Monday, October 21, 2013

နံနက်ခင်းစိတ်ကူးအတွေးများ


နံနက်ခင်းကို ပုံဖော်နိုင်သည့် တေးသံအများစုကြားမှာ သူမကို အိပ်ရာကနေ နိုးထဖို့ နှိုးဆော်သည့် အသံဟာ နှိုးစက်သံ ဖြစ်နေခြင်းကိုက သူမရဲ့ အသက်ဝင် ရှင်သန်မှုကို တနည်းတဖုံအားဖြင့် အသိပေးနေသလိုပင်။

နံနက်ခင်း ၆ နာရီဆို သူမအတွက် နွေးထွေးတဲ့အိပ်ရာကနေ ထွက်ခွာဖို့ အချက်ပေးသံ မြည်လာမည်။ ရေမိုးချိုး သနပ်ခါးလိမ်းပြီးသည်အထိ သူမရဲ့ စိတ်အစဉ်က အေးငြိမ်းနေတုန်းပင်။

မေတ္တာသုတ်တော်ကို ရွတ်ဆိုပွားများခြင်းဟာ ၃၁ ဘုံသား သတ္တ၀ါအများကို မေတ္တာပို့လိုခြင်းထက် မာန်မာနအစွဲကြီးလှတဲ့ ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် ငြိမ်းအေးအောင် တနည်းတဖုံအားဖြင့် အားကိုးအားထားပြုခြင်းပင် ဖြစ်သည်။

နံနက် ၇ နာရီဟာ သူမအတွက် အိမ်ကနေ စတင်ထွက်ခွာပြီး အလုပ်ခွင်ကို ဦးတည်သွားနေသည့် လမ်းကြောင်းပေါ် ရှေးရှူနေခဲ့ပြီ။

ကတ္တရာပါးပါး ခင်းထားသည့် လမ်းကလေးကနေ အုတ်နီခဲကျိုးများ မညီမညာ ခင်းကျင်းထားသည့် လမ်းကွေ့ချိုးလေး တခုဆီ ခြေလှမ်းတွေကို ဖဲ့ဆင်းလိုက်သည်။ ခြေလှမ်း ၂၀ နီးပါးသာ လှမ်းလျှောက်ရန် လိုအပ်သည့် ဒီလမ်းချိုးကွေ့လေးဟာ သူမအတွက်တော့ နှစ်သက်စရာပင်။

အုတ်နီခဲကျိုးများကြားမှာ ရှင်သန်ပေါက်ရောက်နေသည့် မြက်ပင် ခယိုးခယိုင်လေးများဆီက နူးညံ့စွတ်စိုမှု အထိအတွေ့ကို ခြေလှမ်းတိုင်းမှာ ခံစားရသည်။ အေးမြလတ်ဆတ်သည့် လေညင်းရဲ့ရနံ့က သူမရဲ့ မျက်နှာကို တိုးထိသွားပြီးသည့်နောက် အဲ့ဒီ လမ်းချိုးလေးအတိုင်း ဆက်လျှောက်လာခဲ့သည်။

ဆောင်းဦးနံနက်ခင်း အများစုဟာ အေးမြငြိမ်းချမ်းခြင်းနဲ့ စိမ်းလန်းစွတ်စိုမှုကို အပြည့်အ၀ ခံစားစေသည်ဆိုရင် ငြင်းစရာ မရှိလောက်အောင်ကို သူမက ထောက်ခံချင်သည်။

ညဥ့်ဦးပိုင်းဆီက ကျဆင်းထားသည့် မြူမှုန်များနှင့် နှင်းငွေ့များ၏ အေးမြမှုကို တညလုံး ငြိမ်စုပ်ထားကြသည့် သစ်ပင်များဆီမှ သန့်ရှင်းသည့် ရနံ့ကို သူမ သတိထားမိသည်။

လမ်းတောက်လျှောက် အိမ်များဆီမှ မနက်ခင်းတိုင်း ကြားရတတ်သည့် ပရိတ်တရားသံ၊ မေတ္တာပို့ အမျှပေးဝေသံနှင့်အတူ ဖန်ခွက်တချို့ ခလုတ်တိုက်သံများကို နားစွင့်နေရင်း ခဏနေရင်တော့ သူမရဲ့ နောက်နားဆီကနေ သတင်းစာပို့သမားကြီး၏ စက်ဘီးဘဲလ်သံကို ကြားလိုက်ရသည်။

ဒီလမ်းလေးကို လွန်သွားပြီးရင် နောက်ထပ် ကတ္တရာ မရှိတော့သလောက် ပါးရှားသွားသည့် လူအများ ဖြတ်သန်းသွားရာ ရပ်ကွက် အလယ်ခေါင်တည့်တည့် လမ်းမကြီးပေါ် သူမ ရောက်တော့မည်။

သူမရဲ့ အိမ်ကနေ ဘတ်စ်ကားမှတ်တိုင်ကို ရောက်ဖို့ဆိုရင် အချိန် ၁၅ မိနစ်စာ လမ်းလျှောက်ဖို့ လိုအပ်သည်။ သူမအတွက်ကတော့ ဒီလမ်းတွေဟာ အမြဲ ရင်းရင်းနှီးနှီး ရှိနေကျပင်။

လမ်းမကြီးတလျှောက် ရပ်ကွက်ဟိုဘက်ထိပ်ဆီက မနက်ခင်းဈေးလေးသို့ ဦးတည်သွားနေကြသည့် အိမ်ရှင်မ အများစုကို တွေ့ရပြီး သူတို့နှင့် ဦးတည်ဘက်ချင်း မတူသည့် ဘတ်စ်ကားမှတ်တိုင်ဆီကို လှမ်းလျှောက်သွားနေသည့် လုပ်ငန်းခွင် ၀င်မည့် သူ အများစု၏ ဒီဇိုင်းအစုံစုံကိုလည်း အမြဲတစေ ပုံမှန်တွေ့ရသည်။

အတွေးနဲ့တင် ကြည်နူးနေသည့် နံနက်ခင်း အာရုံဝင်စားမှုများကို လက်စသတ်လိုက်ပြီး ခြေလှမ်းကို အရှိန်စမြှင့်လိုက်သည်။ လမ်းသွယ်လေးဆီကနေ လမ်းမကြီးဆီ ခြေလှမ်းကို စတင်လိုက်သည်နှင့် ဥဒဟို သွားလာနေသည့် ကားမျိုးစုံ၏ အိပ်ဇောပိုက်တွေဆီက ထွက်လာသည့် မီးခိုးနံ့များနှင့်အတူ ရှင်သန်လိုမှု ဇောအဟုန်၏ ရိုက်ခတ်မှုကို ခံစားရတော့မည်။

ခရီးသည်တင် ဘီအမ်ကားတစင်း အဝေးဆီကနေ ဒုန်းစိုင်း မောင်းလာသည်ကို မြင်လိုက်ရပြီး အဲ့ဒီ ဘီအမ်ကား မှတ်တိုင်ကို မ၀င်မှီကတင် ကားပေါ်ကနေ စပယ်ယာတယောက် လေထဲကနေ ၀ဲပျံလာပြီး ကားအောက်ကို ခုန်ချလိုက်သည်။

" လိုက်မလား လိုက်မလား ဆူးလေကို ဆူးလေကို ... သွက်သွက်လေးတက် သွက်သွက်လေးတက်နော် အလည်ကို တိုး.. နောက်ကားပါတယ် ဆရာရေ မောင်း....."

ကားပေါ်ကို လှမ်းတက်လိုက်သည့် ခြေလှမ်းများ အထိုင်မကျခင်မှာတင် တုန့်ခနဲ အရှိန်မြှင့် မောင်းထွက်လိုက်သည့် ကားပေါ် အားကိုးတကြီး ကိုင်တွယ်စရာ ထိုင်ခုံနောက်မှီတန်းကို လှမ်းဆွဲလိုက်ပြီးသည့်နောက်တွင်တော့ ဆောင်းဦးနံနက်ခင်း အတွေးများ ကတ္တရာလမ်းမကြီးပေါ် ကစဥ့်ကလျား ခုန်ပေါက် ကျန်ရစ်ခဲ့လေတော့သည်..။

ပြည့်စုံ

၎း၄၆ pm, ၂၁-၁၀-၂၀၁၃