Tuesday, April 27, 2010

လိုချင်တပ်မက်ခဲ့တဲ့ စိတ်ကူးထဲက ပုံရိပ်လေးတွေ

အခုအသက်အရွယ်အထိ ကျမလိုချင်ခဲ့မိတဲ့ အရာတွေက လက်ချိုးရေရလောက်အောင် နည်းပါး လှတယ်လို့ ထင်မိတာပါပဲ..

ဟိုးငယ်ငယ်ကလေးဘဝ… ကျမ အသက် လေးနှစ်. မမဆုက ကျမထက် ခြောက်နှစ်ကြီးတော့ သူက ဆယ်နှစ်ပေါ့.. အပူအဆာနည်းလှတဲ့ ကျမက လိုမယ့်လိုချင်တော့လဲ အဲ့ဒီခေတ်ဈေးနဲ့ အင်မတန် ဈေးကြီးတဲ့ သင်္ဘောသား သားသမီးတွေ ပိုက်ဆံရှိတဲ့သူတွေရဲ့ သားသမီးတွေမှ ဆော့နိုင်တဲ့ ဘိုမရုပ်ကလေးပေါ့.. တစ်တောင်လောက်ရှိတဲ့ အရုပ်မကလေး.. လှဲထားရင် ကလေးငိုသံလေးတွေ ထွက်လာတတ်ပီး.. အသားအရည်ကလဲ တကယ့် ကလေးလေးအတိုင်း.. အရုပ်ကလေးကိုဝတ်ပေးဖို့ အင်္ကျီလေးတွေလဲ ပါရဲ့.. နောက်ပီး သူမရဲ့ဆံပင်ကလေးတွေကို ဖြီးသင်လို့လဲ ရသေးတယ်.. ကျမ သိပ်လိုချင်မိတယ်.. ဒါပေမဲ့ ဒီလောက်ဈေးကြီးတာကို အမေ ဝယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာကို တွေးမိကတည်းက ပူဆာဖို့ စိတ်ကူးမရခဲ့.. အမေနဲ့ ဈေးကိုလိုက်ရတိုင်း လမ်းထိပ် စတိုးဆိုင်မှာ ချိတ်ထားတဲ့ အရုပ်မကလေးကို အိပ်မက်ထဲ ထည့်မက်တဲ့အထိ လိုချင်ခဲ့မိတာ…….

ကျမတို့ညီအမမှာ ဆော့ဖော်ဆော့ဖက် ဂွက်ဂွက်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်…. သူ့အဖေက တစ်ဦးတည်းသောသမီး ဂွက်ဂွက်ကို ဘိုမရုပ်ကလေးတစ်ရုပ် ဝယ်ပေးထားတယ်.. သူမက ကျမတို့ မောင်နှမတွေနဲ့ လာဆော့တိုင်း သူ့ဘိုမရုပ်ကလေးကို တကိုင်ကိုင်ပေါ့.. ကျမတို့က သူ့ကို အနွံတာခံပေါင်းသင်းရပီး သူအနိုင်ကျင့်သမျှကို ခံပီး သူ့ရဲ့အရုပ်မကလေးနဲ့အတူ ဆော့ဖို့ ကြိုးစားရတယ်.. သူက စိတ်ပုပ်တဲ့အခါဆို အရုပ်မကို ဆော့နေရင်းတန်းလန်း သိမ်းသွားတတ်တယ်.. သူ့အမေ ခေါ်နေပီးဆိုပီး အရုပ်မကလေးကို လုပီး ထွက်ပြေးသွားတဲ့အခါ ကျမတို့ညီအမတွေရဲ့ မျက်လုံးလေးတွေက သူ့ရဲ့ ဘိုမရုပ်ကလေးဆီမှာ ပါသွားလေရဲ့……

ဘိုမရုပ်နဲ့ မဆော့နိုင်ပေမဲ့ မမဆုဆီမှာ အရုပ်မကတ်ပြားလေးတွေရှိတယ်.. စက္ကူကတ်ပြားလေးတွေ ထဲက အရုပ်မကလေးတွေကို ကတ်ကြေးနဲ့ သေချာကိုက်.. ပီးတော့ အင်္ကျီလေးတွေ.. ဖိနပ်လေးတွေ.. ဦးထုပ်လေးတွေ.. မမဆု သူငယ်ချင်းမလေးက အင်္ကျီလေးတွေ အရုပ်မလှလှလေးတွေ ဆွဲတတ်သေးတယ်.. ဒါပေမဲ့ အဲ့ဒီစက္ကူအရုပ်မလေးတွေက ဘိုမရုပ်လေးလိုတော့ အကြမ်းပတမ်း ဆော့လို့ မရ… ခေါင်းလေးတွေ မခိုင်လို့ စက္ကူကတ်ထူပြားလေးတွေကို အနောက်ကနေ ကော်နဲ့ထပ်ကပ်ပီး လက်ကလေးနဲ့ နုနုရွရွ ကိုင်ပီးမှ ဆော့ရတဲ့ အရုပ်မလေးတွေပေါ့.. မမဆု ဆီမှာ အများကြီးရှိတယ်.. ကတ္တီပါဖိနပ်ဘူးခွံလေးထဲမှာ ထည့်ပီး သိမ်းထားရတယ်.. မမဆုက သူ့အရုပ်မလေးတွေကို ကျမကိုယ်တောင် သိပ်အကိုင်မခံချင်.. အရုပ်မလေးတွေ ကျိုးကြေကုန်မှာစိုးလို့တဲ့.. မမဆုက ပုံတွေပြော ဇာတ်လမ်းတွေဆင်ပီး ဆော့ပီဆိုရင် ကျမက ဘေးက ငုတ်တုတ်ထိုင်ကြည့်ပေါ့…

တစ်နေ့တော့ ဂွက်ဂွက်ရောက်လာခဲ့တယ်.. သူမမှာ ဘိုမရုပ်ကလေးတော့ ပါမလာခဲ့.. သူမရဲ့ မျက်လုံးလေးတွေက ကျမတို့ရဲ့ စက္ကူကတ်ထူ အရုပ်မလေးတွေဆီမှာ ဝဲလို့… မမဆုက စက္ကူအရုပ်မလေးတွေကို သိမ်းလိုက်တဲ့အခါ သူက ဆော့ဖို့ ပြောရဲ့.. ကျမတို့က ခပ်တင်းတင်းပဲ.. ဆော့တော့ဘူးလို့ ပြန်ပြောလိုက်တယ်.. ဒါပေမဲ့ သူက စက္ကူရုပ်မလေးတွေကို ကိုင်ကြည့်နေခဲ့တယ်.. ပီးတော့ သူ့ရဲ့ ဘိုမရုပ်နဲ့ လဲမလားတဲ့... ကျမတို့ညီအစ်မနှစ်ယောက်ရဲ့ ပျော်ရွှင်မှုက အတိုင်းအဆမဲ့.. ဂွက်ဂွက် နင်တကယ်ပြောတာနော် ဆိုပီး ညီအစ်မနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ဖိနပ်ဘူးလေးတွေထဲမှာ သိမ်းထားတဲ့ အရုပ်မလေးတွေကို ဂွက်ဂွက်ကို ဝိုင်းပေးကြတယ်.. ကျမက စေတနာတွေတောင်ပိုလို့. မမဆု သိမ်းထားတဲ့ စာအုပ်ကြားက အရုပ်မလေးတွေတောင် ပေးလိုက်သေးတယ်.. ငါတို့ကို တကယ် ဘိုမရုပ်ပေးရမယ်နော်.. တကယ်နော် ဆိုပီး ဝမ်းသာအားရ… နောက်တော့ ဂွက်ဂွက်က စက္ကူအရုပ်မလေးတွေကို သယ်ပီး ပြန်သွားခဲ့တယ်.. မပြန်ခင် ခပ်တည်တည်မျက်နှာပေးနဲ့ ခနနေ ဘိုမရုပ်ကလေးကို လာပေးမယ်တဲ့လေ.. သူမရဲ့အိမ်က ကျမတို့အိမ်ရဲ့ နောက်တည့်တည့်မှာ….. မျက်လုံးနက်နက်က ပြူးလို့ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ချာခနဲ လှည့်ထွက်သွားတဲ့ ဂွက်ဂွက်ရဲ့နောက်ကျောကို ငေးကြည့်နေရင်း……

နောက်တော့ ဂွက်ဂွက် ကျမတို့ဆီကို ရောက်မလာတော့.. အဲ့ဒီနေ့ တစ်နေကုန်.. နောက်နေ့ တစ်မနက်ခင်း.. ကျမတို့ညီအမနှစ်ယောက် နောက်ဖေးက ဝါးရုံပင်နားကနေ ဂွက်ဂွက်တို့ အိမ်ဖက်ကို ချောင်းလို့ပေါ့.. သူ့အိမ်ကိုလဲ မသွားရဲဘူး.. အမေက အိမ်လည်တာ မကြိုက်.. ဂွက်ဂွက်ကသာ အိမ်မှာလာဆော့တာ.. ကျမတို့က သူတို့အိမ်ကို မသွားစဖူး.. အမေ ဈေးသွားတဲ့အချိန်မှာ ညီအစ်မနှစ်ယောက် ဂွက်ဂွက်နာမည်ကို အော်ခေါ်လို့ပေါ့.. ဂွက်ဂွက်ရေ ငါတို့ အရုပ်မလေးတွေ ပြန်ပေးဟေ့.. ဂွက်ဂွက်က အိမ်ထဲမှာ ပုနေမှာပေါ့.. တစ်ယောက် တစ်လှည့် အသံကုန် အော်နေမိတယ်.. ဂွက်ဂွက်က အိမ်ထဲကနေ ထွက်ကို မလာခဲ့တော့.. ကျမတို့ ဘိုမရုပ်ကို မရတဲ့အပြင် စက္ကူအရုပ်မလေးတွေလဲ မရှိတော့… ညီအစ်မနှစ်ယောက် မျက်ရည်အဝိုင်းသားနဲ့.. ဂွက်ဂွက်နာမည်ကို တကြော်ကြော်အော်ခေါ်လို့…

နောက်တော့ ဂွက်ဂွက်အမေ သိသွားခဲ့တယ်.. ဂွက်ဂွက်နာမည် တကြော်ကြော်ခေါ်နေတော့ သူ့အမေ ထွက်လာခဲ့ပီး ကျမတို့ကို မေးခဲ့တယ်.. ကျမတို့ အရုပ်ကလေးတွေကို သူ့ဘိုမရုပ်ပေးမယ်ဆိုပီး လိမ်သွားတဲ့အကြောင်း သူ့အမေကို တိုင်တာပေါ့.. ဂွက်ဂွက်ကို ရိုက်ပီး ဘိုမရုပ်ကို ပေးလိုက်ဖို့ ပြောတဲ့ အခါ ဂွက်ဂွက်က အသံဗြဲကြီးနဲ့အော်ငိုနေခဲ့တယ်.. အမေ ဈေးက ပြန်လာတဲ့အခါ အမေက ဘိုမရုပ်ကို မယူဘဲ ကိုယ့်စက္ကူအရုပ်ကလေးတွေပဲ ပြန်ယူဖို့ ပြောတဲ့အခါ ကျမတို့ဆီ ပြန်ရောက်လာတဲ့ စက္ကူအရုပ်မလေးတွေက တစ်ဝက်တောင် ပြန်မပါလာတော့.. ပါလာတဲ့ အရုပ်မလေးတွေကလဲ အင်္ကျီတွေက ပြဲ.. ခေါင်းတွေက ပြုတ်.. အဲ့ဒီနေ့က မမဆုက မျက်ရည်စက်လက်နဲ့ အရုပ်မလေးတွေရဲ့ ခေါင်းတွေကို ကော်နဲ့ကပ် ကတ္ထူပြားတွေနဲ့ ကပ်နေခဲ့တယ်.. အမေက ကျမတို့ညီအစ်မကို မဆူတဲ့အပြင် အမေ့ရဲ့မျက်နှာကလဲ မကောင်းခဲ့.. အမေကပါ ကူပီး အရုပ်မလေးတွေကို ကော်နဲ့ကပ်ပေးခဲ့တယ်….

ငယ်ငယ်က ရခဲ့ဖူးတဲ့ ဒဏ်ရာပါ.. လိုချင်ခဲ့မိတဲ့အရာတစ်ခုဟာ ကိုယ်နဲ့အလှမ်းသိပ်ကွာနေတဲ့အခါ ရမယ်ဆိုရင်တောင် အဲ့တာ အတုအယောင် အလိမ်အညာသာဖြစ်မယ်ဆိုတာကို သိနေနှင့်ခဲ့ရမယ်လေ.. ငယ်တုန်းက အသိဥာဏ်ထဲမှာ ဘာကြောင့် လိမ်ရတာလဲဆိုတာကိုပဲ အပြစ်ကြီးတစ်ခုလို တွေးနေမိတယ်.. မရခဲ့ဖူးတဲ့ လိုချင်မိတဲ့ အရာတစ်ခုပါ… ဘိုမရုပ်ကလေးပေါ့…

ကျမတို့က မောင်နှမများပါတယ်.. အထက်မှာ အကိုသုံးယောက် ပီးတော့ မမဆု ပီးမှ ကျမ.. အောက်မှာ မောင်အငယ်လေးဆိုတော့.. ဟိုးအရင်တုန်းက မိသားစုပုံစံအတိုင်းပါပဲ.. အကိုသုံးယောက်ရဲ့ အဝတ်အစားအကျကို မမဆုက ဝတ်ရပီး.. မမဆုရဲ့ အင်္ကျီအကျကို ကျမက ဝတ်ရပါတယ်.. ကျမရဲ့ အင်္ကျီသေးသေးလေးတွေကိုတော့ မောင်လေးကို ပေးဝတ်ပါတယ်.. ဒါပေမဲ့ မောင်လေးက ကုသိုလ်ကံ ကောင်းလှတယ်.. သူက ငယ်ငယ်ကတည်းက အဝတ်အဟောင်းတွေ ပေးဝတ်လို့မရ.. ခန ခန အငိုသန်တော့ကာ သူ့အင်္ကျီလေးနဲ့ သူပါ.. သူက ကုသိုလ်ကံ ကောင်းလှပါတယ်.. လိုချင်တာ မှန်သမျှ လိုတာထက်ကို ပိုရခဲ့တဲ့ မောင်လေးပါ.. ကျမ ချစ်သလို အမြင်လဲ ကပ်လှတဲ့ မောင်အငယ်ဆုံးလေးပါ….

ကျမ ၁ တန်း ၂ တန်း တက်ကာစမှာ အလိုချင်ဆုံးအရာတစ်ခုက ကြိုးသိုင်းဂါဝန်ပါ.. အဲ့ဒီအချိန် တုန်းက ကျမတို့ အရွယ် ကောင်မလေးတွေ ဝတ်လေ့ဝတ်ထရှိတဲ့ ကျောဘက်မှာ ကြိုးနှစ်ချောင်း ရစ်သိုင်းပီး လက်မှာ ဇာအတွန့်လေးတွေ ပါတဲ့ အောက်ဘက် ဂါဝန်က ကားကားလေးနဲ့ ကြိုးသိုင်းဂါဝန်လေးပါ.. ကျမ သိပ်ဝတ်ချင်ပါတယ်.. ဒါပေမဲ့ မမဆုရဲ့ အင်္ကျီအကျက ယောကျာ်းလေး အင်္ကျီသာဖြစ်တော့ ကျမလဲ သိပ်မထူးခြားနားပါပဲ.. တရုတ်ဘောင်းဘီလို့ ခေါ်တဲ့ ဘောင်းဘီတိုပွပွ ပီးတော့ ရှပ်အင်္ကျီလေးတွေနဲ့ ကျမတို့ ညီအစ်မနှစ်ယောက်က မိန်းခလေးဆိုတာထက် ယောကျာ်းလေးတွေနဲ့သာ ပိုတူခဲ့ပီး အကိုသုံးယောက် ကစားသလို ယောကျာ်းလေးလိုသာ ငယ်ငယ်က ကစားခဲ့တာ.. အဲ့တော့ အင်္ကျီဘောင်းဘီကလဲ ယောကျာ်းလေးတွေရဲ့ အင်္ကျီဘောင်းဘီသာဖြစ်နေခဲ့တာ.. ကျောင်းစိမ်းအင်္ကျီက ရှပ်အင်္ကျီအဖြူ.. ဘောင်းဘီက တိုတိုပွပွ.. အဲ့တာတွေက အကိုတွေရဲ့ ကျောင်းစိမ်းပုဆိုးတွေကို ဖြတ်ချုပ်ထားခဲ့တာ.. လိုချင်မိတဲ့ ကြိုးသိုင်းဂါဝန်လေးကတော့ ဝေးနေတုန်း.. ဒါပေမဲ့ အမေ့ကို တစ်ခါမှ မပူဆာဖူးခဲ့.. အမေက ကျမ ဂါဝန်လေး ဝတ်ချင်မှန်းတောင် မသိဘူးထင်ခဲ့တယ်…

ကျမအသက် ဆယ်နှစ်ပြည့်တဲ့ မွေးနေ့မှာ အမေက ကျမအတွက် ကျမအလိုချင်ဆုံး ဂါဝန်လေးတစ်ထည် ဝယ်ပေးခဲ့တယ်.. ဂါဝန်လေးက ပိတောက်ခြောက်ရောင်လေး.. ကြိုးသိုင်းတော့ မဟုတ်ခဲ့.. ဈ ဈေး ဒေါ်အဟုန်ဆိုင်က ဝယ်ပေးခဲ့တဲ့ အဲ့ဒီဂါဝန်လေးက ချစ်စရာလေး.. ကျမက မထိရက် မကိုင်ရက်ခဲ့.. မွေးနေ့မှာ ဝတ်ခဲ့တဲ့အခါ အဲ့ဒီဂါဝန်လေး ဝတ်ထားလို့ ရေအပက်တောင် မခံချင်ခဲ့.. ဂါဝန်လေးကို ရေစိုမှာစိုးလို့… အဲ့ဒီဂါဝန်လေးကို မဝတ်ရက်ခဲ့ဘဲ ဗီရိုထဲမှာသာ ထည့်သိမ်းထားခဲ့တာ.. အချိန်တော်တော်ကြာတဲ့အထိ.. သတိတရရှိရင် အင်္ကျီလေးကို ထုတ်ကြည့်မယ်.. ပီးရင် သေချာပြန်ခေါက်ပီး ဗီရိုထဲ ထည့်သိမ်းထားမယ်.. အဲ့ဒီအင်္ကျီလေးက တစ်ခါ နှစ်ခါသာ ဝတ်ခဲ့ရပီး အသစ်အတိုင်းလေးသာ ဗီရိုထဲ ရှိနေခဲ့တယ်… လိုချင်ခဲ့တဲ့ အရာတစ်ခုကို ကျမ အပိုင်ရခဲ့ပီ.. ရှိနေတယ်ဆိုတာ သိနေရရုံနဲ့တင် စိတ်ထဲမှာ အကျေနပ်ကြီး ကျေနပ်ခဲ့တယ်.. ကျမ လိုအင်ဆန္ဒပြည်ခဲ့ပီ…..

ကျမ အလယ်တန်း တက်ကာစမှာ အလိုချင်ဆုံးက အနီရောင် ကချင်လွယ်အိတ်ကလေး.. ငွေရောင် သတ္တုမောင်းကွင်းလေးတွေ ခြူလေးတွေနဲ့ ကျမ သိပ်လိုချင်ခဲ့တာ.. အဲ့ဒီအချိန်မှာ ကျမရဲ့လွယ်အိတ်ကလေးက စီလွန် အပြာရောင် လွယ်အိတ်ကလေး.. အဲ့ဒီလွယ်အိတ်ကလေးက အရင်နှစ်ကတည်းက အမေ ဝယ်ပေးထားခဲ့တာ.. အခုလိုချင်နေခဲ့တာက ကချင်လွယ်အိတ်ကလေး.. ဒါပေမဲ့ ကျမ မရခဲ့ပါ.. အမေ့ကို ပူဆာပေမဲ့ အမေက နောက်နှစ်မှပဲ လွယ်ပါ သမီးလေးရယ်.. အခု လွယ်အိတ်ကလေးကလဲ အကောင်းလေးပဲတဲ့… ကျမက နှစ်ခါ မပူဆာတော့.. အခု လွယ်အိတ်ကလေးကလဲ လွယ်လို့ရနေသားပဲ.. ကျောင်းက အပြန် ကားစီးရတဲ့အခါ ကျမဘေးက ကျောင်းသူကျောင်းသားတစ်ယောက်လောက်များ ကချင်လွယ်အိတ် အနီရောင်လေး လွယ်ထားတဲ့အခါ သူမသိအောင် သူ့ရဲ့ လွယ်အိတ်ကလေးကို လက်နဲ့ထိကပ်ထားမိတယ်.. ဒီလိုနဲ့ပဲ စိတ်ကျေနပ်ခဲ့တယ်..

လိုချင်ခဲ့မိပါတယ်.. ဒါပေမဲ့ မရမနေ ဆိုတာမျိုး လိုချင်လောဘ သိပ်ပီး ကြီးကြီးမားမား မရှိခဲ့ဖူးတဲ့အတွက် ကျမလိုချင်တဲ့အရာတော်တော်များများကို မရခဲ့တာ ရှိသလို သူ့ထက် ပိုကောင်းတဲ့အရာတွေကိုလဲ ရခဲ့ဖူးတဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်.. ထားလိုက်ပါလေ.. ကိုယ့်အပိုင် မဟုတ်ခဲ့လဲ သူတစ်ပါးလက်ထဲက ပစ္စည်းကို လိုချင်တပ်မက်မှုမပါဘဲ နှစ်လိုမှုနဲ့ ကိုယ်ကြည့်နေခွင့်ရခဲ့လဲ ကျေနပ်ခဲ့ပါတယ်….

ကျောင်းတက်နေခဲ့တဲ့အချိန် အထက်တန်း.. မှတ်မှတ်ရရ ကျမ ဆယ်တန်းနှစ်မှာ ကျမ အလိုချင်ဆုံး အလိုအပ်ဆုံး အရာကတော့ မျက်မှန်ပါ.. ရှစ်တန်းနှစ်လောက်ကတည်းက ကျမရဲ့ မျက်လုံးတွေက ဝေဝါးနေခဲ့ပီ.. ကျမထင်တာကတော့ ကျမ မမြင်ရပေမဲ့ သူများတွေ မြင်နေခဲ့တာပဲဆိုတဲ့ အတွေးနဲ့ မမြင်ရတဲ့ကိစ္စကို ဘယ်သူကိုမှတောင် အရေးလုပ်ပီး ပြောမနေခဲ့.. ကျမ မြင်ရတဲ့အထိ ကြည့်မယ် မမြင်ရတဲ့အခါ ဘေးက သူငယ်ချင်းစာအုပ်ထဲကနေ ကူးရေးမယ် ဘာအရေးလဲနော့.. ဒီလိုနဲ့ပဲ တစ်နှစ်တစ်တန်း ဖြတ်ကျော်ခဲ့.. ဆယ်တန်းနှစ်မှာတော့ ကျမ မျက်လုံးတွေက သိပ်ဆိုးနေခဲ့ပီ.. ကားနံပါတ်တံဆိပ်ပြားကို သေချာ သည်းသည်းကွဲကွဲမမြင်ရလို့ ခနခန ကားမှားစီးမိတဲ့ အကြိမ်ရေ များလာခဲ့တယ်.. အတန်းထဲမှာဆိုလဲ ရှေ့ဆုံးနီးပါးလောက်က ထိုင်ပီး ကျောက်သင်ပုန်းကို မမြင်ရတော့.. သင်္ချာဆရာမက ဓမ္မဓိဌာန်အဖြေအတွေက် မေးခွန်းတွေ မေးတဲ့အခါ မေးခွန်းလဲ မမြင် အဖြေလဲ မသိဘဲ ရမ်းသန်းပီး A,B,C,D ပြောဖြစ်တဲ့အကြိမ်ရေ များလာခဲ့.. တီဗီကြည့်ရင်လဲ ခေါင်းက တီဗီထဲ ဝင်တော့မတတ်.. အဲ့တော့မှ အမေက ကျမမျက်လုံးကို သတိမူခဲ့တယ်..

မျက်မှန်လုပ်ရမယ် ထင်တယ်ဆိုတာကို ခန ခန ပြောဖြစ်ပေမဲ့ မျက်မှန်က ကျမနဲ့ အလှမ်းကွာနေဆဲ… အဲ့ဒီအချိန်က မြို့သစ်ကလေးမှာ မီးက ခန ခန ပျက်.. ဆယ်တန်းဆိုတော့ ကျမက စာကို ညဥ့်နက်သန်းခေါင် ကျက်ရ မှတ်ရ.. မမဆု ငှားထားတဲ့ ဝတ္ထုစာအုပ်တွေကို ညဘက်မှ စာကြည့်တယ် ဆိုပီး ခိုးခိုးဖတ်ရ… အဲ့လိုလုပ်ရတဲ့အခါ လျှပ်စစ်မီးမလာတော့ မှန်အိမ်မီး အားကိုးနဲ့ ဖတ်ရတော့ မျက်လုံးက မျက်ရည်ပူတွေကျ.. မနက်ဆို မျက်လုံးတွေက ဖူးဖူးယောင်နေခဲ့.. အဲ့ဒီအချိန်မှာ ကျောင်းစာအပြင် ဝတ္ထုစာအုပ်တွေက ကိုယ့်အဖော် ဖြစ်နေခဲ့ပီ.. ဒါပေမဲ့ အဖေက ဆယ်တန်းက အရေးကြီးနေတော့ ကျောင်းစာကိုပဲ အာရုံစိုက် လုပ်စေချင်ခဲ့တဲ့အခါ ကျမက ဝတ္ထုစာအုပ်ခိုးဖတ်ရတိုင်း အစားကို မြန်မြန်ဝါးစားပီး များများမျိုချသလို စာတွေကိုလဲ ဝါးစားသလို ကမန်းကတန်းဖတ်ပီး မျိုမျိုချပစ်ခဲ့ရတယ်.. အပြင်အပ ဗဟုသုတစာအုပ် ဝတ္ထုစာအုပ်တွေ ဖတ်တဲ့အတွက် ကောင်းကျိုးက မြန်မာစာဂုဏ်ထူးထွက်ခဲ့သလို.. ဆိုးကျိုးက ကျမ မျက်လုံးကို ဆိုးဆိုးဝါးဝါး မှုန်ဝါးသွားစေခဲ့တယ်.. တစ်ခု လိုချင်တဲ့အခါ တစ်ခုမရတာ ထုံးစံလို ဖြစ်နေခဲ့တဲ့ သဘောပါပဲ….

ဆယ်တန်းအောင်စာရင်းတွေ ထွက်လာပီးတဲ့နောက်မှာ အဖြစ်ချင်ဆုံး ဗိသုကာကျောင်းသူကြီး မဖြစ်ရတဲ့အပြင် တက္ကသိုလ်တက်ခွင့်လဲ ဆုံးရှုံးခဲ့ပါတယ်.. အဝေးသင်တက္ကသိုလ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရရှိခဲ့တာကတော့ အလုပ်အတွေ့အကြုံတွေရယ်၊ ရလာတဲ့ လုပ်ခလစာနဲ့ ကျမ မျက်မှန်တစ်လက် ဝယ်နိုင်ခွင့်ရယ်ပါ.. ပထမ စစဆုံး မျက်စိစမ်းတဲ့အချိန်က အဝေးသင်တက္ကသိုလ် ဒုတိယနှစ် တက်နေတဲ့အချိန်.. စမ်းတဲ့နေရာက ရဲမျက်မှန်… ကျမ မျက်စိကို ကွန်ပျူတာနဲ့အရင်စမ်းပီး ဆရာဝန်နဲ့တွေ့ရတဲ့အခါ ဆရာဝန်က မျက်မှန်ကို ဘာကြောင့် စောစောစီးစီး မလုပ်ရတာလဲဆိုတာကို အပြစ်တင်ဆုံးမနေခဲ့သေးတယ်..

ပထမဆုံး တပ်ရတဲ့ မျက်မှန်လေးက အညိုရောင်လေး မှန်က ဝိုင်းဝိုင်းလေး.. မျက်မှန်တပ်နေမကျတော့ ကျမ မျက်မှန်တပ်ပီး ခြေထောက်က ယိုင်တိုင်တိုင်.. မူးတူးတူးဖြစ်နေခဲ့… ပထမဆုံး မျက်မှန်တပ်တော့ ရုတ်တရက် ထင်းခနဲ ရှင်းခနဲ လင်းခနဲ ဖြစ်သွားတဲ့ မြင်ကွင်းတွေကြောင့် လန့်ပီး မျက်လုံးရှေ့ကနေ လက်နဲ့တောင် ကာလိုက်မိတယ်… မျက်မှန်လေးကြောင့် မြင်ကွင်းတွေ ရှင်းလင်းခဲ့ပေမဲ့.. နားအနောက်နားမှာ အမြဲ အပူဖုလေးတွေ ထနေခဲ့တယ်.. မျက်မှန်ကိုင်းကြောင့် နှာနုရိုးနာတဲ့အပြင် နားအနောက်ဖက်က အနာလေးတွေရဲ့ ဒဏ်ကိုလဲ မကြာခန ခံရပါတယ်.. အခုတော့ ကျမ မျက်မှန်နဲ့နေသားကျနေခဲ့ပီ.. မနက်မိုးလင်း အိပ်ရာနိုးနိုးချင်း မျက်မှန်ကို စမ်းရတာကိုက အရသာ …..

လိုချင်ခဲ့တာတွေ …. လိုအပ်နေတာတွေ… ရရှိခဲ့တာတွေ… ရခဲ့ဖူးပေမဲ့ သိမ်းရုံ သိမ်းဆည်းခဲ့မိတာတွေ… မရခဲ့ဖူးတဲ့အရာပေမဲ့ သူများတကာတွေ ပိုင်ဆိုင်နေတဲ့အရာတွေကို ငေးရုံ ငေးကြည့်မိတဲ့အခါတွေ… ဒီလိုနဲ့ပဲ ဘဝကို ဖြတ်သန်းနေခဲ့.. လိုချင်ခဲ့တာတွေကို ပိုင်ဆိုင်ခဲ့ဖူးတယ် မပိုင်ဆိုင်ခဲ့ဖူးဘူး ဒီလိုမျိုးတွေ တွေးတောဝမ်းနည်းနေမယ့်အစား ရခဲ့ဖူးတဲ့ အရာလေးတွေအတွက် ကြည်နူးဝမ်းသာဖြစ်မိပီး မရခဲ့တဲ့ အရာတွေကိုတော့ သူ့အတိုင်းလေး ထားခဲ့ရုံပါပဲ… တခါတလေ အမှတ်ရ တမ်းတမိမယ်.. ဒီလိုနဲ့ပဲ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်နေခဲ့ရတာပါပဲ.. ဥပက္ခာတရားလက်ကိုင်ထားလို့ပေါ့ …

အခုအချိန်မှာ အလိုချင်ဆုံးအရာတစ်ခု ရှိပါတယ်.. အဲ့တာကတော့ ကိုယ့်အပိုင်အိမ်လေးတစ်လုံးပါ.. အိမ်လေးကတော့ ဟုတ်ပါတယ်.. တစ်ယောက်တည်း နေမလို့လားလို့ မေးခွန်းတွေ အထုတ်ခံရတဲ့ အခါ မျက်နှာပြောင်တတ်တဲ့ ထုံးစံအတိုင်း အိမ်ရှိရင် နေမယ့်သူက အလိုလိုရောက်လာမှာပေါ့လို့ စပ်ဖြဲဖြဲ ပြန်ပြောမိတယ်.. ဟုတ်တယ် အခုလိုချင်တာကတော့ အိမ်လေးတစ်လုံး ဒါမှမဟုတ် ကိုယ့်အတွက် ဆိုတဲ့ သီးသန့်အခန်းလေးတစ်ခု.. ကိုယ့်အိမ်ကလေးပေါ့.. ညနေ နေစောင်းတဲ့အချိန်တိုင်း အိမ်ပြန်ချင်တဲ့ စိတ်က ဘယ်လိုနေရာ ဘယ်လိုအချိန်မဆို သည်းခြေထိအောင်ကို တိုးဝင်ရောက်လာတတ်တယ်…အဲ့ဒီအချိန်တိုင်း ဝမ်းနည်းမှုက ဒီရေလို မြင့်တက်ခဲ့.. နေညိုရင် မေပျို ငိုချင်တယ်ပေါ့လေ... ကိုယ့်အိမ်ကလေးသာ ရှိနေရင် နေစောင်းတာနဲ့ အိမ်လေးကို ပြန်နိုင်ဖို့ ကြိုးစားမယ်.. အဲ့ဒီအသိတစ်ခုတည်းနဲ့ပါပဲ…

ဘဝမှာ လိုချင်ခဲ့တာတွေ… လိုအပ်နေတာတွေ.. အလိုရှိခဲ့တာတွေ.. လိုချင်ပေမဲ့ မရနိုင်တော့တာတွေ အကြိမ်ကြိမ်အခါခါ ကြုံခဲ့ဖူးပါတယ်.. လိုချင်တယ်ဆိုတဲ့ စိတ်ကလေးတော့ ရှိနေတယ်.. ရလာမယ့် အချိန်ကိုလဲ မျှော်လင့်နေမိပါတယ်.. ဒါပေမဲ့ အခု မရသေးတာကိုတော့ ကိုယ် ဘာတတ်နိုင်ဦးမလဲ.. ကံကို ယုံပီး ဆူးပုံမနင်းပေမဲ့ ကိုယ့်မှာ ဝီရိယရယ် ဥာဏ်ရယ် မျှော်လင့်ချက်ရယ် ရှိတယ်လေ..

တစ်နေ့နေ့တော့......

ပြည့်စုံ
(၂၇-၄-၂၀၁၀၊ ၁၁း၃၀ pm)

Sunday, April 11, 2010

ဘူတာစဉ် ၂၆

နေ့လေးတစ်နေ့ပေါ့.. ကလေးလေးတစ်ယောက် လက်အစုံကို မြှောက် ခြေထောက်တွေကို စုံကန်ပီး လောကကြီးထဲ ဂျွမ်းထိုးမှောက်ခုံ ဝင်ရောက်ခဲ့တယ်လေ.. အဲ့ဒီသင်္ကြန်အခါတုန်းက ရက်ထပ်တဲ့နှစ်မို့ သင်္ကြန်ရက်က ရက်တစ်ရက် ထပ်တိုးခဲ့တာ.. အဲ့ဒီနေ့က မှတ်မှတ်ရရ ဧပြီလ ၁၂ ရက် သင်္ကြန်အကြိုနေ့တဲ့လေ….

မနက်ခင်း နေတက်ရေတက်မှာ ဖွားမြင်ခဲ့တဲ့ အဓိပတိဖွား ကြာသပတေး သမီးလေးတဲ့… အေးအေးချမ်းချမ်း ဘဝတစ်လျှောက်လုံး ပြည့်ပြည့်စုံစုံ နေစေချင်တဲ့စိတ်နဲ့ အမေက နေ့နံမကိုက်ပေမဲ့ ကိုယ့်ဘဝအတွက် နာမည်နာမတစ်ခု ပေးအပ်ခဲ့တယ်…

ဘဝက ပကာသနမဖက်ပေမဲ့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့တယ်.. မောင်နှမ ခြောက်ယောက်.. ရိုးသားတဲ့ မိဘနှစ်ပါးရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ မိန်းခလေးက နည်းနည်းတော့ မာနကြီးတတ်ခဲ့တယ်..

အငိုအရီနည်းပီး စကားပြောချိန်နောက်ကျခဲ့တဲ့ ကလေးလေးက အမေကိုလဲ ဒုက္ခမပေးခဲ့ဖူးဘူးတဲ့.. ထားတဲ့နေရာနေ ကျွေးတဲ့ အစာ စားပီး အေးဆေးတဲ့ ကလေးလေးက သုံးနှစ်အရွယ်မှာ ဆင်ဝက်သတ်ပေါက်ပီး ပစ်ရမလို အဖျားကြီးပီး.. မိဘကို ပူပန်ဆင်းရဲဖြစ်စေခဲ့ဖူးတာလေးပါပဲ..

အခုတော့ စကားက များ ဆင်ခြေတွေက ကန်.. ဂျစ်တီးဂျစ်ကန်.. အငြင်းအခုန်ကလဲ သန်သေး.. ပြောလိုက်ရင် ပေစောင်စောင်နဲ့ စကားပြောချင်သလို မပြောချင်သလိုကလဲ လုပ်တတ်သေး.. အဲ့ဒီအမှုတွေနဲ့ပဲ လူအမြင်ကပ်ပေါင်းလဲ များပီ.. အခုအထိကို ပြင်ချင်စိတ်မဝင်သေး.. တရားကား ဟော၏ တရား မရ ဆိုသလိုပါပဲ…

နေ့ရက်တွေ တစ်ရက်ပီး တစ်ရက်… မွေးနေ့တွေ တစ်ခုပီး တစ်ခု ဒီလိုနဲ့ပဲ ဖြတ်ကျော်ခဲ့.. .. ဖြစ်ချင်ခဲ့တာတွေ.. မျှော်လင့်ချက်တွေ.. ရင်ခုန်သံတွေ.. ယုံကြည်ချက်တွေ.. ဆုံးရှုံးခဲ့ရမှုတွေ.. သူငယ်ချင်းတွေ.. ဘဝတွေ.. လောကဓံ အနိမ့်အမြင့် ဒီလိုတွေနဲ့ အသက်တမ်းသာ အလျင်အမြန် ကြီးပြင်းလာခဲ့တယ်

တခါတလေတော့လဲ ကိုယ်ပိုင်အသိဥာဏ်တွေနဲ့ တခါတလေတော့လဲ အမေမိဘတွေရဲ့ ဖြစ်စေချင်မှုတွေနဲ့ တခါတလေတော့လဲ ယောင်တောင်ပေါင်တောင် သူများယောင်လို့ အမောင်ယောင်မိတာတွေနဲ့.. ပြဿနာတွေ.. အခက်အခဲတွေ.. ပဋိပက္ခတွေ.. အရှုပ်အထွေးတွေ.. ခြေထိုးတာတွေ.. ခြေချော်လဲတာတွေ.. အိုး အစုံစုံ အဖုံဖုံပါပဲ…

မာနကြီးပီး တစ်ယူသန်စိတ်ကြီးလှတယ်လို့ အမြဲ အထင်ခံရတဲ့ ကျမအတွက်တော့ လူ့သဘာဝရဲ့ အထာတွေနဲ့ ဟန်ဆောင်ပီး ပြုံးပြတတ်ဖို့ မနည်းကျင့်ယူနေရတုန်းပါပဲ… စိတ်အားငယ်တိုင်း အမေကို တပီး အော်ဟစ်ငိုကြွေးနေတုန်းပါပဲ… တခါတလေတော့လဲ ရှိရင်းစွဲအသက်ထက် ဆယ်နှစ်လောက် ပိုကြီးချင်နေခဲ့မိသေးတယ်..

ငယ်ငယ်က ဖတ်ဖူးတဲ့ စာသားတစ်ခုမှာ ပေးပါလို့ တောင်းဆိုတဲ့သူက ငိုပြတာနဲ့တူပီး မပေးနိုင်တဲ့သူကတော့ မပေးနိုင်တဲ့အခါ ပြန်ငိုပြရတတ်တယ်လို့ ဖတ်ခဲ့မိဖူးတယ်.. အဲ့ဒီကတည်းက အဲ့ဒီစာသားကို အရိုးစွဲခဲ့တယ် ထင်ပါရဲ့.. ကိုယ်ကသာ လူမသိအောင် ခန ခန ငိုမိဖူးပေမဲ့ ကိုယ့်ရှေ့မှာ ပြန်ငိုပြမယ့်သူတွေကို တတ်နိုင်သလောက် မျက်နှာလွှဲချင်မိတဲ့အခါ.. လိုချင်တာ လိုအပ်နေတာတွေကို မတောင်းတော့ဘဲ နှုတ်ဆိတ်နေမိရင်း တစ်ခုပီး တစ်ခု ဆုံးရှုံး..…

အရာရာတိုင်းမှာ ကိုယ်က ဖွင့်ဟပြောလိုက်ရင် ရမယ်ဆိုတာ သိပေမဲ့ ပြောမှ သိရမယ့် စကားလုံးတွေထက် အလိုက်တသိ ပေးမယ့် အရာတွေကိုသာ အလေးထားတတ်လွန်းတဲ့အခါ… ရှိရင်းစွဲသံယောဇဉ်တွေမှာ နားမလည်နိုင်မှုတွေနဲ့ တဖြည်းဖြည်း ဝေးကွာရင်း ဒီလိုနဲ့ပဲ အထီးကျန်လာခဲ့တယ်..

ထားလိုက်ပါလေ… ထပ်တိုးလာမယ့် သံယောဇဉ်တွေထက် ထပ်ပိုးလာမယ့် နာကျင်မှုတွေကိုလဲ ကြောက်လှပါတယ်… ဒီလိုနဲ့ပဲ ခိုင်မာတဲ့ သံယောဇဉ်တွေ တစ်ခုပီး တစ်ခု ထပ်တိုးရစ်နှောင်လာခဲ့..

အခုဆို အသက်က ၂၆ နှစ် တင်းတင်းပြည့်ပြန်ပီ.. ကဲ နောက်ထပ် ဘယ်နှနှစ်လောက် ဆက်ရှင်သန်နေနိုင်ဦးမလဲ….

- ကိုယ့်ဘဝ အဆုံးသတ်မရောက်ခင်အချိန်အထိ အမိအဖကို လုပ်ကျွေးပြုစုနိုင်မယ့်သူ ဖြစ်ချင်တယ်..
- မမကြီးကို ကူညီနိုင်မယ့် လက်တစ်ဖက်လောက် ဖြစ်ချင်တယ်..
- ကိုယ့်နာမည်ကို ပြောလိုက်ရင် ‘ဟာ သိတာပေါ့’ ဆိုတဲ့ မကောင်းတာဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် ငါဟာ ငါသာဖြစ်တယ်ဆိုတဲ့အကြောင်း သူများတွေ သိစေချင်တယ်
- ယုံကြည်ချက်တွေနဲ့ ပေါင်းစပ်ထားတဲ့ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို အမြန်ဆုံး ရောက်ချင်နေတယ်.
- စစ်မှန်တဲ့ ဖြူစင်တဲ့ သံယောဇဉ်တရားတွေကို အပိုင်ရချင်တယ်…


နေ့လယ်က အိမ်ကိုဖုန်းဆက်တော့ အဖေက ဖုန်းလာကိုင်တယ်.. သမီးလေးရေ နေကောင်းအောင်နေနော်.. ဘန်ကောက်မှာ အနီတွေ သောင်းကျန်းနေတာ အဖေ အရမ်းစိတ်ပူနေတယ်တဲ့.. အသံကို နဂိုအသံထက် ရွှန်းရွှန်းဝေအောင် အဖေ့ကို စကားတွေ အများကြီးပြောမှ အဖေ စိတ်အေးသွားတယ်.. မွေးနေ့အတွက် အိမ်မှာတော့ အမေက ဘုန်းကြီးတွေကို ဆွမ်းချိုင့်လှုပေးမယ်.. အိမ်နီးချင်းတွေကို မုန့်လုံးရေပေါ် ဝေမယ်တဲ့..

ဒီနှစ်မွေးနေ့လေးက ကျမကို ခံစားချက်တွေ အမျိုးစုံပေးစွမ်းခဲ့တယ်.. ကျမ မျှော်လင့်မထားတဲ့ သူတွေဆီက မွေးနေ့ဆုတောင်းစကားတွေ ကြားခဲ့ရသလို.. ကျမ သိပ်ချစ်တဲ့ အကိုတွေ အမတွေဆီကလဲ ကျမအတွက် မွေးနေ့ဆုတောင်း ပို့စ်လေးတွေ လက်ဆောင်ရခဲ့တယ်.. သူငယ်ချင်းအသစ်လေးတစ်ယောက်လဲ ထပ်ရခဲ့သေးတယ်.. ကျမရဲ့ Facebook Page က Wall မှာ မွေးနေ့ဆုတောင်းတွေ မွေးနေ့ကိတ်မုန့်တွေအတွက်လဲ အရမ်းကျေးဇူးတင်မိတယ်. နောက်ပီး မွေးနေ့ မွေးနေ့နဲ့ ဒီနေ့ မတိုင်ခင်ကတည်းက ကြိုရင်ခုန် ကြိုမျှော်လင့်နေတဲ့သူတွေလဲ ရှိခဲ့ကြတယ်.. ဘုရားရေ ကျမလေ အရမ်းကို ဝမ်းသာကြည်နူးမိတယ်.. ခန ခန မျက်ရည်ဝဲမိသေးတယ်.. ဝမ်းသာလွန်းလို့လေ…

ကျမရဲ့ ချစ်သူငယ်ချင်းလေး ဖြူက ကဗျာလေးတစ်ပုဒ်ရေးပေးတယ်.. သူက ရေးမပေးခင် ကျမကို စုံနေအောင် အင်တာဗျူးတော့တာပဲ.. ကျမက ပြန်နောက်လိုက်တယ်.. အနော့်ကိုများ စလစ်ဘရစ်တီမှတ်လို့ ဗျူးနေတာလား မသိလို့.. အဲ့ဒီအကြောင်းအရာတွေကို အခြေခံပီး သူက ကဗျာလေးတပုဒ် ကျမအတွက် မွေးနေ့လက်ဆောင်ပေးခဲ့တယ်.. နောက်ပီး ကျမရဲ့ဓာတ်ပုံကို photoshop နဲ့ မှန်ဘောင်လေးတွေ လုပ်ပီး ပြင်ပေးခဲ့တယ် ကျေးဇူးပါ ဖြူရေ…

ကျမချစ်တဲ့ အကိုဘရွတ်ခ်ကလဲ ကျမအတွက် အမှတ်တရ ပို့စ်လေးတစ်ပုဒ်ရေးပေးခဲ့တယ်.. သူနဲ့ ကျမနဲ့ လိုင်းပေါ်မှာတွေ့လို့ စကားစမြည်တွေ ပြောဖြစ်တိုင်း အမြဲ စိတ်ပေါ့ပေါ့ပါးပါး ရီမောဖြစ်တာ များတယ်.. တခါတလေ သူက စိတ်လိုလက်ရရှိရင် ပုံပြင်တွေ သီချင်းတွေ စာအုပ်တွေအကြောင်း ပြောပြတယ်.. အမြဲပြောတတ်တဲ့ အကြောင်းက လေလွင့်သူ.. လေလွင့်သူထဲက ညီမလေးကို သိပ်ချစ်တတ်တဲ့ အကိုအကြောင်း.. ပြောတိုင်း မျက်ရည်ဝဲသတဲ့.. နောက် သူက မွေးနေ့လက်ဆောင် သူငယ်ချင်းလေးတစ်ယောက် လက်ဆောင်ပေးသေးတယ်.. မယ်ရာတဲ့ Mirror . မကြေးမုံလေးပေါ့.. ကျေးဇူးတင်ပါတယ်နော်..

ကျမ သိပ်ချစ်တဲ့ ညီအစ်မအရင်းလို အရမ်းချစ်တဲ့ အမ နှစ်ယောက်ဆီက ဖုန်းကော်လ်တစ်ခုလဲ ရခဲ့သေးတယ်.. အလုအယက် စကားတွေပြောနေရင်း ရင်ဘတ်ထဲ အတွင်းပိုင်းနက်နက်ထဲကကို ဝမ်းသာကြည်နူးမိတယ်.. ချစ်တဲ့ ခင်ဆီက မွေးနေ့လက်ဆောင် အနမ်းတွေ အများကြီး ဖုန်းထဲက ရခဲ့သလို ချစ်တဲ့ ခရမ်းလေးက ကျမအတွက် ပို့စ်လေးတစ်ပုဒ် ရေးပေးခဲ့တယ်. ညီမလေးရေ ....ဘုရားသခင်ဆိုတာ တကယ်ရှိပြီး ဖန်ဆင်းခဲ့တာဆိုရင် အနော်လေးက တကယ့် gifted လေးပါ ။
တဲ့.. ကျမကြောင့် ချစ်တဲ့သူတွေ အနည်းဆုံးလေး ပြုံးပျော်သွားတယ်ဆိုရင် ကျမ စိတ်ချမ်းသာပါတယ်.. သူတို့ကြောင့်လဲ ကျမ အမြဲ ပျော်ရွှင်ခဲ့ရဖူးတယ်..

သူတို့ရဲ့ မွေးနေ့လက်ဆောင် စကားလေးတွေ မွေးနေ့လက်ဆောင် ပို့စ်လေးတွေ မွေးနေ့အတွက် အမှတ်တရတွေ ဒါတွေ ဒါတွေဟာ ကျမအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုကြီးပါ.. တကယ့်ကို ကျေးဇူးတင်မိတယ်.. တကယ့်ကိုလဲ ဝမ်းသာကြည်နူးမိတယ်..

ဘဝ ဆိုတာ ခုတ်မောင်းသွားနေတဲ့ မီးရထားတစ်စင်းဖြစ်တယ်ဆိုပါစို့... ကျမက ဘူတာစဉ် ၂၆ ခုကို ဖြတ်ကျော်ခဲ့ပီးပီ.. ကိုယ့်ကို ဖြတ်ကျော်မောင်းနှင်သွားတဲ့ အမြန်ရထားတို့ အစုန်ရထားတို့ အဆန်ရထားတို့လဲ ရှိခဲ့ဖူးရဲ့.. ကိုယ့်ရထားပေါ်မှာ လိုက်ပါလာပီးမှ ကြားဘူတာစဉ်တွေမှာ ကျန်ရစ်ခဲ့တဲ့သူတွေရော.. အခုအထိ လိုက်ပါလာတဲ့သူတွေရော.. ကွမ်းတံတွေး ထွေးချချင်တဲ့သူတွေရော.. ရထားမိုင်းဗုံးထောင်ချင်သူတွေရော… အဖျက်အမှောင့်တွေ ရှိနေနိုင်သလို လာကူတွဲမယ့် ခေါင်းတွဲလေးတွေ.. အနောက်ကနေ လာချိတ်ဆက်မယ့် ရထားတွဲတွေ.. ဒီလို အကြင်နာတရားတွေနဲ့ ကျမရဲ့ ရထားလေးက လမ်းချော်သွားတယ် ဆိုပါစို့.. ကျမကတော့ သံလမ်းရှိသလောက် ရထားကို အတင်းကာရော မောင်းနှင်နေဦးမှာပါပဲ..

ပြည့်စုံ (၁၂-၄-၂၀၁၀)

Thursday, April 1, 2010

ထာဝရ

ထာဝရဆိုတဲ့ စကားလုံးဟာ
ငါ့ရဲ့အဘိဓာန်မှာတော့
ဝေးကွာခြင်းဆိုတဲ့ အဓိပ္ပါယ်အတွက် သပ်သပ်ပဲ
အမှန်တရားရေ
မသိချင်ယောင်ဆောင်ပီး တိတ်တဆိတ်ထောက်ခံပေးပါ

ထာဝရ….
မင်းကိုငါ……
ဒါလဲ ဝေးကွာဖို့အတွက် သပ်သပ်ပဲ

ထာဝရထက်
မင်းကိုငါ….
ဒီလိုနဲ့ပဲ ဝေးကွာခဲ့ကြတယ်…

ကံကြမ္မာ ဇာတ်ဆရာ အလိုကျ
ငါ့ဘဝရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေထဲ
ထာဝရဆိုတာထက်
အသာမရခဲ့ဖူးတဲ့
ဇာတ်ကျောရိုးတွေထဲမှာ
ဝေးကွာခြင်းက ခြေကုပ်မြဲခဲ့တယ်…..

ကနဦး အစ
ထင်ယောင်ထင်မှား အိပ်မက်တွေထဲ
ထာဝရ ဆိုတဲ့ စကားလုံးကိုပဲ
ငါက အသုံးမှားခဲ့သေးတယ်..
ဝေးကွာမြဲ ဝေးကွာလျက်ပဲ….

ချစ်သူရေ
ထာဝရ ဆိုပီး..
ငါရေးခဲ့မိတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းထဲ
တချို့တချို့နေရာတွေက အသံတိတ်လျက်
တချို့တချို့နေရာတွေက အမူအရာတွေ ဆွံ့လျက်
တချို့တချို့နေရာတွေက လူနဲ့နေရာနဲ့ လွဲလျက်
တချို့တချို့နေရာတွေက ခံယူချက်တွေ စွဲလျက်
တချို့တချို့နေရာတွေက ယုံကြည်ချက်တွေ ကွဲလျက်
တချို့တချို့နေရာတွေက ပြင်ဆင်မှုတွေ မွဲလျက်
တချို့တချို့နေရာတွေက မှုန်ရီပြာဝေနေတဲ့ အတိတ်မှာသာ ရှိလျက် ..
လွမ်းခြင်းနဲ့ အတိတ်ပေါင်းစပ်လျက်ရှိတဲ့ အိပ်မက်ထဲ
ချစ်သူရေ တစ်ရက်ထက်တော့ ပိုလွမ်းပေးပါ…

ပြည့်စုံ
(၁-၄-၂၀၁၀၊ ၂း၅၆ pm)