ကောင်းကင်ပြင်ကြီးတစ်ခုလုံး ခဲသားရောင် တိမ်လိပ်တွေ ဖုံးလွှမ်းထားတယ်.. ပြိုကျတော့မယ့်မိုးလို ရွာကျတော့မယ် တိမ်ဆိုင်မည်းတွေနဲ့ ကောင်းကင်ကြီးက တစ်မျိုးလှနေသားပဲ… အမည်းရောင် တိမ်မျှင်စတချို့ကတော့ လေတိုက်ရာ ကယောင်ကတမ်း ပြေးလွှားနေလေရဲ့.. ငှက်ကလေးတွေ ကတော့ သူတို့ရဲ့ စိုးစိစိုးစိ အသံလေးတွေနဲ့ အော်မြည်ရင်း အသိုက်ရှိရာဆီ ပျံသန်းသွားနေကြတယ်.. လမ်းပေါ်မှာ လူတွေ မရှိတော့ဘူး.. အရာရာဟာ ကြောက်စရာ ကောင်းလောက်အောင် ရုတ်တရက် တိတ်ဆိတ်သွားတယ်… ဝရံတာကို မှီရပ်နေတဲ့ မိန်းခလေးကတော့ အနက်ရောင် ကောင်းကင်ပြင်ကြီးကို မော့ကြည့်နေတုန်းပဲ…
သိပ်မကြာခင်အချိန်မှာပဲ ဝေါခနဲ အသံကြီးနဲ့ မိုးစက်မိုးပေါက်တွေ ပြေးလွှား ခုန်ပေါက်လာတော့မယ်.. တကယ်ဆို ဒီနေရာကနေ ခွာသင့်နေပီ.. ဟင့်အင်း ခနလေး… မိုးစက်မိုးပေါက်တွေ မျက်နှာပေါ် ကျလာတဲ့ ခံစားချက်ကို ခံစားကြည့်ချင်သေးတယ်… ဘုရားသိကြားမလို့ မိုးနဲ့အတူ လျှပ်စီးတွေ မိုးကြိုးတွေ ကပ်ပါမလာပါစေနဲ့.. မိုးစက်မိုးပေါက်တွေက မျက်နှာပေါ်ကို အရှိန်ပြင်းပြင်း ကျလာခဲ့တယ်.. မိုးရေတွေက ငန်လိုက်တာ.. ပါးစပ်ထဲ စီးဝင်လာတဲ့ မိုးရေတွေကို လက်နဲ့ဖယ်သုတ်လိုက်တယ်.. မိုးရေက ငန်လို့လား.. ဒါဆိုရင် မျက်ရည်တွေလား………..
အချိန်စက်ဝိုင်းတဲ့… အချိန်တွေဟာ စက်ဝိုင်းလိုပဲ တစ်ပတ်ပြန်လည်လာတတ်တယ်လို့ ကြားခဲ့ဖူးတယ်.. ဟုတ်မယ်ထင်တယ်… အခုလိုမျိုးပဲ မိုးတွေ မည်းမှောင်ပီး ကောင်းကင်တစ်ခုလုံး လျှပ်စီးတွေလက် မိုးကြိုးတွေ ပစ်နေတဲ့အချိန်မှာ တစ်ယောက်တည်း ပြတင်းပေါက်ဘေးမှာ ရပ်နေခဲ့ဖူးတယ်.. မိုးကြိုးတစ်ခါပစ်တိုင်း လူတစ်ကိုယ်စာ ကျုံ့ဝင်သွားမယ်ဆိုရင် မိုးတိတ်ရင် ငါတော့ ဒီကမ္ဘာကြီးက ပျောက်သွားမလား မသိဘူး…. ရုတ်တရက် အသံတစ်ခုကြားလိုက်ရတယ်.. အရမ်းကြောက်နေလား ခလေးလေး… မဟုတ်ဘူးနော်.. ဒါဟာ ထင်ယောင်ထင်မှား အသံလှိုင်းတစ်ခု…
‘မိုးခြိမ်းသံကြားရင် ဘာမှ မဖြစ်တော့ဘူး မိုးခြိမ်းတာပဲ ဘာကြောက်စရာရှိလဲ ညီမလေးရ လျှပ်စီးလက်တာမှ ကြောက်စရာကောင်းတာ’.. မမ ပြောတာကို အံ့အားသင့်တဲ့စိတ်နဲ့ နားထောင်နေမိတယ်.. မိုးတွေ အရမ်းရွာနေတဲ့ ဒီလိုအချိန်မျိုးမှာပဲ ဒီလို စကားမျိုးကို လူတစ်ယောက်က ပြောခဲ့ဖူးတယ်.. ‘မိုးခြိမ်းတာပဲ ဘာကြောက်စရာရှိလဲ အနော်ရ.. လျှပ်စီးလက်တာကမှ ကြောက်စရာ.. အယ့် လျှပ်စီးတွေ လက်တာကလဲ ဓာတ်ပုံရိုက်နေတယ်လို့ သဘောထားပီး ပြုံးပြုံးလေး နေလိုက် အဲ့တာဆို ပုံလှလှလေးတွေ ထွက်လာလိမ့်မယ်’… စိတ်ထဲမှာ ပေါ့ပါးသွားပီး ဟားတိုက် ရီမောခဲ့ဖူးတယ်… ဒါပေမဲ့ အခု မမ ပြောနေတဲ့အချိန်မှာတော့ ရင်တစ်ခုလုံး နာကျင်သွားတဲ့စိတ်နဲ့ အံအားတသင့်ဖြစ်နေမိတယ်… သည်စကားလုံးတွေပါပဲ… အချိန်ရယ် လူရယ်သာ ပြောင်းသွားတယ် ဘာလို့ စကားလုံးတွေက ထပ်တူညီနေရတာလဲ…..
‘စိန်လုံဆိုတဲ့ တောင်ကြားကလေး တရုတ်နဲ့ ဗမာပြည်ကြားမှာ ရှိတယ်.. အဲ့ဒီမှာ ကျောက်တုံးအိမ်လေးတွေ ဆောက်ကြမယ် ဘေးနားမှာ ချောင်းလေးလဲ ရှိတယ် အရမ်းလဲ အေးတယ်’…. အကိုပြောပြနေတဲ့အချိန်မှာ မျက်စိထဲ ကျောက်တုံးအိမ်လေးကို ပြေးမြင်မိတယ်.. ဘေးနားမှာ ချောင်းလေးက တသွင်သွင်စီးဆင်းလို့.. ချောင်းဘေးမှာ အဝတ်လျှော်လို့ ရမယ်.. ဒါမှမဟုတ် ချောင်းလေးထဲ ဆင်းပီး ငါးမျှားလို့လဲ ရချင်ရမယ်… အဲ့ဒီနားက အိမ်လေးတွေမှာ အကို brook ရယ်၊ ခင်ရယ်၊ ခရမ်းရယf၊ အနော်ရယ် ပီးတော့ အကိုတွေ အမတွေနဲ့ သူတို့ရဲ့ ဘဝအဖော်တွေ.. ကျောက်တုံးအိမ်စုစုလေးတွေ… တစ်အိမ်နဲ့တစ်အိမ်က နီးနီးလေး… ညကျရင် လရောင်ရဲ့ အလင်းအောက်မှာ မီးပုံလေးတွေ ဖိုပီး ကကြမယ် သီချင်းတွေဆိုကြမယ်.. အကို brook က ဘဲတွေ ဝက်တွေ မွေးမယ်တဲ့.. ဒါဆို ခင်တို့ ခရမ်းတို့ကရော ပန်းပင်လေးတွေ စိုက်ကြမလား.. အနော်ကတော့ ချောင်းထဲ ဆင်းဆော့မယ်.. အတွေးထဲမှာတင် ပျော်ရွှင်နေမိတယ်.. မျက်စိကို စုံမှိတ်ပီး အဲ့ဒီတောင်ကြားလေးထဲကို စိတ်က ရောက်သွားတယ်… ရုတ်တရက် စကားသံ တိုးတိုးလေး…
မှောင်မိုက်နေတဲ့ညရဲ့ အလင်းနက်နက်အောက်မှာ တကယ့်ကို အသံတိုးသဲ့သဲ့လေး … ဟိုးအဝေးကြီးကနေ လာနေသလို အသံက တိုးလွန်းလှတယ်.. ဒါပေမဲ့ ရှင်းရှင်းလင်းလင်းတော့ ကြားနေရသား.. ‘ကိုတို့နေတဲ့နေရာလေးက အရမ်းအေးတယ် တောင်တွေကြားမှာလေ အနော်ရ. နေ့လည်ခင်း ၁၂ နာရီလောက်အထိ နေမထွက်သေးဘူး ရေတွေလဲ အကုန်ခဲပဲ… မနက်ဆို မထနိုင်ဘူး ဒါပေမဲ့ ကိုတော့ အစောကြီးနိုးတာပဲ အရမ်းအေးလွန်းလို့လေ.. လေတွေကလဲ တဟူးဟူးတိုက်နေတာ ဆိုင်ကယ်စီးမယ်ဆိုရင် မျက်နှာတွေရော လက်တွေရော အကုန် အုပ်ထားရတယ်.. နို့မို့ဆို မခံနိုင်ဘူးလေ…. ညကျရင် အရမ်းအေးနေတဲ့အချိန် ကန်စွန်းဥ မီးဖုတ်ထားတာလေးများ စားလိုက်ရရင် တကယ့်ကို စားလို့ကောင်းတယ် သိလား… နေချင်လားဟင် ဒီလိုနေရာမျိုးမှာ.. အနော် ပျော်မယ်ထင်တယ်နော် ဟုတ်တယ် မဟုတ်လားဟင်’
‘အသက်တွေကြီးလာရင်တော့ ပြင်ဦးလွင်မှာ နေချင်တယ်.. နွေရာသီ ကန့်ထဲ ဝင်နေရတဲ့ အချိန် အဲ့ဒီမှာနေရတာ သိပ်ပျော်စရာကောင်းတာပဲ.. အဲ့ဒီမှာ မြေကွက်ကြီးကြီး ဝယ်မယ်ကွာ.. တိုက်အိမ် သေးသေးလေး ဆောက်ထားမယ်.. ပီးရင် ခြံအကျယ်ကြီးထဲမှာ အပင်တွေ အများကြီးစိုက်မယ်.. ပန်းပင်တွေရောပဲ… ရေကန်လေးလဲ ပါမယ်လေ.. အဲ့ဒီမှာ အေးအေးဆေးဆေး အပင်လေးတွေ စိုက်မယ်.. ကိုယ့်ခြံထဲက အသီး ကိုယ်ခူးပီး ဈေးမှာရောင်းမယ်.. ပျော်စရာကောင်းမှာပဲနော်’… ဖောက်ခနဲ အသံနဲ့အတူ စိတ်ကူးထဲမှာတင် အိမ်လေးက တစ်စစီ တစ်စစီ လွင့်စင် ပေါက်ကွဲသွားတယ်…. တိုက်အိမ်ကလေးရော တောင်ကြားထဲက ကျောက်တုံးအိမ်ကလေးတွေပါ ပျောက်သွားတယ်..
‘ပူလိုက်တာ’….. ခုနက မိုးရွာတုန်းကတော့ အေးသလိုလိုပဲ နောက်တော့လဲ ပူလာတယ်.. အဲကွန်းကို ထဖွင့်ရမလား…… ဘယ်နားထားမိမှန်း မသိတဲ့ ရီမုဒ်ကို လိုက်ရှာနေမိရင်း… တဝှီးဝှီးလည်နေတဲ့ ပန်ကာလေးကို ပြေးမြင်ယောင်မိတယ်.. ‘သိပ်ပူတာပဲ အမေရာ’… အလုပ်ပိတ်ရက် နေ့လယ်ခင်း အိမ်ရှေ့လေးမှာ ဖျာလေးခင်းပီး အိပ်နေတဲ့ အမေ့ဘေးမှာ ကပ်အိပ်နေရင်း အမေ့ကို ချွဲမိတယ်.. အမေက နှီးယပ်တောင်လေးနဲ့ အသာခတ်ပေးတယ်.. အမေ့ဘေးမှာ လှဲအိပ်ရင်း အမေ့လက်မောင်းမှာ ပါးအပ်ရင်း လေအေးအေးလေးအောက်မှာ အိပ်ပျော်သွားမိတယ်… ရုတ်တရက် ‘မီးလာပီဟေ့’ စူးစူးဝါးဝါး ထအော်တဲ့ ဘေးအိမ်က ကလေးတွေရဲ့ အသံကြောင့် ပြန်နိုးလာတော့ အမေက ပန်ကာခလုတ်ကို ဖွင့်ပေးတယ်.. ပန်ကာအအေးက ခပ်ကြာကြာခံမိတော့ ပူလာပြန်ရော.. ပန်ကာတဝှီးဝှီးအောက်မှာ ချွေးတွေ ပြန်ထွက်လာတယ်.. ‘ပန်ကာလေက တိုက်ရိုက်ခံရင် မကောင်းဘူး.. နေမကောင်း ဖြစ်တတ်တယ်’… အမေက ယပ်တောင်လေးနဲ့ အသာ ပြန်ခတ်ပေးတယ်.. မျက်လုံးမှိတ်လိုက်တော့ ပြန်အိပ်ပျော်သွားတယ်..
‘အရမ်းပူတာပဲ.. ပူတာမှ အိုက်စပ်စပ်ကြီး ဘေးနားမှာ မီးဖိုဖိုထားတဲ့အတိုင်းပဲ’ ခပ်တိုးတိုးရယ်မောသံ အဆုံးမှာ ကိုယ်လဲ လိုက်ရယ်မိတယ်.. ‘ပန်ကာကို အပေါ်ကို မော့ထားလိုက် တိုက်ရိုက်ထိရင် မကောင်းဘူး ပန်ကာက အေးတယ်ဆိုပေမဲ့ ကြာရင် ပူလာရော နေမကောင်းဖြစ်လိမ့်မယ်’ အမေ့ကို ချက်ချင်း ပြေးသတိရမိတယ်.. အမေသာ ဘေးနားမှာရှိနေရင် ယပ်တောင်လေးနဲ့ ခတ်ပေးမယ် ထင်တယ်နော်.. ကြမ်းပြင်ပေါ်မှာ လှဲအိပ်နေရင်း ခြေထောက်တွေနဲ့ ဘေးနားက နံရံကို ကန်နေမိတယ်.. ‘ခြေထောက်ကို ငြိမ်ငြိမ်ထားလေ’… ကိုယ့်ရဲ့ လှုပ်ရှားမှုတိုင်းကို မြင်နေရလို့လား.. နှုတ်ခမ်းတွေက ကျေနပ်တဲ့စိတ်နဲ့ ခပ်သာသာလေး ပြုံးမိသွားတယ်…
ရုတ်တရက် မတ်တပ်ရပ်လိုက်တယ်… မိုးကလဲ ရွာရင်လဲ သည်းသည်းမည်းမည်း ရွာတာ မဟုတ်ဘူး.. ခုနက အော်ပီး ပြေးလာတုန်းကတော့ ဝုန်းဝုန်းဒိုင်းဒိုင်း ရွာတော့မလိုနဲ့ ခနပဲ ရွာပီး အခုတော့လဲ မိုးဖွဲဖွဲလေးတွေ ကျနေပြန်တယ်.. မိုးတွင်းက မကုန်နိုင်သေးဘူးလား….
မိုးတွင်းက မကုန်နိုင်သေးဘူးလားလို့ ငြူစူမိတော့ ကိုယ်က ဆောင်းတွင်းကို မျှော်နေမိပီလား…
ဆောင်း…… ဒီဘန်ကောက်ဆောင်းက ကိုယ့်ကို ဘယ်လိုရသမျိုး ပေးနိုင်မှာလဲ… မနှစ်က ဘန်ကောက်ဆောင်းကတော့ အေးတယ်လို့ ဆိုနိုင်လို့လား … မထင်ပါဘူး… ဆောင်းတဲ့ ဘာမှပိုမထူးပါဘူး… အနွေးထည်လှလှလေးဝတ်ပီး ရှိုးထုတ်ရမလား.. လမ်းလျှောက်နေရင်းနဲ့ ချွေးတွေ တအားထွက်လာလိမ့်မယ်.. ဒါပေမဲ့ အဆောက်အအုံတွေထဲ ဝင်မယ်ဆိုရင်တော့ အပေါ်အင်္ကျီဖြစ်ဖြစ် ပဝါလေးဖြစ်ဖြစ် ဆောင်ထားရမယ်.. ဘာလို့ဆိုတော့ အဆောက်အအုံတိုင်းမှာ အဲကွန်းအအေးက အေးလွန်းလှတယ်…
ညတွေရော ဆောင်းဆိုတဲ့အတိုင်း အေးလို့လား…. စောင်ကို ခေါင်းမြီးခြုံပီး အိပ်တာက အကျင့်ဖြစ်နေတော့ နွေပဲဖြစ်ဖြစ် ဆောင်းပဲဖြစ်ဖြစ် မိုးပဲဖြစ်ဖြစ် စောင်ကတော့ ခြုံရတာပဲ..
‘အရမ်းအေးတာပဲ အနော်ရ.. လက်တွေဆို လက်အိတ်ဝတ်ထားရတယ်.. နို့မို့ဆို လက်ချောင်းကလေးတွေက ထုံနေရော… အခု စာရိုက်နေရတာတောင် ဘယ်လောက် လက်ချောင်းထိပ်ကလေးတွေ နာနေတယ်ထင်လဲ’.. ‘နာရင် မရိုက်နဲ့ပေါ့’ သွားကျစ်သံ အဆုံးမှာ ပေါ့ပေါ့ပါးပါး ရယ်မိတယ်.. စောင်ခေါင်းမြီးခြုံထားတဲ့အောက်မှာ အသာလှဲနေရင်း သတ္တုလှိုင်းတွေကြားကနေ ဖြတ်သန်းလာရတဲ့ အသက်ရှုသံတိုးတိုးလေးနဲ့အတူ ငြိမ်တိတ်စွာ အိပ်စက်နေမိတယ်… အသက်ပြင်းပြင်းရှုမိရင် ‘နာဂစ်တုန်းက တိုက်တဲ့ လေကျနေတာပဲ ပြင်းလိုက်တာ ဖြည်းဖြည်းလေး ရှုပါ’….
ဒီဆောင်းဥတုကို မကြိုက်ဘူး သူ့ရဲ့ အေးစက်ပုံက သိပ်အထီးကျန်လွန်းတယ်.. ဒါဆို ဆောင်းဥတုကို ဒီရာသီတွေထဲကနေ ထုတ်ပယ်လိုက်ပီး နွေဥတုဖြစ်ချင်လို့ ရပါ့မလား.. အစဉ်လိုက်သွားနေရတဲ့ ရာသီတွေကို ကိုယ့်စိတ်ကြိုက်ပြောင်းပစ်လို့ရရင် ကောင်းမယ်.. ဒါဆိုရင် အမြဲတမ်း ဆောင်းရာသီ… အမြဲတမ်း နွေရာသီ … အမြဲတမ်း မိုးရာသီ… အမြဲတမ်း .......
ရုတ်တရက် ရင်ထဲမှာ ဟာသွားတယ်…၁၂ လလုံးလုံး အမြဲတမ်း ရာသီတစ်ခုပဲ ဖြစ်ခွင့်ရှိမယ်ဆို ဘယ်လိုရာသီမျိုးဖြစ်ချင်သလဲ.. ခေါင်းထဲ မိုက်ခနဲဖြစ်သွားသလိုပဲ… ရင်ထဲမှာ ဗလာဟင်းလင်းဖြစ်နေတယ်.. မိုးဥတုလား… နွေ.. ဆောင်း…….. အခုနေ အားးးးးးးးးး ခနဲ စိတ်ရှိလက်ရှိ အော်လိုက်ရရင် ဘယ်လောက်ကောင်းမလဲ….......
မျက်စိကို စုံမှိတ်ပီး မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ပီး အသာလေး ငြိမ်နေမိတယ်.. ကွန်ပျူတာ ရှေ့မှာ တစ်ချိန်လုံးထိုင်နေရတော့ တစ်ကိုယ်လုံး ညောင်းညာနေပီ.. ကီးဘုတ်ပေါ်မှာ တဖျောက်ဖျောက် ရိုက်နေတဲ့ လက်ချောင်းကလေးတွေကလဲ နာကျင်စပြုလာနေခဲ့ပီ… ခနလောက်တော့ အနားယူရမယ် … နို့မို့ရင် မျက်လုံးအစုံက မျက်မှန်ပေါ်က ကျော်ပီး အပြင်ကို ပြုတ်ကျတော့မယ် .. အဟက်.. ခပ်ကျယ်ကျယ်ရယ်လိုက်ပီး ရေချိုးဖို့ ပြင်လိုက်တယ်.. ‘အရမ်းညောင်းနေတယ်ဆိုရင် ရေနွေးလေးနဲ့ စပ်ချိုးလိုက် ခလေးလေးရ.. အဲ့တာဆို အညောင်းအညာတွေ ပြေသွားလိမ့်မယ်’ ရေပူ ရေအေး ခလုတ်ကို စပ်နေတဲ့ လက်ချောင်းတွေ ခနတော့ ရပ်သွားတယ်…
ဒီလိုနဲ့ပါပဲ စိတ်ကူးတွေထဲမတော့ အိပ်မက်တွေချည်း ဆက်တိုက်မက်နေခဲ့မိပါတော့တယ်…
ပြည့်စုံ (၂၈-၉-၂၀၀၉၊ ၇း၄၂ pm)
Tuesday, September 29, 2009
Saturday, September 26, 2009
ဂီတကုထုံး
အခုတလော သီချင်းအကျယ်ကြီးနားထောင်နေမိတယ်. ဗလာဟင်းလင်းဖြစ်နေတဲ့ စိတ်ထဲက အထီးကျန်မှုများ လျော့နည်းမလားဆိုတဲ့ အတွေးနဲ့ပေါ့.. သီချင်းတွေတိုင်းကတော့ ပျော်ရွှင်စရာ သီချင်းတွေက နည်းပီး အလွမ်းသီချင်းတွေ အဆွေးသီချင်း အချစ်သီချင်းတွေက ပိုများပြန်တယ်.. ကိုယ်အကြိုက်ဆုံး အမျိုးသမီးအဆိုတော်က ဆုန်သင်းပါရ်ပဲ.. ဆုန်သင်းပါရ်ကို အရမ်းကြိုက်တယ်.. ဆုန်သင်းပါရ် သီချင်းတော်တော်များများက ကိုယ့်အကြိုက်သီချင်းတွေ.. အကြိုက်ဆုံးသီချင်းက အကြင်နာစစ်ရင်ပါ.. အဲ့ထဲက သီချင်းစာသားတစ်ခုကို ကြိုက်တယ်.. ဘာတဲ့… အကြင်နာတကယ်စစ်ရင် အသွားနဲ့ အပြန် ရှိမှာ တဲ့….
ငယ်ငယ်က မိုးရွာပီဆိုရင် သီချင်းတွေ အကျယ်ကြီးအော်ဆိုတယ်.. သူငယ်ချင်းတွေ စုမိပီဆိုတာနဲ့ သီချင်းစာအုပ်တွေ ဝယ် သီချင်းတွေ အတူတူအော်ဆိုခဲ့ဖူးတယ်.. ပျော်ရင်လဲ သီချင်း ဆိုတယ်.. စိတ်ညစ်ရင်လဲ သီချင်းဆိုတယ်.. အိမ်ရှေ့က အုန်းပင်ကိုလှဲထားတဲ့ အုန်းပိုင်းလေးပေါ်မှာထိုင်ပီး မောင်နှမတွေ သီချင်းတကြော်ကြော် ဆိုခဲ့ဖူးတယ်.. လရောင်ဆမ်းတဲ့ ညတွေမှာ မအိပ်ဘဲ သီချင်းတွေ အကျယ်ကြီး ဆိုကြတယ်.. နှစ်သစ်ကူးတဲ့ညတွေဆို နောက်နေ့သစ်ကို ကြိုတယ်ဆိုပီး ၁၂ နာရီအထိ မအိပ်ဘဲ သီချင်းတွေ ဆိုခဲ့တယ်.
ဆိုတဲ့ သီချင်းတော်တော်များများက အော်လို့ကောင်းတဲ့ ရင်ထဲမှာ ခံစားလွယ်တဲ့ သီချင်းတွေ.. အရင်တုန်းကတော့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေ နောက်တော့ နောက်တော့ ခေတ်တွေ အဆိုတော်တွေ ပြောင်းလာလိုက်တာ သူငယ်ချင်းတွေဆုံရင် ဝိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက်ကို အကျယ်ကြီးဟစ်မယ်….. နောက်တော့ ကိုထူးအိမ်သင်ရဲ့ ကြယ်တွေစုံတဲ့ည အမေ့ကို လွမ်းတိုင်း အဲ့သီချင်းကို အကျယ်ကြီးအော်ဆိုပစ်လိုက်တယ်.. နောက် စိတ်ထဲမှာ မကျေနပ်တိုင်း ဆိုမိတဲ့ သီချင်းက ကိုလေးဖြူရဲ့ BOB ထဲက သီချင်း .. တန်ဖိုးများမရှိတော့ဘူးလို့ ငါထင်နေတဲ့ဘဝ…… ဟားဟား ..အဲ့လိုများ အော်ဆိုလိုက်ရရင် ပြောပြစရာမလိုဘဲ ရင်ထဲက မကျေနပ်မှုတွေကို တခြားသူတွေ သိမှာပါဆိုပီး ကျေနပ်သွားမိတဲ့အထိ… အခု စိတ်ထဲမှာ တွေ့နေတဲ့သီချင်း ကိုအငဲရဲ့ ကိုး စီးရီးထဲက အိမ်သီချင်း.. အဲ့အထဲကမှ … စာသားအပိုင်းအစလေး… တို့နှစ်ယောက်အတွက် အိမ်လိုနေတယ်…. (အကို Brook ကတော့ အငဲရဲ့အိမ်ထက် ဟန်ထွန်းရဲ့ အိမ်နဲ့ ဓီရာမိုရ်ရဲ့ အိမ်ကို ပိုကောင်းတယ်ပြောတယ်) ခံစားချက် တစ်မျိုးစီပေးပါတယ်…. ဒါပေမဲ့ အခု လိုချင်တာ တို့နှစ်ယောက်အတွက် အိမ်ပဲ… :P
ပေါင်းမိတဲ့ သူငယ်ချင်းတော်တော်များများကလဲ မိုက်ခဲတွေ.. သီချင်းများ ဆိုရမယ်ဆိုရင် အရှက်သိက္ခာဘေးချိတ်... အာပြဲတယ်ပြောပြော အသံကွဲကြီးလို့ဆိုဆို သီချင်းဟစ်မယ်ဆိုရင် ဘေးဘီဝဲယာ ဂရုမစိုက်တတ်ကြ.. အဲ့အထဲ ကိုယ်လဲ အပါအဝင်.. သွားဖြစ်တဲ့ ခရီးစဉ်တိုင်းလိုလို အမြဲ Live Show လုပ်ဖြစ်တယ်.. စင်ပေါ်မှ မဟုတ်ပါဘူး လှေကားရင်းလဲ ဖြစ်ပါတယ် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပါ.. ဂစ်တာမပါလဲ ဖြစ်သေးတယ်.. လက်နဲ့ ခုံကို ခေါက်မယ်.. လက်ခုပ်တီးမယ်.. ရင်ထဲ အသည်းထဲကကို လှိုက်လှိုက်လှဲလှဲ အော်ဟစ် သီချင်းဆိုကြမယ်… ဆိုနေရင်းနဲ့ ကီးကြောင်သွားတာပဲဖြစ်ဖြစ် စာသားမေ့သွားတာပဲဖြစ်ဖြစ် ခေါင်းကိုမော့ပီး ဟားတိုက်ရယ်ကြမယ်.. အဓိက က သီချင်းဆိုဖြစ်ဖို့ပင်…
ရွှေတိဂုံဘုရား မြောက်ဖက်မုခ်နားက M3 ကာရာအိုကေဆိုင်က ကိုယ်တို့ သူငယ်ချင်းတစ်စု ရင်ဖွင့်ရာ… အဲ့ဒီမှာ သီချင်းဆိုကြမယ်.. မိုက်နှစ်ခုရှိရင် တစ်ယောက် တစ်ခု ကိုင်မယ်.. ပီးရင် တစ်အုပ်စုလုံး အော်ကြမယ်.. အဲ့ဒီမှာ ဆိုဖြစ်တဲ့ သီချင်းတော်တော်များများက စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေ.. တောဂေါ်လီ၊ ဖုတ်လှိုက်ဖုတ်လှိုက်၊ မြန်လွန်းတဲ့ ရက်ပ်စာသားတွေကို တီးလုံးအလိုက် မမောနိုင် မပမ်းနိုင် ရွတ်မယ်… စိတ်ထဲ နည်းနည်း ဒိုင်ကြောင်ချင်ရင် ဖုန်းဆက်ပီး ကြောင်တတ်တဲ့ ကောင်လေးအတွက် ငယ်ငယ်ရဲ့ Hello … တော်တော်များများကတော့ ဘာသီချင်းဖြစ်ဖြစ် အကုန်ရကြတာ များပါတယ်.. သီချင်းတွေ အတူတူဆိုမယ်.. ပီးတော့ ကမယ်.. ဆိုဖာတွေပေါ် တက်ခုန်မယ်.. လက်ချင်းချိတ်ပီး ကမယ်..စားပွဲပေါ်က ခွက်တွေ ပုလင်းတွေ ဘေးဖယ်ထား.. အရှိန်လွန်လာရင် တိုက်မိရင် ကွဲကုန်နိုင်တယ်.. ဆူညံ ပွက်လော ရိုက်နေတဲ့ အခန်းကလေးထဲ လာချောင်းကြည့်ရင် သိပ်ချစ်ကြတဲ့ သူငယ်ချင်းတစ်စုကို တွေ့မယ်..
M3 မှာ သီချင်းဆိုခဲ့ရသမျှ ဘယ်တော့မှ မမေ့နိုင်တဲ့ညကတော့ နိုင်ငံဂျား ဆိုတာကြီးမှာ ကျောင်းဆက်တက်မယ် အလုပ်လုပ်မယ်ဆိုပီး ခွဲသွားတော့မယ့် မောင်သောင်းဖေ အငယ်စားလေး မသောင်းမေကလေးကို ဂုဏ်ပြုချင်လွန်းလို့တဲ့ မနက်ဖြန် မနက် ၉း၃၀ လေယာဉ်နဲ့ သွားတော့မှာမို့ဆိုပီး ချစ်လှစွာသော သူငယ်ချင်းတစ်စုက အခုထွက်လာခဲ့ ငါတို့ M3 မှာ စောင့်နေမယ်.. နင်နဲ့အတူတူ သီချင်းဆိုမယ် လာဖြစ်အောင် လာခဲ့ရမယ်တဲ့… ဖုန်းရရချင်း ကမန်းကတန်း အင်္ကျီကောက်လဲ အမေက မိုးချုပ်နေပီ မသွားပါနဲ့လား.. သွားမယ်ဆို မောင်လေးကို အဖော်ခေါ်သွား… ဟာ အမေကလဲ.. အမေ့ဆီက ပိုက်ဆံအတင်းတောင်းပီး ထွက်လာခဲ့တော့ လူက တနေကုန် တနေခမ်း သွားဖို့လာဖို့ ပြင်ဆင်နေရလို့ မောပန်းနေပေမဲ့ ခြေလှမ်းတွေက သွက်လက်နေတယ်..
မြောက်ဥက္ကလာပ အဝိုင်းကြီးကိုရောက်တော့ ည ၇ နာရီထိုးတော့မယ်.. အဲ့ဒီမှာ ဖုန်းတစ်ချက်ထပ်ဆက်တယ်… ရုံးမှာ မရှိကြတော့ဘူး သွားကြပီတဲ့.. M3 ကို ရောက်ရင် သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်နဲ့ ဘွတ်ကင်လုပ်ထားမယ်တဲ့.. အိုခေ… တက္ကစီကို တားပီး M3 ဆိုတာနဲ့ ကားသမားကလဲ သိတယ်.. အဲ့ဒီကိုရောက်တော့ ဘယ်သူကိုမှတောင် မတွေ့ဘူး.. ထင်ရတာကတော့ သီချင်းဆိုမယ့်အခန်းထဲ ရောက်ကုန်ကြပီထင်တယ်… ထိပ်မှာတောင် ထွက်မစောင့်ကြဘူး.. စိတ်ထဲက ပွစိပွစိ ရေရွတ်နေမိရင်း လှေကားထစ်တွေပေါ် ခြေလှမ်းကို သွက်သွက်လှမ်းလိုက်တယ်.. သီချင်းဆိုသံ သဲ့သဲ့ကြားတော့ လူက သွေးထဲကပိုးတွေ အလိုလို ကြွလာတယ် .. လျှာဖျားတွေပါ ယားလာသလိုလို..
အယ့် နည်းနည်းတော့ ထူးဆန်းသလိုပဲ.. ဘယ်သူမှတောင် မတွေ့ပါလား… ငါ့ကို ဒီလိုတော့ သူတို့ပစ်မထားနိုင်ပါဘူး.. မရေမရာအတွေးနဲ့ ရီဆက်ရှင်းကို တန်းသွားပီး သူငယ်ချင်းနာမည်ကို ရွတ်လိုက်တယ်.. မရှိဘူးတဲ့.. သေရော..
သီချင်းဆိုရမယ် ဆိုတာနဲ့ ထွန့်ထွန့်လူးနေတဲ့ ကလေးမ.. ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်ပီး အဲ့ဒီက ကောင်လေးကို မျက်နှာချိုသွေးပြလိုက်တယ်..
အမ သူငယ်ချင်းတွေ ဒီက စောင့်နေမယ်ဆိုလို့ .. တစ်ချက်လောက် ရှာကြည့်ပေးပါလားဟင်… ယောက်ျားလေး ၂ ယောက် မိန်းခလေး လေးငါးယောက်လောက်ဖြစ်မယ်..
ဟုတ်ကဲ့ ဟုတ်ကဲ့..
ကောင်လေးတစ်ယောက် အခန်းတွေကို လိုက်ကြည့်.. ခေါင်းကုတ်ပီး ပြန်လာ.. သေပီ..
တစ်ယောက်တည်း ယောင်တောင်တောင် ရပ်နေပီး မျက်နှာက အိုစပြုလာ.. သေနာတွေ.. ကျိန်ဆဲပစ်လိုက်တယ်..
အမ လိုက်ကြည့်ပါလား… လာသမျှကတော့ လူနည်းတယ်.. ကောင်လေး ၂ ယောက် ကောင်မလေး ၂ ယောက် အဲ့ဒီလောက်ပဲ အမ.. လူများများကတော့ မွေးနေ့လား မသိဘူး အဲ့မှာတော့ လူများတယ် ..
အေးအေး.. စားပွဲထိုးကောင်လေးရဲ့နောက်ကနေ ပိုက်ဆံအိတ် ချိုင်းကြားညှပ်ပီး တစ်ခန်းပီး တစ်ခန်း လိုက်ကြည့်ရတယ်.. အခန်းထဲမှာ သီချင်းဆိုနေတဲ့ လူတွေကလဲ သူတို့ကို လာကြည့်လို့ ပြောင်စပ်စပ်နဲ့.. ဟူးးးးးးးးးးးး အခန်းတွေသာ ဆုံးသွားတယ်.. ဒင်းတို့ကို လုံးဝ မတွေ့..
ကိုယ့်မျက်လုံးက မျက်မှန်အပြင်ကိုကျော်ထွက်တော့မတတ် ပြူးလာတော့ လိုက်ကူရှာတဲ့ ကောင်လေး က … အမတို့ သူငယ်ချင်းတွေက ဒီဆိုင်ကိုလာတာ ဟုတ်လို့လား အမ.. အခန်းတွေကတော့ ဒါအကုန်ပဲ.
မလျှော့ရေးချ မလျှော့.. ကောင်လေးကို သွားဖြဲပြလိုက်ပီး အမ နောက်တစ်ခေါက် ထပ်ကြည့်ချင်တယ်နော် နော် နော်… သနားသွားပီး အဲ့ကောင်လေးက နောက်တစ်ကျော့ လိုက်ပြတယ်.. မတွေ့……..
ဖုန်းဆက်ချင်လို့ပါ.. တောင်းဆိုတော့ အဲ့ဒီကနေ ဖုန်းဆက်လို့ရတယ်.. ဖုန်းလာကိုင်တာ ငါးရှဥ့်ရဲ့ အဖေကြီး.. ဖုန်းက အိမ်မှာကျန်ခဲ့တယ် သမီးရေ.. သူတို့ ပွဲတစ်ခုလုပ်စရာရှိတယ်ပြောပီး ထွက်သွားကြတာပဲ.. အိမ်ကိုတောင် အပြန်မိုးချုပ်မယ် ပြောသွားတယ်.. ဟုတ် ဟုတ် အန်ကယ်….
လာမှာတော့ ကျိန်းသေပဲ.. ဒါပေမဲ့ M3 ကိုတော့ မရောက်သေးဘူး.. ငါ ဘာလုပ်ရင် ကောင်းမလဲ.. ဒီကောင်တွေ လာတဲ့အထိ ဘယ်လိုမျက်နှာနဲ့ ငါထိုင်စောင့်ရပါ့… M3 ရှေ့က အုတ်ခုံလေးမှာ ငုတ်တုတ်လေးထိုင်ပီး စိတ်ထဲ ဝမ်းနည်းလာတယ်.. အရင်တုန်းကဆို ဘယ်သွားသွား သူငယ်ချင်း တွေနဲ့ အခုတော့ ငါတစ်ယောက်တည်း.. မျက်ရည်ပါ ကျစပြုလာတယ်.. အပေါ်က သီချင်းသံတွေ ကြောင့်လဲ ပါမယ်.. ဝမ်းနည်းတာက အူထဲအသည်းထဲက လှိုက်လာပီး မျက်ရည်ပါ တွေတွေကျလာတယ်..
လူတွေကတော့ မြင်ရင် ဘာထင်မယ်မသိ.. ကိုယ်ကတော့ အုတ်ခုံလေးပေါ်မှာ ထိုင်နေဆဲပဲ.. ရှေ့ကို တက္ကစီတစ်စီး ဆိုက်လာပီး အဲ့အထဲကနေ ခြေကားယား လက်ကားယားနဲ့ ဆင်းလာတဲ့ တစ်ကောင်.. ကျော်ဇင်.. သူ့ကိုမြင်တော့မှပဲ မျက်ရည်တွေတွေကနေ မျက်ရည် ဘူးသီးလုံးလောက် ကျတော့တယ်.. သူက ခုန်ပေါက်ပီး နံဘေးကို ရောက်လာပီး မျက်ရည်တွေကိုမြင်တော့ လန့်သွားပီး ဟဲ့ ဘာဖြစ်လဲ မငိုနဲ့ ဟိုကောင်တွေရော ဒီကောင်တွေရော .. ဒီကောင်လဲ ခုန်ဆွ ခုန်ဆွ မေးတော့မှ စိတ်ထဲ နည်းနည်းသက်သာရာရပီး သူ့ပခုံးတွေ ကျောကုန်းတွေကို တဗုန်းဗုန်းထုပေးလိုက်တယ်..
ဟင် ငါ့ကိုပြောတော့ နင်တို့ ရောက်နေပီဆို ငါ ဘယ်လောက်ရှက်ရသလဲ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ကြည့်ရတာ… အမလေး ငါမသွားခင် အားရအောင် နှိပ်စက်တာလား အယ့်ဟယ်ဟယ် ဆိုပီး ပြောပြောငိုငိုလုပ်တော့ သူလဲ မျက်နှာငယ်နဲ့ ဘေးနားမှာ ဆောင့်ကြောင့်ထိုင်ပီး
အေးပါဟာ ငါက ကိစ္စရှိလို့ ဟိုကောင်တွေကို သွားနှင့်ဆိုပီး ငါက နောက်ကလိုက်လာတာ.. ဒီကောင်တွေ ဘယ်ကိုသွားကြတာလဲ မသိဘူး.. အေးပါဟာ… အေးအေး လိမ္မာတယ် မငိုနဲ့တော့.. လာလာ ငါတို့နှစ်ယောက်ပဲ အရင် သီချင်းဆိုနှင့်မယ်.. ဒီကောင်တွေ ရောက်လာရင် နာဖို့သာပြင်.. ဆိုတော့ ခုနက မျက်နှာနဲ့ ဘယ်လိုလုပ်ပီး အပေါ်ကို ပြန်တက်ရပါ့…. ဆုတ်ကန်ကန်ခြေလှမ်းနဲ့ ကျော်ဇင့် အနောက်ကနေ ကုပ်ချောင်းချောင်းလိုက်သွားတယ်..
အပေါ်ရောက်တော့ ခုနက စားပွဲထိုးလေးတွေက မှတ်မိနေပီ.. အမ သူငယ်ချင်းတွေ ရောက်ပီလား.. အေး ဆိုပီး သံပြတ်နဲ့ပြောလိုက်ပေမဲ့ သူငယ်ချင်းတွေသာဆိုတယ်.. ကျော်ဇင်နဲ့ နှစ်ယောက်တည်း.. သေဟဲ့…
ငိုရီရီိ မျက်နှာနဲ့ပဲ အခန်းတစ်ခန်းငှား ပီးတော့ အထဲကို ဝင် ချက်ချင်း သီချင်းစာအုပ် ကောက်လှန် သီချင်းဆိုဖို့ ပြင်တော့တာပဲ.. ကျော်ဇင်ကတော့ စားဖို့သောက်ဖို့ မှာထားရမလား.. ငါ့လာမမေးနဲ့ ဟွန်း ဆိုပီး မျက်စောင်းထိုးပစ်လိုက်တယ်.. အေးပါ လာတော့မှ မှာတော့မယ်ဟာ.. ကဲ သီချင်းဟစ်ကြမယ်ဟေ့ ဆိုပီး သူ တစ်ပုဒ် ကိုယ် တစ်ပုဒ် ဟစ်လိုက်တော့မှ နည်းနည်း စိတ်ပြေပီး နေသာထိုင်သာ ရှိသွားတယ်…
သီချင်း နောက်တစ်ပုဒ်ဆိုမလို့ ပြင်တုန်းရှိသေးတယ်… ကုလားသိုက် ကျားဝင်ကိုက်သလို သံသေးသံကြောင်တွေနဲ့ အုပ်စုလိုက်ကြီး ဝင်လာပီး လူကို ဟိုဖက် သည်ဖက် သေမယ်.. သေနာတွေ ဆိုပီး အော်ဟစ်ကြ ဆူကြ ညံကြနဲ့… သူတို့က စောသေးတယ်ဆိုပီး အိမ်ပြန် အဝတ်အစားလဲ ပီးတော့မှ ဟိုလူစုသည်လူစု မို့လို့ပါတဲ့.. မိုက်ကိုင်လိုက်ကတည်းက ခုနက မျက်ရည်တွေက မျက်လုံးထဲ ပြန်ဝင်သွားပီ.. စိတ်လဲ ပြေသွားပီ… အဲ့ဒီကောင်တွေနဲ့ လုံးထွေးပီး သီချင်းတွေ ဆိုကြတယ်.
စားစရာတွေ မှာနေတုန်း သောက်စရာတွေက ရောက်လာတယ်… ခွက်ထဲက ဘာမှန်းမသိတဲ့ အရည်တွေ (ထင်ရတာကတော့ ဝိုင်ရယ် အရက်ရယ် ရောထားတယ်ထင်တာပဲ… :P) ကို တစ်ယောက်တစ်ခွက် ကိုင်ပီး ချီးယားစ်လုပ်ကြပီး Good Luck Sone Sone.. မေ့မသွားနဲ့နော် ဘယ်လောက်ပဲ ဝေးဝေး တို့တွေ ချစ်ကြမယ် .. ဖက်ကြ အော်ကြ ဟစ်ကြနဲ့ အဲ့ဒီအချိန် တီဗီမှာပေါ်လာတဲ့ သီချင်းက စိုင်းစိုင်းသီချင်း.. ဖုတ်လှိုက်ဖုတ်လှိုက်
ဘာပြောကောင်းမလဲ ဆိုဖာတွေပေါ် တက်ခုန်ပီး သီချင်းတွေ အော်ဆိုကြတယ်.. မောလာတော့ တွေ့တဲ့ခွက် မော့သောက်လိုက်.. ကလိုက် .. ပီးရင် ထပ်မော့လိုက်… ကဲကဲ အားလုံးမောပီ ခန နားရအောင်.. နာရီကြည့်တော့ ၁၁း၃၀.. မပြန်ချင်သေးဘူး.. နောက် တစ်ဆက်ရှင်ယူဦးမယ်.. အကုန်လုံးက အဆူခံ အရိုက်ခံရလဲ တန်တယ်ဆိုပီး မပြန်သေးဘဲ နောက်တစ်ဆက်ရှင် ထပ်ယူလိုက်တယ်… အသံတွေလဲ ထပ်မထွက်တော့ဘူး.. ကနေခုန်နေတဲ့ ခြေလှမ်းတွေလဲ ယိုင်လာတယ်.. ရယ်နေတဲ့အသံတွေ ခြောက်ကပ်သွားတဲ့အချိန်မှာ နောက်နေ့ ဒီလိုအချိန်ဆို သူတို့နဲ့အတူ မရှိနေနိုင်တော့ဘူးဆိုတဲ့ အတွေးက ရင်ထဲကို ပြင်းပြင်းဝင်ဆောင့်မိတယ်..
မျက်လုံးတွေထဲ မျက်ရည်တွေ ပြန်ဝင်လာတဲ့အချိန်မှာ သူငယ်ချင်းတွေအားလုံး နည်းနည်းတိတ်သွားကြတယ်… ဟာ ဘာလို့တိတ်သွားတာလဲ လာ အားလုံး ထက အားလုံး ထက ဆိုပီး ကျော်ဇင်က လက်တွေကိုဆွဲပီး ကခိုင်းတယ်.. အကုန်လုံး ပြန်ထလာကြပီး လေးဖြူနဲ့ မျိုးကြီးရဲ့ အိမ်ကိုပြန်ခဲ့တော့ သီချင်းကို အတူတူဆိုကြတယ်.. ညီလေးလို့ အော်တဲ့ နေရာမှာ နာမည်ပြောင်းဆိုရင်း အော်ဆိုကြတယ်.. ဘယ်တော့မှ မမေ့နိုင်ခဲ့တဲ့ တို့တွေရဲ့ ညလေးတွေပေါ့..
ငါ အခု တစ်ယောက်တည်းပဲ… အင်တာနက်ထဲကနေ ဒီနေ့ ထွက်တဲ့ သီချင်း မထွက်ခင်ထဲက နားထောင်နေခဲ့ရတယ်.. ငါတို့ သိပ်ကြိုက်တဲ့သီချင်းတွေ အခု ငါတစ်ယောက်တည်း နားထောင်ဖြစ်တယ်.. နားကျပ်ကြီး နားထဲ ထည့်ပီး အသံကို မိုင်ကုန်တင်ပီးတော့ကို နားထောင်တယ်.. စိတ်ထဲ သိပ်မွန်းကျပ်လာရင် စိတ်လွတ်ကိုယ်လွတ် သီချင်းအော်ဆိုတယ်.. ဒါပေမဲ့ ငါတစ်ယောက်တည်းပဲ.. ဘေးနားမှာ ဘယ်သူမှ မရှိဘူး.. ငါ သိပ်ချစ်တဲ့ နင်တို့တွေလဲ ငါ့အနားမှာ အခုအချိန် ဘယ်သူမှ မရှိဘူး.. အထီးကျန်တာ မဟုတ်ဘူး မိန်းမဆိုတော့ အမကျန်တာလို့ အမြဲရယ်စရာတွေပဲ ရှာကြံပြောတတ်တဲ့ ငါ့ကို ခင်မင်ခဲ့ဖူးတဲ့ ငါ့သူငယ်ချင်းလေးတွေကို သိပ်လွမ်းမိတယ်…
နောက် ငါသိပ်လွမ်းနေတဲ့ ငါ့ရဲ့ သီချင်းရှင်လေးလဲ ရှိသေးတယ်… ညတိုင်း သီချင်းဆိုပြတတ်တယ်.. တခါတလေ တိုးတိုးလေး တခါတလေ အကျယ်ကြီး… ညတိုင်း ညတိုင်း သူ့သီချင်းသံနဲ့ ငါ အိပ်ပျက်ခဲ့တယ်… ဒါပေမဲ့ ပျော်တယ်.. တခါတလေ ချစ်သုဝေရဲ့ အဖြူရောင်လေးပါကို ဆိုပြရင် ငြိမ်ပီး နားထောင်နေတတ်တယ်.. နောက် အကြင်နာစစ်ရင်.. သီချင်းတွေကို တခါတလေ အတူတူဆိုဖြစ်တယ်… သီချင်းစာသားတွေ ဆိုနေရင်း မှားသွားလို့ ရီသံကြားတာနဲ့ စိတ်ကောက်ဖို့ အသင့်ပြင်မိတယ်… အဲ့တာဆို မသိချင်ယောင်ဆောင်ပီး ရယ်စရာတွေ ပြောပြတတ်တယ်… အဲ့တာဆို ကြာရှည်တင်းမထားနိုင်ဘဲ ရီမိတော့တာပဲ… အမြဲပြောတတ်တဲ့ စကားတစ်ခွန်းက ဘာပဲပြောပြော ရီနေတာပဲတဲ့.. ရီနေတာက ချစ်ဖို့ကောင်းတယ်ဆိုပဲ….. ဟုတ်တယ် အခု ငါ ရီနေတာပဲ.. စိတ်ညစ်နေရင်လဲ အမြဲရီနေတတ်တယ်.. ငိုချင်လာရင်တောင် ရီမိသေးတယ်.. ရီတာက ငါ့ရဲ့ သင်္ကေတပဲလေ.. အမြဲ ရီသံစွတ်ပီး စကားပြောတတ်လို့ တချို့လူတွေဆို ငါ ဘာပြောလိုက်သလဲတောင် တခါတလေ နားမလည်လိုက်ဘူး..
အခု ငါ သီချင်းနားထောင်နေတယ်.. တခါတလေ ငါ သီချင်းညည်းတယ်.. တခါတလေ သီချင်းအကျယ်ကြီး အော်ဆိုပစ်လိုက်တယ်… သီချင်းသံတွေက ငါ့စိတ်ကို ပျော်စေတယ်.. စိတ်ညစ်တာတွေ ပျောက်စေတယ်.. ဂီတကုထုံးတဲ့... ဂီတကလဲ တကယ်တော့ စိတ်ဖိစီးမှုတွေကို တကယ့်ကိုပြေလျော့စေတယ်… စိတ်အရမ်းညစ်နေရင် သီချင်းညည်းလိုက်တယ် သီချင်းဆိုလိုက်တယ်.. သီချင်းတွေက ငါ့အတွက် အဖော်ပဲ.. ငါ နင်တို့ကို လွမ်းရင် သူငယ်ချင်းသီချင်းနားထောင်မယ်.. ချစ်သူကို လွမ်းရင် ချစ်သူတမ်းချင်း သီချင်းတွေရှိတယ်.. အိမ်ကို လွမ်းရင် အိမ်သီချင်း… ကဲ ကြည့်ဦး အမျိုးစုံလင်လှတဲ့ သီချင်းတွေ.. ကြိုက်တဲ့ သီချင်း ကြိုက်တဲ့အချိန် နားထောင်လို့ရတယ်… အခု ငါ သီချင်းနားထောင်နေတယ်.. ကျေးဇူးပြုပီး ဘာသီချင်းလဲ မမေးပါနဲ့.. အခု ငါ သီချင်းနားထောင်နေတယ်…
ပြည့်စုံ
(၂၆-၉-၂၀၀၉၊ ၈း၅၆ pm)

Thursday, September 24, 2009
အစမ်းသပ်ခံ
စိတ်မကောင်းဘူးး
တစ်ကိုယ်ထီးတည်း သင်းကွဲသွားရတဲ့အခါ
စိတ်မကောင်းဘူး
ငါ့ရင်ထဲမှာ နာကျင်သွားတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ နာကျင်မှုတွေ တိုးသွားတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ ယုံကြည်မှုတွေ အပွန်းပဲ့ခံရတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ သွေးတွေ ရဲရဲနီမနေတာ
စိတ်မကောင်းဘူး
ငါတို့ရဲ့ ခင်မင်မှုတွေ ပျက်ပြားသွားတာ
စိတ်မကောင်းဘူး
ကွာခြားမှု ရုတ်တရက်ကြီးမားသွားတာ
စိတ်မကောင်းဘူး
ဖြေရှင်းလို့ ရတဲ့ ပြဿနာမဖြစ်ခဲ့တာ
စိတ်မကောင်းဘူး
ဘာမဟုတ်တာလေးလို့ အယူဆခံရတာကို
စိတ်မကောင်းဘူး
ငါတို့တွေရဲ့ နှလုံးသားတွေ အစမ်းသပ်ခံရတာ
စိတ်မကောင်းဘူး
လုံလောက်တဲ့ အသိပညာတွေ ရှိမနေတာ
စိတ်မကောင်းဘူး
ဝေမျှခံစားတတ်တဲ့ နှလုံးသားတွေ ပျောက်ဆုံးသွားတာ
စိတ်မကောင်းဘူး
လမ်းတစ်ဝက်မှာ နှုတ်ဆက်လိုက်ရတာ
စိတ်မကောင်းဘူး
အားစိုက်ထုတ်လိုက်ရတဲ့ နှလုံးသွေးတွေ ယိုစီးကျကုန်တာ
စိတ်မကောင်းဘူး
ဖြစ်သင့်တာထက် ဖြစ်ကုန်တာက ပိုများသွားတာကို
စိတ်မကောင်းဘူး
ဘယ်လိုပဲပြောပြော စိတ်မကောင်းဘူး

Wednesday, September 16, 2009
မျှော်လင့်ခြင်းလမ်းနဲ့ ကမ်းဝေးခဲ့ရတဲ့အချစ်
မှန်ထဲက တစ်ဆင့် မြင်နေရတဲ့ ပုံရိပ်ထဲက မိန်းခလေးက သူ့ကိုယ်သူ အသက်မဲ့စွာ ပြန်ကြည့်နေခဲ့တယ်.. သိပ်လှတဲ့ အဖြူရောင် သတို့သမီးဝတ်စုံလေးက သူမရဲ့ကိုယ်လုံးပေါ်မှာ ချပ်ချပ်ရပ်ရပ်ရှိနေခဲ့တယ်… လည်ပင်းဆီက တစ်တန်းသွားစိန်လည်တုံလေးရဲ့ အရောင်က တဖျတ်ဖျတ်တောက်ပလို့.. ပန်းနုရောင် နှုတ်ခမ်း တောက်တောက်လေးက ပြုံးလိုက်ရင် ကြွတက်လာတော့မလို ထူထူပြည့်ပြည့်ကလေး… အနီရောင်ပြေပြေလေး ဆိုးထားတဲ့ ပါးအို့နီနီလေးက လိုတာထက်များ ပိုနီနေသလား ….
မဟုတ်သေးဘူးနော်… သူမရဲ့ မျက်လုံးတွေဆီမှာ မျက်ရည်စတွေလား.. အခုအချိန်မှတော့ နောင်တဆိုတာ မရသင့်တော့ဘူး.. မငိုပါနဲ့နော်…
‘အိုး သိပ်လှတဲ့ သတို့သမီးကလေး..’ ဘေးနားက ချီးကျူးသံခပ်အုပ်အုပ်ကို ကြားလိုက်ရတော့မှ လက်ရှိပစ္စုပ္ပန်တည့်တည့်ကို စိတ်ပြန်ရောက်လာခဲ့တယ်.. မှန်ထဲက ခံစားချက်မဲ့မျက်နှာနဲ့ အသက်မဲ့ မိန်းခလေး ပျောက်သွားပီး လက်ရှိဘဝထဲက ချိုမြိန်တဲ့ အပြုံးတွေချည်း ပိုင်ဆိုင်ထားတဲ့ မိန်းခလေးအဖြစ် ပြန်ရောက်လာတော့တယ်…
‘ကဲ သတို့သားရေ သတို့သမီးကလေးကို ကြည့်လို့ရပါပီ..’
အပြုံးတွေနဲ့ချည်း ရင်ဆိုင်လိုက်စမ်း ကြည်ဖြူ… ကိုယ့်ကိုယ်ကို အားတင်းထားမှုနဲ့ အတူ ကိုကို့ကို ပြုံးပြလိုက်တယ်…. ဒါဟာ ကိုယ်ကိုယ်တိုင် ရွေးချယ်လိုက်တဲ့ ဘဝပဲ…
‘သိပ်လှတာပဲ ညီမလေးရယ်..’ ချိုမြိန်တဲ့အသံနဲ့အတူ ကျမဘေးကို ရောက်လာတဲ့ သတို့သားကို မှန်ထဲကနေ ပြုံးပြလိုက်တယ်..
ကိုကို့ရဲ့ မျက်လုံးတွေက မြတ်နိုးမှုတွေနဲ့ လှိုက်လှဲလှတယ်.. ကျေးဇူးတင်ပါတယ် ကိုကိုရယ်.. ဒီအချိန် ခနလေးပါပဲနော် မဆုံဖြစ်ခဲ့တဲ့ ချစ်သူကို သတိရခွင့်လေးပါ ပေးပါ ကိုကိုရယ်.. ခနလေးပါပဲ.. ဒီနေ့ကို ကျော်လွန်သွားရင်တော့ ကိုကို့ရဲ့ ကြည်ဖြူပဲ ဖြစ်ရပါစေ့မယ်..
ကိုကို့ရဲ့ရင်ခွင်မှာ မျက်နှာကို အသာအပ်ထားမိတယ်… ကိုကိုက ကျမရဲ့ ပခုံးကို ဖေးမထားပီး ကျောပြင်ကို အသာပွတ်ပေးနေခဲ့တယ်.. ကိုကို့ကို ချစ်ပါ့မယ်. ချစ်နိုင်အောင် ကြိုးစားပါ့မယ်.. အရာရာကို မေ့ပစ်ပီးတော့လေ… အခု ခနတာကလေးပါပဲ…………
‘သတို့သမီးက သိပ်လှတာပဲ’ အားပေးစကားသံတွေ အကြားမှာ ကိုကို့ရဲ့လက်မောင်းကို ခိုမှီပီး လျှောက်နေမကျတဲ့ ဒေါက်ဖိနပ်ကို ထိန်းလျှောက်နေရတဲ့ ကျမကို ကိုကိုက ဘေးကနေ ဖေးမပေးထားခဲ့တယ်.. ဟိုးအရင်တုန်းက ကျမ အခုလိုပဲ ခြေလှမ်းတွေ ယိုင်နှဲ့နေခဲ့ပီး ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့တဲ့အချိန်တုန်းကလဲ ကိုကိုပဲ ဘေးကနေ ဖေးကူပေးခဲ့တယ်နော်.. ဒါတွေကြောင့်ပဲ ကိုကို့ကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့.. ချီးမွမ်းသံတွေ လက်ခုပ်သံတွေကြားမှာ ကိုကို့လက်မောင်းကို ဆုပ်ကိုင်ပီး မျက်နှာကို အလှပဆုံးဖြစ်အောင် ပြုံးထားခဲ့တယ်..
ပြုံးလိုက်စမ်းပါ မိန်းခလေးရေ.. ကွဲကြေသွားခဲ့တဲ့ နှလုံးသားအတွက်တော့ အခု မေ့ထားလိုက်တော့..
ကိုကိုက ကျမနား နားကို တခုခု ကပ်ပီး ပြောလိုက်သလားပဲနော်…
ဟံသာ………… နှုတ်ဖျားက အသံမထွက်ပေမဲ့ ကျမရဲ့ ရင်ထဲမှာ အသံအကျယ်ကြီး မြည်ဟည်း သွားတယ်..
ဟံသာရယ် .. ငါတို့ရဲ့ ဆုံစည်းခွင့်မရှိတဲ့ ကံကြမ္မာအတွက် ငါ ဒီလမ်းကိုပဲ ရွေးချယ်လိုက်တာပါ.. အချစ်ဟာ ငါ့အတွက်တော့ ကျိန်စာဆိုးလိုပဲ.. ငါ့အတွက် ……. ငါ့အတွက်လို့ ရည်စူးခဲ့တဲ့ ဘယ်လို အတားအဆီးမျိုးမှ မရှိတဲ့ အချစ်ကို ကိုကိုနဲ့မှ ငါ ခံစားခဲ့ရတာပါ…
ဟံသာရဲ့ မျက်လုံးတွေမှာ ကျမအတွက် ဆိုတဲ့ ဂုဏ်ယူမှုနဲ့ တောက်ပနေသလား……
‘နင် သိပ်လှတာပဲ ကြည်ဖြူ..’ နားထဲမှာ လျှံထွက်သွားတဲ့ ချီးကျူးစကားအတွက် ဟံသာကို ပြုံးပြလိုက်မိသလားပဲ..
‘ကွန်ဂရက်ကျူလေးရှင်း ကိုအောင်.. မဖိတ်ဘဲ ရောက်လာရတယ်.. သက်နိုင်နဲ့အတူလေ’
‘မင်္ဂလာပွဲကို လာရောက်ချီးမြှင့်ပေးတာ ကျေးဇူးပါပဲဗျာ… စီစဉ်ပီးသားပေမဲ့ ကမန်းကတန်းလိုမျိုး ဖြစ်သွားလို့ သူငယ်ချင်းတွေကိုတောင် စုံအောင် မဖိတ်လိုက်ရဘူးဗျာ… ကျနော်ကလဲ ခွင့်က ကုန်ခါနီးနေပီ ဆိုတော့..’
ကိုကိုက သူ့ကို သေချာရှင်းပြနေခဲ့တယ်.. ကျမကတော့ ဘေးကနေ ဘာကိုမှ မပြောနိုင်ခဲ့ဘူး… ငါတို့ကြားမှာ ရှင်းပြစရာ တောင်းပန်စရာ ခွင့်လွှတ်ခဲ့စရာ ဘာဆိုဘာမှ မရှိတော့ပါဘူးနော် ဟံသာ.. ငါ့ရဲ့ မင်္ဂလာဆောင်ကို ရောက်လာဖြစ်တဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်…….
မင်္ဂလာစင်မြင့်လေးပေါ်မှာ ထိုင်နေတဲ့ သတို့သမီးကလေးကို ခန်းမရဲ့ ဒေါင့်စားပွဲဝိုင်းကလေးမှာ ထိုင်ပီး တစိမ့်စိမ့်ကြည့်နေခဲ့တယ်…
ဒါဟာ နောက်ဆုံးပဲ ကြည်ဖြူ… ငါတို့နှစ်ယောက်ဟာ ပြန်မဆုံနိုင်တော့မယ့် ရှင်ကွဲ ကွဲရမယ့်အဖြစ်ကို ရွေးချယ်ခဲ့ပီးပီပဲ.. နင့်ရဲ့ သတို့သမီးဝတ်စုံကလေးနဲ့ မျက်နှာကို ငါ လာကြည့်တာပါ.. တစ်သက်မမေ့အောင်ပေါ့.. တစ်ချိန်ချိန်မှာ ပြန်ဆုံဖြစ်ခဲ့ကြရင် နင့်ရဲ့ မျက်နှာမှာ ဟိုးတစ်ချိန်ကလိုပဲ အပြုံးတွေချည်း ငါမြင်ရချင်ပါတယ်… နင့်ရဲ့ခင်ပွန်းလောင်းက နင့်ကို စိတ်ချမ်းသာအောင် ထားနိုင်မယ်ဆိုတာ ငါယုံပါတယ်.. ပီးတော့ ငါ့ထက် မလျော့တဲ့ အချစ်နဲ့ နင့်ကို ချစ်မှာပါ…
ခွဲခွာရတော့မယ့်အချိန်မှာ အပြုံးတွေနဲ့ချည်း နှုတ်ဆက်ခဲ့ရတဲ့အတွက်တော့ ငါတို့ရဲ့ ကံကို ကျေးဇူးတင်ပါတယ် ကြည်ဖြူရယ်… သတို့သမီးရဲ့ လက်ကို ဆုပ်ကိုင်ထားတဲ့ သတို့သား… သူတို့ဘေးက ပျော်ရွှင်နေကြတဲ့ အပေါင်းအသင်း သူငယ်ချင်းတွေ ပီးတော့ မိဘဆွေမျိုးတွေ.. ဧည့်ပရိသတ်တွေ.. ဒါတွေကို နင့်အတွက် ကြည်နူးစိတ်နဲ့ ငါ လိုက်ကြည့်နေမိတယ်…
ကားပေါ်ကို တက်တော့မယ့် သတို့သမီးကလေးက လည်ပြန်လှည့်ကြည့်ပီး ကျနော့်အတွက် သပ်သပ် အပြုံးတစ်ပွင့် ပေးခဲ့တယ်.. ငါကျေနပ်ပါတယ် ကြည်ဖြူ.. နင်ပျော်နိုင်ပါစေလို့ ငါ အမြဲ ဆုတောင်းပေးပါတယ်….
ဟိုးအရင် ငါတို့ ခွဲခွာခဲ့ကြတဲ့ အချိန်တုန်းကလဲ ဒီလိုပဲ နင် ပြုံးပြခဲ့တယ်နော် … ငါတို့တွေ နောက်ဆုံး တွေ့ခဲ့တဲ့အချိန်တုန်းက နင့်ရဲ့ မျက်လုံးမှာ မျက်ရည်စတွေ ဝဲနေခဲ့တယ်.. နှုတ်ခမ်းတွေကတော့ အပြုံးနဲ့ တောက်ပနေခဲ့ပီး.. စကားလုံးတွေရယ် ဘယ်တော့မှ မမေ့နိုင်ခဲ့တဲ့ နာကျင်စရာ အပြုံးတချို့ရယ်ကို ပေးပီး ငါ့ကို နင် နှုတ်ဆက်ခဲ့ဖူးတယ်….
‘ငါ နင့်ကို မချစ်ဘူး ဟံသာ… ဒါဟာ ငါ့အတွက်ရော ငုဝါအတွက်ရော နင့်အတွက်ရော စဉ်းစားပီးမှ ပေးခဲ့တဲ့အဖြေပဲ… နင့်ကို မချစ်ဖို့ ဆုံးဖြတ်လိုက်တယ်… ငါ နင့်ကို မချစ်ဘူး’
ငါ ဘယ်တော့မှ တစ်သက်မမေ့ခဲ့တဲ့ စကားသံပဲ ကြည်ဖြူ…. အဲ့ဒီစကားလုံးရဲ့နောက်မှာ ငါ ဟိုးအဝေးကြီးကို လွင့်သွားခဲ့တယ်…. အဲ့ဒီ မမေ့နိုင်စရာ စကားလုံးရဲ့ နောက်မှာပဲ ငါ မိန်းခလေးတွေရဲ့ အသည်းကို တစ်ခုပီးတစ်ခု ခွဲခဲ့တာပဲ.. သူတို့တွေရဲ့ ကျခဲ့တဲ့ မျက်ရည်တွေပေါ်မှာ ငါ ယစ်မူးနေခဲ့တယ်.. သူတို့ အသည်း တစ်ခုကွဲတိုင်း ငါ့ရဲ့ ကွဲနေတဲ့အသည်းသာ ပြန်ဆက်ခဲ့မယ်ဆိုရင် ဘယ်လောက် ကောင်းမလဲ ငါစဉ်းစားကြည့်ဖူးတယ်… အဲ့ဒီ အသည်းခွဲပုံပြင်တွေကြောင့်ပဲ နင့်ကို ထပ်ဆုံးရှုံးရမယ်လို့ သိခဲ့မယ်ဆိုရင် ငါ မြန်မာပြည်ကို ပြန်လာဖြစ်မယ် မထင်ဘူး.. ဒါပေမဲ့ နောက်ဆုံး တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ နင့်ရဲ့မျက်နှာလေးကို တွေ့ချင်မိတယ်..
………………………………………………………………………………………….
‘ဝေးးးးးးးးးးးးးးးးး’
ပင်လယ်ဓားပြလှေကြီး အောက်ကို ပြန်ပြုတ်ကျသွားတိုင်း ဘေးက ကြည်ဖြူ့ရဲ့ လက်ချောင်းတွေကို တင်းတင်း ဆုပ်ကိုင်ပီး စိတ်လွတ်ကိုယ်လွတ် အော်လိုက်တယ်.. သူငယ်ချင်းတွေ စုပီး တိရစ္ဆာန်ဥယျာဉ်ကို သွားကြမယ်ဆိုတော့ အားလုံးက တညီတညွတ်တည်း ထောက်ခံခဲ့ကြတယ်.. အဲ့တာနဲ့ပဲ ကျူရှင်မတက်ဘဲ ကျနော်တို့ သူငယ်ချင်းအုပ်စုတွေ လစ်ပြေးခဲ့ကြတယ်.
ကစားကွင်းထဲမှာ ကလေးတွေလို အသားကုန်ဆော့ကြပီး ပျော်ရွှင်မြူးတူးခဲ့ကြတာ.. ပင်လယ် ဓားပြလှေကြီး အပေါ်က ဆင်းတော့ ခြေထောက်တွေတောင် မခိုင်တော့ဘဲ လူတွေက ယိုင်တိုင် ယိုင်တိုင်နဲ့ ဖြစ်နေကြတယ်. ဒါပေမဲ့ ရိုလာကိုစတာ ဆက်စီးဖို့ အပြေးအလွှား သွားကြတာ.. တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်လို့ …..ခေါင်းတွေကို မော့ပီး ဟားတိုက် ရယ်မောခဲ့ကြတယ်… အဲ့ဒီအချိန်လေးတွေက မှတ်မိသမျှထဲမှာ ပျော်စရာ အကောင်းဆုံးပါပဲ ကြည်ဖြူရယ်…………
အားလုံး ခုနစ်ယောက်တိတိ ဘယ်ကိုပဲ သွားသွား တပျော်တပါးကြီး အုပ်စုလိုက် သွားကြ.. အုပ်စုလိုက် စားကြနဲ့ ပျော်ရွှင်စရာ အကောင်းဆုံးအချိန်ပေါ့.. အဲ့ဒီအုပ်စုထဲကို အချစ်အကြောင်း စတင်သယ်လာတဲ့ သူက သက်နိုင်ပင်..
‘ငါ ကောင်မလေးတစ်ယောက်ကို တွေ့ထားတယ် …. မင်းတို့လဲ ဝိုင်းကြည့်ပေးကြပေါ့. ကောင်မလေးက ချစ်စရာလေးနော်.. နောက်ဆုံးနှစ်မှ အတွဲမချိတ်နိုင်ရင် ငါ့အဖြစ်က လိပ်ကို ပက်လက်လှန်ထားသလို ယက်ကန်ယက်ကန်ဖြစ်နေမှာကွ ဟဲဟဲ..’
အားလုံးရဲ့ အံ့အားသင့်မှုကြားမှာ သက်နိုင်က မော်ကြွားနေခဲ့တယ်.. စပ်စုကြတဲ့ စကားလုံးတွေ ကြားထဲ သက်နိုင်က လက်မလည်အောင် ရှင်းပြနေခဲ့တယ်. အဲ့ဒီကောင်မလေးကို သူ ဘယ်လိုရှာဖွေ တွေ့ရှိတာ.. ကောင်မလေးရဲ့ အပြုံးတစ်ချက်က သူ့ရင်ကို ဘယ်လိုငြိတွယ်စေတာ.. ကောင်မလေးကို ချစ်မိပီဆိုတာ တကယ့်ကို သေချာနေတာ အဲ့ဒီကောင်မလေးကိုသာ မရရင် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ အချစ်စကားလုံးတွေကို တတွင်တွင် ရွတ်နေခဲ့တာလေ..
မျက်လုံးကလယ်ကလယ်နဲ့ ကြည်ဖြူက ကျနော့်ဘက်ကို လှည့်ပီး ဒီကောင်ပြောနေတာ အမှန်အကန် ဟုတ်ရဲ့လားဆိုတဲ့ အကြည့်မျိုး.. ကျနော် ဟားတိုက်ရယ်မောလိုက်တဲ့အခါ သက်နိုင်က ထလာပီး လည်ပင်းကို လာညှစ်ခဲ့တယ်.. နောက်တော့ သူငယ်ချင်းတွေရဲ့ ရယ်မောသံတွေ ကြည်ဖြူက ‘တော်တော့ ဒီနှစ်ကောင်… လည်ပင်းကို တအားမညှစ်နဲ့လေ..’ နောက်တော့ ကြည်ဖြူ့ခေါင်းကို သက်နိုင်က ဆွဲဖွပစ်လိုက်ပီး မျက်နှာစူပုတ်ပုတ်နဲ့ ဟိုဘက်မှာ သွားထိုင်နေခဲ့တယ်..
အားလုံးရဲ့ ရယ်မောသံတွေက ဆူညံနေခဲ့တယ်.. အပျော်တွေချည်းပဲ စုရုံးထားတဲ့ သူငယ်ချင်းအုပ်စု လေးထဲက ပြောင်းလဲမှုတွေက တဖြည်းဖြည်း အသွင်ပြောင်းစပြုလာခဲ့တယ်.. သက်နိုင်က အဲ့ဒီကောင်မလေးနဲ့ ကြိုက်သွားသလို ရဲရင့်က သူငယ်ချင်း အချင်းချင်း ယုယကို ချစ်မိနေပီလို့ ကျနော့်ကို တိုင်ပင်တဲ့အခါ ကျနော်တော်တော် အံ့သြသွားမိတယ်.. ရဲရင့်ရဲ့ မျက်လုံးတွေမှာ အချစ်ရဲ့ အရိပ် အရောင်တွေ တွေ့ရှိလာတဲ့အခါမှာ ကျနော်လဲ ချစ်တတ်ချင်စပြုလာခဲ့တယ်…
ဖျားနေပေမဲ့ ကျောင်းကို ရောက်အောင်လာခဲ့တယ်.. သိပ်ချစ်ရတဲ့ သူငယ်ချင်းလေးရဲ့ ဂရုစိုက်မှုကို ကျနော်လိုချင်လို့လေ.. ဖျားနေတယ်ဆိုပီး ခုံပေါ်မှာ ခေါင်းမှောက်ပီး အိပ်နေတဲ့အခါ ကြည်ဖြူက သူ့ရဲ့ လက်ကိုင်ပဝါလေးနဲ့ ကျနော့်ရဲ့ နဖူးက ချွေးစတွေကို သုတ်ပေးနေခဲ့တယ်.. ကျနော်အိပ်နေရင်းနဲ့ ကြည်ဖြူ့ရဲ့ မျက်နှာလေးကို ငေးကြည့်နေမိတယ်.. စိုးရိမ်မှုတွေနဲ့ ဝိုင်းရံနေတဲ့ မျက်လုံး နက်နက်ကလေးရဲ့ အတွင်းပိုင်းမှာ ကျနော့်အတွက် အကြင်နာတွေကို တွေ့လိုက်ရသလိုပဲ.. သူမရဲ့ လက်ကလေးကို ဆွဲကိုင်ပီး ကျနော့်ပါးပေါ်မှာ တင်ထားမိတယ်.. ဒီလိုသာ သူမရဲ့လက်ကလေးကို တစ်သက်တာ ဆွဲကိုင်ခွင့်ရမယ်ဆိုရင် ကျနော် ဘယ်လောက်
ကံကောင်း လိုက်မလဲလို့လဲ တွေးနေမိတယ်..
ကြည်ဖြူ့ရဲ့ မျက်လုံးကလေးတွေက ဝိုင်းပီး ကြင်နာတဲ့အကြည့်ရှိတယ်.. အဲ့ဒီ မျက်လုံးလေးတွေကို ကျနော် ချစ်နေမိတယ်.. ပီးတော့ ချစ်စရာကောင်းတာ တစ်ခုက ဘယ်သူ့အပေါ်မဆို ကြင်နာတတ်တဲ့ နှလုံးသားရှိတာ ကြင်နာတတ်တဲ့စိတ် ရှိတာပဲ.. သူငယ်ချင်းတွေ အပေါ်မှာ အရမ်းပဲ ခင်တွယ်တယ်.. စားစရာ တစ်ခုခုဆိုလဲ သူ မစားဘဲ သူငယ်ချင်းတွေကို ကျွေးချင်တဲ့စိတ်ရှိတယ်.. တစ်ခုခု သဘောကျပီဆို မျက်လုံးကလေးတွေကပါ အရောင်တောက်လာပီး ရယ်မောတတ်တဲ့ မိန်းခလေးကို ကျနော် တဖြည်းဖြည်း မြတ်နိုးလာနေမိတာပဲ…
အဲ့ဒီနေ့က ကျနော်နဲ့ ဇော်ဇော် ကျောင်းကို အစောကြီးရောက်နေခဲ့တယ်.. ဝရံတာမှာထိုင်ပီး ကျနော်တို့ရဲ့အဆောင်ဘက်ကို လမ်းလျှောက်လာတဲ့ ကောင်မလေးတွေကို ထိုင်ငေးရင်း စကားတွေ ပြောနေမိတယ်… အဲ့ဒီအချိန်မှာ ကြည်ဖြူနဲ့ ငုဝါ အဆောင်ဘက်ကို ကွေ့ဝင်လာတာကို တွေ့လိုက်ရတော့
‘ဟာ ဟိုမှာ ကြည်ဖြူတို့ဟေ့… သူတို့လာတာ အတော်ပဲ တို့တွေ ကင်တင်းန်သွားရအောင် ဟိုကောင်တွေကိုသာ စောင့်ရရင် ငါတို့ ဗိုက်ဆာတာနဲ့ သေမှာပဲ’ ဇော်ဇော်ရဲ့ ဝမ်းသာအားရ လေသံကို ကျနော်လဲ ထောက်ခံလိုက်တယ်…
ကျနော်တို့နှစ်ယောက် ကျောင်းဆောင်အောက်ကို အပြေးအလွှားဆင်းလိုက်တဲ့အခါ ကျောင်းဆင်ဝင်အောက်ကို ရောက်လာပီဖြစ်တဲ့ ကြည်ဖြူနဲ့ ငုဝါတို့ အလန့်တကြား ဖြစ်သွားကြတယ်
‘အယ်မလေး….. ဘာဖြစ်ကြတယ် မသိ.. ဖြည်းဖြည်းသက်သာ ဆင်းကြပါ.. ချော်လဲမှဖြင့် ဟံသာရယ်’
ဇော်ဇော်က ပြုံးစိပြုံးစိလုပ်ပီး ‘အေးပါ ငါ့ကျတော့ မပူနဲ့သိလား ငုဝါ.. ဟံသာ့ကိုပဲ ပူ’
‘အယ် ဟုတ်ပါဘူး ဇော်ဇော်နော်… သေဦးမယ်’
ငုဝါရဲ့ ရှက်သွားတဲ့ မျက်လုံးတွေက ရီဝေဝေဖြစ်နေခဲ့တာကို ကြည့်ရင်း.. တခါတရံ တိတ်တခိုး ကြည့်တတ်တဲ့ သူမရဲ့ မျက်လုံးလေးတွေကို ကျနော် သတိထားလာမိတဲ့အခါ ရင်ထဲမှာ စိုးထိတ်မှုတစ်ခုက ဘာမှန်းမသိ ကျနော့်ရင်ထဲ ဝင်လာခဲ့တယ်…
ပျော်ရွှင် ရယ်မောနေတတ်တဲ့ ကြည်ဖြူ့ရဲ့ မျက်နှာလေးကို ခိုးကြည့်မိတဲ့အခါ ကျနော့်လိုပဲ ကျနော့်ကို ခိုးကြည့်နေတဲ့ ငုဝါရဲ့မျက်လုံးလေးတွေကို သတိထားလာမိတယ်..
ကျနော်ကတော့ ငုဝါကို သူငယ်ချင်းတစ်ယောက်ထက် မပိုခဲ့.. ကျနော် ချစ်တဲ့သူက ကြည်ဖြူ ဆိုတာ ပိုပိုပီး သေချာလာတဲ့အချိန်မှာပဲ ကျနော့် ရင်ထဲက စိုးရွံ့မှုတွေကို အတည်ပြုပေးခဲ့တာက ဇော်ဇော်ပင်..
‘မင်း ငါတို့ထဲက တစ်ယောက်ယောက်ကို ကြိတ်ကြိုက်နေတယ် မဟုတ်လား ဟေ့ရောင်.. မင်းက မပွင့်မလင်းနဲ့ ဘာဖြစ်လဲကွ ကြိုက်ရင် ကြိုက်တယ်ပေါ့.. တကယ်လို့ ဖွင့်မပြောရဲရင်လဲ ငါတို့ ကူပေးမှပေါ့ကွ’
‘ဘယ်သူလဲ ငုဝါ မဟုတ်လား.. ငါ သိပါတယ်ကွ.. ကောင်မလေးကလဲ မင်းကို ကြိုက်နေတဲ့ပုံပဲ.. ငါတို့ သေသေချာချာ စုံစမ်းပီးမှ ပြောတာနော်..’
ကျနော့်ရင်ထဲက အံ့အားသင့်မှုက ရင်ခုန်သံတွေတောင် ရပ်တန့်သွားတဲ့အထိပင်.. ကျနော့်ကို ရယ်ဟဟနဲ့ ကြည့်နေတဲ့ ဇော်ဇော့်ကို ဘာပြန်ပြောရမှန်းမသိ ဖြစ်နေခဲ့တယ်..
‘ဟေ့ကောင် ဘာဖြစ်တာလဲကွ.. မဟုတ်ဘူးလား’
ဇော်ဇော်က ကျနော့်ကို ဇဝေဇဝါ မေးနေခဲ့တယ်.. ဘာပြန်ပြောရမှန်း မသိခဲ့ဘူး.. စကားလုံးတွေ ဆွံ့အနေခဲ့တယ်..
‘ဒါဆို …. ဟံသာ… မင်း တကယ် ငုဝါကို မကြိုက်ဘူးလား …. ငါတို့ မင်းကျောင်းပျက်တဲ့ နေ့က စကြနောက်ကြရင်းနဲ့ အဲ့ဒီအကြောင်းက အတည်ဖြစ်သွားခဲ့တာကွ.. ငါတို့အားလုံးကလဲ မင်းကို ငုဝါနဲ့ဆို လိုက်တယ်ဆိုပီး……’
‘ငုဝါရှေ့မှာပဲ စကြတာလား’ သူ့ရဲ့ အေးစက်စက်အမေးကို ဇော်ဇော်က ခေါင်းညိတ်ပြခဲ့တယ်..
အဲ့ဒီအချိန်ကတည်းက ငါတို့ရဲ့ နက္ခတ်က လွဲခဲ့တာပဲ ကြည်ဖြူ.. ငါ့ရဲ့ စိတ်ဆန္ဒလဲ မဟုတ်ခဲ့ဘူး.. နောက်ပီး ငါ ချစ်တဲ့သူလဲ မဟုတ်ခဲ့ဘူး.. ဒါပေမဲ့ ငါ ကံမကောင်းခဲ့ဘူး.. လူတိုင်း လူတိုင်း သူချစ်တဲ့သူ သူ့ကို ပြန်ချစ်နိုင်ဖို့ နည်းမျိုးစုံသုံးပီး ကြိုးစားခွင့်ရခဲ့တဲ့အချိန်မှာ ငါကတော့ ငါချစ်တဲ့ နင့်ကို ငါ့ဘက်က ချစ်တယ်လို့ ဖွင့်မပြောပြခင်ကတည်းက ဆုံးရှုံးခဲ့ရမယ်မှန်း ငါသိနေနှင့်ခဲ့တယ်….
နင်နဲ့ ငုဝါရဲ့ သံယောဇဉ်အတိမ်အနက်တွေထဲမှာ ငါ့ရဲ့ ချစ်ခြင်းအတွက် ဆုံးဖြတ်ချက်တွေ ပါလာနိုင်မယ်ဆိုတာ ငါသိနေနှင့်ခဲ့လို့ပဲ...
အားလုံးဟာ ကံဇာတ်ဆရာရဲ့ ကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်းပဲ ဖြစ်ပျက်ခဲ့တယ်.. ဒါပေမဲ့ ငါ့အလိုကျတော့ မဟုတ်ခဲ့ဘူး.. အဲ့ဒီအတွက် ကံကြမ္မာကို ငါ စိန်ခေါ်ခဲ့ရတယ်.. တန်ပါတယ် ကြည်ဖြူ အနည်းဆုံးတော့ ငါ နင့်ကိုချစ်တယ်ဆိုတာကို နင်သိခွင့်ရခဲ့တယ်.. ဒါပေမဲ့ နင် ပြန်မချစ်နိုင်တဲ့ အတွက်တော့ ငါ ဝမ်းနည်းခဲ့ရတယ်.. ဒါပေမဲ့ ဒါဟာ ဖြစ်သင့်တယ်လို့တော့ ငါ လက်ခံပါတယ်..
နင်က ငုဝါကို ငဲ့ညှာပီး ဆုံးဖြတ်မှာဖြစ်သလို ငါကလဲ ငါတို့ရဲ့ သူငယ်ချင်းအဖြစ်တွေကို ငဲ့ညှာပီး ငါ့ရင်ထဲက ခံစားချက်တွေကို အတတ်နိုင်ဆုံး ဖိနှိပ်ခဲ့တာပဲ ကြည်ဖြူရယ်…. ဒါပေမဲ့ ငါ ဟန်မဆောင်နိုင်ခဲ့ဘူး..
အဲ့ဒီနေ့က နောက်ဆုံးအတန်းချိန်တွေကို လစ်ပီး ကွန်ဗိုကေးရှင်းရဲ့ အနောက်ဘက်မှာ ငါတို့ သူငယ်ချင်းတစ်စု ထိုင်နေခဲ့တယ်.. ငါက ဂစ်တာတီးနေခဲ့တယ်.. ငါ့ဘေးနားမှာ ထိုင်နေတဲ့ နင်ကတော့ ငါနဲ့အတူ သီချင်းတိုးတိုးလေး လိုက်ညည်းနေခဲ့တယ်.. ဂစ်တာတီးနေရင်း နင့်မျက်နှာလေးကို ခိုးကြည့်နေရတာ ငါ့အတွက်တော့ ချိုမြိန်တဲ့ ခနတာလေးပဲ.. ငါ့ရဲ့ သံစဉ်တွေထဲမှာ နင့်အတွက် ချစ်ခြင်းတွေရှိတယ်.. ငါ့ရဲ့ ရင်ခုန်သံတွေထဲမှာ နင့်ကို မြတ်နိုးခြင်းတွေရှိတယ်.. တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်ကို ငါသတိမပြုမိခဲ့ဘူး.. ငါတို့နှစ်ယောက်ရဲ့ သီးခြားဖြစ်တည်မှုကို သတိထားမိသွားတဲ့ သူငယ်ချင်းတွေရဲ့ မျက်လုံးတွေမှာ အံ့သြမှု အရိပ်အယောင်တွေ တွေ့လိုက်ရတဲ့အခါ ငါ့စိတ်ထဲမှာ နာကျင်သွားမိတယ်..
အဲ့ဒီအချိန်တွေ အတွင်းမှာပဲ နင့်ဘေးကို လူတစ်ယောက်ရောက်လာခဲ့တယ်နော်… ငါ ဘာလုပ်ရမှန်း မသိဘဲ ကယောင်ချောက်ချား ဖြစ်သွားမိတယ်.. အဲ့ဒီလူရဲ့ ပိုင်နိုင်မှုက နင့်ကို ကျောင်းကြိုကျောင်းပို့ လုပ်ပေးနိုင်တဲ့ အဆင့်ဆိုတော့ ငါ့ရင်ထဲက ပူလောင်မှုကို ငါပဲ သိခဲ့တယ်..
ဘာလို့ ငါ့ရဲ့အချစ်က ပွင့်လင်းခွင့်မရတာလဲ.. နောက်ပီး ငါက ငါချစ်တဲ့သူကို ချစ်တယ်လို့ ပြောပိုင်ခွင့်တော့ ရှိရမယ် မဟုတ်လား..
နင့်ရဲ့ ရယ်မောနေတဲ့ မျက်လုံးလေးတွေကို ငါ ရင်ခုန်နေမိတဲ့ အချိန်အတွင်းမှာပဲ ငုဝါရဲ့ ရီဝေဝေမျက်လုံးတွေကို အားနာမိတယ်.. ဒါပေမဲ့ အချစ်မှာ အားနာတာတွေ ငဲ့ညှာတာတွေ မရှိသင့်ဘူးလို့ ငါတစ်ဖက်သတ် တွေးလိုက်မိတဲ့အခါမှာ ရလိုက်ရတဲ့ ရလဒ်ကိုတော့ ငါလက်ခံရမှာပေါ့နော်….
‘ငါ ငါတို့သူငယ်ချင်းအုပ်စုထဲက ကောင်မလေးတစ်ယောက်ကို ချစ်နေမိတယ် ပထမတော့ သူငယ်ချင်းသံယောဇဉ်ကြောင့် ဖွင့်မပြောရဲခဲ့ပေမဲ့ အခုတော့ ငါ သိပ်ချစ်တဲ့ ချစ်သူကို ငါ သိပ်ချစ်တဲ့ သူငယ်ချင်းတွေရဲ့ရှေ့မှာပဲ တစ်ခါတည်း ရင်ဖွင့်ပြချင်တယ်..’
သူငယ်ချင်းတွေ အားလုံးစုံတဲ့အချိန်မှာ ငါ့ရင်ထဲက ခံစားနေရတဲ့ အချစ်ကို သတ္တိရှိရှိ .. မဟုတ်ဘူး မိုက်ရူးရဲဆန်စွာ ငါ ဖွင့်ပြောပြ
ဖြစ်ခဲ့တယ်….
‘နင့်ကို သိပ်ချစ်တယ် ကြည်ဖြူ.. ငါ့အချစ်ကို လက်ခံပါ’
နင့်ရဲ့ မယုံနိုင်တဲ့ အကြည့် နားကြားများ လွဲသလား အထင်မှားမှုနဲ့ ငါ့ရဲ့ မျက်နှာကို မော့ကြည့်လိုက်မိတဲ့ အချိန်မှာပဲ အခြေအနေက ရုတ်တရက် ဝရုန်းသုန်းကား ဖြစ်သွားခဲ့ပီ..
နားမလည်နိုင်မှုတွေ ဇဝေဇဝါဖြစ်မှုတွေနဲ့ တိတ်ဆိတ်သွားတဲ့အချိန်မှာပဲ သက်နိုင်က ‘ဟာ ဟံသာ မင်း မင်း…’ အထစ်ထစ် အငေါ့ငေါ့စကားသံအဆုံးမှာပဲ ထထွက်သွားတဲ့ ငုဝါ.. ငုဝါရဲ့နောက်ကို အပြေးတစ်ပိုင်းလိုက်သွားတဲ့ ယုယနဲ့ အားလုံးက ဘာလုပ်ရမှန်း မသိ ဖြစ်သွားခဲ့တယ်..
နင့်ရဲ့ မျက်ရည်တွေ ရစ်ဝဲလာတဲ့ မျက်လုံးလေးကို နှမြောတသ ငေးကြည့်နေမိပေမဲ့ ငါလုပ်လိုက်တဲ့ ဖြစ်ရပ်အတွက်တော့ ငါ နောင်တမရခဲ့မိဘူး ကြည်ဖြူရယ်…
‘ဒီလိုဖြစ်လိမ့်မယ်လို့ နင် ကြိုတင် တွက်ဆထားတာပဲ ဟံသာ.. နင့်ရဲ့ သတ္တိရှိမှုကိုတော့ လေးစားပါတယ်… ဒါပေမဲ့ ငါတို့ရဲ့ ပျော်ရွှင်မှုတွေက ရပ်ဆိုင်းသွားပီ.. ငါ နင့်ကို မုန်းရလိမ့်မယ်..’
ကျောခိုင်းလှည့်ထွက်သွားတဲ့ ကြည်ဖြူရဲ့ ပါးပြင်ပေါ်က မျက်ရည်တစ်စက်ရဲ့နောက်မှာ အလဲလဲ အပြိုပြိုဖြစ်ခဲ့ရတယ်…
ငါရယ် ဇော်ဇော်ရယ် သက်နိုင်ရယ် ရဲရင့်ရယ် ဘီယာဆိုင်တစ်ဆိုင်မှာ ထိုင်နေခဲ့တယ်.. အဲ့ဒီတုန်းက ဘာလုပ်ရမှန်း မသိတဲ့ ခံစားချက်တွေနဲ့ ငါရော သူတို့တွေရော အားလုံးမူးနေခဲ့ပီ..
သက်နိုင်ဆီက ‘အဟား…. အချစ်သူရဲကောင်းကြီးပေါ့ ဟုတ်လား ဟံသာ.. မင်းကွာ ဒီလိုပြောဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့မိသမျှ .. အားလုံးကို သေချာရှင်းပြပီး ငါတို့လဲ ဝိုင်းဝန်း ကူညီဖြေရှင်းပေးရင် ပြေလည်နိုင်မယ့် အခြေအနေကို မင်း ပြဿာနာကြီးကြီး ဖြစ်အောင် လုပ်လိုက်တာပဲ’
‘မင်း ဒီလိုလုပ်လိုက်လို့ ရလာမယ့် ရလဒ်က ဘာလဲ.. မင်း ကြည်ဖြူ့ရဲ့စိတ်ကို မသိဘူးလား.. ငုဝါကိုရော.. ငုဝါရော ဘယ်လိုခံစားရမလဲလို့ မင်း ထည့်မတွက်ခဲ့ဘူးလား..’
ငါ ထပ်ပီး ဘယ်သူတွေရဲ့ ဘယ်လို အပြစ်တင်စကားမျိုးကိုမှ လက်မခံနိုင်တော့ဘူး ကြည်ဖြူရယ်… နင့်ရဲ့ မျက်ရည်တွေနဲ့တင် ငါ့ရင်က အထိမခံနိုင်လောက်အောင် နာကျင်နေခဲ့ရပီပဲ…
‘ငါ့ရဲ့ရင်ထဲကိုရော ဘယ်သူခံစားပေးမှာလဲ ဟင်.. ငါကရော ငါချစ်တယ်ဆိုတဲ့သူကို အနည်းလေးတော့ ချစ်တယ်လို့ ဖွင့်ပြောခွင့်ရသင့်တယ် မဟုတ်လားကွ’
နာကျင်မှုကြောင့် အားလုံးကို မျက်နှာချင်းမဆိုင်ခဲ့ပေမဲ့ နင့်ဆီက အချစ်ကို ရမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားခဲ့မိသမျှ အဲ့ဒီအစား ငါ မမေ့နိုင်ခဲ့တဲ့ အမုန်းတွေကိုပဲ ရခဲ့တယ်..
အဲ့ဒီညနေခင်းလေးပေါ့.. ဝဋ်ကြွေးတော်ပြေဘုရားလေးရဲ့ မြစ်ကမ်းစပ်နဖူးဘေးမှာ နင်ရပ်နေခဲ့တယ်.. ဒီနေရာလေးက ငါတို့ သူငယ်ချင်ေးတွ အမြဲ လာရောက်နေကျနေရာလေ.. စာလာကျက်နေကျ.. ဒီဘက်ကမ်းကနေ ဟိုဘက် မယ်လမုဘုရားကို လှေနဲ့ကူးပီး ဘုရားဖူးနေကျ နေရာလေးပေါ့.. အခုတော့ ပျော်စရာတွေ ပျောက်ကုန်ပီ….
‘ငါ နင့်ကို မချစ်ဘူး ဟံသာ… ဒါဟာ ငါ့အတွက်ရော ငုဝါအတွက်ရော နင့်အတွက်ရော စဉ်းစားပီးမှ ပေးခဲ့တဲ့အဖြေပဲ… နင့်ကို မချစ်ဖို့ ဆုံးဖြတ်လိုက်တယ်… ငါ နင့်ကို မချစ်ဘူး’
ရင်တစ်ခုလုံး ယိုင်ထွက်သွားခဲ့ပီး အသည်းနှလုံးက နာကျင်မှုကို လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရပေမဲ့ ကြည်ဖြူ့ကိုတော့ စကားတစ်ခွန်းပဲ မေးဖြစ်ခဲ့တယ်.. ထပ်ရခဲ့တဲ့ နာကျင်မှုအတွက်တော့ ဘယ်တော့မှ မမေ့နိုင်ခဲ့တော့ဘူး..
‘ငုဝါကြောင့် ဆိုရင်တော့ ခနမေ့ပေးပါ ကြည်ဖြူရယ်… နင့်ရဲ့ ခံစားချက်အမှန်ကို ငါ့ကို သိခွင့်ပေးပါ’
‘ငါ နင့်ကိုချစ်တယ် ကြည်ဖြူ’
‘ထပ်မေးလဲ ငါပေးမယ့်အဖြေက ဒီအဖြေပဲ ဟံသာ.. ငါ နင့်ကို မချစ်ဘူး.. နင့်ကို သူငယ်ချင်း သံယောဇဉ်ဆိုတာထက် ပိုပီး ငါ ပိုမချစ်ခဲ့ဘူး’
အကြင်နာတရားကြီးမားတဲ့ မိန်းခလေးဟာ အခုတော့ သိပ်ရက်စက်တဲ့သူကြီးလိုပင် သူ့အသည်းကို အစိတ်စိတ်အမြွှာမြွှာ ခွဲခြေခဲ့တယ်…
အဲ့ဒီစကားလုံးတွေရဲ့ နောက်မှာ ဘယ်လိုမှ မရပ်တည်နိုင်ခဲ့တော့ဘူး ကျောင်းနောက်ဆုံးနှစ် ဆိုတာကို ငါမေ့ပစ်လိုက်တယ်.. အားလုံး အားလုံး…. သူငယ်ချင်းတွေကိုရော စာသင်ခန်းကိုရော ရင်ထဲက အချစ်တစ်ခုရယ် ငါချစ်ခဲ့တဲ့ မိန်းခလေးရယ်ကလွဲရင် အားလုံးကို မေ့ပစ်လိုက်တယ်..
မေမေ့ကို အတင်းအကျပ် ပူဆာခဲ့တယ်… နိုင်ငံခြားထွက်ဖို့ အားလုံးပြင်ဆင်ပီးတဲ့အချိန်မှာ လုံလောက်တဲ့ ဘယ်လို အသက်မွေးမှု ပညာရပ်တွေမှ ငါ့မှာမရှိခဲ့ဘူး.. ဒါပေမဲ့ မချစ်ဘူးလို့ ပြောခဲ့တဲ့ ချစ်သူရဲ့ ဘေးနားမှာတော့ ငါ မနေနိုင်ခဲ့ဘူး.. စိမ်းကားတဲ့ အကြည့်ထက်စာရင် တစ်ပြည်ရပ်ခြားမှာပဲ ငါ အသည်းကွဲခံတော့မယ် ချစ်သူ..
ဟိုမှာ ဘယ်လောက် အခက်အခဲကြုံပါစေ မချစ်ဘူးလို့ ပြောခဲ့တဲ့ နင့်ရဲ့ရှေ့မှာ ငါ အသက်မဲ့ခဲ့တဲ့ အချိန်တွေလောက်တော့ မခက်ခဲခဲ့ဘူးလို့ပဲ အမြဲမှတ်ယူခဲ့တယ်.. ငါ မိန်းခလေးတွေ တစ်ယောက်ပီး တစ်ယောက် ထည်လဲတွဲနေတဲ့အချိန်မှာ နင့်ဘေးနားမှာ နင့်ရဲ့ အိမ်ထောင်ဖက်အဖြစ် လူတစ်ယောက် ရှိနေတယ် ဆိုတာကို ငါ သိလိုက်ရတဲ့အချိန်မှာ ငါ ဘယ်လိုမှ နေမရခဲ့ဘူး ကြည်ဖြူ.. လေးနှစ်တိတိ ခွဲခွာခဲ့တဲ့ မြန်မာပြည်ကို ပြန်လာရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က နင့်ရဲ့ မျက်နှာကို ထပ်မြင်ချင်တာပါပဲ…
နှစ်တွေ အကြာကြီးပြောင်းလဲသွားလဲ ငါ့ရင်တွင်းက ချစ်စိတ်တွေ မပြောင်းလဲဘူးဆိုတာကို သိလိုက်ရတဲ့အခါ နင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဖို့ ငါ ဆုံးဖြတ်ခဲ့တယ် .. နင်က အရင်တုန်းက အတိုင်းပဲ ချိုမြိန်တဲ့အပြုံးလေးနဲ့ ချစ်စရာကောင်းနေတုန်းပဲ… နင့်မျက်နှာကို ပြန်မြင်မိတဲ့အခါ ငါ့ရင်ဘတ်ထဲက နှလုံးသားက အရင်အတိုင်းပဲ လှိုက်ခုန်နေဆဲပဲ ကြည်ဖြူရယ်…
ငါ နိုင်ငံခြားကို ထွက်သွားပီဆိုတာကို တော်တော်ကြီးကြာမှ သိလိုက်ရတဲ့ နင်က နင့်ရှေ့မှာ ပြန်မြင်ရတဲ့ သူငယ်ချင်းကို အံ့အားတသင့် ကြည့်နေခဲ့တယ်နော်… နင့်ရဲ့ မျက်လုံးလေးတွေမှာ မျက်ရည်ကြည်တွေ မြင်ရတဲ့အခါ ငါ ယူကျုံးမရတဲ့စိတ်နဲ့ ဝမ်းနည်းမိတယ်.. နင် ဝမ်းသာနေတာကို ကြည့်ပီး ငါလဲ ပျော်ရွှင်မိတယ်.. ဒါပေမဲ့ ခနတာလေးပဲ ဖြစ်သွားတယ် ကြည်ဖြူ.. နင့်ဘေးကို ရောက်လာတဲ့ နင့်ရဲ့ ကိုကိုကို ငါမြင်လိုက်ရတဲ့အခါ ငါ့ရင်ထဲက ချစ်ခြင်းတရားတွေက ငြိမ်သက်သွားခဲ့တယ်…
ပိုင်နင်းမှုနဲ့ နင့်ကို နှုတ်ဆက်လိုက်တဲ့ အဲ့ဒီလူရဲ့ ဖော်ရွေတဲ့ စကားလုံးတွေအောက်မှာ ငါ ရိုင်းစိုင်းချင်စိတ်တွေ ပေါက်လာမိတယ်.. နင့်လက်ကို ဆွဲပီး အဝေးကြီးကို ထွက်ပြေးသွားမယ်လို့ ကြံစည်ခဲ့ပေမဲ့ အဲ့ဒီနေ့က နင့်လက်ကိုဆွဲပီး ထွက်သွားတဲ့လူက ငါ မဟုတ်ခဲ့ဘူး ကြည်ဖြူ..
ဒဏ်ရာတွေ အသစ် အသစ် ဖြစ်လာခဲ့သလို အချစ်တွေကလဲ မဟောင်းနွမ်းဘဲ လန်းဆတ်နေတုန်းပဲ…
နင်နဲ့ ငါ ရှားရှားပါးပါး ကော်ဖီဆိုင် အတူထိုင်ဖြစ်ခဲ့တဲ့နေ့ပေါ့... ငါ့ကိုကြည့်နေတဲ့ နင့်ရဲ့ မျက်လုံးတွေကို ငါ ကြည်နူးမိတယ်.. နင့်ရဲ့ ရင်ထဲမှာ ငါ့အတွက် သံယောဇဉ်တွေ ရှိနေသေးတယ်လို့ ငါ သိလိုက်ရတဲ့အခါ ပြောမပြတတ်အောင် ငါဝမ်းသာမိတယ်..
နင့်ရဲ့လက်ကို ငါဆုပ်ကိုင်ထားမိတယ်.. နင့်ရဲ့ လက်ကလေးတွေက ဟိုးအရင်ကအတိုင်းပဲ နွေးထွေးနေတုန်းပဲ… ငါ သိပ်ပျော်မိတယ် ကြည်ဖြူရယ်.. ဒီအချိန်မှာတော့ ငါ ချစ်တဲ့နင့်ကို ထပ်အဆုံးအရှုံးမခံရတော့ဘူးလို့ပဲ ငါထင်ထားမိခဲ့တယ်…
‘ငါ တောင်းပန်ချင်ခဲ့တယ် ဟံသာရယ်.. နင် နိုင်ငံခြားကို ထွက်သွားပီဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ငါ ဝမ်းနည်းမိတယ်…. အမြဲတမ်း နင့်ကို သတိရမိတယ်.. ဟိုမှာ နင် ဒုက္ခရောက်နေမလား.. နင် အဆင်မှ ပြေပါ့မလားဆိုတဲ့ အတွေးမျိုး တွေးမိတိုင်း ငါ ဝမ်းနည်းရတယ်’
နင့်ရဲ့ စကားသံတွေ အကြင်နာတွေအောက်မှာ ငါပျော်ရွှင်မိတယ်.. ဒါပေမဲ့ ငါက ခဲမှန်ဖူးတဲ့ စာသူငယ်လိုပဲ နင့်ကိုချစ်တယ်လို့ ပြောဖို့ ငါ တွန့်ဆုတ်ခဲ့တယ်.. နင်လဲ ဒါကို သတိထားမိပုံပဲ.. ဒါပေမဲ့ နင်အထင်တွေနဲ့ ငါ့ရင်ဘတ်ထဲက ခံစားချက်တွေက ဒီတစ်ခါလဲ လွဲခဲ့တယ် ချစ်သူရယ်.. ဒါကို ငါ သိလိုက်ရတဲ့အချိန်မှာ အရာရာဟာ သူ့အလိုလို ဖြစ်ပျက်နေခဲ့ပီးပီ..
နင့်ရဲ့ရှေ့က မိန်းခလေးကို မြင်လိုက်ရတဲ့အချိန်မှာ ငါတော်တော် စဉ်းစားခဲ့ရတယ်.. နောက်တော့မှ အဲ့ဒီမိန်းခလေးရဲ့ နာကျည်းတဲ့အပြုံးကို မြင်လိုက်ရတော့မှ ငါ သတိရမိတယ်.. ငါ အသည်းခွဲခဲ့ဖူးတဲ့ မိန်းခလေးတွေထဲက မိန်းခလေးတစ်ယောက်မှန်း သိလိုက်ရတဲ့ အခါမှာ ဘယ်လို ဖြေရှင်းချက်မျိုးမှ နင့်ကို မပေးချင်တော့ဘူး.. အဲ့ဒီမိန်းခလေးနဲ့ နင့်ရဲ့ ရင်းနှီးမှုတွေကလဲ ငုဝါနဲ့ နင့်ရဲ့ရင်းနှီးမှုတွေလိုပါပဲ.. ငါ့ရင်ထဲက ပြောချင်တဲ့စကားလုံးတွေက နင့်ရဲ့ အထင်မှားမှုတွေ သံသယစကားလုံးတွေ အောက်မှာ ထပ်ပျောက်ပျက်ခဲ့ရပြန်တယ်နော်..
‘ငါ သတင်းတွေ အမျိုးမျိုး ကြားခဲ့ဖူးသားပဲ ဟံသာရယ်.. ဒါပေမဲ့ ဒါတွေဟာ ကြားစကားတွေလိုပဲ ငါ မှတ်ခဲ့မိတယ်… မယုံခဲ့ဘူး ဟံသာရယ်.. ငါ့သူငယ်ချင်းလေးဟာ အခုလောက်အထိ ပြောင်းလဲသွားခဲ့ပီမှန်း ငါမသိခဲ့ရဘူး….’
‘အဲ့ဒီမိန်းခလေးတွေကို နင် ချစ်ခဲ့ဖူးသလား’
‘ချစ်တယ်ဆိုတဲ့ စကားကို ငါ ဘယ်တော့မှ မပြောခဲ့ဘူး ကြည်ဖြူ.. မချစ်ဘူးလို့ ထပ်အငြင်းခံလိုက် ရရင် နောက်ထပ် ပြေးပုန်းစရာနေရာ ငါ့အတွက် မရှိတော့လို့… အဲ့ဒီမိန်းခလေးတွေကို တွဲခဲ့ဖူးတာ မှန်ပေမဲ့ ငါ့အတွက်ကြောင့်တော့ ဘယ်သူမှ မနစ်နာခဲ့ဘူး’
‘ချစ်တယ်ဆိုတဲ့ စကားကို နင် ဘယ်တော့မှ ထပ်မပြောတော့ဘူးဟုတ်လား ဟံသာ’
တိုးဖွဖွ ရေရွတ်လိုက်တဲ့ နင့်ရဲ့စကားသံအဆုံးမှာ ငါတို့ရဲ့ အချစ်တွေဟာ အဆုံးသတ်မှားခဲ့ပီမှန်း သိခဲ့ရတယ်.. ဒီတစ်ခါ ထပ်ကွဲခဲ့ရတဲ့ အသည်းဟာ ဘယ်တော့မှ နာလန်မထူနိုင်လောက်အောင်ပဲ နာကျင်ခဲ့ရပီ ကြည်ဖြူရယ်.. ဒါပေမဲ့ ငါ ကျေနပ်တယ်.. နင့်ရင်ထဲမှာ ငါ့အတွက် ချစ်ခြင်းတွေ ရှိနေတယ် ရှိခဲ့တယ်ဆိုတာကို ငါသိခဲ့ရလို့ပဲ.. ကံကြမ္မာကိုတော့ ငါတို့ အရှုံးပေးခဲ့ရတာပေါ့ဟာ…
နောက်ဆုံးတော့လဲ ငါတို့နှစ်ယောက်ဟာ မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းပါပဲ ကြည်ဖြူ… ငါ့အတွက် လို့ ရည်စူးခဲ့သမျှဟာ အမြဲတမ်း အတားအဆီးတွေ ရှိနေမှတော့ ငါ နင်နဲ့ အဝေးဆုံးလမ်းကို ထပ်ရွေးရတော့မှာပေါ့…. ဒီတစ်ခေါက် လမ်းခွဲကြမယ်ဆိုရင်တော့ ငါတို့နှစ်ယောက် ပြန်ဆုံဖို့ မရှိတော့ဘူး ကြည်ဖြူ.. ဒါဟာ နောက်ဆုံးပဲ…
ဒါပေမဲ့ နင်က ငါ့ထက် ပိုပြတ်သားခဲ့တယ်.. နင့်နဲ့ အဝေးဆုံးကို ထပ်ပီး ပြေးတော့မယ်လို့ ငါ ဆုံးဖြတ်ခဲ့ပေမဲ့ နင်ကတော့ ငါနဲ့ ပြန်မဆုံဖြစ်တော့မယ့်လမ်းကို သတ္တိရှိရှိ ရွေးသွားခဲ့တယ်.. နင် ပေးခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်အောက်မှာ ငါ နင့်ကို လက်လွတ်ဆုံးရှုံးရပီဆိုတာကို အသေအချာ သိလိုက်ရတယ်…
‘ငါ့ကို ချစ်တယ်လို့ ဖွင့်ပြောတဲ့လူရဲ့ အချစ်ကိုပဲ ငါ့မှာ လက်ခံခွင့်ရှိတယ် ဟံသာ..’
နင်ပြောခဲ့တဲ့ စကားလုံးရဲ့နောက်မှာ ငါ နောက်တစ်ကြိမ် အသည်းထပ်ကွဲခဲ့တယ်.. ဒီတစ်ခါ ကွဲရတာကတော့ ပြန်ကို မဆက်နိုင်တော့အထိပါပဲ.. နောက်ဘဝဆိုတာများရှိခဲ့ရင် ကံကောင်းတဲ့ချစ်ခြင်းကိုသာ ပိုင်ဆိုင်ရပါလို၏လို့ ငါ ဆုတောင်းခဲ့တယ် ကြည်ဖြူ.. နင်ရွေးချယ်လိုက်တဲ့ဘဝမှာ ပျော်ရွှင်ပါစေလို့ ………..
ပြည့်စုံ
(၁၆-၉-၂၀၀၉၊ ၁၁း၄၄ pm)
Sunday, September 13, 2009
စိတ်ကူးယဉ်အိပ်မက်
ကြွေကျလို့ မြေခပေမဲ့လဲ
ခရေပွင့်ကလေးခမျာ
သူ့သဘာဝအရ မွှေးမြနေတုန်းပဲ
ပင်ယံထက်မှာ ငွားငွားစွင့်စွင့်ရှိခဲ့တဲ့
ပန်းပိတောက်လဲ
တချိန်ချိန်တော့ ကြွေကျမြေခရတာပဲ အချစ်ရယ်
မင်းအတွေးနဲ့မတူ
တမူကွဲပြားတဲ့
စိတ်ကူးယဉ်အိပ်မက်တွေနဲ့ ကိုယ်မက်နေလဲ
တချိန်ချိန်တော့ အိပ်မက်က နိုးထရမှာပဲ
ငါက အချစ်မက်တယ်
မေ့မပစ်ရက်တာကလွဲလို့
အချစ်အတွက်ဆိုပီး
မင်းကို အသည်းနဲ့ထပ်တူ ချစ်မက်မိတယ်
ကောင်လေးရေ
ပြောပြခွင့်များရှိရင်လေ
ငါ မင်းအတွက်
ငါ့နှလုံးသားကိုပေးအပ်
ငါ့အသက်နဲ့ ထပ်တူ ထာဝရချစ်ပါရစေ……
ပြည့်စုံ (၉-၉-၂၀၀၉၊ ၁၁း၅၈ pm)

Friday, September 11, 2009
ကြေးမုံပြင်ထဲက နောက်တစ်ယောက် သို့မဟုတ် ကိုယ့်ကိုယ်ကို အမြင်ကတ်မိတဲ့အကြောင်းများ
သူတစ်ပါးက ကျမကို အမြင်ကတ်ရတဲ့အကြောင်းတွေကို ရေးတာဟာ မှန်းဆချက်သာ ဖြစ်လိမ့်မယ်လို့ ထင်မိတယ်လေ.. ဘာလို့ဆိုတော့ ချစ်ခင်တုန်း အချိန်တော့ ဘာလုပ်လုပ် ချစ်စရာကောင်းနေပီး အမုန်းဝင်လာပီဆိုရင်တော့ ချောင်းဟန့်တာက အစ ပြဿနာ ဖြစ်နေနိုင်တယ်လေ..
လူတစ်ယောက်နဲ့ တစ်ယောက်ဟာ အမြင်ချင်း ခံယူချက်ချင်း ယုံကြည်ချက်ချင်း မတူညီနိုင်ပါဘူး.. ယုတ်စွအဆုံး ကိုယ့်ရဲ့လက်ချောင်းကလေးတွေတောင် အတိုအရှည်မညီနိုင်သလို လက်မှာတောင် လက်ဖဝါးဘက်နဲ့ လက်ဖမိုးဘက်ဆိုပီး နှစ်ဘက်မတူတဲ့အတွက် လူတစ်ယောက်ရဲ့ စိတ်ဟာလဲ နှစ်မျိုး နှစ်စားရှိနိုင်ပါလိမ့်မယ်.
အဲ့ဒီတော့ အမြင်ကတ်တယ်ဆိုတဲ့ အကြောင်းရင်းဟာ စိတ်ခံစားချက်ပေါ် မူတည်ပီး ဖြစ်နိုင်တဲ့ မှန်းဆချက် သက်သက်မို့ ကျမကတော့ သေချာ ရေရာတဲ့ ကိုယ့်ကိုယ်ကို အမြင်ကတ်မိတဲ့ အကြောင်းကိုပဲ ပြောပြချင်မိတယ်…
ကျမတောင် ကိုယ့်ကိုယ်ကို အမြင်ကတ်မိရင် ကျန်တဲ့လူတွေလဲ ကျိန်းသေပေါက် အမြင်ကတ်ကြပါလိမ့်မယ်….. :P
ပထမဆုံးအချက် ကိုယ့်ကိုယ်ကို အမြင်ကတ်မိတဲ့အချက်က စိတ်ထိခိုက်ခံစားလွယ်တာပါ.. တစ်ခုခုဆို အပြင်းအထန်ခံစားပီး ခံစားချက်ပြင်းလွန်းမိတယ်.. စကားလေးတစ်ခွန်း အကြည့်လေးတစ်ချက် အပြုံးလေးတစ်ပွင့်နဲ့တင် ရင်တစ်ခုလုံး နာသွားတဲ့အထိ ခံစားချက်ပြင်းလွန်းပါတယ်… စိတ်ထိခိုက်တိုင်း စိတ်ထဲမှာ နာကျင်သွားတိုင်း စိတ်ထဲမှာ ဝမ်းနည်းသွားတိုင်း မျက်ရည်သွင်သွင် ကျမိတာပါပဲ.. အဲ့ဒီလို မျက်ရည်ကျတိုင်း ကိုယ့်ကိုယ်ကို မုန်းပါတယ်.. အမြင်ကတ်ပါတယ်.
ဒုတိယအချက်က ဟန်မဆောင်နိုင်တာပါ.. ရင်ထဲမှာ တစ်ခုခု ခံစားလိုက်ရပီ ဆိုတာနဲ့ ဟန်ကို မဆောင်နိုင်တာပါ.. ဝမ်းနည်းသွားတယ်ဆိုရင် ချက်ချင်း မျက်ရည်ဝဲပီး ငိုချင်လာတယ်.. စိတ်ဆိုးသွားတယ်ဆိုရင် နှုတ်ခမ်းစူပီး ဒေါသထွက်လာတယ်.. စိတ်ထဲမှာ နာသွားတယ်ဆိုရင် မျက်နှာချင်းတောင် မဆိုင်ချင်တော့ပါဘူး.. ကိုယ့်ကိုယ်ကို ဟန်ဆောင်တတ်အောင် ဘယ်လိုပဲ လုပ်ယူပါစေ အခုအချိန်အထိတော့ ဟန်ဆောင် မကောင်းဆုံးထဲမှာ ပါနေသေးတုန်းပါပဲ.. ဒါပေမဲ့ အခုတော့ နည်းနည်းတော့ ရင်ထဲမှာ ဝမ်းနည်းပေမဲ့ နှုတ်ခမ်းတွေကို ပြုံးတတ်အောင် လေ့ကျင့်ထားပါတယ်.. မျက်လုံးတွေကတော့ ငိုရီရီ မဲ့တဲ့တဲ့နဲ့ပေါ့..
တတိယအချက်က စိတ်မြန်တာပါ.. လုပ်စရာရှိတာဆို သိပ်မစဉ်းစားဘဲ လုပ်ပစ်မိတာပါ.. အဲ့ဒီလို လုပ်မိတဲ့အတွက် ကိုယ့်ကိုယ်ကို ဖြေသိမ့်မိတဲ့ ဆင်ခြေကတော့ အဲ့ဒီတုန်းက ငါဘာကြောင့် မလုပ်လိုက်ရလေခြင်းထက် ငါလုပ်လိုက်မိတဲ့အဖြစ်ကို ငါခံမယ်ဆိုတဲ့ စိတ်တင်းထားချက်ပါပဲ.. အဲ့တာကြောင့်လဲ သူငယ်ချင်းတွေနဲ့ဖြစ်စေ မိသားစုထဲမှာဖြစ်စေ အလုပ်ထဲမှာပဲ ဖြစ်စေ လုပ်စရာရှိတာဆို လုပ်ပစ်လိုက်လို့ ကျမက အမြဲတိုက်တွန်းပါတယ်.. လုပ်ဖြစ်အောင်လဲ အတင်း တိုက်တွန်းပါတယ်.. တခါတလေ ကိုယ်က ဦးဆောင်ပီး လုပ်လိုက်ပါတယ်.. အဲ့ဒီအတွက် အပြစ်ကတော့ ကိုယ်က ဆရာကြီးသိပ်လုပ်တယ်လို့ သူများက ထင်တာ စွပ်စွဲတာပါပဲ..
စတုတ္တအချက်ကတော့ စိတ်မဝင်စားဘူးဆိုရင် ဘယ်လိုလုပ်လုပ် စိတ်ကို မဝင်စားတာပါပဲ.. စိတ်မဝင်စားတဲ့ အကြောင်းအရာဆိုလဲ ဘေးမှာ ဘယ်လောက် ထိုင်ပြောနေပါစေ ဘယ်လိုမှ ဟန်ဆောင်ပီး နားထောင်လို့ကို မရတာပါ.. ငယ်ငယ်တုန်းက စိတ်ဆိုရင်တော့ ထကို ထွက်သွားတာပါ.. ဒါမှမဟုတ် ပြောနေတဲ့သူက ဘေးက ပြောနေပေမဲ့ ကိုက နားကို မထောင်တာပါ. အခုတော့ အဲ့ဒီလို အရိုင်းစိတ်ကို ဖျောက်ပစ်နေရပါတယ်.. စိတ်မဝင်စားပေမဲ့လဲ အင်း….. လိုက်ရတဲ့ အလုပ်ကို လုပ်တတ်အောင် လေ့ကျင့်နေရပါတယ်.. စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ပါ…
နောက်ဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ ဆုံးမ ဆုံးမ ဦးနှောက်က ဒါမလုပ်နဲ့ဆို နှလုံးသားက လုပ်ဖြစ်အောင် လုပ်မိတဲ့အဖြစ်တွေကိုပါပဲ.. တစ်ခုခု လုပ်မိတိုင်း တစ်ခုခု ခံစားရတိုင်း ရင်ထဲမှာ နာကျင်ရတာ ဝမ်းနည်းရတာတွေကို ပြန်ပြန်စဉ်းစားတိုင်း ကိုယ့်ကိုယ်ကို မုန်းပါတယ် ကိုယ့်ကိုယ်ကို အမြင်ကတ်ပါတယ်..
သူများတွေတော့ ကိုယ့်ကို အမြင်ကတ် မကတ် မသိပေမဲ့ ကျမကိုယ်တော့ ကျမ အင်မတန် အမြင်ကပ်ပါတယ်.. ကိုယ့်ကိုယ်ကို စိတ်ဆိုးတိုင်း မျက်ရည်ကျရတဲ့အဖြစ်ကိုလဲ အင်မတန် မုန်းပါတယ်.. မျက်ရည်တွေ မကုန်နိုင်တာကိုလဲ မုန်းပါတယ်… အမြင်ကတ်ပါတယ်…
ဝက်ဝံလေးရေ မရေးဖြစ် မရေးဖြစ်နဲ့ ခင်ခင်မင်မင် တဂ်ထားတဲ့ သူငယ်ချင်းလေးကို အားမနာ ပါးမနာ စာကို မရေးဖြစ်ဘူး ဖြစ်နေတယ် စိတ်မဆိုးနဲ့တော့နော် အခု ရေးလိုက်ဘီ သိလား…
တဂ်ထားတာနဲ့ ကိုက် မကိုက်တော့ မသိဘူး ရေးပစ်လိုက်တယ် ဟိဟိ…
လာဖတ်တဲ့ သူငယ်ချင်းတွေလဲ အနော့်ရဲ့ အမြင်ကတ်စရာအကြောင်းတွေ ဖတ်ပီး အနော့်ကို အမြင်မကတ်ကြပါနဲ့နော် ချစ်ကြမယ်ဆိုရင်တော့ အားကြီးပျော်မှာပဲ ဟိဟိ
ချစ်တယ်ဟုတ် …. (ချစ်သူနဲ့ ခင့်ကို မေးနေကျအတိုင်းလေး)

Thursday, September 10, 2009
မျှော်လင့်ချက်
ဖြစ်နိုင်မယ်ဆို
ကလေးဘဝကနေ မကြီးပြင်းပါရစေနဲ့တော့လား
လွတ်လပ်ပေါ့ပါးတဲ့ ဘဝအတွက်
လူကြီးအဖြစ်က အသက်ရှုကျပ်သလားလို့
ဖြစ်နိုင်မယ်ဆို
မေမေ့ဘေးက ဝေးမသွားပါရစေနဲ့တော့လား
ငြိမ်းချမ်းအေးမြတဲ့ ဘဝအတွက်
လုံခြုံရာ ရင်ခွင်တစ်ခု လိုအပ်နေသလားလို့
ဖြစ်နိုင်မယ်ဆို
ငါချစ်တဲ့သူနဲ့ အတူတူနေခွင့်ရပါရစေလား
ရင်ခုန်ကြည်နူးခွင့်ရမယ့် ဘဝအတွက်
ထီးတည်းနေရမှုက ခြောက်ကပ်နေသလားလို့
ဖြစ်နိုင်မယ်ဆို
ငါ့မြို့ကလေးကနေ ခွဲမသွားပါရစေနဲ့တော့လား
ခေတ်မီတိုးတက်တဲ့ လူနေမှုစနစ်က
လူပီသမှုကို ခြိမ်းခြောက်နေသလားလို့
ဖြစ်နိုင်မယ်ဆို
ကိုယ်ယုံကြည်ရာသာ ကိုယ်လုပ်ခွင့်ရပါရစေလား
မျှော်လင့်နေတဲ့ အောင်မြင်မှုပန်းတိုင်အတွက်
စိတ်ဓာတ်ခွန်အားက ပိုလိုအပ်သလားလို့
ဖြစ်နိုင်မယ်ဆိုရင်လေ
ငါယုံကြည်ရာ
ငါစွဲကိုင်ထားတဲ့ ငါ့အယူအဆနဲ့
ငါဖြတ်သန်းရာ ငါ့အတိတ်က
ငါ့သမိုင်းကို မော်ကွန်းထိုးစေချင်လို့ပါ….
ပြည့်စုံ
(၁၀-၉-၂၀၀၉၊ ၁၀း၂၀ pm)

Monday, September 7, 2009
စိတ်ထွက်ပေါက်
နှုတ်ခမ်းတစ်စုံရဲ့ အပြုံးအမဲ့မှာ
ရှုံးနိမ့်နေရပီလား
မျက်နှာပြင်ကောက်ကြောင်းတွေနဲ့
ဇောင်းထနေတဲ့ အတွေး
ပြောင်းမရတဲ့ ဓလေ့တွေအတွက်
တခါတလေတော့လဲ စဉ်းစားတွေးမိပါတယ်
လောကကြီးကပဲ မတရားတာလား
ငါကပဲ မှားနေသလား
အရာရာကို ဖြေစရာရှာလဲ
မသေချာတာတွေက များနေသေးတယ်
ခြေထောက်ပေါ် ရပ်နိုင်အောင် အရင်ကြိုးစား
ပြောခဲ့တဲ့ အဖေ့ရဲ့စကား
အခုတော့ ခြေထောက်ပေါ် ရပ်နေတာလား
အသည်းနှလုံးပေါ် ရပ်နေတာလား
မရေရာသေးဘူး
စိတ်ကိုပြတ်အောင်ဖြတ်
မနူးမနပ်စိတ်အတွေးနဲ့
အခု အဖြေထွက်အောင်ရှာလဲ
မေးခွန်းတွေနဲ့ပဲ ဝဲလည်နေသေးတယ်
တခါတလေမှာ ….
ဘာမှ မဟုတ်ပါဘူး အသေးအဖွဲလေးပါ
ဒါနဲ့ပဲ လဲပြိုရမလား
အကြည့်တစ်ချက်
ဒါနဲ့ပဲ လဲပြိုရမလား
ပါးစပ်ဖျား ခိုနား
ဒါနဲ့ပဲ လဲပြိုရမလား
အထင် အမြင်
ဒါနဲ့ပဲ လဲပြိုရမလား
မဆိုးပါဘူး ချီးကျူးစကား
ဒါနဲ့ပဲ လဲပြိုရမလား
ခေါင်းညိတ် ဟုတ်ကဲ့
ဒါနဲ့ပဲ လဲပြိုရမလား
မသက်မသာ စိတ်အတွေး
ဒါနဲ့ပဲ လဲပြိုရမလား
လဲပြိုဖို့ နေရာရွေး
အမေ့ရင်ခွင်ဘေးပဲ
အသက်သာဆုံးဖြစ်မယ်ထင်ရဲ့……
ပြည့်စုံ (၆-၉-၂၀၀၉၊ ၈း၂၆ pm)
ရှုံးနိမ့်နေရပီလား
မျက်နှာပြင်ကောက်ကြောင်းတွေနဲ့
ဇောင်းထနေတဲ့ အတွေး
ပြောင်းမရတဲ့ ဓလေ့တွေအတွက်
တခါတလေတော့လဲ စဉ်းစားတွေးမိပါတယ်
လောကကြီးကပဲ မတရားတာလား
ငါကပဲ မှားနေသလား
အရာရာကို ဖြေစရာရှာလဲ
မသေချာတာတွေက များနေသေးတယ်
ခြေထောက်ပေါ် ရပ်နိုင်အောင် အရင်ကြိုးစား
ပြောခဲ့တဲ့ အဖေ့ရဲ့စကား
အခုတော့ ခြေထောက်ပေါ် ရပ်နေတာလား
အသည်းနှလုံးပေါ် ရပ်နေတာလား
မရေရာသေးဘူး
စိတ်ကိုပြတ်အောင်ဖြတ်
မနူးမနပ်စိတ်အတွေးနဲ့
အခု အဖြေထွက်အောင်ရှာလဲ
မေးခွန်းတွေနဲ့ပဲ ဝဲလည်နေသေးတယ်
တခါတလေမှာ ….
ဘာမှ မဟုတ်ပါဘူး အသေးအဖွဲလေးပါ
ဒါနဲ့ပဲ လဲပြိုရမလား
အကြည့်တစ်ချက်
ဒါနဲ့ပဲ လဲပြိုရမလား
ပါးစပ်ဖျား ခိုနား
ဒါနဲ့ပဲ လဲပြိုရမလား
အထင် အမြင်
ဒါနဲ့ပဲ လဲပြိုရမလား
မဆိုးပါဘူး ချီးကျူးစကား
ဒါနဲ့ပဲ လဲပြိုရမလား
ခေါင်းညိတ် ဟုတ်ကဲ့
ဒါနဲ့ပဲ လဲပြိုရမလား
မသက်မသာ စိတ်အတွေး
ဒါနဲ့ပဲ လဲပြိုရမလား
လဲပြိုဖို့ နေရာရွေး
အမေ့ရင်ခွင်ဘေးပဲ
အသက်သာဆုံးဖြစ်မယ်ထင်ရဲ့……
ပြည့်စုံ (၆-၉-၂၀၀၉၊ ၈း၂၆ pm)
Friday, September 4, 2009
နှစ်သက်မိတဲ့ ဘလော့တွေထဲမှ ဘလော့ ငါးခု တဂ်ပို့စ်လေးပါ
အကိုမြစ်ကျိုးအင်းရဲ့ ဘလော့ဂါပွဲခင်းလေးထဲကို အလည်အပတ်ရောက်တဲ့အချိန်မှာပဲ ဝက်ဝံလေး ဖွင့်ထားတဲ့ သရဲအိမ်ထဲကို စိတ်ဝင်တစား ဝင်အကြည့်မှာ သရဲလေးကောင်အဖွဲ့ ဆိုပီး သရဲအိမ်ထဲ ဝင်သမျှ လူတွေကို ခြောက်လှန့်နေတဲ့ သရဲလေးကောင်ကို သဘောတကျ ကြည့်နေတုန်းမှာပဲ ဓားကောက်ကြီးကို ဟိုထိုးဒီထိုးနဲ့ ဝတ်ရုံအနက်ကြီး ခြုံပီး ဟိုအော်ဒီအော်ကာ ခြောက်နေတဲ့ သရဲမကလေးကို ဘယ်သူတုန်း ကြည့်နေတုန်း အနော်ဖြစ်နေတာဗျို့………… ခွိခွိ …
ဝက်ဝံလေးက သရဲလေးကောင်ထဲက အနော် ဆိုတာ ယောက်ျားလေးပဲ ဆိုပီး အထင်မှားမိပေမဲ့ သူ အနော့်ကို တွေ့လိုက်ရတဲ့အခါတော့ ခပ်ချောချော သရဲမလေး အနော်ကို ခင်မင်ရင်းနှီးစွာနဲ့ တဂ်လိုက်တဲ့ ပထမဆုံး တဂ်ပို့စ်လေးဖြစ်ပါတယ်ရှင် :P
ပထမဆုံး တဂ်ပို့စ်လေးဖြစ်တော့ အနော် ခေါင်းထဲ သေသေချာချာကို စဉ်းစားနေရပါတယ်ရှင်.. ဘယ်သူ့ကို ကြိုက်လဲ အယ့် ဟုတ်ပါဘူး ဘယ်ဘလော့ကို အကြိုက်ဆုံးလဲ .....
ဒါလဲ စဉ်းစားစရာပဲရှင့်..
အားလုံး အားလုံးဆီမှာ အနော့်အတွက်တော့ အကြိုက်တစ်မျိုးစီရှိပါတယ်…အနော်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေး စမလုပ်ခင် ကတည်းက ဘလော့တွေကို လိုက်ဖတ်ရတာ သိပ်ဝါသနာထုံတာလေ.. အဲ့ဒီထဲမှာ တချို့ ဘလော့လေးတွေက ကဗျာလေးတွေ တချို့က ဝတ္ထုလေးတွေနဲ့ တချို့က အတွေ့အကြုံ တချို့က မှတ်သားစရာ ဗဟုသုတ တချို့က ခရီးသွားဆောင်းပါးနဲ့ တကယ့်ကို.... ပြောရရင် ရသအမျိုးစုံကို တထိုင်တည်းနဲ့ကို အစုံအလင်ပေးပါတယ်.. စာအုပ်စာပေ ရွေးဖတ်ရရင်တောင် ဒီလောက် စုံလင်တဲ့ ရသမျိုးစုံကို အချိန်တိုအတွင်းမှာ ခနလေးနဲ့ ရနိုင်မယ် မထင်ပါဘူး..
ဒီတော့ကာ ……………ဝက်ဝံလေးက မိမိအကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ ၅ ခု နှင့် ဘာကြောင့် ထိုဘလော့များအား ကြိုက်နှစ်သက်ရသလဲ တဲ့ တဂ်လိုက်တဲ့အခါ....
အနော် မြန်မာပြည်ရဲ့ အင်တာနက်စွမ်းအားနဲ့သာ ဂျီမေးနဲ့ ဂျီတော့လောက်ကို မနည်း ဖြစ်ဖြစ်မည်အောင် သုံးဖူးခဲ့တာပါ.. အခု မြန်မာပြည်ရဲ့ အပြင်အပကို ရောက်တဲ့အခါမှာ ပထမဦးဆုံး အိမ်နဲ့ သူငယ်ချင်းတွေဆီကို အဆင်ပြေတဲ့ အကြောင်း mail ပို့မယ်ဆိုပီး စာရိုက်ပီး send ခလုတ်ကို နှိပ်လိုက်တဲ့အခါ ရုတ်တရက် အနော့်ရဲ့ မျက်စိအောက်ကနေ ရိုက်ထားတဲ့စာလေး လှစ်ဆို ပျောက်သွားပါလေရော.. လန့်သွားပီး ‘ဟယ် ငါနှိပ်လိုက်တာ ဘယ်ရောက်သွားလဲ မသိဆိုပီး မမ ကို ညီမလေးတော့ ဘာမှားနှိပ်မိလဲ မသိဘူး ရိုက်ထားတဲ့စာတွေ ပျောက်ကုန်တယ်ဆိုတော့မှ’ မမက ‘ဟဲ့ပို့လိုက်ပီ ဒီမှာ Send Mail မှာ ပြန်ကြည့်ဆိုတော့မှ’ ရယ်လိုက်ရတာ..
အနော်တို့ ပြည်တွင်းမှာ အင်တာနက်သုံးခဲ့တုန်းကဆို loading က အကြာကြီး တခါတလေ Send နေရင်းနဲ့ Connection Out သွားလို့ အသစ်က ပြန်စလုပ်ရတာနဲ့ တကယ့်ကို ကွာခြားမှုကို မြင်လိုက်ရတဲ့အခါမှာ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်.
အဲ့တာနဲ့ လွဲကုန်ပါပီ ဟိဟိ.. ပြန်ဆက်ရရင်…………
ဘလော့စပေါ့ ဆိုတာကို ပထမဆုံး စသိမိတဲ့ ဘလော့လေးကတော့ မနိုင်းနိုင်းစနေရဲ့ ဘလော့လေးပါပဲ.. အနော် အနှစ်သက်ဆုံးကတော့ အမ နိုင်းနိုင်းစနေရဲ့ စာသားလေးတွေနဲ့ ဒဿနလေးတွေပါ. တချို့စကားလုံးလေးတွေဆို ရင်ထဲကို တိုက်ရိုက် ထိသွားလောက်အောင်ကို စိတ်ထဲမှာ ကျေနပ်သွားမိတယ်. ရိုးသားပီး ပွင့်ပွင့်လင်းလင်း ရှိပုံရတဲ့ လားဟူသူ အမ စနေရဲ့ မျက်နှာလေးကိုလဲ သဘောကျတာ ပါပါတယ်. အနော် အမြဲတမ်း တစ်နေ့မပြတ်သွားလည်တဲ့ ဘလော့လေးတစ်ခုပါ.
ဒုတိယ တစ်ခုကတော့ ဒေါက်တာလွဏ်းဆွေရဲ့ ဘလော့ပါ.. အနော် မနက်မိုးလင်းလို့ အိပ်ရာနိုးတာနဲ့ ကွန်ပျူတာကိုဖွင့် ပီးရင် သတင်းဆိုက်အနေနဲ့ ဆရာ့ရဲ့ဘလော့လေးကို ဖွင့်လိုက်တာပါပဲ. သတင်းအစုံကို တစ်နေရာတည်းမှာ လင့်စုပီး ဖော်ပြပေးထားတဲ့အတွက် update သတင်းတွေကို မျက်ခြည်မပြတ်ကို ဖတ်ရပါတော့တယ်. ဒီလိုစုပီး ဖော်ပြပေးတဲ့အတွက်လဲ ဆရာ ဒေါက်တာလွဏ်းဆွေကို တကယ့်ကို ကျေးဇူးတင်မိပါတယ်.
တတိယတစ်ခုကတော့ မေတ္တာရပ်ဝန်းမီးဖိုဆောင်လေးက အမ လုလုပါပဲ. အမကြီးကြီး တစ်ယောက်လိုပါပဲ မောင်ငယ် ညီမငယ်လေးတွေကို ဟင်းအမယ် စုံစုံလင်လင် ချက်ကျွေး တတ်တဲ့ ချက်နည်း ပြုတ်နည်းတွေကိုလဲ သေသေချာချာ စနစ်တကျ ရေးပေးထားတဲ့ စေတနာအားကြီးတဲ့ အမပါ. ရောက်စက မမ က ဟင်းချက်တော့မယ် ဆိုတာနဲ့ အင်တာနက်ပေါ် တက်ပီး ဘယ်ဟင်းကို ဘယ်လို ချက်ရသလဲ မမ လုလုရဲ့ ဘလော့လေးကို ဖွင့်ပီး ချက်နည်းကိုကြည့်ပီး ချက်ကျွေးတော့တာပဲလေ… အမေ့ကို လွမ်းတိုင်း အိမ်ထမင်း အိမ်ဟင်းကိုလွမ်းတိုင်း အမ လုလုရဲ့ ဘလော့လေးကို အမြဲသွားကြည့်ပီး သွားရည်ယိုရပါတယ်…
စတုတ္ထတစ်ခုကတော့ အကို သားကြီးရဲ့ ဘလော့ပါ.. အနော် အကိုသားကြီးရဲ့ ဘလော့လေးကို လင့်တွေ လျှောက်ကြည့်ရင်းနဲ့ ရောက်ဖြစ်တာပါ.. အကိုသားကြီး ဘလော့ကို တွေ့တော့ အနော် စိတ်ဝင်တစား စာလေးတွေ လိုက်ဖတ်ကြည့်ပါတယ်. အဲ့ဒီမှာ ဘာတွေ့လဲဆိုတော့ လူငယ်စရိုက် ပီပီသသနဲ့ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဘာကိုမှ ဂရုမစိုက်ဘဲ အရိုင်းဆန်ဆန် ရေးသား ထားတဲ့ စာတွေကို လူငယ်ပီသစွာ အနော်က သဘောကျသွားမိတယ်.. အနော် အကိုသားကြီး ဘလော့လေးကို ဖတ်မိတဲ့အချိန်မှာ အေးအေး ဆေးဆေး တိတ်တိတ် ဆိတ်ဆိတ်လေးပဲ ရှိနေပါသေးတယ်.. အခုတော့ အကိုသားကြီးမှာ ခင်မင်တဲ့ သူငယ်ချင်းများစွာရှိနေပါပီ. ရေးလိုက်သမျှ စာတွေတိုင်းကလဲ ဟာသ ရသ အပြည့်ပါပီး ဖတ်ရတာ တကယ့်ကို အမောပြေစေပါတယ်. နောက် စကားကိုလဲ ကပ်တီးကပ်ဖဲ့ ပြောတတ်တဲ့ ညဉ်လေးလဲ မပျောက်သေးပါဘူး. ဒါပေမဲ့ အရင်တုန်းကလိုတော့ အရိုင်းဆန်မှု လျော့ပါးသွားတယ်လို့ ထင်မိပါရဲ့. ဒါပေမဲ့ အနော်ကတော့ အကိုသားကြီးရဲ့ ဘလော့လေးဆီကို အမြဲတမ်း ရောက်ဖြစ်ပါတယ်.
နောက်ဆုံး ဘလော့ကတော့ ကိုသက်ပိုင်သူရဲ့ ဘလော့လေးပါပဲ. ကိုသက်ပိုင်သူကို စတင် သတိထားမိတာကတော့ စာရေးဆရာမ ဂျူးရဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ အနော် အကြိုက် အနှစ်သက်ဆုံး ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် ဝတ္ထုကို ကျောင်းနောက်ဆုံးနှစ် ပရော့ဂျက်အဖြစ် ရွေးချယ်ခဲ့ပီး ဂျူး၏ စကားပန်းများကို ဖန်တီးခြင်း ခေါင်းစဉ်နဲ့ ပြဇာတ်တစ်ပုဒ် ဖန်တီးခဲ့ခြင်းက စတာပါပဲ. ပြဇာတ် ထဲမှာ မျောပါရင်း ကိုသက်ပိုင်သူရဲ့ အရေးအသားတွေထဲမှာ မျောပါရင်း ဆရာမဂျူးရဲ့ မူရင်းဝတ္ထုထဲမှာ မျောပါရင်းနဲ့ ကိုသက်ပိုင်သူရဲ့ ဘလော့လေးကို အမြဲလာရောက်ဖတ်ရှုဖြစ်ပါတယ်. နောက်တော့ ပုလင်းကွဲကချေသည် နောက်တော့ နောက်တော့ နောက်တော့နဲ့ အခု အနော် အကြိုက်ဆုံး ပို့စ်ကတော့ ဂေရှား Geisha နှင့် အနုပညာပါပဲ. ဂေရှားမယ်လေးတွေရဲ့ ဘဝအခြေခံကနေစပီး စီးဝင်မျောပါသွားမိတာ နောက်ဆုံး ပို့စ်လေး အဆုံးသတ်တဲ့အထိပါပဲ. စာဖတ်တဲ့သူတွေအပေါ် စေတနာပါပါနဲ့ သေသေချာချာကို ရေးသားတဲ့ အကို သက်ပိုင်သူရဲ့ ဘလော့လေးကို နှစ်ခြိုက်မိပါတယ်.
အနော် အခု စိတ်ကူးယဉ်အိပ်မက်လေး စတင်တဲ့အချိန်မှာ သိကျွမ်းခင်မင်ခွင့်ရခဲ့တဲ့ ဘလော့ဂါ အကို အမတွေထဲမှာ အနော်ရဲ့အချစ်ဆုံး မောင်နှမတွေသာဖြစ်ရင် ဘယ်လောက်ကောင်းမလဲ တောင့်တမိတဲ့ ဘလော့ဂါတွေကတော့ အကို Brook၊ ချစ်သော ကိုယ့်ရဲ့ခင်၊ ချစ်သော sis ခရမ်းမေတို့ပါပဲ. တခါမှ အပြင်မှာ မမြင်ဖူးပေမဲ့ စိတ်ထဲမှာ အရမ်းကို ချစ်ခင်မိတယ်. နောက် အရမ်းချစ်တဲ့ အကိုတစ်ယောက်ကတော့ အချစ်တတ်ဆုံး အသည်းကွဲ လူပျိုကြီး အကိုပြည့်စုံပါပဲ.. လူချင်း မမြင်ဖူးပေမဲ့ ချစ်ခင်တဲ့ သံယောဇဉ်တွေနဲ့ ခင်နေမိတဲ့ သူငယ်ချင်းလေးကတော့ သူငယ်ချင်းလေး ဖြူပါ. နောက် စာရေးသားတဲ့နေရာမှာ လေးစားမိတဲ့ အရမ်းခင်တဲ့ အကိုနှစ်ယောက် ကတော့ အကို ဧရာဝတီသားနဲ့ အကို ရန်ကုန်သားတို့ပါပဲ. အကို ဧရာဝတီသားဆို အနော့်ထက် တစ်နှစ်တိတိ ငယ်ပေမဲ့ လေးစားသမှုနဲ့ အနော်က အကို အကို ခေါ်တာကို အောင့်သက်သက် ခံရရှာလေရဲ့…. ခွင့်လွှတ်ပါ အကို :P
ဝက်ဝံလေးရဲ့ တဂ် အရ အကြိုက်ဆုံးဆိုပီး ဘလော့ငါးခုကို ရွေးပေးလိုက်ရတာပါရှင်. အနော့်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေးကို စတင်ခဲ့တဲ့အချိန်မှာ အနော် တကယ့်ကို သဘောကျမိတဲ့ ဘလော့ဂါတွေ အများအပြားရှိပါတယ်. တခုချင်းစီကိုသာ ပြောပြရမယ်ဆိုရင် ဝက်ဝံလေးရေ ဆယ်ခါလောက် ထပ်တဂ်မှ ငါးယောက် ငါးယောက်နဲ့ အယောက် ငါးဆယ်အကြောင်း စုံစုံလင်လင် ပြောပြဖြစ်မယ်ထင်ရဲ့ အခုတော့ ငါးယောက်တည်းဆိုတော့လေ :( (လောဘကြီးတာပေါ့လေ ဟိဟိ)
ဘာပဲဖြစ်ဖြစ် အနော့်ကို ခင်ခင်မင်မင်နဲ့ တဂ်တဲ့ ဝက်ဝံလေးကို တကယ့်ကို ကျေးဇူးတင်ပါတယ်နော်. ပထမဆုံးတဂ်ပို့စ်လေးဆိုတော့ ပြောချင်တာများပီး တဂ်ထားတာနဲ့ လိုက်ဖက်ရဲ့လား မသေချာပေမဲ့ နောက်ကျမှ ရေးပီး တင်ရလို့ ခွင့်လွှတ်ပါနော် သူငယ်ချင်း ဝက်ဝံလေးရေ ……………….
ပြည့်စုံ (၄-၉-၂၀၀၉၊ ၁း၃၀ am)

Thursday, September 3, 2009
စိမ်းသက်ခြင်း
အရာရာဟာ ခပ်စိမ်းစိမ်း
တစ်တောလုံး စိမ်း
တစ်တောင်လုံး စိမ်း
အစိမ်းရောင်မြက်ခင်းတွေကြား
လှဲလျောင်းရင်း မော့ကြည့်
ကောင်းကင်လဲ စိမ်း
တိမ်တွေလဲ စိမ်း
လေပြည်လဲ စိမ်း
အစိမ်းရောင် နံနက်ခင်းမှာ
အစိမ်းရောင်ဝမ်းဆက်နဲ့
ခပ်စိမ်းစိမ်း မျက်လုံးအစုံကို
စိမ်းဖန့်ဖန့်ဖြစ်အောင် အရောင်စုံဆိုး
နှုတ်ခမ်းရောင် အစိမ်းနဲ့
ခပ်စိမ်းစိမ်း အရောင်စိမ်းတွေကြားထဲ
လူတစိမ်းတစ်ယောက်လို လျှောက်သွားမိ
မြင်ဖူးတဲ့ မျက်နှာတွေက အစိမ်း
နှုတ်ခမ်းဖျားက စကားလုံးတွေ အစိမ်း
နှလုံးသားတွေ အစိမ်းနဲ့
ကြည့်စမ်း
အပြုံးတွေကပါ အစိမ်း
လက်ပြနှုတ်ဆက်တယ် ခပ်စိမ်းစိမ်း
ကျောခိုင်းထွက်ခွာ အစိမ်း
တယောက်တည်း ခပ်စိမ်းစိမ်း ထိုင်နေမိတယ်
ရင်ထဲမှာ အစိမ်း
စကားလုံးတွေက အစိမ်း
မျက်လုံးတွေက အစိမ်း
ခင်မင်မှုတွေ အစိမ်း
ယုံကြည်မှုတွေ အစိမ်း
သံယောဇဉ်တွေ အစိမ်း
အစိမ်းရောင်လွင်ပြင်ထဲ
အစိမ်းရောင်တွေနဲ့ မျောပါမိ
မျက်လုံးအစုံကို မှေးမှိတ်လိုက်မိတယ်
အမှောင်ကပါ အစိမ်းရင့်ရောင်ဖြစ်လို့
မဖော်ရွေပုံများ ပြောပါတယ်
ဒီလိုနဲ့ အိပ်မက်တွေပါ စိမ်း
စိတ်ကူးတွေပါ စိမ်း
လူတစ်ကိုယ်လုံး အစိမ်း
အသွေးအသားတွေပါ အစိမ်းရောင်ပြောင်းကုန်ပီထင်ရဲ့
စိမ်းသက်တဲ့လောကကြီးရဲ့ သဘာဝထဲ
အစိမ်းရောင် လူသားတွေရဲ့ အလယ်
အစိမ်းရောင်နှလုံးသားတစ်စုံနဲ့
ခပ်စိမ်းစိမ်းပဲ ရှင်သန်တော့မယ်
ပြည့်စုံ (၃-၉-၂၀၀၉၊ ၀၂း၀၂ pm)
Wednesday, September 2, 2009
ချစ်ခြင်းရဲ့ အိုအေစစ်
မင်းအတွက်ပေါ့
ကို့အချစ်တွေက သေချာတယ်
ကို့မြတ်နိုးမှုတွေကလဲ ရေရာတယ်
သေချာတာတွေထဲမှာ တစ်သက်စာ ချစ်ခြင်းတွေပါမယ်
အကြင်နာတွေပါမယ်
သံယောဇဉ်တွေရောပေါ့
မသေချာတာတွေများနေတဲ့ ဒီလောကထဲမှာ
မရေရာတာတွေလဲ ရောပါနေတယ်
ဖြေသာစရာ ရှိသေးတာက
ကိုယ့်မှာ မင်းရှိသေးတယ်လေ
တကယ်တော့
အချစ်ရယ်
ငါ့အတွက် မင်းဆိုတာ
ရှင်းပြစရာတောင်မလိုတဲ့ အိုအေစစ်လေးပါ
အိပ်မက်လေးပါ
စိတ်ကူးယဉ်အတွေးလေးပါ
နောက်ဆုံးထွက်သက်ကလေးပါပဲ ချစ်သူ…..
ပြည့်စုံ (၂၉-၈-၂၀၀၉၊ ၄း၁၄ pm)

Subscribe to:
Posts (Atom)