Saturday, February 27, 2010

နေရစ်ခဲ့တော့ ချင်းမိုင်ရေ

နေရစ်ခဲ့တော့ ချင်းမိုင်ရေ..
ရင်ထဲမှာ ဒဏ်ရာနက်နက်စူးဝင်ခဲ့
တစ်ကိုယ်ထီးတည်းပါပဲ
ကိုယ့်အပိုင်ဆိုတာ မရှိခဲ့ပါဘူး
ပြန်တွေးမိကာမှ ဘဝဟာ ပိုအဓိပ္ပါယ်မဲ့လာတယ်
အကောင်အထည်တော့ ရှိပါရဲ့
အရိပ်မပါတဲ့လူလိုပဲ
ထူးရင်တောင် ခေါ်မယ့်သူမရှိခဲ့ပါ
ကြားနေရတဲ့ နားလဲ ရှိပါရဲ့နဲ့
ပြန်ပြောဖို့တော့ တိတ်တဆိတ်ဆွံ့အလို့
မရှိတဲ့နေရာဘေးမှာ ချောင်ကပ်နေခဲ့ရင်း
အရိပ်မဲ့ရတဲ့ဘဝများ အလင်းရောင်မှာတောင်
မှောင်ရိပ်ကျနေခဲ့

နေရစ်ခဲ့တော့ ချင်းမိုင်ရေ
မြို့ရိုးတစ်ပတ် ကျုံးဘေးမှာ ဆိုင်ကယ်နဲ့ပတ်ခဲ့တုန်းက
မြို့ကလေးရဲ့ အေးချမ်းမှုနဲ့
ပန်းရနံ့တွေရဲ့ ဆွဲဆောင်မှုက
အိနြေ္ဒကြီးတဲ့ အပျိုကြီးတစ်ယောက်လိုပ
တည်ငြိမ်ပေမဲ့ သူစိမ်းဆန်လှတယ်
ချင်းမိုင်ရဲ့ အလင်းယိုင် ညချမ်းတွေမှာ
မြူးတူးပျော်ရွှင်ခဲ့တုန်းက
စိမ်းသူကြီးလို ခံစားရတာကလွဲလို့
ပျော်သလိုတော့ ရှိပါရဲ့
သဟဇာတမဖြစ်တဲ့ အတွေးတွေက
တခါတလေမှာ ရင်ခွင်ကို ခပ်ပြင်းပြင်းရိုက်ခတ်ခဲ့

နေရစ်ခဲ့တော့ ချင်းမိုင်ရေ
ဘဝဟာ သမားရိုးကျမဖြစ်ခဲ့ပါဘူး
ဒီလိုအတွေးတွေနဲ့ပဲ ချင်းမိုင်ကိုစွန့်ခဲ့တယ်
……....
နေရစ်ခဲ့တော့ ချင်းမိုင်ရေ.....

ပြည့်စုံ
(၂၇-၂-၂၀၁၀၊ ၆း၀၀ pm) (Tak)

Wednesday, February 10, 2010

ကံပစ်ချတဲ့ ဘ၀တွေ

သူတို့ရဲ့ မျက်ရေးကြောင်းတွေက
ဘဝကို ဒုံးခံပီး ရင်ဆိုင်မယ့် သတ္တိအပြည့်ရှိကြတယ်
သူတို့တွေရဲ့ စိတ်ဓာတ်အရင်းခံကလဲ ရိုးသားကြတယ်
သူတို့မှာ ဆန်းပြားတဲ့ အတွေးတွေလဲ သိပ်မရှိဘူး

သူတို့မှာ လျှောက်ရမယ့်လမ်းတွေကလဲ ရွေးစရာ သိပ်မများဘူး
သူတို့ရဲ့လိုဘတွေကလဲ အခြေခံလိုအပ်ချက် ပြည့်စုံဖို့ပဲ
သူတို့ရဲ့ မျက်နှာတွေမှာ အားမာန်တော့ အပြည့်ရှိကြတယ်
သူတို့က အရာရာကို ကံကိုပဲ ပုံချ
ငတ်ရတာကိုက ရှေးကံမကောင်းခဲ့လို့တဲ့
သွားမရှိတော့တဲ့ အဘွားအိုက ခွက်ကလေးတလုံး လက်ဆွဲပီး ပြောရှာတယ်

"ဘယ်သူ့ကိုများ အပြစ်တင်ရမလဲကွယ်
ဘဝတွေကိုက ဆိုးလွန်းပါတယ်
ရင်ထဲက မချိတာတွေအတွက်
သူတပါးကိုတောင် အပြစ်မတင်ရက်ရှာဘူး"


သူတို့ရဲ့ အနာဂတ်အိပ်မက်မှာ
ဇိမ်ခံစည်းစိမ်တွေ မပါဝင်ဘူး
ကိုယ့်မိသားစု ကိုယ့်တဲကလေးနဲ့
မိသားစုတွေ ထမင်းဝိုင်း
အပိုအသိုင်းအဝိုင်း မပါတောင်
ထမင်းကြမ်းခဲကလေးကို ပဲကလေး ဆီဆမ်းစားရတာကိုက
လောကနိဗ္ဗာန်တဲ့လေ

သူတို့ရဲ့ နေ့စဉ်ဝတ္တရားတွေကလဲ
အစဉ်အလာအတိုင်းပဲ လှုပ်ရှားကြတယ်
သူတို့က နိုင်ငံရေးဆိုတာ ဘာလဲ မသိကြဘူး
သူတို့က လူ့အခွင့်အရေး ဘာလဲ မသိကြဘူး
သူတို့က သူတို့ရပိုင်ခွင့်ကိုတောင် ဘယ်သူဆီက တောင်းရမှန်း မသိကြဘူး….

ပြည့်စုံ (၂-၅-၂၀၀၉၊ ၂း၃၅ am)

(နာဂစ်နှစ်ပတ်လည်အတွက် ရေးစပ်ထားတဲ့ တင်ပီးသား ပို့စ်အဟောင်းလေးပါ.. လှိုင်သာယာစက်မှုဇုန်က လစာငွေတစ်သောင်းကျပ်လေးတိုးပေးဖို့အရေး လက်နက်ကိုင်လူသတ်သမားတွေရဲ့ ရှေ့မှာ လည်စင်းပေးနေရရှာတဲ့ တိုက်ပွဲဝင် ရဲမေတွေရဲ့ မျှော်လင့်ချက်မဲ့မျက်လုံးတွေအတွက် ဒီကဗျာလေးကို ပြန်တင်လိုက်တာပါရှင်..)

Monday, February 1, 2010

မိုးတိမ်ထဲဝယ်

နေရာဌာနေ အတည်တကျ မရှိခဲ့ပါဘူး
ဒီလိုနဲ့ပဲ လေနှင်ရာ မျောလွင့်ခဲ့
ဖမ်းဆုပ်မရတဲ့ တိမ်လွှာစိုင်သက်သက်ပါပဲ
ကိုယ့်အပူရှိန်နဲ့ကိုယ် ငွေ့ရည်ဖွဲ့ခဲ့ရတယ်
လေးလံလာတဲ့ ကိုယ့်ရင်ငွေ့တွေကြောင့်
တောင်တန်းတွေရဲ့တစ်ဖက်ကိုရောက်တော့
မိုးရေအဖြစ်နဲ့ ရွာချခဲ့တယ်

မိုးခါးရေတော့ မဟုတ်ခဲ့ပါဘူး
ရွာကျတဲ့ မိုးရေနဲ့ပဲ ဘဝဟာ စိုစွတ်ခဲ့ရတယ်
တစ်ကိုယ်စာလုံတဲ့ ထီးရှာပေးပါ
တစ်ဘဝစာအတွက်တော့ ဒီအတိုင်းက ဒီအတိုင်း
စိတ်ကူးတွေ မရိုင်းခဲ့ပါဘူး
စိတ်ရိုင်းတွေတော့ တစ်ခါတစ်ခါ ပေါက်မိတယ်
လူရိုင်းတစ်ယောက်ဖြစ်ခဲ့ရင်လဲ အကောင်းသား
ရခဲ့တဲ့နောင်တတွေက အရောင်တွေပြယ်လို့
ဒါနဲ့တောင် နက္ခတ်တွေ လွဲခဲ့သေးတယ်

ဇာတ်လမ်းထဲက စကားလုံးတွေနဲ့ပါ
ပြုံးစေချင်မိတယ် ပျော်စေချင်တာ တစ်ခုတည်းနဲ့ပဲ
ငါလဲ အရူးအမူးကျရှုံးခဲ့
ဇာတ်သိမ်းမှာ ရှုံးနိမ့်ကျန်ခဲ့ရမယ်မှန်း သိခဲ့ရက်နဲ့
ရူးရူးမိုက်မိုက် သရုပ်ဆောင်နေမိခဲ့တယ်
ဇာတ်ညွှန်းတွေ အခါခါ ပြောင်းလဲ
ဇာတ်သိမ်းတော့ မပြောင်းခဲ့တာ သေချာတယ်
မရေရာတဲ့ အတွေးတွေနဲ့ပဲ
ဇာတ်ညွှန်းဆရာကို မျက်နှာချိုသွေးနေမိတယ်

ရခဲတဲ့လူ့ဘဝတစ်ခုအနေနဲ့ပေါ့
ကောင်းကင်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းအကြား
ဗြဟ္မာကြီးလေးဦးနဲ့ အာဒမ် ဧဝ
တူနှစ်ဖြာပေါင်းစပ်မှုတဲ့
သုခကမ္ဘာချည်းထင်ထားခဲ့သမျှ
ဓားသွားထက်က ပျားရည်စက်ကို မျှော်တပ်မက်မိနေတုန်း
အဆုံးမှာတော့ ဖမ်းဆုပ်ခဲ့စရာ မြက်ပင်လေးကို
ချောက်ကမ်းပါးဘေးမှာ ပေါက်စေချင်မိသူပါ

ဒီလိုနဲ့ပဲ တစ်ဖန် မျောလွင့်ခဲ့ပြန်တယ်….

ပြည့်စုံ
(၃၁-၁-၂၀၁၀၊ ၁၁း၂၁ pm)