တွေ့ဆုံပြီးရင် ကွဲကွာခြင်းဆိုတာ
မဖြစ်မနေရှိလာမှာပါ
ဒါပေမဲ့ အဲဒီနိယာမတွေထဲမှာ
သံယောဇဉ်တွေမပါခဲ့ရင် သိပ်ကောင်းမှာပဲ
အခုတော့
အမှတ်တရတွေက ခြေရာအထပ်ထပ်ထင်လို့
အမှောင်ထဲမှာ
မကြားရတဲ့လှိုင်းပုတ်သံကို နားစွင့်ခဲ့တဲ့ညတွေ
အလဲအကွဲငြင်းခုန်ခဲ့တဲ့ စကားသံတွေ၊ ဇာတ်ကြောင်းတွေ
ဟာရီယို၊ ဒိုင်ကြောင်၊ ကက်ပချီနို အားလုံးက
ငါ့မှတ်ဉာဏ်မှာ ပြိုးပြက်လို့
ဒီမှာ စက္ကန့်တိုင်းသတိရနေမယ်ဆိုတာ ညာတာ
ဒါပေမဲ့
လစ်ဟာသွားတဲ့နေရာကိုမြင်တိုင်း
အကြင်နာစစ်ရင် ကို ကြားတိုင်း
မျက်ရည်မဝိုင်းမိစေဖို့ဖြေဆေး
ငါတို့ကို ပေးခဲ့စမ်းပါ
(စုကလေး)ဒါတင်ဘယ်ကမလဲ ကျန်သေးတယ်
ရှေ့ဆက်မက်ဖို့ အတူပုံဖော်ခဲ့ကြတဲ့
ငါတို့ရဲ့ အိပ်မက်တွေ…..
အတူသွားကြမယ့် ကျိုက်ထီးရိုးခရီးစဉ်
သီတင်းလဲ ကျွတ်တော့မယ်။
ပွင့်လင်းရာသီရောက်ရင် အဆက်မပြတ်တော့မယ့်
အတူမကြည့်ဖူးခဲ့တဲ့ ရှိုးပွဲတွေ။
ရုပ်ရှင်ရုံတွေမှာလဲ
ငါတို့ကြိုက်တဲ့ကားတွေ တစ်ကားပြီးတစ်ကား။
ရှေ့လာမယ့်နှစ် သင်္ကြန်
ရန်ကုန်မှာ အတူအော်ဟစ်ကြမယ်ဆိုတာတွေ။
ပြီးတော့…. တွေ
…………….တွေ
…………….တွေ
အတူတူ အိပ်မက်ခဲ့ကြပေမယ့်
မင်းမရှိတဲ့နောက်…….
တစ်ခါတစ်ရံ
တို့တစ်တွေ အကောင်အထည်ဖော်ဖြစ်တောင်
သူငယ်ချင်း…..
မင်းမပါဝင်တဲ့ ပွဲတွေက
ငါတို့ပျော်နေတယ် ထင်ရပေမယ့်
တစ်နေရာ လပ်နေသလိုပဲ။
အပြည့်အဝမဟုတ်တဲ့ အပျော်တွေနဲ့
ငါတို့စိတ်တွေ
ဘယ်အချိန်များမှ
အသားကျပါ့မလဲနော်…..
(စုမြတ်)ကျမ အဝေးကို သွားတော့မယ်ဆိုတဲ့အချိန်မှာ ကျမရဲ့ ချစ်လှစွာသော သူငယ်ချင်းမလေးတွေက ကျမအတွက်ဆိုပီး ရေးပေးခဲ့တဲ့ ကဗျာလေး ၂ ပုဒ်ပါ. ဆက်စပ်ပီး ရေးထားတာမို့ တစ်ဆက်တည်း ဖော်ပြလိုက်တာပါရှင်။
သိပ်ချစ်ဖို့ကောင်းတဲ့ ကျမရဲ့ သူငယ်ချင်းကလေးတွေရဲ့ ကျမအပေါ် သူတို့ထားရှိတဲ့ ခင်မင်မှုတွေကို သိခွင့်ရခဲ့တဲ့အချိန်မှာ ကျမ ကျေးဇူးအများကြီးတင်မိပါတယ်။ ကျမရဲ့ သူတို့အပေါ် ထားရှိတဲ့ ခင်မင်မှုတွေကိုလဲ သူတို့အတွက် သီးသန့်အကန့်လေးထဲမှာ အမြဲထည့်ထားပါတယ်။