Showing posts with label ကဗျာ၊ အငှားရင်ခုန်သံ. Show all posts
Showing posts with label ကဗျာ၊ အငှားရင်ခုန်သံ. Show all posts

Tuesday, January 12, 2010

ရလဒ်

ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ကိုကျော်ပြီး
အညွှန်း ထက်ပိုသောက်ခဲ့မိလို့ . .
အချစ် အဆိပ်တွေတက်ခဲ့ပေါ့ . .

ဝေးနေကြတာ နီးရဖို့အတွက်တဲ့
ဟုတ်ရဲ့လား . . .

တွေးကြည့်တော့ ပေါ့ပါးလိုက်တဲ့. . “အချစ်“
လက်တွေ့ကတော့ ရင်မောရတဲ့ . .“အဖြစ်“

မဆုံနိုင်မှန်း သိနေမှတော့ . .
ကြုံနေတုန်း “ခဏ“ တာလေးမှာ
ဘာကြောင့် . . .

တစ်ယောက်ကိုတစ်ယောက်
ဝေဒနာတွေပေးနေကြဦးမှာလည်း . . .

လရောင်

Monday, October 26, 2009

စိမ်းရောင်သန်းတဲ့ လွင်ပြင်ကျယ်နောက်

အစိမ်းရောင်တွေ သန်းနေတဲ့
ဟော .. ဟိုက လွင်ပြင်ကျယ်မှာ
မင်းရင်ခွင်တစ်စုံလုံးကို ပစ်သွင်းကြည့်လိုက်ပါ ...
လွင်ပြင်ကျယ်အစိမ်းက
မင်းခန္ဓာမှာ လာထင်ဟပ်မယ်ဆို
အဲဒီလို ရောယှက်နေတဲ့
ခပ်စိမ်းစိမ်း မျက်ဝန်းအစုံများစွာကြားမှာပဲ
မင်းဟာ ခပ်စိမ်းစိမ်း အကြည့်တွေနဲ့ပဲ ဖလှယ်တော့မှာလား ..
လောကကြီးအတွင်းမှာ ပျက်ရယ်ပြုနေကြတယ်
မင်းရော သူတို့လို ခပ်စိမ်းစိမ်းစကားတွေနဲ့ လှောင်ပြောင်မှုကို
ပြုနေဦးမှာလား ...
ဆေးသားလွင်နေတဲ့ အစိမ်းရောင်ပန်းချီကားတစ်ချပ်
မျက်ဝန်းအစုံကို အေးစေတယ်ဆို ..
ထိုအေးမြမှုတွေ နောက်
အစိမ်းဆိုတဲ့ သဏ္ဍာန်သရုပ်
မင်းစိတ်မှာ စွဲထင်နေမှဖြင့်
မြင်မြင်သမျှ အေးမြချင်တဲ့ မင်းစိတ်
အစိမ်းရောင်တွေကြားမှာပဲ ဖြစ်တည်နေတော့မယ်
ဘ၀ကိုစိမ်းရောင်သန်းနေမှာလား ..
ထွေပြားစေတာလား ..
ထိုထိုအတွေးကြားမှာပဲ
အစိမ်းရောင်ဆိုတာ ????
...........
........................
သက်ရွက်ကြွေတွေ လွင့်ဝဲနေတဲ့နောက်
မင်းစိတ်အနောက်တွေ လိုက်နေမယ်ဆို
စိမ်းရောင်သန်းတဲ့ လွင်ပြင်ကို ပမာပြု
ထင်ဟပ်နေတဲ့ စိမ်းရောင်ဟာ
အပေါ်ယံမှာပဲ ဖြစ်တည်နေတာမို့
ထိုအပေါ်ယံကို ခ၀ါချ
စိတ်အအိုက်ပြေပျောက်မဲ့ ရောင်နီအလင်းစက်အောက်
ပြေးထွက်ကြပါစို့ ..။

အရုပ်ကလေး (http://idulize.myanmarbloggers.org/)

(အနော့်ရဲ့ စိမ်းသက်ခြင်းဆိုတဲ့ ကဗျာလေးကို ဖတ်အပီးမှာ ကိုအရုပ်ကလေးက ထပ်ဆင့် ကဗျာရေးပေးတာကို ဖော်ပြလိုက်ပါတယ်ရှင်)

Saturday, August 8, 2009

ပန်းစကား

နူးညံ့တဲ့လေပြေထဲ
အချစ်သီချင်းသံတွေ
နားစွင့်နေမိ
ပြိုတော့မယ့်တိမ်လို
ရွာချတော့မယ့်မျက်ဝန်းတွေဟာ
မေလရဲ့မိုးနဲ့အပြိုင်

မနက်ဖြန်ဆိုတာမရှိရင်
ဒီနေ့မင်းကိုချစ်ကြောင်းပြောပြလိုက်ပါ့မယ်
ဒီလိုနဲ့
ပိတောက်ပွင့်တယ်
မိုးရွာတယ်
နှင်းတွေကြားထဲလမ်းလျှောက်ထွက်ကြတယ်
အပြီးမသတ်တဲ့ဇာတ်ညွန်း
စက်ဝန်းဘယ်နှခုစာလဲ

တို့တွေရယ်နေတယ်
အသံတွေညံနေတယ်
ရင်ထဲမှာတော့ဗလာဟင်းလင်း
မလေးနက်တဲ့ပျော်ရွှင်ခြင်းမျိုးနဲ့
ချစ်ခြင်းဆိုတာတစ်သက်စာ
ဆုံစည်းခွင့်ဆိုတာ တစ်သက်မှာတစ်ခါ
မင်း…မေ့နေမှာလား။

စုကလေး

Friday, July 24, 2009

မေမေ့တမ်းချင်း

အမှာစာမဟုတ်ပါ
ဒီလိုနဲ့  ကဗျာဆရာတစ်ယောက်မဟုတ်ခဲ့ပြန်ဘူး
အိမ်ပြန်ချိန်တွေကို သတိရတတ်တဲ့ 
အဝေးရာက်သမီးအနေနဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ပေါ့နော်……
အလွမ်းကြိုးက ရစ်ပတ်
မေမေ့အပြုံးတွေ စွဲလမ်း
မေမေ့အနမ်းတွေကို တမ်းတလို့ 
ပြန်ရက်တွေ မရောက်နိုင်
ကြာလွန်းတဲ့ နွေရက်များ
ခွဲခွာခြင်းရဲ့ အပူ
သမီး ရင်လောင်မြိုက်
မှောင်မိုက်ညတွေ
မကုန်နိုင်ပါ
ဆုံစည်းခွင့် အလှမ်းဝေး
ပြေးလို့သာ အရောက်လာချင်
ရင်ထဲက သီကုံး စကားလုံးတွေရင်ဖွင့် 
ရင်နင့်အောင်လွမ်းခဲ့
မေမေသိအောင်ပြောဖို့ 
ဆုံချင်ပြီ မေမေရေ...........................

ရဲရင့်ချစ်

(ကျမရဲ့ ချစ်လှစွာသောမောင်ကလေးက ကျမအတွက်ဆိုပီး ရေးပေးတဲ့ မေမေ့တမ်းချင်းကဗျာလေးပါ၊ အမေ့ကို လွမ်းနေတဲ့အချိန် သူစပ်ပေးထားခဲ့တာပါ။)

Saturday, July 18, 2009

နွေ

ရှိစုရှိမယ့်သောက်ရေကို
သူ့ရဲ့ဖြူလျော်လျော်တံလျှက်တွေနဲ့ ခိုးခပ်ပြီး
အမြဲစိမ်းတောတွေကိုမှ
မျက်နှာလုပ်ချင်တဲ့နွေ။

ပက်ကြားအက်နေတဲ့လက်တွေနဲ့ ထွန်ယက်
မိုးရေမရလို့ ဆိုပြီး
မျက်ရည်သွင်းစိုက်ထားတဲ့လယ်ထဲမှာမှ
ပိုးကျတတ်တဲ့နွေ။

ရေလုရင်းစစ်ဖြစ်နေကြရာသီမှာ
ငွေတမျက်နှာထဲကြည့်ပြီး
ဘ၀ကိုတွင်းတူးမိုက်မိရှာတဲ့
အ၀ီစိပိုက်ပျက်ကလေးရဲ့ 
မိုက်တွင်းနက်လှတဲ့နွေ။

ရေခဲသတ္တာထဲမှာ
ခောတ်ပေါ်ဇိမ်ခံကားထဲမှာ
ဘ၀တခုလုံးစာသော့ခတ်ပြီး
သူကိုယ်တိုင်အအေးပတ်နေတဲ့နွေ။

ရေသန့် တွေ အသောက်များလာလို့ ဆိုပြီး
လမ်းထိပ်သောက်ရေကန်ထဲခုန်ချသတ်သေသွားတဲ့
ရေထမ်းသမလေးရဲ့ ရင်ဘတ်အောက်က
မီးတောက်နေခဲ့ဖူးတဲ့ညနေစာ ….နွေ။

မြေနိမ့်ရာလှံစိုက်နေကျ
ကျူးကျော်ရပ်ကွက်လေးထိပ်က
ဘ၀ကိုတစက်ချင်းညှစ်ချနေရတဲ့
ဂျိုးဖြူပိုက်ခေါင်းပျက်လေးရဲ့ နွေ။

ချွေးစက်တွေနဲ့ လဲလာတဲ့ညစာတနပ်ကို
ညနေတိုင်းဘုံဆိုင်မှာအရက်နဲ့ လဲသောက်
အိမ်အပြန်လမ်းရဲ့ ပါစပက်တစ်တွေ
ကွေးကောက်ယိုင်နဲ့ သွားတဲ့နွေ။

ကိုမျိုး

(အနော့်အကိုတစ်ယောက် ရေးစပ်ထားတဲ့ ကဗျာလေးကို ဖတ်ရှုခံစားစေချင်လို့ မျှဝေလိုက်ပါတယ်။)