Monday, August 31, 2009

သဘာဝ

ရယ်မပြချင်လို့
ပြုံးပြလိုက်ရတဲ့အဖြစ်တွေ
သိပ်ကို များတယ် အမေ

ရှင်းမပြချင်လို့
မေ့ပစ်လိုက်ရတဲ့အဖြစ်တွေ
သိပ်ကို များတယ် အမေ

ငိုမပြချင်လို့
ညည်းချင်းချရတဲ့အဖြစ်တွေ
သိပ်ကို များတယ် အမေ

ဖွင့်ဟခွင့်မရလို့
မျိုသိပ်လိုက်ရတဲ့အဖြစ်တွေ
သိပ်ကို များတယ် အမေ

ထိုင်နေရင်းနဲ့
အမှုတွဲ အဆွဲခံရတဲ့အဖြစ်တွေ
သိပ်ကို များတယ် အမေ

ခေါင်းခါခွင့် မရလိုက်လို့
ခေါင်းညိတ်လိုက်ရတဲ့အဖြစ်တွေ
သိပ်ကို များတယ် အမေ

ငယ်ငယ်က တွေးမိတယ် အမေ
လူကြီးတွေ ဘာလို့ ညာတတ်သလဲ
အခုတော့ သိပီ အမေ
ညာတတ်ရုံတင် မက
လိုအပ်ရင်
ဟန်ဆောင်တတ်ရတယ်ဆိုတာလေ

ပြည့်စုံ (၃၁-၈-၂၀၀၉၊ ၂း၁၂ pm)

Friday, August 28, 2009

မယ်ခွေ သို့မဟုတ် ချစ်လှစွာသော မမ ဆုမွန်

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ချစ်လှစွာသော မမ ဆုမွန်

သြဂုတ်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ မမကြီးရဲ့ အသက် ၃၁ နှစ်မြောက်မွေးနေ့မှာ စိတ်အေးချမ်းပါစေ သူ့ပခုံးပေါ်မှာ တင်နေတဲ့ တာဝန် ဝန်ထုပ်ဝန်ပိုး ကြီးကြီးတွေ လျော့ကျပါစေ...သူမ အစဉ်အမြဲ ပျော်ရွှင်ပါစေလို့ ကျမ အမြဲဆုတောင်းပေးပါတယ်.

ကျမရဲ့ အမဟာ ငယ်ငယ်လေးကတည်းက ကျမအတွက်တော့ ဟီးရိုးပင်. ပိန်ညော်ညော် လက်မောင်းရိုးကလေးတွေနဲ့ ကျမ အမဟာ တကယ့်ကို ပိန်တာရိုးလေးပါ. အဲ့ဒီ အရိုးပိန်ပိန်လေးထဲမှာ ပုန်ကန်ချင်တဲ့စိတ်တွေ မတရားမှုကို ငုံ့မခံချင်တဲ့စိတ် လူလူချင်းဖိနှိပ်မှုကို လက်မခံနိုင်တဲ့စိတ် လူတွေကို လူလူချင်း တန်ဖိုးထားကာ အရာရာ သူ့ခန္ဓာလေးနဲ့ မလိုက်ဖက်အောင် လုပ်ပေးချင်တဲ့စိတ်တွေ အပြည့်အဝ ရှိပါတယ်. သူ့ခန္ဓာ ပိန်ပိန်လေးနဲ့ မလိုက်ဖက်လိုက်အောင် စိတ်ကလဲ ကြီးလှသေးတယ်.

ငယ်စဉ်ကတည်းက ကျမလက်ကို ဆွဲပီး အမေ မလွှတ်တဲ့ လမ်းဘေးက ပိတ်ကားထောင်ပြတဲ့ ရုပ်ရှင်ကိုကြည့်ချင်လို့ အရိုက်ခံပီး သွားရဲတဲ့ အမ. သူ့ရဲ့ ပေါင်ပိန်ပိန်လေးပေါ်မှာ မောင်နှမတွေ လှဲအိပ်ရင်း ပုံပြင်ပေါင်းစုံပြောပြပီး ညသိပ်ခဲ့တဲ့ အမ. တခုခုအမှားလုပ်လို့ အရိုက်ခံရရင် အံကြိတ်ခံတတ်တဲ့ အမ. ကျမတို့အတွက် အရှေ့ကနေ ဦးဆောင်လမ်းပြ ဆော့နည်းမျိုးစုံနဲ့ ကစားတတ်တဲ့ အမ. မတရားတာ မှန်သမျှ ပြန်ခံပြောရဲတဲ့ အမ. ကျမတို့ မောင်နှမတွေအတွက်တော့ ကျမ အမဟာ သူရဲကောင်းပါ. အခုတော့ အမဟာ ကျမတို့ တစ်မိသားစုလုံးအတွက် ဦးစီးဦးဆောင် ပြုနေတဲ့သူပါ. ကျေးဇူးရှင်ပါ.

အမေက မမကြီးကို မာသာထရီစာလို့ အမြဲခေါ်ပါတယ်. သူမရဲ့ အရိုးပိန်လေးနဲ့ မလိုက်ဖက်လောက် အောင်ကို သူတစ်ပါးကို ကူညီချင်တဲ့စိတ်ပြင်းတဲ့သူ. သူများအရေးကို သူ့အရေးလုပ်ပီး ဝမ်းနည်းစရာ ရှိရင် အတူတူငိုပီး. ဝမ်းသာစရာရှိရင် သူတစ်ထူးထက် ပိုဝမ်းသာပေးတတ်တဲ့ အမ. သူငယ်ချင်းတွေ ဆို အိမ်က လူတွေထက်တောင် ပိုခင်မင်တဲ့ အမဟာ အခုတော့ အဲ့ဒီစိတ်ဓာတ်တွေ တစ်ဝက်လောက် လျော့ကျနေပီဆိုရင်တောင်မှ မမကြီးမှာ သူများအရေးကို တို့အရေးလုပ်ချင်စိတ် ရှိနေတုန်းပါပဲ.

အဲ့လို စိတ်ထားတွေကြောင့်လဲ တခါတလေ ပြင်းပြင်းထန်ထန် သူ့စေတနာကို အစော်ကားခံရတဲ့ အခါတွေတိုင်း သူများတကာထက် သူက ပိုပီး ထိခိုက်ရှလွယ်ပြန်ရော. ဒါပေမဲ့ သိပ်မကြာခင် အချိန်ကလေးအတွင်းမှာလဲ ပြန်ပီး ဝမ်းနည်းတတ်ပြန်ရော. ကျမ အမဟာ ပါးစပ်ကသာ မာကျောသယောင် သူပြောတတ်ပေမဲ့ သူ့ရဲ့ အတွင်းစိတ်က သိပ်ပီး နူးညံ့ သိမ်မွေ့တတ်တယ်.

ငယ်စဉ်ကတည်းက မိသားစုအရေးကို ဈေးဗန်းခေါင်းရွက်ပီး ကူညီဖြေရှင်းတတ်တဲ့ အမဟာ တက္ကသိုလ်တက်နေစဉ်အချိန်တုန်းကလဲ အစားဆင်းရဲ အနေဆင်းရဲခံပီး တက္ကသိုလ်ကျောင်းကို ကော်ဖီတစ်ခွက်ထဲ သောက်ပီး တက်ခဲ့တဲ့ အမပါ.

၁၉၉၆ ကျောင်းသားအရေးတော်ပုံ စတင်တဲ့အချိန်မှာ အမက လက်မောင်းပိန်ပိန်လေးကို မကာ မကာနဲ့ တို့အရေးဆိုခဲ့လို့ ထောင်ထဲရောက်နေတဲ့အချိန်မှာတောင် အိမ်ကို ဒုက္ခပေးဖို့ သူ အများကြီး စဉ်းစားခဲ့တယ်.. ဘယ်လောက်ပဲ အခက်အခဲတွေ့တွေ့ တစ်ယောက်တည်း ကြိတ်မှိတ်ခံခဲ့တတ်တဲ့ အမဟာ သူ တစ်နယ်တစ်ကျေးမှာ တစ်ယောက်တည်း နေရစဉ်တုန်းကလဲ ဂျီတော့ကနေ စကားပြောတိုင်း စိတ်ဆင်းရဲစရာ စိတ်အနှောင့်အယှက် ဖြစ်စရာ စကားတစ်ခွန်းမှ သူမပြောခဲ့ဘူး. ဒုက္ခတွေ မှန်သမျှ သူ တစ်ယောက်တည်း ကြိတ်မှိတ်ခံခဲ့တတ်တဲ့ အမဟာ အခုအချိန်အထိတော့ သူ စိတ်မအေးနိုင်သေးပါဘူး.

သူ သတင်းထောက်လုပ်နေစဉ်အချိန်တုန်းကလဲ တစ်နေကုန် လမ်းပေါ်မှာ နေပီး ရှပ်အင်္ကျီ ရှည်ရှည်ဖားဖားကြီးကို ဝတ် ဘေးမှာ ကချင်လွယ်အိတ်ကို တရွတ်ဆွဲလွယ်ပီး တစ်နေကုန် တစ်နေခမ်း လမ်းဘေးက မုန့်တီတစ်ခွက် လက်ဖက်ရည် အခွက်ပေါင်းများစွာနဲ့ ဘဝကို တရွတ်ဆွဲ ကျော်ဖြတ်ခဲ့ဖူးတယ်.

ညကြီးမိုးချုပ်တဲ့အထိ လမ်းပေါ်မှာရှိနေတဲ့ အမကို အမေရော အဖေရော မအိပ်နိုင်ဘဲ အိမ်ရှေ့လမ်းမပေါ်ကနေ မျှော်ငေးခဲ့ရဖူးတဲ့ နေ့တွေ မရေနိုင်ပေမဲ့ အခုအချိန်အထိ အမေရော အဖေပါ အိမ်ရှေ့ပြတင်းပေါက်ကနေ ဟိုးအဝေးကို လှမ်းမျှော်ငေးပီး အဝေးရောက် သမီးတစ်ယောက် ရပ်ဝေးမြေခြားမှာ ဘယ်လိုများ နေရှာမလဲ ပူပင်ရှာလေရဲ့.

အမြီးရှည်သလိုမျိုး လမ်းရှည်တဲ့ အမကို အမေနဲ့ ကျမက တညီတညွတ်တည်း ပေးခဲ့တဲ့ နာမည်က မယ်ခွေ ပါ. အမ အပြန်မိုးချုပ်တဲ့ ညနေတိုင်း အမေက အိမ်ရှေ့ကနေ ထွက်မျှော်နေတတ်ပီး မယ်ခွေ တစ်ယောက်တော့ ဘယ်ခြေဆန့်နေလဲ မသိဘူး..

ပြန်လာပါပီ ကုန်းကုန်းကိုင်းကိုင်းနဲ့... မျက်မှန်နဲ့ဆိုတော့ လမ်းက ဂလု ဂလက်တွေကို မမြင်ရလို့ ကုန်းပီး လျှောက်လာတာပါ. လွယ်အိတ်နဲ့ လူနဲ့ တစ်လမ်းလုံးအပြည့် ခြေချနင်းလာတဲ့အမကို မြင်မှ အမေက အိမ်ထဲ ဝင်ပီး... အိမ်ထဲ လှမ်းဝင်လာတဲ့ အမကို ဆူဆူပူပူ မျက်နှာထားနဲ့ ကြည့်တတ်တယ်. ခုနက စိတ်ပူပင်နေတဲ့ အမေဟာ အမမျက်နှာကို မြင်လိုက်တာနဲ့ အော်တိုမစ်တစ် ပြောင်းလဲသွားတာပါ.

ဘာဟင်းချက်လဲ လို့ မေးတတ်တဲ့ အမကို အမေ စိတ်ဆိုးတိုင်း ပဲဟင်း လို့ ဖြေလိုက်တာနဲ့ ထမင်းပန်းကန်ကို လက်နဲ့မွှေပီး မျက်ရည်တောက်တောက်ကျကာ ထမင်းစားတတ်တဲ့ အမကို အမေက စိတ်ဆိုးရင် အမြဲ ပဲဟင်းချက်ကျွေးတတ်ပါတယ်. ဒါပေမဲ့ သူမ ထောင်ထဲမှာ ရှိစဉ်တုန်းကတော့ ပဲဟင်းကိုပဲ အဓိကထား စားရတာပါ. အဲ့အခါ ဘယ်လိုများ စားရှာမလဲ မသိဆိုတဲ့ အတွေးနဲ့ အမေက မျက်ရည်တစမ်းစမ်း ရှိတတ်တယ်. အမေနဲ့ အမက အမြဲ တကျက်ကျက် ရန်ဖြစ်တတ်ပီး ခွဲနေရင်လဲ မျက်ရည်လေးတစမ်းစမ်းနဲ့ အလွန်အမင်း ချစ်ခင်တတ်ကြတာ သူတို့နှစ်ယောက်အပြင် မရှိပါဘူး.

အမကို သိပ်ချစ်တဲ့ အဖေကတော့ အမ ဘာလုပ်လုပ် ထောက်ခံတတ်တယ်. ငါ့သမီးကြီးကလို့ အမြဲပြောတတ်တဲ့ အဖေ့ရဲ့လေသံထဲမှာ အမြဲ ဂုဏ်ယူတဲ့စိတ်ရှိပါတယ်.

အမ ထောင်ထဲ ရောက်နေတဲ့ အချိန် ထောက်လှမ်းရေးတွေခေါ်လို့ သွားရတဲ့ အဖေ့ကို ‘ကိုယ့်သားသမီးကို နိုင်အောင် မထိန်းနိုင်ဘူး ခင်ဗျားတို့ကိုလဲ ထောင်ထဲ ထည့်ပစ်လို့ရတယ်’ လို့ သားအရွယ် ထောက်လှမ်းရေးက ကြိမ်းမောင်းတာ ကို အဖေက မျက်နှာတစ်ချက်မပျက်ဘဲ

‘အေး ငါ့အသက် ၆၀၊ ဝန်ထမ်းနှစ်ပြည့်ပင်စင် ၃၂ နှစ်တိတိ ရှိခဲ့တာ မင်းတို့ထောင်ထဲ ထည့်မယ်ဆိုလဲ ထည့်လို့ရတယ်..ငါ့သမီးကိုလဲ ငါ ဂုဏ်ယူတယ် သူလုပ်နိုင်တာကို သူလုပ်ခဲ့တာဖြစ်တယ်. မင်းတို့ လုပ်နိုင်တာကိုလဲ မင်းတို့လုပ်ကြပေါ့’လို့ ပြန်ဖြေခဲ့ဖူးတယ်.

မိုးရွာရင် မိုးတွေ တအားခြိမ်းရင် အရမ်းကြောက်တတ်တဲ့ အမကို သတိရတိုင်း အိမ်မှာဆိုရင် အဖေက မိုးရွာလို့ မိုးခြိမ်းပီဆိုတာနဲ့ ကျမတို့ညီအစ်မ ခြင်ထောင်ဘေးကို အပြေးရောက်လာရင် လာ… မလာရင် အမက အဖေ အမေ ခြင်ထောင်ထဲ အတင်းတိုးဝင်ပီး ပုန်းတတ်တယ်. အခုတော့ အမ တစ်ယောက် တည်း မိုးတွေခြိမ်းရင် ဘယ်လိုများနေရှာမလဲဆိုတဲ့ စိတ်နဲ့ မိုးတအားခြိမ်းတဲ့ည မိုးတွေ တအားရွာတဲ့ ညဆို အဖေတစ်ယောက်တည်း ဧည့်ခန်းမှာ ငူငူကြီးထိုင်နေတတ်တယ်.

အခုအချိန်အထိတော့ ကျမလဲ အမကို အပြည့်အဝ အကူအညီ မပေးနိုင်သေးပါဘူး. ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားနေရတဲ့အချိန်မှာ ကျမအတွက် အားကိုးရာကတော့ မမကြီးပါပဲ. မောင်နှမတစ်တွေရဲ့ ‘မမကြီး သိလား ညီမလေးကလေ….. မမကြီး သားကလေ သားက….. အဒေါ် အဒေါ့် မီးမီးက ဟိုဟာလိုချင်တာ သိလား….. ဒါလေးရောပဲ’ အဲ့လိုမျိုးတွေ ပူဆာနေတုန်းပဲ ပူဆာချင်တုန်းပဲ.

ဘယ်အရာမဆို ကိုယ့်ဟာကို လုပ်နိုင်အောင် ကြိုးစားနေလဲ မမကြီးကိုတော့ အားကိုးနေတုန်းပဲ အားကိုးချင်တုန်းပါပဲ. ဒီလိုမျိုးတွေနဲ့ မမကြီးလဲ သူ့အတွက်ဆိုတာကို မစဉ်းစားနိုင်သေးဘဲ အိမ်အတွက် မိသားစုအတွက် သူငယ်ချင်းတွေအတွက် …အတွက် … အတွက် … အတွက်တွေ များနေပေမဲ့လဲ အခုအထိတော့ သူလုပ်နိုင်သလောက် သူလုပ်နေတုန်းပါပဲ. လုပ်ချင်နေတုန်းပါပဲ.

အခုတော့ အရင်တုန်းက နံပိန်ကလေးနဲ့အမဟာ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်နေရင်းနဲ့ ဗိုက်ပူနံကားလေး ဖြစ်နေပါပီ..

ထမင်းဟင်းထက် မုန့်တီ မုန့်ဟင်းခါး ကြာဇံချက် ဒါတွေပဲ ချက်ချက်စားတတ်တဲ့ အမဟာ တခါတလေ သူ့ဘာသာ သူ ချက်စားတာထက် သူများချက်ကျွေးတာ အမေ ချက်ကျွေးတာကို စားချင်တယ်လို့ ပြောတိုင်း ကျမ စိတ်မကောင်းဖြစ်ရတယ်.

အမေ ချက်ကျွေးတဲ့ ထမင်းဟင်းနဲ့ လေးနှစ်ကျော် ငါးနှစ်နီးပါး ဝေးနေရတဲ့ အမဟာ တစ်ချိန်ချိန်တော့ သူချစ်တဲ့ တိုင်းပြည် သူချစ်တဲ့ မိသားစုနဲ့ ထမင်းအတူလက်ဆုံစားနိုင်မယ့် နေ့လေး အမြန်ရောက်နိုင်ပါစေလို့ ကျမ မွေးနေ့ဆုတောင်း အဖြစ် ဆုတောင်းပေးလိုက်ပါတယ် ချစ်လှစွာသော မမကြီးရေ………….

ပြည့်စုံ (၂၈-၈-၂၀၀၉၊ ၁၁း၀၀ pm)

Tuesday, August 25, 2009

မိုးနဲ့အတူ

မိုးနေ့လေး တစ်နေ့နဲ့အတူ
ကိုယ့်အနား မင်းအရောက်လာခဲ့တယ်
ကောင်းကင်မှာ လျှပ်နွယ်လျှပ်ပန်းတွေ
တလက်လက်နဲ့ပေါ့
ရင်ထဲက ကြောက်စိတ်အတွက်
သူပြောဖူးတဲ့ စကား
ဓာတ်ပုံရိုက်နေတယ် ပြုံးထားတဲ့လေ

မိုးနေ့လေး တစ်နေ့နဲ့အတူ
ကိုယ့်အနားက မင်းဖယ်ခွာသွားခဲ့တယ်
ကောင်းကင်မှာ တိမ်မည်းတွေ
ညိုမဲ မိုးသည်းနေခဲ့တယ်
ရင်ထဲက လွမ်းစိတ်အတွက်
သူပြောဖူးတဲ့စကား
အမြဲတမ်းချစ်နေမယ် သတိရနေပါတဲ့လေ

မိုးနေ့လေး တစ်နေ့နဲ့အတူ
ကိုယ့်အနား မင်းရှိမလားလို့
မိုးရေထဲထွက်
အကြောက်အလန့်မဲ့တဲ့စိတ်နဲ့
မိုးရေတွေ ရွှဲစိုနေခဲ့လဲ
ငါ့အနားမှာ မင်းမရှိ
မင်းမသိတဲ့ဖြစ်အင်တွေနဲ့
နှလုံးသားထဲ အလွမ်းမိုးတွေ ရွာဆဲပါပဲ….

ပြည့်စုံ (၂၀-၈-၂၀၀၉၊ ၂း၃၇ pm)

Friday, August 21, 2009

ချစ်ခြင်းနှင့်သာ အပြစ်တွေ ကင်းပါစေသား

‘မေဟာ တကယ့်ကို အသည်းမာတာပဲနော်.’

မျက်နှာကို တချက်မပျက်ဘဲ ခေါင်းကို မော်ထားခဲ့တယ်

အသည်းမာတယ်လို့ ပြောနိုင်ခွင့်ရှိအောင် ဒီအသည်းကို ဘယ်လောက် မာကျောအောင် လုပ်ထား ရသလဲ သူမသိတဲ့အတွက်တော့ ကံကြမ္မာကို ကျေးဇူးတင်မိတယ်.

ဘုရားရေ ရင်ဘတ်ထဲက စူးခနဲ အောင့်တက်လာတော့ လက်ဖနောင့်နဲ့ရင်ဘတ်ကို ဖိထားမိတယ် ဒီခံစားချက်ကို အခုတလော ခန ခန ခံစားရတာ ကြာပီ စွပ်စွဲချက်တွေကို လက်သင့်ခံခဲ့ရတဲ့ အချိန်ကတည်းကပေါ့….

ကျမက မာနကြီးတယ် စိတ်ကြီးတယ် ဒေါသကြီးတယ် ခန ခန သူ ပြောတတ်ပေမဲ့ အသည်းမာလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူးတဲ့
သူ့ရဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးကို ကြည့်ပီးတော့ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားရတယ်.

နာကျင်စမ်းပါကွယ် မေ့ထက်တော့ ပို မနာကျင်နိုင်ပါဘူး….

……………………………………………..

ကွန်ပျူတာကို တစ်လျှောက်လုံးကြည့်နေခဲ့ရတော့ ကျမရဲ့ မျက်လုံးတွေ သိပ်ပူနေပီ. ခါးကို ရုတ်တရက် ဆန့်ထုတ်လိုက်ပီး မတ်တပ်ရပ်လိုက်ကာ ဟိုဟိုသည်သည် အကြည့်မှာပဲ ကျမကို စိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံကို ကျမ တွေ့လိုက်ရတယ်.

သူ့ရဲ့ မျက်လုံးတွေက သူခိုးလူမိသလိုဖြစ်သွားပီး ကျမကို ရုတ်တရက် ပြုံးပြလိုက်တယ်. ခပ်ကြောင်ကြောင်ဖြစ်သွားပေမဲ့ သူ့ကိုတော့ ပြန်ပြုံးပြလိုက်ပါတယ်. ကျမတို့နှစ်ယောက် အပြုံးချင်းဖလှယ်နေတာကို မြင်တဲ့ ထက်ထက်က

‘ဟဲ့ ဘယ်သူ့ကို ပြုံးပြနေတာလဲ မေဇော်’

ကျမက သူ့ဘက်ကို မေးထိုးပြလိုက်တော့ ထက်ထက်က ထရပ်ပီး လှမ်းကြည့်လိုက်တဲ့အခါ သူ ရှက်သွားပီး မျက်နှာလွှဲသွားခဲ့တယ်.
ကျမတို့နှစ်ယောက် ခပ်တိုးတိုးကြိတ်ရယ်လိုက်ပီး ကျမဘေးကို ထက်ထက်က ကုန်းကုန်းကွကွ ရောက်လာခဲ့ကာ သူ့အကြောင်းကို လာပြောပြခဲ့တယ်.

‘ဆရာချစ်ရဲ့ တူတဲ့ဟ…အလုပ်သင် လာထားတာလေ. နင်မမြင်ဖူးဘူး မဟုတ်လား’

‘အေးပေါ့ဟ ငါ နေမကောင်းတဲ့ရက်က ရောက်လာတာလား… မနက်ကလဲ မတွေ့ဘူးတော့’

‘အေး သူရောက်တာ နောက်ကျတယ်ထင်တယ်…ဒီမှာ ဒီဇိုင်းဆွဲတာ လာသင်တာ.. လူကတော့ မထုံတက်သေးပုံစံပဲဟေ့.. ချိုချိုတို့တော့ အနားကကို မခွာဘူး… ဟီးဟီး’

ကျမက ခပ်တိုးတိုးရယ်လိုက်ပီး ထက်ထက်ကို ဆွဲစိတ်လိုက်တယ်.

‘တော် တော် ထက်ထက်ရေ ဒီမှာတင် ရပ်ဟ တော်တော်ကြာ ပြဿနာတက်နေဦးမယ်’

ချိုချို ဆိုတာ ကျမတို့နဲ့တော့ ဘယ်လိုမှ မတည့်တဲ့ အပျိုကြီးမမပင်.. ကျန်တဲ့သူတွေနဲ့တော့ ဘယ်လို အခင်အမင်ရှိလဲ မသိပေမဲ့ ကျမကိုတော့ မျက်နှာကြောတင်းတင်း မာရေကျောရေရှိတယ်လို့ကို တဲ့တိုးကြီးပြောထားတော့ သူနဲ့က အဆက်အဆံသိပ်မလုပ်ဘဲ ခပ်တင်းတင်းနေနေခဲ့တာလေ.

ဒါပေမဲ့ ချိုချိုက ကျမတို့ရုံးက ဘော့စ်ရဲ့ တူမ နှစ်ဝမ်းကွဲလောက်လဲ စပ်နေတော့ သူက ဒီမှာ အရေးပါနေသယောင် ထင်ရတာပေါ့. ဒါပေမဲ့ ကျမကလဲ ခပ်အေးအေး ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်လုပ်တဲ့သူဆိုတော့ သူ့ကို ရှောင်နေနိုင်တယ်လေ.

‘မေဇော့်ကို ခနလောက် ရုံးခန်းထဲ လွှတ်လိုက်ပါဦးဟေ့’ ဆရာချစ်က လှမ်းခေါ်တော့ ကျမက အင်္ကျီကို အသာဆွဲဆန့်ပီး ထက်ထက်ကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ကာ ရုံးခန်းထဲ ဝင်ဖို့ ပြင်တဲ့ အချိန်မှာပဲ သူလဲ သူ့နေရာက ထပီး ရုံးခန်းထဲ ဝင်သွားခဲ့တယ်.

ဆရာချစ်က ကျမတို့ရုံးရဲ့ MD ပင်. ဘော့စ်ရဲ့ သူငယ်ချင်း အားထားရတဲ့ မန်နေဂျင်းဒါရိုက်တာမို့ သူခိုင်းတဲ့အလုပ်ဆို သေချာကျကျနန လုပ်ပေးရတတ်တယ်. ဒါပေမဲ့ ဆရာချစ်က ဘော့စ်ထက်ပင် ကျမတို့အတွက် အရာရာ အားကိုးရတဲ့ အထက်လူကြီးပင်.

‘မေဇော် သိမလားပဲဟေ့ ဒါက ဆရာ့တူလေးပဲ. စည်သူတဲ့. စင်ကာပူမှာ ကျောင်းဆက်တက်ဖို့ ပြင်နေတာလေ. မသွားခင် အလုပ် အတွေ့အကြုံလဲ ရအောင် ဒီကိုခေါ်ထားလိုက်တာ. ညည်းကို သူ့အပ်ထားမယ်ဟေ့. လိုအပ်တာတွေ ကြည့်ပီး စီစဉ်ပေးလိုက်ပါ.. သူ စကားကောင်းကောင်း နားမထောင်ရင်တော့ ညည်း ဆုံးမလို့ရတယ်ဟေ့နော်’

ဆရာချစ်က ရယ်စရာလိုပြောတော့ ကျမက ရယ်လိုက်ပေမဲ့ သူကတော့ ကျမကို ခပ်စူးစူးကြည့်နေခဲ့တယ်.

နေ့လည် ထမင်းစားချိန်မှာ ကျမတို့ရုံးက ကင်တန်းရှိတော့ အဲ့ဒီမှာပဲ ထိုင်စားနေတုန်း သူ့ထမင်းပန်းကန်ကို ကိုင်ပီး ကျမဘေးနားကို ရောက်လာခဲ့တယ်..

ကျမက ထက်ထက်နဲ့ပဲ အများဆုံး တွဲစားပီး ကျမတို့နှစ်ယောက်ရဲ့ ထမင်းစားခုံလေးက ချောင်လေးနားမှာ ဘယ်သူမှ အရှုပ်အယှက်မရှိ စကားတိုးတိုးပြောလိုက် ရယ်မောလိုက် ထမင်းစားနေတုန်း သူရောက်လာတော့ လန့်တောင် သွားမိတယ်.

‘ကျနော်လဲ ထမင်း အတူတူစားလို့ဖြစ်တယ် မဟုတ်လား မေ’

ကျမက မျက်ခုံးနှစ်ခုလုံး ပင့်တက်သွားပီး သူ့ကို မော့ကြည့်လိုက်မိတယ်.
သူကတော့ ခပ်တည်တည်ပင် ဘေးက ခုံကို ဆွဲယူထိုင်လိုက်ပီး သေချာကျနစွာ ထမင်းစားနေတော့သည်.

‘မေ’ တဲ့ ကျမကို သူက မေလို့ ခပ်တည်တည်ပင် ခေါ်ပီး ထမင်းစားနေတာမြင်တော့ သူ့ရဲ့ ပိုင်စိုးပိုင်နင်းနိုင်မှုအတွက် ရုတ်တရက် ရယ်ချင်သွားပီး ပါးစပ်ထဲက ထမင်းလုတ်ကို ခပ်မြန်မြန်မျိုချပစ်လိုက်တယ်.

သူ့ကို ပြူးပြူးကြီးကြည့်နေတဲ့ ကျမတို့နှစ်ယောက်ကို သူက ပြုံးပြလိုက်ပီး

‘ဦးငယ်က မေနဲ့အတူတူ အလုပ်တွဲလုပ်ရမယ်ဆိုတော့ ပိုပီးရင်းနှီးအောင် ထမင်းအတူတူစားတဲ့ သဘောပါပဲ.. ကျနော်ရှိလို့ အနှောင့်အယှက်တော့ မရှိပါဘူးနော်…’

ထက်ထက်က ‘ဟုတ်ကဲ့ မရှိပါဘူး ဒါပေမဲ့ …’

ထက်ထက်စကားကို ဖြတ်ပီး ကျမက

‘ထမင်းအတူစားရတာတော့ ပြဿနာမရှိပါဘူး ဒါပေမဲ့ ကျမ နာမည်က မေဇော်ပါ မေ မဟုတ်ပါဘူး’

သူက ကျမကို ကြည့်ပီး

‘နာမည်ကို သိပါတယ် ဒါပေမဲ့ မေ လို့ပဲ ခေါ်ချင်လို့…ခေါ်ခွင့်ပြုမယ် မဟုတ်လား’

သူ့ရဲ့ ပိုင်နင်းမှုအတွက် ကျမက နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်သွားပေမဲ့ ‘ကိစ္စမရှိပါဘူး ခေါ်ခွင့်ရှိပါတယ်’လို့ ခပ်တိုးတိုးပဲ ပြန်ပြောလိုက်ရတော့တာပေါ့. ဟင်းးးးးးးးးးးးးးးး

ကျမ ပြောသမျှကို သူက သေသေချာချာ နားထောင်ပီး ဂရုတစိုက်လိုက်လုပ်ခဲ့တယ်. အလုပ်လုပ်တဲ့နေရာမှာ သူက သိပ်အကင်းပါးလွန်းပီး ကျမပြောသမျှ သူက သပ်သပ်ရပ်ရပ် လုပ်နိုင်ခဲ့တယ်. အလုပ်ကိစ္စနဲ့ပတ်သတ်ပီးတော့ စိတ်မညစ်ရပေမဲ့ ကျမကို
တခါတလေ စူးစိုက်ကြည့်တတ်တဲ့ သူ့ရဲ့မျက်လုံးတွေအတွက်တော့ ကျမ အနှောင့်အယှက် ဖြစ်ရတယ်.

အဲ့ဒီနေ့က ဒီဇိုင်းတစ်ခု အပီးအပ်ရမယ်ဆိုတော့ ကျမ အိမ်ပြန်ချိန် နောက်ကျနေခဲ့ပီ. ထက်ထက်ကတော့ သူ စောင့်ပေးမယ် ပြောပေမဲ့ ကျမက အားနာလှတယ်. ထက်ထက် ပြန်ရမယ့်နေရာက ဝေးတော့ ရတယ်လို့ ပြောလိုက်တယ်. သူကလဲ ညနေ အလုပ်ချိန်ပီးတဲ့အချိန်မှာ ပြန်သွားခဲ့ပီ. ပထမဆုံး သူ့ရဲ့အကူအညီကို လိုချင်ပေမဲ့ သူသာ ဘေးမှာ ရှိရင် ကျမရဲ့ အလုပ်ကို ပိုပီး မြန်မြန် အဆုံးသတ်နိုင်ခဲ့လိမ့်မယ်လို့ ထင်ပီး အကူအညီတောင်းမလို့ ပြင်နေတဲ့အချိန်မှာပဲ သူက အရင်ပြန်သွားခဲ့တာလေ.

နာရီကိုကြည့်လိုက်တော့ ၈ နာရီထိုးနေပီ. မနက်ဖြန် မနက် ၉ နာရီ ဒါကို အပီးအပ်ရမယ်ဆိုတော့ မနက်အစောကြီးလဲ လာဖို့ အဆင်မပြေ. ပီးတဲ့အထိ လုပ်ရမှာပဲ. ဆာလောင်နေတဲ့ဗိုက်ကို အသာပွတ်လိုက်ပီး ဘေးက ကော်ဖီခွက်ကို ကိုင်လိုက်တဲ့အချိန်မှာပဲ ကျမဘေးကို လူရိပ်တစ်ယောက်ရောက်လာတာလေ.

အားကိုးတကြီး မော့ကြည့်လိုက်တော့ သူဖြစ်နေခဲ့တာပေါ့. ရင်ထဲမှာ ပျော်ရွှင်သွားမှုက အတိုင်းထက်အလွန်ပဲ. သူက ကျမဘေးမှာရပ်ပီး

‘ဖယ်လိုက် မေ. ခန နားလိုက်. ကျနော် ဆက်လုပ်လိုက်မယ်. မေ တစ်ယောက်တည်းကျန်ပီး အလုပ်ဆက်လုပ်နေတယ်လို့
ဦးငယ်ပြောတော့ ကျနော် အပြေးပြန်လာခဲ့တာ. အစောကတည်းက ဘာလို့ မပြောလဲ မေရယ်. မေ တစ်ယောက်တည်း ပင်ပန်းတာပေါ့.. နောက်ဆို ကျနော် ရှိနေပီပဲ. မေ လိုအပ်သမျှ ကျနော့်ကိုပြောပါနော်’

သူ့ရဲ့ မျက်လုံးတွေက ကြင်နာခြင်းအရိပ်အငွေ့တွေနဲ့ ဝန်းရံနေခဲ့တယ်. ကျမက ဘာမှဆက်မပြောနိုင်ဘဲ ကွန်ပျူတာစားပွဲရှေ့ကနေ ခွာပေးလိုက်တယ်.

သူက ‘စားဖို့ တခုခုဝယ်လာတယ် မေ. အဲ့တာကို အရင်စားလိုက်ဦး.. ပီးမှ ကျနော်တို့ အလုပ်ဆက်လုပ်ကြတာပေါ့’

သူ ဝယ်လာပေးတဲ့ ခေါက်ဆွဲကြော်ကို စားနေရင်းနဲ့ ကျမက ကျေးဇူးတင်တယ်လို့ ပြောခဲ့တယ်

‘ကျေးဇူးတင်စရာ မလိုပါဘူး မေရယ်… ကျနော် မေ့ဘေးမှာ လိုသမျှ ဖြည့်ဆည်းခွင့်ပဲ ရချင်ပါတယ်’

သူ့ရဲ့ စကားသံတွေ သူ့ရဲ့ အပြုအမူတွေနဲ့ သူ့ရဲ့ မျက်လုံးတွေက သူ့ရင်တွင်းက ခံစားချက်တွေကို အတိအလင်း ဖော်ပြနေခဲ့ပီ.

ကျမက မသိချင်ယောင်ဆောင်နေရင်းနဲ့ကို သူ တွယ်ငြိလာတာကို တိတ်တခိုးနဲ့ ရင်ခုန်တတ်လာခဲ့တယ်.

အဲ့ဒီနေ့ညက ကျမကို အိမ်ပြန်လိုက်ပို့ပေးခဲ့တယ်. ကျမတို့ရဲ့ လမ်းကလေးက ကားလမ်းဘေးကနေ ၂ လမ်းကျော်လောက် လျှောက်ရသေးတာလေ. သူ့ကို ပြန်ဖို့ပြောပေမဲ့ အိမ်အထိ လိုက်ပို့ခွင့်တော့ ရသင့်တယ်လို့ ဇွတ်တောင်းဆိုနေတာရယ် သူနဲ့အတူ လမ်းလျှောက်ချင်တဲ့စိတ်တွေရယ်နဲ့ ကျမတို့နှစ်ယောက် လမ်းလျှောက်လာခဲ့ကြတယ်.

နောက်နေ့ ကျမရဲ့ စားပွဲပေါ်မှာ ကော်ဖီခွက် အဆင်သင့်ရှိနေခဲ့တယ်. ပီးတော့ ကွန်ပျူတာ ကီးဘုတ်ဘေးမှာ စာရွက်ဝါလေးတစ်ခု..

‘ညတုန်းက လမ်းအတူတူတွဲလျှောက်ခွင့်ရခဲ့တာကို ဘယ်တော့မှ မမေ့နိုင်တော့ဘူး မေရယ်.’ တဲ့

ကျမက ကမန်းကတန်း အဲ့ဒီစာလေးကို သိမ်းထားလိုက်ရတယ်.

တနင်္ဂနွေ ရုံးပိတ်ရက်မှာ ကျမတို့ ရုပ်ရှင်သွားကြည့်ဖို့ ထက်ထက်နဲ့တိုင်ပင်တော့ သူလဲ ကြည့်ချင်တယ်တဲ့..

ကျမက ငြင်းလိုက်ဖို့ စကားလုံးရှာနေစဉ်မှာပဲ ထက်ထက်က

‘ဟယ်ပျော်စရာပဲ အေးဟေ့ တို့တွေ ဘယ်နားမှာ ချိန်းကြမလဲ လုပ်ဟ… မေဇော် နင် နောက်မကျနဲ့နော်. လက်မှတ်ကရော ကြိုတင်လက်မှတ်ဝယ်ရင် ကောင်းမလား..’

သူတို့နှစ်ယောက်ပဲ ဆွေးနွေး သူတို့နှစ်ယောက်ပဲ တိုင်ပင်နဲ့ တစ်ချက် တစ်ချက် စကားပြောနေရင်းနဲ့ ကျမကို လှမ်းပီး တိုင်တည်လိုက်သေးတယ် သိပ်တော်တဲ့ သူငယ်ချင်းအစုတ်ပလုတ် ထက်ထက်. ကျမက အံတချက်ခဲပြလိုက်တော့ ထက်ထက်က လျှာတစ်လစ်ထုတ်ပြတယ်လေ. သူကတော့ မြင်ပေမဲ့ မမြင်ချင်ယောင်ဆောင်နေခဲ့တယ်.

ညနေ ရုံးဆင်းခါနီးတော့ ကျမရဲ့ရှေ့ကို စာရွက်အတိုလေးတစ်ခု ကျလာခဲ့တာလေ.

စာရွက်တိုကလေးကို ကောက်ယူလိုက်တော့

‘ကျနော့်ကြောင့် မေ အနှောင့်အယှက်မရှိစေရပါဘူး..မေနဲ့အတူ ရုပ်ရှင်ကြည့်ချင်တာလေးပါပဲ”

သိသာတဲ့ ချစ်ခြင်းတရားတွေကြားမှာ ကျမ တိတ်တဆိတ်ပျော်ရွှင်လာမိတယ်. သူ အနားမှာသာ ရှိနေရင် ဘယ်အရာမှ အစားထိုးစရာမလိုလောက်အောင်ကို ကျေနပ်ပျော်ရွှင်နေမိတယ်. လိုလေသေးမရှိ ကျမကို ဂရုစိုက်မှုတွေအတွက် သူ့ရဲ့အကြင်နာတွေအပေါ် သာယာနေမိတယ်.

‘သိပ်ချစ်တယ်’ တဲ့လေ. အပြာရောင်စာရွက်ပေါ်က လက်ရေးကလေး

‘ဒါက ဘာအဓိပ္ပာယ်လဲ’ လို့ ခပ်ဆတ်ဆတ်မေးလိုက်တော့ သူက

‘စိတ်မဆိုးပါနဲ့ မေရယ်…. ကျနော် မေ့ကိုချစ်နေတာကြာပီ မေ စိတ်ဆိုးမှာစိုးပေမဲ့ ဖွင့်မပြောဘဲလဲ မနေနိုင်တော့’ လို့ပါ

‘ပြောစရာရှိရင် ကျနော် ရုံးဘေးက လှေကားထစ်မှာ စောင့်နေမယ်နော် မေ.. အဲ့ဒီကျမှ ပြောပါ’

ရုံးခန်းရဲ့ ဘေး လှေကားထစ်မှာ သူ ရပ်စောင့်နေခဲ့တယ်.

ထက်ထက်ကတော့ ခပ်စောစောပင် လစ်ပြေးသွားခဲ့ပီ.

ကျမက ကျယ်ကျယ်လောင်လောင် မြည်ဟီးနေတဲ့ ရင်ခုန်သံကို သူကြားမှာစိုးတဲ့စိတ်နဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တယ်. သူ့ဘေးကိုရောက်တော့ သူက ခပ်တည်တည်ပင်.

‘အိမ်ပြန်လိုက်ပို့ချင်လို့ပါ မေ’ တဲ့လေ

ကျမတို့နှစ်ယောက် အတွေးကိုယ်စီနဲ့ တိတ်တဆိတ်ပင် လမ်းလျှောက်နေခဲ့ကြတယ်. သူက တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းလိုက်ပီး ကျမရဲ့ရှေ့မှာ ပိတ်ရပ်လိုက်တယ်.

‘ကျနော် မေ့ကို ချစ်တယ်’

‘မေ စိတ်မဆိုးပါနဲ့ မေရယ်. ကျနော် မေ့ကို စတွေ့တဲ့အချိန်ကတည်းကကို ချစ်နေမိတာ.. မေလဲ သိနေနှင့်ပါတယ်. ဟုတ်တယ် မဟုတ်လားဟင်’

သူ့ရဲ့ စကားသံက ချိုသာလွန်းတယ်. ကျမက ပြန်ပြောဖို့ စကားလုံးရှာနေတာကို သူက ပြောခွင့်မပေးခဲ့ဘဲ ကျမလက်ကလေးကို အသာဆွဲကိုင်လိုက်တယ်.

‘ကျမ ……’

‘မေ ပြန်မပြောပါနဲ့ မေ သေချာစဉ်းစားပါ… ဒါပေမဲ့ ကျနော် ချစ်နေတာကိုတော့ မေ့ကို သိစေချင်တာပါပဲ’

ရင်ခုန်သံတွေနဲ့အတူ သူ့စကားတွေကို ကျမရဲ့နှလုံးသားက လက်ခံထားလိုက်ပီ. အသိဥာဏ်ရှိတဲ့ ဦးနှောက်က ဘယ်လိုပင် ငြင်းဆန်မယ်လို့ ဆုံးဖြတ်ပေမဲ့ နောက်ဆုံးတော့လဲ နှလုံးသားရဲ့အလိုကို မငြင်းနိုင်တော့ဘူးလေ.

သူ့ကို တိကျတဲ့ အဖြေမပေးခဲ့သေးပေမဲ့ ကျမတို့ သုံးယောက်သား ပိတ်ရက်တွေမှာ အတူတူပျော်ရွှင်ခဲ့ကြတယ်. သူက ထက်ထက်ရှေ့မှာပဲဖြစ်ပါစေ ရုံးမှာပဲဖြစ်ပါစေ ကျမကို သိပ်ချစ် သိပ်မြတ်နိုးတဲ့ အကြည့်နဲ့ တစ်ခါတစ်ရံ ကြည့်တတ်ပေမဲ့ အနေအထိုင်တော့ တည်ကြည်ခဲ့တယ်လေ. ဒါတွေကြောင့်ပဲ သူ့ကို ကျေးဇူးတင်မိတယ်.

ဒါပေမဲ့ ကျမကို အိမ်ပြန်လိုက်ပို့တဲ့ ညနေတိုင်းမှာတော့ သူက ကျမ အတင်းငြင်းဆန်ပေမဲ့ ကျမလက်ကို မလွှတ်တမ်း
ဆွဲကိုင်ထားခဲ့တယ်. ပီးတော့ ကျမတို့နှစ်ယောက်ရဲ့ အနာဂတ်တွေအကြောင်း ဘယ်လို ဘဝတစ်ခု ထူထောင်ကြမလဲ ဆိုတာတွေ ….

‘ကျနော် စင်ကာပူကို မသွားတော့ဘူး မေ. မေ့ဘေးနားမှာပဲနေမယ်.. မေ့ကို လက်ထပ်မယ်. ကျနော် မေ့ကို စိတ်ချမ်းသာအောင် ထားနိုင်အောင်ကြိုးစားမယ်.. မေသာ ဘေးနားရှိရင် ဘယ်အရာမဆို ကျနော် ရင်ဆိုင်ရဲတယ်’

အဲ့ဒီလို ပြောတဲ့စကားကို သတိထားမိပေမဲ့ ကျမက သူ့ကို ချစ်စိတ်နဲ့ သူ့ရဲ့စကားလုံးတိုင်းမှာ ရင်ခုန်နေရတာနဲ့ပဲ ခွဲခြမ်းစိတ်ဖြာမှု မပြုခဲ့မိဘူး

‘မေ တစ်ဆိတ်လောက်တော့ ကို့ကို ချစ်တယ်လို့ ပြောသင့်နေပီ မဟုတ်လားဟင်.. မေက သိပ်အကျပ်ကိုင်လွန်းတယ် ကွာ. မေ့ကို ကျနော့်ရဲ့ချစ်သူလို့ လူပုံအလယ်မှာ ကြေညာချင်နေပီ မေရဲ့’

ချစ်တယ်လို့ ဖွင့်မပြောခဲ့တာ တစ်ခုတည်းနဲ့ပဲ ကျမတို့နှစ်ယောက်ကြားမှာ အနေအထားတစ်ခု မပြောင်းလဲခဲ့တာပဲ ရှိတယ်. ကျမကလဲ အသေအချာ စဉ်းစားနေခဲ့တာ. ဆရာချစ်ရဲ့ တူဆိုတာရယ်. ဘာပဲပြောပြော ကျမထက် အစစအရာရာ ပိုသာလွန်တဲ့သူ့ကို ကျမအတွက်နဲ့တော့ နဂိုရည်စူးထားခဲ့တဲ့ သူ့ဘဝရှေ့ရေးဆိုတာတွေရယ်ကို အဓိကထား စဉ်းစားနေရင်းနဲ့ လူ့အတ္တအတိုင်းပဲ သူ့ကို ကျမဘေးမှာပဲ ရှိစေချင်တဲ့စိတ်တွေနဲ့ ဝေခွဲမရဖြစ်နေခဲ့တာလေ.

နားနေခန်းအရှေ့ကို ရောက်တဲ့အချိန်မှာ အထဲက စကားပြောသံသဲ့သဲကို ကြားရပေမဲ့ ကျမက အထဲကို ဝင်ဖို့ ပြင်နေတဲ့ အချိန်မှာပဲ

‘လူပုံက ကြည့်တော့ မာရေကျောရေနဲ့ ကိုင်မယ့် ကိုင်တော့လဲ တကယ့်ကို ဂေါင်မှ ရွေးကိုင်တာဟေ့. သူ့အမေဆိုတာ ငိုကြီးချက်မနဲ့ပဲ.. ဟိုက လုံးဝ စင်ကာပူကို မသွားတော့ဘူးလို့ အတင်းငြင်းနေတာ. ပီးတော့ စည်သူ့မှာက လူကြီးချင်း စေ့စပ်ထားတဲ့ ကောင်မလေးက စင်ကာပူမှာလေ. အဲ့ဒီတော့ လူကြီးတွေ မျက်နှာပျက်တာပေါ့. အေးလေ အဲ့ဒီမိန်းမကလဲ ဘာဆေးတွေများ သုံးနေလဲမှ မသိတာ…..’

မိုက်ခနဲဖြစ်သွားတဲ့ ခေါင်းကို လက်နဲ့လှမ်းဖိလိုက်ပီး ကျမက အခန်းထဲကို စွတ်ဝင်လိုက်တယ်.

ကျမကို ရုတ်တရက် အမြင်မှာပဲ ချိုချိုရော သူ့ဘေးက အဖော်တွေပါ လန့်သွားတယ်.

“စည်သူမှာက စေ့စပ်ထားတဲ့ ကောင်မလေးရှိတယ်… စည်သူ့မှာ………’

ဆရာချစ်က ကော်ဖီခွက်ကို မ လိုက်တဲ့ အချိန်မှာပဲ ကျမက ကော်ဖီခွက်ကို တစ်ရှိန်ထိုး မော့ချလိုက်တယ်. ရင်ထဲကို ခါးသက်ပီး ပူစင်းသွားတဲ့ အရသာနောက်ကို မလိုက်နိုင်ဘဲ လက်ရှိ ပစ္စုပ္ပန်တည့်တည့်မှာပဲ စိတ်ကို ရောက်အောင် မနည်းကြိုးစားနေရတယ်. အခြေအနေတွေက ထင်ထားတာထက်ကို ပိုရှုပ်ထွေးနေမှန်း သိလိုက်ရတဲ့အချိန်မှာ ကျမ ရင်တစ်ခုလုံး ဘာမှန်းမသိတဲ့ စိတ်ခံစားမှုတစ်ခုက ပိုပိုပြင်းထန်လာနေတယ်.

‘စကားက ဘယ်က စရမှန်း မသိဘူး မေဇော်. အဓိက တာဝန်ရှိတာက ဆရာပဲလေ. စည်သူ့မှာလဲ အပြစ်မရှိသလို မေဇော့်မှာလဲ အပြစ်မရှိဘူး. တကယ်တမ်း အပြစ်ရှိတာကတော့ ဆရာတို့ လူကြီးတွေမှာပါပဲ.’

‘မင်းတို့နှစ်ယောက်အကြောင်း ဆရာ ရိပ်မိတဲ့အချိန်မှာပဲ စည်သူ့ကို တားမြစ်ပေမဲ့ စည်သူက ခေါင်းသိပ်မာလွန်းတယ်. ရွှေရည်ဆိုတာက စည်သူနဲ့ စေ့စပ်ထားတဲ့ မိန်းခလေးပဲ သမီး. ကောင်မလေးက စင်ကာပူမှာပဲ အခြေချနေတယ်လေ. စည်သူကလဲ လိုက်သွားရမယ်. လက်ထပ်ဖို့ ရက်အထိ ရွေးထားပီးပီ. ဒါပေမဲ့ အဲ့လိုစီစဉ်ထားတာကို စည်သူ သေချာ မသိတာက ပြဿနာပဲ’

‘စည်သူက အဲ့ဒီကောင်မလေးကို တကယ့်ကို မကြိုက်ဘူး ဒါပေမဲ့ စည်သူ့အမေနဲ့ အဲ့ဒီကောင်မလေး အမေနဲ့က သိပ်ရင်းနှီးလွန်းတော့ စကားတွေက ကျွံလက်စနဲ့ ကျွံကုန်တယ်လေ.. ပီးတော့ ကိုယ့်သားသမီး သူ့သားသမီး ပိုင်တယ်ဆိုပီး ကလေးတွေကို အသိမပေးတာက ပြဿာနာစတာပဲ’

ဆရာချစ် မျက်နှာက စိတ်ရှုပ်ထွေးမှုနဲ့ ညစ်နွမ်းနေခဲ့တယ်. ကျမကတော့ ကျောက်ရုပ်လိုပင် ဆရာချစ်ကို ဘာစကားမှ ပြန်မပြောနိုင်ခဲ့ဘူး.

‘သမီးကို ဆရာ တောင်းပန်ချင်တာက တကယ့်ကို အနူးအညွတ်တောင်းပန်ပါတယ် သမီးရယ်… အခု သမီးတို့ အခြေအနေ ကိုလဲ ဆရာ သိနေတယ်.. သမီးဘက်က ဘာမှပြန်ပီး တုံ့ပြန်မှု မလုပ်ရသေးဘူးလို့ စည်သူက ပြောတယ်……’

နားလည်မှုတွေ….. ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေတစ်ခုဆီကို လမ်းကြောင်းပေးနေတဲ့ စကားလုံးတွေ …….

နှစ်ဖက်မိဘ အသိအမှတ်ပြုပီး လက်ထပ်ဖို့ ရက်အထိပါ သတ်မှတ်ထားတဲ့ မိန်းခလေးနဲ့

လုပ်ဖော်ကိုင်ဖက်ချင်း နားလည်မှုတွေနဲ့သာ ချည်နှောင်ထားကြပီး ဘယ်လိုအခြေအနေမှ တရားဝင် မကျွံရသေးတဲ့ ကျမတို့နှစ်ယောက်ရဲ့ အခြေအနေနဲ့………………

ထက်ထက်က တောက်တခေါက်ခေါက် လုပ်နေခဲ့တယ်..

‘ဒါ သက်သက်မဲ့ဟာ အမှန်တော့ သူဖွင့်ပြောသင့်တယ်ဟ… ငါကတော့ သဘောတူတဲ့စိတ်နဲ့ နင်တို့ကြားထဲ အခမဲ့တောင် အောင်သွယ်လုပ်ပေးခဲ့တာပဲဟာ.. စည်သူ ဒီလိုတော့ ဖွင့်မပြောဘဲ မနေသင့်ဘူး.. အခုလိုမျိုး ဆရာချစ်တို့တောင် ဝင်ပါရ တဲ့ အဆင့်အထိတော့ မကောင်းဘူးပေါ့… နောက်ပီး နင်ကရော….နင် ဘယ်လိုဆုံးဖြတ်မလဲ မေဇော်’

‘ငါကလား ငါက ဘယ်လိုဆုံးဖြတ်ရမလဲ ထက်ထက်ရယ်… ဒါပေမဲ့ ဘာမှ မကျွံလိုက်ရတဲ့အတွက်တော့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိတယ်..’

‘နင် သူ့ကို တကယ်ချစ်နေသလား မေဇော်..’

‘မမေးနဲ့တော့ မမေးနဲ့တော့ ထက်ထက်.. ဒါတွေဟာ အခုအချိန်မှာ မေးဖို့ကို မလိုတော့ဘူး.. မပူပါနဲ့ဟာ ငါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ့မယ်’

ချစ်မယ်လို့ ဆုံးဖြတ်မိတဲ့အချိန်မှာတင် မချစ်သင့်တဲ့အကြောင်းတရားတွေ ခိုင်ခိုင်လုံလုံရှိနေမှတော့ ချစ်ဖို့ဆိုတာကို မစဉ်းစားသင့်တော့ဘူးလေ.. ဘယ်လောက်ပဲ ချစ်သွားပါစေ. ချစ်နေမိတယ်လို့ ထင်နေရုံဖြစ်ပါစေ မချစ်သင့်တော့ဘူး.. မချစ်သင့်တော့ဘူးလို့ တွေးလိုက်တိုင်း သူ့ရဲ့အကြင်နာတွေ ဂရုစိုက်မှုတွေ အချစ်တွေကို ပြန်ပြန်မြင်ယောင်မိတယ်… ဘာကြောင့် ကျမက အချစ်ရေးမှာ ကံမကောင်းခဲ့ရတာလဲ.. မျက်ရည်တောင် မကျဖြစ်ဘဲ ရင်ထဲမှာ အကြိတ်အခဲကြီးလို ခံစားနေရတာကို ကျမက ပိုနာကျင်နေမိတယ်.

သူ့ကို ရုတ်တရက် စိမ်းပြတ်ပြတ်ဆက်ဆံတော့ သူက နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့ ကျမကို ကြေကြေကွဲကွဲ စိုက်ကြည့်နေခဲ့တယ်. တတ်နိုင်သလောက် ထက်ထက်ကလဲ ဘေးက မခွာဘဲ နေပေးခဲ့တယ်. ကျမကို စကားပြောမယ်လို့ ကြံစည်တိုင်း သိသာထင်ရှားတဲ့အပြုအမူနဲ့ ရှောင်ထွက်သွားတဲ့အပေါ် သူတကယ့်ကို နားမလည်တဲ့စိတ်နဲ့ နာနာကျင်ကျင် ခံစားရမှန်း သိနေပေမဲ့ ကျမကတော့ ဘာအတွက်နဲ့မှ အကြောင်းပြချက်လဲ မပေးလို သူ့ဆီက ဘာအကြောင်းပြချက်မှလဲ မလိုချင်တော့ပေ.

ကီးဘုတ်ဘေးက စာရွက်လေး

‘စကားပြောချင်တယ်’

‘ပြောစရာ ဘာစကားလုံးမှ မရှိဘူး’

‘ဘာဖြစ်သလဲ မေ ကျနော့်ကို ဘာများ စိတ်ဆိုးနေသလဲ. ညနေ ကျနော် စောင့်နေမယ်’

စာရွက်ကလေးကို ချပေးခဲ့ပီး သူ့မျက်နှာက ခပ်တင်းတင်းနဲ့ပင် အပြင်ကို ထွက်သွားခဲ့တယ်.

လှေကားထစ်တွေဘေးမှာ သူရပ်စောင့်နေခဲ့တယ်. ဘေးနားက သံတိုင်ကို ရှုးဖိနပ်ထိပ်ဦးနဲ့ ကန်နေပီး မှန်ချပ်တွေရဲ့အနောက်ကနေ အပြင်ကို သူကြည့်နေခဲ့တယ်. ကျမ ဘေးကို ရောက်တဲ့အချိန်မှာ သူ့ရဲ့ မျက်လုံးတွေက နီရဲနေခဲ့ပီ.

‘မေ ဘာလို့ပြောင်းလဲသွားသလဲဆိုတဲ့ အဖြေကို ကျနော် အခုပဲ သိခဲ့ရပီ. မေ ကျနော့်ကို စိတ်ဆိုးသလား. အဲ့ဒီကိစ္စကို မပြောဖြစ်တဲ့အပေါ် ဆုံးဖြတ်ချက်က ဒီလိုမျိုးလား မေ’

‘ကျနော်တို့ နှစ်ယောက်ရဲ့ နားလည်မှုတွေ သံယောဇဉ်တွေ ဒါတွေကို ဒီကိစ္စလေးတစ်ခုတည်းနဲ့ မေလဲလှယ်နိုင်တယ်ပေါ့ ဟုတ်လား’

သူပြောသမျှ ကျမက နားထောင်ပေးနေခဲ့တယ်. ဘာမှတော့ ပြန်ပြောဖို့ အားအင်မရှိတော့.

‘ပြောပါ မေ.. ကျနော့်အမှားလား. ကျနော် ချစ်နိုင်တဲ့သူကိုပဲ ကျနော် ချစ်မယ်. သူ့ကို မချစ်ဘူး.. မေမေတို့ စီစဉ်တာကို ကျနော်က
လက်မခံနိုင်ဘူး.’

‘မေ့ကိုပဲ ချစ်တယ် မေ.. မေလဲ ကျနော့်ကို ချစ်ပါတယ် မေရယ်. ကျနော် သိတာပဲ. ဟုတ်တယ် မဟုတ်လားဟင်’

ကျမ ပခုံးကို အတင်းဆုပ်ကိုင်ပီး သူမေးနေခဲ့တယ်.

‘မေ… မေ… မေ့ကို အရမ်းချစ်တယ် မေ့ကို ခွဲမသွားနိုင်ဘူး.’

အခြေအနေတွေက အေးအေးဆေးဆေးကနေ ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်. သူ ကျမပခုံးကို အတင်းဆွဲလှည့်ပီး သူ့ရင်ခွင်ထဲ အတင်းဆွဲဖက်လိုက်တဲ့အချိန်နဲ့ ကျမ မရုန်းလိုက်နိုင်တဲ့ အခြေအနေမှာပဲ ကျမတို့ရဲ့ နောက်ကျောကနေ ကျမတို့နှစ်ယောက်ကို ကြည့်နေတဲ့ ချိုချို့ကို ကျမ တွေ့လိုက်ရတာပဲ…………….

ကျမကို တွေ့ချင်တယ်ဆိုတဲ့ မိန်းမကြီးရဲ့ လှပပီး မာန်မာနအပြည့်နဲ့ မျက်နှာကို ကျမက အသေအချာ စိုက်ကြည့်နေခဲ့တယ်. သူမရဲ့ မျက်နှာက မတတ်သာလို့ ကျမကို တွေ့ရတဲ့အခြေအနေမှာ မသက်သာတဲ့ စိတ်အတွေးနဲ့ ကျမကို အကဲခတ်နေခဲ့တယ်…

‘မေဇော်ဆိုတာလား… အန်တီက စည်သူ့ရဲ့အမေပါ.. အခုလိုတွေ့ဖို့ ချိန်းလိုက်ရတာကို တကယ့်ကို အားနာပါတယ်ကွယ်. ဒါပေမဲ့ …………….’

‘အန်တီ တွေ့ချင်တယ်ဆိုလို့ ဆရာချစ်ရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ရော ကျမရဲ့ ဂုဏ်သိက္ခာအတွက်ကိုပါ တန်ဖိုးထားပီး လာတွေ့တာပါ’

‘အန်တီ ဆိုလိုချင်တာကို ကျမ သိပါတယ် စိတ်မပူပါနဲ့ အန်တီ’

‘ကျမက အန်တီတို့ သဘောမတူနိုင်လောက်တဲ့ အခြေအနေမှာ ကျမရဲ့ မိန်းမသားသိက္ခာကို အကျခံပီးတော့များ စည်သူ့ကို လက်ခံမယ်လို့ ထင်နေရင် မှားလိုက်မယ် အန်တီ’

ကျမတို့နှစ်ယောက် မာနတွေနဲ့ အလျှံတညီးညီးတောက်လောင်နေတဲ့ မျက်လုံးအစုံနဲ့ တစ်ယောက်ကို တစ်ယောက် စူးစူးစိုက်စိုက်ကြည့်နေခဲ့တယ်.. ကျမမှာလဲ ကျမအတွက် လုံလောက်တဲ့ မာနရှိတယ်. စေ့စပ်ပီးသား မိန်းခလေးရှိတဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လိုအရာတွေနဲ့များ မျက်နှာပြောင်တိုက်ပီး သဘောမတူပါဘူးလို့ ဆိုနေတဲ့ကြားက လက်ခံမယ်လို့များ ထင်နေလား အမိုက်ခံတဲ့ မိန်းမများ မှတ်နေလားကွယ်..

မာနတွေနဲ့ လိမ်းခြယ်ထားတဲ့အချိန်တုန်းကတော့ မနာကျင်ခဲ့ရပေမဲ့ အခုတော့ ရင်ထဲမှာ တစစ်စစ်နာကျင်နေခဲ့ပီ.

အချစ်….
အချစ်လေ အချစ်ပေါ့… သူ့ကို သိပ်ချစ်မိနေပီဆိုတဲ့ အသိတစ်ခုကို ရင်ဘတ်ထဲမှာ အတင်းလှောင်ပိတ်လိုက်တဲ့အခါ နှလုံးသားဆီက
စူးအောင့်တဲ့ ခံစားချက်ကို ကျမ ခံစားလိုက်ရတယ်.

အဲ့ဒီနေ့ညနေက ကျမတို့ ရုံးခန်းရဲ့ အပေါ်ထပ်ဘေး လှေကားထစ်မှာ မျက်နှာချင်းဆိုင် ရပ်နေမိတယ်.

‘မချစ်ဘူး.. ဘယ်တုန်းကမှ မချစ်ခဲ့ဘူး.. အရင်တုန်းက တွဲနေခဲ့တယ်ဆိုတာက အားနာမှုရယ် နီးစပ်တဲ့စိတ်ရယ်ကြောင့်ပဲ. အခု သေချာစဉ်းစားမိတဲ့အချိန်မှာ မချစ်ဘူးဆိုတာဟာ တကယ့်ကို သေချာနေခဲ့ပီ’

ကျမရဲ့ နှုတ်ခမ်းအဖွင့်အပိတ်ကို အသက်မဲ့သူတစ်ယောက်လို သူ စိုက်ကြည့်နေခဲ့တယ်.

‘မေမေ့ကြောင့်လား… ဘယ်သူ့ကြောင့်လဲ ..’

‘ကို့ကို တကယ်မချစ်ဘူးပေါ့’

‘မေဟာ တကယ့်ကို အသည်းမာတာပဲနော်.’

မျက်နှာကို တချက်မပျက်ဘဲ ခေါင်းကို မော်ထားခဲ့တယ်

အသည်းမာတယ်လို့ ပြောနိုင်ခွင့်ရှိအောင် ဒီအသည်းကို ဘယ်လောက် မာကျောအောင် လုပ်ထား ရသလဲ သူမသိတဲ့အတွက်တော့ ကံကြမ္မာကို ကျေးဇူးတင်မိတယ်.

ဘုရားရေ ရင်ဘတ်ထဲက စူးခနဲ အောင့်တက်လာတော့ လက်ဖနောင့်နဲ့ရင်ဘတ်ကို ဖိထားမိတယ် ဒီခံစားချက်ကို အခုတလော ခန ခန ခံစားရတာ ကြာပီ စွပ်စွဲချက်ကို လက်သင့်ခံခဲ့ရတဲ့အချိန် ကတည်းကပေါ့. ကျမက မာနကြီးတယ် စိတ်ကြီးတယ် ဒေါသကြီးတယ် ခန ခန သူ ပြောတတ်ပေမဲ့ အသည်းမာလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူးတဲ့

သူ့ရဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးကို ကြည့်ပီးတော့ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားရတယ်.

နာကျင်စမ်းပါကွယ် မေ့ထက်တော့ ပို မနာကျင်နိုင်ပါဘူး….

‘စိတ်ချပါ မေ…. ကျနော့်အတွက် နောက်ထပ် စိတ်မရှုပ်ရတော့သလို စိတ်လဲ မညစ်ရတော့ပါဘူး.. မေ မချစ်ဘူးဆိုတဲ့ လူကိုလဲ နောက်ထပ် မေ့ရှေ့မှာ မမြင်စေရပါဘူး ဒါပေမဲ့ မေသိထားဖို့က ကျနော့်ရဲ့ချစ်သူဟာ မေ မဖြစ်ခဲ့ဘူးဆိုရင် ကျနော့်ရဲ့ ဇနီးလောင်းကလဲ ရွှေရည် မဖြစ်ရဘူး.. ဒါကိုတော့ မေ သိထားပေးပါ’

‘ကျနော် ၂၁ ရက်နေ့ စင်ကာပူကို သွားမယ်.. အဲ့ဒီကနေ တစ်ဆင့် ကိုကိုကြီးရှိတဲ့ သြစတြေးလျားကို ထပ်သွားမယ် မေ.. မေ့ ဘေးနားမှာ မနေနိုင်တော့ဘူးဆိုရင်တော့ မေနဲ့ ဝေးရာ ဟိုးအဝေးဆုံးကို သွားနေပါ့မယ် မေ’

‘ဒါပေမဲ့ မေ့ကိုတော့ အရမ်းချစ်တယ်ဆိုတာကို ယုံထားပေးပါ မေ.. အစစအရာရာအတွက် မေ့ကို ကျေးဇူးတင်ပါတယ်.. ချစ်တတ်လာတဲ့အတွက်ရော ချစ်ခွင့်ပေးခဲ့တဲ့အတွက်ရောပေါ့…………’

ဆုံးဖြတ်ချက်အတိုင်း သူ အကောင်အထည်ဖော်ခဲ့တဲ့အချိန်မှာတော့ ကျမက သူ့ကို လွမ်းဆွတ်မိတိုင်း အပေါ်ထပ် လှေကားထစ်လေးရဲ့ဘေးမှာ အမြဲရပ်နေတတ်ခဲ့တယ်.. ကျမဘေးကို လက်လှမ်းလိုက်တိုင်း အမြဲ အသင့်ရှိနေတတ်တဲ့ ကော်ဖီခွက်လေးကို တမ်းတမိသလို.. ကီးဘုတ်ပေါ်မှာ တင်တင်ထားတတ်တဲ့ message တိုတိုလေးတွေကိုလဲ အမြဲ သတိရနေခဲ့တယ်…

‘သိပ်ချစ်တယ်’ အပြာရောင်စာရွက်ပေါ်က လက်ရေး…. မွှေးပျံ့တဲ့ ရနံ့ကလေး အခုအချိန်အထိ သတိရနေဆဲပဲ

‘ဒါက ဘာအဓိပ္ပာယ်လဲ’ လို့ ခပ်ဆတ်ဆတ်မေးလိုက်တဲ့ အချိန်တုန်းက သူ့မျက်နှာက အနီရောင်သမ်းနေခဲ့တယ်

‘စိတ်မဆိုးပါနဲ့ မေရယ်…. ကျနော် မေ့ကိုချစ်နေတာကြာပီ မေ စိတ်ဆိုးမှာစိုးပေမဲ့ ဖွင့်မပြောဘဲလဲ မနေနိုင်တော့’ လို့. အဲ့တုန်းက ပြောခဲ့ဖူးတဲ့ သူ့ရဲ့ စကားသံတွေကို နားထဲမှာ ပြန်ကြားယောင်နေမိတယ်……

သူ ကမ္ဘာကို ပတ်နေတဲ့အချိန်မှာ ကျမကတော့ နဂိုနေရာလေးမှာပဲ ထိုင်နေပီး သူ့ကို လွမ်းဆွတ်နေခဲ့မိတယ်… သူ နေရာတစ်နေရာကို ရောက်တိုင်း ကျမဆီကို မဖြစ်မနေ ပို့စကတ် တစ်စောင် တစ်စောင် အမြဲပို့ပေးခဲ့တယ်….

အချိန်တွေ နာရီတွေ ကုန်သွားလဲ ကျမတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းတွေက ရှင်သန် လည်ပတ်နေတုန်းပဲ….

ဒါပေမဲ့ မချစ်သင့်ဘူးလို့ သတ်မှတ်ထားတဲ့ အခြေအနေတွေက ဟိုးအရင်တုန်းကရော အခုရော အတူတူပါပဲကွယ်………… ဘာဆို ဘာမှ မပြောင်းလဲခဲ့ဘူး…….

အရာရာဟာ အရင်အတိုင်းပဲ မင်းထွက်သွားကတည်းက ဒီအတိုင်းပါပဲ.. မချစ်သင့်ဘူးဆိုတဲ့ အခြေအနေရော.. ချစ်ခဲ့တယ်ဆိုတဲ့ စိတ်ခံစားချက်ရောပေါ့……….

ပြည့်စုံ (19-8-2009, 9:16 pm)

Thursday, August 20, 2009

အဆုံးသတ်

ချစ်တယ်လို့ ပြောခွင့်ရခဲ့ပေမဲ့
ချစ်တယ်လို့ ဆက်ပြောခွင့်မရှိလို့
အချစ်တွေ မြေမြှုပ်သင်္ဂြိုလ်လိုက်ပီ

သတိရနေမယ်လို့ ပြောလိုက်ပေမဲ့
သတိရခွင့် ဆက်မရှိတော့လို့
သတိရခြင်းတွေ မေ့ပစ်လိုက်ပီ

လွမ်းနေပါရစေလို့ ပြောလိုက်ပေမဲ့
လွမ်းနေခွင့် မရှိတော့လို့
အလွမ်းတွေ ရပ်ဆိုင်းလိုက်ပီ

ငါဟာ မင်းအတွက်လို့ပြောလိုက်ပေမဲ့
ငါ့အတွက် မဟုတ်တော့လို့
မေ့လိုက်ပီ

အရာရာကို အသစ်က ပြန်စမယ်လို့ ပြောချင်ပေမဲ့
ပြောပြခွင့်မရှိတော့လို့
အဆုံးသတ်လိုက်ပါပီ…………

ပြည့်စုံ (၂၀-၈-၂၀၀၉၊ ၁း၅၁ am)

Wednesday, August 19, 2009

မျှော်လင့်ခြင်းမဲ့ ဆုံမှတ်

‘ကျမတို့ လမ်းခွဲကြရအောင်’

ဒီစကားကို ပြောခွင့်ရဖို့ ကျမ အကြိမ်ကြိမ်ကြိုးစားခဲ့ရတယ်. ရင်တစ်ခုလုံးပွင့်ထွက်တော့မတတ် နာကျင်တဲ့စိတ်အတွေးတွေကို မျိုသိပ်ရင်းနဲ့ ကို့ကို ဒီစကားပြောနိုင်ဖို့ အားမွေးခဲ့ရတယ်.

အဲ့ဒီညနေက တိမ်တောက်တဲ့ညနေပေမဲ့ အရာရာဟာ မလှပဘဲ အထီးကျန်ဆန်လွန်းခဲ့တယ်.

ကို့ရဲ့မျက်လုံးတွေက ကြိုသိနေနှင့်ပီး ချစ်ခြင်းကြောင့် နာကျင်နေရပေမဲ့ ကျမစကားကို အပြင်းအထန် ငြင်းဆန်မှု မလုပ်ခဲ့ဘူး.

‘ဒါက အဆုံးသတ်အဖြေတဲ့လား….. ဒီလိုလုပ်မှပဲ ပြဿနာကို ဖြေရှင်းလို့ရမယ်လို့ ညို ထင်နေပီလား’

တစ်ယောက်မျက်နှာကို တစ်ယောက် နာကျင်နေတဲ့ နှလုံးသားကိုယ်စီနဲ့ စိုက်ကြည့်နေခဲ့မိပီး ပြောစရာ စကားတစ်ခွန်းမှ နှုတ်ဖျားက ပွင့်ထွက်မလာခဲ့နိုင်ဘူး.

တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲမှုမှာ အမုန်းတွေကြောင့် မဟုတ်လဲ လမ်းခွဲဖို့အတွက် လုံလောက်တဲ့အကြောင်းပြချက်တွေ ရှိခဲ့မှန်း သိခဲ့ရတဲ့အချိန်မှာ အဲ့ဒီ အဖြေကို ကိုရော ကျမပါ လက်ခံဖို့ ဆုံးဖြတ်ခဲ့ကြတယ်.

လမ်းခွဲဖို့အတွက် ကျမက စတင်တောင်းဆိုခဲ့ပေမဲ့ ကိုကပဲ အရင် ကျောခိုင်းထွက်သွားခဲ့တယ်. ကျောခိုင်းထွက်ခွာသွားတဲ့ သူ့ရဲ့နောက်ကျောကို ကြည့်ရင်း ကျမ ပင့်သက်တစ်ချက် ရှိုက်လိုက်မိတယ်. အပြင်းအထန်ပြောရမယ် နာကျင်အောင် စကားလုံးတွေသုံးရမယ်လို့ ထင်ထားခဲ့သမျှဟာ ကျမရဲ့ စကားတစ်ခွန်းမှာပဲ ပြီးဆုံးခဲ့တဲ့အတွက် ကျေးဇူးတင်မိပါတယ်.

သူ့ကိုချစ်မိတဲ့အချစ်တွေအတွက် နောင်တမရပေမဲ့ သူ့ဘေးနားမှာ ရှိမနေနိုင်တော့ဘူးဟု တွေးမိတဲ့ အချိန်တိုင်းမှာ ယူကျူံးမရတဲ့စိတ်နဲ့ ကြေကွဲရတယ်. အရင်ကဆို ခနလေးဝေးရမယ်လို့ တွေးမိရင်တောင် အသည်းတွေ ကွဲကြေမတတ်ခံစားခဲ့ရမှုမှာ တစ်သက်လုံးဝေးရတော့မယ်လို့ စဉ်းစားရမိတဲ့အခါ ဘယ်လိုများ ရှေ့ဆက်ရမလဲလို့ တွေးမိတယ်.

ဒါပေမဲ့ တစ်ချိန်ချိန်တော့ ခွဲရမှာပါပဲ.

‘နင်တို့ ၂ ယောက် ဘာအတွက် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာလဲ ညို’

ကျမ သူငယ်ချင်းရဲ့ အမေးကိုဖြေဖို့ ကျမမှာ ကျမအတွက်တော့ လုံလောက်တဲ့ အဖြေ ရှိနေနှင့်ပီးသားပါပဲ.

ဘယ်လိုအခက်အခဲမဆို အတူတူ ရင်ဆိုင်ဖြေရှင်းဖို့ အားအင်တွေ ဘယ်လောက်မွေးမွေး ဒီတစ်ခါတော့ ကျမမှာ အားမရှိတော့ဘူး သည်လိုပဲ ကို့မှာလဲ အားမရှိတော့ဘူးဆိုတာ သိနေနှင့်ခဲ့ပီ အမုန်းတွေ ရောက်မလာခင် ကျမတို့ ဒီအချိန်မှာ ခွဲခွာဖို့ ဆုံးဖြတ်လိုက်တာဟာ နှစ်ယောက်စလုံး အတွက် သင့်တော်မယ်ထင်ရဲ့……..

တစ်ယောက်တည်း ထီးတည်းကျန်ရစ်ခဲ့ရမှုဟာ ဘယ်လောက် အထီးကျန်ဆန်လွန်းသလဲ လက်တွေ့ သိနေပေမဲ့ ကျမကတော့ အားတင်းပီး ရှေ့ဆက်လျှောက်နေတုန်းပဲ. တခါတလေမှာ နံဘေးကို အသာ ငဲ့စောင်းကြည့်လိုက်တိုင်း အားပေးအပြုံးနဲ့ ကျမလက်ကို မလွှတ်တမ်းဆွဲကိုင်ခဲ့ဖူးတဲ့ ချစ်သူက အခုတော့ ဘေးမှာ မရှိတော့.

မောင်နှမတွေရဲ့ရှေ့မှာ သားအလတ်ဆိုပေမဲ့ အကိုအကြီးဆုံးက အိမ်ထောင်နဲ့ဆိုတော့ သူ့အပေါ် မှာပဲ မိသားစုတွေတာဝန်က လုံးလုံးပုံကျနေခဲ့တာ. သူ့အမေက သူ့ကို သိပ်အားကိုးလွန်းတာ. အရင်တုန်းက ပေတေလေလွင့် လူဆိုးကလေးဖြစ်နေပေမဲ့ အခုအချိန်မှာတော့ သူက အမေသိပ်ချစ် တဲ့ သားလိမ္မာကလေးဖြစ်နေတာတွေ သူ့ညီမကလေးတွေနဲ့ သူ့အောက်က သားချင်းတွေရဲ့ အားကိုးမှု သံယောဇဉ်ကြိုးတွေက သူ့ကို လှုပ်မရအောင် တုပ်နှောင်ထားနေခဲ့ပီ.

ကျမကတော့ မိသားစုဆိုတဲ့ ကြိုးရှိပေမဲ့ သူ့လောက်တော့ ကြိုးမများခဲ့ဘူး. ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်ထူထောင်နိုင်အောင် ကြိုးစားနေတဲ့ မိန်းမ ဆိုတော့ ကျမအတွက်က ဘဝရဲ့တိုးတက်မှုကိုပဲ ရှာဖွေကြိုးစားဖို့ပဲ ရှိနေခဲ့တယ်.

ကျမတို့ နှစ်ယောက်ရဲ့ ကြားထဲက လွဲချော်မှုက အဲ့ဒီ ဘဝတွေပေါ် မူတည်ပီးတော့ တစ်စတစ်စ ကွာခြားလာနေတာကို မသိချင်ယောင်ဆောင်နေရင်းနဲ့ကို လက်တွေ့အဖြစ်မှန်တွေက ပေါင်းစပ်လို့ မရအောင်ကို ဝေးကွာစေခဲ့ပီလေ.

လူ နှစ်ယောက်အတွက်တော့ အချစ်ချည်းသက်သက်ဆိုရင် ဘဝဟာ ပျော်ရွှင်စရာ နေပျော်စရာ ကောင်းပေမဲ့ ဘေးက ကြိုးတွေ ရစ်ပတ်လာတဲ့အချိန်မှာတော့ ကျမတို့ ပျော်လို့ မဖြစ်တော့ဘူး. မိသားစု ဘဝရှေ့ရေး တာဝန် ငဲ့ညှာမှု သံယောဇဉ် အမျိုးစုံတဲ့ ကြိုးတွေကြားမှာ သူရော ကျမရော လှုပ်မရအောင် နစ်မြုပ်နေခဲ့ပီ.

‘ကံကိုချည်း ယုံရမယ်လို့ ကိုမပြောဘူးလေ ဒါပေမဲ့ ဥာဏ်နဲ့ ဝီရိယကိုလဲ ကိုတို့မေ့လို့မရဘူးပေါ့ ညိုရဲ့… ကို ညို့ကို အရမ်းချစ်တယ်. ဒါပေမဲ့ ကိုတို့နှစ်ယောက်ပျော်နေတဲ့အချိန်မှာ သူများတွေ စိတ်ညစ်နေရ မယ်ဆို ညိုလဲ ပျော်နိုင်မှာ မဟုတ်ဘူး…. ဖြစ်နိုင်မယ်ဆို ညို့လက်ကိုဆွဲပီး ဟိုးအဝေးကို ကို ထွက်ပြေး သွားချင်တယ်….’

‘ခနလေးစောင့်ပါ ညိုရယ် ကိုတို့ရဲ့ချစ်ခြင်းသာ စစ်မှန်မယ်ဆိုရင် မပေါင်းဆုံစရာ မရှိပါဘူး… ညိုလဲ ကြိုးစားရမယ် ကိုလဲ ကြိုးစားမယ်… ကိုတို့နှစ်ယောက်အတွက် ပျော်ရွှင်ရမယ့်အချိန်ကို ရောက်တဲ့ အထိ ကိုတို့ ကြိုးစားကြမယ်လေ’

‘ဘယ်အချိန်ထိလဲ ကို…. ကျမတို့အတွက်ဆိုတဲ့ အချိန်က ဘယ်အချိန်ထိလဲ’ မမေးရက်ခဲ့ဘူး. ကိုပြောသမျှကို ကို့မျက်နှာကို တစိမ့်စိမ့်ကြည့်ပီးသာ ကျမက အသာနားထောင်နေခဲ့တယ်.

ကြိုးစားကြမယ် ပေါင်းစည်းဖို့အတွက်တဲ့လေ…. မျှော်ကြည့်လိုက်ရင် ဘာမှ ရေရာမှုမရှိတဲ့ အခြေအနေ တွေမှာ ကို့ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကျမကတော့ အရာရာကို ဘာမှ မတောင်းဆိုခဲ့ပဲ ကို့ဘေးမှာ ငြိမ်သက်စွာ နေခဲ့တယ်.

‘ညီမလေးကို မဖြစ်မနေ လိုက်ပို့နေရလို့ပါ ညိုရယ်… ညိုစောင့်နေမှန်းသိပေမဲ့ ကိုဘယ်လိုလုပ်ရမှန်းကို မသိခဲ့ဘူး…’
ကို့ရဲ့ မျက်လုံးတွေမှာ တကယ့်ကို ယူကျုံးမရတဲ့ ဝမ်းနည်းမှုအရိပ်အယောင်တွေ တွေ့ရတဲ့အခါ ကျမက နာကျင်ရတဲ့ စိတ်အတွေးတွေကို ပယ်ဖျောက်လိုက်ပီး ကို့ရဲ့ လက်ကို အသာဆွဲကိုင်ပီး ခပ်ဖွဖွ ပြုံးပြခဲ့တယ်.

‘ကို အရောက်လာမယ်ဆိုတာ ညိုသိနေတာပဲ ကိုရယ်… အခု ရောက်လာပြီပဲ. အဆင်မပြေလို့ ကိုနောက်ကျတာကို ညိုနားလည်ပါတယ်…’

ဒီလိုအဖြစ်မျိုးတွေ သိပ်များလာပေမဲ့ ကျမကတော့ တိတ်တဆိတ်ပင် ရင်ထဲမှာ အကွဲကြေခံခဲ့တော့တယ်.

ကျမကို ရင်ခွင်ထဲမှာ ခပ်တင်းတင်း ပွေ့ဖက်ထားပေမဲ့ ကို စိတ်မကောင်းဖြစ်သွားတာကို ကျမ ဝမ်းနည်းနေခဲ့ပီး နာကျင်နေရတဲ့ ကို့ကို ကျမရဲ့ ဝမ်းနည်းမျက်ရည်တွေကြောင့်တော့ ထပ် စိတ်မကောင်းမဖြစ်စေရတော့ဘူး.

ကျမ မျက်ရည်ကျတိုင်း ကျမထက် မလျော့တဲ့ ခံစားမှုတွေနဲ့ ကို စိတ်မကောင်းဖြစ်ရတာကို သိနေမိတဲ့အခါမှာ ကို့ရှေ့မှာ ဘယ်တော့မှ မျက်ရည်မကျစေရတော့ဘူးလို့ ကျမက စိတ်ဆုံးဖြတ်ခဲ့တယ်.

ချစ်သူသက်တမ်း နှစ်နှစ်အတွင်းမှာ ကိုက သူ့မိသားစုပြဿနာတွေနဲ့ တခါတလေမှာ စိတ်ပင်ပန်းတိုင်း ကျမက ဘေးကနေ ကို့ကို အဖော်လုပ်ပေးခဲ့တယ်. ကို စိတ်ညစ်တဲ့အခါတိုင်းမှာ ကို့ကို ရင်ခွင်မှာ ဖက်ထားပီး မိခင်တစ်ယောက်လို အစ်မတစ်ယောက်လို ချော့မော့နှစ်သိမ့်ပေးခဲ့တဲ့ ကျမကို ကို သိပ်မြတ်နိုးမှန်း ကျမသိနေခဲ့သားပဲကွယ်.

ကျမတို့နှစ်ယောက်အတွက် သီးသန့်အချိန်ဆိုတာ မရှိခဲ့ဘူး. သိပ်ချစ်တယ်လို့ ခန ခန မပြောနိုင်ခဲ့ပေမဲ့ သိပ်ချစ်မှန်းကို စကားအဖြစ်နဲ့ ဖွင့်ပြောစရာမလိုအောင်ကို ချစ်မြတ်နိုးခဲ့ကြတာပဲ. ဒါဟာ တစ်သက်စာ အတွက် လုံလောက်ပါရဲ့.

‘ကို မေမေ့ကို ဖွင့်ပြောလိုက်ပီ ညို… မေမေကတော့ သူ သဘောတူထားတဲ့ မိန်းခလေးရှိပေမဲ့ ကို့ကို စိတ်ချမ်းသာစေချင်ပါတယ်တဲ့….တစ်ခုပဲ မေမေက တောင်းဆိုတယ်… ကို့ကို မိသားစုရဲ့ အဝေးကို ခွဲမထွက်သွားစေချင်ဘူး… မသွားပါနဲ့လို့ တောင်းပန်တယ် ညို.. မေမေက အားကိုးအားထားပြုတဲ့ သားကို ဘေးနားမှာ ရှိနေချင်တာပဲတဲ့… ကို အဝေးကို ထွက်မသွားရင်ပီးရော အရာအားလုံးကို လက်ခံပါတယ်တဲ့’

ကျမရဲ့ စိတ်တွေက လေထဲကို လွင့်ထွက်သွားတဲ့ ပူဖောင်းတစ်လုံးလိုပင် လေနှင်ရာ ကစဥ့်ကလျား လွင့်ပြေးသွားခဲ့ပီ. ကို့စကားသံကို နားထောင်နေရင်းနဲ့ အမြဲ စဉ်းစား စိတ်ကူးယဉ်ခဲ့မိတဲ့ ကျမ တည်ဆောက်ချင်တဲ့ ကျမတို့ရဲ့ အိမ်ကလေး လဲပြိုခဲ့ပီဆိုတာကို သိလိုက်ရတယ်.

နိုင်ငံရပ်ခြားကိုသွားမယ်. ပီးရင် ဟိုမှာ ဆက်ပီး ပညာသင်မယ်. အလုပ်လုပ်မယ်. ဘဝတစ်ခု အခြေချနေနိုင်အောင် ကျမတို့ ကြိုးစားကြမယ်. မိသားစုတွေအတွက်ဆိုလဲ ကျမတို့ အဝေးကနေ ထောက်ပံ့ကြမယ်. အရာအားလုံးအတွက်လဲ ကျမ ပြင်ဆင်ထားခဲ့ပီ. ဒါကို ကိုလဲ အသိပင်.

အခုတော့………

ကို့ရဲ့မျက်လုံးတွေက နာကျင်တဲ့ မျက်လုံးဖြစ်နေပေမဲ့ ကျမကတော့ အသိစိတ်မဲ့တဲ့လူတစ်ယောက်ရဲ့ မျက်လုံးလိုပင်. ကို့စကားကိုတောင် တုံ့ပြန်မှု ပြန်မလုပ်နိုင်ခဲ့.

‘မေမေ့ကို ကိုတို့ရဲ့ အစီအစဉ်တွေ အကြောင်းကို ပြောလိုက်ရင် ပိုဆိုးမယ် ညိုရယ်. ကိုပြောလိုက်တဲ့ အချိန်မှာတောင် မေမေ တအားငိုတယ်. နောက် မေမေက ဖေဖေ နေမကောင်းဖြစ်တဲ့ အချိန် ကတည်းက စပီး ကို့ကို အရမ်းအားကိုးခဲ့တာဆိုတော့ ကို ဘယ်လိုမှ ပစ်ထားခဲ့လို့ မရဘူး’

‘ကိုတို့နှစ်ယောက် အတူတူရှိဖို့ပဲ လိုတယ် မဟုတ်လား ညို….. ကို့ကို ခွဲမသွားပါနဲ့.. ကို့ဘေးမှာပဲနေပါ လို့တော့ ညို့ရဲ့ အနာဂတ်တွေကို စတေးပီး မပြောရက်ပေမဲ့ ကိုကတော့ အဝေးကို ဘယ်လိုမှ မသွား နိုင်တော့ဘူး’

ဘာထပ်ပြောဖို့မှ မလိုအပ်တော့ပါဘူး ချစ်သူရယ်…. မိခင်နဲ့ ချစ်သူကြားမှာ နှိုင်းယှဉ်စရာ မလိုလောက်အောင်ကို ကျမက နားလည်နေခဲ့ပီ. မိသားစုတစ်ခုလုံးနဲ့လဲပီး ကျမကို မချစ်ဘူးလို့ မစွပ်စွဲချင်တော့ပါဘူး. နားလည်ပေးရမှုတွေကလဲ ကန့်သတ်ထားတဲ့ ဘောင်အတွင်းမှာ ရေချိန်ကိုက်ခဲ့ပီ. ဘဝတစ်ခု ထူထောင်ဖို့ ရည်စူးခဲ့သမျှ ထူထောင်ခဲ့ရသမျှတွေကတော့……..

ပေါင်းစပ်ဖို့ တစ်ခုတည်းအတွက်ဆိုရင်တော့ အရာရာကို တစ်ဇွတ်ထိုးဆုံးဖြတ်လိုက်လို့ ဖြစ်နေတာပဲ. ဒါပေမဲ့ ဒီလိုနည်းနဲ့တော့ ကျမက အရှုံးမပေးချင်ခဲ့တော့ဘူး… မိသားစုအရေးက ပထမဦးစားပေး ဖြစ်နေတဲ့ အချိန်မှာ ကျမက ကို့ဘေးမှာ တိတ်တဆိတ်နေနိုင်ပါ့မလား.. ကို့ဘေးမှာ နေဖို့ တစ်ခုတည်းနဲ့ ကျမကို မလိုလားတဲ့ အသိုင်းအဝိုင်းမှာ ကျမ နေနိုင်ပါ့မလား.

ဒီလိုသာဆို အချိန်တွေကြာလာတာနဲ့အမျှ စိတ်ဆင်းရဲမှုတွေ ပေါ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ. အဲ့ဒီအချိန်မှာဆိုရင် ကျမတို့ရဲ့ အဆင်မပြေမှုတွေဟာ အမုန်းတွေ ဖြစ်လာကြမှာနော်.

စချစ်ကတည်းက မုန်းဖို့ချစ်ခဲ့တာ မဟုတ်လို့ မမုန်းခင်ကတည်းက ကျမတို့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာ ဟာ သင့်တော်တဲ့ ဆုံးဖြတ်ချက်ပဲလို့ ကျမက ယုံကြည်လိုက်တယ်.

သာမန်မိန်းခလေးတစ်ယောက်အနေနဲ့ မဟုတ်ဘဲ ထက်ထက်မြက်မြက်နဲ့ ဘဝကို မြင့်မြင့်မားမား ဖြစ်စေချင်တဲ့ ကျမရဲ့ ဖေဖေကရော ကျမတို့ရဲ့ ပေါင်းစပ်မှုကို လက်ခံမှာ မဟုတ်ဘူး ဆိုတာကို အသေအချာ သိနေနှင့်ခဲ့တယ်.

မာနတွေကို လျှော့ချပီး လက်တွေ့ကျတဲ့အခြေအနေကို သေချာစဉ်းစားရင်တောင် ထပ်လျှော့စရာ ဘာမှမရှိတော့. သေချာမှုကို လက်တွေ့ကျကျ စဉ်းစားပီးတဲ့အချိန်မှာတော့ အရာရာကို ဒီအတိုင်းလေးပဲ ထားခဲ့လိုက်ဖို့ ကျမက တစ်ဖတ်သတ် ဆုံးဖြတ်ခဲ့တယ်.

ကို့ကို ချစ်တဲ့အချစ်တွေဟာ နီးနီးနေရမှ မဟုတ်ဘဲ ကျမတို့ မိုင်ထောင်ချီ ဝေးနေလဲ ချစ်လို့ရနေတာပဲ. လူနှစ်ယောက် လမ်းခွဲမှုမှာ အမုန်းတွေကြောင့် မဟုတ်လဲ လမ်းခွဲဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိခဲ့မှန်း ရှိလို့ရမှန်း သိနေခဲ့မှတော့ လမ်းခွဲကြတာပေါ့ ကိုရယ်.

အချစ်ဆိုတာ နီးနီးနေရမှ ဝေးနေရမှ ချစ်ရတာ မဟုတ်ဘူး ကို. အချိန်တိုင်း ကျမရင်ထဲမှာ ကို့အတွက် ချစ်ခြင်းတွေ ထည့်သွင်းထားမယ်လေ. တစ်ယောက်ကို တစ်ယောက် နှောင်ဖွဲ့ထားတာ မဟုတ်ဘဲ လွတ်လပ်ခွင့်အပြည့်နဲ့ ချစ်ကြမယ်.

အဝေးကို ထွက်သွားဖို့ အရာရာ အဆင်သင့်ဖြစ်နေချိန်မှာ အဆင်သင့်မဖြစ်သေးတဲ့ စိတ်အတွက် ကို့ကို အရမ်းတွေ့ချင်နေမိတယ်. ကို့ကို မြင်ရင် ကျမရဲ့ စိတ်အတွေးတွေ ပြောင်းပြန်ဖြစ်ကုန်မယ် ထင်ရဲ့. ဒါပေမဲ့ ကျမရဲ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်းကိုတော့ ကို လက်ခံရမယ်.

ဒီ မှန်တံခါးနောက်ကို ရောက်သွားရင် ကျမ နောက်ပြန်လှည့်လို့မရတော့ဘူး. လက်ပြနှုတ်ဆက်နေတဲ့ ဖေဖေနဲ့ မေမေ့ကို လည်ပြန်ပီး နှုတ်ဆက်လိုက်တယ်. ဖေဖေ့ရဲ့ ဘာအတွက်နဲ့မှ နောက်မဆုတ်နဲ့ဆိုတဲ့ စကားသံကို ရင်ထဲ ထည့်သွင်းလိုက်တယ်. ဒီလိုအချိန်မှတော့ ကို ရောက်လာနိုင်မှာ မဟုတ်တော့ဘူး. စိတ်ကို အဆုံးအထိ လျှော့ချလိုက်တယ်. ပင့်သက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ပီး ချာခနဲ အလှည့်မှာပဲ ကို့ကို တွေ့လိုက်ရတယ်.

ကို့ရဲ့မျက်လုံးတွေက ချစ်ခြင်းတွေ လွမ်းဆွတ်ခြင်းတွေ နာကျင်ခြင်းတွေနဲ့ မှုန်ရီဝါးနေလေရဲ့. ကို့အသွင်က နွမ်းနယ်နေပေမဲ့ ကျမဆီကို အပြေးတစ်ပိုင်းရောက်လာခဲ့တယ်.

ချစ်သူရယ်…..

ကိုက ကျမရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တယ်

‘အရမ်းချစ်တယ် ညို.. ညိုကလွဲရင် ဘယ်မိန်းခလေးကိုမှ ကိုမချစ်ဘူး.. ကို့ရဲ့သစ္စာအတွက်တော့ ညိုစိတ်ချပါ..ညို အားအင်ရှိသလောက် ပျံသန်းပါ.. ညို့ရဲ့ ဘဝအတွက် အကောင်းဆုံးဆိုတာတွေကိုပဲ ယူပါ ညို.. ဒါပေမဲ့ ညို့ကို အရမ်းချစ်နေမယ့် ချစ်သူဟာ ညို့ဘေးမှာ အတူရှိမနေနိုင်ပေမဲ့ ညို့ကိုပဲ ချစ်နေမယ်ဆိုတာကို ညိုသိနေမယ်ဆိုရင် ကို ကျေနပ်တယ်’

‘ကိုတို့ အတူပေါင်းဖက်ရမှ မဟုတ်ပေမဲ့ မပြယ်တဲ့ချစ်ခြင်းတွေနဲ့ တစ်သက်စာ ချစ်နေခွင့်လေးပဲ ကို့ကို ပေးပါ ညို’

မျက်ရည်တွေ …. နောက်တော့ ချစ်ခြင်းတွေ ….

‘စိတ်ချပါ တစ်သက်မှာ တစ်ခါချစ်ဖူးတဲ့ အချစ်တွေနဲ့ ကို့ကို အရမ်းချစ်တယ်… ညိုတို့ အတွက် ဆုံမှတ်တစ်ခု ရှိပါလိမ့်မယ်.. အဲ့ဒီကို မရောက်ခဲ့ဘူးဆိုရင်တောင် ကို့ကို ချစ်တယ် အရမ်းချစ်ပါတယ်’

‘ဒါပေမဲ့ ညိုတို့ရဲ့ ခွဲခွာခြင်းမှာ အမုန်းတွေကြောင့် မဟုတ်ဘဲ သိပ်ချစ်တဲ့ အချစ်တွေကြောင့်သာ ခွဲခွာရတယ်ဆိုတာကို ကို့ကို သိစေချင်တာ တစ်ခုပါပဲ’

လက်ပြနှုတ်ဆက်ခြင်းမှာ အကြောင်းအမျိုးမျိုး ရှိပါလိမ့်မယ်. ဒါပေမဲ့ ချစ်ခြင်းအပြည့်နဲ့သာ လမ်းခွဲခဲ့ရတဲ့ အတွက်တော့ ကို့ကိုရော ကိုယ့်ကိုယ်ကိုပါ ကျေးဇူးတင်မိတယ်….

အချိန်တွေ အကြာကြီးပြောင်းလဲသွားလဲ ချစ်ခြင်းတွေကတော့ ဘယ်တော့မှ ပြောင်းလဲတော့မှာ မဟုတ်ပါဘူး ချစ်သူရယ်……………..

ပြည့်စုံ (၁၈-၈-၂၀၀၉၊ ၂း၅၀ am)

Monday, August 17, 2009

လောကဓမ္မတာ

မျက်ရည်ကျမှ ငိုပြတာ မဟုတ်သလို
သွားဖြဲပြတိုင်းလဲ ရယ်ပြတာ မဟုတ်ဘူး
မိတ်ဆွေ လူ့အကဲကို သေသေချာချာ ခတ်ပါ......

ဘဝဟာ ထင်သလောက်လဲ မရိုးရှင်းဘူး
မြင်သလောက်လဲ မလှပဘူး
ဘဝင်မှာ ဟက်ခနဲထိသွားတဲ့ကိစ္စက
တစ်သက်စာတော့ မကဘူး....

သက်သေတဲ့....
အချက်တွေကို ခိုင်လုံအောင် စုစည်းကာမှ
အမျက်ဖြေလင်္ကာကို ရွတ်ချိန်မရလိုက်လို့
ဒေါသတွေ ပေါင်းထူထပ်သွားရတယ်

ဟောင်းနွမ်းတဲ့ စိတ်အတွေးနဲ့
အဟောင်းတန်းဘေးမှာ ဝတ်ရုံဆင်လိုက်မိတယ်
သပ်သပ်ရပ်ရပ်တော့ ရှိပါရဲ့
အဟောင်းနံ့ထွက်နေတာက ခက်တယ်

စိတ်ကူးတွေ လတ်ဆတ်မလားရယ်လို့
ရေခဲသေတ္တာထဲ ထည့်မိကာမှ
အပုပ်ခံပီး သိမ်းထားသလိုဖြစ်သွားတယ်

ဘဝက ဘကုန်းနဲ့ဝလုံး ပေါင်းထားတာတဲ့
ဒါပေမဲ့ မရုန်းနိုင်တဲ့ နှောင်ကြိုးထဲ
ကုန်းရုန်းကာ ခံနေရတယ်
ပြုံးတုံ့တုံ့လေးတော့ ဟုတ်ဘူးပေါ့……….

ပြည့်စုံ (၁၇-၈-၂၀၀၉၊ ၁၀း၄၆ pm)

Sunday, August 16, 2009

လရောင်များနဲ့ ကခုန်ခြင်း

ဆရာ ညီပုလေးရဲ့ လရောင်များနဲ့ ကခုန်ခြင်း ဝတ္ထုစာအုပ်ကလေးကို ဖတ်မိတဲ့အချိန်မှာ ကျမ သိပ်သဘောကျတာ တစ်ခုက အဲ့ဒီဝတ္ထုထဲမှာ ဇာတ်ဆောင် ကောင်ကလေး ဂစ်တာတီးပီး သီချင်းဆိုတဲ့အကြောင်း ရေးဖွဲ့ထားတာ ပါပါတယ်. အဲ့ဒီစာအုပ်ဖတ်ဖူးတာ တော်တော်လေး ကြာနေပါပီ. ဒါပေမဲ့ မှတ်မိနေသေးတာကတော့ သူ သီချင်းဆိုတဲ့အကြောင်းလေးပါ. အဲ့ဒီဝတ္ထုထဲမှာ သီချင်းတွေ ဆိုရင်း ဆိုရင်း သူ ပျော်ရွှင်တဲ့အကြောင်းလေး ရေးဖွဲ့ထားတာပါ. အဲ့ဒီသီချင်းဆိုတဲ့ နေရာလေးကို ကျမ ချစ်လွန်းလို့ အမြဲပဲ အမှတ်ရနေမိတယ်. ဒီနေ့ အဲ့ဒီစာအုပ်ကိုဖတ်ဖြစ်ပါတယ်.

စာအုပ်ဖတ်တာကို အရမ်းနှစ်သက်သလို ကျမရဲ့ နောက်ဝါသနာတစ်ခုကတော့ သီချင်းနားထောင်ပီး သီချင်းလိုက်ဆိုတာပါ. သီချင်းတော်တော်များများကို လိုက်ဆိုနိုင်ပါတယ်. အဆိုတော်လုပ်ချင်လို့လား ဆိုတော့ မဟုတ်ပါဘူး. သီချင်းတွေရဲ့ စာသားတွေ အဓိပ္ပာယ်တွေ သံစဉ်တွေ လေးနက်မှုတွေ အတွေးအခေါ်တွေ ဒါတွေကို နှစ်ခြိုက်မိတာပါ. ပီးရင် အဆိုတော်ကလဲ သူ့ဘာသာသူအော် ကျမကလဲ အနောက်ကနေ သူ့ထက် မလျော့တဲ့ အသံနဲ့  လိုက်အော်တာပါ.

အမှတ်မိဆုံးနဲ့ မမေ့နိုင်ခဲ့ဖူးတဲ့ လရောင်နဲ့အတူ သီချင်းဆိုတဲ့ညလေးအကြောင်းကို ပြောပြချင်ပါတယ်.

ကျမတို့ ဒဂုံမြို့သစ်ကို စပြောင်းခါစပါ.

၁၉၈၉-၉၀ ပြည့်နှစ် ကျမအသက် ၆ နှစ် မပြည့်တတ်သေးတဲ့အချိန်မှာပဲ ကျမတို့ရဲ့ နေရာဟောင်း ကလေးကို ကျူးကျော်ဆိုပီး အတင်းဖျက်သိမ်းပေးခဲ့ရတယ်လို့ အမေက ပြောခဲ့ဖူးတယ်. ကျမတို့အတွက် ဘိုးဘွားပိုင်မြေဆိုပီး အစားပြန်ပေးရတော့ ဒဂုံမြို့သစ်ကို စရောက်ခဲ့တာပေါ့.

ကျမ အမှတ်မိဆုံးကတော့ ကျမတို့ကို စစ်ရိန်းဂျား ကားကြီးတွေနဲ့ သယ်လာပီး ကွင်းပြင်ခေါင်ခေါင် တိုင်လေးတိုင် စိုက်ထားတဲ့ မြေကွက်လပ်ကြီးရဲ့ ရှေ့မှာ ကားပေါ်ကနေ ပစ္စည်းတွေကို ပုံချပေးခဲ့တာကိုပါပဲ.

ဘေးအခင်း အပြင်မှာ ဘာမှမရှိ. တဲလေးထိုးပီး အိမ်ဆောက်ဖို့ အဖေနဲ့ အကိုကြီးတို့ရယ် ဘေးနားက လက်သမားတွေနဲ့ အိမ်တိုင်လေးထူပီး အိမ်ဆောက်ဖို့ ပြင်နေချိန်မှာ ကျမရယ် ကျမ မမရယ်ကတော့ သိပ်ပျော်နေပါပီ. လေတဟူးဟူးတိုက်ပီး ကွင်းတီးခေါင်ခေါင်ကြီးမှာ သောက်ရေမရှိ စားစရာမရှိ နောက်ဆုံး သစ်ပင်လေးတောင် ကျိုးတိုးကျဲတဲ ဘေးနားမှာလဲ ဆောက်လက်စ အိမ် တစ်လုံးစ နှစ်လုံးစက လွဲလို့ ဘာဆို ဘာမှမရှိတဲ့ နေရာကြီးမှာ လူကြီးတွေက စိတ်ညစ်နေပေမဲ့ ကျမတို့အတွက် ကတော့ ပျော်ရွှင်ခြင်းတွေ လွတ်လပ်ခြင်းတွေ အတိပြီးနေပီလေ.

အိမ်ဆောက်ဖို့ တိုင်တွေထူပီး ဘေးနားမှာ တစ်ဖက်ရပ်တဲလေး ဆောက်ပီး အဲ့ဒီမှာ နေရတဲ့အချိန်မှာ အိမ်ဆောက်ဖို့အတွက် ဝါးထရံလိပ်ကြီးတွေ သွပ်ပုံတွေ ဝါးလုံးတွေ ဝယ်လာပီး ဘေးမှာပုံထားပါတယ်. ညဘက် ထမင်းစားအပီးမှာ ကျမတို့ မောင်နှမတတွေက အဲ့ဒီ ဝါးထရံလိပ်ကြီးအပေါ်မှာ တက်အိပ်ကြပါတယ်. အကိုတွေက ဝါးလုံးပုံပေါ်ထိုင်လို့ပေါ့. အပေါ်မှာ ဘာအကာအရံမှ မရှိတဲ့ လွတ်လပ်တဲ့ ကောင်းကင်ကြီးကို မော့ကြည့်လို့ပေါ့. ကြယ်တွေက သိပ်လှတယ်. ကောင်းကင်မှာ ကြယ်တွေ အများကြီးပဲ. လေကလဲ တဖြူးဖြူးတိုက်လို့ပေါ့. အကိုအငယ်က စပီး ဝါးလုံးတိုနဲ့ ဝါးလုံးပုံကြီးကို စခေါက်ပါတယ်.

နောက်တော့ အကိုအလတ်က သီချင်းစဆိုပါတယ်. အကိုအလတ်က ကျမတို့အထဲမှာ သီချင်းဆိုတာ အကောင်းဆုံးပါ. ကျမတို့တွေ သီချင်းတွေ လိုက်ဆိုကြပါတယ်. ကျမက ငယ်ငယ်ကတည်းက သီချင်းတကြော်ကြော် အော်ဆိုနေကြပါ. ဒါကြောင့် သူတို့နဲ့အပြိုင် လိုက်ဆိုနိုင်ပါတယ်. ဆိုရင်း ဆိုရင်းနဲ့ သီချင်းတွေက မကုန်တော့သလိုပဲ. ကျမတို့ သီချင်းဆိုနေတာကို လမင်းကြီးရယ် ကြယ်ကလေးတွေရယ်က နားထောင်ပေးကြတယ်လေ. လက်ခုပ်တွေတောင် တီးမယ်ထင်ရဲ့. သိပ်ပျော်စရာကောင်းခဲ့တဲ့ညလေးပါ.

အဲ့ဒီ့တုန်းက သီချင်းဆိုခဲ့တာကို ဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်တွေးတိုင်း အမြဲအမှတ်ရသလို ကြည်နူးရပါတယ်. အဲ့ဒီ သီချင်းဆိုသံကို ကြားရတော့ ဘေးနားက ဆောက်လက်စ အိမ်တွေက လက်သမားတွေလဲ သူတို့ရဲ့ စားစရာလေးတွေ ယူလာပီး ကျမတို့ရဲ့ မီးခွက် မှိတ်တုတ်တုတ် ထွန်းထားတဲ့ တဲကလေးဆီ ရောက်လာကြပီး စကားတွေပြောရင်းနဲ့ သီချင်းတွေ လိုက်ဆိုကြတယ်. ကျမတို့ရဲ့ သီချင်းသံတွေက ဟိုးကောင်းကင်ယံ အထိတောင် ရောက်မလားဘဲ.

ကျမ သိပ်သဘောကျတဲ့အရာတွေဆို ဘယ်အချိန်ပဲ ဖြစ်ဖြစ် ပြန်စဉ်းစားလိုက်တိုင်း အမြဲ အသေးစိတ်က အစ အမှတ်ရနေပါတယ်. အဲ့ဒီ လရောင်များနဲ့ ကခုန်ခြင်းမှာ သီချင်းဆိုတဲ့ နေရာလေးကို အမြဲပြန်ပြန်သတိရတိုင်း အဲ့ဒီနေရာလေးရယ် ကျမတို့ မောင်နှမတတွေ သီချင်းဆိုဖြစ်တဲ့ အချိန်ကို ကိုယ်တိုင် ရောက်သွားသလိုကို ခံစားရပါတယ်.

ဖတ်ရင်းနဲ့ အရမ်း စိတ်ထဲမှာ တခုခုခံစားလိုက်ရလို့ စာအုပ်ကို ရင်ဘတ်ပေါ်မှာ အသာဖိလိုက်ပီး ကျမ မျက်ရည်ဝဲလာမိတယ်. ဒါပေမဲ့ မငိုမိပါဘူး. ကြည်နူးရလွန်းလို့ စိတ်ထဲ သတိရလွန်းလို့ မျက်ရည်က အလိုလိုကျလာတာပါ. တစ်ချိန်ချိန်တော့ အဲ့ဒီလိုမျိုး လွတ်လပ်တဲ့ အချုပ်အနှောင်ကင်းတဲ့ ဘာမှ နှောင်ဖွဲ့ထားတာတွေ မရှိတဲ့အချိန်ကို ရောက်လာမှာပါ. အဲ့ဒီအခါကျရင်တော့ ကျမတို့တွေ ကိုယ့်တေးကို ကိုယ်ကျူးရင့်လို့ ကိုယ့်လမ်းကို ကိုယ်ကိုယ်တိုင် ဖောက်နိုင်ကြမှာပါ…..

ပြည့်စုံ (၁၆-၈-၂၀၀၉၊ ၁၀း၀၀ pm)

(အဲ့ဒီစာအုပ်လေးကို ဖတ်မိတဲ့အချိန်မှာ ရုတ်တရက် ပေါ်လာတဲ့အတွေးနဲ့ မျှော်လင့်ခြင်းကောင်းကင် ဆိုတဲ့ ကဗျာလေးကို စပ်မိပါတယ်. နောက်တော့ အခု ဒီစာစုလေးကို ရေးဖွဲ့ဖြစ်တာပါရှင်)

မျှော်လင့်ခြင်းကောင်းကင်

ငါရောက်နေတဲ့ညရဲ့ ကောင်းကင်မှာ
လမသာဘူး
လေမတိုက်ဘူး
ကြယ်မရှိဘူး
ယုတ်စွအဆုံးကွယ်
တိမ်တောင် မရှိဘူး

အနက်မှောင် ပြောင်ပြင်ပြင် ကောင်းကင်ကြီးထဲ
မော့ကြည့်လိုက်ရင်
စိမ်းသက်ခြင်းတွေရှိတယ်
အထီးကျန်ခြင်းတွေရှိတယ်
အလွမ်းတွေရှိတယ်

ငါရောက်ချင်တဲ့ညရဲ့ ကောင်းကင်မှာ
အမြဲတမ်း လပြည့်ညဖြစ်တယ်
လေညင်းလေးက အေးမြမြတိုက်ခတ်ရဲ့
ကြယ်အစုံကလဲ လင်းလက်တောက်ပလွန်းတယ်
ယုတ်စွအဆုံးကွယ်
တိမ်တစ်အုပ်ကတောင် ကခုန်နေလေရဲ့

ပြာလဲ့လဲ့ အလင်းရောင်တောက်နေတဲ့ ကောင်းကင်ကြီးထဲ
မော့ကြည့်လိုက်ရင်
နှစ်လိုဖွယ် အကြင်နာတွေရှိတယ်
နွေးထွေးမှုတွေရှိတယ်
အချစ်တွေရှိတယ်

သီချင်းအတူတူ အော်ဆိုနေတဲ့ မောင်နှမတစ်စုရှိတယ်
မုန့်တစ်ခုကို ဝေမျှစားနေတဲ့ မောင်နှမတစ်စုရှိတယ်
အရာရာကို ရယ်စရာဟာသအသွင် သဘောထားတဲ့ မောင်နှမတစ်စုရှိတယ်
လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ အားအင်တွေရှိတယ်
မမေ့ဖျောက်နိုင်တဲ့ မေတ္တာတွေရှိတယ်
ပြန်ဆုံရင် ပျော်ရွှင်ရမယ့် မောင်နှမတစ်စုရှိတယ်
ငါမျှော်လင့်တဲ့ကောင်းကင်ဟာ အမြဲပဲလှတယ်.....

ပြည့်စုံ (၁၆-၈-၂၀၀၉၊ ၃း၂၈ pm)

Friday, August 14, 2009

ခွဲခွာခြင်းနိမိတ်

တွေ့ဆုံပြီးရင် ကွဲကွာခြင်းဆိုတာ
မဖြစ်မနေရှိလာမှာပါ
ဒါပေမဲ့ အဲဒီနိယာမတွေထဲမှာ
သံယောဇဉ်တွေမပါခဲ့ရင် သိပ်ကောင်းမှာပဲ
အခုတော့
အမှတ်တရတွေက ခြေရာအထပ်ထပ်ထင်လို့

အမှောင်ထဲမှာ
မကြားရတဲ့လှိုင်းပုတ်သံကို နားစွင့်ခဲ့တဲ့ညတွေ
အလဲအကွဲငြင်းခုန်ခဲ့တဲ့ စကားသံတွေ၊ ဇာတ်ကြောင်းတွေ
ဟာရီယို၊ ဒိုင်ကြောင်၊ ကက်ပချီနို အားလုံးက
ငါ့မှတ်ဉာဏ်မှာ ပြိုးပြက်လို့

ဒီမှာ စက္ကန့်တိုင်းသတိရနေမယ်ဆိုတာ ညာတာ
ဒါပေမဲ့
လစ်ဟာသွားတဲ့နေရာကိုမြင်တိုင်း
အကြင်နာစစ်ရင် ကို ကြားတိုင်း
မျက်ရည်မဝိုင်းမိစေဖို့ဖြေဆေး
ငါတို့ကို ပေးခဲ့စမ်းပါ

(စုကလေး)

ဒါတင်ဘယ်ကမလဲ ကျန်သေးတယ်
ရှေ့ဆက်မက်ဖို့ အတူပုံဖော်ခဲ့ကြတဲ့
ငါတို့ရဲ့ အိပ်မက်တွေ…..

အတူသွားကြမယ့် ကျိုက်ထီးရိုးခရီးစဉ်
သီတင်းလဲ ကျွတ်တော့မယ်။

ပွင့်လင်းရာသီရောက်ရင် အဆက်မပြတ်တော့မယ့်
အတူမကြည့်ဖူးခဲ့တဲ့ ရှိုးပွဲတွေ။

ရုပ်ရှင်ရုံတွေမှာလဲ
ငါတို့ကြိုက်တဲ့ကားတွေ တစ်ကားပြီးတစ်ကား။

ရှေ့လာမယ့်နှစ် သင်္ကြန်
ရန်ကုန်မှာ အတူအော်ဟစ်ကြမယ်ဆိုတာတွေ။

ပြီးတော့…. တွေ
…………….တွေ
…………….တွေ

အတူတူ အိပ်မက်ခဲ့ကြပေမယ့်
မင်းမရှိတဲ့နောက်…….
တစ်ခါတစ်ရံ
တို့တစ်တွေ အကောင်အထည်ဖော်ဖြစ်တောင်

သူငယ်ချင်း…..
မင်းမပါဝင်တဲ့ ပွဲတွေက
ငါတို့ပျော်နေတယ် ထင်ရပေမယ့်
တစ်နေရာ လပ်နေသလိုပဲ။

အပြည့်အဝမဟုတ်တဲ့ အပျော်တွေနဲ့
ငါတို့စိတ်တွေ
ဘယ်အချိန်များမှ
အသားကျပါ့မလဲနော်…..

(စုမြတ်)

ကျမ အဝေးကို သွားတော့မယ်ဆိုတဲ့အချိန်မှာ ကျမရဲ့ ချစ်လှစွာသော သူငယ်ချင်းမလေးတွေက ကျမအတွက်ဆိုပီး ရေးပေးခဲ့တဲ့ ကဗျာလေး ၂ ပုဒ်ပါ. ဆက်စပ်ပီး ရေးထားတာမို့ တစ်ဆက်တည်း ဖော်ပြလိုက်တာပါရှင်။
သိပ်ချစ်ဖို့ကောင်းတဲ့ ကျမရဲ့ သူငယ်ချင်းကလေးတွေရဲ့ ကျမအပေါ် သူတို့ထားရှိတဲ့ ခင်မင်မှုတွေကို သိခွင့်ရခဲ့တဲ့အချိန်မှာ ကျမ ကျေးဇူးအများကြီးတင်မိပါတယ်။ ကျမရဲ့ သူတို့အပေါ် ထားရှိတဲ့ ခင်မင်မှုတွေကိုလဲ သူတို့အတွက် သီးသန့်အကန့်လေးထဲမှာ အမြဲထည့်ထားပါတယ်။

Wednesday, August 12, 2009

စိတ်ကူးယဉ်အိပ်မက်လေးရဲ့ တစ်လပြည့်မွေးနေ့

ဇူလိုင်လ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ စိတ်ကူးယဉ်အိပ်မက်ဘလော့ကလေး အခု သြဂုတ်လ ၁၃ ရက်နေ့မှာ တစ်လတင်းတင်း ပြည့်ပါပီရှင့်.

ပထမဦးဆုံး အနော့်ရဲ့ ဘလော့လေးကို အလည်အပတ်ရောက်ခဲ့တဲ့ အနော့်ရဲ့ သူငယ်ချင်းလေး မေလေးနဲ့ ပထမဦးဆုံး အနော့်ရဲ့ လူငယ်တစ်ယောက်ရဲ့အတွေးလေးပါ ဆိုတဲ့ လူငယ့်အတွေး စာစုလေးမှာ ကွန်မန့်ပေးခဲ့တဲ့ အကို ဧရာဝတီသား၊ ပထမဦးဆုံး အနော့်ရဲ့ဘလော့လင့်ကို စတင် ချိတ်ပေးခဲ့တဲ့ အနော့်ရဲ့ မမ မမဆုမွန်၊ နောက် အနော့်ရဲ့ဘလော့လေးကို အလည်အပတ်လာရောက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ အပေါင်းအသင်းတွေကို တကယ့်ကိုကျေးဇူးတင်ပါတယ်ရှင်.

အခု ဘလော့ပုံစံဒီဇိုင်းလေးကို အလှဆင်ပေးသူကတော့ အနော့်ရဲ့ မမ မမဆုမွန်ပါ. အနော့်ရဲ့အတွေးထဲမှာ ရှိနေတဲ့ ပုံစံလေးအတိုင်း ဖြစ်အောင် လုပ်ပေးခဲ့တဲ့ အနော့်ရဲ့ မမကို တကယ့်ကို ကျေးဇူးတင်ပါတယ်.

ဘလော့လေးကို အရှိန်နဲ့လည်ပတ်နေရင်း စတင်ပီး ချစ်ခင်စွာ ညီအစ်မအရင်းလို နှုတ်ဆက်လာတဲ့ အမကတော့ ချစ်သော အမ jr ပါ. နောက် ခရမ်းမေ၊ နောက် သူငယ်ချင်းလေး ဖြူအကို ဧရာဝတီသားနာမည်တူ ချစ်သောအကို ပြည့်စုံမမ rose of sharonကြယ်ကလေးနဲ့ မမ choco၊ နောက် Anger Shaper၊ ကြွက်ပုံလေးဆွဲပေးတဲ့ အကို brook၊ နောက် ပို့စ်တိုင်းကို လာရောက်ကွန်မန့်ပေးတဲ့ အကို အမတွေကိုလဲ ကျေးဇူးတင်ပါတယ်ရှင်. နာမည်တွေကို စုံလင်အောင် မထည့်နိုင်တဲ့အတွက် အများကြီးတောင်းပန်ပါတယ်ရှင်.

အခုတော့ အနော့်ရဲ့ တစ်လသမီးလေးမှာ သူငယ်ချင်းတွေ အမတွေ အကိုတွေ အများအပြား ရှိလာပါပီရှင့်.

ဝမ်းနည်းနေတဲ့အခါ ဖြေသိမ့်ပေးတယ်၊ အလွမ်းတွေကို အတူတကွ မျှဝေခံစားပေးကြတယ်၊ မမောနိုင် မပန်းနိုင် ခရီးတွေကို အတူတူလိုက်လည်ပေးကြတယ်၊ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို လာရောက်ဖတ်ရှုဝေဖန်ပေးကြတယ်၊ အတွေးတွေကို ဖြန့်ကျက်တွေးတောပေးကြတယ်၊ စိတ်ကူးယဉ်သမျှ လွမ်းသမျှ ရေးထားတဲ့ ဒိုင်ကြောင်ကလေးတွေကို မညည်းမညူ ဖတ်ရှုပေးတဲ့ အဖော်တွေ ဘေးမှာ ရှိနေတဲ့အတွက် အထီးကျန် မဆန်တော့ပါဘူးရှင်.

ပထမဆုံး ဒီဘလော့လေးကို စတင်မယ်ဆိုတော့ အနော့်ရဲ့ စိတ်ကူးထဲမှာ တွေးမိတာက နာမည်ပါ.
ဘလော့ရဲ့ နာမည်အပြင် အနော့်ရဲ့ဘလော့မှာသုံးဖို့ နာမည်လေးကို စဉ်းစားမိတဲ့အခါ ချစ်သူခေါ်တဲ့ နာမည်လေးကို ပေးချင်မိတယ်. နာမည်အရင်းကို သုံးချင်ပေမဲ့ နာမည်အရင်းထက် အနော် ဆိုတဲ့ နာမည်လေးကိုပဲ သုံးချင်မိပါတယ်. ဟိဟိ

အိပ်စက်ရင် အိပ်မက် မက်ရမယ်လို့ ပုံသေကားကျ သတ်မှတ်မထားတဲ့ လောကကြီးထဲမှာ မအိပ်ဘဲ မက်တဲ့ အနော့်ရဲ့အိပ်မက်လေးတွေကို မျှဝေချင်တဲ့စိတ်နဲ့ ဒီဘလော့လေးကို စတင်တည်ဆောက်ခဲ့တာပါ.

အနားမှာ အမြဲရှိမနေနိုင်တဲ့ ချစ်သူအစား အနော့်ကို အမြဲအဖော်လုပ်ပေးနိုင်မယ့် အကောင်းဆုံးအဖော် က ဒီစိတ်ကူးယဉ်အိပ်မက်လေးပါပဲ.

ဒီဘလော့လေးကို စတင်ဖို့ စိတ်ကူးမိတဲ့အချိန်က အနော့်ရဲ့ ကွန်ပျူတာလေးထဲက Personal Folder လေးထဲမှာ Microsoft File လေးတွေ သိပ်များလာတာက စတာပါပဲ. ကဗျာလေးတွေ ရေးလိုက် သိမ်းထားလိုက် ဝတ္ထုတိုလေးတွေ ရေးထားလိုက် ဟိုလူ့ပြလိုက် သည့်လူပြလိုက်နဲ့ပေါ့. ပီးတော့ ဘလော့တွေ လိုက်ဖတ်လိုက် အတွေးတွေရတော့ စာလေးတွေ ရေးလိုက်နဲ့ လုံးလည်ချာလည် လိုက်နေတုန်း ဘလော့ရေးမယ်လို့ စတင်စိတ်ကူးမိခဲ့တာပါပဲ.

ဘလော့လေး အလှအပ ပြင်ဆင်နေတဲ့အချိန်မှာ ပျော်ရွှင်မှုက အတိုင်းထက် အလွန်ပါပဲ.
ပို့်စ်တွေ တင်လို့ရပီဆိုတာနဲ့ အနော်က ရှိသမျှ ဖိုင်တွေထဲက ကဗျာတွေ စာတွေကို တင်တော့တာပဲရှင့်.

ဟစ်တွေရဲ့ တဝက်လောက်က အနော်ပဲ ဝင်လိုက်ထွက်လိုက် လုပ်နေတာပါ. ဟိဟိ (ဝန်ခံပါတယ်)

လာလည်တဲ့ ဧည့်သည်စာရင်းလေးတွေကို တစ်နေ့ တစ်နေ့ ကြည့်ရင်းနဲ့ ပျော်ရွှင်နေမိတယ်.

စီဘောက်မှာ လာအော်ရင် ရင်တွေခုန်လွန်းလို့ ရင်ဘတ်ကို ဖိထားရတယ်.

ပီးတော့ ကွန်မန့်တွေကို မော်ဒရိတ် လုပ်ထားတယ်. ဘာလို့ဆိုတော့ ကိုယ့်ဘလော့လေးကို ဖွင့်လိုက်တိုင်း ကွန်မန့်မော်ဒရိတ်မှာ ဘယ်သူတွေများ ဘယ်လိုလေးတွေ ပြောခဲ့သလဲ သိချင်လို့ ဖွင့်ကြည့်လိုက်ရင် 1 comment moderate ဆိုတာလေးများ တွေ့လိုက်ရင် ဖဲသမား ဖဲပွတ်သလိုပါပဲ မောက်စ်ကလေးနဲ့ အသာလေး ထိလိုက်ပီး ကလစ်ကို ခပ်ဖွဖွလေး နှိပ်လိုက်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်တဲ့ အရသာပါပဲရှင်.

နောက် သူများဘလော့လေးတွေကိုလည်ပတ်နေရင်း ကိုယ့်ရဲ့ဘလော့လေးကို လင့်ထားတာများ မြင်လိုက်ရရင် ပျော်ရွှင်မှုက အတိုင်းထက် အလွန်ပါပဲရှင်. လင့်ပေးထားတဲ့ အကို အမ သူငယ်ချင်းတွေကို တကယ့်ကို ကျေးဇူးတင်ပါတယ်နော်.

အလည်လာတဲ့သူငယ်ချင်းတွေကို ဧည့်ဝတ်မကျေပွန်ခဲ့ရင် စိတ်ကူးယဉ်အိပ်မက်ဘလော့လေးကနေ လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါတယ်နော်. အမှားအယွင်းတွေ လိုအပ်ချက်တွေရှိခဲ့ရင်လဲ ခွင့်လွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်ရှင်.

Tuesday, August 11, 2009

ရွက်ကြွေကလေးရဲ့ ဒဏ္ဍာရီ


လေနှင်ရာ မျောလွင့်တဲ့ ရွက်ကြွေကလေး
သစ်ပင်ပေါ်မှာ နေမရလို့
ကြွေကျ မြေခရှာလေရဲ့...........

လေနှင်ရာ မျောလွင့်သွားတဲ့ ရွက်ကြွေကလေးတွေကို သူ ငေးကြည့်နေခဲ့မိဖူးတယ်.

သစ်ရွက်စိမ်းကလေးဘဝ သစ်ပင်ပေါ်မှာတုန်းက သူဟာ ကြွားကြွားဝင့်ဝင့် မားမားစွင့်စွင့် ရှိနေပါလိမ့်မယ်. အခုတော့ လေနှင်ရာပြေး သစ်ပင်ရဲ့နံဘေးမှာ မနေနိုင်တော့ဘူးလေ.

ရွက်ခြောက်ကလေးဘဝ လေတိုက်ရာ ရှောတိုက်နေရင်း ဘဝတူ သစ်ပင်ပေါ်က သစ်ရွက်ကလေးတွေကို ပြန်ငေးကြည့်မိတယ်. မင်းတို့ကတော့ လှလှပပ ပင်ယံထက်မှာ ကြွကြွရွရွ ရှိနေတုန်းပဲပေါ့.

ဟော ဖြုတ်ဆို သုတ်ခနဲ လေအဝှေ့ မာန်ကြွနေရှာတဲ့ ခေါင်ထိပ်က သစ်ရွက်ကလေး လေအနော့မှာ ကြွေကျသွားပါလေရောလား. သစ်ရွက်ခြောက်ကလေးက ခပ်တိုးတိုးအရယ်မှာပဲ သူ့အပေါ် နင်းခြေမွမယ့် ခြေသံတစ်စုံ တိုးဖွဖွလေး နီးကပ်လာနေတယ်.

ကတ္တီပါသဲကြိုးအနက်ကလေးရဲ့ စိုထင်းမှုကို အံ့သြတကြီး ကြည့်အနေမှာပဲ ရက်စက်တဲ့ ကံကြမ္မာက သူ့ကို သက်ဆိုးရှည်ခွင့်မပေးခဲ့ပြန်ဘူးလေ.

ဖိနပ်ပါးကလေးနင်းချေသွားတဲ့ ခြေလှမ်းတိုင်းမှာ ကံကုန်သွားတဲ့ သစ်ရွက်ခြောက်လေးတွေ များစွာ ရှိပါလိမ့်မယ်. သူလဲ တစ်ရွက် အပါအဝင်ပေါ့.

ဒီလိုအတွေးမှာပဲ လေညင်းရဲ့သယ်ဆောင်ရာ ဖိနပ်ပါးကလေးအောက် သစ်ရွက်ခြောက်ကလေး ရောက်သွားရှာလေရဲ့.
…………………………………………….

Sunday, August 9, 2009

ကျိုက်ထီးရိုးတစ်ခွင် ပြဲပြဲစင်



ခရီးထွက်ဖြစ်ဖို့ဆို တော်တန်ရုံ စိတ်ကူးခွင့်မရခဲ့ပါဘူး. ဘာလို့ဆိုတော့ ကျမ မိဘတွေက သူတို့ကိုယ်တိုင်လဲ လိုက်မပို့နိုင် (ငွေရေးကြေးရေးအရပါ) သူများနဲ့ထည့်လိုက်ဖို့ကလဲ စိတ်မချနဲ့မို့ အသက် ၂၀ ရောက်တဲ့အထိ အိမ်ကနေ ညအိပ်ညနေ ခရီးတောင် မသွားဖူးပါဘူး.

၂၁ နှစ်အရွယ်က စပီး အလုပ်စဝင်တော့မှ ကျမက အိမ်ကို အမှန်အတိုင်းပြောပီးကို ရန်ကုန်တစ်ခွင်နဲ့ လက်လှမ်းမီရာ သန်လျင် ကျောက်တန်း ပဲခူး ထောက်ကြံ့ စသဖြင့် ခြေဆန့်ပါတော့တယ်.

အခုတော့ ရေခြားမြေခြားမှာ ကျမ တစ်ယောက်တည်း နေရဲနေပါပီ ဟိုဟိုသည်သည် သွားတာက အစ ခရီးသွားတာ အဆုံး တစ်ယောက်တည်း ကျောပိုးအိတ်တစ်လုံးလွယ်ပီး စကားပြောမပေါက်တဲ့ လူတွေကို လက်ဟန်ခြေဟန် ဘရုတ်ကန်းအင်းဂလိပ်နဲ့ (အမှန်တော့ ကိုယ်ပြောတာကို နားကို မလည်ကြတာပါ) ပြောဖြစ်ပါတယ်. တော်ရုံလဲ ကျမက လူသိပ်မကြောက်ပါဘူး.

မမေ့နိုင်စရာ လက်ချိုးရေလို့ရတဲ့ ခရီးတွေထဲမှာ အလုပ်ထဲက စိတ်ပင်ပန်းမှုတွေ ပြေပျောက်အောင် သွားဖြစ်ခဲ့တဲ့ ၃ ညအိပ် ၄ ရက် ခရီး ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်လဲ တစ်ခု အပါအဝင်ပါ. သူများတွေ အတွက်တော့ အထူးအဆန်းမဟုတ်ပေမဲ့ ကျမတို့အတွက်ကတော့ အခက်အခဲတွေကြားက ခက်ခက်ခဲခဲ သွားခဲ့ရတဲ့ခရီးလေးမို့ ပြန်တွေးတိုင်း ကြည်နူးရ ပျော်ရွှင်ရတဲ့ အဲ့ဒီခရီးစဉ်လေးကို မေ့မရခဲ့ပါဘူး.

၂၀၀၂ ခုနှစ် ကျမ စီးပွားရေးတက္ကသိုလ် ဒုတိယနှစ် (အဝေးသင်) ပါ တက်နေတုန်းက ကျောင်းတက်ရင်း တစ်ဖက် ထီးစက်ရုံတစ်ခုမှာ စာရင်းကိုင် အလုပ်ဝင်လုပ်ခဲ့ပါတယ်. အဲ့ဒီ စက်ရုံက ကျမရဲ့ သူငယ်ချင်းလေးတွေက အခြေခံလူတန်းစားတွေများပေမဲ့ စိတ်ရင်း ဖြူစင်ကြတယ် ရိုင်းပင်းကူညီတတ်တဲ့စိတ်တွေရှိတယ်. ကြင်နာသနားတတ်တယ်. ဖော်ရွေတယ်. မရှိအတူ ရှိအတူ မျှဝေခံစားတတ်တဲ့စိတ်တွေရှိတယ်. သူတို့က ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်းနဲ့ ဟောဟော ဒိုင်းဒိုင်းသမားတွေပါ. ကျမ သိပ်ချစ်ပါတယ်. အခုအချိန်အထိ ကျမတို့ အဆက်အသွယ် အမြဲရှိတုန်းပါပဲ.

ကျမတို့ အလုပ်က ဒီဇင်ဘာလမတိုင်မီ အလုပ်ပိတ်ရက်နဲ့ အမျိုးသားနေ့ ကြားရက်ခံတော့ ၃ ရက် ပိတ်ပါတယ်. အဲ့သုံးရက်ကို ကျိုက်ထီးရိုးဘုရားဖူးသွားကြမယ်လို့ စိတ်ကူးမိတဲ့အတိုင်း အကောင်အထည် ဖော်ကြပါတယ်. ကျမကပဲ ဦးဆောင်ပီး မန်နေဂျာကိုပြောပါတယ်. ကျမတို့ကို အလုပ်ပိတ်ရက် မတိုင်ခင် ရှေ့တစ်ရက်ရဲ့ ညနေ ငါးနာရီမှ အလုပ်ဆင်းပေမဲ့ ၄း၃၀ လောက်ကို ကားဂိတ်ဆင်းပီး လက်မှတ်သွားဝယ်ခွင့်ပေးပါဆိုတော့. ပေးရင် ရပေမဲ့ သူက ကျမတို့ကို ညစ်ပါတယ်.

အမှန်လဲ အလုပ်ပိတ်လို့ သွားလို့ရပေမဲ့ ကျမတို့ကို ပေးမသွားချင်ဘူး. နင်တို့ သွားတော့ အလုပ်က ဘယ်ပီးမလဲ မရဘူးနဲ့ ညစ်ပါလေရော. နာရီဝက်လောက်လေးကို ပေးပါ မနက်ကို ၁ နာရီ အလုပ်စော လာလုပ်ပါ့မယ်ဆိုတော့ ဒီလိုလုပ်လို့ ဘယ်ရမလဲတဲ့.

အေး ရတယ် မရဘူးထင်ရင် ရအောင် လုပ်ပြမယ် မပေးလဲ ကိစ္စမရှိဘူးလို့ ကျမက ပြောလိုက်တယ်. ခွင့်လဲ ယူခဲပီး အလုပ်ပါးချိန်ကို ကျမတို့ကို ရစ်တော့ ကျမ တကယ် စိတ်ဆိုးသွားမှန်း သိပါတယ်. ကျမက စိတ်ဆိုးခဲပါတယ်. စိတ်ဆိုးရင်လဲ သိပ်ရုပ်ဆိုးပါတယ်. စိတ်ဆိုးမှန်း သိသာတဲ့ ရုပ်မျိုးပါ. နောက်တော့ သူက လာချော့ပီး နင်တို့ ဒီညနေ ကားလက်မှတ်ဝယ်မလား လက်မှတ်ရရင် မနက်ဖြန်သွားကြတဲ့ ကဲကြည့်ဦး

အိုကေ လာထားပေါ့. ကျမက အဲ့လို စိန်ခေါ်တာကို သိပ်ကြိုက်ပါတယ်. မဖြစ်ဖြစ်အောင်လဲ လုပ်တတ်တဲ့အကျင့်ရှိတယ်. မလုပ်ရဲဘူး မဟုတ်လားဆို လုပ်ပြလိုက်ပါတယ်. မချစ်ဘူး မဟုတ်လား သိပါတယ် မချစ်မှန်း အဲ့လိုပြောရင် ဒေါသက ထွက်လာပီး ဘာ မချစ်ဘူး ဟုတ်လား ချစ်တယ် ချစ်တယ်ဟဲ့ အဲ့လိုမျိုးပါ. ဟီးဟီး အနိုင်မခံ အရှုံးမပေးတဲ့ သဘောပါ.

ကျမတို့ သွားဖို့အတွက် ပိုက်ဆံက နဂိုကတည်းက ကြိုစုထားတာပါ. အဲ့တော့ ညနေ အလုပ်ဆင်းတာနဲ့ ဆင်မလိုက် အဝေးပြေးမှာ ကားလက်မှတ်သွားဝယ်ပစ်လိုက်ပါတယ်. ဟဲဟဲ အဲ့တုန်းက ကျိုက်ထိုလိုင်းကားပါ ဘုရားဖူးကား မဟုတ်တော့ ကားခလဲ သက်သာပါတယ်. သူက ကင်ပွန်းစခန်းအထိ ပို့ပေးပါတယ်. မနက် ၁၁ နာရီ ဝင်း အဝေးပြေးကားနဲ့သွားတာပါ. လက်မှတ်ကို ဝယ်ပီး နောက်နေ့ အထုပ်တွေအပိုးတွေနဲ့ မန်နေဂျာဆီ ဖုန်းဆက်လိုက်ပါတယ် ကျမတို့ သွားပီပေါ့ သူဖျားသွားပါတယ်. နောက်တော့ သူ့မှာ တာဝန်ရှိတယ်ဆိုပီး သူက ကျမတို့ကိစ္စကို ဖုံးဖိပေးပါတယ်. ပြန်လာတော့ ကျမကို နည်းနည်းတော့ ဆူပါတယ်. ဟဲဟဲ တော်သေးရဲ့ အလုပ်မပြုတ်လို့.

ကျမရဲ့ မမ မမဆုမွန်ရယ် မောင်ကလေးရယ် ကျမရဲ့ မမရဲ့ သူငယ်ချင်း ပူစီအပျိုကြီးမမ တစ်ယောက်လဲ ပါပါတယ်. ကျမရဲ့ သူငယ်ချင်းက ငါးယောက်ပါ. အားလုံးပေါင်း ကိုးယောက်တိတိပါ. လမ်းခရီးကို ကိုးယောက်မသွားကောင်းတာ မသိကြပါဘူး. ကိုးယောက် အထုပ်တွေ အပိုးတွေနဲ့ ကားဂိတ်ကို စရောက်လာပါပီ. တော်သေးတာက ကျမတို့ သိပ်ချစ်တဲ့ ဦးလေးက ဘုရားဖူးသွားဖို့ မုန့်ဖိုးလာပေးတာပါ. ကံကော်တာပေါ့လေ.

ကားက ဘယ်ကားမှန်း မသိသေးဘူး. တက်တက် ဒီကားဆိုတော့ ကားက တော်တော်လေးကို စုတ်ပါတယ်. ဆရာမကြီး ကျမလဲ မျက်နှာငယ်နဲ့ပါ. အေးဆေးပေါ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကားလဲ စထွက်လို့ စော်ဘွားကြီးကုန်းအဝေးပြေးကို ဝင်ပီး နည်းနည်းလဲ ကျော်ရော မြို့ပြင်တောင် မထွက်သေးပါဘူး မုန့်ဟင်းခါးစားလေးကြွပါဦးဆိုပီး ကားကို ဆင်းတွန်းရပါတယ်. မမက ရယ်လိုက်တာ သူ့သူငယ်ချင်းကလဲ စကတည်းက ပူစီကိုက်ပါတော့တယ်. သူက အိတ်စပရက်ကားနဲ့ သွားချင်တယ်ဆိုပဲ. ဒီမှာက သွားချင်တာကို ပိုက်ဆံစုပီး ချွေတာ သွားရတာကို နားမလည်ဘူး. မသွားနိုင်လို့ပေါ့ သွားနိုင်ရင် ကိုယ်ပိုင်တောင် စင်းလုံးငှားလိုက်ချင်သေးလေ နော့် ဟုတ်ဘူးလား.

ဒီလိုနဲ့ ပျော်စရာ တစ်လမ်းလုံး သီချင်းတွေဆို ပီးတော့ ကောင်မလေးတွေချည်းပဲ ရှစ်ယောက် မောင်ကလေးက တစ်ယောက်ဆိုတော့ ဘယ်ပြောကောင်းမလဲ ကားပေါ်မှာ စန်းပွင့်ချက်ပေါ့ ဟိဟိ.

ကျမတို့ သူငယ်ချင်းတွေကလဲ ဂျီးမများကြပါဘူး နောက်ပီး သိပ်လဲ ကရိကထခံတဲ့သူမရှိတော့ အေးဆေးပါပဲ. ၁၁ နာရီ ဆင်မလိုက်က ထွက်ပီး အဲ့ဒီကို ရောက်တော့ ညနေ ၆ နာရီ ထိုးခါနီးနေပါပီ. ကင်ပွန်းစခန်းရောက်တော့ မမက ကားနဲ့တက်ကြမယ်တဲ့. အိုကေပေါ့ ကားခက အဲ့တုန်းက တစ်ယောက် ၃၅၀ ပါ. နောက်ဆုံးကားနဲ့ တက်ပါတယ်. ကားကို လူအပြည့်တင်ပါတယ်. ကျောက်သယ်တဲ့ကားလိုမျိုးလေ အနောက်က ပက်လက်လုပ်ထားတဲ့ ကားမျိုးပါ. ကျမက ချောက်ဘက် ဘေးအစွန်မှာထိုင်ပါတယ်. သတ္တိခဲပေါ့လေ. ဟဲဟဲ.

တောင်တက်ခရီးစပါပီ. စတုန်းကတော့ တောင်က နိမ့်နိမ့်လေးဆိုတော့ အိုကေပေါ့. သိပ်မကြာပါဘူး ရိုလာကိုစတာ စီးရသလိုပဲ ကားက ဝေါဝေါဝူးဝူးနဲ့ ကျမတို့ဆိုတာ အော်လိုက်တာ နားက နဖားချေးခြောက်တောင် အတောင့်လိုက်ပြန်ထွက်ပါတယ်. ကျမက ချောက်ကို မြင်နေရတော့ ကျမကပဲ စစ အော်တာပါ. အော်သံကတော့ အစုံပါပဲ. ကားပေါ်က လူတွေက ပထမတော့ အူကြောင်ကြောင် ကြည့်ကြပီး. ကျမတို့ အော်တာ ပျော်စရာကောင်းတယ် ဆိုတော့ သူတို့လဲ ပျော်ပီး လိုက်အော်ကြပါတယ်. အရှေ့က လူကြီးကြီးစုံတွဲကဆို ကျမတို့ကို အရမ်းသဘောကျနေတာပါ.

ရသေ့တောင် အရောက်မှာတော့ ကျမတို့ အော်လွန်းလို့ အသံတောင် မထွက်တော့ပါဘူး. ကားပေါ်ကနေ ခုန်ဆင်းကြပီး အထုပ်တွေဆွဲပေါ့ အဲ့အချိန်မှာ ပြန်ဆင်းမယ့်ကားပေါ်က လူတွေက တောင်ဝှေးတွေ ပေးသွားကြတာ ကိုးချောင်းတိတိပါ. အဲ့ဒီကနေ စပီး ထူးဆန်းတဲ့ အခြင်းအရာတွေ စတော့တာပဲရှင့်.

ကျမတို့က ရသေ့တောင်ကနေ ကျိုက်ထီးရိုးဘုရားအထိ ခြေကျင်တက်ကြပါတယ်. တောင်တက်ရတဲ့ အတွေ့အကြုံမရှိတဲ့အပြင် လမ်းလဲ အဲ့ဒီလောက် ဝေးဝေးလံလံ မလျှောက်ဖူးပါဘူး. နောက်ပီး လမ်းပြေပြေမဟုတ်တော့ သိပ်မောပါတယ်. ဒါပေမဲ့ ကျမတို့ လျှောက်နိုင်ကြပါတယ်.

တောင်ပေါ် ရောက်တဲ့အချိန်မှာ ည ၈ နာရီပါ. ရုတ်တရက် တောင်ပေါ်တက်တက်ချင်းမှာပဲ အမေ ရွှေနန်းကျင်နန်းဆောင်နားကနေ ရပ်ကြည့်လိုက်တာ တစ်တောင်လုံး မြူတွေဝိုင်းနေတာ စွန်းဝူခုံးဇာတ်ကားထဲက နတ်ပြည်ကျနေတာပါပဲ. ကျမတို့ အမောပြေသွားကြတာ တော်တော် အံ့သြဖို့ကောင်းပါတယ်. လူတွေက တိတ်တဆိတ်ရွေ့လျားနေကြတာ အသက်မဲ့ ၀ိညာဉ်တွေလိုပါပဲ နှင်းမှုန်တွေကြားထဲမှာ အဖြူရောင် အရိပ်တွေ လေထဲ လွင့်နေသလိုပေါ့.

နောက်တော့ တည်းမယ့်နေရာကို အရင်ရှာကြပါတယ်.သွားမယ်ဆိုကတည်းက တည်းမယ်ဆိုရင်တော့ ဘုန်းကြီးကျောင်းမှာပဲ တည်းမယ်ဆိုတဲ့ အသိရှိကြပါတယ်. တည်းခိုခန်းခ မတတ်နိုင်လို့ပါ ဟိဟိ.

ရင်ပြင်အဆင်းနားက ဘုန်းကြီးကျောင်းကို ရောက်တော့ ဘုရားဖူးတွေနဲ့ ပြည့်ကျပ်နေပါတယ်. ဘုန်းကြီးကို သွားကန်တော့ကြပီး မျက်နှာငယ်လေးတွေနဲ့ လှေကားရင်းလဲ ရပါတယ်ဘုရား. ပေးတည်းပါဆိုပီး ကန်တော့ကြတော့ ဘုန်းကြီးက သနားပီး. အစစ အရာရာ အကုန်ထုတ်ပေးပါတယ်. လူတွေကို နည်းနည်းဖယ်ခိုင်းပီး ကျမတို့ကို လှေကားထစ်တွေနားမှာ ချပေးပါတယ်. အိပ်ဖို့လဲ ဘာမှမပါပါဘူး. ဘုန်းကြီးကပဲ တာလပတ်စပေးပါတယ်. ခေါင်းအုံး ၂ လုံးပေးပါတယ်. ရေနွေးဓာတ်ဘူးပေးပါတယ်. အဲ့ဘုန်းကြီးကို ထိုင်ထိုင်ကန်တော့ကြတော့ ဘုန်းကြီးက ပိုပိုသနားသွားပါတယ် ဟဲဟဲ. အဲ့လိုမျိုးပါ.

နောက်တော့ အိပ်ကြမယ်ပေါ့ တော်တော်လဲ မောနေကြတော့ ပိုးလိုးပက်လက် လှန်ကြတာပေါ့. ကျမရဲ့ သူငယ်ချင်းထဲမှာ အူကြောင်ကြောင်လေးတွေ ပါပါတယ်. အဲ့အထဲမှာ တစ်ယောက်က သူ့ကို ချစ်စနိုးနဲ့ အပြူးလို့ပဲ ခေါ်ပါတယ်. သူ့မျက်လုံးလေးက ပြူးပြူးလေးပါ. သိပ်လဲ စိတ်ရင်းကောင်းတယ်. သိပ်ချစ်ဖို့ကောင်းတာ တစ်ခုက သူက ဟာသကို ဟာသမှန်း မသိတာပါ. သူက အေးဆေးပါပဲ သူ့ရဲ့ ခရီးဆောင်အိတ်ကြီးကို ကျမတို့ အိပ်နေတဲ့အပေါ်ကို ပစ်တင်လိုက်ပါတယ်. သူ့ပုံစံက ပစ်လိုက်တာ ဘယ်ပေါ်ရောက်လဲ သိကို မသိတဲ့ပုံပါ. ပီးတော့ အိပ်ပါတယ်. ကျမတို့က လှဲနေတုန်း အထုပ်ကြီး အပေါ်ကို ဗုန်းဆိုရောက်လာတော့ ထပီး ဖယ်ရပါတယ်. အပြူးကတော့ အေးဆေးပါ. အဲ့လိုမျိုးလေ. ကျမတို့ ရယ်တော့ ဘာရယ်လဲ ထမေးပါတယ်. အဲ့တော့ ပိုရယ်ရပါတယ်.

ခနပဲ လှဲကြပီး ရင်ပြင်ကို ပြန်ထွက်ကြပါတယ်. အဲ့ကျမှ ဘုရားကို သေချာဖူးကြပါတယ်. အေးလို့ဆိုပီး စောင်တွေ ပြန်ယူကြပီး စောင်တွေ ခြုံပီး ရင်ပြင်မှာ စုထိုင်နေကြတုန်း ရင်ပြင်ပေါ်က ကလေးတွေက မီးချောင်းတွေအောက်မှာ ကျနေတဲ့ ပုရစ်တွေကို ကောက်ပီး ရေသန့်ဘူးထဲ ထည့်နေကြပါတယ်. ကျမတို့လဲ သဘောကျလို့ လိုက်ကောက်ကြပါတယ်. အကုသိုလ်မှန်း မသိဘူးလေ. နောက်တော့ မမက စပီး စောင်ကို အတောင်ပံလိုလုပ်ပီး ရင်ပြင် ဟိုဘက် သည်ဘက် ပြေးပါတယ်. လေကတိုက်နေတော့ တကယ့်အတောင်ပံလိုပါပဲ. နောက်တော့ ပုရစ်ဘူးတွေကို ဘောလုံးကန်ကြပါတယ်. ကျမတို့ ဆော့နေကြတုန်း ဘုရားရဲရောက်လာပီး ဝမ်နင်ပေးပါတယ်. ရင်ပြင်ပေါ်မှာဆော့ရင် ဖမ်းမယ်ဆိုလို့ ပြန်ငြိမ်ကုပ်ကြပီး တန်ဆောင်းထဲ ဝင်ပီး တရားထိုင်ကြပါတယ်. ဟိဟိ

နောက်တော့ မနက် အာရုဏ်တက် ထမယ်ဆိုပီး အိပ်ကြပါတယ်. အိပ်တော့ပဲ ၁ နာရီထိုးနေပါပီ. မောလွန်းတဲ့အပြင် ဆော့ထားတော့ ပိုပင်ပန်းပါတယ်. အိပ်မလို့ မှေးနေတုန်းရှိသေး အပြူးက ထပီး ကျွတ်ကျွတ်အိတ်တွေကို ထကိုင်ပါတယ်. တကျွတ်ကျွတ်နဲ့ အကုန်နိုးပီး ဘာလုပ်လဲမေးတော့ မနက်အတွက် သွားတိုက်ဆေး ထထည့်နေတာတဲ့လေ. ဝိုင်းပီး ဆဲဆိုကြိမ်းမောင်းကြတော့ မျက်နှာငယ်နဲ့ အိပ်မရလို့ပါတဲ့လေ. မရဘူး အိပ်ဆိုပီး အိပ်ခိုင်းတော့မှ အိပ်ပါတယ်.


မနက် အာရုဏ်တက်တော့ ကျမတို့ ဘုရားရှိခိုးပီးပေမဲ့ အပြူးတစ်ယောက် မပီးသေးပါဘူး. ပရိတ်ကြီး ၁၁ သုတ် စာအုပ်ကြီးကိုင်ပီး သူကပ်ထားတဲ့ အာရုဏ်ဆွမ်းကို စွန့်သွားမှာစိုးလို့ မျက်လုံးကြီးဖွင့် ဘုရားစာ ဆိုပါတယ်. ရယ်ရပါသေးတယ်. ကျမတို့လဲ သူ့ကိုစောင့်နေရင်းနဲ့ ဘုရားရှိခိုးကြပါတယ်. နောက်တော့ ကျိုက်ထီးရိုးဘုရားကို ရွှေသင်္ကန်းကပ်ဖို့ရာ ကိုးယောက်တိတိ ဘုရားဖူးသွားတာ ကျမ မောင်လေးတစ်ယောက်ပဲ ဘုရားကို ကိုယ်တိုင်ကိုယ်ကျ လက်နဲ့ထိကိုင် ပူဇော်ခွင့်ရခဲ့ပါတယ်. အဲ့ဒါကို ကြည့်ပီး မိန်းခလေးဖြစ်ခွင့်ရတာကို ပထမဆုံးအကြိမ် စိတ်မကောင်းဖြစ်ရပါတယ်.

ကျမတို့ ပြန်ရောက်တော့ ဘုန်းကြီးက ဘယ်ကိုသွားမလဲတဲ့ လာမေးတယ်. အဲ့ဘုန်းဘုန်းက တော်တော်လေးကို ကျမတို့ကို ဂရုစိုက်ပါတယ်. ဆန်တောင်ချက်စားဖို့ ပြောပါတယ်. ကျမတို့က သည်နားက တောင်တွေကို အကုန်သွားမယ်လို့ပြောတော့ ဘုန်းဘုန်းက သဘောကျပီး ဘုန်းကြီးကျောင်းသားလေး ၂ ယောက် လမ်းပြအနေနဲ့ ထည့်ပေးလိုက်ပါတယ်.

ပထမဆုံး ကျမတို့ ရေတံခွန်ကို ဆင်းကြပါတယ်.

ရေတံခွန် အဆင်းခရီး စတင်ပါပီ.

မနက် ၈ နာရီကနေ စထွက်ကြပါတယ်. ရေတံခွန်က အဆင်းက အရမ်းပဲ မက်စောက်ပီး တချို့ နေရာတွေက ဖင်နဲ့ လျှော ဆင်းရပါတယ်. နောက်တော့ ကျမတို့ ဆင်းလာလိုက်ကြတာ ပိတ်ရက်ခံပေမဲ့ တချို့ဘုရားဖူးတွေက ပြန်ဆင်းနေကြပီဖြစ်လို့ လူက တော်တော်လေး ရှင်းပါတယ်. နောက် ဒီဇင်ဘာလပွဲတော်လကို မရောက်သေးတာကြောင့်လဲ ပါပါတယ်. လမ်းမှာ ဆိုင်လေးတွေ ဆောက်လက်စပဲ ရှိပါသေးတယ်. ကျမတို့ ဆင်းပီး ရေတံခွန် မရောက်ခင်မှာ အောင်သဒ္ဓိ ဘုန်းကြီးကျောင်းကို ဖြတ်ရပါတယ်. အဲ့ဘုန်းကြီးကျောင်းမှာ သတ်သတ်လွတ် ထမင်းကျွေးပါတယ်. ကျမတို့က ဘုန်းကြီးကို ဝင်ကန်တော့ကြပီး ပြန်လာမှ စားမယ်လို့ စရန်သတ်သွားကြပါတယ်.

ပီးတော့ ထပ်ဆင်းလာကြတာ ရေတံခွန်ကို မတွေ့ရသေးပေမဲ့ ရေကျသံ တဝေါဝေါကို စကြားရပါပီ. နောက်တော့ ရေတိမ်တိမ်လေးတွေကို အမြင်မှာပဲ ရန်ကုန်သူ ကျမတို့က ရေဆို မြောင်းရေတောင် ဆော့နေကြဆိုတော့ ရေတံခွန်လား ဘာလား မသိပဲ ရေထဲ ဆင်းဆော့ကြပါတယ် အဲ့ဒီနားမှာ ကျောက်တုံးအကြီးကြီး ရှိပါတယ်. ကျောက်တုံးပေါ် ကျောခင်းပီး ဆော့နေတုန်း အောက်ကို ငုံ့ကြည့်လိုက်တော့မှ အားပါးပါး ကျမတို့က ရေတံခွန်ထိပ်တည့်တည့်ကို ရောက်နေတာပါ. ကျောက်ကြားကို ကျောပေးပြီး ရေသံကြားမှာ အသာလေး ငဲ့ကြည့်တော့ လားလား အောက်မှာ နက်ရိုင်းနေတဲ့ ရေတံခွန်ကြီးရဲ့ ကျောက်ချပ်ကြား အပေါ်ဆုံးထိပ်တည့်တည့်ကို ရောက်နေတာပဲ. သတိမမူမိပဲ အသာလေး လျောဆင်းလိုက်ရင် သွားပြီ. ကျောတခြား ရင်တခြား အရိုးအသား တစ်စစီ ဖြစ်သွားမှာသေချာတယ်. သူတော်ကောင်း နတ်ကောင်းမတယ် ပြောရမယ်. မတော် ပြုတ်ကျလို့ကတော့ သေပီပဲလေ.

ကျမတို့ အော်ကြဟစ်ကြပီး အောက်ကို ထပ်ဆင်းတော့မှ ရေတံခွန်အောက်ဘက်ကို ရောက်ပါတော့တယ်. ရေတံခွန်က သိပ်လှပါတယ်. ရေကလဲ အေးစိမ့်ပီး ကြည်လင်နေတာပဲလေ. တောကြီးမျက်မည်းထဲမှာ ကျမတို့ မကြောက်မရွံ့ ရေဆင်းကူးကြတာပေါ့. အခုတော့ ဆိုင်တွေ ဆောက်လိုက်လို့ ရေတံခွန်က မလှတော့ဘူးလို့ ပြောပါတယ်.

ဆော့လို့ကောင်းလိုက်တာ. နောက်တော့ ကျမတို့ ကိုးယောက် ပါလာတဲ့ လမ်းပြ ကောင်လေး ၂ ယောက်အပြင် အတွဲ ၂ တွဲ ထပ်ရောက်လာပါတယ်. သူတို့လဲ ဆော့ ကျမတို့လဲ ဘာပြောကောင်းမလဲ ဆော့ကြတာပေါ့. ရေတော်တော်ဝမှ အပေါ်ကို ပြန်တက်ကြတဲ့အချိန်မှာ ဗိုက်ဆာမှုက ဗုံးတစ်လုံးပေါက်ကွဲတော့မလိုပါပဲ. ကျမတို့ ရေတံခွန် အပေါ်ကို ပြန်တက်ပီး ဘုန်းကြီးကျောင်းဆီ ဒုန်းစိုင်းပြေးကြပါတယ်.

ဘုန်းကြီးကျောင်းရောက်တော့ ထမင်းမစားခင် ဘုန်းကြီး မေးတာကို ကျမတို့ ပြန်ဖြေကြတော့ အဲ့ဒီက ကျောင်းထိုင်ဘုန်းကြီးက ဓမ္မမဂ္ဂဇင်းတွေမှာ ဗဟုသုတဟင်းလေးအိုး ကလောင်နာမည်နဲ့ စာရေးတယ် ဆိုတာ သိရပါတယ်. ကျမ မမကလဲ အဲ့ဒီအချိန်မှာ စာရေးနေတော့ မမနဲ့ ဘုန်းဘုန်းနဲ့ စကားစမြည်ပြောနေတဲ့အချိန်မှာ ကျမတို့နဲ့ ရေဆင်းကူးတဲ့ အတွဲ ၂ တွဲရယ် ကျမတို့ရယ် ဗိုက်အူလိမ်နေအောင်ကို ဆာနေပါပီ. ဘုန်းကြီး ချကျွေးတဲ့ ထန်းလျက်တွေ ရေနွေးကြမ်းတွေ ကုန်တဲ့အပြင် ဆေးအဖြစ် ချထားတဲ့ သွေးဆေးတွေပါ အကုန်ကြိတ်နေကြတော့ ဘုန်းကြီးက သတိမူလာပီး ကျမတို့ကို ထမင်းကျွေးပါတယ်.

ထမင်းက သတ်သတ်လွတ်ပါ မျှစ်အစိမ်းတွေကို ပဲနဲ့ချက်ထားပီး ပဲပုပ်ကို ငပိချက် ချက်ထားတဲ့ဟင်းကို ကျမတို့ စားလိုက်ကြတာ တစ်ယောက်ကို သုံးပန်းကန်လောက်စီကုန်ပါတယ်. ဘုန်းဘုန်းက ဝမ်းသာအားရနဲ့ ကြည့်နေပေမဲ့ ဟင်းလိုက်ပေးတဲ့ ဘုန်းကြီးကျောင်းသားလေးတွေကတော့ မစားသာပါ ဘူး. နောက်တော့ သူတို့ပြောတယ် ဒူးတွေတောင် ညောင်းတယ်တဲ့လေ. စားပီးသောက်ပီး ဘုန်းဘုန်းကို ကန်တော့ပီး အလှုငွေ လှုကြပါတယ်. လှုတိုင်း လှုတိုင်း ကိုးယောက်ပေါင်း ၉၀၀ ၁၈၀၀ အဲ့လို လှုကြပါတယ်. ကိုးနဝင်းကျေပေါ့. အေးဆေးနေတော့ ဘုန်းဘုန်းကို ကျမတို့ နောက်ထပ် ထပ်သွားမယ်ပြောတော့ ဘုန်းဘုန်းက မေတ္တာ ပို့ပေးမယ်. လမ်းမှာ ဘာအသီးအရွက်မှ မခူးဖို့ နောက်ပြောင်မပြောဖို့ အသေအချာ မှာလိုက်ပါတယ်. ပီးတော့ ဆေးတွေလဲ ထပ်ကျွေးလိုက်ပါတယ်. အတွဲ ၂ တွဲကတော့ ညနေ ပြန်မှာဆိုတော့ ကျိုက်ထီးရိုးတောင်ပေါ် ပြန်တက်သွားကြပါတယ်.

ကျမတို့ရဲ့ စွန့်စားခန်း စတင်ပါပီ.

လမ်းပြကောင်လေး ၂ ယောက်ရဲ့ ကောင်းမှုနဲ့ မုဆိုးတွေသွားတဲ့လမ်းကို သွားကြမယ်တဲ့. ဖြတ်လမ်းတဲ့. လုပ်လိုက်လေ ကြာသလားလို့ပေါ့.

ကျမတို့ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကနေ ဝိဇ္ဇာတောင်၊ စမ တောင်၊ အတွင်းမြစိမ်း၊ အပြင်မြစိမ်း၊ အဲ့ဒီကနေပီး စွန်တောင်ကို ဆက်သွားကြပါတယ်. လမ်းမှာ လမ်းရယ်လို့တောင် ပီပီပြင်ပြင် မရှိပါဘူး ဝါးရုံပင်တွေ အောက်ကနေ ကုန်းကုန်းကွကွ သွားကြတယ်. ပီးတော့ ချောက်လိုမျိုး နေရာကို ခုန်ကျော်ကြတယ်. အဲ့ဒီအချိန်မှာ မိုးရွာပါတယ်. ထူးဆန်းတာက ကျမတို့ တောင်တစ်တောင်ပေါ် တက်နေချိန်မှာ ကျန်တဲ့တောင်မှာ မိုးရွာပါတယ်. ကျမတို့ ရောက်သွားတဲ့အချိန်မှာတော့ မိုးတိတ်နေပါပီ. အဲ့လိုမျိုးပါ. ရေတံခွန်သေးသေးလေးတွေကို ဖြတ်ရပါတယ်.

ကျမတို့ ဝိဇ္ဇာတောင်ကို ရောက်တော့ အဲ့ဒီမှာ ဘုန်းဘုန်းတစ်ပါးပဲ ရှိတဲ့ ဘုန်းကြီးကျောင်းရှိပါတယ်. အဲ့ဘုန်းဘုန်းက ခေတ်မီပါတယ်. သူ့မှာ နေနာရီ လေနာရီတွေရှိပါတယ်. ပီးတော့ လေဒလက်ကြီးကြီးလဲ ရှိပါတယ်. အဲ့ဘုန်းဘုန်းက သူ့မှာရှိတာတွေ ကျမတို့ကို ချကျွေးပါတယ်. ကျမတို့လဲ ကလေးပီပီ ကြိတ်ကြပါတယ်. ကျမတို့ကို ဘယ်ဆက်သွားမလဲမေးပီး မေတ္တာပို့ပေးမယ်လို့ ပြောပါတယ်. ကျမတို့ကို သွားမယ့်နေရာတိုင်းက ဘုန်းကြီးတွေက မေတ္တာပို့ပေးမယ်လို့ပဲ ပြောပါတယ်.

ကျမတို့ ဝိဇ္ဇာတောင် ဘုရားကို ဖူးအပြီးမှာတော့ ရှေ့ဆက်ကြပြန်ပါတယ်. အဲ့ဒီမှာပဲ ကျမတို့ ဝါးပင်တွေအောက်ကနေ လေးဘက်ထောက်တွားရတဲ့နေရာကို အရောက်မှာတော့ မမကို ကျွတ်တွယ်ပါတယ်. မမက မသိပါဘူး. ခါးပြန်မတ်လို့ရတဲ့နေရာကို ရောက်တော့မှ ပေါင်မှာ ရွစိစိ ကြည့်လိုက်တော့မှ ကျွတ် ဖြစ်နေပါတယ်. မမရဲ့ အော်သံက ငယ်သံတောင် ပါပါတယ်.
အမငီး ကျွတ် ကျွတ် ဆိုတော့ ရန်ကုန်သူ ကျမတို့လဲ ကျွတ် ကျွတ် လို့ လိုက်အော်ကြတာပေါ့. အဲ့မှာ ကျွတ်ဆိုတာ တော်တော်နဲ့ဖြုတ်လို့မရဘူးဆိုပေမဲ့ ကျွန်မတို့ အော်သံကြောင့် ကျွတ်ကလေး က မမပေါင်ပေါ်ကနေ ဖြူတ်ဆို ပြုတ်ကျလာတော့ လမ်းပြကောင်လေးက ဟယ် ကျွတ်နားစည်ကွဲပြီး သေသွားပြီထင်တယ်လို့ ပြောလို့ အူတက်မတက် ရယ်ရပါသေးတယ်.

ကျမတို့ အူယားပီးအော်နေကြတာ မရပ်တော့ လမ်းပြကလေးတွေက မျက်စိမျက်နှာပျက်ပီး မအော်နဲ့ အမတို့ အဲ့လိုမအော်နဲ့ ပြောနေပေမဲ့ ကျမ သူငယ်ချင်း တစ်ယောက် အပေါ် ကျွတ်တစ်ကောင် ပြုတ်ကျလာပါတယ်. အဲ့တော့မှ ပိုဆိုးပါတယ်.

ကျမတို့ အော်သံ တွေ ဘယ်လောက်များ ကျယ်သလဲဆိုရင် ကျန်ခဲ့တဲ့ ဝိဇ္ဇာတောင်က ဘုန်းဘုန်းက အပြင်ထွက်လာပီး အုန်းမောင်းခေါက်ပါတော့တယ်. နောက်တော့ အုန်းမောင်းခေါက်သံတွေ ဆူညံလာတော့မှ ကျမတို့ ကိုယ့်အသံကို တိုးလိုက်ကြပါတယ်. လမ်းပြကောင်လေးတွေက အမတို့ တောထဲ အဲ့လို မအော်ရဘူး နောက်ထပ် ကျွတ်တွေ ထပ်ရောက်လာလိမ့်မယ် ဒီနေရာက မြန်မြန်သွားကြမှ ဆိုမှ ကျမတို့ ပြေးကြပါတယ်.

နောက်တော့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို ရောက်တော့မှ အဲ့ဘုန်းကြီးက ကျမတို့ကို ရေမန်းတွေ တိုက်ပါတယ်. ပီးတော့ မုန့်တွေ ချကျွေးပါတယ်. ဆူတော့ မဆူပါဘူး. လူကြီးပါသလားမေးတော့ မမက သူလူကြီးဆိုတော့ ဘုန်းကြီးက အောချပါတယ်. ကလေးတွေချည်းပဲ လူကြီးလဲ မပါဘူး ဒုက္ခပါပဲ လို့ ဘုရားတရှာတယ်. ဟိဟိ

နောက်တော့ ကျမတို့ကို အထပ်ထပ် ဆုတောင်းပေးပီး ဆက်လွှတ်လိုက်ပါတယ်. ကျမတို့လဲ အတွေ့အကြုံရှိသွားပီဆိုတော့ မအော်ကြတော့ဘူး.

နာက်တော့ အတွင်းမြစိမ်း အပြင်မြစိမ်း တောင်ပေါ်ရောက်ပါတော့တယ်. အဲ့ဒီမှာ ကြက်သီးထစရာက တစ်တောင်လုံး နဂါးတွေချည်းပါပဲ. အစိမ်းရောင်တောက်တောက် နဂါးတွေကို ကြည့်ရတာ အရမ်း ရင်ခုန်ပါတယ်. မမနဲ့ အပြူးနဲ့က ဘုရားရှိခိုးရင်း ဘာတွေပြောမှန်း မသိ ပါးစပ်ကနေ တတွတ်တွတ်ပြောပီး ငိုပါတော့တယ်. ကျမတို့လဲ လန့်လွန်းလို့ ဘုရားစာတွေ ရွတ်ပေါ့. မမကိုလဲ လက်နဲ့လှုပ်ရတယ်. မမက ခေါင်းမူးပီး ဘာဖြစ်မှန်း မသိဘူးပြောလို့ ဒုတ်ခပဲ ငါ့ကိုကြောက်အောင် မလုပ်ပါနဲ့ဟယ်ဆိုပီး ပြောရတယ်.
အဲ့ဒီတောင်ပေါ်မှာ သတိပေးစာတမ်းတွေ ထိုးထားပါတယ်. မည်သည့် အသီး အရွက်မှ မခူးရ. စကားတိုးတိုးပြောပါ စသဖြင့် တော်တော်များပါတယ်.

ကျမတို့ ဆက်သွားတော့ ပါးစပ်ပုံပြင်အရ မြွေကို ချက်စားမိလို့ တောင်ပြိုပီး ရွာ၂ ရွာ ပျောက်သွားတဲ့ နေရာကိုရောက်ပါတယ်. တောင်က တခြမ်းကြီးပြိုနေတာပါ. ကျမတို့လဲ မောမောနဲ့ ခြုံကြီးကြီး တစ်ခြုံရဲ့ ဘေးမှာ ပစ်ထိုင်ချလိုက်ပါတယ်. အဲ့အနားက လေတဖြူးဖြူးနဲ့အေးလွန်းလို့လေ. လမ်းပြ ကလေး ၂ ယောက် ငယ်သံပါအောင် အော်တော့မှ နောက်က ဖင်တရွှေ့တောင် မရှိတဲ့ နေရာက ချောက်ကြီး လေ. ကျမတို့လဲလန့်ပီး ရယ်ရပါသေးတယ်. မတော် လှဲအိပ်ချလို့ကတော့ အရိုး အသား ရှာရမှာ မဟုတ်ပါ.

စွန်တောင်ကို ရောက်တဲ့အချိန်မှာ ဘုန်းဘုန်းတွေက ထွက်ကို စောင့်နေကြပါတယ်. ကျမတို့ လာနေတာကို ကြိုသိလို့ ထမင်းတောင် ချက်ထားတယ်တဲ့. စွန်တောင် ဘုန်းဘုန်းက ကျမတို့ကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်ပီး လူကြီးရောတဲ့. ထုံးစံအတိုင်း မမက အရှေ့ကိုထွက်လာတော့ ဘုန်းဘုန်းက ရယ်ပါတယ်. ကျမတို့ ကျွတ်တွယ်လို့ အော်သံကြားကတည်းက ဘုန်းဘုန်းက စောင့်နေတာတဲ့. မေတ္တာလဲ ပို့ပေးတယ်တဲ့လေ. ကျမတို့ မသိတဲ့ ဘုန်းဘုန်းတွေရဲ့ ကရုဏာနဲ့ မေတ္တာရဲ့ အစွမ်းတွေကြောင့် ကျမတို့ ဘာဘေးအန္တရာယ်မှ မတွေ့ရတာပါ.

အဲ့ဒီမှာ ထမင်းကျက်အောင်စောင့်ပါဆိုပေမဲ့ ကျမတို့ မနေနိုင်တော့ပါဘူး တနေ့ခင်းလုံး လမ်းလျှောက်ရတာကြောင့် ဗိုက်တော်တော်လေး ဆာနေကြပါပီ. အဲ့ဒီမှာလဲ ပဲဟင်းနဲ့ ပဲပုပ်ချက်ပါပဲ. သတ်သတ်လွတ် ဟင်းလျာတွေပါ. သိပ်စားကောင်းပါတယ်. ဆာဆာနဲ့ စားလိုက်ကြတာ ဘာမှတောင် မကျန်တဲ့အထိပါပဲ.

နောက်တော့ စွန်တောင်က ဘုရားကို ဖူးကြပါတယ်. ဘုရားက တကယ့်ကို တောင်ထိပ်မှာ တည်ထားတာပါ. အောက်မှာ ချောက်ပါ. ထူးဆန်းတာက ဒီလို တောထဲ တောင်ထဲမှာ ခက်ခက်ခဲခဲ ဘုရားတည်နိုင်တာကိုပါ. ကျမတို့ ရောက်တဲ့ အချိန်မှာ ဘုရား ၂ ဆူကို ထုံးသင်္ကန်းနဲ့ ရွှေသင်္ကန်းကပ်မယ်ဆိုတော့ ကျမတို့ အလှု လှုကြပါတယ်. ကိုးယောက် ၄၅၀၀ ကျပ်ပါ. ဘုန်းကြီးက ဆုတောင်းပေးရင်း မေတ္တာပို့ရင်း ကျမတို့ တစ်ယောက်ချင်းစီကို ဗေဒင်လို ဟောပါတယ်. လက်ညှိုးထိုးပီး ဟောတာပါ. သိပ်မှန်ပါတယ်.

ကျမတို့ စွန်တောင်က ဆင်းတော့ ရသေ့တောင်ကို ပြန်ရောက်ပါတယ် ဖိုးပြန်တောင်မှာ ကျမ ပြန်ချင်သွားပါတယ်. လှေကားထစ်တွေကို မတက်နိုင်တော့လို့လေ. အဲ့ညက တောင်ပေါ် ပြန်ရောက်တဲ့ အချိန်က ည ၉ ကိုးနာရီပါ. ကျမတို့ သွားခဲ့တဲ့ အဲ့ဒီဘုရားတွေက ကျိုက်ထီးရိုးရင်ပြင်ပေါ်ကနေ မှန်ဘီလူးနဲ့ကြည့်မှ မြင်ရတဲ့ ခပ်ရေးရေး ဘုရားတွေပါ. တော်ရုံ ဇွဲနဲ့ဆို မရောက်နိုင်ပါဘူး. ဘုန်းဘုန်းက ကျမတို့ကို စိတ်ပူနေပါတယ်. ဘုန်းဘုန်းကို ဦးခိုက်ပီး ရောက်တဲ့နေရာတွေ အကြောင်းတွေကို ပြောပြတော့ ဘုန်းဘုန်းက သဘောတွေ ကျနေတယ်. နောက်နေ့ကို ကျောက်ထပ်ကြီးဘက်သွားဖို့ ပြောပါတယ်. အဲ့ညက ထမင်းစားလို့ မြိန်ပါတယ်. အဲ့ညက နည်းနည်းလဲ အေးတာနဲ့ စောစောအိပ်ကြပါတယ်.

မနက်မိုးလင်းတော့ ကျမတို့ မှောင်မှောင်မည်းမည်းထဲမှာ အလှပြင်ကြပါတယ်. မီးချောင်းပျက်နေလို့လေ. ရတဲ့ အလင်းရောင်ကြားထဲ မိတ်ကပ်တွေလိမ်း နှုတ်ခမ်းနီတွေဆိုးပေါ့. ဟိဟိ ဘုန်းဘုန်းက မီးချောင်းလဲလာပြင်ပေးရော ဘေးက လူတွေ လန့်သွားပါတယ်. ခပ်နောက်နောက် လူငယ်တစ်ဦးက ဟ ဇာတ်ထွက်မလို့လားတဲ့ ဘီလူးဇာတ်ဖြစ်မယ်ထင်တယ်ပြောလို့ မျက်စောင်းအကြီးကြီး ရှစ်ယောက် ဝိုင်းထိုးလိုက်ကြပါတယ်. ဟွန့်

ကျောက်ထပ်ကြီး ခရီးစဉ် စပါပီ.

ဘုန်းဘုန်းက ကြိုပြောလိုက်ပါတယ်. အလှုခံတွေကို မလှုရင်လဲရတယ်. ကလေးတွေ ဘေးအန္တရာယ် ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်. ကျမတို့ ထွက်လာတော့ မနက်စာလဲ မစားရသေးပါဘူး. မုဆိုးတောင်နားကိုရောက်တော့ တည်းခိုခန်းတွေ တန်းစီနေပါတယ်. တည်းခိုခန်းတွေက ကျမတို့ကို ခေါ်ပေမဲ့ ကျမတို့က ခပ်တည်တည်နဲ့ လမ်းဘေးက အသုပ်ဆိုင်မှာ ဝင်ကြိတ်ကြပါတယ်. တောဝက်သားကို ဝက်သားတုတ်ထိုး လုပ်ထားတာပါ. တောဝက်သားက အခေါက်ပဲရှိပီး အဆီမရှိလို့ စားလို့ကောင်းပါတယ်. ကျမတို့ စားပီး ဆက်ထွက်လာကြပါတယ်. အဲ့ဒီမှာ အလှုခံတွေက အလှုခံပေမဲ့ ကျမတို့ကို ပေစုတ်စုတ်လေးတွေမို့ သိပ်တော့ မဆွဲဆောင်ကြပါဘူး.

အဲ့ဒီကနေ သွားလိုက်တာ နောက်ဆုံး ကျောက်ထပ်ကြီးကို ရောက်ပါတယ်. ကျောက်ထပ်ကြီး ဟိုဘက် အလွန်မှာ ပျားစွဲတောင်ရှိပါတယ်. ကျမတို့ သွားတော့ မိုးက ခပ်ဖွဲဖွဲလဲ ရွာနေပါတယ်. ကျမတို့ကို မေးပါတယ်. ဘယ်ဆက်သွားမလဲဆိုတော့ ပျားစွဲတောင် သွားချင်တယ်ဆိုတော့ သူတို့မျက်နှာတွေက တစ်မျိုးပါ. လူအုပ်တောင့်သားပဲ သွားချင်သွားကြပေါ့လို့ ပြောပါတယ်. အဲ့ဒီနားမှာက လက်နက်ကိုင်နဲ့ လူတွေကို တွေ့ရပါတယ်. ဘာတွေမှန်း မသိတော့ မမက ဆက်မသွားရင် ကောင်းမယ် ထင်တယ်နော် ဆိုတော့ အားလုံးက သိပ်တော့ မကျေနပ်ကြပေမဲ့ ဆက်မသွားဘဲ လှည့်ပြန်ကြပါတယ်.

အပြန်လမ်းမှာ ဝါးကပ်ကာထားတဲ့နေရာလေးဘေးမှာ မစော ထမင်းဆိုင် ဆိုတဲ့  ဆိုင်းဘုတ်လေးကို တွေ့တာနဲ့ ကျမတို့ ထမင်းဝင်စားမယ်ဆိုပီး ဝင်လာကြတယ်. အဲ့ဒီဆိုင်လေးမှာ ထမင်းရယ် ဟင်းရယ် မှာပီး စားမယ်လုပ်တော့ ဟင်းက ကျမတို့ လာမှ ချက်ပေးပါတယ်. ကျမတို့လဲ မောမောနဲ့ ထိုင်နားနေတာပေါ့. အဲ့ဒီက ကရင်လူမျိုး မစောက ရေချိုးလို့လဲရတယ် သနပ်ခါးတုံးနဲ့ကျောက်ပျဉ်လဲ ရှိတယ် ရေချိုးကြပါဆိုတော့ ဘာပြောကောင်းမလဲ ချိုးမယ်ပေါ့ ထမင်းစားပီးမှ ချိုးမယ်ဆိုပီး ကျမက တော့ ဝါးအခင်းလေးပေါ် ခြေထောက်လေးချပီး ထိုင်နေတုန်း ဘေးနားမှာ တရှုးရှုးနဲ့ အသံကြားလို့ လှည့်ကြည့်လိုက်တော့ အမငီး ဝက်ကြီး အကြီးကြီးဗျာ. နည်းတာကြီး မဟုတ်ဘူး တရှုးရှုးနဲ့ ပြေးလဲ လာရော ကျမလဲ အော်လိုက်တာ ငယ်သံတောင် ပါတယ်. ဝါးအခင်းပေါ်ကို ခြေထောက် ၂ ချောင်းနဲ့ ဘယ်လိုခုန်တက်မိသလဲတောင် မသိတော့ဘူး. မစောတို့လဲ ဝိုင်းရယ်ကြတာပေါ့. သူတို့ကတော့ ရိုးနေတာကိုး. အိမ်မွေးဝက်ကြီးတဲ့ ဝက်က မနည်းဘူး အကြီးကြီးလေ.

ကျမတို့ ရေအရင်ချိုးရပါတယ်. ဟင်းက ကြာမယ်ဆိုလို့လေ. ရေအရင်ချိုးနေတုန်း ကျမတို့ ရယ်စရာတွေပြောပီး ရယ်နေတုန်း. ကျမတို့နဲ့ ဝါးထရံလေးသာ ကာထားတဲ့ ဟိုဘက်အနားမှာ စစ်သားတွေလား မသိဘူး သေနတ်တွေနဲ့ လူတွေ ဆံပင်ညှပ်နေတဲ့လူတွေကို တွေ့ရတယ်. သူတို့က ကျမတို့ကို ကြည့်တောင် မကြည့်ပါဘူး. သူတို့ဘာသာ နေနေကြတယ်. မစောရဲ့ စေတနာက ဟင်းက တော်တော်လေး စားကောင်းပါတယ်. ရှိတဲ့ ငါးသေတ္တာကို ခရမ်းချဉ်သီးနဲ့ချက်တယ်. တောင်ယာသခွားတဲ့ အကြီးကြီးပဲ ချိုလိုက်တာ မပြောနဲ့တော့. ငါးပိချက်ရယ်နဲ့ စားကြပါတယ်. အရှေ့မှာ စားနေတဲ့ စစ်ဗိုလ်မိသားစုက သူတို့မှာပါတဲ့ ပဲဟင်းရယ် ဟင်းတွေရယ်ကို ကျမတို့စားဖို့ ပေးပါတယ်. ပြန်တော့ ကျမတို့ မစောတို့ သားအမိကို ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်. ရိုးသားပီး ချစ်စရာကောင်းတဲ့ မစောရဲ့ ထမင်းဆိုင်လေးကို အမြဲ အမှတ်ရနေမိပါတယ်.

ကျမတို့ ငါးမျိုးငါးကောင်ပေါင်း ဘာကောင်မှန်း မသိတဲ့ဟာကြီးကို စိတ်ဝင်စားပေမဲ့ မကြည့်ဖြစ်ပါဘူး. နောက်တော့ အချိန်ရသေးတာနဲ့ ကျီးကန်းပါးစပ်ကို ဆင်းကြည့်ပါတယ်. ကျီးကန်းပါးစပ်ရဲ့ လိုဏ်ထဲ ကို ဝင်ကြည့်တဲ့အခါ ကျမရဲ့ သူငယ်ချင်းမတစ်ယောက်က တော်တော်လေး ဝပါတယ်. သူ့ကို ပြောတယ်. ဆံ့မယ် မထင်ဘူးဆိုတော့. သူက အထဲက ဘုရားကို ဝင်ဖူးချင်တယ်ဆိုလို့ သူ့ကို အနောက်ကနေ ကူတွန်းပေးတော့ ဝင်သွားတယ်တော့. အဲ့တာနဲ့ အထဲမှာ ဘုရားကို ဝင်ဖူးတယ်.

ပီးတော့ ကျမတို့ ကျီးကန်းပါးစပ်ထဲကို အကြွေစေ့တွေ အဓိဌာန်နဲ့ ပစ်ထည့်ကြပါတယ်. တခုမှ မဝင်ပါဘူး. အဲ့လို လက်တည့်ပါတယ်. ကျမရဲ့ခြေထောက်က လမ်းလျှောက်ထားတဲ့ ဒဏ်ရယ် သွေးကျတာရယ်ပေါင်းပီး ဖူးဖူးယောင်နေတာ ဖိနပ်တောင် စွပ်လို့မရပါဘူး. လမ်းလဲ ဘယ်လိုမှ မလျှောက်နိုင်တော့ဘူးလေ. အဲ့ဒီတော့ ကျီးကန်းပါးစပ်ကိုဆင်းတော့ လိုက်ကလဲ လိုက်ချင်. ခြေထောက်ကလဲ နာဆိုတော့ ဘေးက အတန်းတွေကို လက်နဲ့ကိုင်ပီး ဆင်းရပါတယ်. စကားလဲ မပြောနိုင်ပါဘူး နာလွန်းလို့်လေ. ဘုရားဖူးတွေကို ကျမကို သနားတဲ့အကြည့်နဲ့ ကြည့်တော့ မမက မျက်နှာငယ်နဲ့ ကျမ ညီမလေးက ခြေထောက် သိပ်မသန်ပေမဲ့ ဘုရားဖူးချင်တယ် ဆိုလို့ ခေါ်လာတာလို့ ပြောတာကို ပြန်မပြောနိုင်ပါဘူး. လူတွေက ယုံကြတယ်ရှင့်. အဲ့လို ချစ်ဖို့ ကောင်းတဲ့ မမပါ.

နောက် ရယ်စရာတစ်ခုက ကျိုက်ထီးရိုးဘုရားမှာ အိမ်သာ သုံးရတာပါ. အိမ်သာက ကန်ထရိုက်ယူထားတာဆိုတော့ ပိုက်ဆံပေးရပါတယ်. ရေခွက် အသေးက တစ်ဆယ်ကျပ်၊ ရေပုံးသေးသေးလေးက ၂၀ ကျပ်ပါ. အပြူးကတော့ သိကို မသိလို့ ပုံးကို ယူယူပီး အိမ်သာထဲ ဝင်ဝင်သွားပါတယ်. အေးဆေးပါပဲ. သူ့ကိုလဲ ခပ်တည်တည် ရုပ်ဆိုတော့ ပိုက်ဆံ ကောက်တဲ့သူက ပေးပီးပီပဲ ထင်တာလေ. နောက်တော့ အိမ်သာရေဖိုးပေးရတယ် လို့ ကားပေါ်ရောက်မှ ရယ်စရာပြောတော့ သူက ပေးရလို့လားတဲ့လေ. ပြောပြောပီးရယ်ရပါတယ်.


နောက်တော့ ကျမတို့ ရင်ပြင်ပေါ်မှာ အေးအေး ဆေးဆေး တညနေလုံး ထိုင်ပီး ကျိုက်ထီးရိုးတောင်ပေါ် ကနေ နေဝင်တဲ့ အလှကို ထိုင်ကြည့်ကြပါတယ်. သိပ်လှပါတယ်. ဘယ်လို နေရာမှာမှ မရနိုင်တဲ့ နေဝင်ဆည်းဆာ အလှမျိုးပေါ့.

မနက်ဖြန် မနက် အစောကြီး ပြန်ဆင်းမယ်ဆိုတော့ ကျမတို့ ဓာတ်ပုံတွေလဲ ရိုက်ကြတယ် အမှတ်တရပေါ့. ညစာ ထမင်းစားတော့ ထမင်းထုပ်ဝယ်ပီး ကျန်တဲ့ဟင်းတွေနဲ့စားကြပါတယ်. နောက်နေ့ ပြန်မယ်ဆိုတော့ ဘုန်းဘုန်းကို ဝတ်ပြုကြပါတယ် မနက်ပြန်မယ်ဆိုတော့ ဘုန်းဘုန်းက စိတ်မကောင်းဘူး. ထပ်နေစေချင်သေးတယ် ဘုန်းဘုန်းက တော်တော့ကို စိတ်သဘောထားကောင်းတဲ့ ဘုန်းဘုန်းပါပဲ. ကျမတို့ စုပီး အလှုငွေ လှုပါတယ်. ဘုန်းဘုန်းက သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်.

ပြန်တော့မယ်ဆိုတော့ အပြန်လက်ဆောင်လေးတွေ ဝယ်ကြတယ်. ကျမတို့ကတော့ မောင်နှမ သုံးယောက် လာတဲ့အပြင် ပိုက်ဆံကလဲ စုထားတာရော မုန့်ဖိုးပေးလိုက်တာပါ တွက်ချက်ပီး အပြန် ကားခကိုဖယ်လိုက်ရင် ပိုက်ဆံသိပ်မကျန်တော့လို့ ဘာမှတောင် သိပ်မဝယ် လိုက်နိုင်ပါဘူး. ဘုရားမှာ ရွှေသင်္ကန်းပဲ များများကပ်လိုက်ပါတယ်. အဖေနဲ့ အမေ့နာမည်နဲ့ပါ. လက်ဆောင်ကတော့ သူများ ဝယ်တာတွေပဲ လိုက်ငေးပီး နေရပါတယ်.

အဲ့ဒီမှာ ပြသနာက စတော့တာပဲ. လူတွေ အကြောင်း သိချင်ရင် ခရီးရှည်သွားမှ သိရတယ် ဆိုတာ သိပ်မှန်တာပဲ. ကျမတို့ သွားမယ် ဆိုကတည်းက ခြိုးခြံပီး သွားရလို့ စားစရာ သောက်စရာ အစုံ အကုန်ပါကြပါတယ်. နောက်ပီး ကျမတို့က သူငယ်ချင်း အချင်းချင်း ရှိတာလေးတွေ အမြဲ ဝေစား ကြပါတယ်. ကျမ မမ သူငယ်ချင်း ပူစီမမကြီးက သူ့မှာ ဘာမှ မပါတဲ့အပြင် ကျမတို့ကို သူက စက်ရုံအလုပ်သမလေးတွေ ဆိုပီး အထင်သေးတဲ့ သဘောရှိပုံ ရပါတယ်. ပီးတော့ စကားပြောရင် အထက်စီးလေသံနဲ့. ရယ်ချင်စရာလေ. ကျမတို့ကို ဘုရားဖူး ရွယ်တူ ယောက်ျားလေးတွေက စရင် နောက်ရင် သူကပဲ ဆရာမကြီးလိုလို ဆုံးမသေးတယ်လေ. ကျမတို့က အေးဆေးပါ. ဘာမှကို မပြောတာပါ.

မနက် ပြန်ဆင်းမယ်ဆိုတော့ သူက အထုပ်တွေ မသယ်နိုင်လို့ အထမ်းနဲ့ဆင်းမယ်တဲ့. အဲ့ဒီမှာ အူကြောင်ကြောင် အပြူးကလေးကလဲ သူလဲ အထုပ်ကို အထမ်းနဲ့ ဆင်းခိုင်းလိုက်မယ်ဆိုတော့ အတူတူငှားကြပေါ့. ကျမတို့ကတော့ ဘာမှလဲ သိပ်မပါတော့ မမက အထုပ်အကြီးကြီးသယ်ပီး ကျန်တာကို မောင်လေးက သယ်ပါတယ်. ကျမကတော့ ကိုယ့်ခြေထောက်ကိုပဲ ကိုယ်သယ်နိုင်ပါတယ်. ခြေထောက်က မထောက်နိုင်တော့ဘူးလေ. အထမ်းငှားတာကို အပြူးက ဈေးကြီးတယ် ထင်တယ်နော် ပြောတာကို သူက မပီးနိုင် မစီးနိုင် ဒေါသလှိုင်နေတယ်လေ. အားလုံးက သိပ်မပြောချင်တော့ အပြူးကလေးနဲ့ ကျမ သူငယ်ချင်း ၂ ယောက်က အရင်ဆင်းသွားကြပါတယ်. ကျမရယ် ကျမ သူငယ်ချင်းတယောက်ရယ် မမရယ် သူရယ် မောင်ကလေးရယ်က အတူတူဆင်းကြတယ်.

အဲ့တာ မပီးဘူး စကားကြောရှည်နေတော့ ကျမက ခြေထောက်က နာရတဲ့အထဲ နားညည်းရင် ဘယ်လိုမှ သည်းမခံနိုင်ပါဘူး. စိတ်ဆိုးလာတာ သွေးတောင်တိုးလာတယ်. သူက စကားပြောနေရင်း ကျမ မျက်နှာကိုမြင်တော့ အခြေမလှမှန်း ရိပ်မိသွားတယ်. ကျမက စကားနောက်တစ်ခွန်းပြော တောင်စောင်းကနေ တွန်းချဖို့ ကြံစည်နေတာလေ. ဟိဟိ အဲ့လို စိတ်ကြီးပါတယ်. လန့်ပီး တစ်ယောက်တည်း ဆင်းသွားပါတယ်. အမှန်တော့ လမ်းခရီးက လူမညီရင် တော်တော်လေး စိတ်ညစ်ရပါတယ်. သူ့ဘာသာ လိုက်လာပီး ပူစီကိုက်တဲ့ အဲ့ဒီအမကို တော်တော်လေး သည်းခံပေမဲ့ ကျမက စိတ်ဆတ်ပါတယ်.

နောက်တော့ ကျမတို့ ဆင်းလာလိုက်တာ ယိုစုံဆိုင်လေးတွေကို ရောက်ပါတယ်. ဗိုက်ဆာဆာနဲ့ အမြည်းတွေကို စားပစ်လိုက်တာ ကျမတို့ ဗိုက်နည်းနည်း အဆာပြေသွားပါတယ်. ဟိဟိ. အတူတူ ဆင်းလာတဲ့ လိပ်ဥကလေးတွေပေါ့လေ ကောင်ကလေးအုပ်စု ငါးယောက်လောက်က ကျမတို့ကို လက်ဖျားခါသွားပါတယ်. စားဖို့ ဝယ်တာလား ဝယ်ဖို့ စားတာလားတဲ့လေ. ဟိဟိ. အမှန်တော့ အမြည်းစားတာပါနော့်.

အပြန်ခရီးက တော်တော်လေးမြန်ပါတယ် အောက်ကို ၃ နာရီတောင် မကြာဘဲ ရောက်သွားပါတယ်. ကျမတို့ နေ့လယ် ၁၂ နာရီကားလက်မှတ် ဖြတ်ပီး ရန်ကုန်ကို အပြန်ခရီးစတင်ခဲ့ပါတယ်. လမ်းမှာတော့ ပဲခူးမှာ ညစာစားဖို့ ရပ်ပေးတာတောင် ဝယ်မစားနိုင်တော့ပါဘူး. ကျမတို့ဘာသာ ရှိတာလေးတွေ မျှတ စားပေမဲ့ အဲ့ပူစီမမကတော့ တစ်ယောက်တည်းဆင်းပီး ထမင်းဆင်းစားပါတယ်. စိတ်ကုန်လွန်းလို့ မမကို နောက် ပူစီတွေ ဇယားတွေ အရှုပ်မခံနဲ့လို့ ကြိမ်းမောင်းထားပါတယ်. သူလဲ သူ့သူငယ်ချင်း ဆိုတော့ ကျမ သူငယ်ချင်းတွေကို ကြားထဲက အားနာနေတယ်လေ.

ဘာပဲပြောပြော အဲ့ဒီသွားခဲ့တဲ့ ၃ ည ခရီးတိုလေးက ဘယ်လို အခက်အခဲတွေ အဆင်မပြေမှုတွေ ကြုံခဲ့ရပါစေ အမြဲ ပြန်ပြောတိုင်း အမှတ်ရစရာတွေ ပျော်ရွှင်စရာတွေ အပြည့်နဲ့ပါပဲ. ကျမအတွက် ပျော်ရွှင်စရာ အိပ်မက်လေးတွေကို ဖန်တီးပေးခဲ့တဲ့ အချိန်လေးတွေဟာ အမြဲ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်နေတယ်လေ. ကျမအတွက်ကတော့ သူငယ်ချင်းတွေကို ပိုတန်ဖိုးထားသလို ပိုလဲ ချစ်ပါတယ်.

ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်ဟာ ခရီးစဉ်က တိုပေမဲ့ အပန်းလဲဖြေ ဘုရားလဲ ဖူး ပီးတော့ တောင်တက်ရတဲ့ အတွေ့အကြုံနဲ့ စိတ်လက်ပေါ့ပါးမှုကို ခံစားရလို့ ကျမကတော့ ထပ်ပီး သွားချင်ပါသေးတယ်. သွားခွင့်လဲ ရဦးမယ်လို့ ထင်ပါတယ်. ဒီတစ်ခါတော့ အရင်က သူငယ်ချင်းတွေနဲ့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်. ဒါပေမဲ့ သွားမယ်ဆိုရင်လဲ အဖော်အပေါင်း သူငယ်ချင်းကောင်းတွေနဲ့ပဲ သွားချင်ပါတယ်ရှင်……………..

(၂၀၀၂ ခုနှစ် အမျိုးသားနေ့ အမှတ်တရ ကျိုက်ထီးရိုး ဘုရားဖူး ခရီးစဉ်)

Saturday, August 8, 2009

ပန်းစကား

နူးညံ့တဲ့လေပြေထဲ
အချစ်သီချင်းသံတွေ
နားစွင့်နေမိ
ပြိုတော့မယ့်တိမ်လို
ရွာချတော့မယ့်မျက်ဝန်းတွေဟာ
မေလရဲ့မိုးနဲ့အပြိုင်

မနက်ဖြန်ဆိုတာမရှိရင်
ဒီနေ့မင်းကိုချစ်ကြောင်းပြောပြလိုက်ပါ့မယ်
ဒီလိုနဲ့
ပိတောက်ပွင့်တယ်
မိုးရွာတယ်
နှင်းတွေကြားထဲလမ်းလျှောက်ထွက်ကြတယ်
အပြီးမသတ်တဲ့ဇာတ်ညွန်း
စက်ဝန်းဘယ်နှခုစာလဲ

တို့တွေရယ်နေတယ်
အသံတွေညံနေတယ်
ရင်ထဲမှာတော့ဗလာဟင်းလင်း
မလေးနက်တဲ့ပျော်ရွှင်ခြင်းမျိုးနဲ့
ချစ်ခြင်းဆိုတာတစ်သက်စာ
ဆုံစည်းခွင့်ဆိုတာ တစ်သက်မှာတစ်ခါ
မင်း…မေ့နေမှာလား။

စုကလေး

Thursday, August 6, 2009

သတိရခြင်းများ (၃)

တို့နှစ်ယောက်ရဲ့ အချစ်ဟာ
စနစ်တကျ အလွဲတွေကြားမှာ ရှင်သန်လာရတာပါ

ရေရာမှု မရှိတဲ့ အခြေအနေတွေထဲ
ဘာအတွက်နဲ့မှ နောက်ဆံမငင်ပါနဲ့ချစ်သူ
လူဆိုတာ ကိုယ့်ဘဝအတွက် ရုန်းကန်ရတဲ့သူချည်းပါပဲ
အရာရာ အဆင်ပြေနေတဲ့အချိန်တုန်းက ပြုံးပျော်နေသလောက်
စိတ်ညစ်လာတယ်လို့ ယူဆတဲ့အခါမှာ
လောကဓံကို အပြစ်မတင်ချင်ပါဘူးကွယ်

မင်းဘေးမှာ သင့်တော်မယ့်အဖော်အသစ် ရခဲ့မယ်ဆိုရင်
မင်းအတွက် ကြည်နူးစိတ်နဲ့ ငါ ဝမ်းသာပေးမယ်လေ
မင်းဘေးမှာ ငါဆက်ရှိနေဖို့ မလိုအပ်တော့ဘူးလို့ မင်းယူဆတဲ့အခါဆိုရင်လဲ
ငါ့ကို မင်းထားခဲ့နိုင်တယ်
မင်းဘေးမှာ အမြဲတမ်း ငါရှိရမယ်လို့ ကတိပေးခဲ့တာမှ မဟုတ်တာပဲကွယ်

မင်းအတွက် စိတ်ပေါ့ပါးမှုကို ငါမပေးနိုင်တော့ဘူးဆိုရင် စိတ်ရှုပ်မခံပါနဲ့ ချစ်သူ
ငါကတော့ ငါချစ်နိုင်သလောက် အချစ်တွေနဲ့ မင်းကိုချစ်နေမယ်
တစ်သက်စာလို့တော့ မပြောချင်ပါဘူး ဒါပေမဲ့ ဒဏ်ရာတခုလိုပါပဲ
ဒဏ်ရာပျောက်ပေမဲ့ အနာရွတ်ကျန်ခဲ့သလိုမျိုး
ငါ့ရင်မှာတော့ မင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး

တို့နှစ်ယောက်ရဲ့ အချစ်ဟာ
Hi နဲ့ စခဲ့ရင်
Good Bye တစ်ခွန်းနဲ့တော့ အဆုံးသတ်သင့်ပါရဲ့……….

ပြည့်စုံ (၅-၈-၂၀၀၉၊ ၁၀း၀၀ pm)

Tuesday, August 4, 2009

နိယာမ

ပြာလွင်တဲ့ တိမ်တိုက်တွေရဲ့အောက်
ချစ်ခြင်းရဲ့ ခြေရာတွေကို ဖွေရှာနေမိတယ်
မရေရာတဲ့ စိတ်အတွေးတွေနဲ့လေ
ဒီလိုနဲ့ တမိုးသောက်တယ်
တနေဝင်တယ်

လတ်ဆတ်တဲ့ လေပြေညှင်းတွေရဲ့အလယ်
ချစ်ခြင်းရဲ့ အငွေ့အသက်တွေကို ဖွေရှာနေမိတယ်
မှင်သက်မိနေတဲ့ စိတ်အတွေးတွေနဲ့လေ
ဒီလိုနဲ့ မိုးရွာတယ်
နေပူတယ်

စိမ်းလန်းတဲ့ သစ်ပင်တွေရဲ့အလယ်
ချစ်ခြင်းရဲ့ ရင်ခုန်သံတွေကို ဖွေရှာနေမိတယ်
ပဋိပက္ခ စိတ်အတွေးတွေနဲ့လေ
ဒီလိုနဲ့ ပန်းတွေပွင့်တယ်
ပန်းတွေ ကြွေတယ်

ဆားရနံ့သင်းတဲ့ ပင်လယ်ကမ်းခြေရဲ့နံဘေးမယ်
ချစ်ခြင်းရဲ့ ဒဏ်ရာတွေကို ဖွေရှာနေမိတယ်
နာကျင်တဲ့ စိတ်အတွေးတွေနဲ့လေ
ဒီလိုနဲ့ လှိုင်းလုံးတွေ ရိုက်တယ်
လှိုင်းပုတ်သံကြားတယ်

ဘဝစုံတဲ့ လူသားတွေရဲ့အလယ်
အချစ်စစ်ကို ဖွေရှာနေမိတယ်
မျှော်လင့်တဲ့ စိတ်အတွေးတွေနဲ့လေ
ဒီလိုနဲ့ပဲ ချစ်တတ်လာတယ်
မုန်းတတ်လာတယ်…

ပြည့်စုံ (၂-၈-၂၀၀၉၊ ၁၁း၃၅ pm)

Sunday, August 2, 2009

လမ်းခွဲ

‘ပြန်လည်ရွေးချယ်ပေးပါ’ တဲ့… လှပလိုက်တဲ့ စကားလုံးလေး

ကိုကို့ရဲ့မျက်လုံးတွေက မပြယ်ပျောက်သေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အရောင်တောက်နေပေမဲ့
ကျမကတော့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချမှတ်ခဲ့ပြီးဖြစ်သည်။

‘မဖြစ်နိုင်တော့ပါဘူး … ကိုကို့ကို ကျမ မချစ်တော့တာ မဟုတ်ဘူး….
ဒါပေမဲ့ ရွေးချယ်ရမယ်ဆိုရင်တော့ ကိုလတ်ကိုပဲ လက်ထပ်မယ်’

…………………………………………………………………………………………………….

မိုးတွေသည်းသည်းထန်ထန်ရွာနေတဲ့ ညနေခင်းတစ်ခုမှာ ကိုကိုနဲ့ကျမ စတင်ဆုံစည်းခဲ့တယ်.
အဲ့ဒီနေ့က မဖြစ်မနေ အင်တာဗျူးတစ်ခုကို သွားဗျူးပီး အပြန်ပေါ့.
သွားဗျူးတဲ့ အန်ကယ်ကြီးက မိုးတွေသည်းနေတယ် မပြန်ပါနဲ့ဦးလို့ တားပေမဲ့
ကျမက ဒီသတင်းကို ရုံးကို အချိန်မီပြန်ပေးရမည်.

ကားလမ်းဖြတ်ကူးဖို့ ပြင်နေတဲ့အချိန်မှာပဲ ကျမရဲ့ထီးကိုရော ကျမလက်ကိုပါ ကြမ်းကြမ်းတမ်းတမ်း လှမ်းဆွဲလိုက်တဲ့အရှိန်နဲ့ ကျမ ပလက်ဖောင်းပေါ်ကို ပြန်ရောက်သွားခဲ့တယ်. ဒေါသက ထောင်းခနဲ ထွက်ပီး မျက်နှာကို သည်ဘက်လှည့်လိုက်တဲ့အချိန်မှာပဲ ကျမရဲ့ဘေးကနေ ဝေါခနဲဖြတ်သွားတဲ့ ကားတစ်စီးရဲ့ အရှိန်ကို သတိထားလိုက်မိတယ်.

ကျမ ရုတ်တရက်လန့်ဖျတ်ပီး အော်လိုက်မိမလိုဖြစ်ပေမဲ့ ပြန်လှည့်ကြည့်မိတဲ့အချိန်မှာတော့ ကျမရဲ့လက်ကို ဆွဲကိုင်ခဲ့တဲ့လူကို ရှာမတွေ့တော့. မိုးရေတွေကြားထဲမှာ အရောင်စုံထီးတွေရဲ့ ကြားထဲမှာ ကျမရဲ့ကယ်တင်ရှင်ကို ရှာတွေ့ဖို့ မဖြစ်နိုင်တော့.

ရုံးကိုပြန်ရောက်တဲ့အချိန်မှာတော့ ကျမ တစ်ကိုယ်လုံးကြွက်စုတ်ဖြစ်နေခဲ့ပီ. သူ လှမ်းဆွဲခဲ့သည့် လက်ဖျံပေါ်မှာ သူ့လက်က တစ်ခုခုနဲ့ခြစ်မိသည့် ဒဏ်ရာတစ်ခု ကျမရခဲ့သည်. ကျမ သူငယ်ချင်းကို ပြောပြတော့ သူက စုတ်တသပ်သပ်နဲ့ ကျမကို လမ်းသွားတိုင်း ဘေးဘီဝဲယာကို ဂရုစိုက်ဖို့ တတွတ်တွတ်ပြောနေခဲ့သည်.

တိုက်တိုက်ဆိုင်ဆိုင် ဧည့်ခံပွဲတခုကိုအသွားမှာ ကိုကိုနဲ့ဆုံခဲ့တယ်. ကျမက ကိုကို့ကို မသိပေမဲ့ ကိုကိုက ကျမကို အသေအချာသိနှင့်နေခဲ့သည်. အဲ့ဒီပွဲမှာ ကျမနဲ့ ရင်းနှီးတဲ့ GM ကိုမင်းလွင်က သူ့ရဲ့သူငယ်ချင်းလဲဖြစ် အထက်အရာရှိလဲဖြစ်တဲ့ ကိုကိုနဲ့ ကျမကို မိတ်ဆက်ပေးခဲ့တာဖြစ်သည်.

“ဒါ People Voice သတင်းဂျာနယ်ရဲ့ သတင်းထောက် မိုးည.”

“မိုးည ဒါ အကို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း သတိုးဇင်.
သူက အခုပွဲရဲ့ စပွန်ဆာလေ. MD ပေါ့. ညည်းသိချင်တာတွေ သူ့ကို ဗျူးလို့ရတယ်နော်.”

“ဟုတ်ကဲ့ရှင့် တွေ့ရတာ ဝမ်းသာပါတယ်.”

“ကိုလဲ မင်းကိုတွေ့ရတာ ဝမ်းသာပါတယ်.”

ကိုကို့ရဲ့ မျက်လုံးတွေက တောက်ပလွန်းလှသည်. ကျမက ကိုကို့ကို ပထမဆုံးအမြင်မှာပင် သဘောကျသွားခဲ့သည်. ကိုယ့်ကိုယ်ကို ယုံကြည်လွန်းတဲ့ လူတစ်ယောက်ရဲ့ ပိုင်နိုင်မှုကို ကိုကို့ရဲ့မျက်နှာပေါ်မှာ ခနတွင်းချင်း ကျမ ဖတ်မိခဲ့လို့ဖြစ်သည်.

ကိုကိုက ကျမ သိချင်တဲ့ အချက်အလက်တွေကို သေသေချာချာ ပြောပြနေခဲ့သည်.
ကျမ မေးခွန်းတခုမေးတိုင်း ကိုကိုက အရင်ပြုံးပီးမှ ဖြေခဲ့တယ်.

“မင်းက သိပ်ထက်တဲ့ သတင်းထောက်ပါလားကွ. ဒီလိုမေးခွန်းမျိုးတွေ မေးတာကို ကိုတော့ သိပ်သဘောကျတာပဲ”လို့ ကိုကိုရဲ့ ချီးမွမ်းသံကို ကြားရတဲ့အခါ ကျမက ရှက်စနိုးဖြစ်သွားမိတယ်.

ကိုကို့ရဲ့ အကြည့်တွေကို ကျမ ကယောင်ကတမ်းဖြစ်လာပီး ဖျော်ရည်ခွက်ကို လက်လှမ်းလိုက်တဲ့အခါမှာ ကျမလက်က အနာကို ကိုကို မြင်တွေ့သွားခဲ့တာလေ.

“လက်က ဘာဖြစ်တာလဲ”

ကျမ ရုတ်တရက် အံ့အားတသင့်နှင့် လက်ကို ယောင်ယမ်းငုံ့ကြည့်မိသေးသည်.

ပီးမှ “ခြစ်မိတာပါ…..”

သူက ကျမလက်ကို လှမ်းဆွဲတော့မလို့ ဖြစ်ပီးမှ သူ့လက်စွပ်ကို သူပြန်ကြည့်နေခဲ့သည်.

“ကို့လက်စွပ်နဲ့ခြစ်မိတာ ဖြစ်မယ်…” သူ့ရဲ့စကားသံကြောင့် ကျမ အံ့သြသွားခဲ့သည်.

ကျမ အံ့သြသွားတာကို သူက ကြည့်ပီး ကျမကို ပြုံးပြကာ စကားစပြောခဲ့သည်.

“အဲ့ဒီနေ့က မင်းကို ကိုယ်တွေ့တယ်. မင်း ကားလမ်းဖြတ်ကူးမလို့ပြင်နေတုန်း မင်းလက်ကို ကို လှမ်းဆွဲလိုက်တာ. “

ကျမတို့နှစ်ယောက် အဲ့နေ့က အကြောင်းကို ပြန်ပြောင်းပြောရင်း ကျမကို နမော့်နမဲ့နိုင်တယ်လို့ ဆုံးမတာကို ကျမက ရယ်ချင်နေခဲ့သည်. အဲ့ဒီအချိန်ကတည်းက ကျမကို ကိုကိုက ထိန်းချုပ်ခဲ့ချင်တာ ဖြစ်သည်.

နောက်တနေ့ ကျမအတွက် ဖုန်းလာတယ်ဆိုလို့ ပြေးကိုင်မိချိန်မှာ မထင်ထားတဲ့ ကိုကို့ရဲ့ဖုန်း ဖြစ်နေခဲ့တာပေါ့.

“ကော်ဖီသောက်ချင်လို့ လမ်းထိပ်က ကော်ဖီဆိုင်မှာ စောင့်နေတယ်… ကို့ကို ကော်ဖီလာတိုက်ပါ”လို့ ပြောတာကို ကျမက အံ့သြဝမ်းသာမိတယ်. ကျမရောက်သွားတဲ့အချိန်မှာတော့ ကိုကိုက ကျေနပ်ပြုံးနဲ့ ကျမကို ပြုံးကြည့်နေခဲ့တယ်. အဲ့ဒီအချိန်ကတည်းက ကိုကို့ရဲ့ အမိန့်တွေ လိုအပ်ချက်တွေကို ကျမက အလိုလို လိုက်နာခဲ့တာဖြစ်တယ်.

နောက်တော့ ကိုကို့ဆီက ဖုန်းသံတွေ ကိုကိုနဲ့အတူ ကော်ဖီဆိုင် ထိုင်ခွင့်တွေကို ကျမ မက်မောလာမိတယ်. ကိုကို့ဆီက စိတ်ဝင်စားမှုတွေကို ကျမက မသိစိတ်ထဲကနေ မငြင်းဆန်နိုင်ဖြစ်လာခဲ့တာပေါ့.

“သိပ်ချစ်တယ် မိုးကို ကို ချစ်တယ်” ဆိုတဲ့ စကားကို ညတော်တော်မိုးချုပ်နေတဲ့အချိန် ဖုန်းထဲကနေ ပြောခဲ့တာဖြစ်သည်. ကျမက ဘာပြန်ပြောရမှန်းမသိဘဲ တိတ်တဆိတ်ဆွံ့အလို့ပေါ့.

“ကို့ကို ချစ်တယ် မဟုတ်လား… မိုး ကို့ကို ချစ်တယ် မဟုတ်လား” တတွတ်တွတ် ရေရွတ်နေတဲ့ ကိုကို့ရဲ့စကားသံတွေကို ကျမက ကျမကိုချစ်စိတ်ကြောင့် ကိုကို ထပ်ခါတလဲလဲ ပြောနေတယ်လို့ သတ်မှတ်မိပီး ခေါင်းညိတ်မိခဲ့တာဖြစ်သည်. သိပ်ပျော်ဖို့ကောင်းခဲ့တယ် ကိုကို. အဲ့ဒီအချိန်လေးတွေ ပေါ့….

“ကိုတို့နှစ်ယောက် ချစ်သူတွေဖြစ်နေတာကို လူတွေ မသိစေချင်ဘူး မိုးရယ်… ဘာလို့ဆိုတော့ မိုးကို သူများတွေ စပ်စုမှာကို ကိုမလိုလားဘူး နောက်ပီး ကိုကိုက မိုးကို ကိုကိုတို့ စေ့စပ်တဲ့နေ့ကျမှပဲ လူသိရှင်ကြားကြော်ငြာချင်တယ် နို့မို့ဆို သတိုးဇင်ရဲ့ ချစ်သူဆိုပီး မိုး စိတ်ညစ်ရလိမ့်မယ် သိလား.. မိုးကို ဘာအတွက်နဲ့မှ စိတ်မညစ်စေချင်ဘူး ချစ်သူရဲ့…”

ကိုကိုရဲ့ စကားတွေကို ကျမက အကန့်အကွက် မရှိခဲ့ဘူး. ကျမရဲ့ ချစ်သူက ကျမအတွက် ချစ်သူသာ ဖြစ်ပီး. သူ့ကို နာမည်ကြီးကုမဏီရဲ့ MD တစ်ယောက်အနေနဲ့ မဟုတ်ဘဲ သာမန်မိန်းကလေး မိုးညရဲ့ချစ်သူသာ ဖြစ်ချင်ခဲ့တာမို့လေ.

ကိုကိုက ကျမကို သိပ်ချစ် သိပ်မြတ်နိုးခဲ့တယ်. ကျမရဲ့ ချစ်သူက ကျမကို သိပ်ချစ်တယ်. သိပ် သဝန်တိုတယ်. သိပ်အလိုလိုက်တယ်ဆိုတာမျိုး ကျမကို ခံစားမိလာတဲ့အထိ ခံစားမှုတွေ မထပ်စေရဘဲ ကိုကိုက ကျမကို ချစ်ပြခဲ့တာလေ. ဘယ်လိုပဲဖြစ်နေပါစေ ကျမက ကိုကို သေဆို သေ ရှင်ဆို ရှင် ကိုကို့စကားတွေဆို ကိုကို မျက်နှာအညိုမခံဘဲ ကိုကို့အတွက် အရာရာပေးဆပ်ခဲ့တာပါ.

ဒါပေမဲ့ ဒါတွေဟာ ခနလေးပါပဲ ကိုကို. တကယ့်ကို ခနလေးပါပဲ. အဲ့ဒီညနေပေါ့ ကျမကို လာစောင့်နေတဲ့ ကိုကို့မျက်နှာက ပြိုတော့မယ့်မိုးလိုပဲ မှိုင်းညို့နေခဲ့တယ်. ကိုကို့ဘေးကို ကျမရောက်လာတာကိုတောင် ကိုကိုက သတိမထားမိနိုင်လောက်အောင် အတွေးတွေက ဟိုးအဝေးကိုရောက်နေခဲ့တာလေ.

"မိုး ကိုကို့ကို ချစ်တယ် မဟုတ်လား ကိုကို့ကို ချစ်တယ် မဟုတ်လားဟင်…"
ကျမရဲ့ ရင်ခွင်မှာ ခေါင်းအပ်ပီး ကျမကို အားကိုးရာမဲ့ တွယ်ဖက်ထားတဲ့ ချစ်သူကို
ဘာကြောင့်ဆိုတာ မေးဖို့ထက် ကိုကို စိတ်ပေါ့ပါးသွားဖို့ကိုပဲ ကျမ ကြိုးစားခဲ့တာလေ.

ရင်ကွဲခဲ့တဲ့နေ့ရဲ့ အစပေါ့ ကိုကို. အဲ့ဒီနေ့က စီနီယာအမတစ်ယောက်နဲ့အတူ အင်တာဗျူးတခုကို ကျမ လိုက်သွားခဲ့တယ်. နိုင်ငံခြားက ပြန်လာပီး ဘွဲ့တွေ တစ်သီကြီးရခဲ့ပီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမဏီကို အုပ်ချုပ်ခွင့်ရတဲ့ MD မမ ငယ်ငယ်ချောချောလေးကို အမ အင်တာဗျူးတာကို ဘေးကနေ ကျမက ဓာတ်ပုံရိုက်ပေးနေတုန်းမှာပဲ သူမရဲ့ အနောက်က ဓာတ်ပုံမှန်ဘောင်ကို ကျမ မြင်တွေ့ခဲ့တာလေ. တယောက်မျက်နှာကို တယောက်ကြည့်နေပီး လက်ချင်းဆုပ်ကိုင်ထားတဲ့ မှန်ဘောင်ထဲက ချစ်သူစုံတွဲမှာ ယောက်ျားလေးက ကျမရဲ့ သိပ်ချစ်တဲ့ ကိုကိုပေါ့.

အဲ့ဒီနေ့က ကိုကို ကျမဆီကို ဖုန်းမဆက်ခဲ့ဘူး. ညဘက်ရောက်တဲ့အချိန်အထိ ကိုကို့ဆီက ဘာမက်ဆေ့ခ်ျမှ မရတဲ့အခါ ကျမ ဘယ်လိုမှ နေမရခဲ့ဘူး. ဖုန်းဆက်ဖို့ အားမွေးခဲ့ပီး ဖုန်းခွက်က ခလုတ်တွေကို နှိပ်ခဲ့မိတယ်.

ရင်ကွဲရမယ်လို့ သိရမယ်ဆို အဲ့ဒီဖုန်းကို ကျမ မဆက်ခဲ့ပါဘူး ကိုကို.

ခပ်တိုးတိုး ရယ်မောသံရယ်… ပီးတော့ “ဟဲလို ဘယ်သူနဲ့ပြောချင်လို့လဲ” အသံချိုချိုလေးတခု….

“ဘယ်သူလဲ မသိဘူး ဟန်နီ…. ဖုန်းခေါ်ပီး စကားမပြောဘူးကွယ်……”

အဲ့ဒီညက တစ်ညလုံး ကျမငိုခဲ့ရတယ်… မနက်အိပ်ရာနိုးတော့ ကျမရဲ့ မျက်လုံးတွေက မြင်မကောင်းတော့ အတူနေ အခန်းဖော်က အလုပ်မသွားဖို့ တားမြစ်ခဲ့တာလေ.

နောက်တစ်နေ့ ကိုကို အခန်းကိုရောက်လာတဲ့အချိန်မှာ ကျမဘက်က ဘာပြင်ဆင်မှုမှ မလုပ်နိုင်ခဲ့ဘူး. ကျမ မျက်နှာကိုတောင် မကြည့်ဘဲ ကိုကို ထိုင်နေခဲ့တယ်. အဲ့ဒီနေ့ညက ဖုန်းဆက်တာ ကျမမှန်း ကိုကိုသိပါတယ်. ဒါပေမဲ့ ဘာမှဖွင့်မပြောတဲ့အခါ ကျမကပဲ အားမွေးပီး ကိုကို့ကိုမေးခဲ့တယ်.

“တခုခုတော့ ပြောပါ ကိုကို သူနဲ့ ကိုကိုရဲ့ ဆက်စပ်မှုကို မိုး သိချင်လို့ပါ…….”

“သူက ကို့ရဲ့ ချစ်ဦးသူပဲ မိုးရယ်… သူ့ကို ကိုသိပ်ချစ်ခဲ့တယ်… ကို့ကို ခွင့်မလွှတ်လိုက်ပါနဲ့… သူ နိုင်ငံခြားမှာ ရောက်နေတဲ့အချိန် မိုးကို ကိုတွေ့ခဲ့တာပဲ… မိုးက သူနဲ့ သိပ်တူလွန်းတယ်… သူ့အစား………………………….”

စကားလုံးတွေ သိပ်ရက်စက်တဲ့ စကားလုံးတွေ……………..

ရက်စက်လိုက်တာ ကိုကိုရယ် ဒီအတိုင်း ကျမကို မရှင်းပြတာကမှ ကျမအတွက် ဖြေသိမ့်စရာ ရှိဦးမယ်.
အခုတော့ အစားထိုးခဲ့တာတဲ့လေ…
အခုတော့ အစားထိုးဖို့ မလိုတော့ပါ… ချစ်သူပြန်ရောက်လာပီလေ အဲ့ဒီအတွက် ကျမကို မေ့ပစ်ရတော့မယ်.
ကျမကလဲ မေ့ပစ်လိုက်ရတော့မယ် ရင်ခွင်တခုလုံး ဟက်တက်ကွဲခဲ့တာပဲ ချစ်သူရယ်… ….
တစ်သက်မမေ့စရာ စကားလုံးတွေပါပဲ ကိုကို….
ကျမကို တခါတည်းနဲ့ ကိုကို သတ်ခဲ့တာပါပဲ..
ရှင်လျက်နဲ့ ကျမရဲ့ နှလုံးသား သေဆုံးခဲ့ရပီ ကိုကို…………

ဟင်းလင်းပွင့်ခဲ့တဲ့ရင်ခွင်တခုလုံးကို ကုစားဖို့ ကျမ အချိန်တွေအကြာကြီးအသုံးပြုခဲ့ရတယ်.
ကိုယ့်ကိုယ်ကို တည့်မတ်နိုင်အောင် ကြိုးစားခဲ့ရတယ်. ချစ်တတ်လာအောင် သင်ပေးပီးမှ
အသည်းကွဲရအောင် လုပ်ခဲ့တဲ့ ချစ်သူကို ဘယ်လိုအချိန်တိုင်းမဆို ကျမ မေ့ဖို့ကြိုးစားလဲ မေ့ဖျောက်မရနိုင်ခဲ့ပါဘူး…….

အဲ့ဒီအချိန်အတွင်းမှာ ကျမအတွက် အကောင်းဆုံးအဖော်က ကျမရဲ့သူငယ်ချင်း ကိုလတ်ပင်….
ကျမဖြစ်ချင်တဲ့အရာတွေတိုင်းကို ကျမကို ဖြစ်အောင် သူလုပ်ပေးခဲ့တယ်.
ကျမ တက်ချင်တဲ့ သင်တန်းတွေ. ကျမ လုပ်ချင်တဲ့ ရီပို့ဒ်တွေ သတင်းတွေ ဒါတွေကို ဖိဖိစီးစီးလုပ်နေတဲ့အချိန် မှာ
ကျမအတွက် လိုအပ်တဲ့ အကြောင်းအရာတွေ အချက်အလက်တွေရော ရှာပေးခဲ့တဲ့အပြင်
အဖော်အဖြစ်နဲ့ပါ ကျမ ဘေးမှာ တစ်ချိန်လုံးရှိနေခဲ့တာပေါ့…..

သူ့ရဲ့ရင်ထဲကို အရှင်းဆုံးမြင်ရအောင် ကျမကို ပြခဲ့ပေမဲ့ ကျမကတော့ ကွဲခဲ့ဖူးတဲ့ အသည်းနှလုံးကို သူ့ကို မပေးချင်ခဲ့ပါ……

အဲ့ဒီနေ့က ဧည့်ခံပွဲတစ်ခုမှာ ကိုမင်းလွင်နဲ့ ဆုံတွေ့ခဲ့တယ်… ကိုမင်းလွင်က ကျမနဲ့ ကိုကို့အကြောင်းကို အစအဆုံးသိခဲ့တဲ့ ကိုကို့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပင်. ကျမက ကိုမင်းလွင်ကို ခပ်တည်တည်မျက်နှာပေးနဲ့ ဆက်ဆံခဲ့ပေမဲ့ ကိုမင်းလွင်ဆီမှာ ကျမအတွက် ပြောစရာ စကားလုံးတွေ ရှိနေခဲ့တယ်.

“မိုးညရေ စကားအေးအေးဆေးဆေးပြောချင်တယ်ဟာ. အချိန်ခနလေးတော့ ငါ့ကိုပေးပါ… ဘာပဲပြောပြော ဖြစ်ခဲ့သမျှမှာ ငါက အကုန်သိခဲ့ရတာဆိုတော့ ငါ တခုခုတော့ နင့်ကို ပြောပြချင်တယ်……..”

ဆွတ်ပျံ့ဖွယ် ငယ်ချစ်ဦးဇာတ်လမ်းတပုဒ်ပဲ… အသစ်ဖြစ်ခဲ့တာကတော့ ကိုကိုက နောက်ဆုတ်ကျန်ခဲ့ရတယ်တဲ့လေ… သူမက မြန်မာပြည်ကို ပြန်လာပီး ကိုကို့ကို မျှော်လင့်ချက်တွေ ပေးခဲ့ပီးမှ လက်တွဲဖြုတ်ခဲ့တယ်တဲ့လေ…

“ဒီကောင် အသည်းကွဲကျန်ခဲ့တာပေါ့ဟာ.. ဒီတစ်ခါ ပိုကွဲတာကတော့ နှစ်ခါကွဲဖြစ်ခဲ့တာပဲ… နင့်ကို သူ သိပ်ချစ်တယ်… ဒါပေမဲ့ နင့်ကိုဖွင့်မပြောခဲ့တာက သူတို့နှစ်ယောက်မှာ လှိုင် နိုင်ငံခြားကိုမသွားခင်က ကတိထားခဲ့ကြတယ်….. အဲ့ဒီအချိန်မှာ နင့်ကို သူတွေ့တော့ တကယ်ချစ်ခဲ့တယ်… ဒါပေမဲ့ လှိုင်က ဒီအကြောင်းတွေကိုလဲ သိရော မြန်မာပြည်ကိုချက်ချင်းပြန်လာတော့တာပဲ… အဲ့ဒီအချိန်တွေတုန်းက ဒီကောင် အရူးလိုပဲ.. ဘာလုပ်ရမှန်း မသိဘူး… အဲ့တာကြောင့် နင့်ကို ရက်ရက်စက်စက် စကားတွေ သူပြောခဲ့တာပေါ့…နောက်တော့ ဟိုတစ်ယောက်က ခနပဲနေပီး ပြန်သွားတယ်……..”

“သူနင့်ကို တောင်းပန်စရာတွေ ရှိလိမ့်မယ်ဟာ စကားလက်ခံပြောစေချင်တယ်… ဘာပဲပြောပြော ညည်း ဘယ်လိုခံစားခဲ့ရလဲဆိုတာ ငါလဲ အသိ သူလဲ အသိပဲလေ……”

ကျမရှေ့ကို ကိုကိုရောက်လာတဲ့အချိန်မှာ မမှတ်မိနိုင်လောက်အောင်ကို ကိုကို ပိန်သွားခဲ့တယ်… ဒါပေမဲ့ ကိုကို့ရဲ့မျက်လုံးတွေကတော့ သေချာမှုနဲ့ တောက်ပနေတုန်းပဲ…

“အဟောင်းတွေ အသစ်မဖြစ်ချင်တော့ပါဘူး ကိုကို. မေ့လက်စနဲ့ ကျမ အကုန်မေ့လိုက်ပါပီ…”

“မိုးရယ် ကို မိုးကို ဘယ်လောက်ချစ်တယ်ဆိုတာ မိုးသိစေချင်တယ်… လှိုင်ပြန်လာမယ်ဆိုတာ သိတဲ့အချိန်မှာ ကို ဘယ်လိုလုပ်ရမှန်းမသိခဲ့ဘူး.... အဲ့တာနဲ့ပဲ မိုးကို ကို ရက်စက်ခဲ့မိတယ်.. ဒါပေမဲ့ ကိုလဲ ဝဋ်လည်တာပဲ မိုးရယ်…. ကိုကို့ကို ခွင့်မလွှတ်ဘူးဆိုရင်တောင် မိုးဆီမှာ ကိုကိုက ပြန်လည်ရွေးချယ်ခွင့်တောင်းပါတယ် မိုးရယ်… ကို့ကို မိုး ဘယ်လောက်ချစ်တယ်ဆိုတာ ကိုသိတယ်.. ကို့အမှားတွေအတွက် မိုးကို ပြန်လည်ပေးဆပ်ပါရစေ မိုးရယ်……”

‘မဖြစ်နိုင်တော့ပါဘူး … ကိုကို့ကို ကျမ မချစ်တော့တာ မဟုတ်ဘူး…. ဒါပေမဲ့ ရွေးချယ်ရမယ် ဆိုရင်တော့ ကိုလတ်ကိုပဲ လက်ထပ်မယ်’

တိတ်ဆိတ်သွားတဲ့ စကားလုံးတွေကြားမှာ ကျမ အသက်ပင် ရဲရဲမရှုဝံ့ခဲ့ပါ. ကိုကို့ရဲ့ မျက်နှာကိုလဲ စေ့စေ့မကြည့်ဝံ့. မုန်းလိုက်ပါတော့ ကိုကို. ကျမကို မေ့လိုက်ပါတော့. ကိုကိုပေးခဲ့တဲ့ ဒဏ်ရာက တစ်သက်စာခိုင်လုံပါတယ် ကိုကို…. ကိုကိုနဲ့ ကျမရဲ့ ချစ်ခြင်းကို အတိတ်မှာပဲ လှလှပပ ထားခဲ့တော့မယ်. အခုလက်ရှိကို ပြန်ဆွဲမခေါ်တော့ပါဘူး… ပြန်တွေးလိုက်တိုင်း သိပ်ချစ်ခဲ့တယ်ဆိုတဲ့ နေ့ရက်လေးတွေကိုပဲ ပြန်သတိရတော့မယ် ကိုကို. အသည်းကွဲခဲ့ရတဲ့နေ့ရက်တွေကို ပြည်ဖုံးကားချလိုက်ပိ… ပြန်သတိမရချင်တော့ဘူး ကိုကို …….

ကျမရဲ့ ပြတ်သားတဲ့အငြင်းကို ပွေ့ပိုက်ပီး လှည့်ပြန်သွားတဲ့ ကိုကို့ရဲ့နောက်ကျောကို ကြည့်ပီး အဲ့ဒီနေရာမှာပဲ တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်နေခဲ့တယ်…..

ပြန်မရတော့တဲ့အရာတွေထဲမှာ အချိန်ရယ် နုပျိုခြင်းရယ် အချစ်တွေရယ် ပါဝင်တယ် ကိုကို… ဒါကို ကိုကို့ကို သိစေချင်ပါတယ်………..

ပြည့်စုံ (၁၅-၇-၂၀၀၉၊ ၁း၀၀ am)