Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts

Sunday, January 22, 2012

အလင်းပျောက်ခဲ့သူ

ဝရံတာ အစွန်းပိုင်း အမှောင်ရိပ်ကျနေတဲ့ နေရာနားမှာ တကိုယ်လုံးကို ကပ်ထားမိတယ်.. အနည်းဆုံးတော့ အဲ့ဒီ အမှောင်ရိပ်အောက်မှာ နေခွင့်ရနေတာကို ကျေးဇူးတင်ရမလို.. ပူပန်ချင် ယောင်ဆောင် ရတာတွေလဲ နောက်ဆုံးတော့ ထူးမခြားနား ဇာတ်ပဲ ဆက်ကနေတာ မဟုတ်လား..

‘ဖုန်းလဲ ဆက်လို့မရဘူး.. ဧရိယာပြင်ပပဲ ရောက်နေတယ် ပြောတယ်.. ဒီကောင်ဟာ ဒီအချိန်အထိတောင် ဘယ်သဝေထိုးနေတယ် မသိဘူး.. ငါတော့ သေချင်တော့တာပဲ.. သူ့အဖေနဲ့ ကလဲ တရန်ပါပဲ..’

တတွတ်တွတ် ရွတ်နေတဲ့ ယောက္ခမ အမကြီးရဲ့ အသံကို ဝရံတာဘောင်ပေါ်ကနေ လမ်းထိပ်ကို မျှော်ကြည့်နေရင်း တချက် နားစွင့်လိုက်တယ်.. လမ်းအချိုးကွေ့လေးကို ကျော်မှ သူမတို့ တိုက်ခန်းဆီ ရောက်လာမှာ ဆိုတော့ မီးရောင်လဲ့လဲ့မြင်ရင် ကိုကိုများ ပြန်လာပြီလား လို့ မသိမသာ မျှော်နေမိတာ ပါပဲ..

အရင်တုန်းကတော့ အေးတိအေးစက် နိုင်တယ်လို့ ကိုကို စွပ်စွဲခဲ့ဖူးတဲ့ မိန်းမတယောက်ဟာ အခုတော့ အေးခဲနေတာမဟုတ်ဘဲ ခံစားချက်တွေ သေဆုံးနေတာလို့ ပြောရင် ကိုကိုက ဟားတိုက်များ ရီမလား..

‘မင်းဟာ လူမှ မဟုတ်ဘဲကွ.. စက်ရုပ်ပဲ.. ငါ့ကို လက်ထပ်လိုက်ရလို့ မင်း ဝမ်းနည်းနေတာ မဟုတ်လား နုနုထွေးရဲ့..မင်းကို ဘယ်တော့မှ ငါ ကွာရှင်းမပေးဘူး.. ငါစိတ်ဆင်းရဲရသလို မင်းလဲ စိတ်ဆင်းရဲစေရမယ်.. အဲ့တာ ငါ့ကျိန်စာ .. မင်း တသက် မှတ်ထား’

ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို အလန့်တကြား လက်ဖဝါးနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်တယ်.. ဒီနေရာက တဖဝါးမှ မခွာချင်ဘူး.. ကိုကိုလာရင် တံခါးဖွင့်ပေးဖို့ ကြိုးစားရမယ်.. ဝတ္တရား ရှိတဲ့အတိုင်း ထမင်းစားပြီးပြီလား.. ဒါမှမဟုတ် ရေချိုးမလား မေးရမယ်.. ဝတ္တရားရှိတဲ့အတိုင်း အိပ်ရာဝင်ရမယ်.. ဒါ သူမ ရွေးချယ်ခဲ့တဲ့ ဘဝ..

နောင်တ မရခဲ့ဘူးလား လို့ တပါးသူ မေးမှာထက် ကိုယ့်ကိုယ်ကို ပြန်မေးရမှာကို သေရမှာထက် ကြောက်မိတယ်.. ရွေးချယ်မှုတိုင်းမှာ ၂ ခု ဒါမှမဟုတ် ဒီ့ထက်ပို များများစားစား ရှိနိုင်မလား.. သူမအတွက် ရွေးချယ်ခဲ့တာဆိုတာ ခေါင်းညိတ်ခဲ့တာ တခုပင်.. ရွေးချယ်စရာဟာ ဒါမဟုတ်ရင် ဒါပါပဲ.. ရွေးချယ်ခွင့် ရခဲ့တယ်လို့ လူရီချင်စရာ ဟာသလုပ် ပြောခွင့်ရချင်ခဲ့တာ..

အရင်တုန်းက နုနုထွေး ဆိုတာဟာ တခြားကမ္ဘာက ဂြိုလ်သားအသွင်.. ပြောင်းလဲခဲ့ပါပြီ..

‘အမေ အိပ်ချင် အိပ်လေ.. သမီး ဆက်စောင့်လိုက်ပါမယ်..’

ယောက္ခမ အမကြီးက စိပ်ပုတီးကို လက်မှာ ပတ်လိုက်ပြီး ဆက်တီခုံလက်ရန်းကို အားပြု ထရပ်လိုက်တယ်..

‘အေး အမေ ခဏလှဲလိုက်ဦးမယ်.. ပြန်လာရင်လဲ စကား များမနေနဲ့တော့.. အဖေကြီး အကြောင်းလဲ နည်းနည်းပါးပါး သတိပေးလိုက်ဦး၊ မနက်ကျရင်တော့ ပူညံပူညံ အသံတွေ ကြားရပါဦးမယ်’

အဖေက သူမကို သနားလို့ မနက်မိုးလင်းတာနဲ့ ကိုကိုနဲ့ ဆူညံပူညံဖြစ်တာဟာ ထုံးစံလို ဖြစ်နေပြီ.. ဒီနေ့ ၁၀ နာရီဟာ နောက်ကျတယ် ဆိုရင်.. မနက်မိုးလင်း ဆူညံသံကြားရပြီးတာနဲ့ ကိုကို့ အိမ်ပြန်ချိန်ဟာ ၁၁ နာရီဖြစ်ခဲ့ပြီ.. ဒီလိုနဲ့ အချိန်တွေဟာ နောက်ကျသထက် ကျလာခဲ့တယ်..

အခုတော့…

‘ဟုတ်တယ်.. အဲ့ဒီ မိန်းခလေးဟာ မင်းထက်တော့ ငါ့ကို ပိုပြီး အသက်ဝင်စေတယ်.. ငါရှိနေတယ်ဆိုတဲ့ အသိကို သူက အသိအမှတ်ပြုတယ်.. အေးတိအေးစက် မဆက်ဆံဘူး.. မင်း နားလည်လား.. မင့်ထက်’

‘တော်ပါတော့ ကိုကို.. တော်ပါတော့.. ဒီလောက် နှိပ်စက်ရ တော်ပါတော့..’

‘ဘာကွ မင်းကို ကွာရှင်းပေးရမယ် ဟုတ်လား၊ ကွာရှင်းဖို့အတွက် မင်းကို လက်ထပ်ခဲ့တာ မဟုတ်ဘူး..

မနက်ခင်းက ရန်ပွဲမှာ သွေးတစက်စက်ကျနေတဲ့ ကိုကို့လက်ဖဝါးကို အောက်ငုံ့ထားတဲ့ မျက်ဝန်းတွေက တဆင့် ကြည့်နေမိတယ်.. ကိုကို့ရဲ့ လက်အနာက မြင်သာတယ် ဆိုရင်တောင် နုနုထွေးရဲ့ ရင်ဘတ်ထဲက နှလုံးသားက သွေးတစိမ့်စိမ့် ယိုကျနေတာကို မမြင်သာတော့တာ အမှန်ပါ…

ဝရံတာဘောင်ကို တကိုယ်လုံး အားပြုပြီး မှီရပ်လိုက်တယ်.. ဆက်လက် အားပြုဖို့အတွက် အားအင်တွေ ပေးပါဦး.. ဒီလိုမျိုးပဲ မှောင်မိုက်တဲ့ ညတစ်ညမှာ လွဲချော်ခဲ့တဲ့ ကံကြမ္မာက သူမကို ဒီ့ထက် မှောင်တဲ့ အမှောင်တွေဆီကို တွန်းပို့ခဲ့တာပဲ မဟုတ်လား..

မျက်ရည် စို ငိုခဲ့ရဖူးတဲ့ ချစ်ဦးသူကို အခုအချိန်အထိ မမေ့သေးဘူးလို့ .. အဲ့ဒီလို အထင်တွေကို ဘယ်တော့များမှ ချေဖျက်ခွင့်ရပါတော့မလဲ…. ထားလိုက်ပါတော့လေ.. ဒါ သူမရဲ့ကံကြမ္မာပါပဲ..

မီးရောင်စူးရှရှ မြင်တော့ နှလုံးသားက လှိုက်ခနဲ ထခုန်သွားတယ်.. တက္ကစီကားက သူမတို့တိုက်ခန်းရှေ့ကို ထိုးရပ်လိုက်ပေမဲ့ ဆင်းလာတဲ့သူကတော့ ကိုကို မဟုတ်ခဲ့..

နာရီလက်တံ တချက်ချက်က သူမကို အချက်ပေးနေသလိုပင်.. ဒီနေရာမှာ ရပ်နေတာ အချိန်ဘယ်လောက်ရှိနေခဲ့ပြီမှန်း သူမ မသိတော့.. ဘာကိုမှ မသိချင်တော့.. ညောင်းချိနေတဲ့ ခြေထောက်တွေနဲ့ ပင်ပန်းနေပြီဖြစ်တဲ့ စိတ်ဒဏ်ရာတွေ အကြားမှာ ဘယ်အရာဟာ ပိုအလေးသာသလဲ.. အခုအချိန်မှာ မချိန်စက်ချင်တော့..

အိမ်ပြန်နောက်ကျနေတဲ့ လင်သားတစ်ဦးကို စောင့်ရတာဟာ သူများတွေ အသိမှာ သနားကရုဏာ သက်စရာနော်.. အလည်ကျူးနေတဲ့ အိမ်ကို ပြန်မလာချင်တော့တဲ့ လင်သားကို ပေတေပြီး စောင့်ရတဲ့ သူမ အဖြစ်ကို မဲ့ပြုံးတချက် ပြုံးမိလိုက်တယ်..

‘မင်းက သနားစရာ သူတော်ကောင်းမလေးပါ နုနုထွေးရဲ့. .အခု ငါဆိုးပြနေတာတွေဟာ မင်းကိုတော့ ဂုဏ်တက်စေပါတယ်ကွာ.. ဟားဟား.. အခုဆို ငါ့အဖေက အစ ငါ့ကိုဆို ဆိုးသွမ်းနေတဲ့ လူဆိုးတယောက်လို့ ထင်နေတာမဟုတ်လား.. မင်းကလဲ ဒီလိုပဲ လိုချင်နေတာ မဟုတ်လား’

ဒါဆို ဘာဖြစ်လို့များ နုထွေးကို လက်ထပ်ချင်ခဲ့ရတာလဲလို့ ဟိုးအရင် အစဦးပိုင်း အချိန်တွေတုန်းကတော့ ရန်ဖြစ်တိုင်း မေးခဲ့တာပင်..

‘မင်းကို သိပ်ချစ်လို့ကွ.’

သိပ်ချစ်တယ် ဆိုတဲ့သူဟာ ကိုယ်ချစ်တဲ့သူကို အနည်းလေးတော့ စိတ်ချမ်းသာစေချင်တယ် မဟုတ်လား ကိုကို.. အချိန်တိုင်း မယုံသင်္ကာအကြည့်နဲ့ စွပ်စွဲပြောဆိုချင်တဲ့သူရဲ့ စကားလုံးတွေကြားမှာ သူမ ဘယ်လောက်အထိ ခံနိုင်ရည်ရှိနေမလဲ ဆိုတာကို ကိုကို တွေးကြည့်မိဖူး ပါရဲ့လား..

ချစ်တယ် လို့ ခဏ ခဏ ပြောဖူးတဲ့ ကိုကိုဟာ ကိုယ့်ကို ချစ်ရဲ့လားလို့ ဘာလို့များ မမေးခဲ့တာလဲ.. ကိုယ့်ကို ချစ်ပါလို့ ဘာလို့များ မတောင်းဆိုခဲ့ဖူးတာလဲ .. အခုအချိန်မှာ စဉ်းစားစရာ မလိုတော့ဘူး.. သူမ မဟုတ်တဲ့ မိန်းခလေးတယောက်ရဲ့ အပြုအစုမှာ ကိုကို သာယာနေခဲ့ပြီ.. အမေနဲ့ အဖေရဲ့ မေတ္တာ စေတနာတွေကို နားလည်ပေမဲ့ ကိုကို့ရဲ့ လက်ရှိအခြေအနေကိုတော့ အသိမပေးချင်ခဲ့..

စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို အတိအကျ လိုက်နာခဲ့တဲ့ သူမရဲ့ သည်းခံနိုင်မှုတွေကြားထဲမှာ ကိုကို့ကို ဘယ်အချိန်အထိ သည်းခံရမလဲ.. သည်းမခံနိုင်တော့တဲ့ အခါတွေမှာ ဘယ်အရာကိုများ ထွက်ပေါက်ယူရမလဲ.. ဟင့်အင်း မသိချင်ပါဘူး.. ပြန်စရာ အိမ်မရှိတော့တဲ့ သူမ အတွက်တော့ အရာရာဟာ မှောင်အတိကျနေခဲ့တာပင်..

မှောင်မိုက်တဲ့ ညအလယ်မှာ အခုတော့ သူမ တယောက်တည်းပင်.. အယင်တုန်းကလဲ သူမ တယောက်တည်းပါပဲ.. အခုတော့လဲ တယောက်တည်းပါပဲ..နောင် ဘယ်အချိန်ထိများ တယောက်တည်း ရှိနေမလဲ ..

အမှောင်ဟာ သိပ်နက်နဲလွန်းလာတဲ့အခါ ပြောင်လက်ပြီး လှပလာတယ်လို့ ထင်လာမိတယ်.. ညအမှောင်ဟာ အထီးကျန်တဲ့စိတ်ကို ပိုပြီး အားကောင်းစေလာခဲ့တယ်.. အမှောင်ရဲ့ ဓာတ်ကို သဘောကျနေတဲ့ သူမ အတွက်တော့ ဘယ်အရာက ပိုမှောင်လာစေသလဲ မစဉ်းစားချင်ခဲ့တော့..

အိပ်မက်တွေထဲမှာ အိပ်မက်ပဲ ရှိခဲ့တဲ့ သူမအတွက်တော့ အမှောင်တွေထဲမှာလဲ အမှောင်ပဲ ရှိမှာပါ.. အလင်းတစ တွေ့ဖို့ စိတ်ကူးယဉ်နေတယ်ဆိုတာကို တဖြည်းဖြည်း သိလာခဲ့ပြီ…

လမ်းချိုးကွေ့ရဲ့ မီးတိုင်လင်းရောင်အောက်မှာ အနက်ရောင် စိတ်ကူးတစ လွင့်မျောလာနေခဲ့ပြီ.. သံဘာဂျာတံခါးကို အသာအယာ ထိတွေ့လိုက်တော့ အေးစက်နေတဲ့ အတွေ့က အထိတ်တလန့် ဖြစ်စေမိတယ်.. အသံမမြည်အောင် သတိထားနေရင်းကြားက သော့ခလောက်နဲ့ သံတိုင် ရိုက်ခတ်သံက နားစည်ကို ဆူညံသွားစေခဲ့တယ်..

လွတ်မြောက်ထွက်ခဲ့ပြီ.. နောက်ဆုံးတော့ သူမ မုန်းတဲ့ အမှောင်ထုထဲမှာကိုပဲ သူမဟာ အမှောင်တစကို ဖမ်းဆုပ်ချင်မိတဲ့သူ တယောက် ဖြစ်ခဲ့ပြီ.. အမှောင်ထုထဲ တိုးဝင်လာလေ.. အမှောင်ဟာ ပိုမှောင်လာလေပါပဲ..

တိတ်ဆိတ်နေတဲ့ ညမှာ ညှပ်ဖိနပ်သံပါးပါးက နောက်ကျောက လိုက်လာတဲ့ တစ္ဆေတကောင်လို သူမရဲ့နောက်ကျောကနေ ကပ်ပြီးလိုက်လာတယ်.. ကတ္တရာပါးပါး ခင်းထားတဲ့ လမ်းပေါ် ကျောက်စရစ်ခဲချည်း သပ်သပ်သာ ရှိနေတဲ့ လမ်းတလျှောက်မှာ ဘဝဟာ နောက်ကျောမလုံခဲ့ဘူးဆိုတာကို ပိုသိသာလာစေတယ်..

အားကိုးစရာ ခြေဖဝါးနဲ့ အိပ်မက်တွေကိုသာ ဆုပ်ကိုင်ခဲ့တဲ့ သူမရဲ့ ပိုင်ဆိုင်မှုတွေကြားမှာ သူမဟာ ဘာမှ မဟုတ်တော့.... သူမရဲ့ မိန်းမသားဘဝ.. သူမရဲ့ ကံကြမ္နာ၊ သူမရဲ့ အနာဂတ်၊ သူမရဲ့ ဖြစ်တည်မှု .. အားလုံး အားလုံးဟာ ပျောက်ဆုံးသွားခဲ့ပြီ..
ဒီလမ်းချိုးအကွေ့လေးကို လွန်ရင် ဘဝဟာ လွတ်မြောက်ထွက်ခဲ့ပြီလို့ သူမ ထင်နေခဲ့ပြီ..

ပါးပြင်ပေါ် စီးကျလာနေတဲ့ နှလုံးသားရဲ့ငိုကြွေးသံတွေကို ဘာကမှ မတားဆီးနိုင်တော့.. စူးစူးရှရှ ကားမီးလင်းတန်းအောက်မှာ သူမက တကိုယ်လုံး ပစ်ဝင်ခဲ့လိုက်ပြီ… နံဘေးကို ပြေးဝင်လာတဲ့ မော်တော်ကားရဲ့ အရှိန်နှုန်းကို သူမ ဝမ်းသာအားရ ကြိုဆိုမိလိုက်တဲ့ အခိုက်မှာပဲ ဘရိတ်အုပ်သံ ကျယ်ကျယ်လောင်လောင် ကြားရပြီး ကတ္တရာလမ်းမနဲ့ ကားဘီးပွတ်တိုက်သံက သူမ နားထဲ အရှိန်ပြင်းစွာ ဝင်ရောက်ခဲ့တော့တာ..

တံခါးဖွင့်သံ ကျယ်ကျယ်ကို ကြားရပြီး ပြေးဝင်လာတဲ့ ဖိနပ်သံတွေကြားမှာ သူမ အကြားချင်ဆုံး အသံကို ကြားလိုက်ရတယ်..

‘နုထွေး..’

တင်းထားတဲ့ စိတ်တွေ အကုန်လျှော့ချလိုက်တဲ့အခါမှာတော့ အမှောင်ထဲမှာ ပျော်တဲ့ မိန်းခလေးဟာ အမှောင်ထဲကိုသာ တိုးဝင်သွားတော့တာပါပဲ..

ပြည့်စုံ
12:36 pm, 23-1-2012

Thursday, October 7, 2010

နွေဦးပုံပြင်

တိတ်ဆိတ်မှုက ကြီးစိုးလွန်းလှတယ်.. လွမ်းစရာ ကောင်းလွန်းလှတဲ့ တိုးသဲ့သဲ့ ဂီတသံကလွဲရင် ဒီကမ္ဘာကြီး တစ်ခုလုံး အိပ်မောကျနေရော့သလား… ကော်ဖီရဲ့ မွှေးပျံ့တဲ့ ရနံ့နဲ့ တလှုပ်လှုပ် လွင့်နေတဲ့ သူမရဲ့ ဆံပင်စလေးတွေသာ အသက်မဝင်နေခဲ့ရင် ဒါဟာ မသေတော့မယ့် တစ္တေကမ္ဘာကြီးလို.. တိတ်ဆိတ် ခြောက်ကပ် နာကျင် အသက်ရှုကျပ်လိုက်တာ….

ဒါ တစ်လတိတိ ကွဲကွာနေခဲ့ရတဲ့ ချစ်သူနှစ်ဦး တွေ့ဆုံပွဲတဲ့… လွမ်းဆွတ်မှုတွေသာ အသက်ဝင်ခဲ့ရင် သူတို့နှစ်ဦးအတွက် စကားလုံးတွေ ရင်ခုန်သံတွေနဲ့ လွမ်းမက်ခဲ့၇တဲ့ နှလုံးသားချင်း ပွတ်တိုက်နေမိမယ်ထင်တယ်.. အခုတော့…….

ကိန္နရီ ကိန္ဒရာ မောင်နှံက တစ်ညလေးဝေးတာကို နှစ်ပေါင်းခုနစ်ရာဆွေးခဲ့ရတယ်ဆိုရင်.. အခု တစ်လတိတိဝေးခဲ့ကြရတာပဲနော်… သည်တစ်လအတွင်း သူု့ကိုသာ သပ်သပ် သူမ သတိရနေခဲ့ရဲ့လား.. ဒါမှမဟုတ်.. သူမမှာ ပြောပြစရာ စကားလုံးတွေ ခြောက်ခမ်းကုန်ပီလား.. ပျင်းရိငြီးငွေ့ဖွယ် နွေဦးရဲ့ရာသီက သည်ကော်ဖီဆိုင်လေးအတွင်းမှာ အေးစက် ခြောက်ကပ်လိုက်တာ….

သူမရဲ့ စိတ်တွေက သူမရဲ့ဖြစ်တည်မှုမှာလဲ မရှိနေသလို.. သူမရဲ့နှုတ်ခမ်းဖျားက ကော်ဖီခွက်မှာလဲ ရှိမနေခဲ့ပါ.. သူမရဲ့ ရှေ့မှာ ငုတ်တုတ်ထိုင်နေရတဲ့ သူ့အတွက်ကရော… တကယ်ဆို သူမမှာ ပြောစရာ လွမ်းချင်းတွေရှိမနေရင်.. သည်တစ်လလုံးလုံး သူမရဲ့အပြုံးကို ရေဆာသလို ငတ်မွတ်နေခဲ့ရတဲ့ သူ့အဖို့ လွမ်းဆွတ် တမ်းတ တမ်းမက်ခဲ့ရတာတွေ သူမကို ပြောပြရမှာပေါ့...

သည်တစ်လလုံးလုံး သူမရဲ့အချစ်တွေ သူ့ဆီမှာသာ တည်ရှိနေတယ်လို့ သူ့မသိစိတ်ကိုက လက်ခံခဲ့ရင် ဘယ်လောက်များ ကောင်းလိုက်မလဲ .. သည်လိုသာဆို သူ့ရဲ့အလွမ်းတွေ သူ့ရဲ့ အချစ် တွေ သူ့ရဲ့ ရင်ခုန်သံတွေ.. သူမျှော်မှန်းခဲ့ရတဲ့ သူတို့နှစ်ယောက်ရဲ့ အနာဂတ်တွေ.. သူမနဲ့အတူ တည် ဆောက်မယ်လို့ သူမက်ခဲ့တဲ့ အိပ်မက်တွေ.. ကလေးလေးတွေ.. အိမ်ကလေး… ဒါတွေ ဒါတွေ ….

သူ နှုတ်ခမ်းဖျားတွေကို လျှာနဲ့သပ်လိုက်တယ်.. ပီးတော့ ဟန်ဆောင်ကောင်းလွန်းလှတဲ့ သူ့အပြုံးတွေကို နှုတ်ခမ်းဖျားမှာ ခိုတွယ်လိုက်တယ်.. စကားတစ်ခွန်းစဖို့ ကိုယ်ကို လွန့်လူးလိုက်တယ်.. သူမရဲ့ အဝေးဆီ ပြေးထွက်သွားနေတဲ့ စိတ်တွေကို သူ့ဆီကိုရောက်ဖို့.. သူမရဲ့ နှလုံးသားကို သူ့ဆီပြန်လည်အသက်ဝင်ဖို့….

ရုတ်တရက် စူးစူးဝါးဝါးထမြည်လာတဲ့ တယ်လီဖုန်းသံကြားမှာ သူတို့နှစ်ယောက်ရဲ့အေးစက်မှုတွေ ပျော်ဝင်သွားခဲ့တယ်.. ဖုန်းသံက ကျီကျီလောင်လောင်.. ပီးတော့ စူးစူးရှရှ.. ငှက်ဆိုးထိုးသံတစ်ခုလို.. အသက်ရှုသံတွေကို ခြွေယူသွားတဲ့ အသံဆိုးတစ်ခု.. သူရော သူမရော တယ်လီဖုန်းကို မမြင်ဖူးတဲ့ တစ္ဆေတစ်ကောင်လို စိုက်ကြည့်နေခဲ့တာ…

သူမရဲ့ ပြောင်းလဲမှုက မယုံနိုင်စရာ.. ပီးတော့ နာကျင်စဖွယ်.. ပီးတော့.. သူမက ဖုန်းကို ပိတ်ပစ်လိုက်တယ်… ကော်နက်ရှင်ပြတ်တောက်သွားတဲ့ ဖုန်းနံပါတ်တစ်ခုက သူ့မျက်လုံးမှာ စွဲထင်သွားစေခဲ့အထိ.. သူမရဲ့အပြုံးက ကယောင်ကတမ်းနိုင်လှသလို.. လက်တွေ့ကမ္ဘာထဲကို ဝင်ရောက်လာတဲ့ ဂြိုလ်သားတစ်ကောင်လို.. ပီးတော့ ကဝေမတစ်ယောက်လို.. အပြုံးမျိုး.. သွားစွယ်ချွန်ချွန်တွေကြားမှာ.. သူမအပြုံးက သူစိမ်းတစ်ယောက်လို..

ကုန်လုလု ကော်ဖီခွက်ကို သူတစ်ရှိန်ထိုးမော့ချပစ်လိုက်တယ်…

နောက်တစ်ခေါက် ထပ်မြည်လာတဲ့ ဖုန်းမြည်သံမှာတော့ သူ ရပ်တည်ရာရသွားခဲ့တယ်.. ပီးတော့ စစ်ရှုံးပေမဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်နေတဲ့ စစ်သူကြီးတစ်ယောက်လို… ရင်ဝ မြှားတန်းလန်း မှာတင် သူ့ဘဝကို အဆုံးသတ်ပေးဖို့ သူမကို ထပ်တောင်းဆိုနေသလို..

‘ဖုန်းကိုင်လိုက်လေ … ငယ်’

သူမက ဖုန်းခလုတ်ကို တစ်ခါတည်း အပြီးတိုင်ပိတ်လိုက်တယ်.. ပီးတော့ သူ့လက်ကို ဆုပ်ကိုင်ပီး ‘ကော်ဖီသောက်ပီးရင် တစ်နေရာရာ ဆက်သွားရအောင် ကိုကို… ဘယ်ကိုသွားကြမလဲ…’

သူမရဲ့အိပ်ခန်းမှာ သူမရဲ့ကမ္ဘာငယ်လေးမှာ သူမရဲ့ဖြစ်တည်မှုတွေထဲမှာ.. သူမရဲ့ရင်ခုန်သံတွေ ပျောက်ဆုံးနေပီး သူမကိုယ်သူမ ရှာမတွေ့နိုင်လောက်အောင် စိတ်တွေ ဂယောက်ဂယက်ဖြစ်နေတဲ့ သူမရဲ့ဂရုစိုက်မှုတွေကြားမှာ… သူ ပျော်နေရဲ့လား သူကိုယ်တိုင် သူ့ကိုယ်သူ နားမလည်ပါ…

‘မုန်းလိုက်ကြရအောင်…. ငယ်.. ကိုကိုတို့ လမ်းခွဲကြစို့…’

သည်စကားကို သူ အရက်တွေ မူးနေတဲ့အချိန် သူ ဘားတစ်ခုမှာ အသိစိတ်ပျောက်နေတဲ့အချိန်.. အသိစိတ်ပျောက်နေပေမဲ့ သူမကိုချစ်တဲ့စိတ်မပျောက်ပျက်သေးတဲ့အချိန်မှာ သူမကို ဒီစကား ပြောခဲ့မိတယ်ထင်ရဲ့.. သူမရဲ့မျက်နှာမှာ မျက်ရည်စတွေကို တွေ့ရပီး သူမရဲ့တွယ်မှီမှုမှာ သူ တွယ်တာနေရင်း သူမကို သူ ရက်ရက်စက်စက် ပြောနေမိတယ်ထင်တယ်…

နောက်တော့ အဖြစ်အပျက်တွေက ဖြစ်ပျက်နေကျအတိုင်းပင်.. မသွေတသိမ်း ဖြစ်ပျက်နေခဲ့တာ…

သူမက အရင်လိုသူ့ဘေးနားမှာ နေခဲ့တယ်..အရင်ကထက် ပိုလိမ္မာနေခဲ့တာ… သူ့ကို ပြုစုယုယနေခဲ့တာ.. သူ့ဘေးနားမှာ ကြောင်လေးတစ်ကောင်လို ဒါမှမဟုတ် ကလေးလေး တစ်ယောက်လို.. သူ့ကိုသာ ချစ်မက်နေခဲ့တာ.. ဒီလိုနဲ့ပဲ ဒီလိုနဲ့ပါပဲ.. သူမကို သူစွန့်ပစ်မထားခဲ့ရက်ပါ …..

‘ငယ် တို့ လက်ထပ်ရအောင် ကိုကို.. ဒီနွေဦးပေါက်လေ.. ဘုရားရှိခိုးကျောင်းမှာပဲ ရိုးရိုးလေးပဲ မင်္ဂလာဆောင်မယ်လေ.. ပီးတော့ ငယ်က အဖြူရောင်ဂါဝန်ရှည်ကြီးကို ဝတ်.. ကလေးလေးတွေက ပန်းကြဲပေးမယ်.. ဒါပေမဲ့ ငယ့်လက်ကို တွဲမယ့် ဖေဖေလဲ မရှိဘူးနော် ကိုကို.. ရပါတယ် အန်ကယ်ဂျိုးက ကူပေးမယ်ထင်တယ်နော်.. ကိုကို့သူငယ်ချင်းတွေရယ် ငယ့်မိတ်ဆွေတွေရယ်.. ပီးတော့ အန်တီနန်စီတို့လဲ ပြန်လာမယ်ထင်တယ်နော်.. ပီးတော့… ပီးတော့.. လက်ထပ်ကိတ်မုန့် ကြီးကြီးရယ်…….’

သူမရဲ့အပြုံးတွေက အသက်ဝင်လှတယ်.. ပီးတော့ သူမရဲ့မျက်လုံးတွေမှာထင်လာတဲ့ အရိပ်တွေကို သူ မက်မက်မောမော နားထောင်နေရင်း သူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိလာတဲ့အထိ… ပီးတော့ သူမရဲ့ နှုတ်ခမ်းဖျားကော့ကော့လေးတွေရဲ့ အနားသတ်လှုပ်ရှားပုံတွေကို ငေးကြည့်နေရင်း သူမက သူ့ဘဝထဲကို ဝင်ရောက်လာတယ်လို့ ယုံကြည်နေမိတဲ့အထိ… သူမရဲ့လက်တွေကို မလွတ်တမ်း ခပ်တင်းတင်းဆုပ်ရင်း ပျော်ရွှင်ကြည်နူးနေမိရင်း.. ဒီလိုဘဝမျိုးလေး ရဖို့ဆို သူ ဘယ်လိုအရာမဆို ပေးဆပ်တော့မယ့်အထိ….

‘မဟုတ်ဘူး ရန်နိုင်.. မင်း သေသေချာချာဆုံးဖြတ်သင့်တယ် မင်း မသိတာလဲ မဟုတ်ဘဲနဲ့ကွာ… နောက်ပီး မင်း သိပ်ယုံလွယ်လွန်းတယ်.. အဲ့ဒီကောင် ဘယ်သူဆိုတာ မင်းသိရင်….’

စည်သူ့ရဲ့ စကားလုံးတွေကြားမှာ သူ မတုန်လှုပ်ခဲ့ပါ.. သူမမှာ သူ့အပြင် သူ့နောက်ထပ် လူတစ်ယောက် ရှိခဲ့တယ်ဆိုတာ သူ အရင့်အရင်ကတည်းက သိနေနှင့်ပီးသား.. ဒါပေမဲ့
သူမကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သူကတော့ အရာရာကို မျက်စိမှိတ်ယုံထားပီးသား... ဘယ်လိုအခြေအနေမျိုးမှာမဆို သူမ သူ့ကို ခွဲခွာထားရစ်ခဲ့ဖို့ မဖြစ်နိုင်ပါ.. သူကလွဲရင်ပေါ့...

စည်သူက သူ့ရဲ့ မထုံတက်သေး အပြုအမူကို အားမလို အားမရ.. နောက်ပီး ဒေါသတကြီး………

သူမကြိုက်တတ်တဲ့ နှင်းဆီပန်းတွေကို တယုတယ သူ သယ်ဆောင်လာခဲ့တယ်.. မနက်အိပ်ရာနိုးနိုးချင်း တံခါးဝမှာ သူမ ကြိုက်တတ်တဲ့ နှင်းဆီပန်းတွေသာ မြင်ခဲ့ရင် သူမ ဘယ်လိုပြုံးမလဲ.. သူမရဲ့ အပြုံးတွေ ကို သူ မှန်းဆနေရင်းနဲ့တောင် သူ့နှုတ်ခမ်းဖျားတွေ ပြုံးရီလာတဲ့အထိ..

သည်နွေဦးက အရင်ကထက် ပိုလှတယ်.. တစ်လောကလုံးလူတွေ ပျော်မြူးနေသလို.. သူ ကားလမ်းဖြတ်ကူးတော့ ကားတွေက ရပ်ပေးကြတယ်.. ကလေးလေးတွေက ဆော့ကစားနေကြတယ်..မေပယ်လ်ရွက်လေးတွေ တလွင့်လွင့်ကြွေတော့ လိပ်ပြာလေးတွေနဲ့ ပန်းလေးတွေက တိမ်တွေနဲ့အတူ ဆော့ကစားနေကြတာလေ ... တိမ်တွေတောင် တလူးလူးတလွင့်လွင့် မျောလွင့်နေခဲ့တာ…

ကမ္ဘာကြီး လှလိုက်တာ ငယ်……. ငယ့်ကို ချစ်တယ်.....

ရုတ်တရက် တစ်ကိုယ်လုံး ပေါ့ပါးမြောက်တက်သွားခဲ့တယ်… ဟိုးလေထုထဲကို သူလွင့်တက်သွားခဲ့တာ.. ပီးတော့ ကောင်းကင်ကြီးနဲ့ သူပိုနီးကပ်သွားသလို… တိမ်တွေက အခုနကတော့ အပြာရောင် အခုမှ အနီရောင် ဘာကြောင့်ပြောင်းရတာလဲ ငယ်… မိုးကြိုးပစ်ချလိုက်သလို သူ့နားထဲ အသံကြီးကြီးကြားလိုက်ရတယ်…

ငယ် .. ကိုကို့ကို ချစ်ပါသေးတယ်နော်…

အဲ့ဒီနေ့တုန်းက အဲ့ဒီကော်ဖီဆိုင်မှာ ကိုကိုတို့ စကားမပြောခဲ့ကြဖူးမဟုတ်လား ငယ်… ပီးတော့ ဖုန်းမြည်သံလဲ မကြားခဲ့ရဘူး… ပီးတော့ ငယ့်ကိုလဲ လမ်းခွဲရအောင်လို့ ကိုကို မပြောတော့ဘူးနော်.. ပီးတော့ ကိုကိုက သိပ်ဟန်ဆောင်ကောင်းလွန်းတာပဲလို့လဲ ငယ် မပြောတော့ဘူး မဟုတ်လားဟင်..

ငယ့်ကိုချစ်တယ် ငယ်.. ဒါပေမဲ့ ငယ့်ရဲ့အဝေးကို ကိုကို မထွက်သွားနိုင်ဘူး.. ငယ် ကိုကို့ကို မချစ်တော့ပေမဲ့ ဒီဘဝလေးရဲ့အဝေးကို ထွက်ပြေးမသွားနိုင်အောင် ဟန်ဆောင်ခြင်း သံယောဇဉ်တရားတွေနဲ့ ငယ့်ကို တုပ်နှောင်ထားခဲ့မိတယ်..

ငယ် မငိုနဲ့ ငယ်.. ငယ် ဝတ်ချင်တယ်ဆိုတဲ့ ဂါဝန်ရှည်ကြီးကို ဝတ်ပီး.. ဘုရားရှိခိုးကျောင်းအဝင်ဝမှာ ဓာတ်ပုံရိုက်ကြမယ်လေ ငယ်.. နှင်းဆီပန်းတွေက နီလိုက်တာ.. ငယ်ကြိုက်တဲ့ အရောင်လေ.. ကြက်သွေးရောင်ရင့်ရင့်တွေ အနီရင့်ရင့်ရောင် ဘာကြောင့်ပြောင်းသွားလဲ ငယ်…

ငယ် … အဲ့ဒီနေ့က ငယ် အိပ်ရာထ နောက်ကျတာ ကိုကိုသိတယ်.. မနက်မိုးလင်းတိုင်း လာပို့ပေးတတ်တဲ့ နွားနို့ပုလင်း မရောက်လာလို့ ငယ်က တံခါးပေါက်မှာရပ်နေရင်း နှုတ်ခမ်းက ပွစိပွစိ ရွတ်နေတာ ကိုကိုမြင်တယ်.. ပီးတော့ လမ်းမကို ငယ် ငေးကြည့်နေတယ်.. ကိုကိုဘာလို့ နောက်ကျနေတာလဲလို့ စိတ်ကောက်ဖို့ ပြင်နေတာ မဟုတ်လား…

ငယ်က ဟိုးအရင်တုန်းက အတိုင်းပင် သူ့ကို ခန ခန စိတ်ကောက်နေကျ.. ငယ် စိတ်ကောက်တိုင်း သူက ငယ်ကြိုက်တတ် တဲ့ မုန့်တွေ ပန်းတွေ ဝယ်လာပီး ငယ့်ကို ချော့တတ်ခဲ့တာ..

တစ်ခါတော့ ငယ် သူ့ကို သုံးရက်တိတိ စကားမပြောခဲ့ဖူး.. သူမေးခဲ့တယ်.. ငယ် ဘာလို့ စိတ်ကောက်နေတာလဲဆိုတော့ ငယ် ငိုတယ်နော်.. ငယ်ပြောဖူးတဲ့ စကားကို သူ အမြဲ အမှတ်ရနေခဲ့တယ်…

‘ကိုကိုက သိပ်ဟန်ဆောင်ကောင်းတာပဲ…. ငယ့်ကို အပြစ်တင်ပါ ကိုကိုရဲ့.. ငယ်ဟာ ကိုကို့အချစ်နဲ့ မထိုက်တန်ပါဘူးလို့ပြောပါ ကိုကိုရဲ့.. ကိုကို့စိတ်ထဲက ဖြစ်ပျက်နေတာတွေကို ဘယ်တော့မှ ကိုကိုက မပြောဘူး ကိုကို့မျက်နှာမှာ ဖတ်မရဘူး.. ကိုကိုကသာ ငယ့်စိတ်ကို သိနေခဲ့တာ.. တကယ်တော့ ချစ်သူတွေဖြစ်နေတယ်ဆို တစ်ယောက်စိတ်ကို တစ်ယောက်.. တစ်ယောက်ရင်ကို တစ်ယောက် သိခွင့်ရှိရမှာပေါ့ .. ကိုကို ငယ့်ကို တကယ်မချစ်ပါဘူးတဲ့…’

ချစ်တာပေါ့ ငယ်… အရမ်းချစ်တယ်…

ငယ်နဲ့ အဲ့ဒီကောင်နဲ့ ချစ်သူတွေဖြစ်လုနီးပါး ငယ် စိတ်ကစားနေခဲ့တုန်းက ကိုကိုသိတယ်လေ.. နောက်တော့ ကိုကိုတို့နှစ်ယောက် အဝေးကို ရောက်နေတဲ့အချိန် ငယ့်ဘေးနားမှာ သူတစ်ချိန်လုံးရှိနေခဲ့တာလဲ ကိုကိုသိတာပဲ.. ဒါပေမဲ့ ကိုကို သိနေတာကို ငယ်မသိအောင် ကိုကို ဟန်ဆောင်ပေးခဲ့တာလေ.. နောက်တော့ ငယ်က နောင်တတရားတွေနဲ့အတူ ကိုကို့ဘေးကို ပြန်ရောက်ခဲ့တာပဲ မဟုတ်လား ငယ်…

ငယ်ရယ်…

မောလိုက်တာ. နာကျင်လိုက်တာ.. ငယ် ကိုကိုတို့ လက်ထပ်ပွဲကို ငယ် မမေ့လိုက်နဲ့နော်….

ကိုကိုက ငယ့်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့သာ အသက်ရှင်နေတာ … တကယ်တော့ ကိုကို့နှလုံးသားက ငယ် ကိုကို့ကို မချစ်တော့ဘူးဆိုတာကို သိတဲ့နေ့ကတည်းက သေဆုံးနေခဲ့ပီးသား ငယ်……

အဲ့ဒီနေ့ကလေ.. အဲ့ဒီကော်ဖီဆိုင်လေးမှာပဲ ကိုကို သေဆုံးခဲ့ရတာ.. ဒုတိယအကြိမ်မြောက် တယ်လီဖုန်းမြည်သံအဆုံးမှာပေါ့ ……………

ပြည့်စုံ
(၁၀-၇-၂၀၁၀၊ ၉း၄၂ pm)

(ရေးဖို့ကြံစည်နေတာကြာပါပီ.. ညက အင်တာနက်ပြတ်တောက်သွားတာနဲ့ ထိုင်ရေးထားတာပါ.. ကြိုတင်ဇာတ်လမ်းချထားတာနဲ့ များများကြီး သွေဖယ်သွားပါတယ်.. ဒီဇာတ်လမ်းကို ဓာတ်ပုံတစ်ပုံကိုကြည့်ပီး ရေးဖွဲ့မိတဲ့အတွက် တိုက်ဆိုင်မှုရှိရင် ကော်ဖီလာတိုက်ပါချင်... :) )

Thursday, May 6, 2010

ပြန်လမ်းပျောက်ခဲ့သူ

သူပြန်မလာနိုင်တော့ဘူး တဲ့..

ဒီလောက်သေချာနေတဲ့ စကားလုံးတွေကြားမှာ ပြန်မလာနိုင်တော့ဘူး ဆိုတဲ့ စကားလုံးက မပြန်လာတော့ဘူး ဆိုတဲ့ စကားထက် ပိုနာကျင်ဖွယ် ကောင်းလှတယ်..

သူ ပြန်မလာနိုင်တော့ဘူး.. အဲ့ဒီနေရာလေးမှာပဲ .. အထီးကျန်စွာ... နောက်ပီး နာကျင်စွာ.. ပီးတော့ ယောင်ယမ်းပီးလဲ ကိုယ့်နာမည်ကို တမ်းတနေမလား.. သေချာတာကတော့ သူ အိမ်ကိုပြန်ချင်နေခဲ့မှာ….

သူ ပြန်မလာနိုင်တော့ဘူး.. သူ ပြန်မလာနိုင်တော့ဘူးဆိုရင် ကိုယ်လိုက်သွားရမှာပေါ့… ဒါပေမဲ့ သူ ပြန်မလာနိုင်တော့လောက်အောင် သူရှိနေတဲ့ အရပ်က ကိုယ်လိုက်သွားလို့ရမယ့် အရပ် ဖြစ်နိုင်ပါရဲ့လား…

ကိုယ်ကတော့ ဆုံးဖြတ်ချက် ချခဲ့လိုက်တယ်.. သူ ပြန်မလာနိုင်ဘူးဆိုရင် ကိုယ်က လိုက်သွားရမှာပေါ့..

‘သူ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး.. အမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ယုံကြည်ချက်တွေကို ဆုပ်ကိုင်ပီး သူ ဘယ်တော့မှ လက်မြှောက်အရှုံးမပေးခဲ့ဘူးတဲ့.. ဒါကိုသိစေချင်ရုံပဲ.. ဒါပေမဲ့ နင့်ကိုတော့ မလိုက်လာစေချင်ဘူး’

အနီရောင်မျက်လုံးရယ်.. မှိုင်းညို့နေတဲ့မျက်နှာသွင်ပြင်နဲ့ သူ့ရဲ့သူငယ်ချင်းကို မျက်လုံး အကြောင်သားနဲ့ ကြည့်နေမိတယ်.. သူ ပြန်မလာနိုင်တော့တာ ကျိန်းသေနေတာတောင် မလိုက်လာခဲ့နဲ့လို့ ပြောထွက်ရက်တဲ့ သူ့ကို နာကျည်းရမလား.. ကိုယ့်ကို သတင်းစကားလာပေးခဲ့တဲ့ သူ့ သူငယ်ချင်းကိုပဲ နာကျည်းပစ်လိုက်ရမလား.. အဆုံးမှာတော့ နှုတ်ခမ်းအစုံကိုသာ ပြတ်ထွက်လုမတတ် ကိုက်ခဲပစ်လိုက်တယ်…..

နင်ရက်စက်လိုက်တာလို့ ငါက စွပ်စွဲရမလားဟင်… နင် သွားမယ်လို့ ရည်စူးခဲ့တဲ့အချိန်မှာတောင် ငါ့ကို ပေးမသိခဲ့ဘူး.. နင် တစ်ခဏ ပြန်လာခဲ့တဲ့ အချိန်တုန်းကလဲ ငါတို့ မျက်နှာချင်း မဆိုင်ခဲ့လိုက်ရဘူး.. အခု နင် ပြန်မလာနိုင်တော့ဘူး ဆိုတဲ့ စကားကျမှ ငါ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် သတင်းစကားလာပို့ခိုင်းတယ်ဆိုတော့ နင့်လောက် ရက်စက်တတ်တဲ့သူ ရှိနိုင်ပါဦးမလား ဟင်…

ငါတို့တွေ ပျော်ရွှင်မြူးခဲ့ရတဲ့ အချိန်တွေလေ.. တက္ကသိုလ်ကျောင်းမှာ နင့်လက်ကိုဆွဲလို့ နင့်ဘေးမှာ တကောက်ကောက်လိုက်ပါခဲ့ရတဲ့ အချိန်တွေ.. နင်က ရှပ်အင်္ကျီအဖြူလေးနဲ့ ကချင်ပုဆိုး အကွက်စိပ်ကို ဝတ်.. လက်ထဲမှာ စာရွက်စာတမ်းတွေကိုင်ပီး ငါ နားမလည်နိုင်တဲ့ စကားလုံးတွေ ပြောနေတဲ့ အချိန်တုန်းကတောင် နင်နဲ့ငါ ဝေးရမယ်လို့ ငါ မစဉ်းစားခဲ့မိဘူး..

နင် ငါ့ဘေးမှာ ရှိမနေနိုင်တဲ့အချိန်တွေ များလာခဲ့တယ်.. ပီးတော့ နင် အလုပ်တွေ အရမ်းရှုပ်နေခဲ့တယ်.. အမြဲ နဖူးကြောကြီးကို ရှုံ့လို့… နင့်လက်ထဲမှာ စာအုပ်တစ်အုပ်ကို အမြဲတမ်း ကိုင်ထားခဲ့တယ်.. ဒါမှမဟုတ် တစ်ခုခုကို အမြဲ ရေးချွတ်လို့….

နင့်ဘေးမှာ ငါနေလို့ မရတော့ဘူး.. နင့်ဘေးမှာ ငါမသိတဲ့ နင်နဲ့ အရောင်တူ ရွယ်တူ လူငယ်တွေ များလာခဲ့တယ်.. နင်တို့ တီးတိုး တီးတိုး သဖန်းပိုးလုပ်နေတဲ့အချိန်တွေ ပိုများလာခဲ့တယ်.. အခန်းတံခါးကို ပိတ်ထားခဲ့တယ်.. ငါ့ကို မသိစေချင်တာတွေ ပိုများလာတယ်.. လက်ဖက်ရည်ဆိုင် ထိုင်ချိန်တွေ များလာပီး စကားပြောနေတဲ့ အချိန်တွေ ပိုနည်းလာခဲ့တယ်… နင်တို့ ပိုပီး လျှို့ဝှက်လာကြတယ်.. နင့်အခန်းထဲမှာ ဘာစာရွက်စာတမ်းတွေမှ မရှိတော့ဘူး… နင့်အခန်းကို ဘယ်သူ့ကိုမှလဲ ပေးမဝင်တော့ဘူး.. အဓိက ကတော့ နင် ငါ့ကို မခင်တွယ်တော့ဘူး..

အဲ့ဒီနေ့ညက နင် ငါတို့ အိမ်ကို ရောက်လာခဲ့တယ်.. အိမ်ရှေ့မှာ ခနရပ်တယ် ပီးတော့ ငါ့ရဲ့အခန်းကို နင်လှမ်းကြည့်နေခဲ့တယ်.. ပီးတော့ နင်လှည့်ထွက်သွားခဲ့တယ်.. နင့်ဘေးမှာ လွယ်ထားတဲ့ လွယ်အိတ်လေးကမှ နင့်ဘေးမှာ လိုက်ပါခွင့်ရခဲ့တယ်.. နောက်တော့ နင်ပျောက်သွားခဲ့တယ်.. နင်တို့အိမ်ကို လူအဝင်အထွက် များလာခဲ့တယ်.. နင့်အဖေ ရာထူးက အနားယူလိုက်ရတယ်.. နင့်အမေကတော့ ပိုအိုစာသွားခဲ့တယ်.. တစ်ဦးတည်းသော သားလေးကို လွမ်းရလွန်းလို့ နင့်အမေ အိပ်ရာထဲ လဲခဲ့တယ်.. ငါဘေးမှာရှိနေပေးပေမဲ့ နင့်အမေ လိုချင်တာက သူမရဲ့သားကလေးပေါ့.. ငါ့အတွက်ရောပဲ.. နင် ပြန်ရောက်မလာခဲ့ဘူး….

နင့်အမေရဲ့ ဈာပနအခမ်းအနားကို နင်ရောက်လာခဲ့တယ်.. သုဿန်ဝင်းထဲမှာ နင့်အမေရဲ့ အလောင်းစင်နားမှာ နင်ရပ်နေတယ်.. ငါသိတာပေါ့.. နင်ဘယ်လောက် ရုပ်ဖျက်ထား ရုပ်ဖျက်ထား နင့်ရဲ့ ဆံခြည်တစ်မျှင်က အစ ငါ မှတ်မိနေခဲ့တာ.. နောက်တော့ နင်လှည့်ထွက်သွားခဲ့တယ်.. နင့်အမေကို နင်မကန်တော့သွားခဲ့ဘူး.. နင့်နောက်က ငါ အပြေးတစ်ပိုင်းလိုက်လာခဲ့မိတယ်.. နင့်အမေရဲ့ နောက်ဆုံးခရီးမှာ နင့်ကို ဘယ်လောက်တမ်းတသွားတယ်ဆိုတဲ့ အကြောင်းလေး နင့်ကို ပြောပြချင်ရုံပါပဲ..…

နောက်တော့ နှစ်တွေ အကြာကြီး နင်ရောက်မလာခဲ့ဘူး..

နင့်သတင်းကို စကြားရတဲ့အချိန်မှာ နင်က လေးဘက်လေးတန် နံရံတွေကြားမှာတဲ့.. ပီးတော့ ငါတို့မြို့လေးနဲ့ မိုင်ရာချီဝေးလို့.. ရက်စက် ကြမ်းကြုတ်လွန်းတဲ့ နေရာတဲ့.. လူဆိုးလူမိုက်တွေကို လိမ္မာလာအောင် လေ့ကျင့်ပေးတဲ့ နေရာတဲ့.. ဘဝရဲ့ ငရဲဘုံ.. လူ့ငရဲဘုံမှာတဲ့လေ…

နင်ဘယ်လိုများနေရှာမလဲ ဒီလိုအတွေးတွေနဲ့ ငါ ဆောက်တည်ရာ မရခဲ့ဘူး.. တုံတုံချိချိ နင့်အဖေက နင့်သတင်းစကားနဲ့တင် သွေးတွေ တက်လို့.. နင့်အမကတော့ မျက်ရည်တွေတွေကျပေမဲ့ နင်ရှိတဲ့နေရာကို ရောက်အောင် သွားမယ်တဲ့လေ.. အဲ့ဒီခရီးလမ်းက ဘယ်လောက်ပဲ ခက်ခဲပါစေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ.. နင်ရှိနေတယ်ဆိုတဲ့ အတွေးနဲ့တင် ငါအရောက်လာခဲ့မယ်လေ..

နင် ကျန်းမာရေး အရမ်းဆိုးရွားသွားခဲ့ပီ.. နံရံတွေကြားထဲမှာနေရင်း နံရိုးကြားက သွေးယိုစိမ့်မှု.. အတွင်းထဲက ကလီစာတွေရဲ့ နာကျင်မှုကြောင့်တဲ့.. ဆေးရုံကို ပို့လိုက်ရတယ်ဆိုတဲ့ သတင်းစကားနောက်မှာတင် ငါတို့မက်ခဲ့တဲ့ အိပ်မက်တွေ ကျိုးကြေကုန်ခဲ့ရဲ့.. ယုံကြည်မှုတွေ ရပ်တည်ချက်တွေ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ အမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ်တွေ ဒါတွေနဲ့ နင် အသက်ရှင်ရပ်တည်နိုင်ခဲ့သလို အသက်စွန့် ရပ်တည်ပြခဲ့မယ်တဲ့လေ..

နင် ထားခဲ့တဲ့ အချိန်တုန်းက ငါနေခဲ့တယ်လေ.. နင် ငါ့အနားမှာ ရှိမနေနိုင်တဲ့ အချိန်တွေမှာ နင်ထားခဲ့တဲ့နေရာလေးမှာပဲ ငါရပ်နေတုန်း.. နင်ပြန်လာရင် ငါ့ကို ရှာနေရမှာစိုးတဲ့စိတ်နဲ့.. ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းပြန်လေ.. နင်က ငါရှိတဲ့နေရာဆီ ပြန်မလာနိုင်တော့ဘူး.. အဲ့ဒီတော့ နင်ရှိတဲ့နေရာကို ငါလိုက်လာရမှာပေါ့.. ငါ့ကို အဲ့ဒီအခွင့်အရေးလေးတော့ ပေးပါ…

မယုံနိုင်လောက်အောင်ပဲ.. အဲ့ဒီအခန်းကျဉ်းလေးထဲမှာ.. အိပ်ရာခင်းအဖြူနဲ့အပြိုင် နင့်မျက်နှာက ဖွေးဖွေးဖြူလို့.. နင့်မျက်နှာမှာ ငါအမြဲမြင်နေခဲ့ရတဲ့ ပါးချိုင့်လေး မရှိတော့ဘူး.. အဲ့ဒီနေရာမှာ ကြောက်စရာ ပါးရိုးငေါငေါကြီး.. ပီးတော့ နင့်ရဲ့ အသားအရေတွေ ဖွစုတ်စုတ် ပီးတော့ ညစ်ထေးထေး.. နင့်ရဲ့ အမြဲ ကြည်လင်နေတဲ့မျက်လုံးတွေက အခုတော့ ချိုင့်ခွက်ဝင်လို့.. ငါတို့ကိုတောင် မျက်လုံးဖွင့်မကြည့်နိုင်တော့ဘူး.. ငါတို့ကို နှုတ်ခွန်းဆက်စကား မဆိုနိုင်ဘူး.. နင့်ရဲ့ ပါးစပ်ပေါ်မှာ အသက်ရှုကိရိယာကို တပ်လို့.. အသက်ကို ပင်ပန်းကြီးစွာ ရှုနေရတဲ့ နင့်ရဲ့ ရင်ဘတ်ကတော့ တင်းထားတုန်း.. မာန်ပါနေတုန်း…

ငါ့ကိုလိုက်မလာစေချင်တဲ့အကြောင်း အခုတော့ ငါသိပီ.. နင့်ရဲ့ ဒီလိုအဖြစ်အပျက်တွေ ငါ့ကို မမြင်စေချင်လို့လားဟင်.. ငါပါလာတယ်ဆိုတာကို နင်သိလို့ နင့်မျက်လုံးကို ဖွင့်မကြည့်တာလားဟင်.. နင်လိုက်မလာစေချင်တဲ့ ငါ့ကို လိုက်လာခဲ့လို့ နင် စိတ်များ ဆိုးနေခဲ့တာလားဟင်.. ငါ့ကို တစ်ချက်လောက်တော့ မျက်လုံးလေးဖွင့်ကြည့်ပါဦးဟာ…

သူ့ရဲ့လက်တွေက လေထဲမှာ ဝှေ့ယမ်းနေခဲ့တယ်.. အသက်ရှုသံက တဖြည်းဖြည်းကျယ်လောင်လို့.. မဟုတ်ဘူး ရင်ဘတ်ထဲက အသံတွေ.. မဟုတ်ဘူး.. သူ နှုတ်ဆက်နေတာလား.. သူ့ရဲ့လက်ကို အတင်းဆုပ်ကိုင်ထားမိတယ်.. ငါ့ရဲ့လက်ကို မလွှတ်လိုက်ပါနဲ့.. ငါ့လက်ကို နင်လွှတ်လိုက်ရင် အဲ့ဒီအဝေးကြီးကို နင်ထပ်ပီး ပြေးသွားဦးမှာ..

မသွားလိုက်ပါနဲ့ မသွားလိုက်ပါနဲ့နော်.. ငါ့လက်ကို ကိုင်ထားပါဦး.. ဟင့်အင်း.. သူ့ရဲ့ရင်ဘတ်က ပေါက်ကွဲထွက်တော့မယ် ဖားဖိုလို.. သူ့ရဲ့ မျက်လုံးအိမ်ဘေးမှာ မျက်ရည်စီးကြောင်းတစ်ခု.. ဟင့်အင်းနော်.. ငါ့အတွက်တော့ မျက်ရည်မကျပါနဲ့.. မသွားပါနဲ့ ချစ်သူရယ်…..

လူတွေ လူတွေ ကျမကို အတင်းကြီး တွန်းဖယ်ပစ်လိုက်တယ်.. ပီးတော့ သူ့ကို အတင်းဖိ အတင်းရိုက်.. နံရံဘေးမှာ ရပ်နေရင်း မျက်ရည်ကျဖို့လောက်တောင် အားအင်မရှိတော့.. ထူးဆန်းဖို့ ကောင်းလိုက်တာ.. သူ့လက်ကိုဆုပ်ကိုင်ထားတဲ့လက်ရဲ့ နွေးထွေးမှုက အခုအချိန်အထိ ကျန်နေတုန်း.. ပီးတော့ ဆုပ်ညှစ်ခံထားရတဲ့အတွက် စူးရှရှ စပ်ရှိန်းရှိန်း.. ပီးတော့ နာကျင်မှု.. ဒီလက်ကို သူလဲ တအားဆွဲကိုင်ထားခဲ့တာ.. နောက်ဆုံးတော့ လွတ်မြောက်ထွက်သွားခဲ့ပီ…

သူ ပြန်မလာနိုင်တော့ဘူး .. တဲ့.. ကိစ္စမရှိပါဘူး… သူရှိတဲ့ နေရာကို ကျမ လိုက်သွားရမှာပေါ့…………….

ပြည့်စုံ
(၆-၆-၂၀၁၀၊ ၁၁း၂၅ pm)

Wednesday, September 16, 2009

မျှော်လင့်ခြင်းလမ်းနဲ့ ကမ်းဝေးခဲ့ရတဲ့အချစ်


မှန်ထဲက တစ်ဆင့် မြင်နေရတဲ့ ပုံရိပ်ထဲက မိန်းခလေးက သူ့ကိုယ်သူ အသက်မဲ့စွာ ပြန်ကြည့်နေခဲ့တယ်.. သိပ်လှတဲ့ အဖြူရောင် သတို့သမီးဝတ်စုံလေးက သူမရဲ့ကိုယ်လုံးပေါ်မှာ ချပ်ချပ်ရပ်ရပ်ရှိနေခဲ့တယ်… လည်ပင်းဆီက တစ်တန်းသွားစိန်လည်တုံလေးရဲ့ အရောင်က တဖျတ်ဖျတ်တောက်ပလို့.. ပန်းနုရောင် နှုတ်ခမ်း တောက်တောက်လေးက ပြုံးလိုက်ရင် ကြွတက်လာတော့မလို ထူထူပြည့်ပြည့်ကလေး… အနီရောင်ပြေပြေလေး ဆိုးထားတဲ့ ပါးအို့နီနီလေးက လိုတာထက်များ ပိုနီနေသလား ….

မဟုတ်သေးဘူးနော်… သူမရဲ့ မျက်လုံးတွေဆီမှာ မျက်ရည်စတွေလား.. အခုအချိန်မှတော့ နောင်တဆိုတာ မရသင့်တော့ဘူး.. မငိုပါနဲ့နော်…

‘အိုး သိပ်လှတဲ့ သတို့သမီးကလေး..’ ဘေးနားက ချီးကျူးသံခပ်အုပ်အုပ်ကို ကြားလိုက်ရတော့မှ လက်ရှိပစ္စုပ္ပန်တည့်တည့်ကို စိတ်ပြန်ရောက်လာခဲ့တယ်.. မှန်ထဲက ခံစားချက်မဲ့မျက်နှာနဲ့ အသက်မဲ့ မိန်းခလေး ပျောက်သွားပီး လက်ရှိဘဝထဲက ချိုမြိန်တဲ့ အပြုံးတွေချည်း ပိုင်ဆိုင်ထားတဲ့ မိန်းခလေးအဖြစ် ပြန်ရောက်လာတော့တယ်…

‘ကဲ သတို့သားရေ သတို့သမီးကလေးကို ကြည့်လို့ရပါပီ..’

အပြုံးတွေနဲ့ချည်း ရင်ဆိုင်လိုက်စမ်း ကြည်ဖြူ… ကိုယ့်ကိုယ်ကို အားတင်းထားမှုနဲ့ အတူ ကိုကို့ကို ပြုံးပြလိုက်တယ်…. ဒါဟာ ကိုယ်ကိုယ်တိုင် ရွေးချယ်လိုက်တဲ့ ဘဝပဲ…

‘သိပ်လှတာပဲ ညီမလေးရယ်..’ ချိုမြိန်တဲ့အသံနဲ့အတူ ကျမဘေးကို ရောက်လာတဲ့ သတို့သားကို မှန်ထဲကနေ ပြုံးပြလိုက်တယ်..
ကိုကို့ရဲ့ မျက်လုံးတွေက မြတ်နိုးမှုတွေနဲ့ လှိုက်လှဲလှတယ်.. ကျေးဇူးတင်ပါတယ် ကိုကိုရယ်.. ဒီအချိန် ခနလေးပါပဲနော် မဆုံဖြစ်ခဲ့တဲ့ ချစ်သူကို သတိရခွင့်လေးပါ ပေးပါ ကိုကိုရယ်.. ခနလေးပါပဲ.. ဒီနေ့ကို ကျော်လွန်သွားရင်တော့ ကိုကို့ရဲ့ ကြည်ဖြူပဲ ဖြစ်ရပါစေ့မယ်..

ကိုကို့ရဲ့ရင်ခွင်မှာ မျက်နှာကို အသာအပ်ထားမိတယ်… ကိုကိုက ကျမရဲ့ ပခုံးကို ဖေးမထားပီး ကျောပြင်ကို အသာပွတ်ပေးနေခဲ့တယ်.. ကိုကို့ကို ချစ်ပါ့မယ်. ချစ်နိုင်အောင် ကြိုးစားပါ့မယ်.. အရာရာကို မေ့ပစ်ပီးတော့လေ… အခု ခနတာကလေးပါပဲ…………

‘သတို့သမီးက သိပ်လှတာပဲ’ အားပေးစကားသံတွေ အကြားမှာ ကိုကို့ရဲ့လက်မောင်းကို ခိုမှီပီး လျှောက်နေမကျတဲ့ ဒေါက်ဖိနပ်ကို ထိန်းလျှောက်နေရတဲ့ ကျမကို ကိုကိုက ဘေးကနေ ဖေးမပေးထားခဲ့တယ်.. ဟိုးအရင်တုန်းက ကျမ အခုလိုပဲ ခြေလှမ်းတွေ ယိုင်နှဲ့နေခဲ့ပီး ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့တဲ့အချိန်တုန်းကလဲ ကိုကိုပဲ ဘေးကနေ ဖေးကူပေးခဲ့တယ်နော်.. ဒါတွေကြောင့်ပဲ ကိုကို့ကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့.. ချီးမွမ်းသံတွေ လက်ခုပ်သံတွေကြားမှာ ကိုကို့လက်မောင်းကို ဆုပ်ကိုင်ပီး မျက်နှာကို အလှပဆုံးဖြစ်အောင် ပြုံးထားခဲ့တယ်..

ပြုံးလိုက်စမ်းပါ မိန်းခလေးရေ.. ကွဲကြေသွားခဲ့တဲ့ နှလုံးသားအတွက်တော့ အခု မေ့ထားလိုက်တော့..

ကိုကိုက ကျမနား နားကို တခုခု ကပ်ပီး ပြောလိုက်သလားပဲနော်…

ဟံသာ………… နှုတ်ဖျားက အသံမထွက်ပေမဲ့ ကျမရဲ့ ရင်ထဲမှာ အသံအကျယ်ကြီး မြည်ဟည်း သွားတယ်..

ဟံသာရယ် .. ငါတို့ရဲ့ ဆုံစည်းခွင့်မရှိတဲ့ ကံကြမ္မာအတွက် ငါ ဒီလမ်းကိုပဲ ရွေးချယ်လိုက်တာပါ.. အချစ်ဟာ ငါ့အတွက်တော့ ကျိန်စာဆိုးလိုပဲ.. ငါ့အတွက် ……. ငါ့အတွက်လို့ ရည်စူးခဲ့တဲ့ ဘယ်လို အတားအဆီးမျိုးမှ မရှိတဲ့ အချစ်ကို ကိုကိုနဲ့မှ ငါ ခံစားခဲ့ရတာပါ…

ဟံသာရဲ့ မျက်လုံးတွေမှာ ကျမအတွက် ဆိုတဲ့ ဂုဏ်ယူမှုနဲ့ တောက်ပနေသလား……

‘နင် သိပ်လှတာပဲ ကြည်ဖြူ..’ နားထဲမှာ လျှံထွက်သွားတဲ့ ချီးကျူးစကားအတွက် ဟံသာကို ပြုံးပြလိုက်မိသလားပဲ..

‘ကွန်ဂရက်ကျူလေးရှင်း ကိုအောင်.. မဖိတ်ဘဲ ရောက်လာရတယ်.. သက်နိုင်နဲ့အတူလေ’

‘မင်္ဂလာပွဲကို လာရောက်ချီးမြှင့်ပေးတာ ကျေးဇူးပါပဲဗျာ… စီစဉ်ပီးသားပေမဲ့ ကမန်းကတန်းလိုမျိုး ဖြစ်သွားလို့ သူငယ်ချင်းတွေကိုတောင် စုံအောင် မဖိတ်လိုက်ရဘူးဗျာ… ကျနော်ကလဲ ခွင့်က ကုန်ခါနီးနေပီ ဆိုတော့..’

ကိုကိုက သူ့ကို သေချာရှင်းပြနေခဲ့တယ်.. ကျမကတော့ ဘေးကနေ ဘာကိုမှ မပြောနိုင်ခဲ့ဘူး… ငါတို့ကြားမှာ ရှင်းပြစရာ တောင်းပန်စရာ ခွင့်လွှတ်ခဲ့စရာ ဘာဆိုဘာမှ မရှိတော့ပါဘူးနော် ဟံသာ.. ငါ့ရဲ့ မင်္ဂလာဆောင်ကို ရောက်လာဖြစ်တဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်…….

မင်္ဂလာစင်မြင့်လေးပေါ်မှာ ထိုင်နေတဲ့ သတို့သမီးကလေးကို ခန်းမရဲ့ ဒေါင့်စားပွဲဝိုင်းကလေးမှာ ထိုင်ပီး တစိမ့်စိမ့်ကြည့်နေခဲ့တယ်…

ဒါဟာ နောက်ဆုံးပဲ ကြည်ဖြူ… ငါတို့နှစ်ယောက်ဟာ ပြန်မဆုံနိုင်တော့မယ့် ရှင်ကွဲ ကွဲရမယ့်အဖြစ်ကို ရွေးချယ်ခဲ့ပီးပီပဲ.. နင့်ရဲ့ သတို့သမီးဝတ်စုံကလေးနဲ့ မျက်နှာကို ငါ လာကြည့်တာပါ.. တစ်သက်မမေ့အောင်ပေါ့.. တစ်ချိန်ချိန်မှာ ပြန်ဆုံဖြစ်ခဲ့ကြရင် နင့်ရဲ့ မျက်နှာမှာ ဟိုးတစ်ချိန်ကလိုပဲ အပြုံးတွေချည်း ငါမြင်ရချင်ပါတယ်… နင့်ရဲ့ခင်ပွန်းလောင်းက နင့်ကို စိတ်ချမ်းသာအောင် ထားနိုင်မယ်ဆိုတာ ငါယုံပါတယ်.. ပီးတော့ ငါ့ထက် မလျော့တဲ့ အချစ်နဲ့ နင့်ကို ချစ်မှာပါ…

ခွဲခွာရတော့မယ့်အချိန်မှာ အပြုံးတွေနဲ့ချည်း နှုတ်ဆက်ခဲ့ရတဲ့အတွက်တော့ ငါတို့ရဲ့ ကံကို ကျေးဇူးတင်ပါတယ် ကြည်ဖြူရယ်… သတို့သမီးရဲ့ လက်ကို ဆုပ်ကိုင်ထားတဲ့ သတို့သား… သူတို့ဘေးက ပျော်ရွှင်နေကြတဲ့ အပေါင်းအသင်း သူငယ်ချင်းတွေ ပီးတော့ မိဘဆွေမျိုးတွေ.. ဧည့်ပရိသတ်တွေ.. ဒါတွေကို နင့်အတွက် ကြည်နူးစိတ်နဲ့ ငါ လိုက်ကြည့်နေမိတယ်…

ကားပေါ်ကို တက်တော့မယ့် သတို့သမီးကလေးက လည်ပြန်လှည့်ကြည့်ပီး ကျနော့်အတွက် သပ်သပ် အပြုံးတစ်ပွင့် ပေးခဲ့တယ်.. ငါကျေနပ်ပါတယ် ကြည်ဖြူ.. နင်ပျော်နိုင်ပါစေလို့ ငါ အမြဲ ဆုတောင်းပေးပါတယ်….

ဟိုးအရင် ငါတို့ ခွဲခွာခဲ့ကြတဲ့ အချိန်တုန်းကလဲ ဒီလိုပဲ နင် ပြုံးပြခဲ့တယ်နော် … ငါတို့တွေ နောက်ဆုံး တွေ့ခဲ့တဲ့အချိန်တုန်းက နင့်ရဲ့ မျက်လုံးမှာ မျက်ရည်စတွေ ဝဲနေခဲ့တယ်.. နှုတ်ခမ်းတွေကတော့ အပြုံးနဲ့ တောက်ပနေခဲ့ပီး.. စကားလုံးတွေရယ် ဘယ်တော့မှ မမေ့နိုင်ခဲ့တဲ့ နာကျင်စရာ အပြုံးတချို့ရယ်ကို ပေးပီး ငါ့ကို နင် နှုတ်ဆက်ခဲ့ဖူးတယ်….

‘ငါ နင့်ကို မချစ်ဘူး ဟံသာ… ဒါဟာ ငါ့အတွက်ရော ငုဝါအတွက်ရော နင့်အတွက်ရော စဉ်းစားပီးမှ ပေးခဲ့တဲ့အဖြေပဲ… နင့်ကို မချစ်ဖို့ ဆုံးဖြတ်လိုက်တယ်… ငါ နင့်ကို မချစ်ဘူး’

ငါ ဘယ်တော့မှ တစ်သက်မမေ့ခဲ့တဲ့ စကားသံပဲ ကြည်ဖြူ…. အဲ့ဒီစကားလုံးရဲ့နောက်မှာ ငါ ဟိုးအဝေးကြီးကို လွင့်သွားခဲ့တယ်…. အဲ့ဒီ မမေ့နိုင်စရာ စကားလုံးရဲ့ နောက်မှာပဲ ငါ မိန်းခလေးတွေရဲ့ အသည်းကို တစ်ခုပီးတစ်ခု ခွဲခဲ့တာပဲ.. သူတို့တွေရဲ့ ကျခဲ့တဲ့ မျက်ရည်တွေပေါ်မှာ ငါ ယစ်မူးနေခဲ့တယ်.. သူတို့ အသည်း တစ်ခုကွဲတိုင်း ငါ့ရဲ့ ကွဲနေတဲ့အသည်းသာ ပြန်ဆက်ခဲ့မယ်ဆိုရင် ဘယ်လောက် ကောင်းမလဲ ငါစဉ်းစားကြည့်ဖူးတယ်… အဲ့ဒီ အသည်းခွဲပုံပြင်တွေကြောင့်ပဲ နင့်ကို ထပ်ဆုံးရှုံးရမယ်လို့ သိခဲ့မယ်ဆိုရင် ငါ မြန်မာပြည်ကို ပြန်လာဖြစ်မယ် မထင်ဘူး.. ဒါပေမဲ့ နောက်ဆုံး တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ နင့်ရဲ့မျက်နှာလေးကို တွေ့ချင်မိတယ်..

………………………………………………………………………………………….

‘ဝေးးးးးးးးးးးးးးးးး’

ပင်လယ်ဓားပြလှေကြီး အောက်ကို ပြန်ပြုတ်ကျသွားတိုင်း ဘေးက ကြည်ဖြူ့ရဲ့ လက်ချောင်းတွေကို တင်းတင်း ဆုပ်ကိုင်ပီး စိတ်လွတ်ကိုယ်လွတ် အော်လိုက်တယ်.. သူငယ်ချင်းတွေ စုပီး တိရစ္ဆာန်ဥယျာဉ်ကို သွားကြမယ်ဆိုတော့ အားလုံးက တညီတညွတ်တည်း ထောက်ခံခဲ့ကြတယ်.. အဲ့တာနဲ့ပဲ ကျူရှင်မတက်ဘဲ ကျနော်တို့ သူငယ်ချင်းအုပ်စုတွေ လစ်ပြေးခဲ့ကြတယ်.

ကစားကွင်းထဲမှာ ကလေးတွေလို အသားကုန်ဆော့ကြပီး ပျော်ရွှင်မြူးတူးခဲ့ကြတာ.. ပင်လယ် ဓားပြလှေကြီး အပေါ်က ဆင်းတော့ ခြေထောက်တွေတောင် မခိုင်တော့ဘဲ လူတွေက ယိုင်တိုင် ယိုင်တိုင်နဲ့ ဖြစ်နေကြတယ်. ဒါပေမဲ့ ရိုလာကိုစတာ ဆက်စီးဖို့ အပြေးအလွှား သွားကြတာ.. တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်လို့ …..ခေါင်းတွေကို မော့ပီး ဟားတိုက် ရယ်မောခဲ့ကြတယ်… အဲ့ဒီအချိန်လေးတွေက မှတ်မိသမျှထဲမှာ ပျော်စရာ အကောင်းဆုံးပါပဲ ကြည်ဖြူရယ်…………

အားလုံး ခုနစ်ယောက်တိတိ ဘယ်ကိုပဲ သွားသွား တပျော်တပါးကြီး အုပ်စုလိုက် သွားကြ.. အုပ်စုလိုက် စားကြနဲ့ ပျော်ရွှင်စရာ အကောင်းဆုံးအချိန်ပေါ့.. အဲ့ဒီအုပ်စုထဲကို အချစ်အကြောင်း စတင်သယ်လာတဲ့ သူက သက်နိုင်ပင်..

‘ငါ ကောင်မလေးတစ်ယောက်ကို တွေ့ထားတယ် …. မင်းတို့လဲ ဝိုင်းကြည့်ပေးကြပေါ့. ကောင်မလေးက ချစ်စရာလေးနော်.. နောက်ဆုံးနှစ်မှ အတွဲမချိတ်နိုင်ရင် ငါ့အဖြစ်က လိပ်ကို ပက်လက်လှန်ထားသလို ယက်ကန်ယက်ကန်ဖြစ်နေမှာကွ ဟဲဟဲ..’

အားလုံးရဲ့ အံ့အားသင့်မှုကြားမှာ သက်နိုင်က မော်ကြွားနေခဲ့တယ်.. စပ်စုကြတဲ့ စကားလုံးတွေ ကြားထဲ သက်နိုင်က လက်မလည်အောင် ရှင်းပြနေခဲ့တယ်. အဲ့ဒီကောင်မလေးကို သူ ဘယ်လိုရှာဖွေ တွေ့ရှိတာ.. ကောင်မလေးရဲ့ အပြုံးတစ်ချက်က သူ့ရင်ကို ဘယ်လိုငြိတွယ်စေတာ.. ကောင်မလေးကို ချစ်မိပီဆိုတာ တကယ့်ကို သေချာနေတာ အဲ့ဒီကောင်မလေးကိုသာ မရရင် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ အချစ်စကားလုံးတွေကို တတွင်တွင် ရွတ်နေခဲ့တာလေ..

မျက်လုံးကလယ်ကလယ်နဲ့ ကြည်ဖြူက ကျနော့်ဘက်ကို လှည့်ပီး ဒီကောင်ပြောနေတာ အမှန်အကန် ဟုတ်ရဲ့လားဆိုတဲ့ အကြည့်မျိုး.. ကျနော် ဟားတိုက်ရယ်မောလိုက်တဲ့အခါ သက်နိုင်က ထလာပီး လည်ပင်းကို လာညှစ်ခဲ့တယ်.. နောက်တော့ သူငယ်ချင်းတွေရဲ့ ရယ်မောသံတွေ ကြည်ဖြူက ‘တော်တော့ ဒီနှစ်ကောင်… လည်ပင်းကို တအားမညှစ်နဲ့လေ..’ နောက်တော့ ကြည်ဖြူ့ခေါင်းကို သက်နိုင်က ဆွဲဖွပစ်လိုက်ပီး မျက်နှာစူပုတ်ပုတ်နဲ့ ဟိုဘက်မှာ သွားထိုင်နေခဲ့တယ်..

အားလုံးရဲ့ ရယ်မောသံတွေက ဆူညံနေခဲ့တယ်.. အပျော်တွေချည်းပဲ စုရုံးထားတဲ့ သူငယ်ချင်းအုပ်စု လေးထဲက ပြောင်းလဲမှုတွေက တဖြည်းဖြည်း အသွင်ပြောင်းစပြုလာခဲ့တယ်.. သက်နိုင်က အဲ့ဒီကောင်မလေးနဲ့ ကြိုက်သွားသလို ရဲရင့်က သူငယ်ချင်း အချင်းချင်း ယုယကို ချစ်မိနေပီလို့ ကျနော့်ကို တိုင်ပင်တဲ့အခါ ကျနော်တော်တော် အံ့သြသွားမိတယ်.. ရဲရင့်ရဲ့ မျက်လုံးတွေမှာ အချစ်ရဲ့ အရိပ် အရောင်တွေ တွေ့ရှိလာတဲ့အခါမှာ ကျနော်လဲ ချစ်တတ်ချင်စပြုလာခဲ့တယ်…

ဖျားနေပေမဲ့ ကျောင်းကို ရောက်အောင်လာခဲ့တယ်.. သိပ်ချစ်ရတဲ့ သူငယ်ချင်းလေးရဲ့ ဂရုစိုက်မှုကို ကျနော်လိုချင်လို့လေ.. ဖျားနေတယ်ဆိုပီး ခုံပေါ်မှာ ခေါင်းမှောက်ပီး အိပ်နေတဲ့အခါ ကြည်ဖြူက သူ့ရဲ့ လက်ကိုင်ပဝါလေးနဲ့ ကျနော့်ရဲ့ နဖူးက ချွေးစတွေကို သုတ်ပေးနေခဲ့တယ်.. ကျနော်အိပ်နေရင်းနဲ့ ကြည်ဖြူ့ရဲ့ မျက်နှာလေးကို ငေးကြည့်နေမိတယ်.. စိုးရိမ်မှုတွေနဲ့ ဝိုင်းရံနေတဲ့ မျက်လုံး နက်နက်ကလေးရဲ့ အတွင်းပိုင်းမှာ ကျနော့်အတွက် အကြင်နာတွေကို တွေ့လိုက်ရသလိုပဲ.. သူမရဲ့ လက်ကလေးကို ဆွဲကိုင်ပီး ကျနော့်ပါးပေါ်မှာ တင်ထားမိတယ်.. ဒီလိုသာ သူမရဲ့လက်ကလေးကို တစ်သက်တာ ဆွဲကိုင်ခွင့်ရမယ်ဆိုရင် ကျနော် ဘယ်လောက်
ကံကောင်း လိုက်မလဲလို့လဲ တွေးနေမိတယ်..

ကြည်ဖြူ့ရဲ့ မျက်လုံးကလေးတွေက ဝိုင်းပီး ကြင်နာတဲ့အကြည့်ရှိတယ်.. အဲ့ဒီ မျက်လုံးလေးတွေကို ကျနော် ချစ်နေမိတယ်.. ပီးတော့ ချစ်စရာကောင်းတာ တစ်ခုက ဘယ်သူ့အပေါ်မဆို ကြင်နာတတ်တဲ့ နှလုံးသားရှိတာ ကြင်နာတတ်တဲ့စိတ် ရှိတာပဲ.. သူငယ်ချင်းတွေ အပေါ်မှာ အရမ်းပဲ ခင်တွယ်တယ်.. စားစရာ တစ်ခုခုဆိုလဲ သူ မစားဘဲ သူငယ်ချင်းတွေကို ကျွေးချင်တဲ့စိတ်ရှိတယ်.. တစ်ခုခု သဘောကျပီဆို မျက်လုံးကလေးတွေကပါ အရောင်တောက်လာပီး ရယ်မောတတ်တဲ့ မိန်းခလေးကို ကျနော် တဖြည်းဖြည်း မြတ်နိုးလာနေမိတာပဲ…

အဲ့ဒီနေ့က ကျနော်နဲ့ ဇော်ဇော် ကျောင်းကို အစောကြီးရောက်နေခဲ့တယ်.. ဝရံတာမှာထိုင်ပီး ကျနော်တို့ရဲ့အဆောင်ဘက်ကို လမ်းလျှောက်လာတဲ့ ကောင်မလေးတွေကို ထိုင်ငေးရင်း စကားတွေ ပြောနေမိတယ်… အဲ့ဒီအချိန်မှာ ကြည်ဖြူနဲ့ ငုဝါ အဆောင်ဘက်ကို ကွေ့ဝင်လာတာကို တွေ့လိုက်ရတော့

‘ဟာ ဟိုမှာ ကြည်ဖြူတို့ဟေ့… သူတို့လာတာ အတော်ပဲ တို့တွေ ကင်တင်းန်သွားရအောင် ဟိုကောင်တွေကိုသာ စောင့်ရရင် ငါတို့ ဗိုက်ဆာတာနဲ့ သေမှာပဲ’ ဇော်ဇော်ရဲ့ ဝမ်းသာအားရ လေသံကို ကျနော်လဲ ထောက်ခံလိုက်တယ်…

ကျနော်တို့နှစ်ယောက် ကျောင်းဆောင်အောက်ကို အပြေးအလွှားဆင်းလိုက်တဲ့အခါ ကျောင်းဆင်ဝင်အောက်ကို ရောက်လာပီဖြစ်တဲ့ ကြည်ဖြူနဲ့ ငုဝါတို့ အလန့်တကြား ဖြစ်သွားကြတယ်

‘အယ်မလေး….. ဘာဖြစ်ကြတယ် မသိ.. ဖြည်းဖြည်းသက်သာ ဆင်းကြပါ.. ချော်လဲမှဖြင့် ဟံသာရယ်’

ဇော်ဇော်က ပြုံးစိပြုံးစိလုပ်ပီး ‘အေးပါ ငါ့ကျတော့ မပူနဲ့သိလား ငုဝါ.. ဟံသာ့ကိုပဲ ပူ’

‘အယ် ဟုတ်ပါဘူး ဇော်ဇော်နော်… သေဦးမယ်’

ငုဝါရဲ့ ရှက်သွားတဲ့ မျက်လုံးတွေက ရီဝေဝေဖြစ်နေခဲ့တာကို ကြည့်ရင်း.. တခါတရံ တိတ်တခိုး ကြည့်တတ်တဲ့ သူမရဲ့ မျက်လုံးလေးတွေကို ကျနော် သတိထားလာမိတဲ့အခါ ရင်ထဲမှာ စိုးထိတ်မှုတစ်ခုက ဘာမှန်းမသိ ကျနော့်ရင်ထဲ ဝင်လာခဲ့တယ်…

ပျော်ရွှင် ရယ်မောနေတတ်တဲ့ ကြည်ဖြူ့ရဲ့ မျက်နှာလေးကို ခိုးကြည့်မိတဲ့အခါ ကျနော့်လိုပဲ ကျနော့်ကို ခိုးကြည့်နေတဲ့ ငုဝါရဲ့မျက်လုံးလေးတွေကို သတိထားလာမိတယ်..

ကျနော်ကတော့ ငုဝါကို သူငယ်ချင်းတစ်ယောက်ထက် မပိုခဲ့.. ကျနော် ချစ်တဲ့သူက ကြည်ဖြူ ဆိုတာ ပိုပိုပီး သေချာလာတဲ့အချိန်မှာပဲ ကျနော့် ရင်ထဲက စိုးရွံ့မှုတွေကို အတည်ပြုပေးခဲ့တာက ဇော်ဇော်ပင်..

‘မင်း ငါတို့ထဲက တစ်ယောက်ယောက်ကို ကြိတ်ကြိုက်နေတယ် မဟုတ်လား ဟေ့ရောင်.. မင်းက မပွင့်မလင်းနဲ့ ဘာဖြစ်လဲကွ ကြိုက်ရင် ကြိုက်တယ်ပေါ့.. တကယ်လို့ ဖွင့်မပြောရဲရင်လဲ ငါတို့ ကူပေးမှပေါ့ကွ’

‘ဘယ်သူလဲ ငုဝါ မဟုတ်လား.. ငါ သိပါတယ်ကွ.. ကောင်မလေးကလဲ မင်းကို ကြိုက်နေတဲ့ပုံပဲ.. ငါတို့ သေသေချာချာ စုံစမ်းပီးမှ ပြောတာနော်..’

ကျနော့်ရင်ထဲက အံ့အားသင့်မှုက ရင်ခုန်သံတွေတောင် ရပ်တန့်သွားတဲ့အထိပင်.. ကျနော့်ကို ရယ်ဟဟနဲ့ ကြည့်နေတဲ့ ဇော်ဇော့်ကို ဘာပြန်ပြောရမှန်းမသိ ဖြစ်နေခဲ့တယ်..

‘ဟေ့ကောင် ဘာဖြစ်တာလဲကွ.. မဟုတ်ဘူးလား’
ဇော်ဇော်က ကျနော့်ကို ဇဝေဇဝါ မေးနေခဲ့တယ်.. ဘာပြန်ပြောရမှန်း မသိခဲ့ဘူး.. စကားလုံးတွေ ဆွံ့အနေခဲ့တယ်..

‘ဒါဆို …. ဟံသာ… မင်း တကယ် ငုဝါကို မကြိုက်ဘူးလား …. ငါတို့ မင်းကျောင်းပျက်တဲ့ နေ့က စကြနောက်ကြရင်းနဲ့ အဲ့ဒီအကြောင်းက အတည်ဖြစ်သွားခဲ့တာကွ.. ငါတို့အားလုံးကလဲ မင်းကို ငုဝါနဲ့ဆို လိုက်တယ်ဆိုပီး……’

‘ငုဝါရှေ့မှာပဲ စကြတာလား’ သူ့ရဲ့ အေးစက်စက်အမေးကို ဇော်ဇော်က ခေါင်းညိတ်ပြခဲ့တယ်..

အဲ့ဒီအချိန်ကတည်းက ငါတို့ရဲ့ နက္ခတ်က လွဲခဲ့တာပဲ ကြည်ဖြူ.. ငါ့ရဲ့ စိတ်ဆန္ဒလဲ မဟုတ်ခဲ့ဘူး.. နောက်ပီး ငါ ချစ်တဲ့သူလဲ မဟုတ်ခဲ့ဘူး.. ဒါပေမဲ့ ငါ ကံမကောင်းခဲ့ဘူး.. လူတိုင်း လူတိုင်း သူချစ်တဲ့သူ သူ့ကို ပြန်ချစ်နိုင်ဖို့ နည်းမျိုးစုံသုံးပီး ကြိုးစားခွင့်ရခဲ့တဲ့အချိန်မှာ ငါကတော့ ငါချစ်တဲ့ နင့်ကို ငါ့ဘက်က ချစ်တယ်လို့ ဖွင့်မပြောပြခင်ကတည်းက ဆုံးရှုံးခဲ့ရမယ်မှန်း ငါသိနေနှင့်ခဲ့တယ်….

နင်နဲ့ ငုဝါရဲ့ သံယောဇဉ်အတိမ်အနက်တွေထဲမှာ ငါ့ရဲ့ ချစ်ခြင်းအတွက် ဆုံးဖြတ်ချက်တွေ ပါလာနိုင်မယ်ဆိုတာ ငါသိနေနှင့်ခဲ့လို့ပဲ...

အားလုံးဟာ ကံဇာတ်ဆရာရဲ့ ကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်းပဲ ဖြစ်ပျက်ခဲ့တယ်.. ဒါပေမဲ့ ငါ့အလိုကျတော့ မဟုတ်ခဲ့ဘူး.. အဲ့ဒီအတွက် ကံကြမ္မာကို ငါ စိန်ခေါ်ခဲ့ရတယ်.. တန်ပါတယ် ကြည်ဖြူ အနည်းဆုံးတော့ ငါ နင့်ကိုချစ်တယ်ဆိုတာကို နင်သိခွင့်ရခဲ့တယ်.. ဒါပေမဲ့ နင် ပြန်မချစ်နိုင်တဲ့ အတွက်တော့ ငါ ဝမ်းနည်းခဲ့ရတယ်.. ဒါပေမဲ့ ဒါဟာ ဖြစ်သင့်တယ်လို့တော့ ငါ လက်ခံပါတယ်..

နင်က ငုဝါကို ငဲ့ညှာပီး ဆုံးဖြတ်မှာဖြစ်သလို ငါကလဲ ငါတို့ရဲ့ သူငယ်ချင်းအဖြစ်တွေကို ငဲ့ညှာပီး ငါ့ရင်ထဲက ခံစားချက်တွေကို အတတ်နိုင်ဆုံး ဖိနှိပ်ခဲ့တာပဲ ကြည်ဖြူရယ်…. ဒါပေမဲ့ ငါ ဟန်မဆောင်နိုင်ခဲ့ဘူး..

အဲ့ဒီနေ့က နောက်ဆုံးအတန်းချိန်တွေကို လစ်ပီး ကွန်ဗိုကေးရှင်းရဲ့ အနောက်ဘက်မှာ ငါတို့ သူငယ်ချင်းတစ်စု ထိုင်နေခဲ့တယ်.. ငါက ဂစ်တာတီးနေခဲ့တယ်.. ငါ့ဘေးနားမှာ ထိုင်နေတဲ့ နင်ကတော့ ငါနဲ့အတူ သီချင်းတိုးတိုးလေး လိုက်ညည်းနေခဲ့တယ်.. ဂစ်တာတီးနေရင်း နင့်မျက်နှာလေးကို ခိုးကြည့်နေရတာ ငါ့အတွက်တော့ ချိုမြိန်တဲ့ ခနတာလေးပဲ.. ငါ့ရဲ့ သံစဉ်တွေထဲမှာ နင့်အတွက် ချစ်ခြင်းတွေရှိတယ်.. ငါ့ရဲ့ ရင်ခုန်သံတွေထဲမှာ နင့်ကို မြတ်နိုးခြင်းတွေရှိတယ်.. တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်ကို ငါသတိမပြုမိခဲ့ဘူး.. ငါတို့နှစ်ယောက်ရဲ့ သီးခြားဖြစ်တည်မှုကို သတိထားမိသွားတဲ့ သူငယ်ချင်းတွေရဲ့ မျက်လုံးတွေမှာ အံ့သြမှု အရိပ်အယောင်တွေ တွေ့လိုက်ရတဲ့အခါ ငါ့စိတ်ထဲမှာ နာကျင်သွားမိတယ်..

အဲ့ဒီအချိန်တွေ အတွင်းမှာပဲ နင့်ဘေးကို လူတစ်ယောက်ရောက်လာခဲ့တယ်နော်… ငါ ဘာလုပ်ရမှန်း မသိဘဲ ကယောင်ချောက်ချား ဖြစ်သွားမိတယ်.. အဲ့ဒီလူရဲ့ ပိုင်နိုင်မှုက နင့်ကို ကျောင်းကြိုကျောင်းပို့ လုပ်ပေးနိုင်တဲ့ အဆင့်ဆိုတော့ ငါ့ရင်ထဲက ပူလောင်မှုကို ငါပဲ သိခဲ့တယ်..

ဘာလို့ ငါ့ရဲ့အချစ်က ပွင့်လင်းခွင့်မရတာလဲ.. နောက်ပီး ငါက ငါချစ်တဲ့သူကို ချစ်တယ်လို့ ပြောပိုင်ခွင့်တော့ ရှိရမယ် မဟုတ်လား..

နင့်ရဲ့ ရယ်မောနေတဲ့ မျက်လုံးလေးတွေကို ငါ ရင်ခုန်နေမိတဲ့ အချိန်အတွင်းမှာပဲ ငုဝါရဲ့ ရီဝေဝေမျက်လုံးတွေကို အားနာမိတယ်.. ဒါပေမဲ့ အချစ်မှာ အားနာတာတွေ ငဲ့ညှာတာတွေ မရှိသင့်ဘူးလို့ ငါတစ်ဖက်သတ် တွေးလိုက်မိတဲ့အခါမှာ ရလိုက်ရတဲ့ ရလဒ်ကိုတော့ ငါလက်ခံရမှာပေါ့နော်….

‘ငါ ငါတို့သူငယ်ချင်းအုပ်စုထဲက ကောင်မလေးတစ်ယောက်ကို ချစ်နေမိတယ် ပထမတော့ သူငယ်ချင်းသံယောဇဉ်ကြောင့် ဖွင့်မပြောရဲခဲ့ပေမဲ့ အခုတော့ ငါ သိပ်ချစ်တဲ့ ချစ်သူကို ငါ သိပ်ချစ်တဲ့ သူငယ်ချင်းတွေရဲ့ရှေ့မှာပဲ တစ်ခါတည်း ရင်ဖွင့်ပြချင်တယ်..’

သူငယ်ချင်းတွေ အားလုံးစုံတဲ့အချိန်မှာ ငါ့ရင်ထဲက ခံစားနေရတဲ့ အချစ်ကို သတ္တိရှိရှိ .. မဟုတ်ဘူး မိုက်ရူးရဲဆန်စွာ ငါ ဖွင့်ပြောပြ
ဖြစ်ခဲ့တယ်….

‘နင့်ကို သိပ်ချစ်တယ် ကြည်ဖြူ.. ငါ့အချစ်ကို လက်ခံပါ’

နင့်ရဲ့ မယုံနိုင်တဲ့ အကြည့် နားကြားများ လွဲသလား အထင်မှားမှုနဲ့ ငါ့ရဲ့ မျက်နှာကို မော့ကြည့်လိုက်မိတဲ့ အချိန်မှာပဲ အခြေအနေက ရုတ်တရက် ဝရုန်းသုန်းကား ဖြစ်သွားခဲ့ပီ..

နားမလည်နိုင်မှုတွေ ဇဝေဇဝါဖြစ်မှုတွေနဲ့ တိတ်ဆိတ်သွားတဲ့အချိန်မှာပဲ သက်နိုင်က ‘ဟာ ဟံသာ မင်း မင်း…’ အထစ်ထစ် အငေါ့ငေါ့စကားသံအဆုံးမှာပဲ ထထွက်သွားတဲ့ ငုဝါ.. ငုဝါရဲ့နောက်ကို အပြေးတစ်ပိုင်းလိုက်သွားတဲ့ ယုယနဲ့ အားလုံးက ဘာလုပ်ရမှန်း မသိ ဖြစ်သွားခဲ့တယ်..

နင့်ရဲ့ မျက်ရည်တွေ ရစ်ဝဲလာတဲ့ မျက်လုံးလေးကို နှမြောတသ ငေးကြည့်နေမိပေမဲ့ ငါလုပ်လိုက်တဲ့ ဖြစ်ရပ်အတွက်တော့ ငါ နောင်တမရခဲ့မိဘူး ကြည်ဖြူရယ်…

‘ဒီလိုဖြစ်လိမ့်မယ်လို့ နင် ကြိုတင် တွက်ဆထားတာပဲ ဟံသာ.. နင့်ရဲ့ သတ္တိရှိမှုကိုတော့ လေးစားပါတယ်… ဒါပေမဲ့ ငါတို့ရဲ့ ပျော်ရွှင်မှုတွေက ရပ်ဆိုင်းသွားပီ.. ငါ နင့်ကို မုန်းရလိမ့်မယ်..’

ကျောခိုင်းလှည့်ထွက်သွားတဲ့ ကြည်ဖြူရဲ့ ပါးပြင်ပေါ်က မျက်ရည်တစ်စက်ရဲ့နောက်မှာ အလဲလဲ အပြိုပြိုဖြစ်ခဲ့ရတယ်…

ငါရယ် ဇော်ဇော်ရယ် သက်နိုင်ရယ် ရဲရင့်ရယ် ဘီယာဆိုင်တစ်ဆိုင်မှာ ထိုင်နေခဲ့တယ်.. အဲ့ဒီတုန်းက ဘာလုပ်ရမှန်း မသိတဲ့ ခံစားချက်တွေနဲ့ ငါရော သူတို့တွေရော အားလုံးမူးနေခဲ့ပီ..

သက်နိုင်ဆီက ‘အဟား…. အချစ်သူရဲကောင်းကြီးပေါ့ ဟုတ်လား ဟံသာ.. မင်းကွာ ဒီလိုပြောဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့မိသမျှ .. အားလုံးကို သေချာရှင်းပြပီး ငါတို့လဲ ဝိုင်းဝန်း ကူညီဖြေရှင်းပေးရင် ပြေလည်နိုင်မယ့် အခြေအနေကို မင်း ပြဿာနာကြီးကြီး ဖြစ်အောင် လုပ်လိုက်တာပဲ’

‘မင်း ဒီလိုလုပ်လိုက်လို့ ရလာမယ့် ရလဒ်က ဘာလဲ.. မင်း ကြည်ဖြူ့ရဲ့စိတ်ကို မသိဘူးလား.. ငုဝါကိုရော.. ငုဝါရော ဘယ်လိုခံစားရမလဲလို့ မင်း ထည့်မတွက်ခဲ့ဘူးလား..’

ငါ ထပ်ပီး ဘယ်သူတွေရဲ့ ဘယ်လို အပြစ်တင်စကားမျိုးကိုမှ လက်မခံနိုင်တော့ဘူး ကြည်ဖြူရယ်… နင့်ရဲ့ မျက်ရည်တွေနဲ့တင် ငါ့ရင်က အထိမခံနိုင်လောက်အောင် နာကျင်နေခဲ့ရပီပဲ…

‘ငါ့ရဲ့ရင်ထဲကိုရော ဘယ်သူခံစားပေးမှာလဲ ဟင်.. ငါကရော ငါချစ်တယ်ဆိုတဲ့သူကို အနည်းလေးတော့ ချစ်တယ်လို့ ဖွင့်ပြောခွင့်ရသင့်တယ် မဟုတ်လားကွ’

နာကျင်မှုကြောင့် အားလုံးကို မျက်နှာချင်းမဆိုင်ခဲ့ပေမဲ့ နင့်ဆီက အချစ်ကို ရမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားခဲ့မိသမျှ အဲ့ဒီအစား ငါ မမေ့နိုင်ခဲ့တဲ့ အမုန်းတွေကိုပဲ ရခဲ့တယ်..

အဲ့ဒီညနေခင်းလေးပေါ့.. ဝဋ်ကြွေးတော်ပြေဘုရားလေးရဲ့ မြစ်ကမ်းစပ်နဖူးဘေးမှာ နင်ရပ်နေခဲ့တယ်.. ဒီနေရာလေးက ငါတို့ သူငယ်ချင်ေးတွ အမြဲ လာရောက်နေကျနေရာလေ.. စာလာကျက်နေကျ.. ဒီဘက်ကမ်းကနေ ဟိုဘက် မယ်လမုဘုရားကို လှေနဲ့ကူးပီး ဘုရားဖူးနေကျ နေရာလေးပေါ့.. အခုတော့ ပျော်စရာတွေ ပျောက်ကုန်ပီ….

‘ငါ နင့်ကို မချစ်ဘူး ဟံသာ… ဒါဟာ ငါ့အတွက်ရော ငုဝါအတွက်ရော နင့်အတွက်ရော စဉ်းစားပီးမှ ပေးခဲ့တဲ့အဖြေပဲ… နင့်ကို မချစ်ဖို့ ဆုံးဖြတ်လိုက်တယ်… ငါ နင့်ကို မချစ်ဘူး’

ရင်တစ်ခုလုံး ယိုင်ထွက်သွားခဲ့ပီး အသည်းနှလုံးက နာကျင်မှုကို လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရပေမဲ့ ကြည်ဖြူ့ကိုတော့ စကားတစ်ခွန်းပဲ မေးဖြစ်ခဲ့တယ်.. ထပ်ရခဲ့တဲ့ နာကျင်မှုအတွက်တော့ ဘယ်တော့မှ မမေ့နိုင်ခဲ့တော့ဘူး..

‘ငုဝါကြောင့် ဆိုရင်တော့ ခနမေ့ပေးပါ ကြည်ဖြူရယ်… နင့်ရဲ့ ခံစားချက်အမှန်ကို ငါ့ကို သိခွင့်ပေးပါ’

‘ငါ နင့်ကိုချစ်တယ် ကြည်ဖြူ’

‘ထပ်မေးလဲ ငါပေးမယ့်အဖြေက ဒီအဖြေပဲ ဟံသာ.. ငါ နင့်ကို မချစ်ဘူး.. နင့်ကို သူငယ်ချင်း သံယောဇဉ်ဆိုတာထက် ပိုပီး ငါ ပိုမချစ်ခဲ့ဘူး’

အကြင်နာတရားကြီးမားတဲ့ မိန်းခလေးဟာ အခုတော့ သိပ်ရက်စက်တဲ့သူကြီးလိုပင် သူ့အသည်းကို အစိတ်စိတ်အမြွှာမြွှာ ခွဲခြေခဲ့တယ်…

အဲ့ဒီစကားလုံးတွေရဲ့ နောက်မှာ ဘယ်လိုမှ မရပ်တည်နိုင်ခဲ့တော့ဘူး ကျောင်းနောက်ဆုံးနှစ် ဆိုတာကို ငါမေ့ပစ်လိုက်တယ်.. အားလုံး အားလုံး…. သူငယ်ချင်းတွေကိုရော စာသင်ခန်းကိုရော ရင်ထဲက အချစ်တစ်ခုရယ် ငါချစ်ခဲ့တဲ့ မိန်းခလေးရယ်ကလွဲရင် အားလုံးကို မေ့ပစ်လိုက်တယ်..

မေမေ့ကို အတင်းအကျပ် ပူဆာခဲ့တယ်… နိုင်ငံခြားထွက်ဖို့ အားလုံးပြင်ဆင်ပီးတဲ့အချိန်မှာ လုံလောက်တဲ့ ဘယ်လို အသက်မွေးမှု ပညာရပ်တွေမှ ငါ့မှာမရှိခဲ့ဘူး.. ဒါပေမဲ့ မချစ်ဘူးလို့ ပြောခဲ့တဲ့ ချစ်သူရဲ့ ဘေးနားမှာတော့ ငါ မနေနိုင်ခဲ့ဘူး.. စိမ်းကားတဲ့ အကြည့်ထက်စာရင် တစ်ပြည်ရပ်ခြားမှာပဲ ငါ အသည်းကွဲခံတော့မယ် ချစ်သူ..

ဟိုမှာ ဘယ်လောက် အခက်အခဲကြုံပါစေ မချစ်ဘူးလို့ ပြောခဲ့တဲ့ နင့်ရဲ့ရှေ့မှာ ငါ အသက်မဲ့ခဲ့တဲ့ အချိန်တွေလောက်တော့ မခက်ခဲခဲ့ဘူးလို့ပဲ အမြဲမှတ်ယူခဲ့တယ်.. ငါ မိန်းခလေးတွေ တစ်ယောက်ပီး တစ်ယောက် ထည်လဲတွဲနေတဲ့အချိန်မှာ နင့်ဘေးနားမှာ နင့်ရဲ့ အိမ်ထောင်ဖက်အဖြစ် လူတစ်ယောက် ရှိနေတယ် ဆိုတာကို ငါ သိလိုက်ရတဲ့အချိန်မှာ ငါ ဘယ်လိုမှ နေမရခဲ့ဘူး ကြည်ဖြူ.. လေးနှစ်တိတိ ခွဲခွာခဲ့တဲ့ မြန်မာပြည်ကို ပြန်လာရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က နင့်ရဲ့ မျက်နှာကို ထပ်မြင်ချင်တာပါပဲ…

နှစ်တွေ အကြာကြီးပြောင်းလဲသွားလဲ ငါ့ရင်တွင်းက ချစ်စိတ်တွေ မပြောင်းလဲဘူးဆိုတာကို သိလိုက်ရတဲ့အခါ နင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဖို့ ငါ ဆုံးဖြတ်ခဲ့တယ် .. နင်က အရင်တုန်းက အတိုင်းပဲ ချိုမြိန်တဲ့အပြုံးလေးနဲ့ ချစ်စရာကောင်းနေတုန်းပဲ… နင့်မျက်နှာကို ပြန်မြင်မိတဲ့အခါ ငါ့ရင်ဘတ်ထဲက နှလုံးသားက အရင်အတိုင်းပဲ လှိုက်ခုန်နေဆဲပဲ ကြည်ဖြူရယ်…

ငါ နိုင်ငံခြားကို ထွက်သွားပီဆိုတာကို တော်တော်ကြီးကြာမှ သိလိုက်ရတဲ့ နင်က နင့်ရှေ့မှာ ပြန်မြင်ရတဲ့ သူငယ်ချင်းကို အံ့အားတသင့် ကြည့်နေခဲ့တယ်နော်… နင့်ရဲ့ မျက်လုံးလေးတွေမှာ မျက်ရည်ကြည်တွေ မြင်ရတဲ့အခါ ငါ ယူကျုံးမရတဲ့စိတ်နဲ့ ဝမ်းနည်းမိတယ်.. နင် ဝမ်းသာနေတာကို ကြည့်ပီး ငါလဲ ပျော်ရွှင်မိတယ်.. ဒါပေမဲ့ ခနတာလေးပဲ ဖြစ်သွားတယ် ကြည်ဖြူ.. နင့်ဘေးကို ရောက်လာတဲ့ နင့်ရဲ့ ကိုကိုကို ငါမြင်လိုက်ရတဲ့အခါ ငါ့ရင်ထဲက ချစ်ခြင်းတရားတွေက ငြိမ်သက်သွားခဲ့တယ်…

ပိုင်နင်းမှုနဲ့ နင့်ကို နှုတ်ဆက်လိုက်တဲ့ အဲ့ဒီလူရဲ့ ဖော်ရွေတဲ့ စကားလုံးတွေအောက်မှာ ငါ ရိုင်းစိုင်းချင်စိတ်တွေ ပေါက်လာမိတယ်.. နင့်လက်ကို ဆွဲပီး အဝေးကြီးကို ထွက်ပြေးသွားမယ်လို့ ကြံစည်ခဲ့ပေမဲ့ အဲ့ဒီနေ့က နင့်လက်ကိုဆွဲပီး ထွက်သွားတဲ့လူက ငါ မဟုတ်ခဲ့ဘူး ကြည်ဖြူ..

ဒဏ်ရာတွေ အသစ် အသစ် ဖြစ်လာခဲ့သလို အချစ်တွေကလဲ မဟောင်းနွမ်းဘဲ လန်းဆတ်နေတုန်းပဲ…

နင်နဲ့ ငါ ရှားရှားပါးပါး ကော်ဖီဆိုင် အတူထိုင်ဖြစ်ခဲ့တဲ့နေ့ပေါ့... ငါ့ကိုကြည့်နေတဲ့ နင့်ရဲ့ မျက်လုံးတွေကို ငါ ကြည်နူးမိတယ်.. နင့်ရဲ့ ရင်ထဲမှာ ငါ့အတွက် သံယောဇဉ်တွေ ရှိနေသေးတယ်လို့ ငါ သိလိုက်ရတဲ့အခါ ပြောမပြတတ်အောင် ငါဝမ်းသာမိတယ်..

နင့်ရဲ့လက်ကို ငါဆုပ်ကိုင်ထားမိတယ်.. နင့်ရဲ့ လက်ကလေးတွေက ဟိုးအရင်ကအတိုင်းပဲ နွေးထွေးနေတုန်းပဲ… ငါ သိပ်ပျော်မိတယ် ကြည်ဖြူရယ်.. ဒီအချိန်မှာတော့ ငါ ချစ်တဲ့နင့်ကို ထပ်အဆုံးအရှုံးမခံရတော့ဘူးလို့ပဲ ငါထင်ထားမိခဲ့တယ်…

‘ငါ တောင်းပန်ချင်ခဲ့တယ် ဟံသာရယ်.. နင် နိုင်ငံခြားကို ထွက်သွားပီဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ငါ ဝမ်းနည်းမိတယ်…. အမြဲတမ်း နင့်ကို သတိရမိတယ်.. ဟိုမှာ နင် ဒုက္ခရောက်နေမလား.. နင် အဆင်မှ ပြေပါ့မလားဆိုတဲ့ အတွေးမျိုး တွေးမိတိုင်း ငါ ဝမ်းနည်းရတယ်’

နင့်ရဲ့ စကားသံတွေ အကြင်နာတွေအောက်မှာ ငါပျော်ရွှင်မိတယ်.. ဒါပေမဲ့ ငါက ခဲမှန်ဖူးတဲ့ စာသူငယ်လိုပဲ နင့်ကိုချစ်တယ်လို့ ပြောဖို့ ငါ တွန့်ဆုတ်ခဲ့တယ်.. နင်လဲ ဒါကို သတိထားမိပုံပဲ.. ဒါပေမဲ့ နင်အထင်တွေနဲ့ ငါ့ရင်ဘတ်ထဲက ခံစားချက်တွေက ဒီတစ်ခါလဲ လွဲခဲ့တယ် ချစ်သူရယ်.. ဒါကို ငါ သိလိုက်ရတဲ့အချိန်မှာ အရာရာဟာ သူ့အလိုလို ဖြစ်ပျက်နေခဲ့ပီးပီ..

နင့်ရဲ့ရှေ့က မိန်းခလေးကို မြင်လိုက်ရတဲ့အချိန်မှာ ငါတော်တော် စဉ်းစားခဲ့ရတယ်.. နောက်တော့မှ အဲ့ဒီမိန်းခလေးရဲ့ နာကျည်းတဲ့အပြုံးကို မြင်လိုက်ရတော့မှ ငါ သတိရမိတယ်.. ငါ အသည်းခွဲခဲ့ဖူးတဲ့ မိန်းခလေးတွေထဲက မိန်းခလေးတစ်ယောက်မှန်း သိလိုက်ရတဲ့ အခါမှာ ဘယ်လို ဖြေရှင်းချက်မျိုးမှ နင့်ကို မပေးချင်တော့ဘူး.. အဲ့ဒီမိန်းခလေးနဲ့ နင့်ရဲ့ ရင်းနှီးမှုတွေကလဲ ငုဝါနဲ့ နင့်ရဲ့ရင်းနှီးမှုတွေလိုပါပဲ.. ငါ့ရင်ထဲက ပြောချင်တဲ့စကားလုံးတွေက နင့်ရဲ့ အထင်မှားမှုတွေ သံသယစကားလုံးတွေ အောက်မှာ ထပ်ပျောက်ပျက်ခဲ့ရပြန်တယ်နော်..

‘ငါ သတင်းတွေ အမျိုးမျိုး ကြားခဲ့ဖူးသားပဲ ဟံသာရယ်.. ဒါပေမဲ့ ဒါတွေဟာ ကြားစကားတွေလိုပဲ ငါ မှတ်ခဲ့မိတယ်… မယုံခဲ့ဘူး ဟံသာရယ်.. ငါ့သူငယ်ချင်းလေးဟာ အခုလောက်အထိ ပြောင်းလဲသွားခဲ့ပီမှန်း ငါမသိခဲ့ရဘူး….’

‘အဲ့ဒီမိန်းခလေးတွေကို နင် ချစ်ခဲ့ဖူးသလား’

‘ချစ်တယ်ဆိုတဲ့ စကားကို ငါ ဘယ်တော့မှ မပြောခဲ့ဘူး ကြည်ဖြူ.. မချစ်ဘူးလို့ ထပ်အငြင်းခံလိုက် ရရင် နောက်ထပ် ပြေးပုန်းစရာနေရာ ငါ့အတွက် မရှိတော့လို့… အဲ့ဒီမိန်းခလေးတွေကို တွဲခဲ့ဖူးတာ မှန်ပေမဲ့ ငါ့အတွက်ကြောင့်တော့ ဘယ်သူမှ မနစ်နာခဲ့ဘူး’

‘ချစ်တယ်ဆိုတဲ့ စကားကို နင် ဘယ်တော့မှ ထပ်မပြောတော့ဘူးဟုတ်လား ဟံသာ’

တိုးဖွဖွ ရေရွတ်လိုက်တဲ့ နင့်ရဲ့စကားသံအဆုံးမှာ ငါတို့ရဲ့ အချစ်တွေဟာ အဆုံးသတ်မှားခဲ့ပီမှန်း သိခဲ့ရတယ်.. ဒီတစ်ခါ ထပ်ကွဲခဲ့ရတဲ့ အသည်းဟာ ဘယ်တော့မှ နာလန်မထူနိုင်လောက်အောင်ပဲ နာကျင်ခဲ့ရပီ ကြည်ဖြူရယ်.. ဒါပေမဲ့ ငါ ကျေနပ်တယ်.. နင့်ရင်ထဲမှာ ငါ့အတွက် ချစ်ခြင်းတွေ ရှိနေတယ် ရှိခဲ့တယ်ဆိုတာကို ငါသိခဲ့ရလို့ပဲ.. ကံကြမ္မာကိုတော့ ငါတို့ အရှုံးပေးခဲ့ရတာပေါ့ဟာ…

နောက်ဆုံးတော့လဲ ငါတို့နှစ်ယောက်ဟာ မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းပါပဲ ကြည်ဖြူ… ငါ့အတွက် လို့ ရည်စူးခဲ့သမျှဟာ အမြဲတမ်း အတားအဆီးတွေ ရှိနေမှတော့ ငါ နင်နဲ့ အဝေးဆုံးလမ်းကို ထပ်ရွေးရတော့မှာပေါ့…. ဒီတစ်ခေါက် လမ်းခွဲကြမယ်ဆိုရင်တော့ ငါတို့နှစ်ယောက် ပြန်ဆုံဖို့ မရှိတော့ဘူး ကြည်ဖြူ.. ဒါဟာ နောက်ဆုံးပဲ…

ဒါပေမဲ့ နင်က ငါ့ထက် ပိုပြတ်သားခဲ့တယ်.. နင့်နဲ့ အဝေးဆုံးကို ထပ်ပီး ပြေးတော့မယ်လို့ ငါ ဆုံးဖြတ်ခဲ့ပေမဲ့ နင်ကတော့ ငါနဲ့ ပြန်မဆုံဖြစ်တော့မယ့်လမ်းကို သတ္တိရှိရှိ ရွေးသွားခဲ့တယ်.. နင် ပေးခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်အောက်မှာ ငါ နင့်ကို လက်လွတ်ဆုံးရှုံးရပီဆိုတာကို အသေအချာ သိလိုက်ရတယ်…

‘ငါ့ကို ချစ်တယ်လို့ ဖွင့်ပြောတဲ့လူရဲ့ အချစ်ကိုပဲ ငါ့မှာ လက်ခံခွင့်ရှိတယ် ဟံသာ..’

နင်ပြောခဲ့တဲ့ စကားလုံးရဲ့နောက်မှာ ငါ နောက်တစ်ကြိမ် အသည်းထပ်ကွဲခဲ့တယ်.. ဒီတစ်ခါ ကွဲရတာကတော့ ပြန်ကို မဆက်နိုင်တော့အထိပါပဲ.. နောက်ဘဝဆိုတာများရှိခဲ့ရင် ကံကောင်းတဲ့ချစ်ခြင်းကိုသာ ပိုင်ဆိုင်ရပါလို၏လို့ ငါ ဆုတောင်းခဲ့တယ် ကြည်ဖြူ.. နင်ရွေးချယ်လိုက်တဲ့ဘဝမှာ ပျော်ရွှင်ပါစေလို့ ………..

ပြည့်စုံ
(၁၆-၉-၂၀၀၉၊ ၁၁း၄၄ pm)

Friday, August 21, 2009

ချစ်ခြင်းနှင့်သာ အပြစ်တွေ ကင်းပါစေသား

‘မေဟာ တကယ့်ကို အသည်းမာတာပဲနော်.’

မျက်နှာကို တချက်မပျက်ဘဲ ခေါင်းကို မော်ထားခဲ့တယ်

အသည်းမာတယ်လို့ ပြောနိုင်ခွင့်ရှိအောင် ဒီအသည်းကို ဘယ်လောက် မာကျောအောင် လုပ်ထား ရသလဲ သူမသိတဲ့အတွက်တော့ ကံကြမ္မာကို ကျေးဇူးတင်မိတယ်.

ဘုရားရေ ရင်ဘတ်ထဲက စူးခနဲ အောင့်တက်လာတော့ လက်ဖနောင့်နဲ့ရင်ဘတ်ကို ဖိထားမိတယ် ဒီခံစားချက်ကို အခုတလော ခန ခန ခံစားရတာ ကြာပီ စွပ်စွဲချက်တွေကို လက်သင့်ခံခဲ့ရတဲ့ အချိန်ကတည်းကပေါ့….

ကျမက မာနကြီးတယ် စိတ်ကြီးတယ် ဒေါသကြီးတယ် ခန ခန သူ ပြောတတ်ပေမဲ့ အသည်းမာလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူးတဲ့
သူ့ရဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးကို ကြည့်ပီးတော့ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားရတယ်.

နာကျင်စမ်းပါကွယ် မေ့ထက်တော့ ပို မနာကျင်နိုင်ပါဘူး….

……………………………………………..

ကွန်ပျူတာကို တစ်လျှောက်လုံးကြည့်နေခဲ့ရတော့ ကျမရဲ့ မျက်လုံးတွေ သိပ်ပူနေပီ. ခါးကို ရုတ်တရက် ဆန့်ထုတ်လိုက်ပီး မတ်တပ်ရပ်လိုက်ကာ ဟိုဟိုသည်သည် အကြည့်မှာပဲ ကျမကို စိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံကို ကျမ တွေ့လိုက်ရတယ်.

သူ့ရဲ့ မျက်လုံးတွေက သူခိုးလူမိသလိုဖြစ်သွားပီး ကျမကို ရုတ်တရက် ပြုံးပြလိုက်တယ်. ခပ်ကြောင်ကြောင်ဖြစ်သွားပေမဲ့ သူ့ကိုတော့ ပြန်ပြုံးပြလိုက်ပါတယ်. ကျမတို့နှစ်ယောက် အပြုံးချင်းဖလှယ်နေတာကို မြင်တဲ့ ထက်ထက်က

‘ဟဲ့ ဘယ်သူ့ကို ပြုံးပြနေတာလဲ မေဇော်’

ကျမက သူ့ဘက်ကို မေးထိုးပြလိုက်တော့ ထက်ထက်က ထရပ်ပီး လှမ်းကြည့်လိုက်တဲ့အခါ သူ ရှက်သွားပီး မျက်နှာလွှဲသွားခဲ့တယ်.
ကျမတို့နှစ်ယောက် ခပ်တိုးတိုးကြိတ်ရယ်လိုက်ပီး ကျမဘေးကို ထက်ထက်က ကုန်းကုန်းကွကွ ရောက်လာခဲ့ကာ သူ့အကြောင်းကို လာပြောပြခဲ့တယ်.

‘ဆရာချစ်ရဲ့ တူတဲ့ဟ…အလုပ်သင် လာထားတာလေ. နင်မမြင်ဖူးဘူး မဟုတ်လား’

‘အေးပေါ့ဟ ငါ နေမကောင်းတဲ့ရက်က ရောက်လာတာလား… မနက်ကလဲ မတွေ့ဘူးတော့’

‘အေး သူရောက်တာ နောက်ကျတယ်ထင်တယ်…ဒီမှာ ဒီဇိုင်းဆွဲတာ လာသင်တာ.. လူကတော့ မထုံတက်သေးပုံစံပဲဟေ့.. ချိုချိုတို့တော့ အနားကကို မခွာဘူး… ဟီးဟီး’

ကျမက ခပ်တိုးတိုးရယ်လိုက်ပီး ထက်ထက်ကို ဆွဲစိတ်လိုက်တယ်.

‘တော် တော် ထက်ထက်ရေ ဒီမှာတင် ရပ်ဟ တော်တော်ကြာ ပြဿနာတက်နေဦးမယ်’

ချိုချို ဆိုတာ ကျမတို့နဲ့တော့ ဘယ်လိုမှ မတည့်တဲ့ အပျိုကြီးမမပင်.. ကျန်တဲ့သူတွေနဲ့တော့ ဘယ်လို အခင်အမင်ရှိလဲ မသိပေမဲ့ ကျမကိုတော့ မျက်နှာကြောတင်းတင်း မာရေကျောရေရှိတယ်လို့ကို တဲ့တိုးကြီးပြောထားတော့ သူနဲ့က အဆက်အဆံသိပ်မလုပ်ဘဲ ခပ်တင်းတင်းနေနေခဲ့တာလေ.

ဒါပေမဲ့ ချိုချိုက ကျမတို့ရုံးက ဘော့စ်ရဲ့ တူမ နှစ်ဝမ်းကွဲလောက်လဲ စပ်နေတော့ သူက ဒီမှာ အရေးပါနေသယောင် ထင်ရတာပေါ့. ဒါပေမဲ့ ကျမကလဲ ခပ်အေးအေး ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်လုပ်တဲ့သူဆိုတော့ သူ့ကို ရှောင်နေနိုင်တယ်လေ.

‘မေဇော့်ကို ခနလောက် ရုံးခန်းထဲ လွှတ်လိုက်ပါဦးဟေ့’ ဆရာချစ်က လှမ်းခေါ်တော့ ကျမက အင်္ကျီကို အသာဆွဲဆန့်ပီး ထက်ထက်ကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ကာ ရုံးခန်းထဲ ဝင်ဖို့ ပြင်တဲ့ အချိန်မှာပဲ သူလဲ သူ့နေရာက ထပီး ရုံးခန်းထဲ ဝင်သွားခဲ့တယ်.

ဆရာချစ်က ကျမတို့ရုံးရဲ့ MD ပင်. ဘော့စ်ရဲ့ သူငယ်ချင်း အားထားရတဲ့ မန်နေဂျင်းဒါရိုက်တာမို့ သူခိုင်းတဲ့အလုပ်ဆို သေချာကျကျနန လုပ်ပေးရတတ်တယ်. ဒါပေမဲ့ ဆရာချစ်က ဘော့စ်ထက်ပင် ကျမတို့အတွက် အရာရာ အားကိုးရတဲ့ အထက်လူကြီးပင်.

‘မေဇော် သိမလားပဲဟေ့ ဒါက ဆရာ့တူလေးပဲ. စည်သူတဲ့. စင်ကာပူမှာ ကျောင်းဆက်တက်ဖို့ ပြင်နေတာလေ. မသွားခင် အလုပ် အတွေ့အကြုံလဲ ရအောင် ဒီကိုခေါ်ထားလိုက်တာ. ညည်းကို သူ့အပ်ထားမယ်ဟေ့. လိုအပ်တာတွေ ကြည့်ပီး စီစဉ်ပေးလိုက်ပါ.. သူ စကားကောင်းကောင်း နားမထောင်ရင်တော့ ညည်း ဆုံးမလို့ရတယ်ဟေ့နော်’

ဆရာချစ်က ရယ်စရာလိုပြောတော့ ကျမက ရယ်လိုက်ပေမဲ့ သူကတော့ ကျမကို ခပ်စူးစူးကြည့်နေခဲ့တယ်.

နေ့လည် ထမင်းစားချိန်မှာ ကျမတို့ရုံးက ကင်တန်းရှိတော့ အဲ့ဒီမှာပဲ ထိုင်စားနေတုန်း သူ့ထမင်းပန်းကန်ကို ကိုင်ပီး ကျမဘေးနားကို ရောက်လာခဲ့တယ်..

ကျမက ထက်ထက်နဲ့ပဲ အများဆုံး တွဲစားပီး ကျမတို့နှစ်ယောက်ရဲ့ ထမင်းစားခုံလေးက ချောင်လေးနားမှာ ဘယ်သူမှ အရှုပ်အယှက်မရှိ စကားတိုးတိုးပြောလိုက် ရယ်မောလိုက် ထမင်းစားနေတုန်း သူရောက်လာတော့ လန့်တောင် သွားမိတယ်.

‘ကျနော်လဲ ထမင်း အတူတူစားလို့ဖြစ်တယ် မဟုတ်လား မေ’

ကျမက မျက်ခုံးနှစ်ခုလုံး ပင့်တက်သွားပီး သူ့ကို မော့ကြည့်လိုက်မိတယ်.
သူကတော့ ခပ်တည်တည်ပင် ဘေးက ခုံကို ဆွဲယူထိုင်လိုက်ပီး သေချာကျနစွာ ထမင်းစားနေတော့သည်.

‘မေ’ တဲ့ ကျမကို သူက မေလို့ ခပ်တည်တည်ပင် ခေါ်ပီး ထမင်းစားနေတာမြင်တော့ သူ့ရဲ့ ပိုင်စိုးပိုင်နင်းနိုင်မှုအတွက် ရုတ်တရက် ရယ်ချင်သွားပီး ပါးစပ်ထဲက ထမင်းလုတ်ကို ခပ်မြန်မြန်မျိုချပစ်လိုက်တယ်.

သူ့ကို ပြူးပြူးကြီးကြည့်နေတဲ့ ကျမတို့နှစ်ယောက်ကို သူက ပြုံးပြလိုက်ပီး

‘ဦးငယ်က မေနဲ့အတူတူ အလုပ်တွဲလုပ်ရမယ်ဆိုတော့ ပိုပီးရင်းနှီးအောင် ထမင်းအတူတူစားတဲ့ သဘောပါပဲ.. ကျနော်ရှိလို့ အနှောင့်အယှက်တော့ မရှိပါဘူးနော်…’

ထက်ထက်က ‘ဟုတ်ကဲ့ မရှိပါဘူး ဒါပေမဲ့ …’

ထက်ထက်စကားကို ဖြတ်ပီး ကျမက

‘ထမင်းအတူစားရတာတော့ ပြဿနာမရှိပါဘူး ဒါပေမဲ့ ကျမ နာမည်က မေဇော်ပါ မေ မဟုတ်ပါဘူး’

သူက ကျမကို ကြည့်ပီး

‘နာမည်ကို သိပါတယ် ဒါပေမဲ့ မေ လို့ပဲ ခေါ်ချင်လို့…ခေါ်ခွင့်ပြုမယ် မဟုတ်လား’

သူ့ရဲ့ ပိုင်နင်းမှုအတွက် ကျမက နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်သွားပေမဲ့ ‘ကိစ္စမရှိပါဘူး ခေါ်ခွင့်ရှိပါတယ်’လို့ ခပ်တိုးတိုးပဲ ပြန်ပြောလိုက်ရတော့တာပေါ့. ဟင်းးးးးးးးးးးးးးးး

ကျမ ပြောသမျှကို သူက သေသေချာချာ နားထောင်ပီး ဂရုတစိုက်လိုက်လုပ်ခဲ့တယ်. အလုပ်လုပ်တဲ့နေရာမှာ သူက သိပ်အကင်းပါးလွန်းပီး ကျမပြောသမျှ သူက သပ်သပ်ရပ်ရပ် လုပ်နိုင်ခဲ့တယ်. အလုပ်ကိစ္စနဲ့ပတ်သတ်ပီးတော့ စိတ်မညစ်ရပေမဲ့ ကျမကို
တခါတလေ စူးစိုက်ကြည့်တတ်တဲ့ သူ့ရဲ့မျက်လုံးတွေအတွက်တော့ ကျမ အနှောင့်အယှက် ဖြစ်ရတယ်.

အဲ့ဒီနေ့က ဒီဇိုင်းတစ်ခု အပီးအပ်ရမယ်ဆိုတော့ ကျမ အိမ်ပြန်ချိန် နောက်ကျနေခဲ့ပီ. ထက်ထက်ကတော့ သူ စောင့်ပေးမယ် ပြောပေမဲ့ ကျမက အားနာလှတယ်. ထက်ထက် ပြန်ရမယ့်နေရာက ဝေးတော့ ရတယ်လို့ ပြောလိုက်တယ်. သူကလဲ ညနေ အလုပ်ချိန်ပီးတဲ့အချိန်မှာ ပြန်သွားခဲ့ပီ. ပထမဆုံး သူ့ရဲ့အကူအညီကို လိုချင်ပေမဲ့ သူသာ ဘေးမှာ ရှိရင် ကျမရဲ့ အလုပ်ကို ပိုပီး မြန်မြန် အဆုံးသတ်နိုင်ခဲ့လိမ့်မယ်လို့ ထင်ပီး အကူအညီတောင်းမလို့ ပြင်နေတဲ့အချိန်မှာပဲ သူက အရင်ပြန်သွားခဲ့တာလေ.

နာရီကိုကြည့်လိုက်တော့ ၈ နာရီထိုးနေပီ. မနက်ဖြန် မနက် ၉ နာရီ ဒါကို အပီးအပ်ရမယ်ဆိုတော့ မနက်အစောကြီးလဲ လာဖို့ အဆင်မပြေ. ပီးတဲ့အထိ လုပ်ရမှာပဲ. ဆာလောင်နေတဲ့ဗိုက်ကို အသာပွတ်လိုက်ပီး ဘေးက ကော်ဖီခွက်ကို ကိုင်လိုက်တဲ့အချိန်မှာပဲ ကျမဘေးကို လူရိပ်တစ်ယောက်ရောက်လာတာလေ.

အားကိုးတကြီး မော့ကြည့်လိုက်တော့ သူဖြစ်နေခဲ့တာပေါ့. ရင်ထဲမှာ ပျော်ရွှင်သွားမှုက အတိုင်းထက်အလွန်ပဲ. သူက ကျမဘေးမှာရပ်ပီး

‘ဖယ်လိုက် မေ. ခန နားလိုက်. ကျနော် ဆက်လုပ်လိုက်မယ်. မေ တစ်ယောက်တည်းကျန်ပီး အလုပ်ဆက်လုပ်နေတယ်လို့
ဦးငယ်ပြောတော့ ကျနော် အပြေးပြန်လာခဲ့တာ. အစောကတည်းက ဘာလို့ မပြောလဲ မေရယ်. မေ တစ်ယောက်တည်း ပင်ပန်းတာပေါ့.. နောက်ဆို ကျနော် ရှိနေပီပဲ. မေ လိုအပ်သမျှ ကျနော့်ကိုပြောပါနော်’

သူ့ရဲ့ မျက်လုံးတွေက ကြင်နာခြင်းအရိပ်အငွေ့တွေနဲ့ ဝန်းရံနေခဲ့တယ်. ကျမက ဘာမှဆက်မပြောနိုင်ဘဲ ကွန်ပျူတာစားပွဲရှေ့ကနေ ခွာပေးလိုက်တယ်.

သူက ‘စားဖို့ တခုခုဝယ်လာတယ် မေ. အဲ့တာကို အရင်စားလိုက်ဦး.. ပီးမှ ကျနော်တို့ အလုပ်ဆက်လုပ်ကြတာပေါ့’

သူ ဝယ်လာပေးတဲ့ ခေါက်ဆွဲကြော်ကို စားနေရင်းနဲ့ ကျမက ကျေးဇူးတင်တယ်လို့ ပြောခဲ့တယ်

‘ကျေးဇူးတင်စရာ မလိုပါဘူး မေရယ်… ကျနော် မေ့ဘေးမှာ လိုသမျှ ဖြည့်ဆည်းခွင့်ပဲ ရချင်ပါတယ်’

သူ့ရဲ့ စကားသံတွေ သူ့ရဲ့ အပြုအမူတွေနဲ့ သူ့ရဲ့ မျက်လုံးတွေက သူ့ရင်တွင်းက ခံစားချက်တွေကို အတိအလင်း ဖော်ပြနေခဲ့ပီ.

ကျမက မသိချင်ယောင်ဆောင်နေရင်းနဲ့ကို သူ တွယ်ငြိလာတာကို တိတ်တခိုးနဲ့ ရင်ခုန်တတ်လာခဲ့တယ်.

အဲ့ဒီနေ့ညက ကျမကို အိမ်ပြန်လိုက်ပို့ပေးခဲ့တယ်. ကျမတို့ရဲ့ လမ်းကလေးက ကားလမ်းဘေးကနေ ၂ လမ်းကျော်လောက် လျှောက်ရသေးတာလေ. သူ့ကို ပြန်ဖို့ပြောပေမဲ့ အိမ်အထိ လိုက်ပို့ခွင့်တော့ ရသင့်တယ်လို့ ဇွတ်တောင်းဆိုနေတာရယ် သူနဲ့အတူ လမ်းလျှောက်ချင်တဲ့စိတ်တွေရယ်နဲ့ ကျမတို့နှစ်ယောက် လမ်းလျှောက်လာခဲ့ကြတယ်.

နောက်နေ့ ကျမရဲ့ စားပွဲပေါ်မှာ ကော်ဖီခွက် အဆင်သင့်ရှိနေခဲ့တယ်. ပီးတော့ ကွန်ပျူတာ ကီးဘုတ်ဘေးမှာ စာရွက်ဝါလေးတစ်ခု..

‘ညတုန်းက လမ်းအတူတူတွဲလျှောက်ခွင့်ရခဲ့တာကို ဘယ်တော့မှ မမေ့နိုင်တော့ဘူး မေရယ်.’ တဲ့

ကျမက ကမန်းကတန်း အဲ့ဒီစာလေးကို သိမ်းထားလိုက်ရတယ်.

တနင်္ဂနွေ ရုံးပိတ်ရက်မှာ ကျမတို့ ရုပ်ရှင်သွားကြည့်ဖို့ ထက်ထက်နဲ့တိုင်ပင်တော့ သူလဲ ကြည့်ချင်တယ်တဲ့..

ကျမက ငြင်းလိုက်ဖို့ စကားလုံးရှာနေစဉ်မှာပဲ ထက်ထက်က

‘ဟယ်ပျော်စရာပဲ အေးဟေ့ တို့တွေ ဘယ်နားမှာ ချိန်းကြမလဲ လုပ်ဟ… မေဇော် နင် နောက်မကျနဲ့နော်. လက်မှတ်ကရော ကြိုတင်လက်မှတ်ဝယ်ရင် ကောင်းမလား..’

သူတို့နှစ်ယောက်ပဲ ဆွေးနွေး သူတို့နှစ်ယောက်ပဲ တိုင်ပင်နဲ့ တစ်ချက် တစ်ချက် စကားပြောနေရင်းနဲ့ ကျမကို လှမ်းပီး တိုင်တည်လိုက်သေးတယ် သိပ်တော်တဲ့ သူငယ်ချင်းအစုတ်ပလုတ် ထက်ထက်. ကျမက အံတချက်ခဲပြလိုက်တော့ ထက်ထက်က လျှာတစ်လစ်ထုတ်ပြတယ်လေ. သူကတော့ မြင်ပေမဲ့ မမြင်ချင်ယောင်ဆောင်နေခဲ့တယ်.

ညနေ ရုံးဆင်းခါနီးတော့ ကျမရဲ့ရှေ့ကို စာရွက်အတိုလေးတစ်ခု ကျလာခဲ့တာလေ.

စာရွက်တိုကလေးကို ကောက်ယူလိုက်တော့

‘ကျနော့်ကြောင့် မေ အနှောင့်အယှက်မရှိစေရပါဘူး..မေနဲ့အတူ ရုပ်ရှင်ကြည့်ချင်တာလေးပါပဲ”

သိသာတဲ့ ချစ်ခြင်းတရားတွေကြားမှာ ကျမ တိတ်တဆိတ်ပျော်ရွှင်လာမိတယ်. သူ အနားမှာသာ ရှိနေရင် ဘယ်အရာမှ အစားထိုးစရာမလိုလောက်အောင်ကို ကျေနပ်ပျော်ရွှင်နေမိတယ်. လိုလေသေးမရှိ ကျမကို ဂရုစိုက်မှုတွေအတွက် သူ့ရဲ့အကြင်နာတွေအပေါ် သာယာနေမိတယ်.

‘သိပ်ချစ်တယ်’ တဲ့လေ. အပြာရောင်စာရွက်ပေါ်က လက်ရေးကလေး

‘ဒါက ဘာအဓိပ္ပာယ်လဲ’ လို့ ခပ်ဆတ်ဆတ်မေးလိုက်တော့ သူက

‘စိတ်မဆိုးပါနဲ့ မေရယ်…. ကျနော် မေ့ကိုချစ်နေတာကြာပီ မေ စိတ်ဆိုးမှာစိုးပေမဲ့ ဖွင့်မပြောဘဲလဲ မနေနိုင်တော့’ လို့ပါ

‘ပြောစရာရှိရင် ကျနော် ရုံးဘေးက လှေကားထစ်မှာ စောင့်နေမယ်နော် မေ.. အဲ့ဒီကျမှ ပြောပါ’

ရုံးခန်းရဲ့ ဘေး လှေကားထစ်မှာ သူ ရပ်စောင့်နေခဲ့တယ်.

ထက်ထက်ကတော့ ခပ်စောစောပင် လစ်ပြေးသွားခဲ့ပီ.

ကျမက ကျယ်ကျယ်လောင်လောင် မြည်ဟီးနေတဲ့ ရင်ခုန်သံကို သူကြားမှာစိုးတဲ့စိတ်နဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တယ်. သူ့ဘေးကိုရောက်တော့ သူက ခပ်တည်တည်ပင်.

‘အိမ်ပြန်လိုက်ပို့ချင်လို့ပါ မေ’ တဲ့လေ

ကျမတို့နှစ်ယောက် အတွေးကိုယ်စီနဲ့ တိတ်တဆိတ်ပင် လမ်းလျှောက်နေခဲ့ကြတယ်. သူက တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းလိုက်ပီး ကျမရဲ့ရှေ့မှာ ပိတ်ရပ်လိုက်တယ်.

‘ကျနော် မေ့ကို ချစ်တယ်’

‘မေ စိတ်မဆိုးပါနဲ့ မေရယ်. ကျနော် မေ့ကို စတွေ့တဲ့အချိန်ကတည်းကကို ချစ်နေမိတာ.. မေလဲ သိနေနှင့်ပါတယ်. ဟုတ်တယ် မဟုတ်လားဟင်’

သူ့ရဲ့ စကားသံက ချိုသာလွန်းတယ်. ကျမက ပြန်ပြောဖို့ စကားလုံးရှာနေတာကို သူက ပြောခွင့်မပေးခဲ့ဘဲ ကျမလက်ကလေးကို အသာဆွဲကိုင်လိုက်တယ်.

‘ကျမ ……’

‘မေ ပြန်မပြောပါနဲ့ မေ သေချာစဉ်းစားပါ… ဒါပေမဲ့ ကျနော် ချစ်နေတာကိုတော့ မေ့ကို သိစေချင်တာပါပဲ’

ရင်ခုန်သံတွေနဲ့အတူ သူ့စကားတွေကို ကျမရဲ့နှလုံးသားက လက်ခံထားလိုက်ပီ. အသိဥာဏ်ရှိတဲ့ ဦးနှောက်က ဘယ်လိုပင် ငြင်းဆန်မယ်လို့ ဆုံးဖြတ်ပေမဲ့ နောက်ဆုံးတော့လဲ နှလုံးသားရဲ့အလိုကို မငြင်းနိုင်တော့ဘူးလေ.

သူ့ကို တိကျတဲ့ အဖြေမပေးခဲ့သေးပေမဲ့ ကျမတို့ သုံးယောက်သား ပိတ်ရက်တွေမှာ အတူတူပျော်ရွှင်ခဲ့ကြတယ်. သူက ထက်ထက်ရှေ့မှာပဲဖြစ်ပါစေ ရုံးမှာပဲဖြစ်ပါစေ ကျမကို သိပ်ချစ် သိပ်မြတ်နိုးတဲ့ အကြည့်နဲ့ တစ်ခါတစ်ရံ ကြည့်တတ်ပေမဲ့ အနေအထိုင်တော့ တည်ကြည်ခဲ့တယ်လေ. ဒါတွေကြောင့်ပဲ သူ့ကို ကျေးဇူးတင်မိတယ်.

ဒါပေမဲ့ ကျမကို အိမ်ပြန်လိုက်ပို့တဲ့ ညနေတိုင်းမှာတော့ သူက ကျမ အတင်းငြင်းဆန်ပေမဲ့ ကျမလက်ကို မလွှတ်တမ်း
ဆွဲကိုင်ထားခဲ့တယ်. ပီးတော့ ကျမတို့နှစ်ယောက်ရဲ့ အနာဂတ်တွေအကြောင်း ဘယ်လို ဘဝတစ်ခု ထူထောင်ကြမလဲ ဆိုတာတွေ ….

‘ကျနော် စင်ကာပူကို မသွားတော့ဘူး မေ. မေ့ဘေးနားမှာပဲနေမယ်.. မေ့ကို လက်ထပ်မယ်. ကျနော် မေ့ကို စိတ်ချမ်းသာအောင် ထားနိုင်အောင်ကြိုးစားမယ်.. မေသာ ဘေးနားရှိရင် ဘယ်အရာမဆို ကျနော် ရင်ဆိုင်ရဲတယ်’

အဲ့ဒီလို ပြောတဲ့စကားကို သတိထားမိပေမဲ့ ကျမက သူ့ကို ချစ်စိတ်နဲ့ သူ့ရဲ့စကားလုံးတိုင်းမှာ ရင်ခုန်နေရတာနဲ့ပဲ ခွဲခြမ်းစိတ်ဖြာမှု မပြုခဲ့မိဘူး

‘မေ တစ်ဆိတ်လောက်တော့ ကို့ကို ချစ်တယ်လို့ ပြောသင့်နေပီ မဟုတ်လားဟင်.. မေက သိပ်အကျပ်ကိုင်လွန်းတယ် ကွာ. မေ့ကို ကျနော့်ရဲ့ချစ်သူလို့ လူပုံအလယ်မှာ ကြေညာချင်နေပီ မေရဲ့’

ချစ်တယ်လို့ ဖွင့်မပြောခဲ့တာ တစ်ခုတည်းနဲ့ပဲ ကျမတို့နှစ်ယောက်ကြားမှာ အနေအထားတစ်ခု မပြောင်းလဲခဲ့တာပဲ ရှိတယ်. ကျမကလဲ အသေအချာ စဉ်းစားနေခဲ့တာ. ဆရာချစ်ရဲ့ တူဆိုတာရယ်. ဘာပဲပြောပြော ကျမထက် အစစအရာရာ ပိုသာလွန်တဲ့သူ့ကို ကျမအတွက်နဲ့တော့ နဂိုရည်စူးထားခဲ့တဲ့ သူ့ဘဝရှေ့ရေးဆိုတာတွေရယ်ကို အဓိကထား စဉ်းစားနေရင်းနဲ့ လူ့အတ္တအတိုင်းပဲ သူ့ကို ကျမဘေးမှာပဲ ရှိစေချင်တဲ့စိတ်တွေနဲ့ ဝေခွဲမရဖြစ်နေခဲ့တာလေ.

နားနေခန်းအရှေ့ကို ရောက်တဲ့အချိန်မှာ အထဲက စကားပြောသံသဲ့သဲကို ကြားရပေမဲ့ ကျမက အထဲကို ဝင်ဖို့ ပြင်နေတဲ့ အချိန်မှာပဲ

‘လူပုံက ကြည့်တော့ မာရေကျောရေနဲ့ ကိုင်မယ့် ကိုင်တော့လဲ တကယ့်ကို ဂေါင်မှ ရွေးကိုင်တာဟေ့. သူ့အမေဆိုတာ ငိုကြီးချက်မနဲ့ပဲ.. ဟိုက လုံးဝ စင်ကာပူကို မသွားတော့ဘူးလို့ အတင်းငြင်းနေတာ. ပီးတော့ စည်သူ့မှာက လူကြီးချင်း စေ့စပ်ထားတဲ့ ကောင်မလေးက စင်ကာပူမှာလေ. အဲ့ဒီတော့ လူကြီးတွေ မျက်နှာပျက်တာပေါ့. အေးလေ အဲ့ဒီမိန်းမကလဲ ဘာဆေးတွေများ သုံးနေလဲမှ မသိတာ…..’

မိုက်ခနဲဖြစ်သွားတဲ့ ခေါင်းကို လက်နဲ့လှမ်းဖိလိုက်ပီး ကျမက အခန်းထဲကို စွတ်ဝင်လိုက်တယ်.

ကျမကို ရုတ်တရက် အမြင်မှာပဲ ချိုချိုရော သူ့ဘေးက အဖော်တွေပါ လန့်သွားတယ်.

“စည်သူမှာက စေ့စပ်ထားတဲ့ ကောင်မလေးရှိတယ်… စည်သူ့မှာ………’

ဆရာချစ်က ကော်ဖီခွက်ကို မ လိုက်တဲ့ အချိန်မှာပဲ ကျမက ကော်ဖီခွက်ကို တစ်ရှိန်ထိုး မော့ချလိုက်တယ်. ရင်ထဲကို ခါးသက်ပီး ပူစင်းသွားတဲ့ အရသာနောက်ကို မလိုက်နိုင်ဘဲ လက်ရှိ ပစ္စုပ္ပန်တည့်တည့်မှာပဲ စိတ်ကို ရောက်အောင် မနည်းကြိုးစားနေရတယ်. အခြေအနေတွေက ထင်ထားတာထက်ကို ပိုရှုပ်ထွေးနေမှန်း သိလိုက်ရတဲ့အချိန်မှာ ကျမ ရင်တစ်ခုလုံး ဘာမှန်းမသိတဲ့ စိတ်ခံစားမှုတစ်ခုက ပိုပိုပြင်းထန်လာနေတယ်.

‘စကားက ဘယ်က စရမှန်း မသိဘူး မေဇော်. အဓိက တာဝန်ရှိတာက ဆရာပဲလေ. စည်သူ့မှာလဲ အပြစ်မရှိသလို မေဇော့်မှာလဲ အပြစ်မရှိဘူး. တကယ်တမ်း အပြစ်ရှိတာကတော့ ဆရာတို့ လူကြီးတွေမှာပါပဲ.’

‘မင်းတို့နှစ်ယောက်အကြောင်း ဆရာ ရိပ်မိတဲ့အချိန်မှာပဲ စည်သူ့ကို တားမြစ်ပေမဲ့ စည်သူက ခေါင်းသိပ်မာလွန်းတယ်. ရွှေရည်ဆိုတာက စည်သူနဲ့ စေ့စပ်ထားတဲ့ မိန်းခလေးပဲ သမီး. ကောင်မလေးက စင်ကာပူမှာပဲ အခြေချနေတယ်လေ. စည်သူကလဲ လိုက်သွားရမယ်. လက်ထပ်ဖို့ ရက်အထိ ရွေးထားပီးပီ. ဒါပေမဲ့ အဲ့လိုစီစဉ်ထားတာကို စည်သူ သေချာ မသိတာက ပြဿနာပဲ’

‘စည်သူက အဲ့ဒီကောင်မလေးကို တကယ့်ကို မကြိုက်ဘူး ဒါပေမဲ့ စည်သူ့အမေနဲ့ အဲ့ဒီကောင်မလေး အမေနဲ့က သိပ်ရင်းနှီးလွန်းတော့ စကားတွေက ကျွံလက်စနဲ့ ကျွံကုန်တယ်လေ.. ပီးတော့ ကိုယ့်သားသမီး သူ့သားသမီး ပိုင်တယ်ဆိုပီး ကလေးတွေကို အသိမပေးတာက ပြဿာနာစတာပဲ’

ဆရာချစ် မျက်နှာက စိတ်ရှုပ်ထွေးမှုနဲ့ ညစ်နွမ်းနေခဲ့တယ်. ကျမကတော့ ကျောက်ရုပ်လိုပင် ဆရာချစ်ကို ဘာစကားမှ ပြန်မပြောနိုင်ခဲ့ဘူး.

‘သမီးကို ဆရာ တောင်းပန်ချင်တာက တကယ့်ကို အနူးအညွတ်တောင်းပန်ပါတယ် သမီးရယ်… အခု သမီးတို့ အခြေအနေ ကိုလဲ ဆရာ သိနေတယ်.. သမီးဘက်က ဘာမှပြန်ပီး တုံ့ပြန်မှု မလုပ်ရသေးဘူးလို့ စည်သူက ပြောတယ်……’

နားလည်မှုတွေ….. ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေတစ်ခုဆီကို လမ်းကြောင်းပေးနေတဲ့ စကားလုံးတွေ …….

နှစ်ဖက်မိဘ အသိအမှတ်ပြုပီး လက်ထပ်ဖို့ ရက်အထိပါ သတ်မှတ်ထားတဲ့ မိန်းခလေးနဲ့

လုပ်ဖော်ကိုင်ဖက်ချင်း နားလည်မှုတွေနဲ့သာ ချည်နှောင်ထားကြပီး ဘယ်လိုအခြေအနေမှ တရားဝင် မကျွံရသေးတဲ့ ကျမတို့နှစ်ယောက်ရဲ့ အခြေအနေနဲ့………………

ထက်ထက်က တောက်တခေါက်ခေါက် လုပ်နေခဲ့တယ်..

‘ဒါ သက်သက်မဲ့ဟာ အမှန်တော့ သူဖွင့်ပြောသင့်တယ်ဟ… ငါကတော့ သဘောတူတဲ့စိတ်နဲ့ နင်တို့ကြားထဲ အခမဲ့တောင် အောင်သွယ်လုပ်ပေးခဲ့တာပဲဟာ.. စည်သူ ဒီလိုတော့ ဖွင့်မပြောဘဲ မနေသင့်ဘူး.. အခုလိုမျိုး ဆရာချစ်တို့တောင် ဝင်ပါရ တဲ့ အဆင့်အထိတော့ မကောင်းဘူးပေါ့… နောက်ပီး နင်ကရော….နင် ဘယ်လိုဆုံးဖြတ်မလဲ မေဇော်’

‘ငါကလား ငါက ဘယ်လိုဆုံးဖြတ်ရမလဲ ထက်ထက်ရယ်… ဒါပေမဲ့ ဘာမှ မကျွံလိုက်ရတဲ့အတွက်တော့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိတယ်..’

‘နင် သူ့ကို တကယ်ချစ်နေသလား မေဇော်..’

‘မမေးနဲ့တော့ မမေးနဲ့တော့ ထက်ထက်.. ဒါတွေဟာ အခုအချိန်မှာ မေးဖို့ကို မလိုတော့ဘူး.. မပူပါနဲ့ဟာ ငါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ့မယ်’

ချစ်မယ်လို့ ဆုံးဖြတ်မိတဲ့အချိန်မှာတင် မချစ်သင့်တဲ့အကြောင်းတရားတွေ ခိုင်ခိုင်လုံလုံရှိနေမှတော့ ချစ်ဖို့ဆိုတာကို မစဉ်းစားသင့်တော့ဘူးလေ.. ဘယ်လောက်ပဲ ချစ်သွားပါစေ. ချစ်နေမိတယ်လို့ ထင်နေရုံဖြစ်ပါစေ မချစ်သင့်တော့ဘူး.. မချစ်သင့်တော့ဘူးလို့ တွေးလိုက်တိုင်း သူ့ရဲ့အကြင်နာတွေ ဂရုစိုက်မှုတွေ အချစ်တွေကို ပြန်ပြန်မြင်ယောင်မိတယ်… ဘာကြောင့် ကျမက အချစ်ရေးမှာ ကံမကောင်းခဲ့ရတာလဲ.. မျက်ရည်တောင် မကျဖြစ်ဘဲ ရင်ထဲမှာ အကြိတ်အခဲကြီးလို ခံစားနေရတာကို ကျမက ပိုနာကျင်နေမိတယ်.

သူ့ကို ရုတ်တရက် စိမ်းပြတ်ပြတ်ဆက်ဆံတော့ သူက နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့ ကျမကို ကြေကြေကွဲကွဲ စိုက်ကြည့်နေခဲ့တယ်. တတ်နိုင်သလောက် ထက်ထက်ကလဲ ဘေးက မခွာဘဲ နေပေးခဲ့တယ်. ကျမကို စကားပြောမယ်လို့ ကြံစည်တိုင်း သိသာထင်ရှားတဲ့အပြုအမူနဲ့ ရှောင်ထွက်သွားတဲ့အပေါ် သူတကယ့်ကို နားမလည်တဲ့စိတ်နဲ့ နာနာကျင်ကျင် ခံစားရမှန်း သိနေပေမဲ့ ကျမကတော့ ဘာအတွက်နဲ့မှ အကြောင်းပြချက်လဲ မပေးလို သူ့ဆီက ဘာအကြောင်းပြချက်မှလဲ မလိုချင်တော့ပေ.

ကီးဘုတ်ဘေးက စာရွက်လေး

‘စကားပြောချင်တယ်’

‘ပြောစရာ ဘာစကားလုံးမှ မရှိဘူး’

‘ဘာဖြစ်သလဲ မေ ကျနော့်ကို ဘာများ စိတ်ဆိုးနေသလဲ. ညနေ ကျနော် စောင့်နေမယ်’

စာရွက်ကလေးကို ချပေးခဲ့ပီး သူ့မျက်နှာက ခပ်တင်းတင်းနဲ့ပင် အပြင်ကို ထွက်သွားခဲ့တယ်.

လှေကားထစ်တွေဘေးမှာ သူရပ်စောင့်နေခဲ့တယ်. ဘေးနားက သံတိုင်ကို ရှုးဖိနပ်ထိပ်ဦးနဲ့ ကန်နေပီး မှန်ချပ်တွေရဲ့အနောက်ကနေ အပြင်ကို သူကြည့်နေခဲ့တယ်. ကျမ ဘေးကို ရောက်တဲ့အချိန်မှာ သူ့ရဲ့ မျက်လုံးတွေက နီရဲနေခဲ့ပီ.

‘မေ ဘာလို့ပြောင်းလဲသွားသလဲဆိုတဲ့ အဖြေကို ကျနော် အခုပဲ သိခဲ့ရပီ. မေ ကျနော့်ကို စိတ်ဆိုးသလား. အဲ့ဒီကိစ္စကို မပြောဖြစ်တဲ့အပေါ် ဆုံးဖြတ်ချက်က ဒီလိုမျိုးလား မေ’

‘ကျနော်တို့ နှစ်ယောက်ရဲ့ နားလည်မှုတွေ သံယောဇဉ်တွေ ဒါတွေကို ဒီကိစ္စလေးတစ်ခုတည်းနဲ့ မေလဲလှယ်နိုင်တယ်ပေါ့ ဟုတ်လား’

သူပြောသမျှ ကျမက နားထောင်ပေးနေခဲ့တယ်. ဘာမှတော့ ပြန်ပြောဖို့ အားအင်မရှိတော့.

‘ပြောပါ မေ.. ကျနော့်အမှားလား. ကျနော် ချစ်နိုင်တဲ့သူကိုပဲ ကျနော် ချစ်မယ်. သူ့ကို မချစ်ဘူး.. မေမေတို့ စီစဉ်တာကို ကျနော်က
လက်မခံနိုင်ဘူး.’

‘မေ့ကိုပဲ ချစ်တယ် မေ.. မေလဲ ကျနော့်ကို ချစ်ပါတယ် မေရယ်. ကျနော် သိတာပဲ. ဟုတ်တယ် မဟုတ်လားဟင်’

ကျမ ပခုံးကို အတင်းဆုပ်ကိုင်ပီး သူမေးနေခဲ့တယ်.

‘မေ… မေ… မေ့ကို အရမ်းချစ်တယ် မေ့ကို ခွဲမသွားနိုင်ဘူး.’

အခြေအနေတွေက အေးအေးဆေးဆေးကနေ ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်. သူ ကျမပခုံးကို အတင်းဆွဲလှည့်ပီး သူ့ရင်ခွင်ထဲ အတင်းဆွဲဖက်လိုက်တဲ့အချိန်နဲ့ ကျမ မရုန်းလိုက်နိုင်တဲ့ အခြေအနေမှာပဲ ကျမတို့ရဲ့ နောက်ကျောကနေ ကျမတို့နှစ်ယောက်ကို ကြည့်နေတဲ့ ချိုချို့ကို ကျမ တွေ့လိုက်ရတာပဲ…………….

ကျမကို တွေ့ချင်တယ်ဆိုတဲ့ မိန်းမကြီးရဲ့ လှပပီး မာန်မာနအပြည့်နဲ့ မျက်နှာကို ကျမက အသေအချာ စိုက်ကြည့်နေခဲ့တယ်. သူမရဲ့ မျက်နှာက မတတ်သာလို့ ကျမကို တွေ့ရတဲ့အခြေအနေမှာ မသက်သာတဲ့ စိတ်အတွေးနဲ့ ကျမကို အကဲခတ်နေခဲ့တယ်…

‘မေဇော်ဆိုတာလား… အန်တီက စည်သူ့ရဲ့အမေပါ.. အခုလိုတွေ့ဖို့ ချိန်းလိုက်ရတာကို တကယ့်ကို အားနာပါတယ်ကွယ်. ဒါပေမဲ့ …………….’

‘အန်တီ တွေ့ချင်တယ်ဆိုလို့ ဆရာချစ်ရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ရော ကျမရဲ့ ဂုဏ်သိက္ခာအတွက်ကိုပါ တန်ဖိုးထားပီး လာတွေ့တာပါ’

‘အန်တီ ဆိုလိုချင်တာကို ကျမ သိပါတယ် စိတ်မပူပါနဲ့ အန်တီ’

‘ကျမက အန်တီတို့ သဘောမတူနိုင်လောက်တဲ့ အခြေအနေမှာ ကျမရဲ့ မိန်းမသားသိက္ခာကို အကျခံပီးတော့များ စည်သူ့ကို လက်ခံမယ်လို့ ထင်နေရင် မှားလိုက်မယ် အန်တီ’

ကျမတို့နှစ်ယောက် မာနတွေနဲ့ အလျှံတညီးညီးတောက်လောင်နေတဲ့ မျက်လုံးအစုံနဲ့ တစ်ယောက်ကို တစ်ယောက် စူးစူးစိုက်စိုက်ကြည့်နေခဲ့တယ်.. ကျမမှာလဲ ကျမအတွက် လုံလောက်တဲ့ မာနရှိတယ်. စေ့စပ်ပီးသား မိန်းခလေးရှိတဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လိုအရာတွေနဲ့များ မျက်နှာပြောင်တိုက်ပီး သဘောမတူပါဘူးလို့ ဆိုနေတဲ့ကြားက လက်ခံမယ်လို့များ ထင်နေလား အမိုက်ခံတဲ့ မိန်းမများ မှတ်နေလားကွယ်..

မာနတွေနဲ့ လိမ်းခြယ်ထားတဲ့အချိန်တုန်းကတော့ မနာကျင်ခဲ့ရပေမဲ့ အခုတော့ ရင်ထဲမှာ တစစ်စစ်နာကျင်နေခဲ့ပီ.

အချစ်….
အချစ်လေ အချစ်ပေါ့… သူ့ကို သိပ်ချစ်မိနေပီဆိုတဲ့ အသိတစ်ခုကို ရင်ဘတ်ထဲမှာ အတင်းလှောင်ပိတ်လိုက်တဲ့အခါ နှလုံးသားဆီက
စူးအောင့်တဲ့ ခံစားချက်ကို ကျမ ခံစားလိုက်ရတယ်.

အဲ့ဒီနေ့ညနေက ကျမတို့ ရုံးခန်းရဲ့ အပေါ်ထပ်ဘေး လှေကားထစ်မှာ မျက်နှာချင်းဆိုင် ရပ်နေမိတယ်.

‘မချစ်ဘူး.. ဘယ်တုန်းကမှ မချစ်ခဲ့ဘူး.. အရင်တုန်းက တွဲနေခဲ့တယ်ဆိုတာက အားနာမှုရယ် နီးစပ်တဲ့စိတ်ရယ်ကြောင့်ပဲ. အခု သေချာစဉ်းစားမိတဲ့အချိန်မှာ မချစ်ဘူးဆိုတာဟာ တကယ့်ကို သေချာနေခဲ့ပီ’

ကျမရဲ့ နှုတ်ခမ်းအဖွင့်အပိတ်ကို အသက်မဲ့သူတစ်ယောက်လို သူ စိုက်ကြည့်နေခဲ့တယ်.

‘မေမေ့ကြောင့်လား… ဘယ်သူ့ကြောင့်လဲ ..’

‘ကို့ကို တကယ်မချစ်ဘူးပေါ့’

‘မေဟာ တကယ့်ကို အသည်းမာတာပဲနော်.’

မျက်နှာကို တချက်မပျက်ဘဲ ခေါင်းကို မော်ထားခဲ့တယ်

အသည်းမာတယ်လို့ ပြောနိုင်ခွင့်ရှိအောင် ဒီအသည်းကို ဘယ်လောက် မာကျောအောင် လုပ်ထား ရသလဲ သူမသိတဲ့အတွက်တော့ ကံကြမ္မာကို ကျေးဇူးတင်မိတယ်.

ဘုရားရေ ရင်ဘတ်ထဲက စူးခနဲ အောင့်တက်လာတော့ လက်ဖနောင့်နဲ့ရင်ဘတ်ကို ဖိထားမိတယ် ဒီခံစားချက်ကို အခုတလော ခန ခန ခံစားရတာ ကြာပီ စွပ်စွဲချက်ကို လက်သင့်ခံခဲ့ရတဲ့အချိန် ကတည်းကပေါ့. ကျမက မာနကြီးတယ် စိတ်ကြီးတယ် ဒေါသကြီးတယ် ခန ခန သူ ပြောတတ်ပေမဲ့ အသည်းမာလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူးတဲ့

သူ့ရဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးကို ကြည့်ပီးတော့ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားရတယ်.

နာကျင်စမ်းပါကွယ် မေ့ထက်တော့ ပို မနာကျင်နိုင်ပါဘူး….

‘စိတ်ချပါ မေ…. ကျနော့်အတွက် နောက်ထပ် စိတ်မရှုပ်ရတော့သလို စိတ်လဲ မညစ်ရတော့ပါဘူး.. မေ မချစ်ဘူးဆိုတဲ့ လူကိုလဲ နောက်ထပ် မေ့ရှေ့မှာ မမြင်စေရပါဘူး ဒါပေမဲ့ မေသိထားဖို့က ကျနော့်ရဲ့ချစ်သူဟာ မေ မဖြစ်ခဲ့ဘူးဆိုရင် ကျနော့်ရဲ့ ဇနီးလောင်းကလဲ ရွှေရည် မဖြစ်ရဘူး.. ဒါကိုတော့ မေ သိထားပေးပါ’

‘ကျနော် ၂၁ ရက်နေ့ စင်ကာပူကို သွားမယ်.. အဲ့ဒီကနေ တစ်ဆင့် ကိုကိုကြီးရှိတဲ့ သြစတြေးလျားကို ထပ်သွားမယ် မေ.. မေ့ ဘေးနားမှာ မနေနိုင်တော့ဘူးဆိုရင်တော့ မေနဲ့ ဝေးရာ ဟိုးအဝေးဆုံးကို သွားနေပါ့မယ် မေ’

‘ဒါပေမဲ့ မေ့ကိုတော့ အရမ်းချစ်တယ်ဆိုတာကို ယုံထားပေးပါ မေ.. အစစအရာရာအတွက် မေ့ကို ကျေးဇူးတင်ပါတယ်.. ချစ်တတ်လာတဲ့အတွက်ရော ချစ်ခွင့်ပေးခဲ့တဲ့အတွက်ရောပေါ့…………’

ဆုံးဖြတ်ချက်အတိုင်း သူ အကောင်အထည်ဖော်ခဲ့တဲ့အချိန်မှာတော့ ကျမက သူ့ကို လွမ်းဆွတ်မိတိုင်း အပေါ်ထပ် လှေကားထစ်လေးရဲ့ဘေးမှာ အမြဲရပ်နေတတ်ခဲ့တယ်.. ကျမဘေးကို လက်လှမ်းလိုက်တိုင်း အမြဲ အသင့်ရှိနေတတ်တဲ့ ကော်ဖီခွက်လေးကို တမ်းတမိသလို.. ကီးဘုတ်ပေါ်မှာ တင်တင်ထားတတ်တဲ့ message တိုတိုလေးတွေကိုလဲ အမြဲ သတိရနေခဲ့တယ်…

‘သိပ်ချစ်တယ်’ အပြာရောင်စာရွက်ပေါ်က လက်ရေး…. မွှေးပျံ့တဲ့ ရနံ့ကလေး အခုအချိန်အထိ သတိရနေဆဲပဲ

‘ဒါက ဘာအဓိပ္ပာယ်လဲ’ လို့ ခပ်ဆတ်ဆတ်မေးလိုက်တဲ့ အချိန်တုန်းက သူ့မျက်နှာက အနီရောင်သမ်းနေခဲ့တယ်

‘စိတ်မဆိုးပါနဲ့ မေရယ်…. ကျနော် မေ့ကိုချစ်နေတာကြာပီ မေ စိတ်ဆိုးမှာစိုးပေမဲ့ ဖွင့်မပြောဘဲလဲ မနေနိုင်တော့’ လို့. အဲ့တုန်းက ပြောခဲ့ဖူးတဲ့ သူ့ရဲ့ စကားသံတွေကို နားထဲမှာ ပြန်ကြားယောင်နေမိတယ်……

သူ ကမ္ဘာကို ပတ်နေတဲ့အချိန်မှာ ကျမကတော့ နဂိုနေရာလေးမှာပဲ ထိုင်နေပီး သူ့ကို လွမ်းဆွတ်နေခဲ့မိတယ်… သူ နေရာတစ်နေရာကို ရောက်တိုင်း ကျမဆီကို မဖြစ်မနေ ပို့စကတ် တစ်စောင် တစ်စောင် အမြဲပို့ပေးခဲ့တယ်….

အချိန်တွေ နာရီတွေ ကုန်သွားလဲ ကျမတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းတွေက ရှင်သန် လည်ပတ်နေတုန်းပဲ….

ဒါပေမဲ့ မချစ်သင့်ဘူးလို့ သတ်မှတ်ထားတဲ့ အခြေအနေတွေက ဟိုးအရင်တုန်းကရော အခုရော အတူတူပါပဲကွယ်………… ဘာဆို ဘာမှ မပြောင်းလဲခဲ့ဘူး…….

အရာရာဟာ အရင်အတိုင်းပဲ မင်းထွက်သွားကတည်းက ဒီအတိုင်းပါပဲ.. မချစ်သင့်ဘူးဆိုတဲ့ အခြေအနေရော.. ချစ်ခဲ့တယ်ဆိုတဲ့ စိတ်ခံစားချက်ရောပေါ့……….

ပြည့်စုံ (19-8-2009, 9:16 pm)

Wednesday, August 19, 2009

မျှော်လင့်ခြင်းမဲ့ ဆုံမှတ်

‘ကျမတို့ လမ်းခွဲကြရအောင်’

ဒီစကားကို ပြောခွင့်ရဖို့ ကျမ အကြိမ်ကြိမ်ကြိုးစားခဲ့ရတယ်. ရင်တစ်ခုလုံးပွင့်ထွက်တော့မတတ် နာကျင်တဲ့စိတ်အတွေးတွေကို မျိုသိပ်ရင်းနဲ့ ကို့ကို ဒီစကားပြောနိုင်ဖို့ အားမွေးခဲ့ရတယ်.

အဲ့ဒီညနေက တိမ်တောက်တဲ့ညနေပေမဲ့ အရာရာဟာ မလှပဘဲ အထီးကျန်ဆန်လွန်းခဲ့တယ်.

ကို့ရဲ့မျက်လုံးတွေက ကြိုသိနေနှင့်ပီး ချစ်ခြင်းကြောင့် နာကျင်နေရပေမဲ့ ကျမစကားကို အပြင်းအထန် ငြင်းဆန်မှု မလုပ်ခဲ့ဘူး.

‘ဒါက အဆုံးသတ်အဖြေတဲ့လား….. ဒီလိုလုပ်မှပဲ ပြဿနာကို ဖြေရှင်းလို့ရမယ်လို့ ညို ထင်နေပီလား’

တစ်ယောက်မျက်နှာကို တစ်ယောက် နာကျင်နေတဲ့ နှလုံးသားကိုယ်စီနဲ့ စိုက်ကြည့်နေခဲ့မိပီး ပြောစရာ စကားတစ်ခွန်းမှ နှုတ်ဖျားက ပွင့်ထွက်မလာခဲ့နိုင်ဘူး.

တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲမှုမှာ အမုန်းတွေကြောင့် မဟုတ်လဲ လမ်းခွဲဖို့အတွက် လုံလောက်တဲ့အကြောင်းပြချက်တွေ ရှိခဲ့မှန်း သိခဲ့ရတဲ့အချိန်မှာ အဲ့ဒီ အဖြေကို ကိုရော ကျမပါ လက်ခံဖို့ ဆုံးဖြတ်ခဲ့ကြတယ်.

လမ်းခွဲဖို့အတွက် ကျမက စတင်တောင်းဆိုခဲ့ပေမဲ့ ကိုကပဲ အရင် ကျောခိုင်းထွက်သွားခဲ့တယ်. ကျောခိုင်းထွက်ခွာသွားတဲ့ သူ့ရဲ့နောက်ကျောကို ကြည့်ရင်း ကျမ ပင့်သက်တစ်ချက် ရှိုက်လိုက်မိတယ်. အပြင်းအထန်ပြောရမယ် နာကျင်အောင် စကားလုံးတွေသုံးရမယ်လို့ ထင်ထားခဲ့သမျှဟာ ကျမရဲ့ စကားတစ်ခွန်းမှာပဲ ပြီးဆုံးခဲ့တဲ့အတွက် ကျေးဇူးတင်မိပါတယ်.

သူ့ကိုချစ်မိတဲ့အချစ်တွေအတွက် နောင်တမရပေမဲ့ သူ့ဘေးနားမှာ ရှိမနေနိုင်တော့ဘူးဟု တွေးမိတဲ့ အချိန်တိုင်းမှာ ယူကျူံးမရတဲ့စိတ်နဲ့ ကြေကွဲရတယ်. အရင်ကဆို ခနလေးဝေးရမယ်လို့ တွေးမိရင်တောင် အသည်းတွေ ကွဲကြေမတတ်ခံစားခဲ့ရမှုမှာ တစ်သက်လုံးဝေးရတော့မယ်လို့ စဉ်းစားရမိတဲ့အခါ ဘယ်လိုများ ရှေ့ဆက်ရမလဲလို့ တွေးမိတယ်.

ဒါပေမဲ့ တစ်ချိန်ချိန်တော့ ခွဲရမှာပါပဲ.

‘နင်တို့ ၂ ယောက် ဘာအတွက် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာလဲ ညို’

ကျမ သူငယ်ချင်းရဲ့ အမေးကိုဖြေဖို့ ကျမမှာ ကျမအတွက်တော့ လုံလောက်တဲ့ အဖြေ ရှိနေနှင့်ပီးသားပါပဲ.

ဘယ်လိုအခက်အခဲမဆို အတူတူ ရင်ဆိုင်ဖြေရှင်းဖို့ အားအင်တွေ ဘယ်လောက်မွေးမွေး ဒီတစ်ခါတော့ ကျမမှာ အားမရှိတော့ဘူး သည်လိုပဲ ကို့မှာလဲ အားမရှိတော့ဘူးဆိုတာ သိနေနှင့်ခဲ့ပီ အမုန်းတွေ ရောက်မလာခင် ကျမတို့ ဒီအချိန်မှာ ခွဲခွာဖို့ ဆုံးဖြတ်လိုက်တာဟာ နှစ်ယောက်စလုံး အတွက် သင့်တော်မယ်ထင်ရဲ့……..

တစ်ယောက်တည်း ထီးတည်းကျန်ရစ်ခဲ့ရမှုဟာ ဘယ်လောက် အထီးကျန်ဆန်လွန်းသလဲ လက်တွေ့ သိနေပေမဲ့ ကျမကတော့ အားတင်းပီး ရှေ့ဆက်လျှောက်နေတုန်းပဲ. တခါတလေမှာ နံဘေးကို အသာ ငဲ့စောင်းကြည့်လိုက်တိုင်း အားပေးအပြုံးနဲ့ ကျမလက်ကို မလွှတ်တမ်းဆွဲကိုင်ခဲ့ဖူးတဲ့ ချစ်သူက အခုတော့ ဘေးမှာ မရှိတော့.

မောင်နှမတွေရဲ့ရှေ့မှာ သားအလတ်ဆိုပေမဲ့ အကိုအကြီးဆုံးက အိမ်ထောင်နဲ့ဆိုတော့ သူ့အပေါ် မှာပဲ မိသားစုတွေတာဝန်က လုံးလုံးပုံကျနေခဲ့တာ. သူ့အမေက သူ့ကို သိပ်အားကိုးလွန်းတာ. အရင်တုန်းက ပေတေလေလွင့် လူဆိုးကလေးဖြစ်နေပေမဲ့ အခုအချိန်မှာတော့ သူက အမေသိပ်ချစ် တဲ့ သားလိမ္မာကလေးဖြစ်နေတာတွေ သူ့ညီမကလေးတွေနဲ့ သူ့အောက်က သားချင်းတွေရဲ့ အားကိုးမှု သံယောဇဉ်ကြိုးတွေက သူ့ကို လှုပ်မရအောင် တုပ်နှောင်ထားနေခဲ့ပီ.

ကျမကတော့ မိသားစုဆိုတဲ့ ကြိုးရှိပေမဲ့ သူ့လောက်တော့ ကြိုးမများခဲ့ဘူး. ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်ထူထောင်နိုင်အောင် ကြိုးစားနေတဲ့ မိန်းမ ဆိုတော့ ကျမအတွက်က ဘဝရဲ့တိုးတက်မှုကိုပဲ ရှာဖွေကြိုးစားဖို့ပဲ ရှိနေခဲ့တယ်.

ကျမတို့ နှစ်ယောက်ရဲ့ ကြားထဲက လွဲချော်မှုက အဲ့ဒီ ဘဝတွေပေါ် မူတည်ပီးတော့ တစ်စတစ်စ ကွာခြားလာနေတာကို မသိချင်ယောင်ဆောင်နေရင်းနဲ့ကို လက်တွေ့အဖြစ်မှန်တွေက ပေါင်းစပ်လို့ မရအောင်ကို ဝေးကွာစေခဲ့ပီလေ.

လူ နှစ်ယောက်အတွက်တော့ အချစ်ချည်းသက်သက်ဆိုရင် ဘဝဟာ ပျော်ရွှင်စရာ နေပျော်စရာ ကောင်းပေမဲ့ ဘေးက ကြိုးတွေ ရစ်ပတ်လာတဲ့အချိန်မှာတော့ ကျမတို့ ပျော်လို့ မဖြစ်တော့ဘူး. မိသားစု ဘဝရှေ့ရေး တာဝန် ငဲ့ညှာမှု သံယောဇဉ် အမျိုးစုံတဲ့ ကြိုးတွေကြားမှာ သူရော ကျမရော လှုပ်မရအောင် နစ်မြုပ်နေခဲ့ပီ.

‘ကံကိုချည်း ယုံရမယ်လို့ ကိုမပြောဘူးလေ ဒါပေမဲ့ ဥာဏ်နဲ့ ဝီရိယကိုလဲ ကိုတို့မေ့လို့မရဘူးပေါ့ ညိုရဲ့… ကို ညို့ကို အရမ်းချစ်တယ်. ဒါပေမဲ့ ကိုတို့နှစ်ယောက်ပျော်နေတဲ့အချိန်မှာ သူများတွေ စိတ်ညစ်နေရ မယ်ဆို ညိုလဲ ပျော်နိုင်မှာ မဟုတ်ဘူး…. ဖြစ်နိုင်မယ်ဆို ညို့လက်ကိုဆွဲပီး ဟိုးအဝေးကို ကို ထွက်ပြေး သွားချင်တယ်….’

‘ခနလေးစောင့်ပါ ညိုရယ် ကိုတို့ရဲ့ချစ်ခြင်းသာ စစ်မှန်မယ်ဆိုရင် မပေါင်းဆုံစရာ မရှိပါဘူး… ညိုလဲ ကြိုးစားရမယ် ကိုလဲ ကြိုးစားမယ်… ကိုတို့နှစ်ယောက်အတွက် ပျော်ရွှင်ရမယ့်အချိန်ကို ရောက်တဲ့ အထိ ကိုတို့ ကြိုးစားကြမယ်လေ’

‘ဘယ်အချိန်ထိလဲ ကို…. ကျမတို့အတွက်ဆိုတဲ့ အချိန်က ဘယ်အချိန်ထိလဲ’ မမေးရက်ခဲ့ဘူး. ကိုပြောသမျှကို ကို့မျက်နှာကို တစိမ့်စိမ့်ကြည့်ပီးသာ ကျမက အသာနားထောင်နေခဲ့တယ်.

ကြိုးစားကြမယ် ပေါင်းစည်းဖို့အတွက်တဲ့လေ…. မျှော်ကြည့်လိုက်ရင် ဘာမှ ရေရာမှုမရှိတဲ့ အခြေအနေ တွေမှာ ကို့ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကျမကတော့ အရာရာကို ဘာမှ မတောင်းဆိုခဲ့ပဲ ကို့ဘေးမှာ ငြိမ်သက်စွာ နေခဲ့တယ်.

‘ညီမလေးကို မဖြစ်မနေ လိုက်ပို့နေရလို့ပါ ညိုရယ်… ညိုစောင့်နေမှန်းသိပေမဲ့ ကိုဘယ်လိုလုပ်ရမှန်းကို မသိခဲ့ဘူး…’
ကို့ရဲ့ မျက်လုံးတွေမှာ တကယ့်ကို ယူကျုံးမရတဲ့ ဝမ်းနည်းမှုအရိပ်အယောင်တွေ တွေ့ရတဲ့အခါ ကျမက နာကျင်ရတဲ့ စိတ်အတွေးတွေကို ပယ်ဖျောက်လိုက်ပီး ကို့ရဲ့ လက်ကို အသာဆွဲကိုင်ပီး ခပ်ဖွဖွ ပြုံးပြခဲ့တယ်.

‘ကို အရောက်လာမယ်ဆိုတာ ညိုသိနေတာပဲ ကိုရယ်… အခု ရောက်လာပြီပဲ. အဆင်မပြေလို့ ကိုနောက်ကျတာကို ညိုနားလည်ပါတယ်…’

ဒီလိုအဖြစ်မျိုးတွေ သိပ်များလာပေမဲ့ ကျမကတော့ တိတ်တဆိတ်ပင် ရင်ထဲမှာ အကွဲကြေခံခဲ့တော့တယ်.

ကျမကို ရင်ခွင်ထဲမှာ ခပ်တင်းတင်း ပွေ့ဖက်ထားပေမဲ့ ကို စိတ်မကောင်းဖြစ်သွားတာကို ကျမ ဝမ်းနည်းနေခဲ့ပီး နာကျင်နေရတဲ့ ကို့ကို ကျမရဲ့ ဝမ်းနည်းမျက်ရည်တွေကြောင့်တော့ ထပ် စိတ်မကောင်းမဖြစ်စေရတော့ဘူး.

ကျမ မျက်ရည်ကျတိုင်း ကျမထက် မလျော့တဲ့ ခံစားမှုတွေနဲ့ ကို စိတ်မကောင်းဖြစ်ရတာကို သိနေမိတဲ့အခါမှာ ကို့ရှေ့မှာ ဘယ်တော့မှ မျက်ရည်မကျစေရတော့ဘူးလို့ ကျမက စိတ်ဆုံးဖြတ်ခဲ့တယ်.

ချစ်သူသက်တမ်း နှစ်နှစ်အတွင်းမှာ ကိုက သူ့မိသားစုပြဿနာတွေနဲ့ တခါတလေမှာ စိတ်ပင်ပန်းတိုင်း ကျမက ဘေးကနေ ကို့ကို အဖော်လုပ်ပေးခဲ့တယ်. ကို စိတ်ညစ်တဲ့အခါတိုင်းမှာ ကို့ကို ရင်ခွင်မှာ ဖက်ထားပီး မိခင်တစ်ယောက်လို အစ်မတစ်ယောက်လို ချော့မော့နှစ်သိမ့်ပေးခဲ့တဲ့ ကျမကို ကို သိပ်မြတ်နိုးမှန်း ကျမသိနေခဲ့သားပဲကွယ်.

ကျမတို့နှစ်ယောက်အတွက် သီးသန့်အချိန်ဆိုတာ မရှိခဲ့ဘူး. သိပ်ချစ်တယ်လို့ ခန ခန မပြောနိုင်ခဲ့ပေမဲ့ သိပ်ချစ်မှန်းကို စကားအဖြစ်နဲ့ ဖွင့်ပြောစရာမလိုအောင်ကို ချစ်မြတ်နိုးခဲ့ကြတာပဲ. ဒါဟာ တစ်သက်စာ အတွက် လုံလောက်ပါရဲ့.

‘ကို မေမေ့ကို ဖွင့်ပြောလိုက်ပီ ညို… မေမေကတော့ သူ သဘောတူထားတဲ့ မိန်းခလေးရှိပေမဲ့ ကို့ကို စိတ်ချမ်းသာစေချင်ပါတယ်တဲ့….တစ်ခုပဲ မေမေက တောင်းဆိုတယ်… ကို့ကို မိသားစုရဲ့ အဝေးကို ခွဲမထွက်သွားစေချင်ဘူး… မသွားပါနဲ့လို့ တောင်းပန်တယ် ညို.. မေမေက အားကိုးအားထားပြုတဲ့ သားကို ဘေးနားမှာ ရှိနေချင်တာပဲတဲ့… ကို အဝေးကို ထွက်မသွားရင်ပီးရော အရာအားလုံးကို လက်ခံပါတယ်တဲ့’

ကျမရဲ့ စိတ်တွေက လေထဲကို လွင့်ထွက်သွားတဲ့ ပူဖောင်းတစ်လုံးလိုပင် လေနှင်ရာ ကစဥ့်ကလျား လွင့်ပြေးသွားခဲ့ပီ. ကို့စကားသံကို နားထောင်နေရင်းနဲ့ အမြဲ စဉ်းစား စိတ်ကူးယဉ်ခဲ့မိတဲ့ ကျမ တည်ဆောက်ချင်တဲ့ ကျမတို့ရဲ့ အိမ်ကလေး လဲပြိုခဲ့ပီဆိုတာကို သိလိုက်ရတယ်.

နိုင်ငံရပ်ခြားကိုသွားမယ်. ပီးရင် ဟိုမှာ ဆက်ပီး ပညာသင်မယ်. အလုပ်လုပ်မယ်. ဘဝတစ်ခု အခြေချနေနိုင်အောင် ကျမတို့ ကြိုးစားကြမယ်. မိသားစုတွေအတွက်ဆိုလဲ ကျမတို့ အဝေးကနေ ထောက်ပံ့ကြမယ်. အရာအားလုံးအတွက်လဲ ကျမ ပြင်ဆင်ထားခဲ့ပီ. ဒါကို ကိုလဲ အသိပင်.

အခုတော့………

ကို့ရဲ့မျက်လုံးတွေက နာကျင်တဲ့ မျက်လုံးဖြစ်နေပေမဲ့ ကျမကတော့ အသိစိတ်မဲ့တဲ့လူတစ်ယောက်ရဲ့ မျက်လုံးလိုပင်. ကို့စကားကိုတောင် တုံ့ပြန်မှု ပြန်မလုပ်နိုင်ခဲ့.

‘မေမေ့ကို ကိုတို့ရဲ့ အစီအစဉ်တွေ အကြောင်းကို ပြောလိုက်ရင် ပိုဆိုးမယ် ညိုရယ်. ကိုပြောလိုက်တဲ့ အချိန်မှာတောင် မေမေ တအားငိုတယ်. နောက် မေမေက ဖေဖေ နေမကောင်းဖြစ်တဲ့ အချိန် ကတည်းက စပီး ကို့ကို အရမ်းအားကိုးခဲ့တာဆိုတော့ ကို ဘယ်လိုမှ ပစ်ထားခဲ့လို့ မရဘူး’

‘ကိုတို့နှစ်ယောက် အတူတူရှိဖို့ပဲ လိုတယ် မဟုတ်လား ညို….. ကို့ကို ခွဲမသွားပါနဲ့.. ကို့ဘေးမှာပဲနေပါ လို့တော့ ညို့ရဲ့ အနာဂတ်တွေကို စတေးပီး မပြောရက်ပေမဲ့ ကိုကတော့ အဝေးကို ဘယ်လိုမှ မသွား နိုင်တော့ဘူး’

ဘာထပ်ပြောဖို့မှ မလိုအပ်တော့ပါဘူး ချစ်သူရယ်…. မိခင်နဲ့ ချစ်သူကြားမှာ နှိုင်းယှဉ်စရာ မလိုလောက်အောင်ကို ကျမက နားလည်နေခဲ့ပီ. မိသားစုတစ်ခုလုံးနဲ့လဲပီး ကျမကို မချစ်ဘူးလို့ မစွပ်စွဲချင်တော့ပါဘူး. နားလည်ပေးရမှုတွေကလဲ ကန့်သတ်ထားတဲ့ ဘောင်အတွင်းမှာ ရေချိန်ကိုက်ခဲ့ပီ. ဘဝတစ်ခု ထူထောင်ဖို့ ရည်စူးခဲ့သမျှ ထူထောင်ခဲ့ရသမျှတွေကတော့……..

ပေါင်းစပ်ဖို့ တစ်ခုတည်းအတွက်ဆိုရင်တော့ အရာရာကို တစ်ဇွတ်ထိုးဆုံးဖြတ်လိုက်လို့ ဖြစ်နေတာပဲ. ဒါပေမဲ့ ဒီလိုနည်းနဲ့တော့ ကျမက အရှုံးမပေးချင်ခဲ့တော့ဘူး… မိသားစုအရေးက ပထမဦးစားပေး ဖြစ်နေတဲ့ အချိန်မှာ ကျမက ကို့ဘေးမှာ တိတ်တဆိတ်နေနိုင်ပါ့မလား.. ကို့ဘေးမှာ နေဖို့ တစ်ခုတည်းနဲ့ ကျမကို မလိုလားတဲ့ အသိုင်းအဝိုင်းမှာ ကျမ နေနိုင်ပါ့မလား.

ဒီလိုသာဆို အချိန်တွေကြာလာတာနဲ့အမျှ စိတ်ဆင်းရဲမှုတွေ ပေါ်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ. အဲ့ဒီအချိန်မှာဆိုရင် ကျမတို့ရဲ့ အဆင်မပြေမှုတွေဟာ အမုန်းတွေ ဖြစ်လာကြမှာနော်.

စချစ်ကတည်းက မုန်းဖို့ချစ်ခဲ့တာ မဟုတ်လို့ မမုန်းခင်ကတည်းက ကျမတို့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာ ဟာ သင့်တော်တဲ့ ဆုံးဖြတ်ချက်ပဲလို့ ကျမက ယုံကြည်လိုက်တယ်.

သာမန်မိန်းခလေးတစ်ယောက်အနေနဲ့ မဟုတ်ဘဲ ထက်ထက်မြက်မြက်နဲ့ ဘဝကို မြင့်မြင့်မားမား ဖြစ်စေချင်တဲ့ ကျမရဲ့ ဖေဖေကရော ကျမတို့ရဲ့ ပေါင်းစပ်မှုကို လက်ခံမှာ မဟုတ်ဘူး ဆိုတာကို အသေအချာ သိနေနှင့်ခဲ့တယ်.

မာနတွေကို လျှော့ချပီး လက်တွေ့ကျတဲ့အခြေအနေကို သေချာစဉ်းစားရင်တောင် ထပ်လျှော့စရာ ဘာမှမရှိတော့. သေချာမှုကို လက်တွေ့ကျကျ စဉ်းစားပီးတဲ့အချိန်မှာတော့ အရာရာကို ဒီအတိုင်းလေးပဲ ထားခဲ့လိုက်ဖို့ ကျမက တစ်ဖတ်သတ် ဆုံးဖြတ်ခဲ့တယ်.

ကို့ကို ချစ်တဲ့အချစ်တွေဟာ နီးနီးနေရမှ မဟုတ်ဘဲ ကျမတို့ မိုင်ထောင်ချီ ဝေးနေလဲ ချစ်လို့ရနေတာပဲ. လူနှစ်ယောက် လမ်းခွဲမှုမှာ အမုန်းတွေကြောင့် မဟုတ်လဲ လမ်းခွဲဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိခဲ့မှန်း ရှိလို့ရမှန်း သိနေခဲ့မှတော့ လမ်းခွဲကြတာပေါ့ ကိုရယ်.

အချစ်ဆိုတာ နီးနီးနေရမှ ဝေးနေရမှ ချစ်ရတာ မဟုတ်ဘူး ကို. အချိန်တိုင်း ကျမရင်ထဲမှာ ကို့အတွက် ချစ်ခြင်းတွေ ထည့်သွင်းထားမယ်လေ. တစ်ယောက်ကို တစ်ယောက် နှောင်ဖွဲ့ထားတာ မဟုတ်ဘဲ လွတ်လပ်ခွင့်အပြည့်နဲ့ ချစ်ကြမယ်.

အဝေးကို ထွက်သွားဖို့ အရာရာ အဆင်သင့်ဖြစ်နေချိန်မှာ အဆင်သင့်မဖြစ်သေးတဲ့ စိတ်အတွက် ကို့ကို အရမ်းတွေ့ချင်နေမိတယ်. ကို့ကို မြင်ရင် ကျမရဲ့ စိတ်အတွေးတွေ ပြောင်းပြန်ဖြစ်ကုန်မယ် ထင်ရဲ့. ဒါပေမဲ့ ကျမရဲ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်းကိုတော့ ကို လက်ခံရမယ်.

ဒီ မှန်တံခါးနောက်ကို ရောက်သွားရင် ကျမ နောက်ပြန်လှည့်လို့မရတော့ဘူး. လက်ပြနှုတ်ဆက်နေတဲ့ ဖေဖေနဲ့ မေမေ့ကို လည်ပြန်ပီး နှုတ်ဆက်လိုက်တယ်. ဖေဖေ့ရဲ့ ဘာအတွက်နဲ့မှ နောက်မဆုတ်နဲ့ဆိုတဲ့ စကားသံကို ရင်ထဲ ထည့်သွင်းလိုက်တယ်. ဒီလိုအချိန်မှတော့ ကို ရောက်လာနိုင်မှာ မဟုတ်တော့ဘူး. စိတ်ကို အဆုံးအထိ လျှော့ချလိုက်တယ်. ပင့်သက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ပီး ချာခနဲ အလှည့်မှာပဲ ကို့ကို တွေ့လိုက်ရတယ်.

ကို့ရဲ့မျက်လုံးတွေက ချစ်ခြင်းတွေ လွမ်းဆွတ်ခြင်းတွေ နာကျင်ခြင်းတွေနဲ့ မှုန်ရီဝါးနေလေရဲ့. ကို့အသွင်က နွမ်းနယ်နေပေမဲ့ ကျမဆီကို အပြေးတစ်ပိုင်းရောက်လာခဲ့တယ်.

ချစ်သူရယ်…..

ကိုက ကျမရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တယ်

‘အရမ်းချစ်တယ် ညို.. ညိုကလွဲရင် ဘယ်မိန်းခလေးကိုမှ ကိုမချစ်ဘူး.. ကို့ရဲ့သစ္စာအတွက်တော့ ညိုစိတ်ချပါ..ညို အားအင်ရှိသလောက် ပျံသန်းပါ.. ညို့ရဲ့ ဘဝအတွက် အကောင်းဆုံးဆိုတာတွေကိုပဲ ယူပါ ညို.. ဒါပေမဲ့ ညို့ကို အရမ်းချစ်နေမယ့် ချစ်သူဟာ ညို့ဘေးမှာ အတူရှိမနေနိုင်ပေမဲ့ ညို့ကိုပဲ ချစ်နေမယ်ဆိုတာကို ညိုသိနေမယ်ဆိုရင် ကို ကျေနပ်တယ်’

‘ကိုတို့ အတူပေါင်းဖက်ရမှ မဟုတ်ပေမဲ့ မပြယ်တဲ့ချစ်ခြင်းတွေနဲ့ တစ်သက်စာ ချစ်နေခွင့်လေးပဲ ကို့ကို ပေးပါ ညို’

မျက်ရည်တွေ …. နောက်တော့ ချစ်ခြင်းတွေ ….

‘စိတ်ချပါ တစ်သက်မှာ တစ်ခါချစ်ဖူးတဲ့ အချစ်တွေနဲ့ ကို့ကို အရမ်းချစ်တယ်… ညိုတို့ အတွက် ဆုံမှတ်တစ်ခု ရှိပါလိမ့်မယ်.. အဲ့ဒီကို မရောက်ခဲ့ဘူးဆိုရင်တောင် ကို့ကို ချစ်တယ် အရမ်းချစ်ပါတယ်’

‘ဒါပေမဲ့ ညိုတို့ရဲ့ ခွဲခွာခြင်းမှာ အမုန်းတွေကြောင့် မဟုတ်ဘဲ သိပ်ချစ်တဲ့ အချစ်တွေကြောင့်သာ ခွဲခွာရတယ်ဆိုတာကို ကို့ကို သိစေချင်တာ တစ်ခုပါပဲ’

လက်ပြနှုတ်ဆက်ခြင်းမှာ အကြောင်းအမျိုးမျိုး ရှိပါလိမ့်မယ်. ဒါပေမဲ့ ချစ်ခြင်းအပြည့်နဲ့သာ လမ်းခွဲခဲ့ရတဲ့ အတွက်တော့ ကို့ကိုရော ကိုယ့်ကိုယ်ကိုပါ ကျေးဇူးတင်မိတယ်….

အချိန်တွေ အကြာကြီးပြောင်းလဲသွားလဲ ချစ်ခြင်းတွေကတော့ ဘယ်တော့မှ ပြောင်းလဲတော့မှာ မဟုတ်ပါဘူး ချစ်သူရယ်……………..

ပြည့်စုံ (၁၈-၈-၂၀၀၉၊ ၂း၅၀ am)

Sunday, August 2, 2009

လမ်းခွဲ

‘ပြန်လည်ရွေးချယ်ပေးပါ’ တဲ့… လှပလိုက်တဲ့ စကားလုံးလေး

ကိုကို့ရဲ့မျက်လုံးတွေက မပြယ်ပျောက်သေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အရောင်တောက်နေပေမဲ့
ကျမကတော့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချမှတ်ခဲ့ပြီးဖြစ်သည်။

‘မဖြစ်နိုင်တော့ပါဘူး … ကိုကို့ကို ကျမ မချစ်တော့တာ မဟုတ်ဘူး….
ဒါပေမဲ့ ရွေးချယ်ရမယ်ဆိုရင်တော့ ကိုလတ်ကိုပဲ လက်ထပ်မယ်’

…………………………………………………………………………………………………….

မိုးတွေသည်းသည်းထန်ထန်ရွာနေတဲ့ ညနေခင်းတစ်ခုမှာ ကိုကိုနဲ့ကျမ စတင်ဆုံစည်းခဲ့တယ်.
အဲ့ဒီနေ့က မဖြစ်မနေ အင်တာဗျူးတစ်ခုကို သွားဗျူးပီး အပြန်ပေါ့.
သွားဗျူးတဲ့ အန်ကယ်ကြီးက မိုးတွေသည်းနေတယ် မပြန်ပါနဲ့ဦးလို့ တားပေမဲ့
ကျမက ဒီသတင်းကို ရုံးကို အချိန်မီပြန်ပေးရမည်.

ကားလမ်းဖြတ်ကူးဖို့ ပြင်နေတဲ့အချိန်မှာပဲ ကျမရဲ့ထီးကိုရော ကျမလက်ကိုပါ ကြမ်းကြမ်းတမ်းတမ်း လှမ်းဆွဲလိုက်တဲ့အရှိန်နဲ့ ကျမ ပလက်ဖောင်းပေါ်ကို ပြန်ရောက်သွားခဲ့တယ်. ဒေါသက ထောင်းခနဲ ထွက်ပီး မျက်နှာကို သည်ဘက်လှည့်လိုက်တဲ့အချိန်မှာပဲ ကျမရဲ့ဘေးကနေ ဝေါခနဲဖြတ်သွားတဲ့ ကားတစ်စီးရဲ့ အရှိန်ကို သတိထားလိုက်မိတယ်.

ကျမ ရုတ်တရက်လန့်ဖျတ်ပီး အော်လိုက်မိမလိုဖြစ်ပေမဲ့ ပြန်လှည့်ကြည့်မိတဲ့အချိန်မှာတော့ ကျမရဲ့လက်ကို ဆွဲကိုင်ခဲ့တဲ့လူကို ရှာမတွေ့တော့. မိုးရေတွေကြားထဲမှာ အရောင်စုံထီးတွေရဲ့ ကြားထဲမှာ ကျမရဲ့ကယ်တင်ရှင်ကို ရှာတွေ့ဖို့ မဖြစ်နိုင်တော့.

ရုံးကိုပြန်ရောက်တဲ့အချိန်မှာတော့ ကျမ တစ်ကိုယ်လုံးကြွက်စုတ်ဖြစ်နေခဲ့ပီ. သူ လှမ်းဆွဲခဲ့သည့် လက်ဖျံပေါ်မှာ သူ့လက်က တစ်ခုခုနဲ့ခြစ်မိသည့် ဒဏ်ရာတစ်ခု ကျမရခဲ့သည်. ကျမ သူငယ်ချင်းကို ပြောပြတော့ သူက စုတ်တသပ်သပ်နဲ့ ကျမကို လမ်းသွားတိုင်း ဘေးဘီဝဲယာကို ဂရုစိုက်ဖို့ တတွတ်တွတ်ပြောနေခဲ့သည်.

တိုက်တိုက်ဆိုင်ဆိုင် ဧည့်ခံပွဲတခုကိုအသွားမှာ ကိုကိုနဲ့ဆုံခဲ့တယ်. ကျမက ကိုကို့ကို မသိပေမဲ့ ကိုကိုက ကျမကို အသေအချာသိနှင့်နေခဲ့သည်. အဲ့ဒီပွဲမှာ ကျမနဲ့ ရင်းနှီးတဲ့ GM ကိုမင်းလွင်က သူ့ရဲ့သူငယ်ချင်းလဲဖြစ် အထက်အရာရှိလဲဖြစ်တဲ့ ကိုကိုနဲ့ ကျမကို မိတ်ဆက်ပေးခဲ့တာဖြစ်သည်.

“ဒါ People Voice သတင်းဂျာနယ်ရဲ့ သတင်းထောက် မိုးည.”

“မိုးည ဒါ အကို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း သတိုးဇင်.
သူက အခုပွဲရဲ့ စပွန်ဆာလေ. MD ပေါ့. ညည်းသိချင်တာတွေ သူ့ကို ဗျူးလို့ရတယ်နော်.”

“ဟုတ်ကဲ့ရှင့် တွေ့ရတာ ဝမ်းသာပါတယ်.”

“ကိုလဲ မင်းကိုတွေ့ရတာ ဝမ်းသာပါတယ်.”

ကိုကို့ရဲ့ မျက်လုံးတွေက တောက်ပလွန်းလှသည်. ကျမက ကိုကို့ကို ပထမဆုံးအမြင်မှာပင် သဘောကျသွားခဲ့သည်. ကိုယ့်ကိုယ်ကို ယုံကြည်လွန်းတဲ့ လူတစ်ယောက်ရဲ့ ပိုင်နိုင်မှုကို ကိုကို့ရဲ့မျက်နှာပေါ်မှာ ခနတွင်းချင်း ကျမ ဖတ်မိခဲ့လို့ဖြစ်သည်.

ကိုကိုက ကျမ သိချင်တဲ့ အချက်အလက်တွေကို သေသေချာချာ ပြောပြနေခဲ့သည်.
ကျမ မေးခွန်းတခုမေးတိုင်း ကိုကိုက အရင်ပြုံးပီးမှ ဖြေခဲ့တယ်.

“မင်းက သိပ်ထက်တဲ့ သတင်းထောက်ပါလားကွ. ဒီလိုမေးခွန်းမျိုးတွေ မေးတာကို ကိုတော့ သိပ်သဘောကျတာပဲ”လို့ ကိုကိုရဲ့ ချီးမွမ်းသံကို ကြားရတဲ့အခါ ကျမက ရှက်စနိုးဖြစ်သွားမိတယ်.

ကိုကို့ရဲ့ အကြည့်တွေကို ကျမ ကယောင်ကတမ်းဖြစ်လာပီး ဖျော်ရည်ခွက်ကို လက်လှမ်းလိုက်တဲ့အခါမှာ ကျမလက်က အနာကို ကိုကို မြင်တွေ့သွားခဲ့တာလေ.

“လက်က ဘာဖြစ်တာလဲ”

ကျမ ရုတ်တရက် အံ့အားတသင့်နှင့် လက်ကို ယောင်ယမ်းငုံ့ကြည့်မိသေးသည်.

ပီးမှ “ခြစ်မိတာပါ…..”

သူက ကျမလက်ကို လှမ်းဆွဲတော့မလို့ ဖြစ်ပီးမှ သူ့လက်စွပ်ကို သူပြန်ကြည့်နေခဲ့သည်.

“ကို့လက်စွပ်နဲ့ခြစ်မိတာ ဖြစ်မယ်…” သူ့ရဲ့စကားသံကြောင့် ကျမ အံ့သြသွားခဲ့သည်.

ကျမ အံ့သြသွားတာကို သူက ကြည့်ပီး ကျမကို ပြုံးပြကာ စကားစပြောခဲ့သည်.

“အဲ့ဒီနေ့က မင်းကို ကိုယ်တွေ့တယ်. မင်း ကားလမ်းဖြတ်ကူးမလို့ပြင်နေတုန်း မင်းလက်ကို ကို လှမ်းဆွဲလိုက်တာ. “

ကျမတို့နှစ်ယောက် အဲ့နေ့က အကြောင်းကို ပြန်ပြောင်းပြောရင်း ကျမကို နမော့်နမဲ့နိုင်တယ်လို့ ဆုံးမတာကို ကျမက ရယ်ချင်နေခဲ့သည်. အဲ့ဒီအချိန်ကတည်းက ကျမကို ကိုကိုက ထိန်းချုပ်ခဲ့ချင်တာ ဖြစ်သည်.

နောက်တနေ့ ကျမအတွက် ဖုန်းလာတယ်ဆိုလို့ ပြေးကိုင်မိချိန်မှာ မထင်ထားတဲ့ ကိုကို့ရဲ့ဖုန်း ဖြစ်နေခဲ့တာပေါ့.

“ကော်ဖီသောက်ချင်လို့ လမ်းထိပ်က ကော်ဖီဆိုင်မှာ စောင့်နေတယ်… ကို့ကို ကော်ဖီလာတိုက်ပါ”လို့ ပြောတာကို ကျမက အံ့သြဝမ်းသာမိတယ်. ကျမရောက်သွားတဲ့အချိန်မှာတော့ ကိုကိုက ကျေနပ်ပြုံးနဲ့ ကျမကို ပြုံးကြည့်နေခဲ့တယ်. အဲ့ဒီအချိန်ကတည်းက ကိုကို့ရဲ့ အမိန့်တွေ လိုအပ်ချက်တွေကို ကျမက အလိုလို လိုက်နာခဲ့တာဖြစ်တယ်.

နောက်တော့ ကိုကို့ဆီက ဖုန်းသံတွေ ကိုကိုနဲ့အတူ ကော်ဖီဆိုင် ထိုင်ခွင့်တွေကို ကျမ မက်မောလာမိတယ်. ကိုကို့ဆီက စိတ်ဝင်စားမှုတွေကို ကျမက မသိစိတ်ထဲကနေ မငြင်းဆန်နိုင်ဖြစ်လာခဲ့တာပေါ့.

“သိပ်ချစ်တယ် မိုးကို ကို ချစ်တယ်” ဆိုတဲ့ စကားကို ညတော်တော်မိုးချုပ်နေတဲ့အချိန် ဖုန်းထဲကနေ ပြောခဲ့တာဖြစ်သည်. ကျမက ဘာပြန်ပြောရမှန်းမသိဘဲ တိတ်တဆိတ်ဆွံ့အလို့ပေါ့.

“ကို့ကို ချစ်တယ် မဟုတ်လား… မိုး ကို့ကို ချစ်တယ် မဟုတ်လား” တတွတ်တွတ် ရေရွတ်နေတဲ့ ကိုကို့ရဲ့စကားသံတွေကို ကျမက ကျမကိုချစ်စိတ်ကြောင့် ကိုကို ထပ်ခါတလဲလဲ ပြောနေတယ်လို့ သတ်မှတ်မိပီး ခေါင်းညိတ်မိခဲ့တာဖြစ်သည်. သိပ်ပျော်ဖို့ကောင်းခဲ့တယ် ကိုကို. အဲ့ဒီအချိန်လေးတွေ ပေါ့….

“ကိုတို့နှစ်ယောက် ချစ်သူတွေဖြစ်နေတာကို လူတွေ မသိစေချင်ဘူး မိုးရယ်… ဘာလို့ဆိုတော့ မိုးကို သူများတွေ စပ်စုမှာကို ကိုမလိုလားဘူး နောက်ပီး ကိုကိုက မိုးကို ကိုကိုတို့ စေ့စပ်တဲ့နေ့ကျမှပဲ လူသိရှင်ကြားကြော်ငြာချင်တယ် နို့မို့ဆို သတိုးဇင်ရဲ့ ချစ်သူဆိုပီး မိုး စိတ်ညစ်ရလိမ့်မယ် သိလား.. မိုးကို ဘာအတွက်နဲ့မှ စိတ်မညစ်စေချင်ဘူး ချစ်သူရဲ့…”

ကိုကိုရဲ့ စကားတွေကို ကျမက အကန့်အကွက် မရှိခဲ့ဘူး. ကျမရဲ့ ချစ်သူက ကျမအတွက် ချစ်သူသာ ဖြစ်ပီး. သူ့ကို နာမည်ကြီးကုမဏီရဲ့ MD တစ်ယောက်အနေနဲ့ မဟုတ်ဘဲ သာမန်မိန်းကလေး မိုးညရဲ့ချစ်သူသာ ဖြစ်ချင်ခဲ့တာမို့လေ.

ကိုကိုက ကျမကို သိပ်ချစ် သိပ်မြတ်နိုးခဲ့တယ်. ကျမရဲ့ ချစ်သူက ကျမကို သိပ်ချစ်တယ်. သိပ် သဝန်တိုတယ်. သိပ်အလိုလိုက်တယ်ဆိုတာမျိုး ကျမကို ခံစားမိလာတဲ့အထိ ခံစားမှုတွေ မထပ်စေရဘဲ ကိုကိုက ကျမကို ချစ်ပြခဲ့တာလေ. ဘယ်လိုပဲဖြစ်နေပါစေ ကျမက ကိုကို သေဆို သေ ရှင်ဆို ရှင် ကိုကို့စကားတွေဆို ကိုကို မျက်နှာအညိုမခံဘဲ ကိုကို့အတွက် အရာရာပေးဆပ်ခဲ့တာပါ.

ဒါပေမဲ့ ဒါတွေဟာ ခနလေးပါပဲ ကိုကို. တကယ့်ကို ခနလေးပါပဲ. အဲ့ဒီညနေပေါ့ ကျမကို လာစောင့်နေတဲ့ ကိုကို့မျက်နှာက ပြိုတော့မယ့်မိုးလိုပဲ မှိုင်းညို့နေခဲ့တယ်. ကိုကို့ဘေးကို ကျမရောက်လာတာကိုတောင် ကိုကိုက သတိမထားမိနိုင်လောက်အောင် အတွေးတွေက ဟိုးအဝေးကိုရောက်နေခဲ့တာလေ.

"မိုး ကိုကို့ကို ချစ်တယ် မဟုတ်လား ကိုကို့ကို ချစ်တယ် မဟုတ်လားဟင်…"
ကျမရဲ့ ရင်ခွင်မှာ ခေါင်းအပ်ပီး ကျမကို အားကိုးရာမဲ့ တွယ်ဖက်ထားတဲ့ ချစ်သူကို
ဘာကြောင့်ဆိုတာ မေးဖို့ထက် ကိုကို စိတ်ပေါ့ပါးသွားဖို့ကိုပဲ ကျမ ကြိုးစားခဲ့တာလေ.

ရင်ကွဲခဲ့တဲ့နေ့ရဲ့ အစပေါ့ ကိုကို. အဲ့ဒီနေ့က စီနီယာအမတစ်ယောက်နဲ့အတူ အင်တာဗျူးတခုကို ကျမ လိုက်သွားခဲ့တယ်. နိုင်ငံခြားက ပြန်လာပီး ဘွဲ့တွေ တစ်သီကြီးရခဲ့ပီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမဏီကို အုပ်ချုပ်ခွင့်ရတဲ့ MD မမ ငယ်ငယ်ချောချောလေးကို အမ အင်တာဗျူးတာကို ဘေးကနေ ကျမက ဓာတ်ပုံရိုက်ပေးနေတုန်းမှာပဲ သူမရဲ့ အနောက်က ဓာတ်ပုံမှန်ဘောင်ကို ကျမ မြင်တွေ့ခဲ့တာလေ. တယောက်မျက်နှာကို တယောက်ကြည့်နေပီး လက်ချင်းဆုပ်ကိုင်ထားတဲ့ မှန်ဘောင်ထဲက ချစ်သူစုံတွဲမှာ ယောက်ျားလေးက ကျမရဲ့ သိပ်ချစ်တဲ့ ကိုကိုပေါ့.

အဲ့ဒီနေ့က ကိုကို ကျမဆီကို ဖုန်းမဆက်ခဲ့ဘူး. ညဘက်ရောက်တဲ့အချိန်အထိ ကိုကို့ဆီက ဘာမက်ဆေ့ခ်ျမှ မရတဲ့အခါ ကျမ ဘယ်လိုမှ နေမရခဲ့ဘူး. ဖုန်းဆက်ဖို့ အားမွေးခဲ့ပီး ဖုန်းခွက်က ခလုတ်တွေကို နှိပ်ခဲ့မိတယ်.

ရင်ကွဲရမယ်လို့ သိရမယ်ဆို အဲ့ဒီဖုန်းကို ကျမ မဆက်ခဲ့ပါဘူး ကိုကို.

ခပ်တိုးတိုး ရယ်မောသံရယ်… ပီးတော့ “ဟဲလို ဘယ်သူနဲ့ပြောချင်လို့လဲ” အသံချိုချိုလေးတခု….

“ဘယ်သူလဲ မသိဘူး ဟန်နီ…. ဖုန်းခေါ်ပီး စကားမပြောဘူးကွယ်……”

အဲ့ဒီညက တစ်ညလုံး ကျမငိုခဲ့ရတယ်… မနက်အိပ်ရာနိုးတော့ ကျမရဲ့ မျက်လုံးတွေက မြင်မကောင်းတော့ အတူနေ အခန်းဖော်က အလုပ်မသွားဖို့ တားမြစ်ခဲ့တာလေ.

နောက်တစ်နေ့ ကိုကို အခန်းကိုရောက်လာတဲ့အချိန်မှာ ကျမဘက်က ဘာပြင်ဆင်မှုမှ မလုပ်နိုင်ခဲ့ဘူး. ကျမ မျက်နှာကိုတောင် မကြည့်ဘဲ ကိုကို ထိုင်နေခဲ့တယ်. အဲ့ဒီနေ့ညက ဖုန်းဆက်တာ ကျမမှန်း ကိုကိုသိပါတယ်. ဒါပေမဲ့ ဘာမှဖွင့်မပြောတဲ့အခါ ကျမကပဲ အားမွေးပီး ကိုကို့ကိုမေးခဲ့တယ်.

“တခုခုတော့ ပြောပါ ကိုကို သူနဲ့ ကိုကိုရဲ့ ဆက်စပ်မှုကို မိုး သိချင်လို့ပါ…….”

“သူက ကို့ရဲ့ ချစ်ဦးသူပဲ မိုးရယ်… သူ့ကို ကိုသိပ်ချစ်ခဲ့တယ်… ကို့ကို ခွင့်မလွှတ်လိုက်ပါနဲ့… သူ နိုင်ငံခြားမှာ ရောက်နေတဲ့အချိန် မိုးကို ကိုတွေ့ခဲ့တာပဲ… မိုးက သူနဲ့ သိပ်တူလွန်းတယ်… သူ့အစား………………………….”

စကားလုံးတွေ သိပ်ရက်စက်တဲ့ စကားလုံးတွေ……………..

ရက်စက်လိုက်တာ ကိုကိုရယ် ဒီအတိုင်း ကျမကို မရှင်းပြတာကမှ ကျမအတွက် ဖြေသိမ့်စရာ ရှိဦးမယ်.
အခုတော့ အစားထိုးခဲ့တာတဲ့လေ…
အခုတော့ အစားထိုးဖို့ မလိုတော့ပါ… ချစ်သူပြန်ရောက်လာပီလေ အဲ့ဒီအတွက် ကျမကို မေ့ပစ်ရတော့မယ်.
ကျမကလဲ မေ့ပစ်လိုက်ရတော့မယ် ရင်ခွင်တခုလုံး ဟက်တက်ကွဲခဲ့တာပဲ ချစ်သူရယ်… ….
တစ်သက်မမေ့စရာ စကားလုံးတွေပါပဲ ကိုကို….
ကျမကို တခါတည်းနဲ့ ကိုကို သတ်ခဲ့တာပါပဲ..
ရှင်လျက်နဲ့ ကျမရဲ့ နှလုံးသား သေဆုံးခဲ့ရပီ ကိုကို…………

ဟင်းလင်းပွင့်ခဲ့တဲ့ရင်ခွင်တခုလုံးကို ကုစားဖို့ ကျမ အချိန်တွေအကြာကြီးအသုံးပြုခဲ့ရတယ်.
ကိုယ့်ကိုယ်ကို တည့်မတ်နိုင်အောင် ကြိုးစားခဲ့ရတယ်. ချစ်တတ်လာအောင် သင်ပေးပီးမှ
အသည်းကွဲရအောင် လုပ်ခဲ့တဲ့ ချစ်သူကို ဘယ်လိုအချိန်တိုင်းမဆို ကျမ မေ့ဖို့ကြိုးစားလဲ မေ့ဖျောက်မရနိုင်ခဲ့ပါဘူး…….

အဲ့ဒီအချိန်အတွင်းမှာ ကျမအတွက် အကောင်းဆုံးအဖော်က ကျမရဲ့သူငယ်ချင်း ကိုလတ်ပင်….
ကျမဖြစ်ချင်တဲ့အရာတွေတိုင်းကို ကျမကို ဖြစ်အောင် သူလုပ်ပေးခဲ့တယ်.
ကျမ တက်ချင်တဲ့ သင်တန်းတွေ. ကျမ လုပ်ချင်တဲ့ ရီပို့ဒ်တွေ သတင်းတွေ ဒါတွေကို ဖိဖိစီးစီးလုပ်နေတဲ့အချိန် မှာ
ကျမအတွက် လိုအပ်တဲ့ အကြောင်းအရာတွေ အချက်အလက်တွေရော ရှာပေးခဲ့တဲ့အပြင်
အဖော်အဖြစ်နဲ့ပါ ကျမ ဘေးမှာ တစ်ချိန်လုံးရှိနေခဲ့တာပေါ့…..

သူ့ရဲ့ရင်ထဲကို အရှင်းဆုံးမြင်ရအောင် ကျမကို ပြခဲ့ပေမဲ့ ကျမကတော့ ကွဲခဲ့ဖူးတဲ့ အသည်းနှလုံးကို သူ့ကို မပေးချင်ခဲ့ပါ……

အဲ့ဒီနေ့က ဧည့်ခံပွဲတစ်ခုမှာ ကိုမင်းလွင်နဲ့ ဆုံတွေ့ခဲ့တယ်… ကိုမင်းလွင်က ကျမနဲ့ ကိုကို့အကြောင်းကို အစအဆုံးသိခဲ့တဲ့ ကိုကို့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပင်. ကျမက ကိုမင်းလွင်ကို ခပ်တည်တည်မျက်နှာပေးနဲ့ ဆက်ဆံခဲ့ပေမဲ့ ကိုမင်းလွင်ဆီမှာ ကျမအတွက် ပြောစရာ စကားလုံးတွေ ရှိနေခဲ့တယ်.

“မိုးညရေ စကားအေးအေးဆေးဆေးပြောချင်တယ်ဟာ. အချိန်ခနလေးတော့ ငါ့ကိုပေးပါ… ဘာပဲပြောပြော ဖြစ်ခဲ့သမျှမှာ ငါက အကုန်သိခဲ့ရတာဆိုတော့ ငါ တခုခုတော့ နင့်ကို ပြောပြချင်တယ်……..”

ဆွတ်ပျံ့ဖွယ် ငယ်ချစ်ဦးဇာတ်လမ်းတပုဒ်ပဲ… အသစ်ဖြစ်ခဲ့တာကတော့ ကိုကိုက နောက်ဆုတ်ကျန်ခဲ့ရတယ်တဲ့လေ… သူမက မြန်မာပြည်ကို ပြန်လာပီး ကိုကို့ကို မျှော်လင့်ချက်တွေ ပေးခဲ့ပီးမှ လက်တွဲဖြုတ်ခဲ့တယ်တဲ့လေ…

“ဒီကောင် အသည်းကွဲကျန်ခဲ့တာပေါ့ဟာ.. ဒီတစ်ခါ ပိုကွဲတာကတော့ နှစ်ခါကွဲဖြစ်ခဲ့တာပဲ… နင့်ကို သူ သိပ်ချစ်တယ်… ဒါပေမဲ့ နင့်ကိုဖွင့်မပြောခဲ့တာက သူတို့နှစ်ယောက်မှာ လှိုင် နိုင်ငံခြားကိုမသွားခင်က ကတိထားခဲ့ကြတယ်….. အဲ့ဒီအချိန်မှာ နင့်ကို သူတွေ့တော့ တကယ်ချစ်ခဲ့တယ်… ဒါပေမဲ့ လှိုင်က ဒီအကြောင်းတွေကိုလဲ သိရော မြန်မာပြည်ကိုချက်ချင်းပြန်လာတော့တာပဲ… အဲ့ဒီအချိန်တွေတုန်းက ဒီကောင် အရူးလိုပဲ.. ဘာလုပ်ရမှန်း မသိဘူး… အဲ့တာကြောင့် နင့်ကို ရက်ရက်စက်စက် စကားတွေ သူပြောခဲ့တာပေါ့…နောက်တော့ ဟိုတစ်ယောက်က ခနပဲနေပီး ပြန်သွားတယ်……..”

“သူနင့်ကို တောင်းပန်စရာတွေ ရှိလိမ့်မယ်ဟာ စကားလက်ခံပြောစေချင်တယ်… ဘာပဲပြောပြော ညည်း ဘယ်လိုခံစားခဲ့ရလဲဆိုတာ ငါလဲ အသိ သူလဲ အသိပဲလေ……”

ကျမရှေ့ကို ကိုကိုရောက်လာတဲ့အချိန်မှာ မမှတ်မိနိုင်လောက်အောင်ကို ကိုကို ပိန်သွားခဲ့တယ်… ဒါပေမဲ့ ကိုကို့ရဲ့မျက်လုံးတွေကတော့ သေချာမှုနဲ့ တောက်ပနေတုန်းပဲ…

“အဟောင်းတွေ အသစ်မဖြစ်ချင်တော့ပါဘူး ကိုကို. မေ့လက်စနဲ့ ကျမ အကုန်မေ့လိုက်ပါပီ…”

“မိုးရယ် ကို မိုးကို ဘယ်လောက်ချစ်တယ်ဆိုတာ မိုးသိစေချင်တယ်… လှိုင်ပြန်လာမယ်ဆိုတာ သိတဲ့အချိန်မှာ ကို ဘယ်လိုလုပ်ရမှန်းမသိခဲ့ဘူး.... အဲ့တာနဲ့ပဲ မိုးကို ကို ရက်စက်ခဲ့မိတယ်.. ဒါပေမဲ့ ကိုလဲ ဝဋ်လည်တာပဲ မိုးရယ်…. ကိုကို့ကို ခွင့်မလွှတ်ဘူးဆိုရင်တောင် မိုးဆီမှာ ကိုကိုက ပြန်လည်ရွေးချယ်ခွင့်တောင်းပါတယ် မိုးရယ်… ကို့ကို မိုး ဘယ်လောက်ချစ်တယ်ဆိုတာ ကိုသိတယ်.. ကို့အမှားတွေအတွက် မိုးကို ပြန်လည်ပေးဆပ်ပါရစေ မိုးရယ်……”

‘မဖြစ်နိုင်တော့ပါဘူး … ကိုကို့ကို ကျမ မချစ်တော့တာ မဟုတ်ဘူး…. ဒါပေမဲ့ ရွေးချယ်ရမယ် ဆိုရင်တော့ ကိုလတ်ကိုပဲ လက်ထပ်မယ်’

တိတ်ဆိတ်သွားတဲ့ စကားလုံးတွေကြားမှာ ကျမ အသက်ပင် ရဲရဲမရှုဝံ့ခဲ့ပါ. ကိုကို့ရဲ့ မျက်နှာကိုလဲ စေ့စေ့မကြည့်ဝံ့. မုန်းလိုက်ပါတော့ ကိုကို. ကျမကို မေ့လိုက်ပါတော့. ကိုကိုပေးခဲ့တဲ့ ဒဏ်ရာက တစ်သက်စာခိုင်လုံပါတယ် ကိုကို…. ကိုကိုနဲ့ ကျမရဲ့ ချစ်ခြင်းကို အတိတ်မှာပဲ လှလှပပ ထားခဲ့တော့မယ်. အခုလက်ရှိကို ပြန်ဆွဲမခေါ်တော့ပါဘူး… ပြန်တွေးလိုက်တိုင်း သိပ်ချစ်ခဲ့တယ်ဆိုတဲ့ နေ့ရက်လေးတွေကိုပဲ ပြန်သတိရတော့မယ် ကိုကို. အသည်းကွဲခဲ့ရတဲ့နေ့ရက်တွေကို ပြည်ဖုံးကားချလိုက်ပိ… ပြန်သတိမရချင်တော့ဘူး ကိုကို …….

ကျမရဲ့ ပြတ်သားတဲ့အငြင်းကို ပွေ့ပိုက်ပီး လှည့်ပြန်သွားတဲ့ ကိုကို့ရဲ့နောက်ကျောကို ကြည့်ပီး အဲ့ဒီနေရာမှာပဲ တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်နေခဲ့တယ်…..

ပြန်မရတော့တဲ့အရာတွေထဲမှာ အချိန်ရယ် နုပျိုခြင်းရယ် အချစ်တွေရယ် ပါဝင်တယ် ကိုကို… ဒါကို ကိုကို့ကို သိစေချင်ပါတယ်………..

ပြည့်စုံ (၁၅-၇-၂၀၀၉၊ ၁း၀၀ am)