Showing posts with label ကဗျာမပီ စာမပီ၊ ရင်ပွင့်သံ. Show all posts
Showing posts with label ကဗျာမပီ စာမပီ၊ ရင်ပွင့်သံ. Show all posts

Tuesday, July 13, 2010

အိမ်



အသစ်ရောက်လာမယ့်နေ့တွေနဲ့
ကုန်လွန်ခဲ့တဲ့နေ့တွေရယ်
ဘယ်လိုအချိန်တွေဖြစ်ဖြစ်
အိမ်ကိုအရောက်ပြန်ချင်ခဲ့ပြီ

လောကကြီးရဲ့အလယ်
လူတွေအများကြီးရဲ့ အလယ်
အထီးကျန်မှုတွေနဲ့အသားကျနေခဲ့ ငါ
အခု အိမ်ပြန်ချင်ခဲ့ပြီ

လွမ်းတယ် လွမ်းတယ်..
မင်းသိနေတဲ့ငါ့အလွမ်းတွေရယ်..

အဆင်ပြေပါစေ အချစ်ရယ်..
ငါ့အတွက်တော့ မပူနဲ့..
ဒီလိုအလွမ်းတွေနဲ့သာ စာလွှာတွေ ပါးခဲ့လိုက်တယ်
ခံစားမှုတွေ အကုန်လုံးပြည့်စုံလိမ့်မယ်လို့
မမျှော်လင့်ရဲခဲ့ဘူး အချစ်ရယ်
ငါ့အလွမ်းတွေကို စာတိုက်ပုံးကလေး သိပါစေ..

ဟော နောက်ထပ်လေယာဉ်တစ်စင်း
နောက်ထပ် နေတစ်စင်း
အရာရာအဆင်ပြေခြင်းတွေ ရှိနေလဲ
အခု အိမ်ပြန်ချင်ခဲ့ပြီ
အိမ်ကိုအရောက်ပြန်ချင်ခဲ့ပြီ…..

အိမ်ပြန်ခွင့်ပြုပါ
အိမ်နဲ့အဝေး….မင်းရဲ့အဝေး
အခုတော့ အဝေးကိုရောက်နေခဲ့ပြီ
အိမ်ပြန်ပါရစေ

သူစိမ်းတစ်ယောက်လိုပဲ
ခံစားခဲ့ရတာ ကြာလှပေါ့
လမ်းအသစ်ကို လျှောက်ဖို့
ခြေတစ်ဖက် စနင်းခဲ့တဲ့အချိန်မှာတောင်
ငါ့ဘေးမှာ မင်းမရှိနေခဲ့ဘူး

သိနေတယ် သိတယ်လေ..
ဒါတွေဟာ မင်းရဲ့အိပ်မက်တွေ မဟုတ်ကြောင်း
မင်းရဲ့ ယုံကြည်မှုတွေထဲမှာတောင် ငါသိနေခဲ့….

လမ်းအသစ်တစ်ခု လျှောက်ခဲ့တယ်
နောက်တစ်ဆောင်းအသစ်ပေါက်ခဲ့တယ်
အချိန်တွေ နေရာတွေ ဝေးဝေး
တဖြည်းဖြည်း ဝေး………
ဘယ်လိုနေရာတွေ ဝေးဝေး
အခု အိမ်ပြန်ချင်ခဲ့ပြီ
အိမ်ပြန်ပါရစေ…

လောကကြီးရဲ့အလယ်
လူတွေအများကြီးရဲ့ အလယ်
အရာရာဟာ အထီးကျန်နေဆဲ
လွမ်းနေတုန်းပဲ အချစ်ရယ်
ငါ အိမ်ပြန်ပါရစေ

လွမ်းတယ် လွမ်းတယ် ..
မင်းသိနေတဲ့ငါ့အလွမ်းတွေရယ်..

အိမ်ပြန်ပါရစေ..
လျှောက်ခဲ့ရမယ့် လမ်းတွေနဲ့
ပြီးဆုံးခဲ့တဲ့ တာဝန်တွေအပြီး
အိမ်ပြန်ဖို့ အသင့်ဖြစ်နေတဲ့ ခြေထောက်တွေနဲ့
အိမ်ပြန်တော့မယ်

အိမ်ပြန်ပါရစေ..

အရာရာပြီးဆုံးခဲ့တဲ့နောက်
အခုဒီညရဲ့ အိမ်အပြန်လမ်းတစ်လျှောက်
ငါ့ရဲ့ခြေထောက်တွေ မြူးတူးနေခဲ့
အခုကိုပဲ ငါ .. ဒီညတော့
အိမ်ပြန်ရောက်ဖို့ နီးနေခဲ့ပြီ…
အိမ်ပြန်တော့မယ်..

ပြည့်စုံ
(၁၃-၇-၂၀၁၀၊ ၄း၄၇ pm)

(အိမ်ကိုလွမ်းနေတဲ့အချိန် Micheal Buble ရဲ့ HOME သီချင်းကို နားထောင်ရင်း ဘာသာပြန်မိတာပါ. ကာရံမိအောင် ဘာသာပြန်ထားမိတဲ့ အလွဲတွေအတွက် ဖြည့်စွက်ခံစားပေးပါလို့ :P)

Thursday, April 1, 2010

ထာဝရ

ထာဝရဆိုတဲ့ စကားလုံးဟာ
ငါ့ရဲ့အဘိဓာန်မှာတော့
ဝေးကွာခြင်းဆိုတဲ့ အဓိပ္ပါယ်အတွက် သပ်သပ်ပဲ
အမှန်တရားရေ
မသိချင်ယောင်ဆောင်ပီး တိတ်တဆိတ်ထောက်ခံပေးပါ

ထာဝရ….
မင်းကိုငါ……
ဒါလဲ ဝေးကွာဖို့အတွက် သပ်သပ်ပဲ

ထာဝရထက်
မင်းကိုငါ….
ဒီလိုနဲ့ပဲ ဝေးကွာခဲ့ကြတယ်…

ကံကြမ္မာ ဇာတ်ဆရာ အလိုကျ
ငါ့ဘဝရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေထဲ
ထာဝရဆိုတာထက်
အသာမရခဲ့ဖူးတဲ့
ဇာတ်ကျောရိုးတွေထဲမှာ
ဝေးကွာခြင်းက ခြေကုပ်မြဲခဲ့တယ်…..

ကနဦး အစ
ထင်ယောင်ထင်မှား အိပ်မက်တွေထဲ
ထာဝရ ဆိုတဲ့ စကားလုံးကိုပဲ
ငါက အသုံးမှားခဲ့သေးတယ်..
ဝေးကွာမြဲ ဝေးကွာလျက်ပဲ….

ချစ်သူရေ
ထာဝရ ဆိုပီး..
ငါရေးခဲ့မိတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းထဲ
တချို့တချို့နေရာတွေက အသံတိတ်လျက်
တချို့တချို့နေရာတွေက အမူအရာတွေ ဆွံ့လျက်
တချို့တချို့နေရာတွေက လူနဲ့နေရာနဲ့ လွဲလျက်
တချို့တချို့နေရာတွေက ခံယူချက်တွေ စွဲလျက်
တချို့တချို့နေရာတွေက ယုံကြည်ချက်တွေ ကွဲလျက်
တချို့တချို့နေရာတွေက ပြင်ဆင်မှုတွေ မွဲလျက်
တချို့တချို့နေရာတွေက မှုန်ရီပြာဝေနေတဲ့ အတိတ်မှာသာ ရှိလျက် ..
လွမ်းခြင်းနဲ့ အတိတ်ပေါင်းစပ်လျက်ရှိတဲ့ အိပ်မက်ထဲ
ချစ်သူရေ တစ်ရက်ထက်တော့ ပိုလွမ်းပေးပါ…

ပြည့်စုံ
(၁-၄-၂၀၁၀၊ ၂း၅၆ pm)

Monday, November 16, 2009

အသားဓာတ်

ညီလေးရေ
မင်းမမေ့သေးတဲ့ ငါတို့ရဲ့မှတ်ဥာဏ်တွေ
ရင်ဘတ်ထဲ လတ်လတ်ဆတ်ဆတ်ကြီးရှိသေးတယ်
မျက်နက်ဝန်းလေးနဲ့ မင်းအပြုံး
ယုံကြည်မှုတွေနဲ့ လင်းလက်နေတုန်းကပေါ့
တို့တတွေ အသားဓာတ်အာဟာရတွေနဲ့
လက်တွေကို ခိုင်ခိုင်တွဲ
မနက်ဖြန်များစွာအတွက် အားသစ်တွေ မွေးခဲ့ဖူးတယ်

ညီလေးရေ
ငါတို့တွေ ထူးအိမ်သင်ရဲ့သီချင်းတွေ သီဆိုခဲ့ကြတယ်
အိမ်ရှေ့က ဝရန်တာလေးမှာ မအိပ်ဘဲ အသိပညာတွေ ဖလှယ်ခဲ့ကြတယ်
ကစားနည်းမျိုးစုံထဲ အောင်ပွဲရတဲ့အထိ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြတယ်
အောင်ပွဲတွေ အလီလီရတော့ လက်ခုပ်သံတွေနဲ့ ပျော်မြူးခဲ့ကြတယ်
ထမင်းစားဝိုင်းတွေမှာ လက်ရည်တစ်ပြင်တည်း မြိန်ရေယှက်ရေ စားခဲ့ကြတယ်

ညီလေးရေ
နာဂစ်မုန်တိုင်းအပီး မင်းတို့စောင်တွေ ရေလျှော်ပစ်တယ်ကြားတုန်းက ဟားတိုက်ရီမောကြတယ်
အိမ်ဘေးက သရက်ပင်ကြီးလဲသွားတော့ ချဉ်စုတ်စုတ် သရက်သီးတွေ စားခဲ့ကြတယ်
နပ်တစ်လှည့် ပြတ်တစ်လှည့် ညစာတွေထဲ ဗယာကြော်နဲ့ နှစ်ပါးသွားခဲ့ကြတယ်
လက်ဖက်ရည်တစ်ခွက်နဲ့ မနက်စာ အနပ်တွေကို လဲခဲ့ဖူးတယ်
ကားခတွေ ဈေးကြီးလို့ ရထားချိန်ကို နောက်ကျခံပီး စောင့်ဆိုင်းဖူးတယ်
ချစ်သူထားချင်ပေမဲ့ အပျော်တွေချည်း မပေးနိုင်လို့ အဆွေးသမားဘွဲ့ခံယူဖူးတယ်

ညီလေးရေ
ကော်ဖီဖျော်တိုင်း လက်ညိုးတစ်ချောင်း အမြဲထောင်တတ်တာ အမှတ်ရတယ်
အရာရာ လူကြီးဆန်ပီး စေ့စပ်ညှိနှိုင်းတတ်တဲ့ ငါ့ညီလေးကို သတိရတယ်
နှုတ်ခမ်းထူပြည့်ပြည့်လေးနဲ့ သားကလေလို့ အမြဲပြောတတ်ခဲ့တာ အောက်မေ့မိတယ်
သတိရခြင်းရဲ့ အခြားတစ်ဖက် ဟိုမှာဘက်မှာ မှောင်မည်းတိတ်ဆိတ်မှုတွေချည်း ရှိနေနိုင်မလား
မြူတွေနဲ့အုံ့ဆိုင်း မှုန်မှိုင်းနေတဲ့ ကမ္ဘာတစ်ဖက်မှာ မင်း ဘုရားစာရွတ်နေမလား
ရာသီဥတု မကြည်လင်ဘဲ တောခွေးအူသံတွေကြားရင် မင်း ကြောက်နေမလား
ကံကြမ္မာဆိုတာ ကြံကြံဖန်ဖန်ဖြစ်တတ်တဲ့တရားတွေပါလို့ ပြောရင် မင်း ရီနေမလား

ညီလေးရေ
အိပ်မက်မြစ်ရဲ့ ကမ္ဘာတစ်ဖက်ခြားမှာ မင်း အားတင်းထားပါဦး
မင်းကြားချင်တဲ့ စကားလုံးတွေ ပြောနိုင်ဖို့
ငါတို့ရဲ့အားအင်တွေကို ထပ်တိုးလိုက်မယ်
ဟိုမှာ ကမ္ဘာတစ်ဖက်ခြားမှာ မင်း စိတ်မပျက်စေရပါဘူး
မင်းထားခဲ့တဲ့ မင်းမက်ခဲ့ဖူးတဲ့ အိပ်မက်တွေနဲ့
မင်းတပ်မက်ခဲ့တဲ့ မင်းရဲ့မျှော်လင့်ချက်တွေအတွက်
တို့တတွေရဲ့ အသားဓာတ်တွေနဲ့ အားတက်စေရပါမယ်

ပြည့်စုံ
(၁၆-၁၁-၂၀၀၉၊ ၁း၀၀ am)

(ကိုထူးအိမ်သင်ရဲ့ ညီလေးရေ သီချင်းကို နားထောင်ရင်း သတိရမိတဲ့ မောင်ငယ်လေးတွေအတွက် ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ.. သူတို့အကြောင်းကို လူငယ့်အတွေးပို့စ်မှာ ဖော်ပြထားပါတယ်ရှင်)

Thursday, September 24, 2009

အစမ်းသပ်ခံ

စိတ်မကောင်းဘူးး
တစ်ကိုယ်ထီးတည်း သင်းကွဲသွားရတဲ့အခါ
စိတ်မကောင်းဘူး
ငါ့ရင်ထဲမှာ နာကျင်သွားတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ နာကျင်မှုတွေ တိုးသွားတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ ယုံကြည်မှုတွေ အပွန်းပဲ့ခံရတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ သွေးတွေ ရဲရဲနီမနေတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ ခင်မင်မှုတွေ ပျက်ပြားသွားတာ
စိတ်မကောင်းဘူး
ကွာခြားမှု ရုတ်တရက်ကြီးမားသွားတာ
စိတ်မကောင်းဘူး
ဖြေရှင်းလို့ ရတဲ့ ပြဿနာမဖြစ်ခဲ့တာ
စိတ်မကောင်းဘူး
ဘာမဟုတ်တာလေးလို့ အယူဆခံရတာကို
စိတ်မကောင်းဘူး
ငါတို့တွေရဲ့ နှလုံးသားတွေ အစမ်းသပ်ခံရတာ
စိတ်မကောင်းဘူး
လုံလောက်တဲ့ အသိပညာတွေ ရှိမနေတာ
စိတ်မကောင်းဘူး
ဝေမျှခံစားတတ်တဲ့ နှလုံးသားတွေ ပျောက်ဆုံးသွားတာ
စိတ်မကောင်းဘူး
လမ်းတစ်ဝက်မှာ နှုတ်ဆက်လိုက်ရတာ
စိတ်မကောင်းဘူး
အားစိုက်ထုတ်လိုက်ရတဲ့ နှလုံးသွေးတွေ ယိုစီးကျကုန်တာ
စိတ်မကောင်းဘူး
ဖြစ်သင့်တာထက် ဖြစ်ကုန်တာက ပိုများသွားတာကို
စိတ်မကောင်းဘူး
ဘယ်လိုပဲပြောပြော စိတ်မကောင်းဘူး

ပြည့်စုံ