Tuesday, March 16, 2010

အရောင်မဲ့ အထ္ထုပ္ပတ္တိ

အမေရေ
ဇာတိမြို့ကလေးမှာ မိုးတွေသည်းနေတဲ့ အချိန်တုန်းက
အဓိပတိဖွား သမီးကို လောကကြီးထဲ အရောက်
အမေ ပို့ဆောင်ပေးခဲ့တယ်နော်
ဖွားရခက်တဲ့ သမီးက
ခြေအစုံပစ် လောကကြီးထဲ ဇွတ်ဝင်ခဲ့တယ်လေ
နီတာရဲ သမီးလေးကိုပိုက်ပီး
အိမ်ခေါင်ရဲ့ မိုးယိုနေတဲ့တိုင်တွေကြား
အမေ ဗျာများနေခဲ့ဖူးတယ်နော်

အမေရေ
ဇာတိမြို့ကလေးကို ခွာပီး မြို့သစ်ကလေးဆီ အလာလမ်းမှာရော
စစ်ကားကြီးပေါ်က ပစ္စည်းထုပ်တွေရဲ့ကြား
အိမ်ဟောင်းလေးက ပစ္စည်းအတိုအထွာတွေနဲ့
ကလေးခြောက်ယောက်လက်ကိုဆွဲ
အမေ အံခဲပီး လမ်းလျှောက်ခဲ့တယ်နော်
လေးတိုင်စင်ဆောက်ထားတဲ့ တဲကလေးနံဘေးမှာ
စိတ်ဓာတ်တွေ အလံထူပီး
အမေ မယိုင်မလဲ အားတင်းနေခဲ့ဖူးတယ်နော်

အမေရေ
မိုးတွေသည်းနေတဲ့ မြေနီလမ်းလေးဘေးကနေ
အမိုးအကာမလုံတဲ့ တောကျောင်းကလေးဆီ
ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့
ခြေချော်လဲသွားစေမယ့် ရွှံ့ဗွက်တွေကြား
စာသင်ဖို့ သွားနေတဲ့
သမီးကလေးရဲ့မိုးကာအဝါလေးကို
တဲအိမ်ကလေးရဲ့ တံစက်မြိတ်ဘေးကနေ
အမေ ရပ်ကြည့်နေခဲ့ဖူးတယ်နော်

အမေရေ
အပျိုဖော်ဝင်စ အရွယ် စကားနည်းတဲ့သမီးက
စိတ်ကူးတွေ အတည်ကြီးတွေး
ဂေါက်တောက်တောက်ဥာဏ်လေးနဲ့
ကတ္တရာပုံးဖက် လေးနက်တဲ့အတွေးတွေ
အရှေ့လဲ မတိုး အနောက်လဲ မရောက်
လူတွင်ကျယ်မလုပ်ဘဲ ခပ်ကုပ်ကုပ်နေခဲ့တုန်းက
စကားနည်းတဲ့သမီးလေး
အမေ့နံဘေးမှာ အားကိုးရာလေးလို့ အမြဲပြောခဲ့ဖူးတယ်နော်

အမေရေ
အရွယ်ရောက်စပြုလာတဲ့ သမီးကလေ
စားဝတ်နေရေး ကူညီဖို့အတွေးနဲ့
လောကရဲ့ ဘဘာဝအထာတွေကို မသိသေးဘဲ
လှေကားထစ်လို အကျော်အတက် အခွအဆင်း
လုပ်ငန်းခွင်ထဲ အစ အဝင်မှာပဲ
လမ်းလျှောက်ရင်း လမ်းပျောက်
စိတ်ကူးတွေ အကုန်နောက်ခဲ့ဖူးတယ်
ချည့်နဲ့နေတဲ့ အတွေးနဲ့ အားငယ်နေတဲ့ သမီးလေးကို
ဒါ ဘဝပဲလို့ အမေ အားပေးခဲ့ဖူးတယ်နော်

အမေရေ
လမ်းပျောက်နေပေမဲ့ လမ်းလျှောက်နေဆဲ သမီးအတွက်လေ
ကျောချင်းကပ်သူငယ်ချင်းရလို့ ကျေနပ်ခဲ့သမျှ
ရင်ချင်းအပ် ခါးကိုဖက်ပီး
နောက်ကျောကို ဓားနဲ့ထိုးသွားတယ် အမေ
အတောင်အလက်မစုံသေးပေမဲ့
အမြင့်ပျံချင်တဲ့ သမီးကလေ
မွေးရပ်မြေကိုခွဲ
စိတ်ကူးတွေထဲ အတောင်ပံတွေ တပ်ခဲ့တုန်းက
အမေက မျက်ရည်ဖုံးပေမဲ့ အပျော်ဆုံးဖြစ်နေခဲ့မှာပါနော်

အမေရေ
သမားရိုးကျ မိန်းမဘဝကို မျှော်လင့်နေမိတဲ့သမီးကလေ
အဖော်မင်ပေမဲ့ မပျော်ရွှင်ခဲ့ရဖူးတဲ့ လူငယ်သဘာဝတုန်းကတော့
လျှော်ပင်လို ဖမ်းဆုပ်ချင်စရာ
ချစ်သူတစ်ယောက် နှလုံးသားထဲ ကောက်ရခဲ့ဖူးပါရဲ့
အခုများကျတော့ရော..
ရစ်နှောင်ထားဖို့ မလိုအပ်ပေမဲ့
လက်ရှိရဲ့ အချစ်ကိုပဲ အရူးအမူးအတွေးနဲ့ ချစ်နေမိဆဲဆိုတာ
အမေများသိရင် အမေ့ထက် ပိုချစ်သူကို ရှာလို့ ဝမ်းနည်းနေမလားနော်

အမေရေ
ခေတ်မီတိုးတက်နေတဲ့ မြို့ကြီးပြကြီးထဲ
သမီးရဲ့ညခင်းမှာ မသာတဲ့ လမင်းကို
မလင်းတလင်း ကြယ်အစင်းရဲ့ အလင်းတွေအားကိုးပီး
အမေ့ရဲ့ ညခင်းမှာ လမင်းသာနေမှာပဲလို့
အားအင်တွေ မွေးခဲ့တယ် အမေ
အများညီ ဤကို ကျွဲမဖတ်ရတဲ့ ထုံးစံတွေထဲမှာ
သမီးကတော့လေ စိတ်ဓာတ်တွေကို ဇွဲအဖြစ်ပြောင်းပီး
အဆင်ပြေတယ်ဆိုတဲ့ သတင်းစကားနဲ့
အမေ သမီးရဲ့သတင်းကြားရရင် ပျော်နေမှာပါနော်

အမေရေ
အမေချက်တဲ့ ထမင်းဟင်းကို လွမ်းနေတိုင်း
အပိုအသိုင်းအဝိုင်းချဲ့ထားတဲ့ ညစာထမင်းဝိုင်းတွေထဲ
သမီးကလေ
အမေ မကြိုက်တဲ့ ခြေလေးချောင်းအသားတွေ
အမေ မကြိုက် ဘုရားမကြိုက်တဲ့ အချိုရည်တွေ သောက်ပီး
အမေရေလို့ စိတ်ကူးထဲ တပီး
အိမ်ပြန်ချင်တယ် ညည်းမိတိုင်း
မျက်ရည်တွေ ညတိုင်းဝိုင်းမိတယ် အမေ
အမေများသိရင် မချိတဲ့အတွေးတွေနဲ့ ဝမ်းနည်းနေမှာနော်

အမေရေ
အသက်ပဲကြီးလာတဲ့ သမီးကလေ
အခုအချိန်ထိတော့ ငယ်ကျင့်စရိုက်တွေ
မပြောင်းလဲသေးဘဲ တွေဝေနေတုန်းပဲ အမေရေ
သံန္နိဌာန်တွေ လေးလေးနက်နက်ချ
ဆုံးဖြတ်ရခက်တဲ့ စကားလုံးလှလှတွေနဲ့
ဘောင်ခတ်ထားတဲ့ အတွေးတွေကိုပဲ တွေးပီး
နှောင်တွယ်နေတဲ့ အဝန်းအဝိုင်းလေးမှာတင်ကို
အခုအထိလေ အိမ်ပြန်ချင်တဲ့ အတွေးတွေ
ဟိုးအမြင့်ကို ထပ်ပျံသန်းချင်တဲ့ အတွေးတွေနဲ့
စိတ်ကူးတွေ နှစ်ခွတွေးနေမိတုန်းပါပဲ အမေ…..

ပြည့်စုံ
(၁၆-၃-၂၀၁၀၊ ၅း၅၈ pm)