Monday, March 19, 2012

အရင်အတိုင်း



ဦးရေပြားကို ခပ်ဖွဖွ ညင်ညင်သာသာ နှိပ်နယ်နေတဲ့ လက်ချောင်းကလေးတွေရဲ့ အားစိုက်ထုတ်မှုကြားမှာ သူ စီးမျောနေမိတာ.. သေးသွယ်ပေမဲ့ အားပါလှတဲ့ နှိပ်နယ်မှုတွေက သူ့ရဲ့ တင်းကျပ်ခဲနေတဲ့ ဦးနှောက် အာရုံကြောတွေကို ဖြေလျော့ပေးနိုင်တာပဲ.. တနေ့ တနေ့ ဒီလက်ချောင်းလေးတွေရဲ့ အားနဲ့ ဦးခေါင်း ဘယ်နှလုံးစာရဲ့ ဦးရေပြားတွေကို နှိပ်နယ်ပေးရမလဲ..

ပက်လက်လှန် လဲလျောင်းနေရာကနေ သူ့ရဲ့ဦးခေါင်းနောက်မှာ ရပ်နေတဲ့ သူမရဲ့မျက်နှာကို ဇောက်ထိုးမြင်နေရတယ်.. နှာတံဖြောင့်ဖြောင့်စင်းစင်းလေးရဲ့ အထက်က မျက်လုံးလေးတွေကို သူ မမြင်လိုက်ရပေမဲ့ နူးညံ့ ညင်သာတဲ့ စကားသံက အလျင်စလို ထွက်လာခဲ့တယ်..

“ဘာဖြစ်လို့လဲ အကို.. နှိပ်တာ အရမ်းပြင်းသွားလို့လား”

သူ ခေါင်းကို အသာရမ်းလိုက်ရင်း မျက်လုံးကို အသာမှိတ်လိုက်တယ်.. ဒီတလော သူ့ခေါင်းထဲမှာ အလုပ်ပြီး အလုပ်.. စိတ်တွေရှုပ်နေခဲ့တယ်.. မနက်မိုးလင်း မျက်စိနှစ်လုံး ပွင့်ကတည်းက သူ့ရင်ထဲက တင်းကျပ်နေတဲ့ အစိုင်အခဲတွေနဲ့ သူ့ခေါင်းကို လာလာဆောင့်တတ်တဲ့ ပြဿနာတွေကြားမှာ သူ ရင်မောနေခဲ့တာ ကြာပြီ.. ဒီနေ့တော့ သူ ဆက်လက် မခံစားနိုင်တော့ဘူး.. တင်းကျပ်နေတဲ့ စိတ်အတွေးတွေနဲ့ အာရုံကြောတွေက တခုခုကို လိုလိုချင်ချင် တောင့်တမိတော့တာ..

ဆိုင်ကယ်ကို အရှိန်ခပ်ပြင်းပြင်း မောင်းထွက်လိုက်တော့မှ ဆိုင်ကယ်စီးဦးထုပ် မဆောင်းထားတဲ့ ဆံပင်တွေက ကျပ်ကျပ်ခဲခဲနဲ့ လေရှိန်နောက်မှာ သူ့မျက်နှာကိုပါ အရှိန်ပြင်းပြင်း ရိုက်ခတ်နေတော့မှ သူခေါင်းလျှော်ဖို့ သတိရမိတယ်.. မျက်လုံး ကြည်ကြည်ဝိုင်းဝိုင်းလေးနဲ့ စကားသံ မပီတပီ့က သူ့ရင်ကို အရင်တုန်းကလိုမျိုး ခံစားချက်မျိုး ပြန်ရနိုင်မလား.. ဆိုင်ကယ်ကို အရှိန်နဲ့ ပြန်ကွေ့လိုက်ပြီး ဆံပင်ညှပ်ဆိုင်လေးဆီ ဦးတည်မိတော့တာပါပဲ..

ဟိုးအရင်က အတိုင်းပင် သူမက သူ့ကို ခရီးဦးကြိုဆိုမှု ပြုခဲ့တယ်.. ကျန်တဲ့သူတွေကို အနားပေးပြီး သူမကိုယ်တိုင် သူ့ကို ခေါင်းလျှော်ပေးတယ်.. ‘အကို အခုတလော မတွေ့ဘူးနော်.. အလုပ်တွေ ရှုပ်နေလို့လား’ “အင်း” သူ့ရဲ့ မပွင့်တပွင့် အသံနောက်မှာ သူမလေးလဲ စကားသံတိတ်သွားပြီး သူ့ခေါင်းကိုသာ ညင်ညင်သာသာ ဖိနှိပ်ပေးနေခဲ့တယ်..

ဆံပင်ကို ဆီလိမ်းပြီးတဲ့ နောက်မှာတော့ သူက ကျသင့်ငွေကို သူမကို လှမ်းပေးလိုက်တယ်.. သူမက ညင်ညင်သာသာ ပြုံးပြလိုက်ပြီး သူ့ကို နောက်လဲ လမ်းကြုံရင် လာပါဦး အကို.. ကျမ မရှိလဲ ဒီက ညီမလေးတွေ ရှိပါတယ် တဲ့.. သူ ခေါင်းကို ခပ်လေးလေး ညိမ့်ပြလိုက်တော့ သူမလေးက အသာ အယာ ရယ်ပြတယ်..

အတော်အသင့် ပေါ့ပါးသွားတဲ့ စိတ်အစဉ်က ချေးညော်ကင်းသွားတဲ့ ဦးရေပြားကြောင့်လား.. သူမလေးရဲ့ အပြုံးကြောင့်လား.. တခါတလေတော့လဲ တနေရာရာမှာ ကိုယ့်စိတ်ကို ကျေနပ်စေတဲ့ တစုံတရာ ရှိမယ်ဆိုရင် အဲ့ဒီနေရာလေးကို အလွမ်းပြေ ပြန်သွားသင့်တယ် မဟုတ်လား.. နောင် ရောက်ဖို့ အချိန်တော်တော်ကြာဦးမှာဖြစ်ပေမဲ့ ရောက်သွားရင်လဲ အရင်လို ခံစားချက်မျိုး အမြဲတမ်း ပြန်ပေးနိုင်မယ့် နေရာလေး တခု ရှိနေဦးမယ်ဆိုလဲ ဘဝကြီးက နေသာနေသားပဲ…

ကွန်ပျူတာနဲ့ တွဲစပ်ထားတဲ့ မောက်စ်ကို ကလစ်တချက်နှိပ်လိုက်ပြီး နောက်မှာတော့ စောနက ရယ်သံစွန်းထင်းနေတဲ့ အသံဖိုင်က ပိတ်သွားတော့တယ်.. ဒီလိုဆိုတော့လဲ အပြုံးတချက်၊ ရယ်သံ တစွန်းတစနဲ့တင် ရှေ့ဆက်ရမယ့် ဘဝကြီးကို ဖြတ်သန်းဖို့ အားအင်တွေ အလိုလို မွေးရတာပါပဲ.. အရာတိုင်းကတော့ မျှော်လင့်သလို ဖြစ်မလာဘူးပေါ့.. မမျှော်လင့်ထားလဲ ဖြစ်လာနိုင်တဲ့ အိပ်မက်တွေထဲမှာ နောက်ပြန်လှည့်ကြည့်လိုက်တိုင်း သူ့အလိုလို ကျန်နေခဲ့မယ့် အရာတွေ ရှိနေတယ် ဆိုတာနဲ့တင် ပျော်မွေ့သင့်နေပါပြီ.. ဘာမှ ထပ်မလိုစတမ်းပေါ့..

ပြည့်စုံ
19-3-2012, 8:17 pm