Wednesday, August 19, 2009

မျှော်လင့်ခြင်းမဲ့ ဆုံမှတ်

‘ကျမတို့ လမ်းခွဲကြရအောင်’

ဒီစကားကို ပြောခွင့်ရဖို့ ကျမ အကြိမ်ကြိမ်ကြိုးစားခဲ့ရတယ်. ရင်တစ်ခုလုံးပွင့်ထွက်တော့မတတ် နာကျင်တဲ့စိတ်အတွေးတွေကို မျိုသိပ်ရင်းနဲ့ ကို့ကို ဒီစကားပြောနိုင်ဖို့ အားမွေးခဲ့ရတယ်.

အဲ့ဒီညနေက တိမ်တောက်တဲ့ညနေပေမဲ့ အရာရာဟာ မလှပဘဲ အထီးကျန်ဆန်လွန်းခဲ့တယ်.

ကို့ရဲ့မျက်လုံးတွေက ကြိုသိနေနှင့်ပီး ချစ်ခြင်းကြောင့် နာကျင်နေရပေမဲ့ ကျမစကားကို အပြင်းအထန် ငြင်းဆန်မှု မလုပ်ခဲ့ဘူး.

‘ဒါက အဆုံးသတ်အဖြေတဲ့လား….. ဒီလိုလုပ်မှပဲ ပြဿနာကို ဖြေရှင်းလို့ရမယ်လို့ ညို ထင်နေပီလား’

တစ်ယောက်မျက်နှာကို တစ်ယောက် နာကျင်နေတဲ့ နှလုံးသားကိုယ်စီနဲ့ စိုက်ကြည့်နေခဲ့မိပီး ပြောစရာ စကားတစ်ခွန်းမှ နှုတ်ဖျားက ပွင့်ထွက်မလာခဲ့နိုင်ဘူး.

တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲမှုမှာ အမုန်းတွေကြောင့် မဟုတ်လဲ လမ်းခွဲဖို့အတွက် လုံလောက်တဲ့အကြောင်းပြချက်တွေ ရှိခဲ့မှန်း သိခဲ့ရတဲ့အချိန်မှာ အဲ့ဒီ အဖြေကို ကိုရော ကျမပါ လက်ခံဖို့ ဆုံးဖြတ်ခဲ့ကြတယ်.

လမ်းခွဲဖို့အတွက် ကျမက စတင်တောင်းဆိုခဲ့ပေမဲ့ ကိုကပဲ အရင် ကျောခိုင်းထွက်သွားခဲ့တယ်. ကျောခိုင်းထွက်ခွာသွားတဲ့ သူ့ရဲ့နောက်ကျောကို ကြည့်ရင်း ကျမ ပင့်သက်တစ်ချက် ရှိုက်လိုက်မိတယ်. အပြင်းအထန်ပြောရမယ် နာကျင်အောင် စကားလုံးတွေသုံးရမယ်လို့ ထင်ထားခဲ့သမျှဟာ ကျမရဲ့ စကားတစ်ခွန်းမှာပဲ ပြီးဆုံးခဲ့တဲ့အတွက် ကျေးဇူးတင်မိပါတယ်.

သူ့ကိုချစ်မိတဲ့အချစ်တွေအတွက် နောင်တမရပေမဲ့ သူ့ဘေးနားမှာ ရှိမနေနိုင်တော့ဘူးဟု တွေးမိတဲ့ အချိန်တိုင်းမှာ ယူကျူံးမရတဲ့စိတ်နဲ့ ကြေကွဲရတယ်. အရင်ကဆို ခနလေးဝေးရမယ်လို့ တွေးမိရင်တောင် အသည်းတွေ ကွဲကြေမတတ်ခံစားခဲ့ရမှုမှာ တစ်သက်လုံးဝေးရတော့မယ်လို့ စဉ်းစားရမိတဲ့အခါ ဘယ်လိုများ ရှေ့ဆက်ရမလဲလို့ တွေးမိတယ်.

ဒါပေမဲ့ တစ်ချိန်ချိန်တော့ ခွဲရမှာပါပဲ.

‘နင်တို့ ၂ ယောက် ဘာအတွက် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာလဲ ညို’

ကျမ သူငယ်ချင်းရဲ့ အမေးကိုဖြေဖို့ ကျမမှာ ကျမအတွက်တော့ လုံလောက်တဲ့ အဖြေ ရှိနေနှင့်ပီးသားပါပဲ.

ဘယ်လိုအခက်အခဲမဆို အတူတူ ရင်ဆိုင်ဖြေရှင်းဖို့ အားအင်တွေ ဘယ်လောက်မွေးမွေး ဒီတစ်ခါတော့ ကျမမှာ အားမရှိတော့ဘူး သည်လိုပဲ ကို့မှာလဲ အားမရှိတော့ဘူးဆိုတာ သိနေနှင့်ခဲ့ပီ အမုန်းတွေ ရောက်မလာခင် ကျမတို့ ဒီအချိန်မှာ ခွဲခွာဖို့ ဆုံးဖြတ်လိုက်တာဟာ နှစ်ယောက်စလုံး အတွက် သင့်တော်မယ်ထင်ရဲ့……..

တစ်ယောက်တည်း ထီးတည်းကျန်ရစ်ခဲ့ရမှုဟာ ဘယ်လောက် အထီးကျန်ဆန်လွန်းသလဲ လက်တွေ့ သိနေပေမဲ့ ကျမကတော့ အားတင်းပီး ရှေ့ဆက်လျှောက်နေတုန်းပဲ. တခါတလေမှာ နံဘေးကို အသာ ငဲ့စောင်းကြည့်လိုက်တိုင်း အားပေးအပြုံးနဲ့ ကျမလက်ကို မလွှတ်တမ်းဆွဲကိုင်ခဲ့ဖူးတဲ့ ချစ်သူက အခုတော့ ဘေးမှာ မရှိတော့.

မောင်နှမတွေရဲ့ရှေ့မှာ သားအလတ်ဆိုပေမဲ့ အကိုအကြီးဆုံးက အိမ်ထောင်နဲ့ဆိုတော့ သူ့အပေါ် မှာပဲ မိသားစုတွေတာဝန်က လုံးလုံးပုံကျနေခဲ့တာ. သူ့အမေက သူ့ကို သိပ်အားကိုးလွန်းတာ. အရင်တုန်းက ပေတေလေလွင့် လူဆိုးကလေးဖြစ်နေပေမဲ့ အခုအချိန်မှာတော့ သူက အမေသိပ်ချစ် တဲ့ သားလိမ္မာကလေးဖြစ်နေတာတွေ သူ့ညီမကလေးတွေနဲ့ သူ့အောက်က သားချင်းတွေရဲ့ အားကိုးမှု သံယောဇဉ်ကြိုးတွေက သူ့ကို လှုပ်မရအောင် တုပ်နှောင်ထားနေခဲ့ပီ.

ကျမကတော့ မိသားစုဆိုတဲ့ ကြိုးရှိပေမဲ့ သူ့လောက်တော့ ကြိုးမများခဲ့ဘူး. ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်ထူထောင်နိုင်အောင် ကြိုးစားနေတဲ့ မိန်းမ ဆိုတော့ ကျမအတွက်က ဘဝရဲ့တိုးတက်မှုကိုပဲ ရှာဖွေကြိုးစားဖို့ပဲ ရှိနေခဲ့တယ်.

ကျမတို့ နှစ်ယောက်ရဲ့ ကြားထဲက လွဲချော်မှုက အဲ့ဒီ ဘဝတွေပေါ် မူတည်ပီးတော့ တစ်စတစ်စ ကွာခြားလာနေတာကို မသိချင်ယောင်ဆောင်နေရင်းနဲ့ကို လက်တွေ့အဖြစ်မှန်တွေက ပေါင်းစပ်လို့ မရအောင်ကို ဝေးကွာစေခဲ့ပီလေ.

လူ နှစ်ယောက်အတွက်တော့ အချစ်ချည်းသက်သက်ဆိုရင် ဘဝဟာ ပျော်ရွှင်စရာ နေပျော်စရာ ကောင်းပေမဲ့ ဘေးက ကြိုးတွေ ရစ်ပတ်လာတဲ့အချိန်မှာတော့ ကျမတို့ ပျော်လို့ မဖြစ်တော့ဘူး. မိသားစု ဘဝရှေ့ရေး တာဝန် ငဲ့ညှာမှု သံယောဇဉ် အမျိုးစုံတဲ့ ကြိုးတွေကြားမှာ သူရော ကျမရော လှုပ်မရအောင် နစ်မြုပ်နေခဲ့ပီ.

‘ကံကိုချည်း ယုံရမယ်လို့ ကိုမပြောဘူးလေ ဒါပေမဲ့ ဥာဏ်နဲ့ ဝီရိယကိုလဲ ကိုတို့မေ့လို့မရဘူးပေါ့ ညိုရဲ့… ကို ညို့ကို အရမ်းချစ်တယ်. ဒါပေမဲ့ ကိုတို့နှစ်ယောက်ပျော်နေတဲ့အချိန်မှာ သူများတွေ စိတ်ညစ်နေရ မယ်ဆို ညိုလဲ ပျော်နိုင်မှာ မဟုတ်ဘူး…. ဖြစ်နိုင်မယ်ဆို ညို့လက်ကိုဆွဲပီး ဟိုးအဝေးကို ကို ထွက်ပြေး သွားချင်တယ်….’

‘ခနလေးစောင့်ပါ ညိုရယ် ကိုတို့ရဲ့ချစ်ခြင်းသာ စစ်မှန်မယ်ဆိုရင် မပေါင်းဆုံစရာ မရှိပါဘူး… ညိုလဲ ကြိုးစားရမယ် ကိုလဲ ကြိုးစားမယ်… ကိုတို့နှစ်ယောက်အတွက် ပျော်ရွှင်ရမယ့်အချိန်ကို ရောက်တဲ့ အထိ ကိုတို့ ကြိုးစားကြမယ်လေ’

‘ဘယ်အချိန်ထိလဲ ကို…. ကျမတို့အတွက်ဆိုတဲ့ အချိန်က ဘယ်အချိန်ထိလဲ’ မမေးရက်ခဲ့ဘူး. ကိုပြောသမျှကို ကို့မျက်နှာကို တစိမ့်စိမ့်ကြည့်ပီးသာ ကျမက အသာနားထောင်နေခဲ့တယ်.

ကြိုးစားကြမယ် ပေါင်းစည်းဖို့အတွက်တဲ့လေ…. မျှော်ကြည့်လိုက်ရင် ဘာမှ ရေရာမှုမရှိတဲ့ အခြေအနေ တွေမှာ ကို့ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကျမကတော့ အရာရာကို ဘာမှ မတောင်းဆိုခဲ့ပဲ ကို့ဘေးမှာ ငြိမ်သက်စွာ နေခဲ့တယ်.

‘ညီမလေးကို မဖြစ်မနေ လိုက်ပို့နေရလို့ပါ ညိုရယ်… ညိုစောင့်နေမှန်းသိပေမဲ့ ကိုဘယ်လိုလုပ်ရမှန်းကို မသိခဲ့ဘူး…’
ကို့ရဲ့ မျက်လုံးတွေမှာ တကယ့်ကို ယူကျုံးမရတဲ့ ဝမ်းနည်းမှုအရိပ်အယောင်တွေ တွေ့ရတဲ့အခါ ကျမက နာကျင်ရတဲ့ စိတ်အတွေးတွေကို ပယ်ဖျောက်လိုက်ပီး ကို့ရဲ့ လက်ကို အသာဆွဲကိုင်ပီး ခပ်ဖွဖွ ပြုံးပြခဲ့တယ်.

‘ကို အရောက်လာမယ်ဆိုတာ ညိုသိနေတာပဲ ကိုရယ်… အခု ရောက်လာပြီပဲ. အဆင်မပြေလို့ ကိုနောက်ကျတာကို ညိုနားလည်ပါတယ်…’

ဒီလိုအဖြစ်မျိုးတွေ သိပ်များလာပေမဲ့ ကျမကတော့ တိတ်တဆိတ်ပင် ရင်ထဲမှာ အကွဲကြေခံခဲ့တော့တယ်.

ကျမကို ရင်ခွင်ထဲမှာ ခပ်တင်းတင်း ပွေ့ဖက်ထားပေမဲ့ ကို စိတ်မကောင်းဖြစ်သွားတာကို ကျမ ဝမ်းနည်းနေခဲ့ပီး နာကျင်နေရတဲ့ ကို့ကို ကျမရဲ့ ဝမ်းနည်းမျက်ရည်တွေကြောင့်တော့ ထပ် စိတ်မကောင်းမဖြစ်စေရတော့ဘူး.

ကျမ မျက်ရည်ကျတိုင်း ကျမထက် မလျော့တဲ့ ခံစားမှုတွေနဲ့ ကို စိတ်မကောင်းဖြစ်ရတာကို သိနေမိတဲ့အခါမှာ ကို့ရှေ့မှာ ဘယ်တော့မှ မျက်ရည်မကျစေရတော့ဘူးလို့ ကျမက စိတ်ဆုံးဖြတ်ခဲ့တယ်.

ချစ်သူသက်တမ်း နှစ်နှစ်အတွင်းမှာ ကိုက သူ့မိသားစုပြဿနာတွေနဲ့ တခါတလေမှာ စိတ်ပင်ပန်းတိုင်း ကျမက ဘေးကနေ ကို့ကို အဖော်လုပ်ပေးခဲ့တယ်. ကို စိတ်ညစ်တဲ့အခါတိုင်းမှာ ကို့ကို ရင်ခွင်မှာ ဖက်ထားပီး မိခင်တစ်ယောက်လို အစ်မတစ်ယောက်လို ချော့မော့နှစ်သိမ့်ပေးခဲ့တဲ့ ကျမကို ကို သိပ်မြတ်နိုးမှန်း ကျမသိနေခဲ့သားပဲကွယ်.

ကျမတို့နှစ်ယောက်အတွက် သီးသန့်အချိန်ဆိုတာ မရှိခဲ့ဘူး. သိပ်ချစ်တယ်လို့ ခန ခန မပြောနိုင်ခဲ့ပေမဲ့ သိပ်ချစ်မှန်းကို စကားအဖြစ်နဲ့ ဖွင့်ပြောစရာမလိုအောင်ကို ချစ်မြတ်နိုးခဲ့ကြတာပဲ. ဒါဟာ တစ်သက်စာ အတွက် လုံလောက်ပါရဲ့.

‘ကို မေမေ့ကို ဖွင့်ပြောလိုက်ပီ ညို… မေမေကတော့ သူ သဘောတူထားတဲ့ မိန်းခလေးရှိပေမဲ့ ကို့ကို စိတ်ချမ်းသာစေချင်ပါတယ်တဲ့….တစ်ခုပဲ မေမေက တောင်းဆိုတယ်… ကို့ကို မိသားစုရဲ့ အဝေးကို ခွဲမထွက်သွားစေချင်ဘူး… မသွားပါနဲ့လို့ တောင်းပန်တယ် ညို.. မေမေက အားကိုးအားထားပြုတဲ့ သားကို ဘေးနားမှာ ရှိနေချင်တာပဲတဲ့… ကို အဝေးကို ထွက်မသွားရင်ပီးရော အရာအားလုံးကို လက်ခံပါတယ်တဲ့’

ကျမရဲ့ စိတ်တွေက လေထဲကို လွင့်ထွက်သွားတဲ့ ပူဖောင်းတစ်လုံးလိုပင် လေနှင်ရာ ကစဥ့်ကလျား လွင့်ပြေးသွားခဲ့ပီ. ကို့စကားသံကို နားထောင်နေရင်းနဲ့ အမြဲ စဉ်းစား စိတ်ကူးယဉ်ခဲ့မိတဲ့ ကျမ တည်ဆောက်ချင်တဲ့ ကျမတို့ရဲ့ အိမ်ကလေး လဲပြိုခဲ့ပီဆိုတာကို သိလိုက်ရတယ်.

နိုင်ငံရပ်ခြားကိုသွားမယ်. ပီးရင် ဟိုမှာ ဆက်ပီး ပညာသင်မယ်. အလုပ်လုပ်မယ်. ဘဝတစ်ခု အခြေချနေနိုင်အောင် ကျမတို့ ကြိုးစားကြမယ်. မိသားစုတွေအတွက်ဆိုလဲ ကျမတို့ အဝေးကနေ ထောက်ပံ့ကြမယ်. အရာအားလုံးအတွက်လဲ ကျမ ပြင်ဆင်ထားခဲ့ပီ. ဒါကို ကိုလဲ အသိပင်.

အခုတော့………

ကို့ရဲ့မျက်လုံးတွေက နာကျင်တဲ့ မျက်လုံးဖြစ်နေပေမဲ့ ကျမကတော့ အသိစိတ်မဲ့တဲ့လူတစ်ယောက်ရဲ့ မျက်လုံးလိုပင်. ကို့စကားကိုတောင် တုံ့ပြန်မှု ပြန်မလုပ်နိုင်ခဲ့.

‘မေမေ့ကို ကိုတို့ရဲ့ အစီအစဉ်တွေ အကြောင်းကို ပြောလိုက်ရင် ပိုဆိုးမယ် ညိုရယ်. ကိုပြောလိုက်တဲ့ အချိန်မှာတောင် မေမေ တအားငိုတယ်. နောက် မေမေက ဖေဖေ နေမကောင်းဖြစ်တဲ့ အချိန် ကတည်းက စပီး ကို့ကို အရမ်းအားကိုးခဲ့တာဆိုတော့ ကို ဘယ်လိုမှ ပစ်ထားခဲ့လို့ မရဘူး’

‘ကိုတို့နှစ်ယောက် အတူတူရှိဖို့ပဲ လိုတယ် မဟုတ်လား ညို….. ကို့ကို ခွဲမသွားပါနဲ့.. ကို့ဘေးမှာပဲနေပါ လို့တော့ ညို့ရဲ့ အနာဂတ်တွေကို စတေးပီး မပြောရက်ပေမဲ့ ကိုကတော့ အဝေးကို ဘယ်လိုမှ မသွား နိုင်တော့ဘူး’

ဘာထပ်ပြောဖို့မှ မလိုအပ်တော့ပါဘူး ချစ်သူရယ်…. မိခင်နဲ့ ချစ်သူကြားမှာ နှိုင်းယှဉ်စရာ မလိုလောက်အောင်ကို ကျမက နားလည်နေခဲ့ပီ. မိသားစုတစ်ခုလုံးနဲ့လဲပီး ကျမကို မချစ်ဘူးလို့ မစွပ်စွဲချင်တော့ပါဘူး. နားလည်ပေးရမှုတွေကလဲ ကန့်သတ်ထားတဲ့ ဘောင်အတွင်းမှာ ရေချိန်ကိုက်ခဲ့ပီ. ဘဝတစ်ခု ထူထောင်ဖို့ ရည်စူးခဲ့သမျှ ထူထောင်ခဲ့ရသမျှတွေကတော့……..

ပေါင်းစပ်ဖို့ တစ်ခုတည်းအတွက်ဆိုရင်တော့ အရာရာကို တစ်ဇွတ်ထိုးဆုံးဖြတ်လိုက်လို့ ဖြစ်နေတာပဲ. ဒါပေမဲ့ ဒီလိုနည်းနဲ့တော့ ကျမက အရှုံးမပေးချင်ခဲ့တော့ဘူး… မိသားစုအရေးက ပထမဦးစားပေး ဖြစ်နေတဲ့ အချိန်မှာ ကျမက ကို့ဘေးမှာ တိတ်တဆိတ်နေနိုင်ပါ့မလား.. ကို့ဘေးမှာ နေဖို့ တစ်ခုတည်းနဲ့ ကျမကို မလိုလားတဲ့ အသိုင်းအဝိုင်းမှာ ကျမ နေနိုင်ပါ့မလား.

ဒီလိုသာဆို အချိန်တွေကြာလာတာနဲ့အမျှ စိတ်ဆင်းရဲမှုတွေ ပေါ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ. အဲ့ဒီအချိန်မှာဆိုရင် ကျမတို့ရဲ့ အဆင်မပြေမှုတွေဟာ အမုန်းတွေ ဖြစ်လာကြမှာနော်.

စချစ်ကတည်းက မုန်းဖို့ချစ်ခဲ့တာ မဟုတ်လို့ မမုန်းခင်ကတည်းက ကျမတို့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာ ဟာ သင့်တော်တဲ့ ဆုံးဖြတ်ချက်ပဲလို့ ကျမက ယုံကြည်လိုက်တယ်.

သာမန်မိန်းခလေးတစ်ယောက်အနေနဲ့ မဟုတ်ဘဲ ထက်ထက်မြက်မြက်နဲ့ ဘဝကို မြင့်မြင့်မားမား ဖြစ်စေချင်တဲ့ ကျမရဲ့ ဖေဖေကရော ကျမတို့ရဲ့ ပေါင်းစပ်မှုကို လက်ခံမှာ မဟုတ်ဘူး ဆိုတာကို အသေအချာ သိနေနှင့်ခဲ့တယ်.

မာနတွေကို လျှော့ချပီး လက်တွေ့ကျတဲ့အခြေအနေကို သေချာစဉ်းစားရင်တောင် ထပ်လျှော့စရာ ဘာမှမရှိတော့. သေချာမှုကို လက်တွေ့ကျကျ စဉ်းစားပီးတဲ့အချိန်မှာတော့ အရာရာကို ဒီအတိုင်းလေးပဲ ထားခဲ့လိုက်ဖို့ ကျမက တစ်ဖတ်သတ် ဆုံးဖြတ်ခဲ့တယ်.

ကို့ကို ချစ်တဲ့အချစ်တွေဟာ နီးနီးနေရမှ မဟုတ်ဘဲ ကျမတို့ မိုင်ထောင်ချီ ဝေးနေလဲ ချစ်လို့ရနေတာပဲ. လူနှစ်ယောက် လမ်းခွဲမှုမှာ အမုန်းတွေကြောင့် မဟုတ်လဲ လမ်းခွဲဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိခဲ့မှန်း ရှိလို့ရမှန်း သိနေခဲ့မှတော့ လမ်းခွဲကြတာပေါ့ ကိုရယ်.

အချစ်ဆိုတာ နီးနီးနေရမှ ဝေးနေရမှ ချစ်ရတာ မဟုတ်ဘူး ကို. အချိန်တိုင်း ကျမရင်ထဲမှာ ကို့အတွက် ချစ်ခြင်းတွေ ထည့်သွင်းထားမယ်လေ. တစ်ယောက်ကို တစ်ယောက် နှောင်ဖွဲ့ထားတာ မဟုတ်ဘဲ လွတ်လပ်ခွင့်အပြည့်နဲ့ ချစ်ကြမယ်.

အဝေးကို ထွက်သွားဖို့ အရာရာ အဆင်သင့်ဖြစ်နေချိန်မှာ အဆင်သင့်မဖြစ်သေးတဲ့ စိတ်အတွက် ကို့ကို အရမ်းတွေ့ချင်နေမိတယ်. ကို့ကို မြင်ရင် ကျမရဲ့ စိတ်အတွေးတွေ ပြောင်းပြန်ဖြစ်ကုန်မယ် ထင်ရဲ့. ဒါပေမဲ့ ကျမရဲ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်းကိုတော့ ကို လက်ခံရမယ်.

ဒီ မှန်တံခါးနောက်ကို ရောက်သွားရင် ကျမ နောက်ပြန်လှည့်လို့မရတော့ဘူး. လက်ပြနှုတ်ဆက်နေတဲ့ ဖေဖေနဲ့ မေမေ့ကို လည်ပြန်ပီး နှုတ်ဆက်လိုက်တယ်. ဖေဖေ့ရဲ့ ဘာအတွက်နဲ့မှ နောက်မဆုတ်နဲ့ဆိုတဲ့ စကားသံကို ရင်ထဲ ထည့်သွင်းလိုက်တယ်. ဒီလိုအချိန်မှတော့ ကို ရောက်လာနိုင်မှာ မဟုတ်တော့ဘူး. စိတ်ကို အဆုံးအထိ လျှော့ချလိုက်တယ်. ပင့်သက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ပီး ချာခနဲ အလှည့်မှာပဲ ကို့ကို တွေ့လိုက်ရတယ်.

ကို့ရဲ့မျက်လုံးတွေက ချစ်ခြင်းတွေ လွမ်းဆွတ်ခြင်းတွေ နာကျင်ခြင်းတွေနဲ့ မှုန်ရီဝါးနေလေရဲ့. ကို့အသွင်က နွမ်းနယ်နေပေမဲ့ ကျမဆီကို အပြေးတစ်ပိုင်းရောက်လာခဲ့တယ်.

ချစ်သူရယ်…..

ကိုက ကျမရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တယ်

‘အရမ်းချစ်တယ် ညို.. ညိုကလွဲရင် ဘယ်မိန်းခလေးကိုမှ ကိုမချစ်ဘူး.. ကို့ရဲ့သစ္စာအတွက်တော့ ညိုစိတ်ချပါ..ညို အားအင်ရှိသလောက် ပျံသန်းပါ.. ညို့ရဲ့ ဘဝအတွက် အကောင်းဆုံးဆိုတာတွေကိုပဲ ယူပါ ညို.. ဒါပေမဲ့ ညို့ကို အရမ်းချစ်နေမယ့် ချစ်သူဟာ ညို့ဘေးမှာ အတူရှိမနေနိုင်ပေမဲ့ ညို့ကိုပဲ ချစ်နေမယ်ဆိုတာကို ညိုသိနေမယ်ဆိုရင် ကို ကျေနပ်တယ်’

‘ကိုတို့ အတူပေါင်းဖက်ရမှ မဟုတ်ပေမဲ့ မပြယ်တဲ့ချစ်ခြင်းတွေနဲ့ တစ်သက်စာ ချစ်နေခွင့်လေးပဲ ကို့ကို ပေးပါ ညို’

မျက်ရည်တွေ …. နောက်တော့ ချစ်ခြင်းတွေ ….

‘စိတ်ချပါ တစ်သက်မှာ တစ်ခါချစ်ဖူးတဲ့ အချစ်တွေနဲ့ ကို့ကို အရမ်းချစ်တယ်… ညိုတို့ အတွက် ဆုံမှတ်တစ်ခု ရှိပါလိမ့်မယ်.. အဲ့ဒီကို မရောက်ခဲ့ဘူးဆိုရင်တောင် ကို့ကို ချစ်တယ် အရမ်းချစ်ပါတယ်’

‘ဒါပေမဲ့ ညိုတို့ရဲ့ ခွဲခွာခြင်းမှာ အမုန်းတွေကြောင့် မဟုတ်ဘဲ သိပ်ချစ်တဲ့ အချစ်တွေကြောင့်သာ ခွဲခွာရတယ်ဆိုတာကို ကို့ကို သိစေချင်တာ တစ်ခုပါပဲ’

လက်ပြနှုတ်ဆက်ခြင်းမှာ အကြောင်းအမျိုးမျိုး ရှိပါလိမ့်မယ်. ဒါပေမဲ့ ချစ်ခြင်းအပြည့်နဲ့သာ လမ်းခွဲခဲ့ရတဲ့ အတွက်တော့ ကို့ကိုရော ကိုယ့်ကိုယ်ကိုပါ ကျေးဇူးတင်မိတယ်….

အချိန်တွေ အကြာကြီးပြောင်းလဲသွားလဲ ချစ်ခြင်းတွေကတော့ ဘယ်တော့မှ ပြောင်းလဲတော့မှာ မဟုတ်ပါဘူး ချစ်သူရယ်……………..

ပြည့်စုံ (၁၈-၈-၂၀၀၉၊ ၂း၅၀ am)

9 comments:

  1. အသစ်ဆိုလို့ အပြေးလာဖတ်တာပါ..
    ပြီးမှ သေချာမန့်မယ်

    ReplyDelete
  2. “အချိန်တွေ အကြာကြီးပြောင်းလဲသွားလဲ ချစ်ခြင်းတွေကတော့ ဘယ်တော့မှ ပြောင်းလဲတော့မှာ မဟုတ်ပါဘူး ချစ်သူရယ်……………..” တဲ့လားဗျာ..

    တကယ့်ကို ချီးကျူးဖို့ကောင်းတဲ့ စုံတွဲလေးတစ်တွဲပါဗျာ။

    ကဲ..တွေ့ကြတယ်နော်..သူများစုံတွဲတွေ..အဟီး..

    ချစ်သူတိုင်း ပေါင်းစေချင်တာ yu ya ရဲ့ မူပါ။

    yu ya

    ReplyDelete
  3. ၅၂၈ နဲ့ ၁၅၀၀ ကြားက မေတ္တာတရားကို ဖွဲ့နွဲ့ပြီး ရေးထားတာ ကောင်းတယ်...။

    တချို့တွေက ချစ်လျက်နဲ့ဝေးကြရတယ်ဆိုတာ ဒီလိုမျိုးနဲ့တူပါရဲ့...။

    ReplyDelete
  4. ခံစားလို့ကောင်းတဲ့အချစ်ဝထ္တုလေးတပုဒ်.... စိတ်ကူးလေးလားကိုယ်တွေ့လား?

    ReplyDelete
  5. ဖတ်ရတာ တမျိုးကြီး ခံစားရတယ် ငါ့နှမရယ်၊ ကဗျာဖတ်ပြီး မချိုမချဉ်ဖြစ်နေတဲ့ မျက်နှာက ဒီဝတ္ထုဖတ်ပြီး အီလည်လည်ကြီး ဖြစ်သွားတယ်။

    မိဘအတွက်သိပ်လိမ္မာလွန်းတဲ့ သားလိမ္မာတွေဟာ ချစ်သူအတွက်တော့ ချစ်သူကောင်း ဖြစ်မလာနိုင်ဘူးတဲ့ .... (ကိုယ့်စကား မဟုတ်ဘူးနော်၊ ကောင်မလေး တစ်ယောက် ပြောဖူးတာ)
    ဘာပဲဖြစ်ဖြစ် ချစ်သူတိုင်းကို တော့ ညားစေချင်တယ်၊ နှစ်ယောက်လုံးက ချစ်လျက်နဲ့ မပေါင်းရတာ ပိုဆိုးတာပေါ့နော်။

    ReplyDelete
  6. ငါ့စောင်းရေးနေသလိုပါလားကွယ်..
    အနော်ရေ.. ဖြစ်နိုင်ရင် ဒါမျိုးတွေဖတ်ကို မခံစားနိုင်ဘူးဖြစ်နေတယ်..
    လောလောဆယ်မှာပေါ့..
    ငိုသွားတယ်..
    :'(

    ReplyDelete
  7. ကောင်းလိုက်တာဗျာ အနော် ကျနော်တို့ သူငယ်ချင်းမောင်နှမတွေ လည်း ခွဲလိုက် ကွဲလိုက်နဲ့  ဘလော့တွေမှာ တစ်ရှူးထုတ်တွေ မလောက်တော့ဘူးတဲ့  ဟဟ စတာပါ အရေး အသားလေးက ညက်ညော လိုက်တာ အနော်ရာ အရမ်းဖတ်လို့  ကောင်းတယ် ဇာတ်လမ်းထက် အရေးအသားကို မက်မောလို့  ရယ် လားမသိ ဖတ်ရတာ သိပ် အရသာရှိတယ် ဇာတ်လမ်းလေး ကလည်း သဘာဝကျတယ် ယောက်ျားတစ်ယောက်ဟာ မိန်းမ တစ်ယောက်ကို ယူပြီး အိမ်ထောင်သည် ဘဝကို ခြေစုံပစ်ယူ ရတဲ့ အခါမှာ စွန့် လွှတ် ရမှု တွေ သတ္တိမွေးရတာတွေဟာ ဒုနဲ့ ဒေး ပါ မိန်းကလေးက လည်း မှန်တာပဲ သူက မိန်းမလေ ဘာမှ မပြောနဲ့ ယူပြီးရင် တော့ နံပါတ်တစ်ပဲ (ဒီအကြောင်းလေး ရေး ဖို့ တွေးနေတယ် အနော်ရဲ့  ကြော်ငြာဝင်တာ :P)။ ဆိုတော့ သဘာဝ ကျတယ်။ အရေးအသားက ကောင်းတယ်။ ဘာလို သေးလဲ ........ အားရပါးရကြီး ပြုံးလိုက်အနော် လွှတ်ပြီး သာပြုံးလိုက် ...... :D

    ReplyDelete
  8. သြော်....ဒါဟာ လမ်းခွဲခြင်းမဟုတ်သေးပါဘူးကွယ်
    ကြိုးစားထား ယုံကြည်ထားစမ်းပါ
    တနေ့နေ့တော့ဆုံမှတ်ရောက်လာမှာပါ
    ချစ်ခြင်းတိုင်းမှာ အနည်းနဲ့အများတော့ အခက်အခဲတွေရှိကြစမြဲပါပဲကွယ် အဲဒါကိုရင်ဆိုင်ဖြတ်ကျော်ရတာ
    ကိုက အရသာတစ်ခုပဲပေါ့
    အားလုံးအဆင်ပြေနေရင် ပျင်းစရာကြီးဖြစ်နေလိမ့်မယ်
    အားမလျှော့စမ်းနဲ့ကွယ်
    သီချင်းတစ်ပုဒ်ပဲဆိုပြလိုက်တော့မယ်....
    ... ♬♫♪ မေတ္တာစစ်တို့မည်သည် ဖြောင့်ဖြူးရာလည်းမရှိစမြဲမို့...
    မောင်တို့အချစ်များရယ်....အများနဲ့နည်းတူ... အခက်အခဲ
    ရှိကြပါတယ်ကွယ်........ ♬♫♪
    (မျှော်လင့်တဲ့အရာခပ်သိမ်း ရရှိပိုင်ဆိုင်နိုင်ပါစေ)

    ReplyDelete
  9. သူတို့ နှစ်ယောက်ကိုပြောပေးပါ။ ဒါဟာ လမ်းခွဲတစ်ခုမှန်နေပေမယ့် လမ်းဆုံးတော့မဟုတ်သေးပါဘူးလို့ ။

    ReplyDelete