ ခပ်တောင့်တောင့် အနေအထားနဲ့ရပ်ပီး ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြတဲ့ လူတွေကို မျက်စိအကြောင်သားနဲ့ လိုက်ငေးနေမိတယ်…

အဲ့ဒီလူတွေထဲမှာ မိသားစု ဆွေမျိုး အပေါင်းအဖော်တွေနဲ့ တပျော်တပါးကြီး ခရီးသွားတဲ့သူတွေ ကမ္ဘာလှည့်ခရီးသွားတွေ.. အနောက်တိုင်းသားတွေ ကပ္ပလီတွေ အာရှနွယ်ဖွား တရုတ်တွေ ဂျပန်တွေ ခပ်မြောက်မြောက်စတိုင်တွေနဲ့ ရွှေမြန်မာတွေ အဲ့ဒီကြားထဲမှာမှ မျက်နှာဖြူတွေ အိမ်အပြန် ဝမ်းနည်းပမ်းနည်း မျက်ရည်အဝဲသားနဲ့ လိုက်ပို့ပီး နှုတ်ဆက်နေတဲ့ ထိုင်းမ ထန်းလျက်ခဲကြီးတွေ.. … ခပ်သုတ်သုတ် သွားနေတဲ့သူတွေက သွားကြ.. အထုပ်တွေ အပိုးတွေ မနိုင်မနင်းနဲ့ အလုပ်ရှုပ်တဲ့သူက ရှုပ်.. အေးအေးဆေးဆေး စကားထိုင်ပြောနေတဲ့သူတွေက ထိုင်လို့.. ကိုယ်တွေလို လိုက်ပို့တဲ့သူတွေက ဘေးမှာ အသာရပ်လို့.. လူတွေ လူတွေ သူတို့အမှုကိစ္စတွေနဲ့ သူတို့ အလုပ်ရှုပ်နေကြလေရဲ့……

အိမ်က စွန့်ခွာသူတွေ အိမ်ကို ပြန်မယ့်သူတွေ ခရီးသွားတော့မယ့်သူတွေ .. ပျော်ရွှင်ဖွယ် မျက်နှာထားတွေ ဂုဏ်ယူဝမ်းမြောက်ဖွယ်အပြုံးတွေ ဝမ်းနည်း နာကျင်နေတဲ့သူတွေ သူတို့ရဲ့ အပြုံးတွေ မျက်လုံးတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို အပြည့်အဝ ပုံဖော်နေကြတယ်..

ကိုယ်ကရော.. ကိုယ်ကတော့ ပွဲကြည့်ပရိသတ်လိုပင် သူတို့ကို အသာရပ်ငေးပီး လူတွေရဲ့ မျက်လုံးတွေကို လိုက်ဖတ်ကြည့်နေမိတယ်.. ဒါဆို နင်က သူတို့ရဲ့ရင်ထဲက ခံစားချက်အလုံးစုံကို နားလည်သဘောပေါက်နေပီပေါ့လေ.. ကိုယ့်ကိုယ်ကို ခပ်ငေါ့ငေါ့မေးလိုက်တော့ ကိုယ်ကိုယ်တိုင်ကပဲ ပြန်ပီး လှောင်ရီမိသွားတယ်.. ငါ့ကိုယ်ငါ နားလည်မှတော့ ဒီလို တောင်စဉ်ရေမရ လျှောက်တွေးနေပါ့မလားလို့လေ.. လေယာဉ်တွေက ငှက်တွေလိုပင် ကောင်းကင်ထဲကနေ ပျံဝဲပီး ဆင်းလာလိုက် ပျံတက်သွားလိုက်.. ငါကတော့ အဲ့ဒီမြောက်မြားလှစွာသော လေယာဉ်တွေထဲက တစ်စင်းတစ်လေမှာကိုတောင် စီးပီး အိမ်ကို ပြန်ဖို့ မတွေးနိုင်ခဲ့သေးဘူး..

အိမ် အကိုတစ်ယောက် ပြောဖူးသလို အိမ်ဟုတ်လား အမြစ်မတွယ်ချင်ပါဘူးဗျာ။ တဲ့ (ဂျစ်ပဆီတွေရဲ့ စကားပုံတဲ့) သူပြောတိုင်း သဘောကျတဲ့စိတ်နဲ့ အမြဲ ပြုံးရယ်မိတယ်.. ဒါပေမဲ့ ညနေစောင်းရင် အိမ်ပြန်ချင်တဲ့စိတ်က သမားရိုးကျ လူနေမှုဘဝထဲကို ခန ခန ဝင်လာနှောင့်ယှက်တတ်တယ်.. ညနေ နေစောင်းပီဆိုတာနဲ့ အိမ်ကို အလုအယက်ပြန်နေကြတဲ့ လူတွေ ကားတွေနဲ့ ဘန်ကောက်မြို့ရဲ့ လမ်းမကြီးတွေမှာ လမ်းပိတ်ဆို့မှုတွေ အကြီးအကျယ်ဖြစ်လေ့ရှိနေတယ်.. အလျင်စလို ရွေ့လျားနေကြတဲ့ ကားတန်းကြီးတွေကို ကြည့်ငေးရင်း ငါလဲ တစ်နေ့တော့ ငါ့ရဲ့ကိုယ်ပိုင်အိမ်လေးတစ်လုံးကို တည်ဆောက်နိုင်မှာပါ.. အဲ့ဒီအခါ ဘယ်လောက်ပဲ နေစောင်းနေပါစေ ဘယ်လို အခက်အခဲတွေနဲ့ တွေ့ပါစေ အိမ်ကို အရောက်ပြန်မယ်.. အိမ်ပြန်မယ်ဆိုတာကို တွေးမိတိုင်း မနက်ဖြန်အတွက် အားသစ်တွေ တိုးလာသလို ခံစားရတယ်..

အိမ်မှာသာဆို မောင်နှမတွေ အဖေအမေ တူမလေးတွေနဲ့ သိပ်ပျော်စရာကောင်းတယ်.. အခုတော့… ညဘက်တွေ အိပ်မပျော်တိုင်း တွေးမိတာက သိပ်အထီးကျန်တာပဲ.... အထီးကျန်တယ်ဆိုတာ တစ်ယောက်တည်း နေရလို့ အဖော်အပေါင်းမရှိလို့ အဲ့တာတွေ တစ်ခုမှ မဟုတ်ဘဲ အတွေးတွေ စိတ်ကူးတွေက အစ အထီးကျန်တယ်လို့ ပြောမိတော့ သူငယ်ချင်းလေးက တရားပြရှာတယ်.. ‘အထီးကျန်တာ နှစ်မျိုးရှိတယ်.. တစ်ယောက်ထဲ အထီးကျန်တာနဲ့ မိသားစုနဲ့ အထီးကျန်တာ.. အဲလိုမှာ အချစ်က ကပ်ပါတယ်.. တစ်ယောက်ထဲ အထီးကျန်တာ ခံနိုင်ရင် ယောက်ျားမယူနဲ့. . ယူမယ်ဆိုတော့လည်း မိသားစု ဖြစ်လာမယ်.. ဒါပေမယ့် ကံမကောင်းတတ်ရင် မိသားစု အသိုက်အမြုံနဲ့ နေပြီး အထီးကျန်နေတာ လောကမှာ အများကြီး.. အဲတော့ ငါပြောချင်တာ အထီးကျန်ဆန်ခြင်းတွေကို ခံနိုင်အောင် နှလုံးသားကို မာမာထုထား ငါးဖယ်လိုပဲ ထုလေ မာလေပဲ အိုခေ’ တဲ့.. သူကတော့ အထီးကျန်ခြင်းနဲ့ အိမ်ထောင်ပြုခြင်းကြားက ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ပြဿနာတွေကို စပ်ဆက် စဉ်းစားနိုင်အောင် ပြောပြရှာတယ်.. သူပြောတော့မှ အပျိုကြီးတော့ မဖြစ်ချင်ဘူးဆိုတဲ့ အတွေး ဝင်လာမိတယ်.. ရီစရာနော်.. ခေါင်းကို သွက်သွက်ခါအောင် ယမ်းပီး မျက်လုံးစုံမှိတ်ပီး ပြန်ပြောမိတယ်.. ဘာပဲဖြစ်ဖြစ် ငါတော့ အပျိုကြီးမဖြစ်ချင်ဘူး.. ဟုတ်တယ်လေ မဖြစ်ချင်ဘူး.. ဖြစ်လာတော့လဲ ဘာအရေးလဲ.. အသက် ၃၀ ကျော်တဲ့အထိ တခြားတစ်ယောက်ကို အားကိုးအားထားပြုစရာ မလိုဘူးဆိုရင်တော့ အပျိုကြီးဖြစ်ရလဲ ဘာအရေးလဲ. တော်နေကြာ သူများအိမ်မှာ ခိုကိုးကပ်နေရမှဖြင့်….

ဆွေးနွေးငြင်းခုန်မှုတိုင်းမှာ ကျမက သိပ်ခေါင်းမာတတ်တယ်.. တခြားတစ်ဖက်က ဘယ်လောက်ပဲ အချက်နဲ့ အလက်နဲ့ ရှင်းပြတတ်လဲ သိပ်နာခံချင်တဲ့ စိတ်မရှိဘူး.. ကိုယ်မှန်တယ်ထင်ရင် မျက်လုံးကိုစုံမှိတ်ပီး ငြင်းရတဲ့ အရသာကို ကြိုက်နေမိတာလဲ ပါမယ်.. ငယ်ငယ်ကတော့ ကစားပွဲတွေမှာ ငြင်းခုန်ရတိုင်း မနိုင်တော့ဘူးဆိုရင် ကုန်းကိုက်တဲ့ အကျင့်ရှိခဲ့တယ်.. အထက်တန်းလောက်အထိ အဲ့ဒီအကျင့်ကို ဖျောက်မရခဲ့ဘူး.. အခုကျတော့ အကျင့်က နည်းနည်းပြောင်းလာပါတယ်.. သူများကို ကိုက်လို့မရတော့ ကိုယ့်လက်ကို ကိုယ်ပြန်ကိုက်တာနဲ့ ကိုယ့်ခေါင်းက ဆံပင်ကို တိုသွားအောင် ညှပ်ပစ်ရတာနဲ့. အခုတော့ ဆံပင်က ယောက်ျားရှာကေနဲ့ပါ.. တော်တော်လေးတော့ တိုနေပါပီ.. အသက် ၂၂ နှစ်လောက်တုန်းက ဆံပင် တင်ပါးဖုံးကျော်တဲ့အထိ ထားခဲ့မိပီး အခု အသက် ၂၅ နှစ်ကျော်လို့ ၂၆ နှစ်ထဲ ရောက်တဲ့အချိန်မှာ ဆံပင်က ယောကျာ်းလေးကေနဲ့ဆို အသက် ၃၀ ကျော်ရင် ဂတုံးဖြစ်မယ် ထင်တာပဲ.. ကြိုတွေးထားကြည့်မိတာပေါ့လေ.

ငယ်ငယ်တုန်းကအကြောင်း ပြန်တွေးမိတော့ ကစားနည်းတစ်ခုကို သတိရမိတယ်.. တူတူပုန်းတမ်း ကစားတာပါ.. ကိုယ်က ငယ်ငယ်ကတည်းက ခြေထောက် သိပ်မခိုင်တော့ အမြဲ ပြေးတမ်းလိုက်တမ်း ကစားရင် ချော်လဲဒူးပြဲ နဖူးကွဲ အမြဲဖြစ်တတ်လွန်းတော့ အကိုတွေ အမတွေက သူတို့ဆော့တဲ့ဆီကို မခေါ်ချင်ကြဘူး.. ဒါပေမဲ့ ကျမတို့က မောင်နှမများတော့ အမေက မောင်နှမအချင်းချင်း ပြန်ထိန်းခိုင်း တော့ ကျမ အမက အမြဲ ကျမကို ထိန်းရပါတယ်.. သူဆော့တဲ့ ဘယ်လိုနေရာမဆို ကျမက အမြဲပါရတော့ ကျမပါ အတူဆော့နိုင်တဲ့ ကစားနည်းက တူတူပုန်းတမ်းပါ..

သူက ထမင်းသိုး ဟင်းသိုး.. မမက သူ့သူငယ်ချင်းတွေကို လှမ်းပြောလိုက်တယ်.. ငါက ဘာလို့ ထမင်းသိုး ဟင်းသိုးဖြစ်ရတာလဲ.. ထမင်းသိုး ဟင်းသိုး ဟုတ်ဘူးနော်.. ကျမအသံ နည်းနည်းမြှင့်ပီး အော်လိုက်တော့ မမက ပျာပျာသလဲနဲ့ ဟုတ်တယ် ဟုတ်တယ် မသိုးဘူး သူက ထမင်းမစား ကွမ်းမစား… ဟာ လုပ်ပြန်ပီ ထမင်းစားတယ် ထမင်းစားတယ်.. ငိုသံနည်းနည်းပါလာတော့ မမကြီးက ဟာ နင်နော် မပါခိုင်းဘဲ နေလိုက်မှာ ထမင်းမစား ကွမ်းမစားဆို ထမင်းမစား ကွမ်းမစားဘဲ ဟွန်း..

မပါခိုင်းဘူးဆိုတာနဲ့ ကိုယ်က ကြောက်သွားပီး သူ့ကို ထပ်ပီး အထွန့်မတက်ရဲတော့ဘူးလေ… ငါး ဆယ် ဆယ့်ငါး နှစ်ဆယ် ဂဏန်းရွတ်သံအကြားမှာ ကိုယ်လဲ အပြေးအလွှား လုံခြုံရာနေရာကို ပြေးပုန်းရတော့တာပေါ့.. ဟိုလူမိပီ ဒီလူမိပီ အော်သံအကြားမှာ ကိုယ့်ကို အခုထိ မမိသေးဘူး.. ပုန်းနေတဲ့နေရာကနေ တိတ်တိတ်လေး ထွက်လာပီး ခေါင်တိုင်ကို ပြေးပုတ်လိုက်တယ်… ဟေးးးးးးး အောင်ပီ အောင်ပီ.. လိုက်ရှာနေတဲ့ အမက မိပီ မိပီဆိုပီး ကိုယ်က အရင်ဦးရဲ့သားနဲ့ ကိုယ့်ကို ဘေးမှာ ရပ်ခိုင်းထားတယ်.. ငြင်းမယ်လို့ ပြင်လဲ ဘယ်သူမှ ထွက်မလာတာနဲ့ ကိုယ်က ဘာမှပြန်မပြောနိုင်ခဲ့ဘူး..

ငါး တစ်ဆယ် ဆယ့်ငါး နှစ်ဆယ် တူပီလား မတူသေးပါဘူးဆို ကိုယ်က မတူသေးဘူး ပြောပေမဲ့လဲ တူပီဆိုတဲ့ အသံနောက်မှာ ပုန်းဖို့နေရာကို အသည်းအသန်လိုက်ရှာရတယ်.. အိမ်ကြမ်းပြင်အောက်ကို ပြေးဝင်ပုန်းလိုက်တယ်.. တော်တော်လေးကို လုံခြုံတဲ့နေရာလေးပေါ့.. ကိုယ့်အရှေ့ကနေ လိုက်တဲ့သူက အခေါက်ခေါက်အခါခါ ဖြတ်နေလဲ ကိုယ့်ကို မမြင်ဘူးတော့.. တိတ်တိတ်လေး အသံမထွက်ဘဲ ကြိတ်ရယ်နေမိတယ်.. နောက်တော့ ကိုယ့်ဘေးက လူတွေ တစ်ယောက်ပီး တစ်ယောက် ဖမ်းမိသွားတယ်.. ကိုယ့်ကိုတော့ မမိဘူး.. ကိုယ့်ကို ဘယ်သူမှလဲ လာမဖမ်းကြဘူး.. ကိုယ်ပုန်းနေတာလဲ ဘယ်သူမှ အသိအမှတ် မပြုကြဘူး.. နောက်တော့ ပုန်းနေရတာ ကြာလာတဲ့ အပြင် ပုရွက်ဆိတ်ကလဲ ကိုက် ကုန်းကုန်းလေး နေရတာ ညောင်းလာတော့ အပြင်ကို ထွက်တဲ့အချိန်မှာ ပုန်းတဲ့သူရော လိုက်တဲ့သူပါ သူတို့ဘာသာ သူတို့ ဆော့နေလိုက်ကြတာ ကိုယ့်ကို ဘယ်သူကမှ အဖက်မလုပ်ကြဘူးလေ.. ကိုယ် ပုန်းနေတဲ့အချိန်အတွင်းမှာကို သူတို့က သုံးလေးပွဲလောက် ဆော့ပီးနေကြပီ.. မိပီ မမိဘူး နင်က ချောင်းကြည့်တာကိုး မရဘူး ဟေ့အေး နင်နော် စသဖြင့် ကိုယ်က ဘေးနားမှာရပ်နေတာတောင် ကိုယ့်ဘေးမှာ သူတို့ဘာသာ ရန်တွေဖြစ်နေကြတဲ့ ကိုယ့်ကစားဖော်တွေကို ကြည့်ရင်း အခုမှ ကိုယ့်ကို ဘာကြောင့် ထမင်းမစား ကွမ်းမစား ပြောတာလဲ သဘောပေါက်လာခဲ့တယ်.. ကိုယ် ဆက်ပုန်းနေလဲ သူတို့က ကိုယ့်ကို လိုက်မရှာကြတော့ဘူးလေ..

ကိုယ်က ကစားပွဲတွေမှာ ဝင်ကစားနေပေမဲ့လဲ ကိုယ့်ကို အသိအမှတ်မပြုဘူး တခါတလေ ကိုယ့်ကို မေ့ထားကြတယ်.. တစ်ခုခု ကိုယ်က အမှားအယွင်းလုပ်မိရင်တောင် ကိုယ်က ထမင်းမစား ကွမ်းမစားမို့ ကိုယ့်ကို အပြစ်မတင်ကြပေမဲ့ ကိုယ့်အတွက်က ကိုယ်လုပ်ခဲ့သမျှ ဘာမှ အရာမထင်တဲ့အပြင် သူတို့ရဲ့ အောင်ပွဲတွေကလဲ ကိုယ်နဲ့ တစ်သီးတစ်ခြား ဖြစ်နေခဲ့တာ.. အဲ့ဒီအချိန်တုန်းက ကိုယ်က သူတို့လို ကစားခွင့်မရခဲ့ပဲ ကိုယ့်ကျမှ ထမင်းမစား ကွမ်းမစားဖြစ်ခဲ့ရတာကို ဝမ်းပမ်းတနည်းနဲ့ အမေ့ဆီ ပြန်ပြေးခဲ့တယ်..

အမေက ကိုယ့်ကို သူ့လက်မောင်းတွေကြားထဲ အတင်းဆွဲသွင်းပီး သူတို့ မဆော့ခိုင်းရင်လဲ မဆော့နဲ့ အမေ့ဘေးမှာနေ နေ့လယ်နေ့ခင်း အိပ်ပျော်အိပ် ညနေ ဈေးသွားရင် သမီးလေးကို အမေက ဈေးကို ခေါ်သွားမယ် ဟုတ်ပီလားနော်.. အမေ့ဘေးမှာ အသာလှဲအိပ်နေရင်း အမေ့မျက်နှာကို ပြန်မော့ကြည့်လိုက်ပီး အမေ အမေ သမီးကိုပဲ မုန့်ဝယ်ကျွေးနော် မမကြီးကို မကျွေးနဲ့ သိလား.. အေးအေး အိပ် အိပ် အိပ်ပျော်အောင် အိပ်.. အမေက ကျမရဲ့ ကျောပြင်လေးကို ပွတ်ပေးလိုက်တော့ အိပ်ပျော်သွားတယ်.. အိပ်ပျော်ခါနီးမှာတောင် ဝမ်းနည်းလွန်းလို့ တစ်ချက်ရှိုက်လိုက်မိသေးတယ်..

အိပ်မက် မက်နေခဲ့တယ်.. အိပ်မက်ထဲမှာ ဒီအရွယ်ကြီးနဲ့ ကိုယ်တို့တွေ တူတူပုန်းတမ်း ကစားကြတယ်တဲ့… ကိုယ်က ပုန်းနေပေမဲ့ ကိုယ့်ကို လိုက်ရှာမယ့်သူ မရှိခဲ့ဘူး… လူတွေက ကိုယ့်ဘေးကနေ ဖြတ်သွားနေတာပဲ.. သူတို့ ကစားပွဲတွေနဲ့ သူတို့ ကိုယ့်ကို သူတို့ အရေးမလုပ်ကြဘူးလေ.. ကိုယ်ပုန်းနေရာကနေ ထွက်လာပီး ဟေ့ ငါဒီမှာရှိတယ်နော် ဟေ့ ငါဒီမှာ အော်နေပေမဲ့ ကိုယ့်ကို လှည့်စောင်းပီးတောင် မကြည့်ကြဘူး.. ကိုယ် အသံတွေ ပျောက်တဲ့အထိ အော်ခေါ်နေမိတယ်.. ဘုရားရေ တူတူပုန်းတမ်း ကစားနေရင်း ငါ ပျောက်သွားပီလား ငါ့ကို ဘယ်သူမှ မမြင်ကြတော့လို့လား ဟေ့ ငါဒီမှာ တဖြည်းဖြည်း အော်ရင်း အသံက တိမ်ဝင်သွားခဲ့တယ်... နောက်ဆုံး အသံထွက်မလာတော့ဘူး... တစ်ကိုယ်လုံး လှုပ်မရဘူး ဖြစ်နေတယ်.. အတင်းရုန်းကန်နေမိရင်း ရေနစ်နေတဲ့သူလိုပဲ အသက်ရှုမဝဖြစ်လာခဲ့တယ်.. နောက်ဆုံး အတင်းရုန်းလိုက်တဲ့အခါကျတော့မှ ကိုယ် အိပ်မက်ကနေ လန့်နိုးလာခဲ့တယ်…

အိပ်မက်က လန့်နိုးတဲ့အချိန်မှာတော့ တစ်ကိုယ်လုံး ချွေးစေးတွေ ရစ်သိုင်းနေခဲ့ပီး ပါးပြင်ပေါ်မှာ မျက်ရည်တွေ ရွှဲစိုနေခဲ့တယ်… အိပ်မက်မို့ တော်သေးတာပေါ့နော်.. အိပ်မက်ထဲမှာတောင် ငါ ထမင်းမစား ကွမ်းမစားကောင်မလေးတစ်ယောက် အဖြစ်ပဲ ရှိနေသေးတယ်.. ဘယ်တော့မှ ငါဟာ ကြီးကောင်ဝင် လူကြီးဖြစ်လာပါ့မလဲ ထမင်းစား ကွမ်းစားဖြစ်ပါ့မလဲ တွေးနေရင်းနဲ့တောင် အထီးကျန်ဆန်လာမိတယ်.. တကယ်လို့ အခုနေအခါ တူတူပုန်းတမ်း ကစားမယ်ဆိုရင် ငါ့ကို လိုက်ရှာမယ့်သူ ရှိပါစေလို့ပဲ ဆုတောင်းရမှာပဲ.. ဒါမှမဟုတ်ရင် အဲ့ဒီ ကစားနည်းမျိုးကို ငါ ဘယ်တော့မှ ထပ်မကစားတော့ဘူး.. ဒါပေမဲ့ စိတ်ကူးထဲမှာ တိတ်တိတ်လေးပြောလိုက်မိတယ်... တူပီနော်……….

Wednesday, November 4, 2009

ဆောင်းခိုချိန်

ဒီအချိန်ပေါ့
ကမ္ဘာ့ဝင်ရိုးစွန်းတွေမှာ အအေးပိုတယ်
မင်း ငါ့အနားမှာမရှိတော့ အလွမ်းပိုတယ်
ရာသီတွေ စက်ဝန်းတစ်ကြိမ်လည်ဖို့
၁၂ လလုံးလုံး လည်ပတ်နေရသလိုမျိုး
မင်းဆီက အပြုံးကိုရဖို့အတွက်နဲ့တော့
ငါ ရာသီသုံးခုစာ မလွမ်းတော့ဘူး
ငါ မနက်ဖြန်က စပီး ဆောင်းခိုမယ်

ဆောင်းခိုမယ့်ငှက်တွေက
အေးတဲ့အရပ် ဝင်ရိုးစွန်းကနေ
ပူနွေးတဲ့နေရာတွေဆီ ဆောင်းခိုကြတယ်
ငါကတော့ ပူပြင်းလောင်မြိုက်တဲ့
အလွမ်းအဆွေး စိတ်ကူးယဉ်မှုတွေကနေ
အေးချမ်းတိတ်ဆိတ်တဲ့ မေတ္တာကမ္ဘာလေးဆီ
အရောက်သွားမယ်
ငါ မနက်ဖြန်က စပီး ဆောင်းခိုမယ်

ဆောင်းခိုငှက်တွေဆီက တုပ်ကွေးဗိုင်းရပ်စ်ကူးမှာစိုးသလို
ငါ့ရင်ဘတ်ကိုလဲ အမုန်းဗိုင်းရပ်စ်ကူးမှာစိုးလို့
အချစ်တွေကို မျက်ကွယ်ပြု
အကြင်နာတွေကို လျစ်လျူရှုပီး
အလွမ်းတွေကို ပုဝါမကူ ရေမရှုကြေး
ဒိုင်ပွဲရပ်နဲ့ သိမ်းလိုက်တယ်
ငါ မနက်ဖြန်ကစပီး ဆောင်းခိုမယ်

စနစ်တကျ သိမ်းဆည်းထားတဲ့
ငါ့အလွမ်းအိပ်မက် စိတ်ကူးတွေကို
သပ်သပ်ရပ်ရပ် ထုပ်ပိုးပီး
ဒီကနေ့ စာပို့ရထားနဲ့ မင်းရှိရာပို့လိုက်တယ်
ရင်ထဲက မောနေရတဲ့ စိတ်ဇောတွေကိုလဲ
ထပ်တခါခါ သက်ပြင်းမခြွေချင်တော့လို့
ငါ့မျက်ရည်စတွေကိုပါ တပါတည်း ထည့်ပေးလိုက်တယ်
ငါ မနက်ဖြန်က စပီး ဆောင်းခိုမယ်

ပြည့်စုံ
(၃-၁၁-၂၀၀၉၊ ၂း၃၀ am)

Sunday, November 1, 2009

အမှတ်ရမိတဲ့ တန်ဆောင်တိုင်ညနဲ့ မွေးနေ့ဆုတောင်းများ

သူငယ်ချင်းလေး: စုံရေ
3:30 PM ''ရာဇာဝင်းသိန်းက ဆန်ကွ''
ရန်ပိုင်က ဗီဗီ ကွ
ငါက ငါးမျိုးရနေပြီ
မင်းရော
ဟေ့ကောင် ဟိုဘက်လမ်းမှာ
ဘဲသား ဆန်ပြုတ်တိုက်နေတယ်
ဒါပြီးရင်သွားမယ်

စုံရေ
ဒီအသံတွေက ဘာလဲသိလား
ပြီးတော့ ဒီနေ့ ဘာနေ့လဲသိလား
လမ်းတိုင်းမှာ နိဗ္ဗာန်ဈေးလုပ်နေတယ်

စုံမှတ်မိသေးလား
မနှစ်က စုံတို့အိမ်က ခေါက်ဆွဲခြောက်(အာလူးကြော်လားမသိဘူး)
တစ်ထုပ်ကျန်နေလို့ စားလိုက်တာ
မဲသမားပြန်လာလို့ ပြန်ဝယ်ပေးလိုက်ရတယ်ဆိုတာလေ
စုံပြောပြ တာ မှတ်မိသေးတယ်………….

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ဆိုတာကို ကျမ သူငယ်ချင်းရဲ့ ဂျီတော့ကနေ ကျမအတွက် ထားခဲ့တဲ့ မက်ဆေ့ခ်ျကို မြင်မှ အမှတ်ရခဲ့တယ်.. ဘန်ကောက်ရဲ့ ညတွေမှာ ညတိုင်း ညတိုင်း မီးရှုးမီးပန်းတွေ ဖောက်နေတာ ဗျောက်အိုးတွေ ဖောက်နေတာကို ကြားနေမိပေမဲ့လဲ စိတ်ထဲမှာ မေ့လျော့နေမိတယ်.. ဒီနေ့ မနက်တော့ ဈေးထဲမှာ ငှက်ပျောအူတုံးတွေပေါ်မှာ ပန်းအလှတွေ ဖယောင်းတိုင်တွေ တန်ဆာဆင်ထားတာ တွေ့ပေမဲ့လဲ သာမန်ကာလျံကာသာ သဘောထားမိတယ်..

မြန်မာပြည်ရဲ့ ကော်နက်ရှင်က ကောင်းလွန်းတော့ သူမ မေးမပို့နိုင်ခဲ့ဘဲ ကျမဆီကို ဂျီတော့ကနေ စာအရှည်ကြီး လှမ်းရေးခဲ့ပါတယ်.. အဲ့ဒီစာသားတွေထဲမှာ ကျမကို လွမ်းဆွတ်ခြင်းတွေနဲ့ ကျမ ပြောခဲ့ဖူးတဲ့ စကားလုံးတွေကို သူ အမှတ်ရနေတယ်ဆိုတာကို ကျမ သိခွင့်ရခဲ့တယ်.. ဒီစာသားလေးတွေ ဖတ်နေရင်းနဲ့ စိတ်ထဲမှာ ကြည်ကြည်နူးနူး ခံစားနေမိတယ်.. တစ်ဆက်တည်းမှာပဲ ကျမတို့ ငယ်ငယ် ကလေးဘဝကတည်းကနေ အခုအချိန်အထိ မေ့မရနိုင်ခဲ့တဲ့ ကျမတို့ရဲ့ တန်ဆောင်တိုင်ညလေးတွေကိုလဲ ပြန်အမှတ်ရမိပါတယ်…

ဒီဂျီတော့ထဲက စာသားတွေက ဘာကို ရည်ညွှန်းသလဲဆိုတာကို ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေတဲ့သူတွေတိုင်း သဘောပေါက်ကြပါလိမ့်မယ်.. တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် ကျမတို့ ဆင်ခြေဖုံး ရပ်ကွက်ကလေးတွေမှာ တတ်နိုင်တဲ့သူတွေက မိသားစုအလိုက်၊ တစ်ဦးချင်းအလိုက် ဒါမှမဟုတ် လမ်းတိုင်း လမ်းတိုင်းက စုပေါင်းပီး ပိုက်ဆံတွေကောက်ပီး နိဗ္ဗာန်ဈေးပွဲတော် လုပ်လေ့ရှိကြပါတယ်.. တန်ဆောင်မုန်းလပြည့် မတိုင်ခင် တစ်ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော်တစ်ရက်နေ့ ပေါင်းသုံးရက် လုပ်ကြတာပါ..

အဲ့ဒီ နိဗ္ဗာန်ဈေးပွဲတော်မှာ တတ်နိုင်တဲ့သူတွေက တတ်နိုင်တဲ့အလျောက် ဒါမှမဟုတ် စုပေါင်းစပ်ပေါင်း ကျွေးမွေးတဲ့သူတွေကလဲ စုပီး မုန့်ဟင်းခါး၊ မုန့်တီ၊ ကြာဇံချက်၊ ကြာဇံကြော်၊ ဆန်ပြုတ်၊ သာကူ၊…. စတာတွေကို လာသမျှ ကလေး၊ လူငယ်၊ လူကြီး၊ အပျို၊ အအို အကုန် သိသိ မသိသိ အကုန် လက်ဆွဲပီးကို ခေါ်ပီး ကျွေးပါတယ်.. အယုတ်အလတ် အမြတ်မရွေး ကျွေးမွေးကြပါတယ်.. တချို့တွေများဆို ဆန်တို့၊ ဆီတို့ပါ ပေးပါတယ်.. အဲ့လိုနေရာမျိုးဆို လူတွေ ကြိတ်ကြိတ်တိုးပါပဲ.. လှုတဲ့သူတွေကလဲ တကယ့်ကို စေတနာသဒ္ဓါတရား ထက်ထက်သန်သန်နဲ့ကို လှုကြတာပါ. အလှုကို လာရောက်စားသုံးတဲ့လူတွေကို ကြည့်ပီး နောက်နှစ်ကျရင် ဘာကျွေးမှာ ဘယ်လောက် ပိုလုပ်မှာ ဆိုပီးတော့ကို သဒ္ဓါတရားထက်သန်ကြတာပါ. တစ်ရပ်ကွက်လုံးနီးပါး အပြိုင်အဆိုင်နဲ့ကို လှုကြတန်းကြတာပါ.

ကျမတို့တွေ ဒီလိုနေ့မျိုးတွေဆို ကိုယ့်လမ်းက ကျွေးမွေးတဲ့ စတုဒီသာ အလှုမှာ ဝိုင်းပီး ကူလုပ်ပေးပီးတာနဲ့ သတင်း အချက်အလက်တွေ စုဆောင်းထားကြပါတယ်.. ဘယ်လမ်းက ဘာကျွေးတာ၊ ဘယ်အိမ်မှာတော့ ဘာ၊ ဘယ်လမ်းက ပိုကောင်းတယ် စတာတွေကို ကိုယ့်ဆီမှာ လာစားတဲ့ ကလေးတွေဆီကနေ မေးမြန်းကြရပါတယ်.. ကိုယ့်လမ်းမှာ ကျွေးမွေးတာ ကူလုပ်ပေးမယ့်သူတွေ နိုင်နေပီဆိုတာနဲ့ ကလေးတွေကို စုပီး မမဆုမွန်က ကလေးဗိုလ်လုပ်ပီး လမ်းတွေမှာ ကျွေးသမျှ အလှုမှန်သမျှ လိုက်စားကြပါတယ်.. ပေးသမျှကိုလဲ အထုပ်လေးတွေ ကိုယ်စီဆွဲလို့ အကုန်အိမ်ကို ပြန်သယ်ကြပါတယ်..

ကျမတို့ မောင်နှမတွေ လမ်းတွေက အလှုတွေမှာ လိုက်စား ပေးသမျှ ယူလာကြပီး အိမ်ကို ဒုန်းစိုင်းပီး ပြန်ပြေးလာကြပါတယ်.. အိမ်မှာ ဖယောင်းတိုင်မီးထွန်းဖို့နဲ့ အိမ်စောင့်ကျန်ခဲ့တာက အဖေနဲ့အမေပါ. အမေ ဒါက သာကူ၊ ဒါက ကြာဇံကြော် ဒါက အရမ်းစားကောင်းတယ် သိလား ဒါလေးရောပဲ အမေ ဒါက ဗီဗီအချိုရည် ကိုယ်ယူလာတဲ့ အထုပ်လေးတွေကို အိမ်ကို ပြန်သယ်လာတိုင်း အဖေက အိမ်ရှေ့က ထိုင်ခုံတန်းလေးမှာ ထိုင်ပီး ပျော်တပြုံးပြုံးဖြစ်နေတယ်.. အဖေနဲ့ အမေရဲ့ သားသမီးလေးတွေဟာ သူတို့ စားရုံတင် မဟုတ်ဘူး အိမ်မှာ ကျန်ခဲ့တဲ့ အဖေနဲ့ အမေအတွက်ကိုပါ အမှတ်တရရှိတယ်ဆိုတာ သူတို့သိတော့ သူတို့ သိပ်ဝမ်းသာကြတယ်…

ကျမတို့လိုပဲ အိမ်က မိသားစုအတွက် ရပ်ကွက်တိုင်းက အလှုတွေမှာ လိုက်အလှုခံကြတဲ့ ကလေးလေးတွေ ရှိပါတယ်.. သူတို့လေးတွေကို မြင်တိုင်း ကျမ သိပ်ချစ်မိသလို သိပ်လဲ ဝမ်းနည်းမိပါတယ်.. ကလေးလေးတွေဟာ ငါးနှစ် ခြောက်နှစ် အရွယ်လေးတွေ.. ဒါပေမဲ့ အိမ်အတွက် မိသားစုအတွက် ဝမ်းရေးအတွက် သူတို့ရဲ့ ဘဝလေးတွေကို စတေးထားကြတယ်.. သူတို့လေးတွေက အိမ်ကနေ ထွက်လာကတည်းက ကျွတ်ကျွတ်အိတ်လေးတွေ သယ်လာကြတယ်.. အထုပ်လေးတွေ မပေးဘဲ အဲ့ဒီနေရာမှာတင် ပန်းကန်တွေ ခွက်တွေနဲ့ ကျွေးတဲ့ ကြာဇံချက်တို့ မုန့်ဟင်းခါးတို့လို အရည်နဲ့ အဖတ်နဲ့ ဘယ်လိုမှ သယ်မရတဲ့ မုန့်တွေလှုတဲ့နေရာမျိုးဆို သူတို့ရဲ့ ကျွတ်ကျွတ် အိတ်လေးတွေထဲကို ထည့်ခိုင်းတတ်တယ်.. အဲ့ဒီအခါတိုင်း အလှုရှင်တွေက သူတို့ကို သပ်သပ် ထည့်ပေးလိုက်တဲ့အပြင် အဝလဲ စားခိုင်းလိုက်ပါသေးတယ်.. ဒါပေမဲ့ သူတို့ မစားဘူး သားတို့ကို အိတ်နဲ့ပဲ ထုတ်ပေးနော်ဆိုပီး အိတ်လေးတွေနဲ့ သယ်သွားတတ်ကြတယ်.. သူတို့လေးတွေရဲ့ မျက်လုံးလေးတွေက မျှော်လင့်ချက်တွေနဲ့ ဝင်းပြောင်နေကြတယ်.. ဒီအလှုကနေ နောက် အလှုတစ်ခုကို အချိန်မီ သွားနိုင်ဖို့ သတင်းတွေကိုလဲ အချင်းချင်း လက်ဆင့်ကမ်းတတ်ကြသေးတယ်.. ဒီလိုမျိုးပေါ့ရှင်…
''ရာဇာဝင်းသိန်းက ဆန်ကွ''
ရန်ပိုင်က ဗီဗီ ကွ
ငါက ငါးမျိုးရနေပြီ
မင်းရော
ဟေ့ကောင် ဟိုဘက်လမ်းမှာ ဘဲသား ဆန်ပြုတ်တိုက်နေတယ်
ဒါပြီးရင်သွားမယ် ……..


ကျမ ရန်ကုန်မှာရှိခဲ့တဲ့ နောက်ဆုံး တန်ဆောင်တိုင်ပွဲမှာတော့ ရပ်ကွက်တစ်ခုလုံးစုပီး ပိုပီး စည်းလုံးညီညွတ်အောင်ဆိုပီး ဘယ်အိမ်က ဘယ်နှယောက်စာ လှုနိုင်မလဲ ဒီလမ်းက ဘယ်နှအိမ် အလှုပေးနိုင်မလဲ စာရင်းနဲ့ အတိအကျ ကောက်ပီး စာရွက်တွေမှာ မဲနံပါတ်ပြားတွေရေး မဲပြားနဲ့ ကိုယ်ပေါက်တဲ့ အလှုရှင်ကို လိုက်ရှာရတာပါ.. ပိုပီး ပျော်ဖို့ ကောင်းသလိုပါပဲ.. လမ်းတစ်လမ်းထဲမှာ မဲအိမ်တွေရဲ့ နံပါတ်တွေကလဲ အစဉ်လိုက် မဟုတ်ပြန်ဘူး… အဲ့တော့ လိုက်ရှာရတာ ခြေထောက်ညောင်းပီး တစ်ရပ်ကွက်လုံးနီးပါးဆိုတော့ လူတွေ လူတွေ ဟိုစုစု ဒီစုစု ဟိုအော်ခေါ် ဒီအော်ခေါ်နဲ့ တကယ့်ကို ပျော်စရာကောင်းတာပါပဲ… ကျမတို့အိမ်က လူငါးဆယ်စာ အလှုလုပ်တော့ အာလူးကြော်ထုပ်တွေ လှုပါတယ်.. အဲ့ဒီမှာ ညနေ ၆ နာရီ ပွဲတော်ဖွင့်ပီးဆိုကတည်းက လိုက်ရှာကြ ရတဲ့မုန့်ယူကြ ဒီအတိုင်း မဲနဲ့မဟုတ်တဲ့ အလှုတွေမှာ လိုက်စားကြနဲ့ ကျမတို့က လျှောက်လည်နေတုန်း ၁၀ နာရီလောက် အိမ်ကို ပြန်ရောက်တော့ အိမ်ရှေ့က လင်ပန်းလေးမှာ အာလူးကြော်လေး တစ်ထုပ်နဲ့ အဖေက ငုတ်တုတ်ထိုင်စောင့်နေပါတယ်… ကျမတို့ ပြန်ရောက်လာတော့ အဲ့အာလူးကြော်ထုပ်ကို ၁၀ နာရီတောင် ကျော်နေပီ လာမှာလဲ မဟုတ်ပါဘူး အဖေရာ ဖောက်စားလိုက်ရအောင်ဆိုပီး ဖောက်စားနေတုန်း စက်ဘီးနဲ့ ကောင်လေးနှစ်ယောက် ရောက်လာရော.. မဲနံပါတ်ပြားလေးနဲ့ ဒီအိမ်ထင်တယ်လဲ ဆိုရော ကိုယ်က စားလက်စ အာလူးကြော်ထုပ်နဲ့ … ရီလိုက်ရတာ.. သူတို့ကို ဆိုင်မှာ ပြန်ဝယ်ပေးလိုက်ရပါတယ်.. အမှတ်တရတွေပါပဲ…

တန်ဆောင်တိုင်ပွဲတော် မီးထွန်းပွဲ လျှောက်ကြည့်ရတာ၊ ပီးတော့ ညနေစောင်းပီဆိုကတည်းက ရေမိုးချိုး သနပ်ခါးတွေလိမ်းပီး ကိုယ့်လမ်းထဲက ကလေးတွေကို စု လူစုလူဝေးကြီးအလိုက် လမ်းတကာ လျှောက်သွားခဲ့ရတာ၊ ညဘက်တွေဆိုရင်လဲ လပြည့်ညရဲ့ အလင်းရောင်အောက်မှာ လမ်းထိပ်မှာ ကလေးတွေချည်းစုပီး သီချင်းတွေ အော်ဆိုကြတာ၊ ထုပ်ဆီးတိုးတန်းကစားကြတာ အိုး ပြန်တွေးမိရင် ပျော်စရာ အမှတ်ရစရာတွေချည်းပါပဲ..

အခု သာနေတဲ့ လမင်းကြီးကို ကြည့်ပီး ဒီနေ့ ဒီလိုအချိန် ကျမတို့ရဲ့ အိမ်မှာ ဘာအလှုတွေများ လုပ်နေမလဲ.. ဒီကနေ့က တိုက်တိုက်ဆိုင်ဆိုင် ကျမရဲ့ အချစ်ဆုံးတူမလေးရဲ့ ၁၅ နှစ်ပြည့်မွေးနေ့လေးလဲ ဖြစ်တယ်.. မီးမီးလေးက ငယ်ငယ်လေးကတည်းက ကျမတို့နဲ့ အတူတူနေလာတာဆိုတော့ ကျမတို့ရဲ့သမီးလေးပါ ကျမတို့ရဲ့ ညီမလေးပါ.. ကျမ သိပ်ချစ်ပါတယ်.. မီးမီးကလေ သိလား မီးမီးက ဒါလိုချင်တာ.. မီးမီးကိုလေ.. စကားကလဲ ဘာတတ်သလဲ မမေးနဲ့ နှုတ်ခမ်းဖျားမှာ မှဲ့ပါတဲ့ ချစ်စရာတူမလေးရဲ့ မွေးနေ့တိုင်းမှာ ကျမက အမြဲ မွေးနေ့ကိတ်မုန့် ဝယ်ပေးပါတယ်.. အဲ့ဒီ မွေးနေ့ကိတ်နဲ့ သူ့သူငယ်ချင်းတွေကို ခေါ် မုန့်တစ်ခုခုလုပ်ပီး အိမ်မှာ အမြဲ မွေးနေ့ပွဲလေး လုပ်ပေးပါတယ်.. ဒီနှစ်မှာရော သူမရဲ့ မွေးနေ့လေးအတွက် ဘယ်သူက မွေးနေ့ကိတ် ဝယ်ပေးမလဲ ကျမ စဉ်းစားနေမိတယ်.. မောင်အငယ်လေး ရှိတယ်ဆိုပေမဲ့ မြို့ထဲကနေ တကူးတကန့် မွေးနေ့ကိတ်သွားဝယ်ပေးမှာ မဟုတ်ပါဘူး.. ဒါပေမဲ့ ထုံးစံရှိတဲ့အတိုင်းတော့ မွေးနေ့ပွဲလေး လုပ်ပေးမယ်ဆိုတာ သိနေနှင့်တယ်..

မနက်ဖြန် နိုဝင်ဘာ ၂ ရက်နေ့ကတော့ မေမေ့မွေးနေ့ပါ. အမေ့ရဲ့ ၆၃ နှစ်ပြည့်မွေးနေ့မှာ အမေ့ကို ဖုန်းဆက်ပီး လှမ်းကန်တော့ဖို့ ရည်စူးထားမိတယ်.. အမေ့ရဲ့ မွေးနေ့မှာ ဘုန်းကြီးတွေကို ဆွမ်းကပ်ပီး အလှုလုပ်မယ်လို့ မောင်လေး စနေနေ့က အွန်လိုင်းကိုလာတော့ ပြောသွားတယ်.. အမေ သိပ်နေမကောင်းဘူးတဲ့.. ကြားတဲ့အခိုက်မှာတင် အိမ်ကိုပြန်ပြေးချင်မိတယ်.. အလှုလုပ်မယ်ဆိုရင် အမေ သိပ်ပင်ပန်းမှာ အမေက သူကိုယ်တိုင် အရာရာလုပ်ချင်တယ်.. အမေ နားနားနေနေ နေပါပြောလဲ အခုအထိ တလှုပ်လှုပ်နဲ့ လုပ်လို့ရတဲ့ အရာလေးတွေ လုပ်နေတုန်းပဲ. အဖေရော အမေရာ အသက်ကြီးနေတဲ့ အခိုက်မှာ ရပ်ဝေးတစ်နေရာမှာ သမီးနှစ်ယောက်လုံး ရောက်နေမိတယ်.. အမေရော အဖေရော အရင်ကထက်တော့ ပိုစိတ်ချမ်းသာအောင် ထားနိုင်နေပီလို့ ကိုယ့်ကိုယ်ကို ပျော်အောင် စိတ်ကို အားမွေးထားမိတာပဲ… မနက်ဖြန်ရဲ့ မွေးနေ့မှသည် အမေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ပါစေ.. အေးချမ်းတည်ငြိမ်စွာနဲ့ တရားဘာဝနာတွေကို ပွားများ အားထုတ်နိုင်ပါစေ.. ချစ်တဲ့ ခင်ပွန်း ချစ်တဲ့ သားသမီးတွေနဲ့အတူ အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ သမီးငယ်လေးက ဆုတောင်းပေးနေပါတယ် အမေရေ…

ပြည့်စုံ
(၁-၁၁-၂၀၀၉၊ ၁၀း၃၄ pm)